အပိုင်း ၈၇
Viewers 28k

Chapter 87


မော့စစ်လန် ထရပ်လိုက်မိကာ သူ၏မူးဝေနေသည့်အခြေအနေမှ နိုးသွားခဲ့သည်။


" မင်းဘာတွေပေါက်ကရပြောနေတာလဲ…"


" ပေါက်ကရမဟုတ်ဘူး… အစ်ကိုစစ်လန် ဝေးပေါ်ကိုတက်ကြည့်လိုက်ဦး.. မဟုတ်သေးဘူး ဝေးပေါ်တင်မကဘူး အင်တာနက်တစ်ခုလုံးမှာကောပဲ…"


" ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ အစ်ကိုစစ်လန် ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ..လူတွေပြောနေကြတာက ကျွန်မတို့က ဒီအတိုင်းဒိုင်ယာရီလေးကို အတုလုပ်မိတာမဟုတ်ဘူး ထောင်ထဲဝင်ရမှာတဲ့…"


" သောက်ပါးစပ်ပိတ်ထား…"


မော့စစ်လန် ပန်ကျင်းရွှမ်ကြောင့် အလွန်ပင် စိတ်ရှုပ်လာခဲ့သည်။ သူထိန်းမထားနိုင်တော့ဘဲ ဖုန်းမချခင်အထိ အနည်းငယ်ဆဲဆိုလိုက်ပြီးနောက် ဖုန်းကို ချကာ ဝေ့ပေါ် ပေါ်သို့ အမြန်တက်ကြည့်လိုက်သည်။


ထိပ်ပိုင်းရှိ အများဆုံးရှာဖွေမှုမှ ' မော့တိ၏ဒိုင်ယာရီ ' မှာ စာရင်း၏ နံပါတ်တစ်ဆယ်နေရာသို့ ပြုတ်ကျနေပြီး ' မော့တိဒိုင်ယာရီမှာ အတုဖြစ်နေ ' ဆိုသည့်ခေါင်းစီးမှာ ထိပ်ဆုံးသို့ ရောက်ရှိနေသည်။


နောက်ထပ် ထိပ်ပိုင်းမှ ခေါင်းစီးသုံးခုမှာ ' မော့စစ်လန်၏အဖွဲ့မှာ ဒိုင်ယာရီအတုလုပ်မှု၊ မော့စစ်လန်မှ သူ၏ဖန်များကို အက်ဆစ်ဖြင့်ပက်ရန် လှုံ့ဆော်ပေးခဲ့၊ မော့စစ်လန်ကအပြစ်သားပဲ ' တို့ဖြစ်သည်။


အခြားသက်ဆိုင်သောခေါင်းစီးများမှာ ' မော့တိကသနားစရာကောင်းတယ်၊ မော့စစ်လန်နှင့်ချင်ချန်းယီ၊ မော့တိကို တောင်းပန်ပါ ' စသည်တို့ဖြစ်ပြီး ထိပ်ပိုင်းနှစ်ဆယ်နေရာတွင် မျောပါနေသည်။ 


ရယ်စရာကောင်းသည်မှာ မူလတုန်းက မော့စစ်လန်ဝယ်ယူခဲ့သော ' မော့တိ၏ဒိုင်ယာရီ ' ခေါင်းစီးမှာ ' မော့တိကိုတောင်းပန်ပါ ' ဟူသောခေါင်းစီးနှင့်အတူ ဘေးချင်းကပ်ရက် ဖြစ်နေလေသည်။


နာရီအနည်းငယ်အကြာတွင် အင်တာနက်အသုံးပြုသူများ၏ အပြန်ပြန်အလှန်လှန် ထင်မြင်ယူဆချက်များနှင့်အတူ ပေါက်ကွဲနေသည့်သတင်းများက အင်တာနက်ဖောင်းပွမှုကို ဖြစ်ပေါ်စေခဲ့သည်။


ဆက်စပ်နေသောအ‌ကြောင်းအရာတစ်ခုကို နှိပ်ကြည့်လိုက်သည်နှင့် ထိုအရာနှင့်ပတ်သက်သောဆွေးနွေးမှုများစွာကို မြင်တွေ့ရမည်ပင်။


