အပိုင်း ၈၆
Viewers 28k

Chapter 86


မော့တိ ခေါင်းကိုပွတ်ကာ ရယ်ပြလိုက်သည်။ သူ၏မျက်လုံးများမှာ မီးဖိုချောင်ဆီသို့ သွားနေ‌သည့် မုထျန်းဟန်နောက်သို့ ပါသွားကာ နှိုင်းယှဉ်မရနိုင်သော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ မည်သည့်အရာများဖြစ်လာပါစေ သူကြောက်ရွံ့နေမည် မဟုတ်တော့ပေ။


ဒိုင်ယာရီအတုကို အွန်လိုင်းပေါ်တင်ပြီးနောက်တွင် လူထု၏အမြင်မှာ အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိသွားပြီး လက်ရှိအပေါက်ကွဲဆုံးဖြစ်ရပ် ဖြစ်သွားလေသည်။


လူအများစုမှာ ဘက်ပြောင်းသွားကြပြီး လူအချို့မှာ မော့တိကဲ့သို့ မျက်လုံးဖြူဝံပုလွေရှိနေသည့်အတွက် ရှုံ့ချကာ မော့မိသားစုကို သနားနေကြသည်။ 


သို့သော်လည်း အများစုမှာမူ မော့တိ၏ဘက်တွင်သာ ကျန်ခဲ့ကြကာ ထိုမျှသော အနိုင်ကျင့်မှုများအပြီးတွင် ဤသို့ ဒိုင်ယာရီကျန်ခဲ့ခြင်းမှာ နားလည်ပေးနိုင်သည်ဟု ဆိုကြသည်။ အကယ်၍သာ မော့မိသားစုက မမျှမတမဆက်ဆံကြပါက သူသည်လည်း ထိုအရာမျိုးကို ရေးမည်မဟုတ်ချေ။ ထိုမျှသာမက မော့တိသည် မည်သည့်ပြစ်မှုကိုမှ မကျူးလွန်ခဲ့ပေ။ တစ်ဖက်တွင်မူ မော့စစ်လန်၏ဖန်များသည်သာ လုံးလုံးကျိုးကြောင်းဆီလျော်မှုမရှိ‌သောအကြောင်းပြချက်ဖြင့် အန္တရာယ်များသောတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြသည်။


အင်တာနက်အသုံးပြုသူများ၏ နှစ်ဖက်ကြားမှ တိုက်ပွဲမှာ အဆုံး၌စတင်လာခဲ့သည်။


" မော့တိက ဘာမှကောင်းတဲ့ကောင်မဟုတ်ဘူး… သူဘယ်လိုတောင် ဒီလောက်ဆိုးဝါးတဲ့အရာတွေကို ဒိုင်ယာရီထဲ ထည့်ရေးနိုင်ရတာလဲ…"


"‌ မော့တိက အမှိုက်ပဲ…"


" ငါတော့ဖန်တွေရဲ့လုပ်ရပ်ကို နည်းနည်းနားလည်သလိုပဲ…သူတို့က ဒိုင်ယာရီကိုတွေ့တဲ့အချိန် အတော်လေးစိတ်ပျက်သွားတာဖြစ်မယ်…သူတို့ရဲ့ တုန့်ပြန်ပုံက နည်းနည်းလေးပြင်းထန်သွားရုံလေးပဲ…"


" ဟုတ်တယ်… ငါတော့ကိုယ်ချင်းစာပေးနိုင်တယ်… တကယ်လို့ ငါ့အိုင်ဒေါသာ ဒီလိုအဆဲခံခဲ့ရရင်တော့ ငါသာဆို အက်ဆစ်နဲ့ပက်ရုံတင်မကဘူး သူ့အစာထဲအဆိပ်ခပ်ပစ်မဲ့အပြင် နေ့တိုင်းကို ကျိန်ဆဲနေမှာ [ အစွယ်ထုတ်ပြသည့်အီမိုဂျီ ] …"


