Chapter 89
စည်းမျဥ်းကြောင့် အသင်းအားလုံးနီးပါး အခက်အခဲဖြစ်နေကြရာ မော့တိက ပထမချန်ပီယံပွဲတွင် ရှင်းဝေ့သောင်နှင့် ဆက်သွားသင့်မသင့်အပေါ် ဝေခွဲရခက်နေခဲ့သည်။ အခြားအသင်းများ အရှုပ်အထွေးတွင်း ကျရောက်နေကြရာ သူတို့က ယခုပွဲတွင် ရှင်းဝေ့သောင်နှင့်အတူ အမှန်တကယ် အနိုင်ရနိုင်ချေရှိသည်။
မော့တိက မုထျန်းဟန်ကို အဆိုပါအခက်အခဲအကြောင်း စာပို့ရင်း သူ့အမြင်ကိုပါ မေးလိုက်၏။
မုထျန်းဟန်ထံမှ ပြန်စာမလာမှီ ထူးဆန်းသောဖုန်းခေါ်ဆိုမှုတစ်ခု အဆောင်သို့ရောက်လာခဲ့သည်။
ကျောင်းရှိ အဆောင်ဟောင်းများက မော့တိနေထိုင်ခဲ့သော အဆောင်ကဲ့သို့ပင် ကြိုးဖုန်းများအား တပ်ဆင်ထားလေသည်။ သို့သော် မည်သူမှအသုံးမပြုကြချေ။
ရှန့်ယွီချောင်က ဖုန်းကိုကိုင်ကာ စကားနှစ်ခွန်းလောက်ပြောပြီးနောက် မော့တိကို ခေါ်လိုက်သည်။
“ ရှောင်တိ...ရှောင်တိ....ဒါ မင်းဖုန်း...”
“ငါလား...”
မော့တိ အံ့သြသွားကာ ဖုန်းကိုဖြေကြားလိုက်၏။
“ဟယ်လို...ဘယ်သူပါလဲ...”
“ဟမ့်...” အေးစက်စက်နှာမှုတ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
“…..”
မော့တိ အနည်းငယ် အူကြောင်ကြောင်ဖြစ်သွား၏။
“အခုပြောနေတာ ဘယ်သူပါလဲ...”
“ကျစ်...”
အခြားတစ်ဖက်က နှစ်လိုဖွယ်မရှိသည့် အသံကို ပြုလုပ်လိုက်ပြန်သည်။
“မင်းဘာမှမပြောရင် ငါဖုန်းချလိုက်တော့မယ်...”
မော့တိက ထူးဆန်းသော တုံ့ပြန်မှုနှစ်ခုကြောင့် စိတ်လေသွားကာ ဖုန်းချလိုက်လေသည်။
သူ နောက်လှည့်ပြီး ခြေလှမ်းနှစ်လှမ်းမျှ လျှောက်ရုံရှိသေး။ ဖုန်းက တဖန်ထပ်မြည်လာခဲ့၏။
မော့တိ စကားပြောခွက်ကို ကိုင်လိုက်ကာ ဘာမှမဆိုရသေးခင် ဒေါသထွက်နေသောအသံက သူ့နားစည်သို့ ရိုက်ခတ်လာခဲ့သည်။
“မော့တိ...မင်းက ငါ့ဖုန်းကိုချရဲတယ်ပေါ့လေ...ငါ့အသံကို မမှတ်မိရုံတင်မကဘူး...ငါ့ဖုန်းကိုပါ ချလိုက်တယ်ပေါ့...”
“ငါမင်းနဲ့ တစ်ယောက်ချင်းယှဥ်ချဖူးတယ်လေ...နောက်ဆုံးတစ်ခေါက် ပြိုင်ပွဲအတွက်တောင် အမှတ်မသတ်မှတ်ရသေးဘူး...မင်းက င့ါဆီကပုန်းနေတယ်ပေါ့...မင်းရဲ့ ကံမကောင်းတဲ့အခြေအနေတွေကိုနားလည်လို့ ခဏလွှတ်ပေးထားတာ ဆိုပေမယ့် ငါဒီကိစ္စကို ဒီအတိုင်းထားနိုင်တယ်လို့ မဆိုလိုဘူး...”
