Chapter 85
သူတို့၏အစီအစဉ်မှာ မော့တိ၏ခြံဝန်းထဲသို့ တစ်စုံတစ်ခုကျသွားရန်လုပ်ဆောင်ကြမည်ဖြစ်ပြီး တစ်ဖက်လှည့်ဖြင့် တံခါးခေါက်ကာ မော့တိ ထဖွင့်မည့်အချိန်၌ အက်ဆစ်နှင့်ပက်မည် သို့မဟုတ် ဓားနှင့်ထိုးမည်ဖြစ်သည်။ မော့တိ သူတို့ဦးနှောက်အလုပ်လုပ်ပုံနှင့် ပက်သက်၍ အံ့ဩသာနေရသည်။ ထိုသူများမှာ မိုက်မဲလွန်းသည်လော သို့မဟုတ် မာနကြီးလွန်းနေသည်လော။ သူတို့ကိုယ်သူတို့ အသက်မပြည့်သေးသည့်အတွက် အဖမ်းမခံရဘူးဟု ထင်နေကြသည်လော။ သို့မဟုတ် အဖမ်းခံရလျှင်ပင် ကွင်းလုံးကျွတ်လွတ်နိုင်သည်ဟု ထင်နေကြသည်လော…။
အဲဒါက ပြစ်မှုတစ်ခုဖြစ်နေတာကို အသာထားဦး၊ သူတို့လုပ်နေတဲ့အရာက တစ်စုံတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကော သူတို့သိရဲ့လား…
ထိုသူများမှာ မော့တိကို ကိုင်တွယ်မည့်အစီအစဉ်များကို ဆွေးနွေးကြချိန်၌ အလွန်ဖြောင့်မတ်နေသောပုံစံဖြင့် ပြောဆိုနေကြကာ သူတို့၏ မမျှမတဆက်ဆံခံနေသော စစ်လန်ကောကောအတွက် လက်စားချေပေးကြမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်လောကလုံးမှာ မော့တိကြောင့် မျက်ကန်းဖြစ်နေကြကာ သူတို့၏အရည်အချင်းရှိပြီး စိတ်နှလုံးဖြူစင်သည့် စစ်လန်ကောကောမှာ အတိုက်ခိုက်ခံနေရခြင်းကြောင့်ပင်။
မော့တိ ထိုစာများက သူ၏ဦးနှောက်ကို ဖျက်ဆီးပစ်မည်ဆိုးသောကြောင့် ဖတ်နေခြင်းကို ရပ်တန့်လိုက်ရသည်။
ထိုအုပ်စုမှာ အလွန်ခေါင်းမာလွန်းလှခြင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင် သက်သေအားလုံးကိုတင်၍ မော့စစ်လန်၏မျက်နှာစစ်ကို ခွာချပြီးသည်အထိပင် တိုးမပေါက်နိုင်အောင် ဦးနှောက်ဆေးခြင်းခံထားရသည်ပင်။ ထိုအစား သူတို့၏အိုင်ဒေါမှာ အပြင်လောက၏စွပ်စွဲခြင်းကို ခံနေရသည်ဟုသာ မှတ်ယူနေကြသည်။
တစ်နည်းအားဖြင့် မော့တိ သူတို့၏သစ္စာရှိမှုကို အတော်လေးစိတ်ဝင်စားမိသည်။
တစ်ဖက်တွင်ရှိသော မုထျန်းဟန်မှာမူ မော့တိလောက် တည်ငြိမ်နေခြင်းမရှိပေ။ သူရဲမခေါ်မိစေရန် အတော်လေးချုပ်တီးနေရလေသည်။
ချင်ချန်းယီ၏အကူအညီဖြင့် အစွန်းရောက်အဖွဲ့မှာ ဗီလာသို့ ဝင်ရောက်နိုင်ခဲ့ပြီး မော့တိနှင့်မုထျန်းဟန်တို့၏တံခါးကို အတိအကျပင် ရှာတွေ့သွားကြသည်။
