အပိုင်း ၉၁
Viewers 28k

Chapter 91


မည်သို့ပင်ဆိုစေကာမူ သူမ၏ လော့ဂျစ်အတိုင်းဆိုပါက သူမ ကောင်းမွန်စွာနေထိုင်နေကြောင်း ဖခင်ဖြစ်သူအား သိရှိစေလိုခြင်း ဖြစ်ပေလိမ့်မည်။


မော့တိက အမူအရာပင် တစ်ချက်မပြောင်းပဲ ဖုန်းမှ အချိန်ကိုကြည့်လိုက်၏။ 


“အခုမှ ၁၂နာရီ ဆယ်မိနစ်ပဲ ရှိသေးတာ...ငါ ကျောင်းမှာပဲ စားလိုက်တော့မယ်...” 


အနားမှ ဖြတ်သွားသည့် ကျောင်းသားများက သူတို့ကို ကြည့်ကြည့်နေကြသည်။ မော့တိက နောက်သို့လှည့်ကာ အတန်းထဲသို့ ပြန်သွားလိုက်၏။ 


 “နင်လည်း နေ့လည်စာ အရင်စားသင့်တယ်...ထောင်အပေါက်ဝမှာ ၃နာရီကျ ပြန်ဆုံကြတာပေါ့...” 


“ငါတို့ နေ့လည်စာ အတူတူစားပြီး အတူတူသွားကြတာ ပိုမကောင်းဘူးလား...”


မော့လျှိုကွေ့က သူ့နောက်မှ တောက်လျှောက်လိုက်လာခဲ့သည်။ သူမ၏မျက်ဝန်းများကမူ မကျေနပ်ရိပ်များ ထင်ဟပ်၍နေ၏။  


“ရှောင်တိ...ရှောင်တိ...စကားပြောရအောင်လေ...ငါတို့တွေ စကားမပြောဖြစ်တာ အရမ်းကြာပြီနော်...ငါနင့်ကို အရမ်းစိတ်ပူနေတာ...ခုရက်ပိုင်း ဘာတွေလုပ်နေလဲဟင်...နင် အဆင်ပြေ...” 


“ငါ ကောင်းကောင်းနေနေပါတယ်...” 


မော့တိက သူမကို ကြားဖြတ်ပြောလိုက်သည်။ သူက မော့လျှိုကွေ့အားကြည့်ရင်း ပြုံးလိုက်ကာ 


“ဘယ်သူကမှ ငါ့ကို မနှိပ်စက်ဘူး...ဘယ်သူကမှ ငါ့ကို အရေးမပါသလို မခံစားရစေဘူး...ဘယ်သူကမှလည်း ငါနဲ့ ပတ်သတ်ပြီး ဘက်လိုက်တာမျိုး မရှိဘူးလေ...နင် ဒါကိုကောင်းကောင်းကြီး နားလည်ပါတယ်...” 


မော့လျှိုကွေ့က မော့တိ၏ စကားများကြောင့် ဦးနှောက်ခြောက်သွားခဲ့ကာ သူမ ပြန်လည်ချေပတော့မည့်အချိန်၌ ရှန့်ယွီချောင်နှင့် အခြားလူများက သူမအား တားမြစ်လိုက်သည်။  


“ငါတို့ရဲ့ ရှောင်တိဆီက ဘာကိုလိုချင်နေတာလဲ...မီးစာဖြည့်ရင်း ကိစ္စတွေ ပိုဆိုးအောင်လုပ်ဖို့ လာခဲ့တာလား...” 


“မင်း ရှောင်တိကို ပြဿနာရှာတာရပ်ဖို့ ငါအကြံပေးလိုက်မယ်နော်...အပြင်ပန်း လှသလောက် စိတ်ကတော့ သက်သက်စီပဲ...” 


“ရှောင်တိ...နေ့လည်စာ စားချိန်ရောက်နေပြီ...အပြင်သွားရအောင်...တစ်ယောက်ထဲစားဖို့ တွေးမနေနဲ့...” 


