အပိုင်း ၉၀
Viewers 33k

Chapter 90


နောက်တစ်နေ့တွင် မော့တိက မနက်ပိုင်းအတန်းချိန်ပြီးသည်နှင့် ဖန်ချန်းလောင်နှင့် ဟန်ချောင်ကိုတွေ့ရန် ထွက်လာခဲ့၏။ သူက သူတို့အား သေးငယ်သည့် အလုပ်များနှင့် ဂိမ်းအသစ်၏ နောက်ထပ်အခန်းနှင့် ပတ်သတ်သော အချက်အလက်များကို ပေးခဲ့သည်။ 


ထို့နောက် မော့တိက mask ကိုတပ်ကာ တက္ကစီငှား၍ ရုံးသို့ဆက်သွားလေသည်။


မော့စစ်လန်၏ အမှုက နေ့လည်ခင်းတွင် စစ်ဆေးမှာဖြစ်သည်။


ဆယ်ရက်လောက် အကျဥ်းပိတ်ခံထားရသည့်အတွက် မော့စစ်လန်တွင် ယခင်ကရှိခဲ့သော ကျက်သရေနှင့် တက်ကြွမှုများ ပျောက်ကွယ်သွားခဲ့ပြီရှိသည်။ သူ၏ အဝတ်အစားများက စုတ်ပြဲနေကာ မျက်နှာပေါ်တွင်လည်း အမွှေးအမျှင်များပေါက်ရောက်နေပြီး ထုံထိုင်းထိုင်းဖြစ်လျှက်ရှိသည်။ သူက ထိခိုက်စေရန်ကြိုးပမ်းမှုနှင့် ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှုကြောင့် နှစ်နှစ်နှင့် နှစ်လ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ 


မော့တိအား အန္တရာယ်ပြုရန် ကြိုးပမ်းခဲ့သည့် အသက်မပြည့်သေးသော ဖန်များကမူ ဆယ့်ငါးရက် အပြစ်ဆင်ခြင်ပြီး မော့တိအား လျော်ကြေးပေးချေရန် ဟူသည့် ပေါ့ပါးသောပြစ်ဒဏ်ကိုသာချမှတ်ခံခဲ့ရ၏။  


အသက်မပြည့်သေးသူတို့အား ပွဲအတွင်းသို့ ဦးဆောင်ခဲ့သည့် လူကြီးများကမူ သုံးလကြာ ထောင်ဒဏ်ချမှတ်ခံရသည်။


ကြံစည်ရာတွင် ပါဝင်ခဲ့သည့် လူတချို့က အပြစ်ဒဏ်မှလွတ်မြောက်ရန် ကြိုးစားနိုင်ခဲ့သော်လည်း ပြစ်တင်ရှုံ့ချခံရခြင်းမှ မလွတ်မြောက်နိုင်ကြချေ။ အသက်မပြည့်သေးပဲ ကျောင်းတက်နေသူအချို့က သူတို့၏မှတ်တမ်းတွင် မှတ်သားခံလိုက်ရမှာဖြစ်ပြီး ကောင်းမွန်သည့်ကျောင်းများသို့ မည်သည့်အခါမှ ဝင်ရောက်နိုင်မှာ မဟုတ်တော့ချေ။ သူတို့က အခြားလူတစ်ယောက်ကို ထိခိုက်အောင်လုပ်ရန် ဆာလဖျူရစ်အက်စစ် အသုံးပြုလိုသူတစ်ဦးနှင့် ဆက်နွယ်လိုသူများအဖြစ် သူတို့၏သူငယ်ချင်းများထံမှ အဆက်အသွယ်ဖြတ်ခံခဲ့ရလေသည်။ 


ကြားနာပြီးသည့်နောက် မော့တိက mask ကိုပြန်လည်တပ်ဆင်ကာ လူစုကြားမှ ပြန်လည်ထွက်ခွာရန်ပြင်စဥ် နောက်နားဆီမှ ခေါ်သံကြားလိုက်ရ၏။


“ ရှောင်တိ...နင်မဟုတ်လား...နင်ဆိုတာ ငါသိပါတယ်...ငါနဲ့စကားပြောဖို့ စိတ်ရှိမလားဟင်...”


မော့လျှိုကွေ့က အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ သူမက မော့တိနောက်တွင်ရပ်နေကာ ပြောလိုက်၏။ 


“ငါ နင်နဲ့တကယ့်ကို စကားပြောချင်လို့ပါ...”