" ဖန်‌တွေရဲ့လုပ်ရပ်ကပြင်းထန်ပေမဲ့ နားလည်ပေးလို့ရတယ်…သူတို့ ပေါ့ပါးတဲ့ပြစ်ဒဏ်ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်… သူတို့က သူတို့ရဲ့အိုင်ဒေါကို ကာကွယ်ချင်ရုံလေးပါ…"


" ဘုရားရေ ဒီမန့်တွေက ရယ်စရာကောင်းလွန်းလို့ ကျွန်တော့်ရဲ့ ချီးကျူးမှုကို ခံယူပေးပါ…"


" ဘယ်လိုတောင်လဲကွာ.. လူတွေက အက်ဆစ်နဲ့ဓားသုံးပြီးတိုက်ခိုက်တာကိုတောင် လက်ခံပေးနေကြပြီလား… ဒီပရိသတ်အဖွဲ့အစည်းကတော့ တကယ့်ကို မိုက်လွန်းနေတာပဲ…"


" ကျေးဇူးပြုပြီး နားလည်ကြပါဦး… ဒါကနိုင်ငံတကာကသတ်မှတ်ထားတဲ့ လက်နက်နော်…ဒါက ခံရတဲ့သူကို ပြန်လှည့်လို့မရတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်…ဘယ်လိုတောင် လူတွေက ဒါကို တရားမျှတတယ်လို့ ထင်နေကြတာလဲ…မင်းတို့ရဲ့ အိုင်ဒေါကို မချစ်နဲ့‌မပြောဘူး ချစ်ပါ… ဒါပေမယ့် တရားဥပဒေရဲ့အထက်ကိုတော့ မကျော်ကြပါနဲ့…မင်းတို့ရဲ့အိုင်ဒေါကို တစ်ယောက်ယောက်က ဆဲဆိုနေတယ်ဆိုတာ မင်းတို့သူ့ကို အက်ဆစ်နဲ့ပက်လို့ရတယ်လို့ မဆိုလိုဘူးနော်…မင်းတို့ရဲ့စိတ်တွေက အဆိပ်ပြင်းလိုက်တာနော်… ဥပဒေဆိုတာ ဘာမှမဟုတ်တော့ဘူးလား…."


" ဖန်တွေဆိုတာ သူတို့အိုင်ဒေါရဲ့ပုံရိပ်တဲ့…မော့စစ်လန် ဘယ်လိုလူဆိုတာပဲ ကြည့်လိုက်စမ်းပါ.. သူ့ဖန်တွေ ဒီလိုဖြစ်နေတာ အံ့ဩစရာမရှိဘူး…"


" ဒါက ပြစ်မှုပဲနော်…ငါတော့ ဖန်တွေနားလည်မယ်လို့ မျှော်လင့်ပါတယ်…"


" မော့စစ်လန်ကို ထောက်ခံတဲ့သူတွေက သူ့လိုပဲ.. လူတွေကို အဆင့်နှစ်မျိုးနဲ့ဆက်ဆံတာလေ…မော့စစ်လန် မော့တိကို အနိုင်ကျင့်ချောက်ချတုန်းကကြတော့ အဆင်ပြေနေပြီးတော့ အခုမော့တိက ဒိုင်ယာရီထဲ နည်းနည်းလေး ဆဲဆိုမိတာနဲ့ သူကမကောင်းဆိုးဝါးတစ်ကောင်ထက်တောင် ဆိုးသွားပြီတဲ့…ပြီးတော့ သူကဆိုးရွားလွန်းပြီး အက်ဆစ်နဲ့အပက်ခံရဖို့ ထိုက်တန်တယ်ပေါ့…သောက်ကျိုးနည်းကို အံ့ဩဖို့ကောင်းတာပဲ…"