အဖွဲ့က မော့တိကို ဝန်းရံလိုက်ပြီး မော့လျှိုကွေ့၏လမ်းကို ပိတ်ဆို့လိုက်သည်။ ချန်ကျောင်းက မော့တိကို အမြန်ဆွဲခေါ်လိုက်ပြီးနောက် မော့လျှိုကွေ့အား နောက်တွင်ချန်ခဲ့လိုက်၏။  


သို့သော် ယခုအကြိမ်၌ သူမက လက်လျှော့ရန် ငြင်းဆန်နေဆဲဖြစ်သည်။ သူတို့အုပ်စုနှင့် မလှမ်းမကမ်းမှ ထပ်ကြပ်မကွာလိုက်လာပြီး မော့တိက ထိုင်ခုံတွင် နေရာယူလိုက်သည့်ခါ သူမသည်လည်း သူတို့နံဘေးရှိစားပွဲတွင် ထိုင်ချလိုက်သည်။  


မော့တိက ပို၍ပင် စိတ်မရှည်ဖြစ်လာခဲ့ကာ စားသောက်နှုန်းကို အရှိန်တင်လိုက်သည်။ 


မော့လျှိုကွေ့က မော့တိအား စကားဖြင့်ထိုးနှက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း သူ၏တုံ့ပြန်မှုက သူမ မမျှော်လင့်ထားသည်များသာ ဖြစ်နေခဲ့၏။ သူက သူမအား လုံးလုံးလျားလျား လျစ်လျူရှုထားခြင်းမရှိပဲ သူမ၏မေးခွန်းများကို အချိန်နှင့်တပြေးညီ ဖြေကြားပေးလျက်ရှိသည်။ သို့သော် သူ၏စကားများက ခပ်ပေါ့ပေါ့သာဖြစ်ရာ သူမအနေဖြင့် မည်သည့်အမှားကိုမှ ရှာဖွေ၍မရပဲဖြစ်နေခဲ့၏။ 


မော့တိက မော့လျှိုကွေ့၏ လူမြင်ကွင်းတွင် ပြုလုပ်ရန်ကြိုးစားနေသည့် လှည့်စားမှုသေးသေးလေးကို ကောင်းစွာသိရှိထားသည့်အတွက် သူမနှင့်အတူ လိုက်လျောညီထွေ ပြောဆိုလျက်ရှိသည်။ ပတ်ဝန်းကျင်တွင် လူအများအပြားရှိနေရာ သူမအား အခြေအနေကို ပြောင်းပြန်လှန်ခွင့် လုံးဝမပေးနိုင်ချေ။  


မော့လျှိုကွေ့က သူမလိုချင်သည့် ရလဒ်ကို မရရှိသည့်အတွက် ရှုံးနိမ့်မှုအား ခံစားလိုက်ရသည်။ စားသောက်နေသည့် အစားအစာကိုလည်း ဂရုမပြုနိုင်တော့သည့်အတွက် ငရုတ်သီးတစ်ဖတ်ကိုပင် မတော်တဆ ဝါးမိသွားလေသည်။ သူမ၏ မျက်နှာက ရှုံ့မဲ့သွားပြီး လျှာမှာလည်း လောင်ကျွမ်းတော့မလို ခံစားလိုက်ရ၏။  


မော့တိ အဘယ်ကြောင့် ရုတ်တရက်ကြီး ချဥ်းကပ်ရလွယ်လာကာ၊ သူမအား အလွန်သည်းခံလာနိုင်ခဲ့မှန်း မော့လျှိုကွေ့ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူမလိုချင်သည်မှာ သူမအား လျစ်လျူရှုထားစေချင်ခြင်းဖြစ်ပြီး ကျန်ကိစ္စများအတွက်မူ ဇာတ်ညွှန်းအတိုင်း လုပ်ဆောင်သွားရုံသာဖြစ်၏။ သို့သော် မော့တိက အလွန်ပါးနပ်လှသည်။ သူက ကြည်ကြည်သာသာပင်ရှိနေကာ သူမနှင့် ပုံမှန်ပြောဆိုနေရင်း သူမ၏ အကြံအစည်များကို ဆန့်ကျင်ဘက်ရလဒ်သာ ထွက်ပေါ်လာစေသည်။  


