အပိုင်း ၈၈
Viewers 28k

Chapter 88


မော့တိမှာမူ အမှန်တကယ်ပင် ထိုခွေးတိုက်ပွဲကို သဘောကျနေမိသည်။ ခြုံငုံရမည်ဆိုပါက သူတို့ချင်ချန်းယီကို အလွယ်တကူဖြုတ်ချနိုင်မည်ဟု တွေးထင်နေခြင်းမှာ သဘာဝမကျပေ။ သူ့ကိုချည်နှောင်ထားနိုင်ရန်အတွက် သက်သေမှာ အလွန်နည်းပါးလွန်းပြီး ချင်ချန်းယီတွင်ရှိနေသည့်အာဏာနှင့်အရင်းအမြစ်များဖြင့် သူမလွတ်မြောက်သွားနိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။


ထို့အတူ သူတို့ချင်ချန်းယီကို မထိနိုင်သေးပါက မော့လျှိုကွေ့နှင့် ရင်ဆိုင်ရန် မတွေးသင့်ပေ။ မည်သို့ပင်ဖြစ်စေ သူမယခုအခေါ်၌ အကျိုးအမြတ်အနည်းငယ်ရရှိခဲ့သော်လည်း သာမန်လူများအကြားတွင် သူမ၏ရေ‌ပန်းစားကျော်ကြားမှုမှာ ကျဆင်းနေဆဲပင်ဖြစ်သည်။


ယခုအချိန်တွင် သူရင်ဆိုင်ရအခက်ခဲဆုံးလူများထဲမှာ တစ်ဦးဖြစ်သည့် မော့စစ်လန်ကို ဖြုတ်ချနိုင်ခဲ့ပြီး မော့လျှိုကွေ့ အောင်မြင်ကျော်ကြားလာမည့်လမ်းကြောင်းကို ဖျက်ဆီးနိုင်ခဲ့သဖြင့် ၎င်းမှာ အတော်လေးကျေနပ်စရာကောင်းသော ရိတ်သိမ်းမှုဖြစ်ခဲ့လေသည်။


မော့လျှိုကွေ့၏သတင်းများကို ဖတ်ပြီးနောက် မော့တိ သူ၏အကြောင်းနှင့်ပတ်သက်၍ ရှာဖွေမှုစာရင်းကို စစ်ဆေးလိုက်ရာ သူ တူညီသည့်နေရာတွင်သာ နာရီအနည်းငယ်ကြာသည်အထိ တည်ရှိနေသည်ကို မြင်လိုက်ရသည်။


သို့သော်လည်း သူ့ကို အံ့အားသင့်စေသည့်အရာမှာ လူထု၏တီထွင်ဖန်တီးနိုင်စွမ်းပင်ဖြစ်သည်။ ဤမျှ အချိန်အတော်အတွင်းမှာပင် အမျိုးစုံသောစတစ်ကာများမှာ ကျယ်ပြန့်စွာ ပေါ်ထွက်လာကာ လူများစွာအသုံးပြုနေကြသည်။ ဥပမာအားဖြင့် ' မင်းအပေါ်အက်ဆစ်အနည်းငယ်လောင်းပါရစေ ဒါမှမဟုတ် ငါ့ကိုယ်ငါကျိန်ဆဲလိုက်မှာနော် ၊ မင်းကိုဓားနဲ့ထိုးပါရစေ ဒါမှမဟုတ် င့ါကိုယ်ငါ ကျိန်ဆဲပစ်လိုက်မယ် ၊ ငါ့ကိုစိတ်ရှုပ်အောင်လာမလုပ်နဲ့ ဒိုင်ယာရီရေးလိုက်ရမလား ၊ ချီးပဲ ငါမင်းအတွက်ဒိုင်ယာရီရေးနေပြီ ' တို့ပင်ဖြစ်သည်။


မော့တိ စတစ်ကာများကို ဒေါင်းလုတ်လုပ်လိုက်ခြင်းဖြင့် ဤထူးဆန်းသောအင်တာနက်အသုံးပြုသူများကို ထောက်ခံမှုအချို့ပေးလိုက်သည်။