" အပေါ်ထပ်ကလူရေ ဒါကမော့စစ်လန်ဖန်တွေမှမဟုတ်ဘူး တခြားနာမည်ကြီးတွေလည်း အဲ့လိုပဲ…အဲ့အဖွဲ့တွေက သူတို့ရဲ့အိုင်ဒေါတို့ကို မြင့်မြတ်တဲ့သက်ရှိတွေလို သတ်မှတ်ထားကြတာလေ…တကယ်လို့သာ သူတို့က အလွန်အကျုးတွေ ဘက်လိုက်မပြနေဘူးဆိုရင် သူတို့ကို ရိုင်းစိုင်းတဲ့ဖန်တွေလို ဘယ်လိုလုပ်ပြီး သတ်မှတ်ထားမှာလဲ…"


အချိန်နှင့်အမျှ မော့တိ၏ဒိုင်ယာရီ ဟူသော ခေါင်းစီးမှာ ထိပ်ပိုင်းသုံးနေရာသို့ရောက်ရှိလာပြီး အဆုံးတွင် ပထမနေရာသို့ရောက်ရှိလာခဲ့ရာ မော့တိ ထိုအရာ၏နောက်တွင် တစ်စုံတစ်ယောက်ရှိနေမည်ဟု သံသယဝင်မိသည်။


မော့တိ မျက်မှောင်ကြုတ်ကာ မန့်များကို စတင်၍ ခြေရာခံလိုက်သည်။


အစပိုင်းတွင် လူထုမှာ နှစ်ဖက်စီ လုံးလုံးလျားလျား ကွဲပြားနေသည်။ မည်သို့ပင်ဖြစ်စေ ခေါင်းစီးမှာ ထိပ်ပိုင်းသို့ရောက်ရှိလာသည်နှင့် ရေတပ်၏သိသာသောအလုပ်မှာ မော့စစ်လန်ကို ဖြူစင်ကြောင်းပြရန်နှင့် မော့တိကိုထောက်ခံနေကြသည်ကို ဖိနှိပ်ရန်ဖြစ်သည်။ ကြုံကြိုက်သော လမ်းသွားလမ်းလာများသည်ပင် သူ့အပေါ်စော်ကားမှုအများအပြားလုပ်ခဲ့ကြသည်။


ဒါကဘာလဲ… မော့စစ်လန်ကပဲ လှုပ်ရှားလိုက်ပြီလား… ဒါမှမဟုတ် ချင်ချန်းယီလား…


အချိန်တစ်ချို့ကြာသွားပြီးနောက်တွင် မော့တိမထင်ထားသော ခေါင်းစီးသုံးခုပေါ်လာခဲ့သည်။ ' တစ်ဖက်သတ်အချစ်ဇာတ်ကားဖြန့်ချီရက်၊ တစ်ဖက်သတ်အချစ်၏အမျိုးသမီးသရုပ်ဆောင် မော့လျှိုကွေ့၊ နိုင်ငံရဲ့အသည်းနှလုံးလေး မော့လျှိုကွေ့ '


ခေါင်းစီးတစ်ခုစီတည်းတွင် ' မော့လျှိုကွေ့ကအရမ်းလှတာပဲ ၊ ချက်ချင်းပဲသူ့ဖန်ဖြစ်သွားပြီ ၊ ငါသေချာပေါက်သူ့ရုပ်ရှင်ကို သွားကြည့်မှာ ' စသည်ဖြင့် အဆက်မပြတ်ချီးကျူးမှုများ ပြည့်နေခဲ့သည်။


ထို့အပြင် တစ်စုံတစ်ယောက်မှ မော့လျှိုကျွေ့ကို ချီးကျူးလိုက်သည်နှင့်တစ်ပြိုင်နက် မော့တိကိုလည်း ဆဲဆိုလိုက်သည်။ သူတို့မှာ မော့မိသားစုထဲမှ နှိုင်းယှဉ်ရမည့်သူများဖြစ်ကာ မော့လျှိုကွေ့ကဲ့သို့ ပြီးပြည့်စုံသူနှင့်ယှဉ်ပါက မော့တိမှာ အမှိုက်တစ်စသာဖြစ်သည် ဟူ၍ပင်။


