အပိုင်း ၉၂
Viewers 28k

Chapter 92


မော့တိက မော့လျှိုကွေ့အား စောင့်ဆိုင်းနေခြင်းမရှိပဲ ဧည့်တွေ့ချိန်ပြည့်သည်နှင့် ပြန်လာခဲ့သည်။ သူတို့၏ကား ထောင်ဂိတ်ဝသို့ ရောက်သောအခါ မော့လျှိုကွေ့ အမြန်ပြေးထွက်လာပြီး ယဲ့ချန်းဖုန်က သူမ၏လမ်းတစ်လျှောက် ကိုယ်ရံတော်အဖြစ် လိုက်ပါလျက်ရှိသည်ကို တွေ့လိုက်ရ၏။ 


“ဘယ်လိုလဲ...”


မော့တိ စိတ်အခြေအနေ ထိခိုက်ခဲ့ဟန် မပေါ်သဖြင့် မုချန်းဟန်က စိတ်သက်သာရာ ရသွားခဲ့သည်။


“ကိုကို...မော့ရှစ်ဟုန် အကြောင်း ပြောနေတာလား...သူ့ကိုကြည့်ရတာ ထောင်ထဲမှာ အချိန်ကောင်းတွေ မရှိခဲ့ပုံပဲ...” 


မော့တိက အကြည့်လွှဲကာ ဓာတ်ဘူးထဲမှ ရေတစ်ငုံစုပ်သောက်လိုက်သည်။ 


“ကျွန်တော့်ကို တွေ့တာနဲ့ ဒေါသူပုန်ထတော့တာပဲ...သူ ကျွန်တော့်ဆီ လာဖို့ကြိုးစားခဲ့ပေမယ့် ဘယ်အခွင့်အရေးရှိပါ့မလဲ...အစောင့်တွေဆီက ပညာပေးတာ ခံလိုက်ရတယ်...”


“သူက ပြောင်းလဲမှာမဟုတ်ဘူး...”


“ဒါပေမယ့် အစောင့်တွေအပေါ်တော့ အရမ်းကိုနာခံလွယ်တာ...အရင်လိုသာဆို ပိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်လောက်တယ်...”


“ကိုကို...ကျွန်တော် ကျောင်းကိုရောက်ရင် ၆နာရီ ဒါမှမဟုတ် ၇နာရီလောက် ဖြစ်နေလောက်ပြီ...ကျွန်တော်တို့ အပြင်မှာပဲ ညစာစားရင်ရော ဘယ်လိုလဲ...”


“ကောင်းသားပဲ...မင်းရဲ့ကျောင်းနားမှာ စားစရာသိပ်မရှိလောက်ဘူး...”


မုထျန်းဟန်က စတီယာရင်တိုင်ကို လှည့်လိုက်သည်။


“မင်း ဘာစားချင်လဲ...”


“ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်...ကျွန်တော် ကိုကိုနဲ့ ညစာစားရရင်ကို ပျော်နေပြီ...”


မော့တိက ပြုံးလိုက်ရင်း မုထျန်းဟန်၏ ဘေးတိုက်အနေအထားကို ငေးကြည့်လိုက်သည်။


မုထျန်းဟန်၏ နှလုံးသားက နူးညံ့သွားခဲ့၏။ သူက ရယ်မောလိုက်ရင်း ဆိုသည်။


“ဒါဆို မင်းစိတ်မပျက်အောင်လို့ ကိုယ်ကြိုးစားရတော့မယ် ထင်တယ်...”


မော့တိက ပြုံးလိုက်၏။


“ဒါဆို ဝန်ဆောင်မှုပေးတာကို ထိုင်စောင့်နေမယ်နော်...”



မုထျန်းဟန်နှင့် မော့တိက ပြင်သစ်စားသောက်ဆိုင်တွင် သူတို့အတူမစားဖူးသည့် အစားအစာအား မှာယူ၍ ညစာစားခဲ့ကြသည်။


ညစာစားပြီးနောက် မော့တိက ကုဒ်ရေးရန် ကျင်းသာ့သို့ ပြန်သွားခဲ့လေသည်။ 


အခန်းဖော်သုံးဦးက လန့်စရာကောင်းအောင်ပင် တိတ်ဆိတ်နေကြသည်။ အဆုံးသတ်တွင် ချန်ကျောင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ကာ မေးမြန်းလာခဲ့သည်။  


“ ရှောင်တိ...မော့လျှိုကွေ့နဲ့ အတူသွားတော့ တစ်ခုခုဖြစ်ခဲ့သေးလား...သူမ မင်းအပေါ် အနိုင်ကျင့်စရာတစ်ခုခု ရှာတွေ့သွားခဲ့လား...”