ထို့နောက် မိန်းကလေးများက စတင်၍ကြက်တောင်ရိုက်နေကြသည်။
တစ်ပွဲ သို့မဟုတ် နှစ်ပွဲအပြီးတွင် ကြက်တောင်မှာ မတော်တဆ ခြံစည်းရိုးကိုကျော်ကာ ဗီလာ၏ခြံဝန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူတို့၏ဆိုးဝါးလှသော သရုပ်ဆောင်ချက်ကို မော့တိ တစ်စက္ကန့်လေးမျှ ဆက်မကြည့်နိုင်တော့ချေ။ သူပေါက်တူးတစ်ခုကိုယူကာ ခြံထဲသို့ ဆင်းလာခဲ့ပြီး စွမ်းစွမ်း၏မစင်များကို သန့်ရှင်းဟန်ဆောင်လိုက်သည်။ မော့တိ ခါးကိုကိုင်းကာ အပြစ်တင်နေခဲ့သည် ။
" မင်းဘာလုပ်ခဲ့လဲဆိုတာ ကြည့်ပါဦး.. နေရာတိုင်းမှာ မင်းအီးတွေကြီးပဲ…"
သူ၏ဘေးမှ စွမ်းစွမ်းမှာမူ စိုစွတ်နေသည့်မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ သူအဘယ့်ကြောင့် အပြစ်တင်ခံရသည်ကို မသိသကဲ့သို့ အပြစ်ကင်းသော အူသံပေးလိုက်သည် ။
" အာဝု…"
မိန်းကလေးများမှ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူ့ကို အလျင်အမြန်လှမ်းခေါ်လိုက်သည်။
" ဟိုင်းး တစ်ခုလောက်ကူညီပေးလို့ရလား…"
မော့တိ ရပ်တန့်လိုက်ကာ ဂိတ်အပြင်မှလူများကို ကြည့်လိုက်ပြီး
" ဘာလိုချင်လို့လဲ…"
မိန်းကလေးတစ်ယောက်မှ မော့တိကို သတိတကြီးကြည့်လိုက်ပြီးနောက် အခြားသူများကို မျက်လုံးမှိတ်ပြလိုက်သည်။
ပိုနီတေးစည်းထားသော မိန်းကလေးတစ်ယောက်မှ မော့တိဘက်သို့ လှည့်လာကာ ပြုံးလျက်
" ဟိုင်း ကျွန်မတို့ရဲ့ကြက်တောင်က ရှင့်ခြံဝန်းထဲကျသွားလို့လေ..အဲ့ဒါ တစ်ချက် ကောက်ပေးလို့ရနိုင်မလား…"
မော့တိ တစ်ယောက်မှာ လက်ဗလာဖြစ်နေပြီး နှစ်ယောက်မှာ လက်နက်ထည့်ထားသည်နှင့်တူသော ပုခုံးလွယ်အိတ်ကို လွယ်ထားသည့် မိန်းကလေးသုံးယောက်ကို ကြည့်လိုက်သည်။
" ကောင်းပြီလေ…"
မော့တိခေါင်းငြိမ့်ပြလိုက်ကာ ပေါက်တူးကို လက်တစ်ဖက်မှကိုင်လျက် ကြက်တောင်သွားကောက်ပေးလိုက်သည်။ လမ်းတစ်ဝက်မှာပင် ကလစ်ဟူသောအသံနှင့်အတူ တံခါးပွင့်လာပြီး မုထျန်းဟန် ထွက်လာလေသည်။
" ဘာဖြစ်တာလဲ…"
" အဲ့ကောင်မလေးတွေရဲ့ကြက်တောင်က ကျွန်တော်တို့ဝန်းထဲကျသွားလို့တဲ့…"
မော့တိ ပြန်ဖြေလိုက်သည်။
" အမ်…ကိုယ့်ကိုပေးလေ ကိုယ်သွားပေးလိုက်မယ်…"