အစားအသောက်များရောက်လာသည်နှင့် မော့စစ်လန်နှင်ပတ်သက်သောအခြားသတင်းများ‌ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ရဲများက သူ့ကိုဖမ်းချူပ်လိုက်ကြပုံပင်။


မော့စစ်လန်၏ဖန်များသည်လည်း ဖယ်ရှားခံလိုက်ကြရပြီး အချို့သောခေါင်းမာသည့်သူများသည်သာ ဖိုရမ်များအတွင်း ပေါက်ကရများလိုက်ပြောနေခဲ့သည်။


သူတို့ သက်သေများမှာ အလွန်လျင်မြန်စွာရရှိခဲ့သဖြင့် စစ်မှန်၏လားဆိုသည်ကို မေးခွန်းထုတ်နေကြကာ ရဲများကိုဆဲဆိုနေကြပြီး အာဏာပိုင်အဖွဲ့များကိုပင် အလွတ်မပေးခဲ့ကြပေ။ ထိုသူများက ဤဖြစ်ရပ်တွင် ပူးပေါင်းပါဝင်မှုကြီးကြီးရှိနေသည်ဟု ပြောဆိုနေကြသည်။


သို့သော်လည်း ထိုမန့်များမှာ အလွန်လူသိနည်းပါးပြီး အကြိမ်ထက်ပင်နည်းကာ ပြန်ရှယ်ခဲ့ကြသည်။ ထို့နောက် ရဲဌာနမှ သက်သေများအားလုံးသည် အလွန်စစ်မှန်ပြီး ၎င်းတို့ကိုရရှိခဲ့ခြင်းမှာ အင်တာနက်အသုံးပြုသူများ၏စိတ်အားထက်သန်သောအကူအညီများကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် သူတို့ကိုဖော်ညွှန်းသည့်စတစ်ကာအုပ်စုတစ်ခုကိုပင် ပြုလုပ်ပေးခဲ့သည်။


" ပြန်ရှယ်သည့်စာအစောင်ရေ ငါးရာကျော်ပါက ကျွန်တော်တို့ ထမင်းအလကားကျွေးပါ့မယ် "


ခိုင်မာပြည့်စုံသော သက်သေများကြောင့် မော့စစ်လန် ဖမ်းဆီးခံလိုက်ရကာ အကျဥ်းထောင်တစ်ခုအတွင်း ထည့်သွင်းထားခံရပြီး ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစေခဲ့သည်။  


အကြီးဆုံးအဒေါ်တစ်ယောက် အရူးမီးဝိုင်းဖြစ်လေတော့သည်။  


မော့စန်းကျစ် ထောင်ကျစဥ်က သူမသည် ဘေးမှရပ်ကြည့်သူ တစ်ဦးအဖြစ် ဇာတ်လမ်းကို နှစ်ခြိုက်စွာကြည့်ခဲ့၏။ အဆုံးသတ်တွင် မိသားစု၏ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေခြင်းမှာ သူ၏အမွေဆက်ခံခွင့်အား သေချာပေါက် ဆုံးရှုံးစေမှာဖြစ်သည်။ ထိုစဥ်က ဒုတိယအဒေါ်၏ တငိုငိုတရယ်ရယ်ဖြစ်နေခဲ့ခြင်းအပေါ သူမ အထင်သေးခဲ့မိသေးသည်။  


သို့သော် ယခု သားဖြစ်သူအဖမ်းခံရသည့်အခါ သူမ၏တည်ငြိမ်မှုနှင့် ကျက်သရေကို စွန့်ပစ်လိုက်ပြီး မော့စစ်လန်အား ကယ်တင်ပေးပါရန် မိသားစုခေါင်းဆောင်ထံ တောင်းဆိုတော့၏။  


ဒါပေမယ့် မော့မိသားစုခေါင်းဆောင်က ဘယ်စိတ်ရှုပ်ခံပါ့မလဲ... 