“သူမမှာ အခွင့်အရေးမရှိပါဘူး...”


မော့တိက အလုပ်လုပ်နေရင်း ပြန်ဖြေသည်။


“ဘာလို့လဲ...မင်းတို့ တစ်ခုခုကြားခဲ့လို့လား...”


“အာ...ပြင်းထန်တဲ့ကိစ္စတော့ မဟုတ်ပါဘူး...တခြားဌာနက ကောင်လေးတွေစုပြီးတော့ မင်း မော့လျှိုကွေ့ကို အနိုင်ကျင့်ခဲ့တယ်ဆိုပြီး မင်းရဲ့မကောင်းကြောင်းတွေ ထိုင်ပြောနေကြတာကို ငါ အမှတ်တမဲ့ကြားလိုက်လို့လေ...သူတို့က မင်းကို သင်ခန်းစာပေးမယ်လို့တောင် ကြိမ်းဝါးနေကြတယ်...”


ချန်ကျောင်းက ပြောရင်းဒေါသထွက်လာခဲ့သည်။


“အလှကြောင့်ကန်းနေတဲ့ အရူးတစ်သိုက်ပါကွာ...”


“ဘာပဲဖြစ်ဖြစ် ရှောင်တိ...မင်းဘာမှ စိုးရိမ်စရာမလိုဘူး...ဒီဖေဖေက မင်းကို ကာကွယ်ပေးမယ်...”


လင်ကျွင်းဖုန်က ရင်ဘတ်ကိုထုကာ သူ့ကိုယ်သူကြေငြာလိုက်သည်။


“အကယ်၍ သူတို့တကယ်ကြီးလာရဲရင် ငါသူတို့အားလုံးကို အမှုန့်ကြိတ်ပစ်မယ်...”


ရှန့်ယွီချောင်က လင်ကျွင်းဖုန်ကို ကြည့်ရင်း မျက်လုံးလှိမ့်လိုက်ကာ မော့တိကိုကြည့်လိုက်၏။ 


“ရှောင်တိ...ဘာမှမစိုးရိမ်နဲ့...ကျောင်းဖိုရမ်မှာ အာကျယ်နေတဲ့ကောင်ဆိုလို့ ငါးယောက်၊ ခြောက်ယောက်လောက်ပဲရှိတာ...သူတို့ ရောက်လာရင်တောင် ပြဿနာမရှိဘူး...ဒီအကိုကြီးက အားလုံးဖြေရှင်းပေးမယ်...” 


“ငါ လုံးဝမစိုးရိမ်ပါဘူး...သူတို့အနေနဲ့ မှတ်ချက်ပါသွားမှာ ဂရုမစိုက်ဘူးဆိုရင် ငါ့ဘက်က သူတို့ကို ကြိုဆိုနေမှာပါ...၇ ယောက် ၈ ယောက်လောက် တပြိုင်ထဲလာတာ မဟုတ်သရွေ့ သူတို့ကို ငါ ရင်ဆိုင်နိုင်ပါတယ်...”


မော့တိက ပြုံးလိုက်ရင်း 


“ပြီးတော့ အင်တာနက်ပေါ်မှာ တခြားလူကို တိုက်ခိုက်တဲ့လူတွေထဲက ဘယ်နှစ်ယောက်လောက်များ တကယ့်လက်တွေ့မှာ အားကောင်းကြလို့လဲ...အများစုက ဖန်သားပြင်နောက်မှာ ပုန်းနေကြတဲ့ ငကြောက်တွေပဲလေ...”


“ကောင်းပြီ...သူများအကြောင်း မပြောတော့ဘူး...ငါပေးခဲ့တဲ့ အလုပ်တွေ အကုန်ပြီးပြီလား...”


မော့တိက အဆိုပါ မှတ်ချက်ရေးသူများအား ဂရုမစိုက်သော်လည်း ၎င်းမှာ မမျှော်လင့်ထားသည့် ကိစ္စရပ်ဖြစ်သည်။


မော့လျှိုကွေ့ရဲ့ ရောင်ခြည်က အသက်ဝင်လာပြန်ပြီလား...