မုထျန်းဟန် သတိပေးချက်တစ်စုံတစ်ရာမပေးပါဘဲနှင့် မော့တိလက်ထဲမှကြက်တောင်ကို အမြန်လှမ်းယူလိုက်သည်။
မော့တိ တံခါးကိုဖွင့်ရန် ထွက်သွားပြီဖြစ်သော မုထျန်းဟန်ကို ကြည့်လိုက်မိသည်။
တကယ်တမ်းတွင် ထိုအချိန်၌ သူတို့တွင်သာ အသိဉာဏ်ရှိမှု တစ်အောင်စလေးမျှရှိနေပြီး သူတို့၏ဒေါသကြောင့် ရှုပ်ထွေးမနေခဲ့ဘူးဆိုပါက သူတို့ အဘယ့်ကြောင့် အရပ်ရှည်သည့်လူမှာ ခြံဝန်းကိုကျော်၍ပြန်ပစ်ပေးမည့်အစား ဂိတ်တံခါးကိုဖွင့်နေသည်နည်းဟု မေးရပေမည်။
သို့သော်လည်း ထပ်မံ၍ သူတို့၏ခေါင်းသာ ကြည်လင်နေပါက သူတို့အစထဲကပင် ဤအရာကို လုပ်လိမ့်မည် မဟုတ်ချေ။
မော့တိ အထဲတွင် ကျန်နေသည်ကို မြင်လိုက်ရသဖြင့် ထိုသုံးဦးမှာ ယောက်ယက်ခတ်သွားကြသည်။ သူတို့၏မော့တိအပေါ်ရှိနေသောဒေါသမှာ ထွက်မလာခြင်းဖြင့် သူတို့၏အိုင်ဒေါအပေါ် လက်စားချေပေးမှုကို ဖျက်စီးလိုက်ခြင်းကြောင့် ပို၍ပင် မြင့်တက်လာခဲ့သည်။
မော့တိ၏ စိတ်အားထက်သန်စွာစောင့်ကြည့်နေမှုကြောင့် ပိုနီတေးစည်းထားသည့် မိန်းကလေးက သူမ၏အိတ်ထဲမှ တစ်စုံတစ်ခု ထုတ်ယူလိုက်သည်ကို မြင်လိုက်သဖြင့် သူ မုထျန်းဟန်၏လုံခြုံမှုအတွက် စိုးရိမ်သွားကာ ချက်ခြင်းဆိုသလို သူတို့ထံသို့ အပြေးသွားလိုက်သည်။ သူနီးကပ်လာသည်နှင့် ထိုမိန်းကလေးမှ ဓားကိုယူကာ မုထျန်းဟန်ကို ထိုးချလိုက်လေသည်။
မုထျန်းဟန် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ ရှောင်လိုက်ပြီးနောက် လက်ထဲရှိဓားကို ကန်ထုတ်ပစ်လိုက်သည်။
ထိုမိန်းကလေးမှာ နာကျင်မှုကြောင့် ငိုကြွေးသွားရလေသည်။
တစ်ချိန်တည်းမှာပင် ကျန်သည့်နှစ်ယောက်မှာ မော့တိဆီသို့ ပြေးဝင်လာကြကာ သူတို့ထဲမှ တစ်ယောက်၏လက်ထဲတွင် အက်ဆစ်ပုလင်းကို ကိုင်ထားခဲ့သည်။ သူမပုလင်းကိုဖွင့်ကာ လှမ်းပက်ရန်ကြိုးစားလိုက်သော်လည်း မော့တိ ပေါက်ပြားကိုသုံးကာ သူမလက်ထဲမှ ပုလင်းကို ရိုက်ချလိုက်သည်။ မိန်းကလေးမှ ပုလင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ မော့တိကိုပက်ရန် ထပ်မံကြိုးစားလိုက်ပြန်သည်။ မည်သို့ပင်ဖြစ်စေ သူမ၏လက်ကောက်ဝတ်မှာ အားလျော့သွားသဖြင့် လက်ထဲမှချော်ထွက်ကာ ပွင့်နေသည့်ပုလင်းထဲမှ အက်ဆစ်အချို့မှာ သူမနှင့် သူမဘေးရှိမိန်းကလေး၏ လက်မောင်းပေါ်သို့ ဖိတ်စင်သွားလေသည်။