" ဘုရားရေ ဒိုင်ယာရီကအတုကြီးတဲ့…"


" ပထမဆုံးအနေနဲ့ ငါမော့တိကိုဆဲဆိုမိတဲ့အတွက်တောင်းပန်ချင်ပါတယ်…ဒါပေမယ့် ငါ့အပြစ်တော့မဟုတ်ဘူးနော် ငါလည်း မော့စစ်လန် ဒိုင်ယာရီကို အတုလုပ်ထားတယ်လို့ ဘယ်လိုလုပ်သိမှာလဲ…"


" အပေါ်ထပ်ကလူရေ တကယ်လို့အဲ့ဒါကအတုမဟုတ်ဘဲ မော့တိတကယ် အဲ့လိုဆိုးရွားတာတွေရေးခဲ့တယ် ဆိုရင်တောင် ဘာဖြစ်သေးလဲ…သူကအဲ့ဒီလူတွေဆီက နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံရပြီးတော့ သူတို့ချောက်ချလို့ သူ့အနာဂတ်တောင်ပျက်စီးတော့မလို ဖြစ်ခဲ့ရတာလေ…သူကော သူ့ဒေါသကိုဖွင့်ထုတ်ခွင့်မရှိဘူးလား… ခံရတဲ့သူဆိုတာ စင်းလုံးချောပြည့်စုံနေဖို့လိုရဲ့လားနော်…"


" မော့စစ်လန်က ရွံဖို့ကောင်းပြီး ရက်စက်ကြမ်းတမ်း အဆိပ်ပြင်းလွန်းတယ်…သောက်ကျိုးနည်း ငါတော့သူ့ကိုဖော်ပြဖို့အတွက် အသင့်တော်ဆုံးစကားလုံးကို မရှိတော့ဘူး…မော့မိသားစုက မော့တိကို တိရစ္ဆာန်ဆိုပြီးသာ ခေါ်နေကြတာ တကယ့်တိရစ္ဆာန်က သူတို့မှအစစ်…"


" အိုကေ ငါအချက်တွေအကုန်လုံးနဲ့ဘာဖြစ်ခဲ့တယ်ဆိုတာကို စုစည်းပြီးပြီ… အစတုန်းက မော့စစ်လန်က ချင်ချန်းယီ ( ဟွာရှားကအချမ်းသာဆုံးလူ ချင်ကွမ်းကျယ်ရဲ့သား ) နဲ့ပူးပေါင်းခဲ့ပြီးတော့ ဒိုင်ယာရီအတုလုပ်ဖို့ လက်ရေးလှကျွမ်းကျင်တဲ့သူကိုခေါ်ခဲ့တယ်…ပြီးလဲပြီးကော မတူညီတဲ့နာမည်ကို သုံးပြီးတော့ မော့စစ်လန်က ဒိုင်ယာရီကိုပေါက်ကြားစေလိုက်ကော…အဲ့ဒီနောက် သူ့အစွန်းရောက်ဖန်တွေရဲ့ ဒေါသအုံကြွလာဖို့အတွက် အဆိုးရွားဆုံးစကားတွေကိုပဲ မီးမောင်းထိုးပြခဲ့တာ…နောက်ကျတော့ နောက်ထပ်အကောင့်နဲ့ သူ့ရဲ့ဖန်တွေကို မော့တိကသူတို့ရဲ့အိုင်ဒေါကိုနာကျင်စေခဲ့တဲ့အတွက် တရားမျှတမှုရှာဖို့ သွေးထိုးလှုံ့ဆော်ပေးခဲ့တယ်…နောက်‌ဆုံးမှာတော့ သူတို့တွေက မော့တိကို အက်ဆစ်နဲ့ပက်ပြီး ဓားနဲ့ထိုးဖို့ အကြံရလာကြတာပဲ…အဲ့လိုနဲ့ပဲ အဲ့ဒီရူးနေတဲ့ဖန်အုပ်စုက မော့တိရဲ့လိပ်စာကိုရှာ အစီအစဉ်အတိုင်းလုပ်ကြပြီးတော့ အဖမ်းခံရတဲ့ဆီကို ဦးတည်သွားကြတယ်…"