သို့ရာတွင် သူမ၏ ရောင်ခြည်မှာ ပို၍အားနည်းလာ၏။ အရင်ဘဝတွင် သူမ၏ အရှိန်အဝါက အားကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များသို့ပါ သက်ရောက်စေ၏။ ယခုမူ ချင်ချန်းယီနှင့် ယီချန်းဖုန်မှအပ အခြားအမျိုးသားဇာတ်လိုက်များ ထွက်ပေါ်လာခြင်း မရှိသေးချေ။ 


သူတို့ အခုထိ မတွေ့ကြသေးလို့လား...ဒါမှမဟုတ် မော့လျှိုကွေ့ရဲ့ အရှိန်အဝါက သူတို့အပေါ် မသက်ရောက်နိုင်တော့တာလား...


မော့တိက သူခွဲဝေပေးခဲ့သည့် အလုပ်အကြောင်း မေးခွန်းထုတ်သည့်အခါ ရှန့်ယွီချောင်နှင့် ကျန်သူများက အပြစ်ရှိစိတ်အား ခံစားလိုက်ရပြီး ဆရာ၏စစ်ဆေးခြင်း ခံနေရသော အိမ်စာလုပ်မထားသည့် ကျောင်းသားများသဖွယ် ခံစားလိုက်ရသည်။ သုံးဦးသားက နေရာအမြန်ယူကာ အပြင်းအထန်အလုပ်လုပ်ကြတော့၏။


မော့တိ: “…”


ထင်တဲ့အတိုင်းပဲ...မပြီးကြသေးဘူး...


ထိုညတွင် မော့တိက နှစ်နာရီထိုးသည်အထိ ကုဒ်ရေးခဲ့သည်။ ထို့နောက် ရေအမြန်ချ်ိုးပြီး အိပ်ရာဝင်လိုက်၏။  


သူက ချက်ချင်းမအိပ်သေးဘဲ မော့မိသားစု၏ ရက်အနည်းငယ်အကြာက မှတ်တမ်းကို ကြည့်နေခဲ့သည်။ သူက ပါဝင်သည့် အကြောင်းအရာများကို အမြန်စစ်ထုတ်လိုက်သည်။


အသုံးဝင်သည့် အချက်အလက် များများစားစားမရှိချေ။ 


ဒုတိယအဒေါ်မှလွဲ၍ မည်သူကမှ မော့စန်းကျစ်၏ အခန်းအတွင်း မဝင်ကြပေ။ ထို့အပြင် မှတ်တမ်းအတွင်းရှိ ဒုတိယအဒေါ်မှာလည်း အမြောက်စာဇာတ်ကောင်နှင့် တူ၏။ အတိတ်ကရှိခဲ့သော မြင့်မြတ်ကာ သီးသန့်ဆန်သည့် စိတ်နေသဘောထားက ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်ခြင်းခံလိုက်ရပုံပေါ်သည်။ သူမက ရွမ်ချင်းတန့်နှင့် ထောင်ကျနေသည့် မော့ရှစ်ဟုန်တို့အား အချိန်နှင့်အမျှ မခံချင်အောင်ပြောလေ့ရှိသည်။ အခြားအချိန်များတွင်မူ သူမက မော့ရှစ်ချန်အား မော့စန်းကျစ်၏ အခန်းတွင်းသို့ အတင်းဆွဲခေါ်လာကာ သူတို့၏သားအပေါ် ဂရုမစိုက်သည့်အတွက် ပူညံပူညံလုပ်ရင်း အခန်းတွင်းရှိ မော့စန်းကျစ်၏ ပစ္စည်းများကို ညွှန်ပြခြင်းဖြင့် အပြစ်ရှိစိတ်ဝင်အောင် ပြုလုပ်လေ့ရှိသည်။ 


အဆိုပါစုံတွဲက နေ့စဥ်လိုလိုပင် ခွန်းကြီးခွန်းငယ်စကားများနေကြပြီး မော့အိမ်တစ်ခုလုံး၏ စိတ်အခြေအနေကို ထိုင်းမှိုင်းစေကာ အဖိုးမော့အား ယမ်းပုံမီးကျ ဒေါသထွက်စေခဲ့သည်။ မော့ရှစ်ချန်က ဒုတိယအဒေါ်အား ကွာရှင်းချင်သော်လည်း သူမက ခွင့်ပြုမပေးချေ။ သူမ၏သားက ခက်ခဲမှုများကို ခံစားနေရသဖြင့် မော့ရှစ်ချန်သည်လည်း ထပ်တူခံစားသင့်သည်ဟု ယူဆကာ နေ့စဥ်ခနဲ့လေသည်။ 