အခြေခံအားဖြင့် တစ်စုံတစ်ဦးမှာ မော့လျှိုကွေ့အတွက် ရှားပါးသော ကြော်ငြာရန်အခွင့်အရေးကို အသုံးချနေခဲ့သည်။


မော့တိမှာ အမှန်တကယ်ပင် ဝမ်းသာနေသည်။ သူ ဒိုင်ယာရီနှင့်ပတ်သက်သည့်အမှန်တရားကို ထုတ်ပြန်လိုက်ချိန်၌ ထိုသူများ မည်သို့ဖြစ်သွားကြမည်ကို စိတ်ဝင်စားနေမိသည်။ သူတို့၏ဖောင်းပွနေမည့်မျက်နှာများကို မြင်ရမည်မှ မည်မျှပင် ကြည်နူးစရာကောင်းမည်နည်း…။


ထိုအချိန်‌၌ မုထျန်းဟန်က လတ်လတ်ဆတ်ဆတ် အရေညစ်ထားသော ဖျော်ရည်နှစ်ခွက်ဖြင့် ပြန်ရောက်လာသည်။ မုထျန်းဟန် ခွက်ကိုစားပွဲပေါ်တွင်တင်ကာ တစ်ခွက်ကို မော့တိလက်ထဲထည့်ပေးလိုက်ပြီး 


" လူထုအမြင်က ဘယ်လိုနေလဲ…"


" ကိုကို ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်… သူတို့ဒီအချိန်မှာ ရေပန်းအစားဆုံးအရာထဲကိုတောင် မွှေနှောက်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်မိဘူး ကျန်း….ကျွန်တော် ချင်ချန်းယီနဲ့ မော့မိသားစုကို အထင်သေးမိတာပဲ…"


မုထျန်းဟန် ထိုင်ကာ မန့်များကို‌ဖတ်လိုက်ပြီးနောက်တွင် သူ၏မျက်နှာမှာ ဖတ်လေလေ ပို၍မည်းမှောင်လာလေဖြစ်နေလေသည်။


မော့တိ ‌မုထျန်းဟန်၏စိတ်အခြေအနေကို ရှင်းရှင်းလင်းလင်းသိနေပြီး သူ့ကို နှစ်သိမ့်ပေးချင်မိသည်။ သို့သော်လည်း သူပါးစပ်မဟခင်မှာပင် မုထျန်းဟန်မှ သူ၏ဒေါသကို ချိုးနှိမ်ထားရသည့်အသံဖြင့်


 " အဖြစ်မှန်ကို အခုတင်လိုက်တော့…"


မော့တိ အလွန်အံ့ဩသွားရသောကြောင့် ကြို့ပင်ထိုးသွားရသည်။


 " …?! "


ထို့ကြောင့် သူက


" ဒါပေမယ့် ကိုကိုကလည်း ဒိုင်ယာရီအတုက အခုမှထိပ်ကိုရောက်တာ တစ်နာရီတောင်မကြာသေးဘူးလေ… မော့လျှိုကွေ့ရဲ့ပရိုမိုးရှင်းဆင်းတာနဲ့ မော့စစ်လန်နာမည်တွေဆေးကြောတာတောင် အခုမှစတာကို…အထွတ်အထိပ်ကိုမှ မရောက်သေးတာ…"


" ဆင်ခြေပေးမနေနဲ့ အခုတင်လိုက်တော့…"


ဤသည်မှာ မုထျန်းဟန် ပထမဆုံးအကြိမ်အဖြစ် မော့တိနှင့်ခိုင်ခိုင်မာမာ ငြင်းဆိုနေခြင်းဖြစ်သည်။ မော့တိ ထိုစော်ကားမှုများကို ခံနိုင်ရည်ရှ်ိသော်လည်း သူမခံနိုင်ပေ။ ထိုစကားလုံးများမှာ မည်မျှပင် ဆိုးရွားကာ ရွံရှာဖွယ်ကောင်းလှသည်နည်း။ သူ့အား ပြစ်တင်ရှုံ့ချခြင်းနှင့်ပတ်သက်၍ အမြင်သစ်များကိုပင် ပေးစွမ်းနိုင်ခဲ့သည်။


