Chapter 84
မော့တိ လာမည့်ရက်အနည်းငယ်အတွင်း ညအိပ်ဝတ်စုံအသစ်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် တံခါးကိုဖွင့်လိုက်သည်။
တံခါးပွင့်လာပြီးနောက် မော့တိမှာ သူ၏အဝါရောင် ညအိပ်ဝတ်စုံလေးဖြင့် ရပ်နေသောကြောင့် မုထျန်းဟန် ရပ်ကာ စိုက်ကြည့်လိုက်မိသည်။
ဒါက ဆိုးတာပဲ…
ကလေးငယ်မှာ ဆယ့်ခြောက်နှစ်သားကဲ့သို့ လတ်ဆတ်နေပေရာ မုထျန်းဟန် သူကြည့်မိလေလေ သားရဲတစ်ကောင်ကဲ့သို့ဖြစ်နေသည့် သူ့ကိုယ်သူ ကျိန်ဆဲမိလေလေ ဖြစ်နေလေသည်။
" ကိုကို…"
မုထျန်းဟန် သူ့ကိုသာ စိုက်ကြည့်နေပြီး မည်သည့်စကားမျှ ဆိုမလာသည့်အတွက် မော့တိ မေးလိုက်မိသည် ။
" ကိုကို ဘာလို့ ဘာမှမပြောတာလဲ…"
အဟွတ်…
မုထျန်းဟန် ချောင်းဟန့်လိုက်ကာ ရုပ်တည်ကြီးဖြင့်
" အခု ကိုယ်တို့ လိုသမျှသက်သေတွေအားလုံးစုပြီးသွားပြီဆိုတော့ မင်း ရဲလက်ထဲအပ်လိုက်ဖို့ စဉ်းစားမိလား …"
" ဟင့်အင်း .."
မော့တိ အခိုင်အမာ ပြန်ဖြေလိုက်သည်။
" ကျွန်တော်တို့ အခုသူ့ကိုတားလိုက်ရင် သူကအပြစ်အနည်းငယ်လေးပဲခံယူရပြီးတော့ လွတ်သွားမှာ…အကြီးလေးဆုံးပြစ်ဒဏ်ကို ခံရမှာမဟုတ်ဘူး…ကျွန်တော်တို့ သူ့ရဲ့မျက်နှာအစစ်နဲ့ ဘယ်လောက်အဆိပ်ပြင်းတယ်ဆိုတာကို လူထုကိုချပြမယ်… အသက်မပြည့်သေးတဲ့သူတွေကို ဖြားယောင်းသွေးဆောင်တယ်ဆိုတာ ပြစ်မှုကြီးပဲ… ဒါကပဲ သူ့ကိုမိနိုင်မှာ..ပြီးတော့ ကျွန်တော်တို့ ဒီအရာကနေ သတိပြုမိပြီးတော့ တခြားဘယ်သူမှထပ်မခံရအောင်လည်း တားဆီးပေးနိုင်လိမ့်မယ်…"
" အဲ့ဒါဆိုရင်… မင်းကိုယ်မင်းစွန့်စားဖို့ ဆုံးဖြတ်ပြီးပြီပေါ့…"
" ကိုကို ကျေးဇူးပြုပြီး ကျွန်တော့်ကိုယုံပေးပါ…"
မော့တိ မုထျန်းဟန်ကို စိတ်ပိုင်းဖြတ်ထားပြီးသော အကြည့်တစ်ချက်ပေးလာကာ ပြောလိုက်သည်။
" ကျွန်တော် သူတို့ရဲ့အစီအစဉ်ကိုမြင်ပြီးပြီ…သူတို့ကအသက်မပြည့်သေးတဲ့သူအချို့ကို ကျွန်တော်တို့အိမ်ကိုလွှတ်ပြီးတော့ ဆာလဖျူရစ်အက်ဆစ်နဲ့ပက်တာဖြစ်ဖြစ် ဓားနဲ့ထိုးတာဖြစ်ဖြစ်လုပ်လိမ့်မယ်… ကားနဲ့တိုက်မဲ့အစီအစဉ်ကိုတော့ သူတို့စွန့်လွှတ်လိုက်ကြပါပြီ…"
ထိုအရာကို ကြားပြီးနောက် မုထျန်းဟန်၏မျက်နှာမှာ မဲမှောင်သွားခဲ့သည်။
" ဒါဆိုရင် မင်းရဲ့အမြင်မှာက ဆာလဖျူရစ်အက်ဆစ်နဲ့ပက်တာတို့ ဓားနဲ့ထိုးတာတို့က ရှောင်တိမ်းဖို့လွယ်တဲ့အတွက် အသေးအဖွဲ့လို့ မြင်နေတာပေါ့…"
" ဒါက အဲ့လောက်ရှောင်ဖို့မခက်ပါဘူး…"
မော့တိ အသံပျော့လေးဖြင့် ငြင်းခုံလိုက်သော်လည်း သူ၏အသံထဲတွင် ရှင်းပြ၍မရနိုင်သော အပြစ်ရှိမှုပါဝင်နေခဲ့သည်။
" ကိုကို တကယ်စိတ်ပူဖို့မလိုပါဘူး.. သူတို့ဘာမှမလုပ်နိုင်ခင်မှာ ကျွန်တော်အကာအကွယ်ယူနိုင်ပါလိမ့်မယ်… အဆင်ပြေသွားမှာပါ.."