" ဒါကြီးက ငါ့ကိုမသက်မသာဖြစ်စေတာပဲ.. မော့စစ်လန်က အဆိပ်ပြင်းလွန်းတယ်…အဲ့ဒီအစွန်းရောက်ဖန်တွေဆိုတာ ပုံမှန်အရာတွေမှာတောင် အလွန်အကျူးဖြစ်နေကြတာ အခုမော့စစ်လန်က သူတို့ရဲ့ခေါင်းထဲ အဆိပ်တွေလည်းထည့်ပေးလိုက်ရော ပိုဆိုးသွားတာပေါ့… ဒီလိုအမှိုက်အနုပညာရှင်တွေက နယ်ပယ်ထဲကနေ အပိတ်ခံထားရသင့်တယ်…"


" ပိတ်တာလား မဟုတ်ဘူး သူကထောင်ထဲကိုသွားသင့်တာ…အခြားသူတွေ ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ပေးတာကလဲ ပြစ်မှုတစ်မျိုးပဲ…ပြီးတော့ အသက်မပြည့်သေးတဲ့သူတွေကို ဖျားယောင်းသွေးဆောင်တာက ပိုတောင်အမှုကြီးသေးတယ်…သူကနှစ်ထပ်ကွမ်းအပြစ်ရှိတာ…"


ခရက်...


မော့စစ်လန် သူ၏ဖုန်းကို မြေပြင်ပေါ်သို့ ပစ်ပေါ်ချလိုက်သည့်အချိန် စခရင်မှာ အက်ကွဲသွားသည်။


မော့စစ်လန်၏ မျက်နှာမှာ ယခုအချိန်တွင် ထိတ်လန့်စိုးရွံမှု‌များနှင့် ပြည့်နှက်နေကာ အလွန်ပင် ကြည့်ရဆိုးနေခဲ့သည်။ သူအလျင်အမြန် ရေချိုးကန်ထဲမှ ထွက်ကာ အင်္ကျီလဲ၍ အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။ သူ မော့လျှိုကွေ့ကိုပြောကာ ချင်ချန်းယီကို သွားတွေ့ရပေမည်။


ကြည့်ရသည်မှာ မော့စစ်လန်၏ခေါင်းမှာ ကောင်းကောင်းအလုပ်လုပ်သေးသည့်ပုံပင်။ မော့လျှိုကွေ့ကို ကြားခံအဖြစ်မထားဘဲ ‌ချင်ချန်းယီသူ့ကို အတွေ့ခံမည်မဟုတ်ကြောင်း သူသိနေသေးသည်။


မော့လျှိုကွေ့အတွက်မှာမူ သူမ၏အသားအရည်မှာလည်း မကောင်းလှချေ။ သူတို့မော့မိသားစုဂိတ်တံခါးသို့ရောက်သွားချိန်တွင် မော့လျှိုကွေ့မှာ စိတ်ကုန်သွားသကဲ့သို့ သူမ၏လက်ကို ပြန်ဆွဲထုတ်လိုက်ကာ သူအဘယ်ကြောင့် ဤသို့လုပ်ခဲ့သည်ကို အပြစ်ကင်းသည့်ပုံဖြင့် မေးလိုက်လေသည်။


" အစ်ကို ငါ နင်နဲ့အတူ ချင်ချန်းယီကို သွားမတွေ့နိုင်ဘူး… အစ်ကိုလုပ်ခဲ့‌တာတွေက မှားနေတာကို…"


" ရှောင်ကွေ့ ကြောင်တောင်တောင်လုပ်မနေနဲ့တော့…အချိန်မရှိတော့ဘူး ဒီ့ထက်နောက်မကျသွားခင် ငါနဲ့အတူ ချင်ချန်းယီကို လိုက်ရှာပေး.. အမြန်လေး…"


" အစ်ကို…" 