မော့လုပ်ငန်းစုက အရှုပ်အထွေးထဲသို့ ကျရောက်နေ၏။ ကုမ္မဏီ၏ ရှယ်ယာများမှာလည်း ထိုးကျနေသည်။ အဓိကရှယ်ယာရှင် အမြောက်အများက သူတို့၏ ရှယ်ယာများကို စတင်ရောင်းချနေကြပြီဖြစ်သည်။ ချင်ချန်းယီသာ သူတို့၏ ကုမ္မဏီတွင် ရင်းနှီမြှုပ်နှံငွေများစွာ ထည့်ထားခြင်းမရှိသလို ရှယ်ယာများကို ပြန်လည်ဝယ်ယူနေခြင်း မရှိပါက မော့မိသားစုမှာ ဖျက်ဆီးခံခဲ့ရပြီးဖြစ်လိမ့်မည်။   


သို့သော် ချင်ချန်းယီ၏ အကူအညီနှင့်ပင် မော့မိသားစုရှယ်ယာများ၏ စျေးကွက်ပေါက်စျေးမှာ ရွှေရောင်အချိန်များနှင့် နှိုင်းယှဥ်ပါက တစ်ဝက်သာရှိတော့သည်။ သူတို့၏ ဘဏ္ဍာရေးရင်းမြစ်များမှာလည်း အခြားဒုတိယမျိုးဆက်မိသားစုများနှင့် မည်သို့မှယှဥ်မရနိုင်တော့ပဲ ထိုအသိုင်းအဝိုင်းသို့ ဝင်ဆန့်နိုင်ရုံမျှသာရှိတော့၏။  


မိသားစုခေါင်းဆောင်၏ အပြစ်တင်ကြိမ်းမောင်းမှုများနှင့် ဒုတိယအဒေါ်၏ ထေ့ငေါ့မှုများကြောင့် အကြီးဆုံးအဒေါ်က နှလုံးကွဲမတတ် ငိုကြွေးနေခဲ့သည်။  


“မင်းက ငိုရဲသေးတယ်ပေါ့လေ...မင်းရဲ့သားကို ဘယ်လိုပျိုးထောင်ခဲ့လဲကြည့်စမ်း...သက်သေကငြင်းစရာတောင်မရှိဘူး...ပြောစမ်းပါဦး...ငါ့ကိုဘယ်လိုလုပ်စေချင်နေတာလဲ...” 


အဖိုးမော့က စားပွဲကို လက်သီးဆုပ်ဖြင့် နှစ်ကြိမ်ခန့် ဒေါသတကြီးထုလိုက်သည်။ 


“မင်းရဲ့သားက ဘာတွေလုပ်လိုက်သလဲကြည့်စမ်း...မော့မိသားစုကို ဘယ်လောက်ထိ ထိခိုက်စေခဲ့သလဲ...” 


“အဖေ...ဒါက စစ်လန်ရဲ့အမှားချည်းပဲမဟုတ်ပါဘူး...” 


အကြီးဆုံးအဒေါ်က ငိုနေရင်းပြောသည်။ 


“အဖေ...မော့မိသားစုရဲ့ ကျဆုံးမှုက စန်းကျစ်နဲ့ ဒုတိယအကိုမိသားစုရဲ့ အမှားပါ...တကယ်လို့ သူတို့သာ အခြားမျိုးရိုးမြင့်မိသားစုတွေဆီက လက်ထပ်ပွဲကို ပရိယာယ်မသုံးခဲ့ဘူးဆိုရင်၊ စန်းကျစ်က မော့တိကို အန္တရာယ်မဖြစ်စေခဲ့ဘူးဆိုရင် မော့မိသားစုအနေနဲ့ အစကတည်းက ဒီအခြေအနေအထိ ရောက်သွားခဲ့စရာအကြောင်းမရှိပါဘူး...”  