မော့တိ၏ယခင်ဘဝတွင် ထိုသို့သောအခြေအနေမျိုးနှင့် အတွေ့အကြုံများစွာရှိခဲ့ဖူးသည်။ သူ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်မခံရမီက ချင်ချန်းယီ၏လူများ နှောင့်ယှက်သည်ကို ခံခဲ့ရသည်။ ထိုအခြေအနေများတွင် ဆာလဖျူရစ်အက်ဆစ်နှင့် ဓားတို့ထက် ပို၍ဖန်တီးမှုကောင်းသော လက်နက်များပါဝင်နေပြီး အချိန်တိုင်းလိုပင် သူရှောင်တိမ်းနိုင်ခဲ့သည်။ စိတ်ကျန်းမာရေးဆေးရုံ၌ အပိတ်ခံရပြီးနောက်မှာပင် သူ၏ရှောင်တိမ်းမှုကို လေ့ကျင့်ရန် အခွင့်အရေးပို၍များပြားခဲ့လေရာ ထိုလေ့ကျင့်မထားသည့် အသက်မပြည့်သေးသူများ၏တိုက်ခိုက်မှုမှာ သူ့အတွက်ပြဿနာပင်မဟုတ်ချေ။
ထိုမျှသာမက မော့တိ ထိုသူတို့၏အစီအစဉ်များကို အစအဆုံးကြိုတင်သိရှိထားပေရာ သူပြင်ဆင်ထားနိုင်ခဲ့သဖြင့် မည်သည့်အမှားအယွင်းမျှ ရှိမည်မဟုတ်ပေ။
သို့သော်လည်း မုထျန်းဟန်မှ
" မင်းဖုန်းကိုယ့်ကိုပေး…"
မော့တိ သူ၏ဖုန်းကို နာနာခံခံဖြင့် ပေးလိုက်သည်။
မုထျန်းဟန် ကြည့်လိုက်ကာ တည်ငြိမ်စွာပြောလာခဲ့သည်။
" ကိုယ်မင်းနဲ့ မနက်ကျရင် အိမ်မှာနေပေးမယ်…"
" အဲ့လိုလုပ်ဖို့မလိုပါဘူး…"
မော့တိ တွန့်ဆုတ်နေခဲ့သည်။
" ကျွန်တော်တစ်ယောက်တည်းလည်း လုပ်နိုင်ပါတယ်… အင်း ဒါပေမယ့် ကိုကိုရှိတော့လည်း ကျွန်တော်ပျော်ပါတယ် ဒါပေါ့ ဒါပေါ့…"
မုထျန်းဟန်၏မြင့်တက်လာသော အန္တရာယ်ကြီးသည့် အမူအယာကို မြင်လိုက်ရချိန်၌ မော့တိ ပါးနပ်စွာဖြင့် စကားကိုပြောင်းကာ ကျေနပ်ဖွယ်ကောင်းသော အပြုံးတစ်ချက်ပေးလိုက်သည်။
" လိမ္မာတဲ့ကောင်လေး…"
မော့တိ၏ ချစ်စဖွယ်ချော့မော့နေသော မျက်နှာကို မြင်လိုက်ပြီးနောက် မုထျန်းဟန် မိုးရွာပြီးချိန်တွင်လာသည့် လေပြေလေးကဲ့သို့ ဖြစ်သွားခဲ့သည်။ သူမော့တိ၏ဆံပင်ကို ပွတ်သပ်လိုက်ပြီးနောက် နွေးထွေးစွာဖြင့် ပြောလာခဲ့သည်။
" ကိုယ်ကမင်းကိုမယုံလို့ ဒါမှမဟုတ် ထိန်းချုပ်ထားချင်လို့မဟုတ်ပါဘူး… ဒါကအရမ်းအန္တရာယ်များလွန်းတော့ မင်းလုံခြုံမယ်လို့ တစ်ရာရာခိုင်နှုန်းသေချာနေတောင်မှ ကိုယ်စိတ်ပူရတယ်လေ… မင်းနားလည်တယ်မလား…"