အခြားတစ်ဖက်တွင် အကြီးဆုံးအဒေါ်က ပိုမို၍ ချုပ်တည်းနိုင်စွမ်းရှိလာခဲ့၏။ သူမက မည်သူ့ကိုမှ ပြဿနာမရှာသည့်အပြင် မော့လျှိုကွေ့နှင့် ချင်ချန်းယီကို ကျေနပ်အောင်ပြုလုပ်ခြင်းဖြင့် ရွမ်ချင်းတန့်နှင့် ဆက်ဆံရေးကိုပင် ပြန်လည်ဖာထေးနိုင်ခဲ့သည်။ သို့သော် မော့လျှိုကွေ့က သူမ၏အပြစ်အား ဖုံးကွယ်နိုင်ရန် မော့စစ်လန်အား အသုံးချသွားသည့် အဖြစ်အပျက်က အကြီးဆုံးအဒေါ်၏ ရင်ထဲတွင် ဆူးတစ်ချောင်းသဖွယ် စိုက်ဝင်နေခြင်းရှိမရှိကိုမူ မော့တိ မသေချာချေ။


မော့တိက မော့မိသားစု၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရင်း အသုံးအဝင်ဆုံး အချက်အလက်မှာ မော့အာ့ချမ် ပြန်ရောက်လာမည့် ကိစ္စရပ်ဖြစ်လေသည်။ သို့သော် ၎င်းမှာ သူ၏အရင်ဘဝနှင့် အတူတူပင်ဖြစ်သည့်အတွက် အသစ်အဆန်းမဟုတ်ချေ။ ဗီဒီယိုကို မကြည့်လျှင်ပင် အားလုံးသိပြီးသားဖြစ်သည်။


(TN: မေ့မှာစိုးလို့ပါ...မော့အာ့ချမ်က မော့စန်းကျစ်ရဲ့ အမြွှာဖြစ်ပြီးတော့ ဒုတိယအဒေါ်ရဲ့သားပါ...)


မော့အာ့ချမ်အကြောင်း တွေးမိရာ၌ မော့တိ အနည်းငယ်ပင် စိတ်ဓာတ်ကျချင်လာသည်။ မော့စစ်လန်ကဲ့သို့ ပုန်းလျှိုးကွယ်လျှိုး အန္တရာယ်ပြုတတ်သော နားလည်ရခက်သူနှင့် နိုင်းယှဥ်ပါက မော့အာ့ချမ်မှာ ပိုမို၍ဆိုးဝါးလေသည်။ 


အကြောင်းပြချက်မှာ သူက မော့မိသားစုအတွင်း ဉာဏ်ရည်အမြင့်ဆုံး ဖြစ်သောကြောင့်ဖြစ်၏။ ဂုဏ်သတင်းမွှေးပျံ့လှသည့် အမေရိကရှိ H တက္ကသိုလ်မှ ဘွဲ့ရလာခြင်းဖြစ်ကာ အတန်းပြီးဆုံးသည်နှင့် အစိုးရ၏ ထိပ်တန်းလျှ်ို့ဝှက်သုတေသနတွင် ပါဝင်ရန် ကမ်းလှမ်းခံခဲ့ရပြီး အလုပ်လုပ်နေသည်။ သူက ကြီးမားသော ပြိုင်ဘက်တစ်ဦး ဖြစ်လာမှာဖြစ်၏။


ကံကောင်းစွာဖြင့် သူ၏လုပ်ငန်းအရ သီးသန့်အထားခံရလေရာ ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်၍နေလေသည်။ မဟုတ်လျှင် မော့မိသားစု၏ အခြေအနေကို လွန်ခဲ့သည့် နှစ်ရက်အကြာကမှ သိရှိမှာမဟုတ်ချေ။ 


သို့သော် သူသိလျှင်ပင် သုတေသနမပြီးသေးသည့်အတွက် သူ ပြန်လာ၍မရခဲ့ပေ။


အရင်ဘဝက မော့အာ့ချမ်မှာ စစ်သား အမြောက်အများကို ကိုယ်ရံတော်အဖြစ် ခြံရံလျှက် နှစ်ကုန်ခါနီးတွင် အိမ်သို့ပြန်ရောက်လာခဲ့သည်။  