ထိုစကားကို ကြားသည်နှင့် ဒုတိယအဒေါ် ဒေါသပေါက်ကွဲလေတော့သည်။  


“ယောင်းမ...ရှင်မှားနေပြီ...ကျွန်မတို့ရဲ့စန်းကျစ်က အဲ့ဒီ့မြေခွေးကောင်ကို သွေးဆောင်ဖို့ ကြိုးစားခဲ့ရုံပဲ...ရှင်က ရှင့်သားနဲ့ပတ်သတ်တဲ့ အမှန်တရားကို လက်မခံနိုင်တာနဲ့ ကျွန်မရဲ့စန်းကျစ်ကိုပါ ရွှံ့နွံထဲဆွဲချနေတာမဟုတ်လား...ရှင့်ရဲ့သားအကြီးဆုံး ဝဋ်မလည်အောင် အရင်ဂရုစိုက်သင့်တယ်နော်...” 


“ရှင်ဘာကိုဆိုလိုတာလဲ...ကျွန်မသားကို ကျိန်ဆဲနေတာလား...”


အကြီးဆုံးအဒေါ်က ဒုတိယအဒေါ်၏ ပါးစပ်ကို စုတ်ဖြဲပစ်ချင်လာသည်အထိ ဒေါသထွက်သွားခဲ့သည်။ 


ရွမ်ချင်းတန့်က သူတို့အနားသို့ တိုးကပ်လာပြီး ဖြန်ဖြေခဲ့သည်။ 


“ယောင်းမတို့...ကျေးဇူးပြုပြီး ရန်မဖြစ်ကြပါနဲ့...မိသားစုထဲမှာ ပြဿနာတွေ တော်တော်များနေပြီဆိုတာ မတွေးမိကြဘူးလား...” 


“နင့်ကိုယ်နင် ဘာများထင်နေတာလဲ...”


ယခင်က အဒေါ်အကြီးဆုံးအနေဖြင့် ရွမ်ချင်းတန့်အား သည်းခံပေးခဲ့သည်မှာ မော့လျှိုကွေ့၏ မိခင်ဖြစ်သောကြောင့်ပင်။ သို့သော် ယခုမူ သူမက ဒေါသထွက်နေပြီး ယူကြုံးမရဖြစ်နေခဲ့ရာ မည်သည့်လောကဝတ်ကိုမျှ စောင့်စည်းခြင်းမပြုနိုင်တော့ပဲ ရွမ်ချင်းတန့်အား ဘေးသို့တွန်းထုတ်လိုက်လေသည်။ 


အကြီးဆုံးအဒေါ်၏ မထီမဲ့မြင်အပြုအမူကြောင့် ရွမ်ချင်းတန့် အံ့သြတုန်လှုပ်သွားခဲ့၏။ သူမက သတိလက်လွတ်ဖြင့် ဒူးထောက်လျက်လဲကျသွားကာ စားပွဲခုံ၏အစွန်းနှင့်ထိမိသွားပြီး နာကျင်စွာအော်လိုက်မိသည်။  


“နင့်မှာ ငါတို့ကို ဒီလိုပြောဖို့ ဘာများအခွင့်ရှိလို့လဲ...နင့်ယောက်ျားက မော့တိကို အကွက်ဆင်ခဲ့ပြီး အချုပ်ကျခဲ့တာမဟုတ်လား...ငါတို့မိသားစုရဲ့ ကျဆုံးခန်းက အဲ့ဒီ့ကစတာပဲ...” 


အကြီးဆုံးအဒေါ်မော့က ရွမ်ချင်းတန့်၏ မျက်ရည်ကျခြင်းများနှင့် နူးညံ့ဟန်ဆောင်ခြင်းများကို စိတ်ပျက်လာခဲ့သည်။ တကယ်တမ်းတွင် သူမ ထိုအရာများအား စိတ်ကုန်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်၏။  


“ပြီးတော့ နင့်သမီးက သူ့သိက္ခာဆည်ဖို့အတွက် ငါ့သားကို ချနင်းသွားတာ မမေ့လိုက်နဲ့ဦး...ငါသူ့ကို အလိုလိုက်ခဲ့တာတောင် ငါ့သားကိုအသုံးချပြီး ထောင်ကျစေခဲ့တယ်...သူ ဘယ်လိုများလုပ်ရက်ရတာလဲ...”  


“ယောင်းမကြီး...ရှင်...ရှင် ဘယ်လိုပြောလိုက်တာလဲ...”