မော့လျှိုကွေ့ကို ဒီမှာတွေ့ရတယ်ဆိုတော့ ဘယ်လိုတောင် အံ့သြစရာကောင်းတာလဲ...


မော့တိ ခြေလှမ်းများကို နှေးချလိုက်သည်။ 


“ ရှောင်တိ... ငါနင်နဲ့ တကယ့်ကို စကားပြောချင်တာပါ...အဲ့ဒါက အရမ်းအရေးကြီးတယ်...ကော်ဖီဆိုင်ကို လိုက်ခဲ့လို့ရမလား...” 


မော့လျှိုကွေ့က မော့တိကို အမြန်ချဥ်းကပ်လိုက်ကာ သူ၏ အင်္ကျီစအား ဆွဲလိုက်၏။  


 “ရှောင်တိ...ရှောင်...”


မော့တိ မျက်မှောင်ကြုတ်လိုက်ကာ မော့လျှိုကွေ့ကို ပြန်ကြည့်လိုက်သည်။  


“ဒါပေမယ့် ငါ့မှာ နင့်ကိုဘာမှပြောစရာမရှိဘူး...” 


မော့လျှိုကွေ့၏ မျက်ဝန်းများက ချက်ချင်းဆိုသလို နီရဲသွားခဲ့သည်။ သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆိုလာ၏။  


“ရှောင်တိ...နင် ဘယ်လိုများ ပြောရက်ရတာလဲ...ငါတို့ကမောင်နှမတွေလေ...” 


“နင် ဘာကိုပြောချင်နေတာလဲ...” 


မော့တိက မော့လျှိုကွေ့ကိုကြည့်လိုက်ရင်း စက္ကန့်အနည်းငယ် ဆက်ပြီးသည်းခံရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။ 


မော့လျှိုကွေ့ သူ့ကိုလာရှာသည့်အခါတိုင်း လျှို့ဝှက်အကြံအစည် ရှိနေတတ်၏။ ဤတစ်ကြိမ် ဖြစ်လာမည့် အရာကိုလည်း သူအလွန်သိချင်လှသည်။  


မော့လျှိုကွေ့က အောက်နှုတ်ခမ်းကို အသာကိုက်ရင်း မျက်ရည်ရစ်ဝဲနေသော မျက်ဝန်းများဖြင့် အသနားခံဟန် ကြည့်လိုက်သည်။  


 “မနက်ဖြန်...မနက်ဖြန်ကျရင် ငါဖေဖေ့ကို သွားကြည့်မှာ...ရှောင်တိ...ဖေဖေ့ကို ငါနဲ့အတူလိုက်တွေ့ပါလားဟင်...” 


သူမ၏ ရည်ရွယ်ချက်ကို ကြားရသည်နှင့် မော့တိ၏ ဦးနှောက်ထဲတွင် အချက်ပေးသံများ မြည်ဟည်းသွားခဲ့သည်။  


“နောက်ဆုံးတစ်ခါ မေမေနဲ့ငါ သွားကြည့်တုန်းကဆို ဖေဖေအရမ်းအိုစာသွားတာ...သူ့ဆံပင်တွေဆို မီးခိုးရောင်သမ်းနေရောလေ...” 


မော့လျှိုကွေ့က ငိုရှိုက်သံဖြင့်ပြောသည်။


“ဖေဖေလေ...နောင်တရပြီးငိုခဲ့တယ်သိလား...နင်ငယ်ငယ်တုန်းက သူ့ကို ဖေဖေလို့ခေါ်ပြီး လာဖက်တဲ့အချိန်တွေကို သူအရမ်းသတိရတယ်ဆိုတဲ့အကြောင်း ငါ့ကိုပြောပြတယ်...သူ နင့်ကို အရမ်းသတိရနေပြီး သူ့ကိုယ်သူလည်း အပြစ်တင်မဆုံးဖြစ်နေရှာတာ...” 


“ ရှောင်တိ...ဖေဖေကနင့်ကိုအရမ်းချစ်ပါတယ်...သူဘာကြောင့် နင့်ကို အယုံအကြည်မရှိတော့မှန်း မသိပေမယ့် နင့်ဆီက ခွင့်လွှတ်မှုကို လိုချင်နေရှာတာ...ရှောင်တိ...ကျေးဇူးပြုပြီး ငါနဲ့အတူ အဖေ့ကို လိုက်တွေ့ပါနော်...သူနင့်ကိုအရမ်းတွေ့ချင်နေတာ...ရှောင်တိ...ရှောင်...” 