“မင်း ဖုန်းချလိုက်တာကို ငါအရမ်းစိတ်ဆိုးတယ်...”
“မင်း ဘယ်လိုများ ဖုန်းချရဲရတာလဲ...”
မော့တိ၏ လက်ရှိအမူအရာက ပြောရခက်လှသည်။
ဖုန်းခေါ်တဲ့လူက ဖြစ်နိုင်တာ...ကုရန်ကျွီများလား...
သူ ထိုလူအား မေ့နေခဲ့သည်မှာ ကြာပြီဖြစ်၏။
ဘာလို့ သူ သူ့ကိုလိုက်ကပ်နေတာလဲ...
သူ စကားတသီကြီးပြောသွားသော်လည်း မော့တိထံမှ မည်သည့်တုံ့ပြန်မှုကိုမှ ပြန်မရလေရာ ကုရန်ကျွီ တဖန်စိတ်ဆိုးလာပြန်သည်။
“မော့တိ...မင်းငါ့ကို မေ့သွားတာလား...မင်းလုပ်ရဲ...”
မော့တိက စကားပြောခွက်ကို ခပ်လှမ်းလှမ်းတွင်ထား၍ ဖုန်းချလိုက်၏။
ဖုန်းချပြီးသည့်နောက် မော့တိက စကားပြောခွက်အား နေရာတကျ ပြန်မထားရဲသေးချေ။ ကုရန်ကျွီ ထပ်မံ၍ခေါ်ဆိုမည်ကို သူ ထိတ်လန့်နေခဲ့လေသည်။
မော့တိ၏ တုံပြန်မှုကို ကြည့်ရင်း ရှန့်ယွီချောင်က မနေနိုင်ပဲ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ...ဘယ်သူ ခေါ်တာလဲ...”
“အလယ်တန်းကျောင်းသားပါ...မဟုတ်သေးဘူး...ခုဆို အထက်တန်း ရောက်နေလောက်ပြီ...”
မော့တိက စားပွဲထံပြန်သွားကာ ထိုင်လိုက်သည်။
“သူက ငါနဲ့ ရန်ဖြစ်ချင်လို့တဲ့...”
“မင်းနဲ့ရန်ဖြစ်ချင်လို့...”
ရှန့်ယွီချောင် ရှော့ခ်ရသွား၏။ သူက မော့တိ နံဘေးကို အမြန်သွားလိုက်ကာ
“ဘာလို့လဲ...အဲ့ဒီ့ကောင်က မင်းကို အနိုင်ကျင့်ချင်နေတာလား...”
“ဘယ်သူလဲ...ငါတို့ရှောင်တိကို ဘယ်ကောင် အနိုင်ကျင့်ရဲတာလဲ...”
တောင်ကြီးနှင့်တူသော လင်ကျွင်းဖုန်က အိပ်ရာပေါ်မှ ခုန်ထလိုက်ကာ သူ့ရင်ဘတ်သူ လက်ဖြင့်ပုတ်လိုက်သည်။
“ရှောင်တိကို ဘယ်သူလာထိရဲလဲ...ဒီအဖေကြီး သေတဲ့အထိ ချေမွပစ်မယ်...”
“ဘာမှမဟုတ်ပါဘူးကွာ...”
မော့တိ ပြုံးလျက်ခေါင်းယမ်းလိုက်သည်။
“ဘယ်သူမှ ငါ့ကိုအနိုင်မကျင့်ပါဘူး...ပြီးတော့ သူငါ့ကိုရှုံးသွားတယ်လေ...”
“မင်းကို ရှုံးသွားတယ် ဟုတ်လား...”