မော့လျိုကွေ့ သူမ၏မျက်လုံးများ စတင်နီရဲ‌လာကာ ကြားဖြတ်ပြောလိုက်သည်။


 " ဘာလို့များ ဒိုင်ယာရီအတုကိုလုပ်ခဲ့ရတာလဲ…ဘာလို့ အစ်ကို့ဖန်တွေ ရှောင်တိကို တိုက်ခိုက်အောင်လုပ်ခဲ့တာလဲ…ငါနားမလည်ဘူး ငါတကယ်ကိုနားမလည်ဘူး… ဘာဖြစ်လို့ အဲ့လိုတွေလုပ်ခဲ့တာလဲ…"


" ရှောင်ကွေ့ အခုအဲ့ဒါတွေပြောမနေနဲ့တော့ ငါနဲ့အတူ ချင်ချန်းယီကို လိုက်ရှာချည်…သူငါ့ကို ကူညီမှရမှာ သူသာ ငါ့ကိုဒီအရှုပ်ထဲကထွက်အောင် မကူရင် ငါတော့ပြီးပြီပဲ…"


" ဒီအရှုပ်ထဲကထွက်ဖို့လား… လိုင်းပေါ်ကသက်သေတွေကို မြင်ပြီးပြီမလား … အားလုံးက ခိုင်မာတဲ့သက်သေတွေပဲ..အစ်ကိုက ချင်ချန်းယီကို အစ်ကို့အတွက် ကူညာခိုင်းပြီးတော့ သူ့ကိုပါ ထိုးချမလို့လား…" 


မော့လျှိုကွေ့၏မျက်လုံးများမှာ ပြောလေလေ နီမြန်းလာလေလေဖြစ်သည်။


 " နင် အမှားတွေ ဆက်မလုပ်ပါ‌နဲ့တော့…"


" ရှောင်ကွေ့ မင်းဘာတွေပြောနေတာလဲ.. ငါကဘာအမှားလုပ်ရမှာလဲ… ငါဘာမှအမှားမလုပ်ထားဘူး…"


" အစ်ကိုက ပြင်ပေးလို့ကိုမရတော့ဘူး…"


" ရှောင်ကွေ့…"


" ထပ်မပြောပါနဲ့တော့…"


မော့လျှိုကွေ့ မော့စစ်လန်ကို ထပ်မံကြားဖြတ်ပြောလိုက်သည်။ သူမ၏မျက်လုံးထဲမှ မျက်ရည်များ ကျဆင်းလာကာ


 " မိသားစုထဲကဘယ်သူကမှ နင်လုပ်ခဲ့တာတွေကို မသိခဲ့လို့လေ သူတို့သာသိရင် ရှောင်တိကိုလုပ်ခဲ့တာတွေကို သဘောတူမှာမဟုတ်ဘူး…ညီမတို့ အစ်ကို့ကို ဒီအတွက်လုံးဝခွင့်မလွှတ်ပေးနိုင်ဘူး…"


" ရှောင်ကွေ့…"


မော့စစ်လန် မော့လျှိုကွေ့ကို အံ့ဩတကြီးကြည့်လိုက်သည်။ မော့လျှိုကွေ့အဘယ့်ကြောင့် ထိုသို့ပြောသည်ကို သူနားမလည်နိုင်ပေ။ သူလုပ်ခဲ့သည့်အရာနှင့်ပတ်သက်၍ မိသားစုထဲမှ မည်သူကမျှ သဘောမတူနိုင်စရာမရှိချေ။


" ရှောင်ကွေ့ မင်းက ငါနဲ့အတူ ချင်ချန်းယီကို သွားရှာဖို့ ငြင်းနေတာလား…"


မော့လျိုကွေ့၏မျက်လုံးများမှာ မျက်ရည်များပြည့်နှက်နေပြီး 


" နင် ဘာလို့ ကိုယ်တိုင်ပဲ အပြစ်ဝန်မခံလိုက်တာလဲ.."