“ကောင်းပြီလေ...”


 မော့တိက ပြန်ဖြေလိုက်သည်။


မော့လျှိုကွေ့၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ လွှမ်းခြုံသွားခဲ့၏။  


သူမက မော့တိ ဤကဲ့သို့ မြန်မြန်ဆန်ဆန် သဘောတူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပုံပေါ်သည်။ 


“ဒါပေမယ့်...ငါ နင့်ကို တစ်ခုတော့ သတိပေးချင်တယ်...သူ ငါ့ကို ဘယ်တုန်းကမှ ပွေ့ဖက်တာမျိုး မလုပ်ခဲ့ဘူး...သူက အစ်မကိုပဲ ပွေ့ချီတာလေ...ငါ သူ့နောက်ကို တိတ်တိတ်လေးကပ်သွားပြီး သူ့ရဲ့ပေါင်ကို ဖက်ဖို့ကြိုးစားတုန်းကတောင် ကန်ထုတ်ခံခဲ့ရတာ...” 


“ဒါပေမယ့် နင်မှန်ပါတယ်...သူထောင်ကျသွားပြီဆိုတော့ ငါသူ့ဆီ တစ်ခါလောက်ပဲဖြစ်ဖြစ် သွားကြည့်သင့်တာပေါ့လေ...” 


မော့ရှစ်ဟုန်ရဲ့ အခြေအနေကို ကြည့်ဖို့လေ... 


“သွားဖို့အသင့်ဖြစ်ရင် ဆက်သွယ်လိုက်နော်...ငါ့ အချိန်စာရင်းကို ကျင်းသာ့မှာ လွယ်လွယ်ကူကူ ရှာတွေ့နိုင်မှာပါ...” 


ပြောပြီးသည်နှင့် မော့တိက ချက်ချင်းလှည့်ထွက်လာခဲ့သည်။ 


မော့လျှိုကွေ့က သူ့ကိုတားရန် မကြိုးစားတော့ချေ။ 


သူမ၏ သေးငယ်သော အပြုအမူကို မော့တိ သေချာသတိပြုမိသွားကာ ရင်တွင်း၌ နှာခေါင်းရှုံ့လိုက်မိသည်။ 


မော့လျှိုကွေ့ သူ့အား ခေါ်လိုက်သည့်စက္ကန့်မှစ၍ သူမက သူ့အတွက် ထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်သည်။ 


သူမ၏ စကားကို ကြားသည့်အခါ သူ ၈၀ ရာခိုင်နှုန်းခန့် သေချာသွားခဲ့သည်။ 


သူမဘက်မှ အကြံအစည်ထုတ်လာပြီဖြစ်ရာ မော့တိအနေဖြင့် ရှောင်တိမ်းရန် လမ်းမရှိတော့ချေ။ သူရှောင်ထွက်သွားလျှင်လည်း သူမက သူ့နောက်ကိုလိုက်၍ မော့ရှစ်ဟုန်အား လိုက်လံတွေ့ဆုံရန် အဆက်မပြတ် ငိုယိုတောင်းဆိုနေလိမ့်မည်။  


သူသာ သူမကို အေးစက်စွာ ငြင်းပယ်လိုက်ပါက အင်တာနက်ပေါ်တွင် မျက်ရည်ချူသော စာပိုဒ်နှင့်အတူ သူတို့နှစ်ဦး၏ ဓာတ်ပုံ သို့မဟုတ် ဗီဒီယို တစ်ခုခုတက်လာလိမ့်မည်။  


ဒီလိုဆို သူ့အပေါ် ဘယ်လိုသက်ရောက်လာမလဲ... 


နှလုံးသားအေးစက်တဲ့ မျက်လုံးဖြူဝံပုလွေဆိုပြီးတော့လား...