ချန်ကျောင်းက သံသယအပြည့်ဖြင့် မော့တိကို ကြည့်လိုက်၏။
“ဒါဆို ဒီကောင်က လူကောင်တော်တော်သေးပုံပဲ...”
မော့တိ : “...”
ရှန့်ယွီချောင်နှင့် ချန်ကျောင်းတို့ သူ့ကို တပြိုင်နက်ထဲ တိုက်ခိုက်လာလျှင်ပင် သူတို့အား လွယ်လင့်တကူ အသာစီးရနိုင်၏။ လင်ကျွင်းဖုန်အတွက်မူ သူက အထူးကြပ်မတ်စွာ ပျိုးထောင်ခံခဲ့ရခြင်းဖြစ်ရာ အနည်းငယ် ပို၍ခက်ခဲပေလိမ့်မည်။ ချန်ကျောင်းအနေဖြင့် သူ့ကို မှားယွင်းအကဲမဖြတ်သင့်ပေ။
အရင်ဘဝက လေ့ကျင့်ခဲ့သော တိုက်ခိုက်နည်းစနစ်များမှာ ကြည့်ကောင်းရုံသက်သက် မဟုတ်ခဲ့ချေ။
“အမှန်အတိုင်းပြောရရင် ငါမင်းတို့နှစ်ယောက်လုံးကိုတောင် ကိုင်တွယ်နိုင်ပါတယ်...”
မော့တိက ချန်ကျောင်းကို အလေးအနက်ပြောလိုက်သည်။
“အကယ်၍ မော့မိသားစုတွေအကုန် ငါ့ဆီလာရင်တောင် ငါသူတို့ကို လှဲသိပ်နိုင်တုန်းပဲ...”
ချန်ကျောင်းက သူ့ကို ငြင်းရန်ပြင်လိုက်သော်လည်း နောက်ဆုံးစာကြောင်းကြောင့် နှုတ်ဆိတ်၍သာ နေလိုက်သည်။
မော့တိ ဤကဲ့သို့ပင် အတိအကျပြောလာလေရာ သူ့စကားမှာ သေချာသလောက် ရှိပေလိမ့်မည်။
မော့တိက အမှိုက်အိတ်အလိပ်ကို ဖွင့်ကာ အမှိုက်ရှင်းရန်အတွက် တစ်အိတ်ဆွဲယူလိုက်သည်။
“ငါ့မှာ ပြောစရာတစ်ခု ရှိတယ်...မနက်ဖြန် အတန်းမရှိဘူး...ငါ နေ့လည်လောက် အပြင်သွားစရာရှိလို့...အဆောင်ကို ပြန်မလာဖြစ်လောက်ဘူး...”
“မင်း ဘယ်သွားမလို့လဲ...”
လင်ကျွင်းဖုန်က မေးလိုက်သည်။
“ဖေဖေ မင်းနဲ့လိုက်ပေးဖို့ လိုသေးလား...”
မော့တိ : “…..ရပါတယ်”
ချန်ကျောင်းက ရုတ်တရက်မေးလိုက်သည်။
“ ရှောင်တိ...မင်း မော့စစ်လန်ရဲ့ အမှုစစ်ဆေးတာကို သွားမလို့လား...”
“အင်း...”