" ကျေးဇူးပြုပြီး ကိုယ့်စကားကို ဒီတစ်ခါပဲ နားထောင်ပေးပါ…"


" ကောင်းပါပြီ…"


" ဒါက ဒီအတိုင်းဆဲဆိုနေရုံမဟုတ်ဘဲ ဦးနှောက်ဆေးခြင်းတစ်မျိုးဆိုတာကော မင်းသိရဲ့လား..အန္တရာယ်များတဲ့လူတွေက ဒါကြောင့် မင်းကို တစ်ခုခုလုပ်လာနိုင်တယ်…"


" ဒါပေမယ့် မကြာခင် ကျွန်တော်တို့ အဖြစ်မှန်ကို တင်မှာပဲလေ…" 


မော့တိ ပြောလိုက်သည်။


 " ဒါဆိုလည်း ဒီဟာကို တစ်ရက်လောက် ထိပ်ဆုံးမှာ ပေးတင်လိုက်တာပေါ့…ဒီနည်းနဲ့ပဲ ကျွန်တော်တို့ သူတို့အနာပေါ်တည့်တည့်ရိုက်နိုင်လိမ့်မယ်…ပြီးတော့ မော့စစ်လန်ရဲ့မျက်နှာကိုလည်း လူတိုင်းကို မြင်ခွင့်ပေးတာပေါ့..မော့လျှိုကွေ့ရဲ့သတင်းကလည်း ပျက်လုံးတစ်ခုဖြစ်သွားပြီးတော့ ကျွန်တော့်ကိုဆဲနေတဲ့လူတွေလည်း ရပ်သွားလိမ့်မယ်…"


မုထျန်းဟန် စိုးရိမ်နေသောအမူအယာဖြင့် မော့တိကို ကြည့်ကာ


 " ဒါပေမယ့် အရာတိုင်းက ရောက်သင့်သလောက် ခရီးရောက်နေပြီလေ…လူထုရဲ့အမြင်ကလည်း ခိုင်မာနေပြီးပြီ…အဲ့ဒီညစ်ပတ်တဲ့ရေဆိုးတွေလောင်းချနေတဲ့ရေတပ်တွေက ဒီအတိုင်း…"


" ကိုကို ကျွန်တော်အဆင်ပြေပါတယ်… ကျွန်တော်တကယ်သည်းခံနိုင်တယ်…"


မော့တိ မုထျန်းဟန်ကို အလေးအနက်ကြည့်လိုက်ပြီး


 " ကိုကို ကျွန်တော်တို့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးမှတော့ အကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့…ကျွန်တော်တို့ အက်ဆစ်နဲ့ပက်တာကိုတောင် ရင်းခဲ့သေးတာ ဒီစော်ကားတဲ့စကားလေးနည်းနည်းနဲ့ နောက်ဆုတ်ပေးရမှာလား…ကျွန်တော်တကယ့်ကို ကြောက်မနေဘူး…"


မုထျန်းဟန် စက္ကန့်အနည်းငယ်မျှ ငြိမ်နေပြီးနောက် သက်ပြင်းချလိုက်ကာ အနည်းငယ်လျော့ပေးလိုက်သည်။


 " နောက်တစ်နာရီအတွင်းမတင်ရင် ကိုယ့်ဘာသာဟက်ပြီးတင်လိုက်တော့မှာ…"


" ဟမ်.. တစ်နာရီက မနည်းလွန်းဘူးလား…ခေါင်းစီးက အခုမှ တစ်နာရီခွဲပဲရှိသေးတာကို…" 