ရွမ်ချင်းတန့် မတ်တပ်ရပ်လိုက်သည်။ သူမက ခါးကိုကိုင်ကာ နာကြည်းစွာငိုကြွေးတော့သည်။


“ရှောင်ကွေ့က ရှင့်သားကို ဘာအတွက်နဲ့မှ အသုံးမချခဲ့ဘူး...သူမက မော့တိကို ငယ်ငယ်ကတည်းက အရမ်းချစ်တာ...မော့တိကို အန္တရာယ်ပြုဖို့ သူမ သေချာပေါက် သဘောတူမှာမဟုတ်ဘူး...သူမရဲ့စကားက သူမရင်ထဲကလာတာ...သူမက ရှင့်သားကိုချနင်းခဲ့တာမဟုတ်ဘူး...” 


“နောက်ပြီး စောင့်ကြည့်ခံရတာတွေက ချန်းယီရဲ့ ကိုယ်ပိုင်ဆန္ဒပဲ...အဲ့ဒါကြောင့် သူမက သူ့ကိုမုန်းနေခဲ့ပြီလေ...ရှင်က ကျွန်မသမီးကို အသရေဖျက်ချင်နေတာပဲ...သူမကတော့ ကျွန်မကိုဖုန်းဆက်ပြီး ရှင်အဆင်ပြေရဲ့လားလို့တောင် မေးခဲ့သေးတယ်...စစ်လန်အတွက် အပြစ်ဒဏ်လျော့ဖို့ သူမ ကြိုးစားနေကြောင်းပြောရင်း ရှင့်ကိုနှစ်သိမ့်ပေးဖို့ ကျွန်မကိုမှာနေခဲ့တာ...သူမက မိသားစုအတွက်ပဲ ကြည့်တတ်တဲ့ ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ...ယောင်းမ...ကျွန်မသမီးကို အသရေဖျက်နေတဲ့အချိန် လိပ်ပြာမလုံမဖြစ်ဘူးလား...” 


“ငါက နင့်သမီးကို အသရေဖျက်တယ်ဟုတ်လား...”


အကြီးဆုံးအဒေါ်၏ မျက်ဝန်းများက ဒေါသဖြင့် သွေးရောင်ရဲလာခဲ့သည်။ တစ်ချိန်ထဲတွင် ဤကဲ့သို့သောမြင်ကွင်းအား ရင်းနှီးသယောင် ခံစားလာခဲ့ရ၏။ 


အဲ့ဒီ့ တိရစ္ဆာန်ကောင်မော့တိ ဒီမှာရှိတုန်းက ဒီလိုမြင်ကွင်းမျိုး မရေမတွက်နိုင်အောင် ဖြစ်ခဲ့ဖူးတာပဲ... 


မဟုတ်သေးချေ။ သူက ပိုမိုခံစားခဲ့ရသည်။ အချိန်တိုင်း ရှောင်ကွေ့ကြောင့် ပြင်းပြင်းထန်ထန်ဆုံးမခံရကာ အရိုက်ခံရလေ့ရှိသည်။ ရှောင်ကွေ့က သူ့အား ဆက်လက်မရိုက်တော့ရန် သူတို့ကိုငိုယိုပြောဆိုသည့်အခါ သူတို့ရင်နာလာပြီး သူမအား စတင်ချော့မော့ကြ၏။ မော့တိ ဆေးရုံအကြိမ်ကြိမ်တက်ရသည့်အခါတွင်ပင် သူတို့က ရှောင်ကွေ့ကိုသာ ကြင်နာတတ်သောမိန်းကလေးအဖြစ် ဝိုင်းဝန်းချီးကျူးကြလေ့ရှိသည်။  


မော့တိက မကျေနပ်ကြောင်း တီးတိုးပြောဆိုသည့် အခါမျိုးတွင် ယုတ်မာသူအဖြစ် ခေါင်းစဥ်တပ်ခံရကာ သူ၏အစ်မအား အသရေဖျက်သူအဖြစ် စွပ်စွဲခံရလေသည်။ 


အကြီးဆုံးအဒေါ်က နှလုံးသားအတွင်းမှ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ 


အဲ့ဒီ့တုန်းက သူမရဲ့သားသာ မော့လျှိုကွေ့ရဲ့ မျက်ရည်တွေနဲ့ ကြင်နာတတ်တဲ့နှလုံးသားကြောင့် နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်ဆိုရင် သူမ ပျော်နိုင်ပါ့မလား... 