မော့တိက အမှိုက်များကို စုစည်းရင်း ပြန်ဖြေသည်။ တစ်ချိန်ထဲမှာပင် သူ့ဖုန်းက နှစ်ကြိမ်မျှ မြည်လာ၏။
သူ ဖုန်းကိုကြည့်လိုက်ရာတွင် မုထျန်းဟန်ထံမှ ပြန်စာလာရောက်ခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ ပြန်စာတွင် ဗိုလ်လုပွဲပထမပြိုင်ပွဲ၌ ရှင်းဝေ့သောင်နှင့်ဆက်သွားကာ နောက်တစ်ဆင့်အတွက် ဂိမ်းအသစ်ကို ယူဆောင်ပြီး အခြားပြိုင်ပွဲဝင်များအတွက် အံ့သြစရာတစ်ခု ထပ်ထည့်နိုင်ပါက အကြံဉာဏ်ကောင်းဖြစ်ကြောင်း ဆိုထားလေသည်။ သို့သော် သူထိုသို့လုပ်မည်ဆိုပါက ရှင်းဝေ့သောင်သည်လည်း တိုးတက်လာရန် လိုအပ်သေးသည်။
နောက်တစ်ဆင့်မြှင့်တင်ရာ၌ အုပ်စုနှစ်ခုစစ်တိုက်ခြင်းစနစ်ကို ပိုမိုအာရုံစိုက်သင့်ကြောင်းနှင့် စျေးကွက်အတွင်းရှိ အခြားဂိမ်းများကဲ့သို့ ထပ်ချည်းတလဲလဲ လုပ်ဆောင်ချက်များကို မထည့်သွင်းရန် မုထျန်းဟန်က အကြံပြုသည်။ စစ်တိုက်ရာ၌ အလွန်မရှုပ်ထွေးလှသော လှည့်ကွက်အချို့ကို ထည့်သွင်းထားခြင်းအားဖြင့် ဂိမ်းကစားသူများကို အားလပ်ချိန်မရှိစေမှာဖြစ်သည်။
မုထျန်းဟန်၏ အကြံပြုချက်မှာ အမှန်တကယ်အသုံးဝင်သည်ဟု မော့တိယူဆမိ၏။ သူက စာပြန်ရိုက်လိုက်သည်။
“ ကျေးဇူးပါ ကိုကို ...ကိုကို့အကြံက အရမ်းအထောက်အကူဖြစ်ပါတယ်...”
သူက ယုန်ကလေးတစ်ကောင်က ပွေ့ဖက်ဟန်ပြုနေသည့် စတစ်ကာကိုပါ ပို့ပေးလိုက်သည်။
မုထျန်းဟန်အား စာပို့ပြီးသည့်နောက် မော့တိက ရှန့်ယွီချောင်နှင့် အခြားလူများကိုပြောလိုက်၏။
“မနက်ဖြန် မင်းတို့ အဆောင်မှာပဲ ကုဒ်လုပ်နှင့်ကြနော်...နည်းနည်းတော့ ခက်ခဲလိမ့်မယ်...ဒါပေမယ့် ငါလာမယ့်ပွဲစဥ်မှာ ရှင်းဝေ့သောင်နဲ့ ဆက်သွားဖို့လုပ်ထားတယ်...ဒီတော့ ပြန်ပြီးမွမ်းမံရဦးမှာ...မင်းတို့ ဂိမ်းအသစ်အတွက် ဆက်လုပ်နှင့်ကြပါ...ရှင်းဝေ့သောင်နဲ့ အလုပ်ပြီးသွားရင် ငါမင်းတို့ကိုပြန်ကူပေးမယ်...”
“ငါတို့က ရှင်းဝေ့သောင်ကို နောက်ပွဲစဥ်မှာ သုံးမှာလား...”
ချန်ကျောင်းက အံ့သြသွားခဲ့သည်။
“ဗိုလ်လုပွဲမှ အဲ့ဒါကိုသုံးမယ်ဆို...”
'ရှင်းဝေ့သောင်' က ဗိုလ်လုပွဲစဥ်တွင် အခြားဂိမ်းများအား အလွယ်တကူ ဖြတ်ကျော်နိုင်လိမ့်မည်ဟု ချန်ကျောင်း ယူဆထားခဲ့သည်။
“ငါတို့ အဲ့ဒါကို လာမယ့်ပွဲစဥ်မှာသုံးကြမယ်...ဒီတော့ ငါ နောက်တစ်ပါတ်ကျရင် အဲ့ဒါကိုထပ်ပြီး မွမ်းမံမလို့လေ...ဒီအချိန်အတွင်း 'အဆုံးမဲ့ဘဝ' ကို မင်းတို့နဲ့လွှဲထားခဲ့မယ်...”