မော့လျှိုကွေ့ စိတ်ရှုပ်သွားခဲ့သည်။ သူမ၏ အတွေးများကိုပင် ပြန်လည်မစုစည်းနိုင်တော့ပဲ မော့တိအား အလေးထားမှုကို ပြသရန် အလောတကြီး ကြိုးစားလိုက်၏။ သူမက စွပ်ပြုတ်ဆိုင်ခန်းကို ညွှန်ပြလိုက်ကာ ပြောလာသည်။  


“ ရှောင်တိ...နင် သစ်ကြားသီးယာဂုကို အရမ်းကြိုက်တတ်မှန်း ငါ မှတ်မိသေးတယ်...ဒီမှာ မရောင်းတာ ဆိုးတာပဲ...သစ်ကြားသီးရာသီကုန်သွားပြီဆိုပေမယ့် မေမေက အိမ်မှာအများကြီး ဝယ်ထားတယ်လေ...သူမက...သူမက...နင်သာ အိမ်မှာရှိရင် နင့်အတွက် ချက်ပြုတ်ပေးလို့ရမှာဆိုပြီး တဖွဖွပြောနေရှာတာ...”  


မော့လျှိုကွေ့၏ မျက်နှာက ဝမ်းနည်းမှုများ ထင်ဟပ်သွားကာ ပြန်မရနိုင်သည့် အတိတ်ကို လွမ်းဆွတ်တမ်းတနေဟန် ပေါ်လွင်နေ၏။  


သို့သော် မော့တိ၏မျက်ဝန်းက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ 


သစ်ကြားသီးယာဂုတဲ့လား...


သူက သစ်ကြားသီးများကို မနှစ်မြို့သော်လည်း မော့မိသားစုမှ ထွက်လာပြီးသည့်နောက် ဂိမ်းကုမ္မဏီနှင့် အလုပ်များနေခဲ့သဖြင့် မနက်စာအတွက် အချိန်မပေးနိုင် ဖြစ်ခဲ့ရ၏။ ထို့ကြောင့် သူ့ကုမ္မဏီ၏ မျက်နှာချင်းဆိုင်စတိုးမှသာ ဝယ်ယူစားသောက်ရင်း ဖြေရှင်းလေ့ရှိသည်။ ထိုစတိုးဆိုင်၌ ဘန်းကိတ်များအပြင် သစ်ကြားသီးယာဂုကိုလည်း ရောင်းချလေသည်။ ၎င်း၏စျေးနှုန်းသည်လည်း အလွန်ပင်သင့်တင့်လှ၏။ ထို့ကြောင့် သူက အစာသွပ်ဘန်းမုန့်နှင့် သစ်ကြားသီးယာဂုကို နေ့စဥ်နေ့တိုင်း မှာယူစားသောက်လေ့ရှိလေသည်။  


သူ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခံလိုက်ရသည့်အချိန်တွင် မော့လျှိုကွေ့က ကုမ္မဏီရှိ တစ်စုံတစ်ဦးထံမှ သူ၏မနက်စာအကြောင်း ကြားသိခဲ့ရပြီးနောက် သူမ၏မောင်ငယ်လေးမှာ သစ်ကြားသီးယာဂုအား နှစ်သက်သည်ဟု ယူဆသွားခဲ့သည်။ သူမ သူ့အပေါ် မည်မျှဂရုစိုက်ကြောင်း ပြသရန်အတွက် သစ်ကြားသီးယာဂုကို မှာယူကာ ဆေးရုံသို့ နေ့စဥ်ပို့ပေးလေသည်။ ကောင်းမွန်လှသော သူနာပြုများက သူ ထိုအရာအား စားသောက်ကြောင်း သေချာစေရန်အတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြလေ့ရှိသည်။  


မော့တိက ခေါင်းငုံ့ကာ ဗြောင်းဆန်လာသော ခံစားချက်များအား ဖိနှိပ်ရင်း စိတ်ငြိမ်ငြိမ်ထား၍ တွေးတောရန် သူ့ကိုယ်သူ တွန်းအားပေးနေ၏။  


မော့လျှိုကွေ့က အတိအကျ ဘာကို ဆိုလိုချင်တာလဲ... 