အားးးးးးးး
ထိုမိန်းကလေးများ၏ မျက်နှာပေါ်ရှိ ဒေါသနှင့်နာကျည်းမှုများ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားကာ နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။
မုထျန်းဟန် သုံးမိနစ်စောကာ ခေါ်ထားသော လုံခြုံရေးအဖွဲ့မှာ ယခုအချိန်တွင် ရောက်ရှိလာကြပြီဖြစ်ကာ သူတို့ အမြန်မေးခွန်းမေးလိုက်သည် ။
" ဘာတွေလဲ ဘာဖြစ်တာလဲ…"
" လူတွေကို အက်ဆစ်နဲ့ဓားသုံးပြီး တိုက်ခိုက်တာပဲ … ရဲခေါ်လိုက်တာ ပိုကောင်းမယ်…"
မုထျန်းဟန်၏စိတ်အခြေအနေမှာ အတော်လေးဆိုးရွားနေသည်။ သူ့ကိုဓားနှင့်ထိုးသည့်မိန်းကလေးကို ဖမ်းချုပ်ထားချိန်၌ အက်ဆစ်ပုလင်းကိုင်ထားသည့် ကျန်သူနှစ်ဦးမှ မော့တိထံ ပြေးဝင်သွားချိန်တွင် သူ၏နှလုံးသားရပ်တန့်သွားခဲ့ရသည်။
အကယ်၍သာ မော့တိ သူ၏ပေါက်ပြားကို အချိန်မီမသုံးနိုင်ခဲ့ရင်ကော… သူမည်သို့လုပ်ရမည်ကိုပင် မစဉ်းစားရဲတော့ပေ။
အလွန်ငယ်ရွယ်သော်လည်း အဆိပ်ပြင်းလှသည်။ ထိုပရိသတ်များမှာ သူတို့၏နတ်ဘုရားမော့စစ်လန်မှလွဲ၍ မည်သည့်ဆင်ခြင်တုံးတရားမှ မရှိတော့ချေ။
ထိခိုက်ဒဏ်ရာရရသွားခဲ့ကော နှစ်ယောက်မှာ ငိုကြွေးကာ ပြတ်တိပြတ်တောင်းဖြင့် မော့တိကို ဆဲဆိုနေကြသည်။ ဒဏ်ရာမရရှိခဲ့သည့် ပရိသတ်မိန်းကလေးမှာမူ မော့တိအား ဒေါသနှင့်မုန်းတီးမှုအပြည့်နှင့် စိုက်ကြည့်နေသည်။
" နင်အပြစ်ပေးခံရလိမ့်မယ်… ငါတို့ကောကောကို အန္တရာယ်ပေးတဲ့အတွက် လက်စားချေမှုကတော့ရှိလာဦးမှာ…နင်အပြစ်ပေးခံရမှာ… ငါ နင့်ကိုကားတိုက်ခံရပါစေလို့ ကျိန်တယ်…နင်သေတဲ့အထိ အတိုက်ခံရပါစေ…ဘယ်လိုကြောင့်များ မနာလိုရုံလေးနဲ့ ငါတို့ကောကောကို ဒုက္ခပေးရတာလဲ.. အနှေးနဲ့အမြန်ကို ငါတို့ကိုထောက်ခံတဲ့သူတွေရှိလာဦးမှာ… နင်အသေဆိုးနဲ့သေရလိမ့်မယ်…"
မော့တိ သူမ၏ မနာလိုသည့်အကြောင်းပြောချိန်၌ ဆက်လက်သည်းမခံနိုင်တော့ချေ။ သူဘဝင်မြင့်သည့်အမူအယာဖြင့် မလှည့်ဘဲမနေနိုင်တော့ကာ သူမ၏မျက်နှာကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်မိသည်။