“ဒါက ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး...ဒါပေမယ့် ပြဿနာက 'အဆုံးမဲ့ဘဝ' ရဲ့ပရိုဂရမ်တွေနဲ့ ပတ်သတ်ပြီးတော့ ငါတို့က သိပ်ပြီးမကျွမ်းကျင်ဘူး...”
ရှန့်ယွီချောင်က မော့တိကို ကြည့်လိုက်သည်။
“မင်းမပါရင် ငါတို့လုပ်နိုင်မယ်မထင်ဘူး..."
“အဲ့ဒါတော့ဟုတ်တယ်...ရှောင်တိ...ငါတို့က အဓိကမကျတဲ့ ကုဒ်လောက်ပဲ လုပ်နိုင်တာ...ရှုပ်ထွေးတာမျိုးကို မလုပ်တတ်ဘူး...”
လင်ကျွင်းဖုန်က ပြောသည်။
“စိတ်မပူပါနဲ့...” မော့တိ ပြုံးလိုက်သည်။
“ငါမင်းတို့အတွက် ပြင်ပေးထားတဲ့အလုပ်က အရမ်းမရှုပ်ထွေးပါဘူး...နောက်ပြီး ပုံစံကွက်လည်း လုပ်ပေးထားသေးတယ်...မင်းတို့ အဲ့ဒီ့အတိုင်း လုပ်သွားရုံပဲ...”
မော့တိက လက်ပ်တော့ကိုဖွင့်ကာ ပုံစံကွက်ဖိုင်များကို ရွေးချယ်လိုက်သည်။ ထို့နောက် ပေးပို့သည်ကို မနှိပ်ရသေးခင် ရုတ်တရက်ဆိုသလို တံခါးခေါက်သံကြားလိုက်ရ၏။
“မော့တိ...အပြင်ထွက်ခဲ့...မော့တိ...ငါပြောတာကြားလား...ထွက်ခဲ့...”
မော့တိ လန့်သွားခဲ့သည်။
သူပဲ အထင်မှားတာလား...ဒါက ကုရန်ကျွီရဲ့ အသံမဟုတ်လား...
“မော့တိ...ငါပြောတာကြားလား...ထွက်လာခဲ့...”
“ဘယ်သူလဲ...အဲ့ဒီ့တစ်ယောက်က ရူးနေတာလား...”
ချန်ကျောင်းက စိတ်မရှည်ဟန်ဖြင့် တံခါးဖွင့်လိုက်သည်။
“တိတ်တိတ်နေစမ်း...မင်း ရူးနေတာလား...”
သူ့ စကားဆုံးသည်နှင့် တံခါးဝရှိ ဂျုံရောင်အသားအရည်နှင့် သူနှင့်အရပ်အတူတူလောက်ရှိသော ကောင်လေးတစ်ဦးက အခန်းတွင်းသို့ တရကြမ်းဝင်လာခဲ့သည်။ ထိုကောင်လေးက စိတ်ဆိုးစွာ အော်လိုက်၏။
“မော့တိ...မင်းထွက်လာခဲ့စမ်း...မင်းက ငါ့ဖုန်းကိုချရဲတယ်ပေါ့လေ...ဖုန်းမအားသလိုပါ လုပ်လိုက်သေးတယ်ပေါ့...ခုထွက်ပြီးရင်ဆိုင်စမ်း...မော့တိ...”
“အော်နေတာရပ်စမ်းပါ...”
မော့တိက ကုရန်ကျွီကို စိတ်ဆိုးဆိုးဖြင့် စိုက်ကြည့်လိုက်သည်။
“မင်း ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ...”