သူ အမှတ်မမှားပါက မော့အာ့ချမ် ပရောဂျက်အား အဆုံးသတ်ပြီးသည်နှင့် အခြားလျှို့ဝှက်ပရောဂျက်၏ မြင့်မားသော ရာထူးနေရာအတွက် ကမ်းလှမ်းခံခဲ့ရသည်။ သို့သော် သူက မော့လျှိုကွေ့၏အဝေးတွင် မနေလိုသောကြောင့် ငြင်းပယ်ခဲ့၏။ ထိုအစား အမေရိကရှိ H တက္ကသိုလ်တွင် ပါမောက္ခအဖြစ်ထမ်းဆောင်ရန် ကမ်းလှမ်းချက်ကိုသာ လက်ခံခဲ့လေသည်။ 


အစိုးရ၏ လျှို့ဝှက်ပရောဂျက်၌ ပါဝင်ခဲ့ဖူးသော ကျော်ကြားသည့် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး။ ပြောစရာမလိုအောင်ပင် သူ၏ လူမှုရေးအဆင့်အတန်းမှာ ခိုင်မာလှသည်။ တိုင်းပြည်၏ ထိပ်ဆုံးတွင်ရှိသော ၁ ရာခိုင်နှုန်းလောက်အား သိကျွမ်းရန်မှာ သူ့အတွက် အသေးအဖွဲသာဖြစ်၏။ ထို့ကြောင့် ချင်ချန်းယီ၏ အမေရိကတွင်ရှိသော လုပ်ငန်းအားချဲ့ထွင်ရန် မော့အာ့ချမ်က အုတ်မြစ်ချပေးခဲ့လေသည်။ ဤသို့ဖြင့် အရင်ဘဝ၏ နှောင်းပိုင်းကာလများ၌ မော့လျှိုကွေ့နံဘေးတွင် အောင်မြင်လာမည့်စာအုပ်များနှင့် ရုပ်ရှင်စံချိန်ချိုးမည့် ဇာတ်ညွှန်းများစွာက ရွေးချယ်ခံရရန် ဝန်းရံနေကာ သူမ၏သရုပ်ဆောင်ဘဝအား ရေကန်ထဲရှိငါးသဖွယ် ဖြစ်နေစေခဲ့သည်။ 


ယခုဘဝ၌ ထိုကဲ့သို့ ဖြစ်မလာတော့မည်မှာ နှမြောစရာပင်။


မော့တိက သူ၏လက်ပ်တော့ကို ပိတ်လိုက်သည်။


ချင်ချန်းယီနည်းတူ မော့အာ့ချမ်မှာလည်း ကိုင်တွယ်ရခက်လှ၏။ အရင်ဘဝက သူ့အား စိတ္တဇဆေးရုံသို့ ပို့ဆောင်ရန် ဆုံးဖြတ်ရခြင်း၏ အဓိကအချက်မှာ စိတ်ပိုင်းဆိုင်ရာနှင့် အာရုံကြောဗေဒအား လေ့လာခဲ့သော မော့အာ့ချမ်ကိုယ်တိုင် စစ်ဆေးခဲ့သည့် စိတ်ပိုင်းဆိုင်ရာဆေးစစ်ချက်ကြောင့် ဖြစ်ပေသည်။ ၎င်းဆေးစစ်ချက်အရ မော့တိတွင် အမှန်တကယ် စိတ်ဝေဒနာရှိမရှိအပေါ် မည်သူကမှ မေးခွန်းမထုတ်ရဲကြတော့ချေ။ 


မော့အာ့ချမ်မှာ မည်သူ့ကိုမဆို နှစ်ခါမတွေးပဲ ဖျက်ဆီးပစ်မည့် အကြင်နာကင်းသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ဉာဏ်ပညာထက်မြက်၍ ရက်စက်လှသည့်အတွက် မော့မိသားစုနောက်ကွယ်ရှိ ပဲ့ထိန်းဟူ၍ပင် ဆိုနိုင်သည်။ ထိုသူက သူ့အား စိတ္တဇဆေးရုံသို့ ဖြောင့်မတ်မှန်ကန်စွာဖြင့် အရောက်ပို့နိုင်ခဲ့လေသည်။  


မော့တိ အမုန်းဆုံးမှာ မော့အာ့ချမ်ဖြစ်လေသည်။


သို့သော် အချိန်တစ်ခုလောက်အထိ မော့အာ့ချမ်အား ထိ၍မရသေးမှန်း သူကောင်းစွာသိရှိထား၏။


မော့တိ အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက ယောက်ယက်ခတ်နေသည့် ခံစားချက်များအား ဖိနှိပ်ကာ အိပ်စက်ရန် ကြိုးစားလိုက်၏။   


အဆင်ပြေပါတယ်...တစ်ယောက်ပြီးတစ်ယောက် လာစမ်းပါစေ...သူတို့တွေ ပြန်ပေးဆပ်ဖို့အတွက် အလျင်လိုစရာ မရှိပါဘူး...