" အမ်းးး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မှန်တာတချို့တော့ရှိတယ်…အစကတော့ နင်တို့ရဲ့ကောကောကို ငါမနာလိုမဖြစ်မိဘူးရယ်.. ဒါပြီးရင်တော့ သူ အချိန်အတော်ကြာတဲ့အထိ ထမင်းအလကားစားရတော့မှာမလို့ နည်းနည်းမနာလိုဖြစ်မိမယ်ထင်တယ်…"
မကြာမီအချိန်တွင် မော့စစ်လန်၏အစွန်းရောက်ဖန်များမှ ဆာလဖျူရစ်အက်ဆစ်ဖြင့် တိုက်ခိုက်ခြင်းဟူသော ခေါင်းစီးမှာ အဓိကဝဘ်ဆိုဒ်များအတွင်း ပြန့်နှံ့သွားခဲ့သည်။
ခေါင်းစီးများမှာ 'မော့စစ်လန်၏ဖန်များမှ အက်ဆစ်ဖြင့်တိုက်ခိုက်ခြင်း' ၊ 'မော့တိ မော့စစ်လန်၏ဖန်များမှ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရ' နှင့် ' ဦးနှောက်ပျက်စီးနေသော ပရိသတ်များ၏ပြင်းထန်သည့်လုပ်ရပ်များ' စသည်ဖြင့် အများဆုံးရှာဖွေမှုစာရင်း၏ထိပ်ဆုံးသို့ အလျင်အမြန်ပင် ထိုးတက်သွားသည်။
မော့စစ်လန်မှာ မော့မိသားစု၏ကောလဟာလများတွင် အများဆုံးပါဝင်ခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သည်။ အင်တာနက်အသုံးပြုသူများမှာ အမှန်တရားများပေါ်ပေါက်သွားပြီးနောက်တွင် သူ၏အလိမ်အညာများကို တူးဖော်ခဲ့ကြပြီး သူ့ကိုဆန့်ကျင်သောပရိသတ်များ တိုးပွားလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဆန့်ကျင်သူများမရှိလျှင်ပင် မော့စစ်လန်၏ကျော်ကြားမှုမှာ အခြေအနေမကောင်းချေ။
ထိုအဖြစ်အပျက်အကြောင်း သတင်းများက ဖော်ပြလာချိန်တွင် လူအုပ်ကြီးမှာ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးခဲ့ကြသည်။ ပျက်စီးနေပြီးသော ဖန်များကို လက်မခံကြသည့်နှုန်းမှာမူ နောက်ထပ်တစ်ဆင့်သို့ပင် ထပ်မံရောက်ရှိသွားသည်။
" ဘယ်လိုငရဲလဲ…အက်ဆစ်နဲ့ပက်တာလား.. ဒါကြီးကရက်စက်လွန်းတယ်…"
" အဲ့ဒီ့ဖန်တွေရဲ့ခေါင်းထဲမှာ ချီးတွေပြည့်နေတာလားဟ…"
" ဒီလူတွေက အမြင်ကော အကျင့်စာရိတ္တကော တရားနည်းလမ်းတကျကော သုံးခုလုံးချို့ယွင်းနေတာပဲ…တရားဥပဒေတောင်မှ သူတို့အတွက် ဘယ်လိုမှနေမှာမဟုတ်ဘူး…"