ထို့နောက် အကြီးဆုံးအဒေါ်၏အမုန်းက မော့တိထံဦးတည်သွားခဲ့သည်။  


မော့မိသားစုထံမှ စွန့်ခွာသွားခဲ့သည့်အတွက် သူ့ကိို မုန်းတီးလာခဲ့သည်။ 


တကယ်လို့ သူသာ ငါတို့နဲ့တစ်မိုးအောက်ထဲရှိနေရင် ဒီကိစ္စတွေက ငါတို့အပေါ် ကျလာစရာအကြောင်းမရှိဘူးလေ...ပြီးတော့ ငါ့သားမှာဖြစ်တဲ့ကိစ္စကလည်း တကယ်ဆို သူ့ဆီမှာပဲဖြစ်သင့်တာ...  


မော့လျှိုကွေ့အား မလိုမုန်းတီးမှုပြရန်မှာ မဖြစ်နိုင်ချေ။ ချင်ချန်းယီ ဒုတိယအဒေါ်အား ကန်ထုတ်လိုက်ပုံကို ပြန်တွေးကြည့်ရုံနှင့် သူမပါထိတ်လန့်လာခဲ့၏။ သို့သော် မည်သို့ပင်ဖြစ်စေ၊ စိတ်ဝမ်းကွဲမှုမျိုးစေ့က အခြေတည်သွားခဲ့ပြီဖြစ်သည်။  


….


ထိုစဥ် မော့တိက သူတစ်ချိန်က တစ်စုံတစ်ဦး၏ စဥ့်နှီတုံးပေါ်သို့ ရောက်ရှိခဲ့ကြောင်း သတိမရခဲ့မိချေ။ 


သို့သော် သူသိလျှင်လည်း အရေးလုပ်မည်မဟုတ်။ မော့မိသားစုရှိ မည်သူကမှ သူ့ရင်ထဲတွင်မရှိချေ။  


ယခု မော့တိက သူ့ဂိမ်း၏ပထမအခန်းကို အားလပ်ရက်အဆုံး၌ အပြီးသတ်ရန်ကြိုးစားရင်း အလုပ်များနေခဲ့သည်။  


ရှန့်ယွီချောင်၊ လင်ကျွင်းဖုန်နှင့် ချန်ကျောင်းတို့က မုထျန်းဟန်၏ခွင့်ပြုချက်ဖြင့် ဗီလာတွင် နေခွင့်ရခဲ့သည်။ 


သူတို့ ဤနေရာကိုရောက်ကာစက ရှန့်ယွီချောင်နှင့် လင်ကျွင်းဖုန်တို့ ဗီလာအနှံ့ စိတ်လှုပ်ရှားစွာလျှောက်ကြည့်ရင်း ဘဝ၏တရားမမျှတမှုအား ညည်းတွားခဲ့ကြ၏။ 


ထို့နောက် မော့တိက သူတို့ကိုအလုပ်များခွဲဝေပေးတော့သည်။  


ရှန့်ယွီချောင်က ဤကဲ့သို့လှပသောနေရာတွင် သူတို့အား အလုပ်ခိုင်းသည့်အတွက် မော့တိအား တိတ်တဆိတ်ဆန္ဒပြခဲ့သေးသည်။ 


ဤသို့ဖြင့် နိုင်ငံဆိုင်ရာ အားလပ်ရက်များ ပြီးဆုံးသည်နှင့် မော့တိ၏အဖွဲ့မှာလည်း 'အဆုံးမဲ့ဘဝ' ဂိမ်း၏ ပထမအခန်းကို ပြင်ဆင်ပြီးသွားခဲ့လေသည်။  