" ကိုယ့်ဘာသာအပြစ်ဝန်ခံရမယ်…မင်းဘာတွေပြောနေတာလဲ…"


 မော့စစ်လန် လုံးဝပင်‌ဆွံ့အသွားချေပြီ။ သူ မော့လျှိုကွေ့ကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်ကာ ပထမဦးဆုံးအကြိမ်အဖြစ် သံသယတကြီးမေးလိုက်မိသည်။


 


 " ရှောင်ကွေ့ မင်းဘာတွေဖြစ်နေတာလဲ…မင်းကအစ်ကို့ကို‌ဒုက္ခရောက်စေချင်နေတာလား…"


ထိုအချိန်၌ သူတို့နားသို့ ကားတစ်စီးရောက်လာကာ တဖြည်းဖြည်းရပ်တန့်လာပြီး ကားတံခါးပွင့်လာခဲ့သည်။


" ငါထင်တာတော့ မင်းကမှ ရှောင်ကွေ့နဲ့မော့မိသားစုကို ဒုက္ခရောက်အောင်လုပ်နေတာပဲဖြစ်မယ်…မော့စစ်လန် မင်းဘာသာမင်း အပြစ်ဝန်ခံလိုက်ကာ ပိုကောင်းမယ်လို့ ငါအကြံပေးပါရစေ…"


ချင်ချန်းယီ ကားထဲမှ ထွက်လာကာ မော့လျှိုကွေ့ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ပြီးနောက် သူမကို ကိုင်ကာ


 " ဝမ်းမနည်းပါနဲ့… မင်းဘာမှမသိခဲ့ဘူးလေ မင်းနဲ့ဘာမှမှမဆိုင်တာ…"


မော့လျှိုကွေ့၏မျက်ရည်များမှာ ဆက်လက်ကျဆင်းနေသည်။


" ဒါပေမယ့် ရှောင်တိက ထိခိုက်သွားတယ်လေ… ကျွန်မအရမ်းဝမ်းနည်းတာပဲ…အစ်ကိုကလည်း အဖမ်းခံရတော့မှာ…ကျွန်မ သူ့ကိုလည်းစိတ်ပူတယ်..ကျွန်မ… ကျွန်မအရမ်းဝမ်းနည်းတာပဲ… ဘယ်လိုလုပ်ရမလဲဟင်…"


 မော့လျှိုကွေ့ သည်းထန်စွာ ငိုကြွေးလိုက်ကာ 


 


" ချန်းယီ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင်…"


ချင်ချန်းယီ၏နှလုံးသားမှာ အလွန်နာကျင်လာရသဖြင့် သူ သူမကိုဖက်လိုက်ကာ မော့စစ်လန်အား သတ်ဖြတ်ချင်နေသည့်အကြည့်တစ်ချက် ပေးလိုက်သဖြင့် သူ့ကို အာမခံပေးရန်ပြင်နေသော မော့စစ်လန်မှာ ကြောင်အသွားလေသည်။


" ချန်းယီ.. မင်း.. မင်းဒါဘာအဓိပ္ပါယ်လဲ…"


" မင်းကငါ့လက်အောက်ငယ်သားကို မင်းနဲ့အတူပြစ်မှုကျူးလွန်ဖို့ အုပ်စုဖွဲ့ခဲ့ပြီးတော့မှ အခုငါ့ကို ကူညီစေချင်တာလား…" 


ချင်ချန်းယီ၏အသံမှာ အေးစက်ကာ အညှာအတာ ကင်းမဲ့လှသည်။


 " မင်းက ငါ့ကိုဒီအရှုပ်ထဲဆွဲသွင်းဖို့အတွက် ငါ့လက်အောက်ငယ်သားကိုတောင်မှ ငါကနောက်ကွယ်ကလက်မဲကြီးဆိုပြီး ပြောခဲ့သေးတယ်…အဲ့ဒါကြောင့်နဲ့ မင်းသောက်တလွဲဖြစ်သွားတဲ့အခါကြရင် ငါကမင်းကိုကူညီပေးရမှာပေါ့…မော့စစ်လန် မင်းကအရမ်းကိုပါးနပ်လွန်းပြီး စိတ်ကူးယဉ်တတ်တာပဲ…"


" မင်း မင်းဒါဘာကို ဆိုလိုတာလဲ.. မင်းစကားတွေကရယ်စရာကောင်းလွန်းတယ်…"