ဘာလို့ သူမ ရုတ်တရက်ကြီး စကားလွှဲရတာလဲ...သူတစ်ခါမှ မော့မိသားစုရှေ့မှာ သစ်ကြားသီးယာဂုအကြောင်း မပြောခဲ့ဖူးပါဘူး... 


မော့လျှိုကွေ့ကရော ပြန်လည်မွေးဖွားလာသူပဲလား...


ဒါ့ကြောင့် သူမက ကိုယ့်ဟာကိုယ်မနေပဲ လိုက်တိုက်ခိုက်နေတာလား... 


ဒါပေမယ့် အဲ့ဒါက သူ အခုအချိန်မတိုင်ခင်ထိ ဘယ်လိုအသက်ရှင်နေခဲ့လဲဆိုတာ ရှင်းပြနိုင်မှာမဟုတ်လောက်ဘူး...


ဖြစ်နိုင်တာ သူမလည်း အရင်ဘဝက မှတ်ဉာဏ်တွေကို အမှတ်ရနေပေမယ့် နည်းနည်းချင်းစီပဲ သတိရတာမျိုးလား... 


မော့တိက ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည်ဟု ခံစားလိုက်ရသည်။  


အကယ်၍ မော့လျှိုကွေ့မှာ ပြန်လည်မွေးဖွားလာခြင်း သို့မဟုတ် အရင်ဘဝရှိ မှတ်ဉာဏ်များကို အမှတ်ရနေခြင်းသာ ဖြစ်ခဲ့ပါလျှင် သူ့အား ဤစကားကိုပြောခြင်းဖြင့် တစ်ခုခုစမ်းသပ်ရန် ကြိုးစားနေခြင်းပေလား...


အမှတ်တမဲ့ ပြောလိုက်မိတာလား...ဒါမှမဟုတ် သတိပေးချင်တာလား... 


မော့တိက နမိတ်မကောင်းသလို ခံစားလိုက်ရသည်။ သူ မော့လျှိုကွေ့ကို ကြည့်လိုက်သည့်အခါ သူမက သူ့အား ချိုမြိန်စွာပြုံးပြနေလေသည်။  


မော့တိက ဖတ်ရခက်သောမျက်နှာကို ဆက်လက်ထိန်းသိမ်းလျက် ပြောလိုက်သည်။


“နင် အမှတ်မှားတာမဟုတ်လား...ငါ သစ်ကြားသီးယာဂု ကြိုက်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး...မော့စစ်လန်ကသာ အနီရောင်စွန်ပလွံသီးတွေနဲ့ ယာဂုကိုကြိုက်တာလေ...ဒါပေမယ့် သူ လက်ရှိရောက်နေတဲ့ နေရာမှာတော့ အဲ့ဒါကို မြင်တောင်မြင်နိုင်မှာမဟုတ်ဘူးပဲ...” 


မော့လျှိုကွေ့၏ အပြုံးက တောင့်ခဲသွားခဲ့သည်။  


“ရှောင်တိ...စတုတ္ထအစ်ကိုက နည်းနည်းစိတ်ရှုပ်ထွေးသွားခဲ့တာပါ...သူ နောင်တရနေ...” 


“ကောင်းတာပေါ့...အဲ့လိုဆို ပြစ်ဒဏ်ကျတဲ့ ရက်နည်းနည်းလျော့သွားလိမ့်မယ်...” 