လူတွေက သတင်းတွင်ပါသည့် အကြောင်းအရာများကိုပင် မေ့လျော့သွားနိုင်ပြီး အိုမင်းမစွမ်း၍ ဖျားနာနေသည့် လူအိုကြီးအပေါ် စာနာစိတ်များ ဝင်လာကြလိမ့်မည်။ မော့လျှိုကွေ့က မော့ရှစ်ဟုန်အား နောင်တအပြည့်ဖြင့် သားဖြစ်သူအား တွေ့ချင်နေရှာသည့် ဖခင်အိုကြီးအဖြစ် သရုပ်ဖော်ထားခဲ့သည့်အတွက် သူ၏ငြင်းပယ်မှုမှာ ရိုင်းစိုင်းရာကျသွားပေလိမ့်မည်။ ဤနည်းအားဖြင့် မော့လျှိုကွေ့က တစ်နေ့ထဲနှင့် လူထုအမြင်ကို ပြန်လည်သိမ်းပိုက်နိုင်လိမ့်မည်။  


ပုံမှန်အားဖြင့် ထိုသို့အမြင်ပြောင်းလဲရာတွင် ပြဿနာအချို့ရှိသော်လည်း ရေတပ်၏ အကူအညီနှင့်ဆိုပါက သူ့အား နှလုံးသားမဲ့သူတစ်ဦးအဖြစ် ထိုးချနိုင်လေသည်။


သူတို့က သူဆိုးဆိုးရွားရွား ဆက်ဆံခံခဲ့ရသည်ကို နားလည်ပေးနိုင်စေကာမူ နောင်တရနေရှာသော ဖခင်အိုအား လိုက်ပါတွေ့ဆုံရန် ငြင်းဆန်လိုက်ခြင်းမှာ မဖြစ်သင့်ကြောင်း ဝိုင်းပြောကြလိမ့်မည်။  


အဆိုပါလွှမ်းမိုးမှုများအောက်တွင် သူနှင့်ပတ်သတ်သည့် အမှန်တရားကို လူတိုင်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မော့ရှစ်ဟုန်က လူထုထံမှ ကိုယ်ချင်းစာမှုများစွာ ရသွားပေလိမ့်မည်။ သူအရင်ကစုစည်းခဲ့သည့် အားပေးမှုများသည်လည်း ပျောက်ကွယ်သွားကာ အနာဂတ်တွင် ဆိုးကျိုးများသာလျှင် စောင့်ကြိုနေမှာဖြစ်သည်။  


မော့လျှိုကွေ့သည်လည်း အကျိုးအမြတ်များစွာကို သိမ်းပိုက်နိုင်သွားပြီး သူမအတွက်ရော မော့မိသားစုအတွက်ပါ လူထုအမြင်ကောင်းကို ပြန်လည်ရယူနိုင်မှာဖြစ်သည်။  


ထို့ကြောင့် သူက မော့ရှစ်ဟုန်ထံ သွားကြည့်ဖို့လိုအပ်လေသည်။ သူလုပ်သင့်သည့် အကြောင်းရင်းအချို့လည်း ရှိသေးသည်။ မော့ရှစ်ဟုန်၏ နေထိုင်ပုံကို ကြည့်ရှုရခြင်းက မော့တိ၏ စိတ်အခြေအနေကို များစွာတိုးတက်စေမှာဖြစ်သည်။ 


သူက ကျင်းသာ့ထံ ပြန်သွားကာ မုထျန်းဟန်အား ကိစ္စအားလုံးကို ပြောပြလိုက်သည်။  


“ကိုယ်တော့ သဘောမတွေ့လှဘူး...မလုံခြုံဘူးလေ...မော့မိသားစုက အခြားထောင်ချောက်တွေ ပြင်ဆင်မထားဘူးလို့ ဘယ်သူသိနိုင်မှာလဲ...” 


“ရဲဝန်ထမ်းတွေ ရှိနေတာပဲလေ...အဆင်ပြေသွားမှာပါ...”


“ဒါကလည်း လုံခြုံတယ်လို့ ပြောလို့မရဘူး...ကြံရာမရဖြစ်နေတဲ့ လူတစ်ယောက်က ဘာမဆိုလုပ်နိုင်တာပဲလေ...” 


မုထျန်းဟန်က သဘောမတူဟန်ဖြင့်ဆို၏။  


“ကိုကို ...သူတို့ ကြံရာမရဖြစ်နေတယ် ဆိုပေမယ့် အရမ်းမပြင်းထန်သေးပါဘူး...မော့မိသားစုမှာ မော့လျှိုကွေ့ရဲ့ ဂုဏ်သတင်းပဲ ကျန်တော့တာမဟုတ်လား...အကယ်၍ ကျွန်တော်တစ်ခုခုဖြစ်ရင် သူတို့အားလုံး သက်ရောက်ခံရမှာပဲလေ...” 