" ဒီနေ့ခေတ်ဖန်အရူးတွေက အဆိုးရွားဆုံးပဲ… ငါရဲ့သူငယ်ချင်းတစ်ယောက်က အဲ့ဒီအိုင်ဒေါကိုသဘောကျမိပြီးတော့ ရူးနေတဲ့ဖန်အဖွဲ့ထဲ ဝင်သွားမိတာ အခုဆိုရင် သူကလုံးဝကို တခြားလူလိုပဲ..သူကဆတ်ဆတ်ထိမခံဖြစ်နေပြီးတော့ သူ့နတ်ဘုရားမနဲ့ပတ်သက်လာရင် ကွန်မန့်နည်းနည်းလေးကိုတောင် ရန်လိုက်ဖြစ်တတ်တယ်…သူသိသမျှက အဲ့ဒီနတ်ဘုရားမကအပြစ်ကင်းဆုံးဖြစ်ပြီးတော့ သူ့ကိုဆန့်ကျင်တဲ့သူတွေက အသက်ရှင်ဖို့မထိုက်တန်ဘူးတဲ့…
" မော့တိကို အော်ဟစ်နေတဲ့မိန်းကလေးကသာ တရားနည်းလမ်းမကျတာနော် ဟုတ်ပြီလား…သူပြောတာက မော့တိကဝဋ်လည်လိမ့်မယ်တဲ့လား…သူတို့လုပ်ခဲ့တဲ့အရာတွေက အလွန်ဆိုးရွားပြီးတော့ မော့စစ်လန်ကလည်းပဲ လူကောင်းတစ်ယောက်ဟုတ်မနေဘူးလေ…သူက မော့တိကို ဖြုတ်ချဖို့ စာမေးပွဲမှာခိုးချတယ်လို့ ပြောခဲ့သေးတယ် ပြီးတော့ မိသားစုအတွက်သစ္စာမရှိတဲ့သားတစ်ယောက်တဲ့…တကယ်တမ်းကျ အဲ့ဒီဉာဏ်ရည်မမှီတဲ့အုပ်စုကသာ မော့တိကို ငယ်ငယ်လေးထဲက အနိုင်ကျင့်နေခဲ့ကြလေ…မော့တိက ဝဋ်လည်လိမ့်မယ်တဲ့လား… တကယ်၀ဋ်လည်မယ့်သူက မော့စစ်လန်နဲ့သူ့ရဲ့အစွန်းရောက်ဖန်တွေပဲ…"
" ငါတစ်ယောက်ပဲ မော့တိက တစ်ခုခုလုပ်ခဲ့လို့ မော့စစ်လန်ရဲ့ဖန်တွေက ၀ဋ်လည်မယ်ပြောနေကြတယ်လို့ ထင်နေတာလားနော်…"
" ဟုတ်တယ် မင်းတစ်ယောက်ထဲပဲ.. မင်းကသာအလင်းရောင်၊ မင်းကသာ လျှပ်စစ်၊ မင်းတစ်ယောက်ထဲ စိတ်ကျန်းမာရေးပြသနာရှိနေတာ…"
( စူပါစတား SHE၏သီချင်းစာသားဖြစ်သည် )
" အဲ့ဒီဖန်တွေကြောင့် ငါတို့ရဲ့စစ်လန်ကောကောကို အကဲမဖြတ်လိုက်ပါနဲ့.. ကျေးဇူးပါ ငါတို့ရဲ့ကောကောကို ငါတို့ပဲ ပြန်ခေါ်သွားလိုက်ပါပြီ…"
" သူတို့က ငါတို့စစ်လန်ရဲ့ဖန်တွေလို့ ဘယ်သူပြောနိုင်မှာလဲ…ဆန့်ကျင်တဲ့ဖန်တွေလည်းဖြစ်ချင်ဖြစ်မှာပေါ့…ငါတို့ အဲ့လိုဖန်တွေကို လက်မခံဘူးနော် အိုကေလား…"
ဖန်များ၊ဆန့်ကျင်သောဖန်များနှင့် ဖြတ်သွားဖြတ်လာတို့၏မောင်းနှင်မှုတို့ကြောင့် မော့စစ်လန်၏ဖန်များမှ အက်ဆစ်နှင့်ပက် ဟူသော ခေါင်းစီးမှာ အများဆုံးရှာဖွေမှုစာရင်း၏ ဒုတိယနေရာသို့ပင် ချိတ်နိုင်ခဲ့သည်။
ရဲစခန်းမှ ဗီလာသို့ပြန်လာသည့်လမ်းတွင် နောက်ဆုံးတော့ မော့တိ သူ၏ဝေးပေါ်ကို စိတ်အေးလက်အေးဖြင့် ဖွင့်ကြည့်နိုင်ပြီဖြစ်သည်။ အွန်လိုင်းပေါ်ရှိ ဆွေးနွေးခန်းများကို လှန်လှောကြည့်ပြီးနောက် လူထု၏အမြင်များမှာ ပွင့်ထွက်နေပြီဖြစ်ကာ လောင်ကျွမ်းနေသည့် ငြင်းခုန်သံများမှာ ဖိုရမ်များအကြား အရှိန်အဟုန်ဖြင့် ပြန့်နှံ့နေပြီဖြစ်သည်။