" ဒါပေါ့ ကျွန်တော်နားလည်ပါတယ်… ဒါပေမယ့် ကျွန်တော်လည်း ကိုကို့ကို အန္တရာယ်ထဲဆွဲမသွင်းချင်ဘူး… တချို့လူတွေက ကိုကို့ကို ဦးတည်နေကြတာလေ… သူတို့ကတကယ်အထိန်းအကွပ်မဲ့လွန်းတယ် ပြီးတော့…"
" အဆင်ပြေပါတယ်…"
မုထျန်းဟန် ကြားဖြတ်လိုက်ကာ မော့တိ၏ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး
" ကိုယ်အဆင်ပြေပါတယ်… အမေရိကားမှာလည်း အများကြီး မြင်ဖူးခဲ့ပြီးပါပြီ…အထူးသဖြင့် ကျောင်းတွင်းအနိုင်ကျင့်တဲ့ဆယ်ကျော်သက်လေးတွေက ဒီအစွန်းရောက်ဖန်တွေနဲ့ အတော်လေးလုပ်ပုံကိုင်ပုံဆင်တယ်လေ…"
မော့တိ ရှော့ရသွားသည် ။
" ကိုကို ကျောင်းတုန်းက အနိုင်ကျင့်ခံခဲ့ရတာလား…"
" သူတို့ကြိုးစားခဲ့သေးတယ် ဒါပေမယ့် နောက်ဆုံးရယ်နိုင်သူက ကိုယ်ပဲလေ…အခုတော့ အဆင်ပြေသွားပါပြီ…"
မုထျန်းဟန် မော့တိ၏ဆံပင်ကို ပွတ်သပ်လိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။
" ဒါပြီးသွားရင် လီချန်းနဲ့ကျန်တဲ့သူတွေကို ညစာဘယ်မှာကျွေးကြမလဲ ဆုံးဖြတ်တာပေါ့… မင်းစိတ်ထဲမှာ ပေါ်နေတဲ့နေရာတစ်ခုခုများ ရှိလား…"
" ဟင့်အင်း…"
မုထျန်းဟန် တမင်တကာ စကားလမ်းကြောင်းလွှဲလိုက်သည်ကို သိနေသဖြင့် မော့တိ အနည်းငယ် ဝမ်းနည်းသွားမိသည်။ မုထျန်းဟန် သက်သေများကို ရဲလက်အပ်ရန် သူ့ကိုအတင်းအကြပ်ဖိအားမပေးခဲ့သလိုမျိုး သူသည်လည်း မနက်ဖြန် မုထျန်းဟန်ကို အပြင်သို့သွားနေရန် ဖိအားပေး၍ မရပါချေ။
အချိန်ကျလာသည့်အခါ သူတို့အချင်းချင်းသာ တတ်နိုင်သမျှကာကွယ်ထားရပေမည်။ မော့တိ စိတ်ဒုန်းဒုန်းချလိုက်ပြီးနောက် ပြောလိုက်သည်။
" ကျွန်တော်ဈေးကြီးတဲ့ဆိုင်အချို့ကို ရှာဖွေပြီးတော့ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်တွေကို နှိုင်းယှဉ်ခဲ့သေးတယ်… ကိုကို့မှာကော အကြံပေးစရာများ မရှိဘူးလား…"
မုထျန်းဟန်က " ကိုယ်တို့ ဈေးကြီးတဲ့ဆိုင်သွားဖို့မလိုပါဘူးလေ…မင်းကိုယ့်ကိုခေါ်သွားတဲ့ ဒေသထွက်ဆိုင်စစ်စစ်ကလည်း ကောင်းတဲ့ရွေးချယ်မှုတစ်ခုပဲဟာ…သူတို့ကို ဒေသစာအချို့ကို မြည်းစမ်းကြည့်ဖို့ အခွင့်အရေးကောင်းတစ်ခုပေးလိုက်ကြတာပေါ့…"