မော့တိက သူမအား ပြုံးပြလိုက်ကာ မုထျန်းဟန်အား ဖုန်းခေါ်လိုက်ပြီးနောက် စကားအနည်းငယ်ပြော၍ ဖုန်းပြန်ချလိုက်၏။  


မော့တိ မုထျန်းဟန်နှင့် ဖုန်းပြောနေသည်ကိုကြည့်ရင်း မော့လျှိုကွေ့ အနည်းငယ် မသက်မသာဖြစ်လာခဲ့သည်။ 


မော့တိက နေ့လည်စာကို အမြန်အဆုံးသတ်ကာ ရှန့်ယွီချောင်နှင့် ကျန်သူများအား စကားအချို့ပြောပြီးနောက် ပန်းကန်ဆေးသည့်အစ်မကြီး၏ ဘေစင်ထဲသို့ သူ၏ပန်းကန်များကို သွားထည့်လိုက်သည်။ ထို့နောက် ချက်ချင်းထွက်ခဲ့လေသည်။  


အကြောင်းရင်းတစ်ချို့ကြောင့် မော့လျှိုကွေ့ ဤတစ်ကြိမ်၌ သူ့နောက် ထပ်မံ၍ လိုက်မလာတော့ချေ။  


မော့တိက ခြေလှမ်းသွက်သွက်လှမ်းကာ မုထျန်းဟန်ကို စောင့်ရန်အတွက် ကျောင်းအနောက်ဘက်ဂိတ်သို့ ဦးတည်လိုက်၏။  


သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းရန် အချိန်အတော်လေး ယူခဲ့ရသည်။ မော့လျှိုကွေ့၏ စကားလုံးများတွင် မပြတ်သားသည့်အဓိပ္ပါယ်များ ပါဝင်နေ၏။ အချို့လူများက သစ်ကြားသီးစွပ်ပြုတ်နှင့် ပတ်သက်၍ မည်သည့်အရာကိုမှ ရှာတွေ့နိုင်မှာ မဟုတ်သော်လည်း သူကမူ ၎င်း၏ဆိုလိုရင်းအပေါ် သတိကြီးကြီးထားမိလေသည်။  


ထိုစကားကိုပြောရသည့် သူမ၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ သေချာမသိသော်လည်း သူမ လတ်တလောလုပ်ဆောင်ချက်များအရ တစ်စုံတစ်ခုအား မော့တိ အတပ်ပြောနိုင်သွားခဲ့သည်။  


မော့လျှိုကွေ့တွင်လည်း အတိတ်ဘဝ၏မှတ်ဉာဏ်များ ရှိနေလေသည်။ 


သူ့လိုပဲ ပြန်လည်မွေးဖွားလာတာလား...ဒါမှမဟုတ် အခြားနည်းတစ်ခုခုကြောင့် သူတို့အတိတ်ဘဝကို မှတ်မိနေတာလား...


သူ ထိုအရာနှင့်ပတ်သတ်၍ အတည်ပြုနိုင်ရန် လမ်းမမြင်သော်လည်း နောက်ထပ်လျှောက်ရမည့်လမ်းမှာ ခက်ခဲလာပြီဖြစ်ကြောင်း ကောင်းစွာနားလည်လိုက်သည်။ 


မော့လျှိုကွေ့၏ လတ်တလောလှုပ်ရှားမှုများအရ သူတို့၏ အတိတ်အကြောင်း သူမ သိရှိထားသည်မှာ သေချာနေသည့်အပြင် သူ့အား ရန်သူအနေဖြင့် ဆက်ဆံရန် ဆုံးဖြတ်လိုက်ပုံရကြောင်း ခန့်မှန်းနိုင်လေသည်။  


မော့တိက ပြောင်းပြန်ဖြစ်နေသလို ခံစားလိုက်ရ၏။


အဓိကဇာတ်ကောင် အရှိန်အဝါနဲ့ မွေးလာခဲ့တဲ့ မော့လျှိုကွေ့က သူ့ဘဝကြီး ဘယ်လောက်ဆိုးရွားခဲ့မှန်း သိတာတောင် သူ့အပေါ် ရက်စက်ချင်နေတုန်းပေါ့လေ...ဘာကြောင့်လဲ...  