ကွန်မန့်များထဲတွင် ရူးနေသည့်ဖန်များကို ရှုံ့ချနေသည့်သူများရှိသလို၊ အချို့မှာ မော့စစ်လန်ကို ပြင်းပြင်းထန်ထန်အပြစ်တင်နေကြကာ အချို့မှာမူ သူ့အတွက်ဝမ်းနည်းပေးနေကြသည်။ မော့စစ်လန်ကို သနားပေးကြသူများမှာ သူသည်လည်း ခံရသူတစ်ဦးဖြစ်ကာ ရူးနေသည့်ဖန်များကြောင့် သူ့ကိုပါဆွဲမချသင့်ဟု ပြောဆိုနေကြသည်။
ထိုမျှသာမက မော့တိ၏မကြာခဏတိုက်ခိုက်ခံရခြင်းအပေါ် မေးခွန်းထုတ်နေကြသော ပူးပေါင်းကြံစည်မှုသီအိုရီများများလည်း ရှိလေသည်။ ထိုသူများမှာ မော့တိထံတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု အခိုင်အမာပြောဆိုနေကြပြီး မဟုတ်ပါက လူများမှာ တခြားသူများကို မလုပ်ဘဲ အဘယ့်ကြောင့် သူ့ကိုသာ အန္တရာယ်ပေးနေကြသည်နည်း။ ကျောင်းတွင်းအကြမ်းဖက်မှုကိစ္စလိုပင် ကျောင်းတွင်ရှိသော လူပေါင်းများစွာထဲမှ အဘယ့်ကြောင့်မော့တိသာ အကြမ်းဖက်ခံရသည်နည်း။
မော့တိ ထိုမန့်များမြင်လိုက်ရချိန်တွင် အံ့ဩ၍သာနေခဲ့သည်။ သူ့အတွက် ထိုကဲ့သို့သော အရာများကြောင့် စိတ်ထိခိုက်နေရန်မလိုပေ။ ထို့အပြင် သူ့ကိုစိတ်ဝင်စားလာစေမည့် ဝတ္ထုများသည်ပင် အများအပြားရှိနေလေသည်။ ထိုထဲမှ အမှန်တကယ်ပင် အချို့သောလူများမှာ မိန်းကလေးသုံးဦးအတွက် ပြောဆိုပေးနေကြသည်။
" သနားဖို့ကောင်းတဲ့ကောင်မလေးတွေ သူတို့ကကလေးပဲရှိသေးတာ…သူတို့အက်ဆစ်ရဲ့အန္တရာယ်ပေးပုံကို သိဦးမှာမဟုတ်ဘူး…"
" ငါထင်တာတော့ ဒီကလေးတွေက တကယ်အပြစ်ကင်းလိမ့်မယ်…မော့တိ အဲ့ကောင်မလေးရဲ့လက်ကို ပေါက်တူးနဲ့ရိုက်လိုက်တာကို ကြည့်ပါဦး.. သူက ကောင်မလေးတွေရဲ့လက်မောင်းနဲ့ပုခုံးပေါ်ကိုတောင် စင်သွားအောင်လုပ်လိုက်သေးတယ်… သနားစရာလေးတွေ…အရမ်းငယ်လွန်းသေးတာ မိန်းကလေးတွေလည်း ဖြစ်နေသေးတာကို မပြောနဲ့…သူတို့ဘာတွေဖြစ်တော့မှာလဲကွာ…"
" မော့တိက တကယ့်ကို ယောင်္ကျားကောင်းမဟုတ်ဘူး ဖီ…"
ထပ်ပေါ်လာသော နားမလည်နိုင်သည့် မန့်လှိုင်းလုံးကြီးကြောင့် မော့တိ ဒေါသပင် မထွက်နိုင်တော့ချေ။