မော့တိ ပြုံးကာ ဆက်ပြောသည်။


“ဒါ့အပြင် ကျွန်တော့်ကို ထိခိုက်အောင်လုပ်ချင်တယ်ဆိုရင် ထောင်ထဲမှာထက် ကျောင်းမှာက ပိုပြီးမလွယ်ကူဘူးလား...” 


မုထျန်းဟန် ခဏကြာ တိတ်ဆိတ်သွားခဲ့၏။ အဆုံးသတ်၌ သူကပြောလာသည်။  


“မနက်ဖြန် ကိုယ်မင်းနဲ့ လိုက်ခဲ့မယ်...” 


“မလိုပါဘူး ကိုကိုကလည်း...ကိုကိုအလုပ်များနေတယ်မဟုတ်လား...” 


“ကိုယ့်ရဲ့ကွန်ရက်က အခြေကျသွားပြီဆိုတော့ လုပ်စရာ များများစားစား မရှိပါဘူး...ကိုယ်လိုချင်သလောက် နားရက်ယူနိုင်တယ်...”


မုထျန်းဟန်က ရှားရှားပါးပါး မော့တိကို အပြတ်ပြောလိုက်သည်။  


“ဒီကိစ္စက ဆုံးဖြတ်ပြီးသွားပြီ...မနက်ဖြန် မော့လျှိုကွေ့ မင်းဆီ ဆက်သွယ်လာတာနဲ့ ကိုယ့်ကို ချက်ချင်းအသိပေးရမယ်...” 


မော့တိက သက်ပြင်းချလိုက်မိသည်။ 


 “…”


သူက မုထျန်းဟန်အား ဒီအတိုင်းပြောပြချင်ခဲ့ခြင်း ဖြစ်သော်လည်း မုထျန်းဟန် သူ့အား တစ်ဦးတည်းသွားခွင့်ပေးမည်ဟု ထင်မှတ်နေခဲ့ခြင်းမှာ အလွန်နုံအရာကျလွန်းသည်။  


“ကောင်းပါပြီ...ကျွန်တော် အသိပေးပါ့မယ်...”


မော့တိက အလေးအနက် သဘောတူလိုက်ကာ မေးလိုက်၏။


“ကိုကို ...ကိုကို့ website ဘယ်လိုနေလဲ...”


'Impression' မှာ မုထျန်းဟန် ဂျူနီယာအထက်တန်း တက်စဥ်က တည်ထောင်ခဲ့သည့် website ဖြစ်သည်။ ယခုဆိုလျှင် အမေရိက၊ ဥရောပနှင့် အခြားသော အာဆီယံနိုင်ငံများ၌ အဓိကကွန်ရက်ဖြစ်နေခဲ့ပြီ ဖြစ်၏။ ဟွာရှား၌သာ 'Impression' က အခြေမကျသေးတာဖြစ်သည်။ ထို့ကြောင့် မုထျန်းဟန်က ဟွာရှား၏အမည်အောက်တွင် ပိုမို၍လုံခြုံသော ကွန်ရက်တစ်ခုဖြစ်စေရန်အတွက် ကိုယ်တိုင်လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။   


(TN: 华夏 ဟွာရှားဆိုတာက 'China' ရဲ့ ရှေးစကားလုံးပါ...စာရေးသူက 'ဟွာရှား' လို့သုံးထားတဲ့အတွက် ဘာသာမပြန်တော့တာဖြစ်ပါတယ်...မုထျန်းဟန်ရဲ့ website မှာတော့ 花下 သုံးထားပါတယ်...အသံထွက်ချင်းကတော့ အတူတူပါပဲ...ဘာသာပြန်သူ အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်တော့ 'ပန်းများရဲ့အောက်မှာ' တဲ့...)


မော့တိက မုထျန်းဟန် အရင်ဘဝကဲ့သို့ မတော်တဆမှု မဖြစ်တော့သည့်အတွက် ဟွာရှား၏လူမှုကွန်ရက်က အပြည့်အဝ သိမ်းပိုက်ခံလိုက်ရခြင်း ဖြစ်နေမည်လားဟု သိချင်လာခဲ့သည်။  


“မဆိုးပါဘူး...တဟုန်ထိုးကို တိုးတက်နေတာ...” 