မော့တိ အသံပျော့လေးဖြင့် ငြင်းခုန်လိုက်သည်။


" ဟင့်အင်း ဒါကိုယ်ပေးနိုင်တဲ့အကြာဆုံးအချိန်ပဲ..မဟုတ်ရင် နာရီဝက်ပဲရမယ်…"


" ကောင်းပြီ တစ်နာရီဆိုလည်း တစ်နာရီပေါ့…" 


မော့တိ အလျင်အမြန် သဘောတူလိုက်သည်။ မုထျန်းဟန်သာ အမှန်တကယ်လုပ်ချလိုက်မည်ဆိုပါက သူသည်လည်း ဘာမှတတ်နိုင်မည် မဟုတ်ချေ။ အဆုံးမှာတော့ အချက်အလက်များကို တင်ရခြင်းမှာ တားဆီးရခြင်းထက်ပို၍ လွယ်ကူပေသည်။ ထို့အပြင် မုထျန်းဟန်တွင်လည်း သူ့ကို ကူညီမည့် အိုင်တီသမားများ တပြုံတခေါင်းကြီးရှိနေလေသည်။


မော့တိ ရွေးချယ်စရာမရှိတော့သဖြင့် သဘောတူလိုက်ရသည်။


မော့တိနှင့် မုထျန်းဟန်တို့ ငြင်းခုံနေကြသည့်အချိန်တွင် မော့မိသားစုမှာမူ မော့တိ၏ကံဆိုးမိုးမှောင်ကျမှုအတွက် ပျော်ပွဲရွှင်ပွဲကျင်းပနေကြသည်။


မော့စစ်လန် သူ၏ဖုန်းကို ကြည်နူးစွာဖြင့် ဆော့ကစားနေပြီး မော့လျိုကွေ့သည်လည်း သူမ၏တိုးပွားလာသော ဖန်အုပ်စုကိုကြည့်ကာ သဘောကျနေသည် ။ သို့သော် ခဏအကြာ၌ သူမ မျက်မှောင်ကြုတ်ကာ " ရှောင်ကွေ့ ဒီလိုလုပ်တာ တကယ်မှားတာပဲ..‌ဒါပေမယ့်လည်း သူညီမလေးတို့ကို ဒီလိုဆဲဆိုနေရင်တောင်မှပဲ ညီမလေးတို့ သူ့ကိုခွင့်လွှတ်ပေးတဲ့စာတစ်စောင် ထုတ်ပေးသင့်တယ်နော်…လူတွေအများကြီးက သူ့ကိုဆဲဆိုနေကြတာ သူမခံနိုင်မှာစိုးတယ်…"


" ရှောင်ကွေ့က ဘာလို့သူ့ကိုဂရုစိုက်နေတာလဲ.. သူနဲ့ထိုက်တန်တာပဲလေ… ဒါကသူ့အတွက် အပြစ်ပေးမှုပဲ…ငါတို့ရေပန်းစားမှုကိုဝယ်ပြီးတော့ မိသားစုရဲ့ဂုဏ်သိက္ခာကိုပြန်ဆယ်သင့်တယ်လို့ မထင်ဘူးလား…"


" ညီမမသိဘူး.. ညီမ ညီမဖုန်းသွားပြောလိုက်ဦးမယ်…" 


မော့လျိုကွေ့၏ဖုန်းမှာ ရုတ်တရက်ထမြည်လာသဖြင့် သူမဖုန်းကိုင်ကာ ဖြေလိုက်သည်။


 " ဟယ်လို ချန်းဖုန်လား.."


" အင်း ကျွန်မအဆင်ပြေပါတယ်… တကယ်အဆင်ပြေတာပါ.. ကျွန်မသူ့ကို အပြစ်မတင်ပါဘူး.. ဘယ်လိုပဲပြောပြော သူကကျွန်မရဲ့‌မောင်ငယ်လေးပဲလေ…"


" ချန်းဖုန် သူ့ကိုအဲ့လိုမပြောပါနဲ့… သူကနည်းနည်းရှုပ်ထွေးနေရုံလေးပါ…"


"..."