မူလဇာတ်ကြောင်းအတိုင်း မသွားပဲနဲ့ သူမရဲ့ သိက္ခာကျစေခဲ့လို့လား...သူ့ရဲ့ ပုန်ကန်မှုက သူမရဲ့ ချိုမြိန်ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ခြိမ်းခြောက်နေတယ်လို့ ခံစားရတာကြောင့်လား...ဒါ့ကြောင့် သူမက သူ့ကိုရှင်းပစ်ချင်တာလား... 


မော့တိက နှလုံးသားအတွင်း အေးစက်စက်ခံစားလိုက်ရသည်။ 


ဤသို့ဆိုပါက မော့လျှိုကွေ့အနေဖြင့် အနာဂတ်တွင် သူ့အတွက် အဟန့်အတားများစွာ ဖန်တီးပေလိမ့်မည်။ အလွယ်ဆုံးက ဂိမ်းပြိုင်ပွဲဖြစ်၏။ သူမနှင့် ယီချန်းဖုန်၏ ဆက်ဆံရေးက သူ့အား ပြိုင်ပွဲတွင်ယှဥ်ပြိုင်ရန် ခက်ခဲစေခဲ့သည်။ ၎င်းအကြံအစည်က ကျရှုံးခဲ့သော်ငြား သူမ လက်လျှော့ဦးမှာမဟုတ်ချေ။  


သူမ နောက်တစ်ခါ ဘာအကွက်ရွှေ့မလဲဆိုတာ သိရခက်လာပြီပဲ... 


မော့တိ အတွေးထဲနစ်နေစဥ် ကားဟွန်းသံကြားလိုက်ရသည်။  


မုထျန်းဟန်က ကားမှန်ကိုချကာ ငေးကြောင်နေသည့် မော့တိကို ပြုံးပြလိုက်၏။ 


 “ကလေးလေး...ဘာတွေတွေးနေတာလဲ...” 


“အိုး...ဘာမှမဟုတ်ပါဘူး...” 


မော့တိ မုထျန်းဟန်ကို တွေ့လိုက်သည်နှင့် အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့သည်။


 “ကိုကို...မြန်လိုက်တာ...”


“မင်းဖုန်းခေါ်တော့ ကိုယ်မင်းဆီလာနေတဲ့လမ်းမှာလေ...”


မော့တိ အံ့သြသွားခဲ့၏။ 


“ကိုကို...ကျွန်တော် ဘာမှမပြောလို့ စိုးရိမ်ပြီး ကျွန်တော့်ကို လာစစ်ဆေးတာ မဟုတ်လား...” 


မော့တိ တံခါးကိုဖွင့်ကာ ကားထဲဝင်ထိုင်လိုက်သည်။ 


“အင်းလေ...အမှန်ပဲ...” 


မုထျန်းဟန်က အပြစ်ရှိဟန်စိုးစဥ်းပင်မရှိပဲ ဝန်ခံလိုက်၏။ .


မော့တိ ပြောစရာစကားမရှိ ဖြစ်သွားခဲ့သည်။ 


လမ်းမပေါ်တွင် ကားကျပ်နေလေသည်။ မုထျန်းဟန်၏ Maybach ကားလေးက ဖြည်းညှင်းစွား မောင်းနှင်လျှက်ရှိ၏။ နှစ်နာရီမျှ ကားမောင်းပြီးသည့်နောက် သူတို့က ထိန်းသိမ်းထားသည့်စင်တာသို့ ၃နာရီ တိတိတွင် ရောက်ရှိသွားခဲ့သည်။  


ဆယ်မိနစ်အကြာ၌ မော့လျှိုကွေ့ ရောက်ရှိလာ၏။ သူမက ချင်ချန်းယီနှင့်မဟုတ်ပဲ ယီချန်းဖုန်နှင့်အတူ လာရောက်ခဲ့လေသည်။  