ဟွာရှားမှာ အတူးခံရရန် စောင့်မျှော်နေသည့် ရွှေတွင်းကြီးဖြစ်ကြောင်း မုထျန်းဟန် သိရှိသော်လည်း နိုင်ငံခြားတိုင်းပြည် ပိုင်ဆိုင်သည့် လုပ်ငန်းတစ်ခုအား ပြည်တွင်းသို့ တင်သွင်းခြင်းမှာ ထင်သလောက်မလွယ်ကူချေ။ အစိုးရအနေဖြင့် ငွေအရင်းအနှီး အတက်အကျကိုရော လူထုအတွင်းသို့ သတင်းစီးဆင်းသွားခြင်းကိုပါ ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်သည်။ ထို့ကြောင့် မုထျန်းဟန်က အစိုးရနှင့် နက်ရှိုင်းစွာဆက်နွယ်နေသည့် ကျောင်းမိသားစုနှင့် ပူးပေါင်းရန်လိုအပ်ခဲ့ခြင်းဖြစ်သည်။ 


မော့တိနှင့် မတွေ့ခင်ကတည်းက စာချုပ်ချုပ်ပြီးခဲ့ပြီဖြစ်၏။ တစ်နည်းအားဖြင့် ကုမ္မဏီအား သူ့သူငယ်ချင်း အမည်အောက်တွင်ထားကာ သူက အကြီးဆုံးရှယ်ယာရှင်အဖြစ် နောက်ကွယ်မှ စီမံနေခြင်းမှာ ပိုမိုဉာဏ်ကောင်းရာကျလေသည်။  


သို့သော် ၎င်းမှာ သူတို့ အနာဂတ်တွင် အလုပ်အတူလုပ်နိုင်မည့် အခွင့်အရေးမရှိဟု မဆိုလိုချေ။ ဟွာရှားက ရေကိုစမ်းသပ်ကြည့်ချင်သဖြင့် အသုံးပြုလိုက်သည့် ပရောဂျက်များအတွင်းမှ ပထမဆုံးတစ်ခုသာ ဖြစ်သည်။ ထို့အပြင် အပေါ်ယံ၌ ကျောင်းမိသားစုနှင့် ပူးပေါင်းမှုမှာ လိုက်လျောညီထွေ ဖြစ်ပုံပေါ်သော်လည်း သူတို့၏ စီးပွားရေးအမြင်အရ သဘောထားကွဲလွဲမှု များစွာရှိလေသည်။ သူတို့၏ ပဋိပက္ခများ အနာဂတ်တွင် ပို၍များပြားလာမည်ဟူ၍လည်း သူ ခန့်မှန်းထား၏။  


မော့တိက ဆက်ပြောသည်။ 


 “ကိုကို...ကျွန်တော့်ဂိမ်းက ပြိုင်ပွဲမှာ အနိုင်ရပြီး ထိပ်ဆုံးအယောက်နှစ်ဆယ်ထဲ ဝင်သွားတာနဲ့ ကျွန်တော်တို့ရဲ့ သီးသန့်အင်တာဗျူးကို ကိုကို့ website မှာ အရင်ဆုံးတင်ပေးမယ်...ဘယ်လိုလဲ...” 


ပြိုင်ပွဲ၏ အဆိုပါအဆင့်တွင် ထိပ်ဆုံးအသင်းနှစ်ဆယ်အား ကြေငြာပြီးသည်နှင့် သတင်းစာတိုက်များစွာက သူတို့နှင့် အင်တာဗျူးရန် ရောက်ရှိလာကြမှာဖြစ်ပြီး ဂိမ်းကော်မတီကလည်း ထောက်ပံ့မှာဖြစ်သည်။ ၎င်းမှာ ပထမဆုံးဂိမ်းပြိုင်ပွဲ ကျင်းပစဥ်ကတည်းက ဖြစ်နေကျကိစ္စရပ်ဖြစ်၏။  


မုထျန်းဟန် ပြုံးလိုက်သည်။ မော့တိ သူ့အား ကူညီချင်နေမှန်း သူသိသော်လည်း အခွင့်အရေးများစွာ ဇွန်းတပ်ခွံ့ကျွေးခဲ့သည့် ကလေးငယ်အား မလွမ်းဆွတ်မိပဲမနေနိုင်ခဲ့ချေ။ 


“ကောင်းတာပေါ့...” 