မော့တိနံဘေးရှိ လင်ကျွင်းဖုန်က ထိုင်ခုံမှထကာ ခြိမ်းခြောက်ဟန် ပြုလိုက်သည်။
“မင်းက ဘယ်သူလဲ...ငါတို့ရှောင်တိကို ဘာကိစ္စပြဿနာရှာနေတာလဲ...ယုံချင်ယုံ မယုံချင်နေ ငါတို့မင်းကိုကောင်းကောင်းရိုက်ပစ်နိုင်တယ် နားလည်လား...”
“မင်း ဘယ်လိုလုပ်ပြီး ငါတို့အခန်းကို ရှာနိုင်တာလဲ...ဘယ်သူက မင်းကို သတင်းပေးလိုက်တာလဲ...”
ရှန့်ယွီချောင်က မေးလိုက်သည်။
ချန်ကျောင်း ရှန့်ယွီချောင်အား သတိပေးလိုက်၏။
“သူ့မှာ ငါတို့ရဲ့ ကြိုးဖုန်းနံပါတ်ရှိနေတာပဲ...ငါတို့အဆောင်ကို မသိစရာအကြောင်း ဘယ်ရှိပါ့မလဲ...”
ရှန့်ယွီချောင် ပြောစရာစကား ပျောက်ရှသွားခဲ့၏။
“…”
ကုရန်ကျွီက လင်ကျွင်းဖုန်နှင့် အခြားလူများကို လျစ်လျူရှုလိုက်ကာ မော့တိထံသို့ အမြန်ဦးတည်သွားခဲ့သည်။
“မော့တိ...ငါ့ကိုရှင်းပြစမ်းပါ...ဘာလို့ ဖုန်းချပြီး ဖုန်းနံပါတ်ကို ဘလော့လိုက်ရတာလဲ...”
“ဘာလို့ ငါကရှင်းပြရမှာလဲ...”
“ကုရန်ကျွီ...မင်းဒါကို နားမလည်ဘူးလား...ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလေ...ငါမင်းကိုဖုန်းချလိုက်တာက ရှင်းနေတာပဲ...ငါမင်းနဲ့ စကားပြောချင်စိတ်မရှိလို့ပေါ့...”
ကုရန်ကျွီ ရုတ်တရက် ကြက်သေသေသွားသည်။ နောက်တစ်စက္ကန့်တွင် ဒေါသတကြီး ပေါက်ကွဲလာကာ မကျေမနပ်ဆိုလာ၏။
“ငါတို့က ဘာလို့ သူငယ်ချင်းမဟုတ်ရမှာလဲ...”
မော့တိအစကတည်းက သူ့ကိုသဘောမကျမှန်း ခံစားမိခဲ့သည်။
ဒါပေမယ့် ဘာလို့လဲ..
သူ မော့တိကို တစ်ခါမှထိခိုက်အောင် မလုပ်ဖူးပေမယ့် ဘာလို့ မော့မိသားစုက လူတွေကိုရှောင်သလိုမျိုး သူ့ကိုရှောင်နေရတာလဲ...
မော့တိကို ရန်ဖြစ်ဖို့အတင်းခေါ်ခဲ့လို့လား...ဒါမှမဟုတ် ဂိမ်းပြိုင်ပွဲအကြောင်း မေ့လိုက်ဖို့ ပြောခဲ့မိလို့လား...
ဘာလို့ မော့တိက ဒီလောင်အမြင်ကျဥ်းရတာလဲ...
မော့တိ စိတ်ဆိုးဆိုးဖြင့် ရယ်လိုက်မိသည်။
“ငါမင်းကို ဘာလို့ သူငယ်ချင်းအဖြစ် သတ်မှတ်ရမှာလဲ...မင်းက ငါ့အတွက် ဘာကောင်းကျိုးပေးခဲ့လို့လဲ...”