မော့လျှိုကွေ့က မော့တိနှင့် ယီချန်းဖုန်ကို မိတ်ဆက်ပေးလာ၏။ သူမ၏ အစစ်အမှန် ရည်ရွယ်ချက်အား မော့တိ ပို၍ပင် သတိထားလာခဲ့သည်။  


မော့တိက သူတို့အား တစ်ချက်မျှ ဂရုမစိုက်ပဲ ဂိတ်ဝသို့လျှောက်သွားခဲ့၏။ မော့လျှိုကွေ့နှင့် ယီချန်းဖုန်တို့၏ မျက်နှာများ ပျက်ယွင်းသွားခဲ့ကြသည်။  


ယေဘူယျအားဖြင့် လက်တွေ့ဘဝရှိ အကျဥ်းထောင်မှာ ရုပ်ရှင်များထဲရှိ အကျဥ်းထောင်ကဲ့သို့ သန့်ရှင်းပြီး တောက်ပသော မှန်ကူကွက်သဏ္ဍာန် ပြတင်းပေါက်များမရှိချေ။ မော့ရှစ်ဟုန်နှင့် အခြားထောင်သားများက ဖန်နံရံ၏အခြားတစ်ဖက်တွင် မတ်တပ်ရပ်နေကာ ဆွေမျိုးများက မှန်ကိုဖြတ်၍ သူတို့နှင့်စကားပြောကြရလေသည်။  


မော့တိက ထိုသူအား တွေ့ချင်စိတ်မရှိခဲ့ချေ။ အကွာအဝေးတစ်ခုတွင် ထောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ကတုံးပြောင်ပြောင်နှင့် မော့ရှစ်ဟုန်အား တွေ့နေရသည်။ ထိုသူ့ထံတွင် မည်သည့်တင့်တယ်မှုမှ မကျန်ရှိတော့ပဲ စိတ်ရောကိုယ်ပါ ပြိုလဲနေပြီဖြစ်ကြောင်း မော့တိပြောနိုင်၏။ ကြည့်ရသည်မှာ ဤနေရာ၌ အလေးပေးဆက်ဆံမှုမျိုး မရှိပုံရလေသည်။  


မော့တိက မော့ရှစ်ဟုန်ကိုတွေ့သော်လည်း ဘာမှ အထူးတလည် မခံစားရချေ။ မော့လျှိုကွေ့နှင့် စကားပြောပြီးနောက် သူ့ထံသို့ မုန်းတီးစွာစိုက်ကြည့်လာသော်လည်း မော့တိအနေဖြင့် သွေးပူလာခြင်းမျိုးမရှိပဲ ပျင်းရိမှုပင် ပြေပျောက်သွားခဲ့သည်။ 


သူက မော့ရှစ်ဟုန်အား ပြုံးပြလိုက်၏။ 


ရလဒ်အနေဖြင့် ဖန်နံရံတစ်ဖက်ရှိ မော့ရှစ်ဟုန်က အလွန်အမင်း ဒေါသတကြီးဖြစ်လာခဲ့သည်။ ကံမကောင်းစွာဖြင့် သူ ဘာကိုမှလုပ်နိုင်စွမ်းမရှိချေ။ သူက အလိုမကျစွာဖြင့် ဖန်နံရံ၏ မျက်နှာပြင်ကို ကန်လိုက်သည့်အခါ ထောင်စောင့်က ဤကဲ့သို့အရာမျိုး နောက်တစ်ကြိမ်ထပ်လုပ်ပါက ချက်ချင်းအဝေးသို့ ခေါ်ထုတ်ပစ်မည်ဖြစ်ကြောင်း မာဆတ်ဆတ်ဖြင့် သတိပေးလာခဲ့သည်။  


မော့ရှစ်ဟုန်က ကြက်တစ်ကောင်ပမာ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ထပ်မံမလုပ်ဝံ့တော့ချေ။  


မော့တိ ထပ်မံရယ်မောလိုက်၏။ ဥပဒေမှာ အင်မတန်ကောင်းမွန်သည့် အရာဖြစ်လေသည်။


Xxxxxxx