မုထျန်းဟန်က နွေးထွေသောအသံဖြင့် ညင်သာစွာ ပြောလိုက်သည်။ 


“ကိုယ် မင်းကို အရင်ကျေးဇူးတင်ထားမယ်နော်..ကိုယ့် website က နာမည်ကြီးလာတာနဲ့ မင်းက ကိုယ့်ရဲ့သူရဲကောင်းပဲ...”  


မော့တိက မုထျန်းဟန်၏ နူးညံ့ပြီး ဆွဲငင်မှုရှိသော အသံကြောင့် ရှက်သွေးဖြာသွားခဲ့သည်။  


“ကျွန်တော် လုပ်ခဲ့တာက အဲ့လိုဂုဏ်ပုဒ်ရဖို့ထိ မထိုက်တန်ပါဘူး...ဒါက အင်တာဗျူးလေး တစ်ခုပါပဲ...အရမ်းအထောက်အကူ ဖြစ်တာမျိုး မဟုတ်ပဲနဲ့ကို...” 



သူတို့နှစ်ဦးက ဖုန်းမချခင်အထိ ဆယ်မိနစ်လောက် စကားမမြည်ပြောခဲ့ကြသည်။  


မော့ရှစ်ဟုန်ထံ သွားတွေ့သည့်ကိစ္စအား ထုတ်ပြောလိုက်မိသည်နှင့် မုထျန်းဟန် ဒီအတိုင်းသွားခွင့်ပေးမှာ မဟုတ်ကြောင်း မော့တိသိရှိလေသည်။ အကယ်၍ မနက်ဖြန် မော့လျှိုကွေ့ သူ့ကိုခေါ်သည့်အခါ မုထျန်းဟန်အား အကြောင်းမကြားမိပါက တစ်ဖက်လူ သေချာပေါက် စိတ်ဆိုးပေလိမ့်မည်။  


“အိုင်း…” 


မော့တိက သက်ပြင်းချလိုက်မိသော်လည်း နှလုံးသားထဲတွင်မူ ချိုမြိန်မှုများနှင့် ပြည့်နှက်၍နေ၏။


သူက ဤကဲ့သို့ချစ်ခင်မှုမျိုးကို အရင်ဘဝတွင် မည်သူ့ထံကမှ မရရှိခဲ့ဖူးချေ။ ၎င်းက ချိုမြိန်နိုင်သည့် နယ်နိမိတ်ကိုပင် ကျော်လွန်လျက် အရာအားလုံးကို ချိုမြိန်မှုများဖြင့် ဖုံးလွှမ်းသွားသည်ဟု ဆိုနိုင်သည်။  


ယခုအချိန်တွင် သူ အလွန်ပျော်ရွှင်မိ၏။


သူ၏ ဒုတိယအတန်းချိန် ပြီးဆုံးသွားသည်နှင့် မော့လျှိုကွေ့က အတန်းရှေ့တွင် စောင့်နေသည်ကို တွေ့လိုက်ရလေသည်။ 


သူမက အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ နက်မှောင်သည့် ဆံနွယ်များကို ပုလဲကလစ်ဖြင့် တစ်ဝက်စည်းတစ်ဝက်ချ စုစည်းထားပြီး သန့်စင်လှပသည့် ပုံရိပ်ကို ထင်ဟပ်နေစေ၏။  


မော့တိကို တွေ့လိုက်သည်နှင့် သူမ၏ မျက်ဝန်းထောင့်များ နီရဲလာကာ ဖြတ်သွားဖြတ်လာများထံမှ ကိုယ်ချင်းစာမှုကို ဆွဲငင်လျှက်ရှိလေသည်။  


“ ရှောင်တိ...ငါတို့တွေ ဖေဖေ့ဆီကို နေ့လည် ၃နာရီခွဲမှာ သွားကြစို့နော်...အချိန်သိပ်မရှိတော့ဘူးဆိုတော့ ခုချက်ချင်းသွားပြီး နေ့လည်စာကို လမ်းမှာပဲ စားကြမယ်လေ...” 


မော့တိ : “…”


မော့လျှိုကွေ့က ဘာဖြစ်နေတာလဲ...ထောင်ကျနေတဲ့ မော့ရှစ်ဟုန်ဆီကို တကယ်ကြီး ဒီလိုဝတ်စားပြီး သွားတွေ့မလို့လား...


Xxxxxx