" ဒါပေမယ့်လည်း သူတို့ဒေသစာတွေနဲ့အသားမကျမှာ ကျွန်တော်စိုးရိမ်မိတယ်…"
" ဒါကတော့ မဖြစ်နိုင်ဘူး…ကိုယ် လိုင်သယ်စစ်ကိုမှာလိုက်တဲ့ ဒေသထွက်အစားအစာတွေကိုတော့ သူတို့တစ်ခါတည်း အပြောင်ရှင်းလိုက်ကြတာပဲ… သူတို့တကယ့်ကို ဒီကဒေသစာတွေကို နှစ်သက်ကြပါတယ်…အဆုံးကျ သူတို့အားလုံး ဒီမြို့က ဒေသထွက်စားကောင်းသောက်ဖွယ်တွေကိုပဲ လိုချင်တယ်လို့ ပြောနေကြတာလေ…"
" ပြီးတော့ အဲ့မှာစားဖို့လည်း အဲ့လောက်ဈေးမသက်သာပါဘူး… လူကိုးယောက်ကို အရက်ပါအပါဆို နှစ်ရာ သုံးရာလောက်သွားကျမှာ…မင်းဘယ်လောက်ပဲ ချမ်းသာပါစေဦး ဒီလိုတော့ပေါ့ပေါ့တန်တန် မဖြုန်းပစ်ရဘူးလေ…"
မုထျန်းဟန် မော့တိ၏ပန်းရောင်သန်းနေသောပါးပြင်နှင့် တောက်ပသောမျက်လုံးများကို ကြည့်လိုက်ပြီးနောက် မျက်လုံးများကို မော့တိ၏လည်ပင်းနှင့် ညှပ်ရိုးများဆီသို့ နိမ့်ချလိုက်ရာ သူ၏မျက်လုံးများ မဲမှောင်သွားခဲ့သည်။
သူ၏အတွေးများ ထို့ထက်ပို၍သားရဲမဆန်လာခင်မှာပင် သူ၏အကြည့်အောက်မှ နူးညံ့သောလူငယ်လေးက စိတ်အားထက်သန်လွန်းသည့် တစ်စုံတစ်ရာကို မလုပ်ရန် တားဆီးပေးထားခဲ့သည်။
မုထျန်းဟန် လည်ချောင်းရှင်းလိုက်ပြီး
" ကောင်းပြီ အမြန်အိပ်ရာဝင်တော့ အခုမနက်နှစ်နာရီတောင်ဖြစ်နေပြီ…"
ရေမိုးချိုးပြီး၍ ရေသောက်ရန်ရောက်လာခဲ့သော လိုင်သယ်စစ်မှာ ထိုဖြစ်ရပ်ကို မမျှော်လင့်ဘဲ တွေ့မြင်ခဲ့ရသဖြင့် ပြောလာခဲ့သည် ။
" သားရဲကြီးတစ်ကောင်ကတော့ ဘယ်အချိန်မှန်းသိသေးပြီး ကလေးကို အခိုင်အမာကိုပြောရဲသေးတာပဲနော်…ငါတော့ မင်းရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ ထင်တာပဲ.. ပြီးတော့ လူကြီးလူကောင်းယောင်တောင်ဆောင်လိုက်သေးတယ်…မင်းကဘယ်သူ့ကိုလိမ်ဖို့ကြိုးစားနေတာလဲ.. တကယ့်ကို ဝံပုလွေဆိုးကြီးပဲ… အာဝူးးးးး "
မော့တိ ရှက်သွေးဖြာသွားကာ ပြောစရာစကားများပျောက်ရှသွားသည်။
မုထျန်းဟန် လိုင်သယ်စစ်ကို လျစ်လျူရှူထားကာ မော့တိကိုသာ ပြောလိုက်လေသည်။
" လိမ္မာတဲ့ကောင်လေး.. သွားအိပ်တော့နော်…"