ကုရန်ကျွီ မော့လျှိုကွေ့အတွက် သူ့ဘဝအား ခက်ခဲစေခဲ့ခြင်းနှင့် လုပ်ငန်းများအား ဖျက်ဆီးပစ်ခဲ့ခြင်းတို့ကို မဆိုထားနှင့်၊ မော့တိ အကြိမ်ကြိမ်သေလုမျောပါး အရိုက်နှက်ခံခဲ့ရသည်။
အရင်ဘဝက ဒီလိုတွေလုပ်ခဲ့ပြီးတော့ အခုကျတော့ရော ဘာများကောင်းကျိုးပေးခဲ့လို့လဲ...
မကြာသေးခင်က မော့လျှိုကွေ့နှင့် မော့ဝုဟန်အပြင် နောက်တစ်ခါထပ်၍တိုက်ခိုက်ရန် အကြိမ်ကြိမ်ပြောနေသည့် ကုရန်ကျွီကိုပါ မော့တိ ရှောင်ရှားခဲ့ရသည်။
ကုရန်ကျွီ သူ့အတွက် လုပ်ပေးခဲ့သောအရာဟူ၍ ပြိုင်ပွဲအကြောင်း အမှတ်တမဲ့ ထုတ်ပြောခဲ့ခြင်းသာရှိ၏။
အဲ့ဒါအတွက်နဲ့ ကုရန်ကျွီ အရင်ကလုပ်ခဲ့တဲ့အရာတွေကို လျှော်ပေးလိုက်ဖို့ဆိုတာ အရမ်းကို သဘောထားကြီးလွန်းရာ မကျဘူးလား...
ပြီးတော့ ကုရန်ကျွီက သူနဲ့သူငယ်ချင်းဖြစ်ချင်နေတာလား...ဟာသပဲ...
အခြားတစ်ဖက်တွင် မော့တိ၏မေးခွန်းကြောင့် ကုရန်ကျွီ ကြောင်အသွားခဲ့သည်။
သူ...မော့တိအတွက် ဘာကောင်းကျိုးမှ မပေးခဲ့ဘူးပဲ...
သို့သော် သူ၏အခြားသူငယ်ချင်းများကို ဤနည်းဖြင့် သိကျွမ်းခဲ့ခြင်းဖြစ်၏။ သူတို့ရန်ဖြစ်ကြပြီးနောက် သူငယ်ချင်းများဖြစ်လာကြလေသည်။
လူတိုင်းတော့မဟုတ်ဘူးပေါ့...နှစ်ယောက် သုံးယောက်လောက် ရှိမယ်ထင်တယ်...
မော့တိ၏ ထူးမခြားနားဟန်နှင့် စိတ်မရှည်ဟန် ရောစွက်နေသည့် အကြည့်ကို ခံစားမိကာ ကုရန်ကျွီ ဇဝေဇဝါဖြင့် ရှက်ရွံ့လာခဲ့သည်။
“မင်း...မင်းမတိုက်ခိုက်ချင်ဘူးဆိုရင်လည်း...တစ်ခါထဲပြောရောပေါ့...”
“ငါပြောခဲ့တယ်လေ...မင်း အတိတ်မေ့သွားတာလား...”
မော့တိ အေးစက်စက်ပြောလိုက်၏။
“အိုး...စကားမစပ်...မင်းငါနဲ့တိုက်ခိုက်ချင်တယ်ဆိုတာ မော့လျှိုကွေ့အတွက် လက်စားချေပေးချင်တာ မဟုတ်လား...မင်း နောက်ဆုတ်လိုက်ဖို့ အကြံပေးချင်တယ်...မင်းငါ့ကို အနိုင်မပိုင်းနိုင်ဘူး...”
“မော့တိ...မင်း ဘာလို့သောက်အဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ...အဲဒီ့ကောင်မလေးကို ငါကကြိုက်စရာလား...သူက အရမ်းကြောင်သူတော်ဆန်လွန်းတယ်...ငါအဲ့လိုလူမျိုးကို ဘာမှသဘောကျစရာအကြောင်းမရှိဘူး...”