မော့တိက ကျောင်းသွားသည့်အခါ မုထျန်းဟန်ကိုထားခဲ့ဖို့ တွန့်ဆုတ်နေခဲ့သည်။ သူတို့်အုပ်စုကလည်း ဆက်လက်နေချင်နေသဖြင့် တနင်္လာနေ့မနက်အထိ အတူတူရှိခဲ့ကြ၏။ 


ကျောင်းမသွားခင် သူက အုပ်စုတွင်းမှခိုးထွက်ကာ မုထျန်းဟန်အား ပွေ့ဖက်လိုက်သည်။  


မုထျန်းဟန်၏တုံံ့ပြန်မှုက ကောင်လေးကို တင်းကြပ်စွာပွေ့ဖက်ကာ ဆံနွယ်များပေါ်သို့ အနမ်းဖွဖွခြွေလိုက်ခြင်းဖြစ်ပင်။  


မော့တိ အနမ်းကြောင့် ရှက်သွေးဖြာသွားခဲ့သော်လည်း မုထျန်းဟန်ကို ဖက်တွယ်ထားဆဲပင်။ ရှန့်ယွီချောင်၏ ခေါ်သံကြားခါမှ မုထျန်းဟန်၏ လက်မောင်းများ အတွင်းမှ တွန့်ဆုတ်စွာ ရုန်းထွက်လိုက်လေသည်။  


မုထျန်းဟန်က အလွန်အလုပ်ရှုပ်နေပြီး ချက်ချင်းသွားရန် လိုအပ်နေ၏။ သူက သူတို့အား ကျင်းသာ့ထံ ပြန်ပို့ပေးရန် အခြားဒရိုင်ဘာတစ်ဦးကို မှာကြားခဲ့သည်။ 


လင်ကျွင်းဖုန်က မုထျန်းဟန်၏ ဂုဏ်ပုဒ်များကို သီချင်းဖွဲ့ဆိုရင်း မုထျန်းဟန်မှာ အရည်အချင်းရှိပြီး ဖော်ရွေသည့် ပြီးပြည့်စုံသော အိုင်ဒေါလ်တစ်ယောက်ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။


၎င်းမှာ အမှန်ပင်ဖြစ်သည်။ ဗီလာတွင် နေပြီးသည့်နောက်ပိုင်း မော့တိ၏အစ်ကိုမှာ ဖော့ဘ်မဂ္ဂဇင်းကထုတ်ပြန်သော အချမ်းသာဆုံးစာရင်းတွင် ပါဝင်သည့် မုထျန်းဟန်မှန်း သိရှိသွားခဲ့ကြသည်။ ရက်အတော်ကြာရှော့ခ်ရသွားကြပြီး ကောင်းမွန်စွာ ပြုမူလာကြသဖြင့် မော့တိ သူတို့အပေါ် စည်းကမ်းချရာ၌ ပိုမိုလွယ်ကူလာခဲ့လေသည်။  


မော့တိ ကျောင်းပြန်တက်ပြီး နောက်တစ်ညတွင် တတိယအကြိမ်မြောက် ရှုံးထွက်ပြိုင်ပွဲ၏ ရမှတ်များ ထုတ်ပြန်လာခဲ့သည်။  


ယခုအကြိမ်တွင် ဂိမ်းပေါင်း ၅၆ ခုအနက် အခုရေ ၃၀ သာ ပြိုင်ပွဲတွင် ကျန်ရှိတော့၏။  


ရှင်းဝေ့သောင်က ရှုံးထွက်ပြိုင်ပွဲကို ကျော်လွှားနိုင်ခဲ့သော်လည်း သူ၏အဆင့်မှာ ဆယ့်နှစ်အထိ ကျဆင်းသွားခဲ့သည်။  


မော့တိက ရှင်းဝေ့သောင်၏ ရလဒ်အပေါ် ကျေနပ်နေမိသည်။ မူလက နောက်ဆုံးပွဲစဥ်အထိ ရောက်နိုင်မည်ဟု မမျှော်လင့်ခဲ့သော်လည်း ယခုမူ ဖြစ်နိုင်ချေရှိလေသည်။ သို့သော် သူ၏ နောက်ဆုံးပွဲစဥ်အတွက် ဝှက်ဖဲများကို စောစောထုတ်သုံးလျှင် စွန့်စားရာကျပေလိမ့်မည်။  