သူက အက်ဆစ်နှင့်တိုက်ခိုက်ခံရသဖြင့် ပေါက်တူးကိုသုံးကာ ခုခံကာကွယ်သည့်အနေဖြင့် ပုလင်းကိုဖယ်ထုတ်ခဲ့ခြင်းသာဖြစ်သည်။ ထို့အပြင် သူက ယောင်္ကျားကောင်းမဟုတ်ဟု ဝေဖန်ခံရသည်လား။ ဤသို့သာဆိုလျှင် သူကလက်ကိုဆန့်ပြီး အက်ဆစ်နှင့်ပက်ခြင်းကိုခံကာ သူ၏ခန္ဓာကိုယ်ကို ထိခိုက်သွားစေမှ ယောင်္ကျားကောင်းဟု သတ်မှတ်ခံရမည်လား။
ကံကောင်းစွာဖြင့် ထိုအတွေးမရှိသောမန့်များမှာ အလွန်ပင် ရေပန်းမစားကာ နည်းပါးလှပေရာ မော့တိ သူတို့ကို မကိုင်တွယ်တော့ပေ။ ထိုအစား မော့တိ ခေါင်းစီးမှာ ထိုမျှလောက်အတိုင်းအတာသို့ တက်လာသည်ကို ကြည့်ရင်း နောက်တစ်ဆင့်ထပ်တက်ရန် ဆုံးဖြတ်လိုက်သည်။
မော့တိ ဒိုင်ယာရီအတုကိုလိုင်းပေါ်တင်ကာ အများဆုံးရှာဖွေမှုစာရင်းပေါ်သို့ တွန်းတင်လိုက်သည်။
သူ၏ဘေးရှိဆိုဖာပေါ်တွင်ထိုင်နေသော မုထျန်းဟန်၏မျက်ခုံးများ မော့တိကို ကြည့်ကာ အနည်းငယ်တွန့်ချိုးသွားခဲ့သည်။
" ကိုကို…"
မော့တိ မုထျန်းဟန်ကို ထိုကဲ့သို့ အမူအယာဖြင့် မြင်လိုက်ရသောကြောင့် မနေနိုင်လဲ မေးလိုက်မိသည်။
" ဘာဖြစ်လို့လဲ.."
မုထျန်းဟန် လက်ကိုဆန့်ကာ မော့တိ၏ခေါင်းကိုပုတ်ပေးနေလျက် သက်ပြင်းချလာခဲ့သည်။
" ဒီဟာက အာရုံစိုက်မှုအများကြီးကို နှိုးဆွပေးနိုင်ပြီး မော့စစ်လန်ကို နောက်ကျရင် အကြီးကြီးထိခိုက်စေမယ်ဆိုပေမယ့်လည်း အဖြစ်မှန်ထွက်မလာခင်ထိတော့ မင်းက ပြစ်တင်ရှုံ့ချမှုတွေအများကြီးအောက်ကိုရောက်နေမှာလေ… မင်းက မုန်တိုင်းရဲ့ဗဟိုဖြစ်နေလိမ့်မယ်.."
" ကိုကို ကျွန်တော်အဆင်ပြေမှာပါ…"
မော့တိ မုထျန်းဟန် စိတ်ညစ်နေသည်ကို သိလိုက်သောကြောင့် အလျင်အမြန်ချော့လိုက်သည် ။
" ကျွန်တော်တကယ်အဆင်ပြေပါတယ်…"
" ကျွန်တော်အခုလောင်ကျွမ်းနေရင်တောင် ဒါက တခဏပါပဲ… သူတို့ရဲ့ဆဲဆိုသံ ပိုပြင်းလေလေ အမှန်တရားပေါ်သွားတဲ့အခါကျရင် သူတို့ပိုပြီးနောင်တရလေပဲလေ…"
မုထျန်းဟန် မော့တိကို အကြည့်တစ်ချက်အမြန်ပေးလိုက်ကာ အဆုံးတွင် ငြင်သာစွာ ပွေ့ဖက်လိုက်သည်။
" ကိုယ် မင်းသောက်ဖို့တစ်ခုခုသွားလုပ်လိုက်ဦးမယ်… ဘာသောက်မလဲ မက်မွန်သီးဖျော်ရည်လား သစ်တော်သီးဖျော်ရည်လား…"
" ဘာဖြစ်ဖြစ်ရပါတယ် ကျွန်တော်နှစ်ခုလုံးကြိုက်တယ်…"
" ကောင်းပြီ ဒီမှာနေခဲ့နော် ကိုယ်ခဏနေပြန်လာခဲ့မယ်…"
Xxxxxx