မော့စစ်လန် ထိတ်လန့်တကြားဖြစ်နေသဖြင့် အသက်ရှုပင်ကြပ်လာခဲ့သည်။ သူ ချင်ချန်းယီကို အထင်အမြင်သေးသည့်ပုံဖြင့် ကြည့်လိုက်ကာ 


" မင်းကအရာအားလုံးကို ငါ့ပေါ်ပစ်ချဖို့လုပ်နေတာပဲ…မင်းကငါ့ကိုစတေးခံယစ်ကောင်ဖြစ်နေချင်တာပဲ… ငါ့ကိုအဖမ်းခံရစေချင်နေတာ…"


" ငါမင်းကိုပြောချင်တာကတော့ ငါ့လက်အောက်ငယ်သားက သူ့ဟာသူဝန်ခံလိုက်ပြီဆိုတာပဲ… မင်းလည်း အဲ့လိုလုပ်သင့်တယ်…ငါ့ကိုတော့အကူအညီလာမတောင်းနဲ့… ငါမင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီးကူညီမှာ မဟုတ်သလို အဲ့လိုအစွမ်းအစလည်းမရှိဘူး…"


မော့စစ်လန် အဆုံးမှသာ ချင်ချန်းယီ သူ့ကိုခြေနင်းခံအဖြစ် ချသုံးကာ စွန့်ပစ်ခဲ့သည်ကို သိရှိသွားခဲ့သည်။


 " ချင်ချန်းယီ…"


" ငါမင်းကိုနောက်ဆုံးတစ်ကြိမ်သတိပေးလိုက်မယ်…"


 ချင်ချန်းယီ၏အမူအယာမှာ အေးစက်နေကာ မော့စစ်လန်ကို ချိန်းခြောက်နေသည့်အကြည့်တစ်ချက်ပေးလိုက်ပြီး 


 


" ငါ့ကို ဒီကိစ္စထဲ ဆွဲထည့်ဖို့ မကြိုးစားနဲ့… ရှောင်ကွေ့ရဲ့ကြင်နာမှုကိုလည်း အသုံးချမယ်မကြံနဲ့…မော့မိသားစုနဲ့ရှောင်ကွေ့ရဲ့နာမည်ကို ဖျက်နေတာ ရပ်လိုက်ရင်ကောင်းမယ်..မဟုတ်ရင်တော့ မင်းဆိုးဆိုးဝါးဝါးနောင်တရသွားလိမ့်မယ်…"


မော့မိသားစုဂိတ်တွင် ဖြစ်ခဲ့သည့်အရာများကို မော့တိ လုံးလုံးမသိခဲ့ပေ။ ယခုအချိန်တွင် အဖြစ်မှန်မှာ အင်တာနက်ပေါ်တွင် ထုတ်ဖော်ခံလိုက်ရပြီး လူတိုင်းမှာ မော့စစ်လန်နှင့်သူ့ဖန်များကို ဆဲဆိုနေကြသည့်အတွက် အဆုံး၌ မော့တိ သူ၏ကစားပွဲကိုဆက်လက်ဆော့ကစားနိုင်သွားပြီဖြစ်သည်။


မုထျန်းဟန်သည်လည်း အလုပ်လုပ်ရတော့မည်ပင်။ သို့သော် သူ့ဆီသို့ ဖိုင်များပို့ပေးမည့် လက်ထောက်ကောင်း ရှိနေသေးသည်။


မုထျန်းဟန် ယနေ့ ရုံးမတက်ပေ။ ကိစ္စအားလုံးမှာ အစီအစဉ်ကျသွားပြီးဖြစ်သော်လည်း မုထျန်းဟန်မှာ စိတ်မအေးနိုင်သေးသဖြင့် အိမ်တွင် နောက်တစ်ရက်ထပ်နေလိုက်သည်။ ထို့အပြင် ရုံးတွင်လည်း အလုပ်များများစားစားမရှိနေသေးချေ။