ဆယ့်နှစ်ယောက်မြောက်အနေအထားတွင် အခြားနှစ်မိနစ်စာဂိမ်းများနှင့် နှိုင်းယှဥ်ပါက မိတ်ဆက်ချိန် သုံးမိနစ်ရှိလေသည်။  


ဖန်ချန်းလောင်နှင့် ဟန်ချောင်က သူတို့၏ အုပ်စုဖွဲ့စကားဝိုင်းထဲတွင် ဝမ်းမြောက်စွာ အော်ဟစ်နေကြပြီး အခြားအခန်းဖော် ၃ ဦးသည်လည်း ဝင်ရောက်လာကြသည်။  


ဤသို့သော ပတ်ဝန်းကျင်ထဲ ပိတ်မိသွားခဲ့သဖြင့် မော့တိသည်လည်း သူတို့နှင့်တွဲ၍လုပ်ဆောင်နိုင်သည့် သူ၏စွမ်းရည်အပေါ် ဂုဏ်ယူမိလာခဲ့သည်။  


TV အစီအစဥ်မှူးက ပြိုင်ပွဲ၏နောက်တစ်ဆင့်အား ကြေငြာခဲ့သည်။  


အစမ်းကြည့်ရှုခြင်းနှင့် ရှုံးထွက်ပွဲစဥ်များပြီးသည့်နောက် နောက်ဆုံးပွဲစဥ်သုံးခုသာ ကျန်ရှိတော့သည်။  


ထိုသုံးပွဲအတွင်းရှိ ပထမပွဲစဥ်က 'ထိပ်ဆုံးဆယ့်ကိုးသင်း' ဖြစ်သည်။ 


အမှတ်အများဆုံးရသော အသင်းဆယ့်ကိုးခုက နောက်ပွဲစဥ်တွင် ဆက်လက်ယှဥ်ပြိုင်ခွင့်ရမှာဖြစ်၏။  


ယခုပြိုင်ပွဲအဆင့်တွင် အသင်းဝင်အမည်များကို ကြေငြာရန် မလိုအပ်သော်လည်း အသင်းတစ်ခုချင်းစီ၏ ပါဝင်သူအရေအတွက်ကို ထုတ်ပြထားရမှာဖြစ်ကာ အယောက် ၂၀ ထက် ပိုမို၍မရချေ။  


ထိုစည်းမျဥ်းကြောင့် အသင်းအမြောက်အများ အကျပ်အတည်းတွင်း ကျရောက်သွားခဲ့ရသည်။ အဓိကအကြောင်းရင်းမှာ သူတို့တွင် အဖွဲ့ဝင်နှစ်ဆယ်ကျော်ရှိနေပြီး မည်သူအားဖယ်ပစ်စေကာမူ အသင်းထဲတွင် စိတ်ဝမ်းကွဲမှုများ ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ အသင်းတစ်ခုလုံး၏ အကျိုးအမြတ်အတွက် ဖြစ်သော်ငြား အဖွဲ့တွင်းမှ ထုတ်ပယ်ခံရသည့် မည်သူမဆို မကျေမနပ်ဖြစ်မှာဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်များဆုံးရှုံးခြင်းက အလုပ်တာဝန် ပြန်လည်ခွဲယူရစေပြီး အသင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေသည်။ 


ကံကောင်းစွာဖြင့် မော့တိက ခွဲတမ်းထက်လူပိုနေမည့် ကိစ္စမျိုးကို စိတ်ပူရန်မလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတစ်ယောက်ထဲအားက ဆယ်ယောက်စာနှင့် ညီမျှလေသည်။ ထို့အပြင် သူ၏လက်ရှိအသင်း၌ ဆယ်ဦးသာပါရှိရာ သူတို့က အသင်းဝင်အသစ်များအတွက်ပင် နေရာလုံလောက်သေးသည်။ 


Xxxxx