ကုရန်ကျွီ အလွန်ဒေါသထွက်သွားကာ မော့တိပြောခဲ့သည့် 'မင်းငါ့ကို အနိုင်မပိုင်းနိုင်ဘူး' ဟူသည့်စကားကိုပင် သတိမပြုနိုင်တော့ချေ။
သူ့အတန်းထဲမှာရှိတဲ့ ကောင်မလေးတွေက မော့လျှိုကွေ့ထက်သာတယ်...ဟုတ်ပြီလား...မော့လျှိုကွေ့ကလွဲပြီး အားလုံးကို သဘောကျတယ်...မော့တိရဲ့စကားတွေက သူ့ကိုစော်ကားနေတာပဲ...
ကံကြမ္မာ၏လှည့်ကွက်တစ်ခုကဲ့သို့ မော့တိခံစားမိလိုက်သည်။
သူက အရင်ဘဝကကုရန်ကျွီ၏ အပြုအမူများအတိုင်း ကောက်ချက်ချနေခဲ့ခြင်းဖြစ်သည်။
“ဘယ်သူမှ မင်းသဘောကျတဲ့လူကို စိတ်မဝင်စားဘူး...ကောင်လေး...အိမ်စာတွေရော လုပ်ပြီးရဲ့လား...လစ်လိုက်တော့...”
လင်ကျွင်းဖုန်က မော့တိနှင့် ကုရန်ကျွီ၏ ဆက်ဆံရေးကို တနည်းနည်းဖြင့် နားလည်သွားခဲ့သည်။ သူက ရှေ့သို့ခြေလှမ်းလှမ်းကာ ကုရန်ကျွီအား အခန်းအပြင်သို့ တွန်းထုတ်လိုက်သည်။
“ဝေးဝေးသွားစမ်း...ငါတို့ရဲ့ရှောင်တိကို ပြဿနာလာရှာမနေနဲ့...”
ချန်ကျောင်းလဲ ပါဝင်လာ၏။
“လမ်းပျောက်နေတာလား...နားဝေးနေတာလား...မင်း သူများကို သူငယ်ချင်းဖြစ်ဖို့ ဘယ်လိုတောင် တောင်းဆိုနိုင်ရတာလဲ...တွေ့တွေ့ချင်း တိုက်ခိုက်ချင်နေတဲ့ကောင်နဲ့ ဘယ်သူက သူငယ်ချင်း ဖြစ်ချင်ပါ့မလဲ...အိမ်ပြန်ပြီး ကျောင်းစာလုပ်နေစမ်းပါ...”
ကုရန်ကျွီက အခန်းအပြင်သို့ ကန်ထုတ်ခံလိုက်ရသည့်အတွက် မကျေမနပ်ဖြစ်သွားကာ တံခါးကို အကြိမ်များစွာ ထုရိုက်နေခဲ့၏။ ထို့နောက် သူက မသင့်လျော်သလို ခံစားလိုက်ရပြီး တံခါးကိုတစ်ချက်ကန်ပြီးနောက် ထွက်သွားခဲ့သည်။
သွားစမ်းပါ...
ဒီ သောက်ကျိုးနည်းလူကြီးတွေက စိတ်ပျက်စရာကောင်းတာတောင် မော့တိက သူ့အစား သူတို့နဲ့သူငယ်ချင်းလုပ်တယ်ပေါ့လေ...ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ...
ကုရန်ကျွီ ထွက်သွားသောအခါ မော့တိက ဖိုင်များကို အားလုံးထံပေးပို့လိုက်ပြီး ပုံစံကွက်များအား အသုံးပြုနည်းကို သင်ကြားပေးကာ အာရုံစိုက်ရန်လိုအပ်သည်များကို မှာကြားလိုက်သည်။
တဖြည်းဖြည်းနှင့် ကုရန်ကျွီ၏ကိစ္စအား သူမေ့လျော့သွားခဲ့လေသည်။
…..
Xxxxxx