မော့တိ အကြောဆန့်ကာ မုထျန်းဟန်ကို လှမ်းပြောလိုက်သည်။


 " ကိုကို ပါဆယ်ပဲမှာစားလိုက်ရအောင် … ကျွန်တော်တော့ စိတ်ရောကိုယ်ပါပင်ပန်းနေပြီ.. ဒီနေ့ဟင်းမချက်တော့ဘူးနော်…"


" ကောင်းပြီလေ မင်းဘာစားချင်လဲ…"


" ကိုကို ဟိုတစ်ခါခေါ်သွားတဲ့ ဘဲကင်ဆိုင်ကတကယ်စားကောင်းတယ်…အဲ့ဒါစားကြမလား…"


" အိုကေလေ သူတို့ပါဆယ်ပို့လား ကိုယ်တစ်ချက်ကြည့်လိုက်ဦးမယ်…" 


မုထျန်းဟန် မော့တိ၏ဆံပင်များကို အသာအယာပွတ်သပ်ပေးလိုက်ပြီးနောက် ပါဆယ်မှာသည့်Appကိုဖွင့်ကာ ဘေးတွင်ထိုင်နေသောမော့တိနှင့် စတင်ဆွေးနွေးလိုက်သည်။


ထိုစဉ် မော့တိ၏ဖုန်းမှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာသဖြင့် မော့တိ မျက်မှောင်ကြုတ်လိုက်မိသည်။


" ဘာဖြစ်တာလဲ …"


 မုထျန်းဟန် မော့တိကို ကြည့်ကာ 


 


" ဖန်တွေနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား…"


" ဟင့်အင်း ဒါကမော့လျှိုကွေ့အတွက် အသံလေ ကြည့်ရတာ သူတော့နောက်ထပ်ရှာဖွေမှုစာရင်းထဲရောက်လာတဲ့ပုံပဲ…" 


မော့တိ ဖုန်းကို ဖွင့်လိုက်ချိန် မျှော်လင့်ထားသည့်အတိုင်းပင် မော့လျှိုကွေ့နှင့်ပတ်သက်သော ခေါင်းစီးအသစ်တစ်ခုမှာ နံပါတ်ငါးနေရာတွင် ချိတ်နေခဲ့သည်။


"မော့လျှိုကွေ့ငိုနေတယ်"


မော့တိ : "????"


လင့်ကိုနှိပ်လိုက်ပြီးနောက် ဗီဒီယိုတစ်ခုကျလာခဲ့သည်။


ဗီဒီယို၏နေရာမှာ မော့ဗီလာ၏ဂိတ်တွင်ဖြစ်ပြီး မော့စစ်လန်လုပ်ခဲ့သည့်အရာနှင့်ပတ်သက်၍ မော့လျှိုကွေ့ဘာမှမသိခဲ့သည့်အကြောင်းပင်။ သူမ မော့စစ်လန်ကြောင့် ငိုကြွေးခဲ့ရကာ မော့စစ်လန်ကို ရဲစခန်းတွင် သွားရောက်အဖမ်းခံရန်ပင် ဖြောင်းဖြနေခဲ့သည်။


၎င်းနှင့်အတူ ဆန့်ကျင်ဘက်အမြင်ဘက်ကပြောထားသည့် မန့်အနည်းငယ်မှလွဲ၍ ရေတပ်မှ အများဆုံးစိုးမိုးထားသည့်မန့်များလည်း အတော်လေးများပြားစွာ ရှိနေသည်။


' ဒီဗီဒီယိုက သံသယဖြစ်ဖို့ကောင်းတယ်၊ ကြည့်ရတာ ကြိုတင်ပြင်ဆင်ထားပုံပဲ၊ မော့လျှိုကွေ့က နည်းနည်းလျစ်လျူမရှုတတ်ဘူးလား ' စသည့်မန့်များမှလွဲ၍ အများစုမှာ သူမကို အကောင်းမြင်သည့်ဘက်မှ မီးမောင်းထိုးပြထားသောမန့်များသာဖြစ်သည်။


" မော့လျှိုကွေ့ကဘာမှသိတာမဟုတ်ဘူး…သူ ဖိုရမ်တွေထဲမှာ ပလိန်းကြီးအဆဲခံရတာ အရမ်းသနားဖို့ကောင်းတာပဲ… ဒါကမမှန်နေဘူးနော် သူ့ကိုထပ်မဆဲနဲ့တော့…သူကအပြစ်ကင်းတယ် အိုကေကြလား…"