" အမ်…ကောင်းသောညပါ ကိုကို …"
မော့တိ အနည်းငယ်ရှက်နေသေးသည့်အတွက် တံခါးပိတ်သွားသည်နှင့် စောင်အောက်သို့ တိုးဝင်လိုက်ရသည်။
ထို့နောက်တွင် အပြင်ဘက်မှ လိုင်သယ်စစ်၏ မုထျန်းဟန်ကို စနောက်ကာ ဟောင်ပြနေသည့်အသံဖျော့ဖျော့ကို ကြားလိုက်ရသည်။
နောက်တစ်နေ့မနက်တွင် မော့တိ ပုံမှန်နိုးနေကြအချိန်ထက် တစ်နာရီစောကာ နိုးလာခဲ့သည်။
သူအိပ်ရာနိုးလာသည့်တိုင် လိုင်သယ်စစ်မှာ အိပ်မောကျနေဆဲဖြစ်သည်။ တစ်ဖက်တွင်ရှိသော မုထျန်းဟန်မှာမူ လေ့ကျင့်ခန်းလုပ်နေပြီဖြစ်ကာ အပေါ်ထပ်မှ သဲအိတ်ကို ထိုးကြိတ်နေသည့်အသံများကို ကြားနေရသည်။
နံနက်၈နာရီခွဲအချိန်၌ လိုင်သယ်စစ် အိမ်မှထွက်သွားခဲ့ပြီး မုထျန်းဟန်နှင့်မော့တိကိုသာ အိမ်မှာထားခဲ့လေသည်။
အိုး… စွမ်းစွမ်းလည်း ရှိသေးတာပဲ..
သူတို့ ကိုးနာရီခွဲအချိန် အဖွဲ့မှ စတင်လှုပ်ရှားလာသည်အထိ စောင့်ကြည့်နေလိုက်သည်။ အသက်မပြည့်သေးသည့်ပရိတ်သတ်အဖွဲ့မှာ လူကြီးပရိတ်သတ်များကို အဖော်ပြုကာ အိမ်ဝင်းထဲသို့ ရောက်ရှိလာကြသည်။
တိုက်ခိုက်ရန်လာရောက်သည့်အဖွဲ့တွင် အသက်ပြည့်ပြီးသော ကားမောင်းသူတစ်ဦးအပါအဝင် သုံးဦးမှာ အထက်တန်းကျောင်းသားများ ဖြစ်ကြသည်။ သူတို့က နိုင်ငံတော်ကျောင်းပိတ်ရက်ကိုအသုံးချကာ သူတို့၏အိုင်ဒေါအတွက် လက်တုံ့ပြန်လိုခြင်းပင်ဖြစ်ကာ အသက်ဆယ့်ငါး ဆယ့်ခြောက်အရွယ်များသာ ရှိနေကြသေးသည်။
မော့တိ သူတို့ကိုမြင်ချိန်၌ မရင့်ကျက်ကာ ရန်လိုတတ်သောကလေးများဟုသာ မြင်နေသော်လည်း မုထျန်းဟန်၏မျက်လုံးထဲတွင်မူ ထိုသူများသည် မော့တိနှင့်ရွယ်တူဖြစ်ကာ သူတို့၏လုပ်ရပ်အတွက် အပြည့်အဝတာဝန်ယူရပေမည်။
ပြင်ဆင်မှုအပြီး၌ ဖိုရမ်ထဲတွင် စကားပြောဆိုနေကြခြင်းမရှိတော့သဖြင့် မော့တိ သူတို့၏ကိုယ်ရေးကိုယ်တာအကောင့်များကို ဟက်ယူလိုက်ရကာ သူတို့လာသည့်လမ်းတစ်လျှောက် တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်ကြသော ' စစ်လန်ကောကောအတွက် ဘဝတသက်လုံး ' ဟုအမည်ပေးထားသော လျို့ဝှက်စကားပြောခန်းကို တွေ့ရှိလိုက်ရသည်။
Xxxxxxx