မော့စစ်လန်‌ မော့လျှိုကွေ့နှင့်ယီချန်းဖုန်တို့ ဖုန်းပြောနေသည်ကို မြင်လိုက်ရချိန်၌ အနည်းငယ်ဒေါသထွက်မိသည်။ သူ့မျက်လုံးထဲတွင် အရည်အသွေးမပြည့်မီသောသူများကို သူ၏ညီမလေးနား၌ တွေ့နေရချိန်တွင် သူအလွန်ပင် မပျော်မရွှင်ဖြစ်နေရသော်လည်း ပြီးပြည့်စုံသောအစ်ကိုကြီးတစ်ယောက်အနေဖြင့် သူမလေး၏ဆက်ဆံရေးကို တားဆီးပစ်ရန်လည်း မဖြစ်နိုင်ပါချေ။


မော့လျှိုကွေ့အချိန်အတော်ကြာမည်ကို မြင်လိုက်ရသဖြင့် မော့စစ်လန် သူ၏အခန်းကိုပြန်ကာ ရေချိုးရန်ပြင်လိုက်သည်။ ဤနှစ်ရက်အတွင်း သူ၏ခံစားချက်မှာ အလွန်ပြင်းထန်နေခဲ့ရပြီး အဆုံးတွင် ယနေ့မှသာ သူအေးအေးဆေးဆေးရေချိုးနိုင်တော့သည်။


ရလဒ်အနေဖြင့် သူပြုံးလျက် ရေချိုးကန်ထဲတွင် စိမ်နေခဲ့ပြီး လက်ထောက်ဖြစ်သူပန်ကျင်းရွှမ်၏ဆက်တိုက်ခေါ်နေသော ဖုန်းများကို မကြားနိုင်ခဲ့ပေ။


မော့စစ်လန် အိပ်ပျော်နေစဉ် ဖုန်းလာသည့်အသံကြောင့် လန့်နိုးသွားရကာ ချက်ခြင်းဆိုသလိုပင် ငြင်းပယ်သည့်ခလုတ်ကို နှိပ်ချလိုက်သည်။ သို့သော်လည်း ပထမဦးဆုံးအကြိမ်အဖြစ် သူ၏လက်ထောက်မှာ သူ့ကိုလျစ်လျူရှုကာ ထပ်ခေါ်လာသဖြင့် မော့စစ်လန် ဖုန်းကိုကိုင်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။


 " ‌ပန်ကျင်းရွှမ် မင်းရူးနေလား ဝေးဝေးနေစမ်း ငါ့ကိုလာမနှောင့်ယှက်နဲ့…"


" အစ်ကိုစစ်လန် အခြေအနေမကောင်းဘူး တကယ်အခြေအနေမကောင်းတာ…" 


ပန်ကျင်းရွှမ် မော့စစ်လန်၏ရိုင်းပြမှုကို စိတ်ထဲပင်မထည့်ဘဲ တုန်လှုပ်နေသည့်အသံဖြင့် ပြောလာခဲ့သည်။


" အစ်ကိုစစ်လန် တစ်စုံတစ်ယောက်က ဒိုင်ယာရီအတုလုပ်ထားတယ်ဆိုတာကို ရှာတွေ့သွားပြီးတော့ အင်တာနက်ပေါ်တင်ချလိုက်ပြီ… အခုလူထုအမြင်က လုံးလုံးကို ပြောင်းသွားတာ…လူတိုင်းက အခုကျွန်မတို့အပေါ်ရေဆိုးတွေလောင်းချနေကြပြီ လူတိုင်းပဲ…အရင်ကထက်ကို အများကြီးဆိုးတယ်… လူတွေကများလွန်းတော့ ရေတပ်တွေလည်း မကိုင်တွယ်နိုင်တော့ဘူး…"


" ဘယ်လိုလုပ်မလဲ… ကျွန်မတို့ဘာလုပ်ရမလဲ…"


Xxxxxxxx