" မော့လျှိုကွေ့ကို ကြည့်ရတာ မော့တိကို စိုးရိမ်နေသလိုပဲ သူတကယ် မော့တိကို ဂရုစိုက်တယ်ဖြစ်မယ်…"


" ငါ့ရဲ့နတ်ဘုရားမလေး မငိုပါနဲ့ မင်းငိုရင် ငါအရမ်းဝမ်းနည်းတယ်…"


" မော့လျှိုကွေ့ကို ကိုယ်ချင်းစာမိတယ်…"


" အမ်းးး အရင် မော့တိ မော့မိသားစုမှာရှိနေတုန်းက ဗီဒီယိုမှာပါတဲ့ မော့လျှိုကွေ့ရဲ့စကားတွေကို ပြန်စဉ်းစားမိရင် အခုဒါတွေအားလုံးက သံသယဖြစ်စရာပဲ…"


" ဘာလို့ဒီဟာက ရှာဖွေမှုစာရင်းမှာ အရမ်းမြင့်နေတာလဲ… သူတို့က မော့စစ်လန်ကို ဒါနဲ့ဖုံးကွယ်ဖို့လုပ်နေတာလား…"


" မော့လျှိုကွေ့ကိုချစ်တယ်…"


မော့တိ ထိုကွန်မန့်များကြောင့် အတော်လေး ကြည်နူးနေမိသည်။


သူပြုံးကာ မုထျန်းဟန်ကို လှမ်းပြောလိုက်လေသည်။


 " ချင်ချန်းယီနဲ့မော့လျှိုကွေ့က အတော်လေးကို လက်တံရှည်တာပဲ…လူထုက မော့လျှိုကွေ့ကို လုံးလုံးကြီးလက်မခံသေးရင်တောင်မှ သူရဲ့ဂုဏ်သတင်းကတော့ အဖျက်စီးမခံလိုက်ရဘူး…ပြောရရင် သူကအပူအချို့ကို ယူဖို့တောင် ပြင်ဆင်နေပြီပဲ…"


မုထျန်းဟန် ဗီဒီယိုကိုကြည့်ကာ လေးနက်စွာပြောလိုက်သည်။


 " ဒီလိုလုပ်လိုက်တာကို ကြည့်မယ်ဆိုရင် သူတို့က မော့စစ်လန်ကို လုံးလုံးစွန့်ပစ်လိုက်ပြီပဲ…သူ့ကို ခြေနင်းတုံးအဖြစ်တောင် သုံးလိုက်သေးတယ်…ချင်ချန်းယီကတော့ ရွံဖို့ကောင်းလောက်အောင် သစ္စာမဲ့တာပဲ…ဘယ်လိုပဲဖြစ်ဖြစ် မော့စစ်လန်က မော့လျှိုကွေ့ရဲ့ဝမ်းကွဲဖြစ်နေသေးတာကို…"


သေချာပေါက်ပင် သူမော့စစ်လန်ကို သနားနေခြင်းမဟုတ်ပေ။ သူ ဒီအတိုင်း ‌ချင်ချန်းယီမှာ ရက်စက်ကြမ်းကြုတ်လှပြီး ဥပဒေအပေါ်လေးစားခြင်းမရှိသည့်အပြင် သူနှင့်နီးကပ်သူများကိုပင် အညှာအတာကင်းမဲ့သည်ဟု ခံစားလိုက်ရသည်။ ထိုကဲ့သို့သောလူမျိုးမှာ အနာဂတ်၌ သူ့ကိုကိုင်တွယ်ရာတွင် အလွန်သတိကြီးကြီးထားရမည့်လူမျိုးဖြစ်သည်။


" မော့စစ်လန်ကို ဒီလိုနင်းခြေပစ်တာကို ကြည့်ရရင်တော့ သူတို့က အတော်လေးပါးနပ်တယ်ပြောရမယ်…."


Xxxxxx