...


နောက်ပိုင်းနေ့ရက်များတွင် မော့မိသားစုအတွင်း၌ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပဲ ပုံမှန်အခြေအနေသို့ ဖြည်းညင်းစွာ ပြန်လည်ဝင်ရောက်လာခဲ့သည်။ မော့တိသည်လည်း သူ၏နေ့စဥ်ဘဝအား အေးချမ်းစွာ ဖြတ်သန်းလျှက်ရှိ၏။  


မော့တိက ရက်သတ္တပါတ်တစ်ခုလုံး ရှင်းဝေ့သောင်အား အဆင့်မြှင့်တင်နေခဲ့ပြီး အားလုံးပြီးစီးသွားသည့်အခါ ဂိမ်းပြိုင်ပွဲ၏ website ၌ တင်လိုက်လေသည်။ ထို့နောက် 'အဆုံးမဲ့ဘဝ' ၏ ထုတ်လုပ်မှုအပေါ် အာရုံပြန်စိုက်လိုက်သည်။ 


နှစ်ပါတ်ကြာသွားပြီးနောက် ဗိုလ်လုပွဲပထမပွဲစဥ်၏ ရလဒ်များက ထွက်ပေါ်လာခဲ့သည်။ အဆိုပါနေ့မှာ မော့တိ၏ အားလပ်ရက်ဖြစ်သဖြင့် မုထျန်းဟန်နှင့်အတူ ဗီလာ၌ ရှိနေလေသည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုအား ၁၀ နာရီခွဲမှ ကြည့်ရှုသူအများဆုံး အချိန်ဖြစ်သည့် ည ၈ နာရီခွဲသို့ ပြောင်းရွှေ့လိုက်၏။ စတိတ်စင်အား အသားပေးပြုပြင်ထားကာ ပို၍ကျယ်ဝန်းနေပြီး ဇိမ်ကျသောခံစားချက်အား ပေးစွမ်းလျှက်ရှိ၏။ ကြီးမားသော HD မျက်နှာပြင်ကိုလည်း တိုးချဲ့ထားကာ ဂိမ်းများ၏ သုံးဖက်မြင် မြင်ကွင်းအား ပြတ်သားစွာထင်ဟပ်နေစေသည်။ ဂိမ်းပြိုင်ပွဲက အလွန်နာမည်ကြီးနေကြောင်း သိသိသာသာ ပေါ်လွင်လျှက်ရှိလေသည်။


ရှင်းဝေ့သောင်က ထိပ်ဆုံးနှစ်ဆယ်အတွင်း ဝင်ရောက်သွားပြီး နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ထိုမျှနှင့်တင်မကသေးပဲ နံပါတ်ဆယ့်ငါးတွင် နေရာယူလျှက်ရှိကာ နောက်ဆုံးသုံးနေရာကိုပင် ရှောင်နိုင်ခဲ့၏။  


အဆိုပါအဆင့်အား တက်လှမ်းနိုင်ခြင်းမှာ သူတို့အနေဖြင့် ဒိုင်လူကြီးများထံမှ ဝေဖန်ထောက်ပြချက်များအား တိုက်ရိုက်ရယူနိုင်ပြီဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်၏။ သူ၏ဂိမ်းနှင့်ပတ်သတ်၍ များစွာချီးကျူးခံရခြင်းက မော့တိကို မုချပျော်ရွှင်စေခဲ့သည်။ မုထျန်းဟန်၏ အကြံပြုချက်ကြောင့် သူက ဂိမ်းဆော့ကစားပုံနှင့် စစ်ပွဲရင်ဆိုင်ပုံအား အထူးပြုပြင်ခဲ့၏။ ဂိမ်း၏တီထွင်မှုအသစ်က ဒိုင်လူကြီးများ၏ အထင်ကြီးမှုကို ရစေသော်လည်း ၎င်းမှာ အင်မတန်အန္တရာယ်များပြားလေသည်။  


“ရှင်းဝေ့သောင်က နောက်တစ်ဆင့်မှာ သုံးလို့မရတော့ဘူး...”


မော့တိ ရေရွတ်လိုက်မိ၏။


နံဘေးရှိ မုထျန်းဟန်က ပြုံးလိုက်ကာ မော့တိ၏ဆံစများကို ပွတ်သပ်လိုက်သည်။ 


“အဆုံးမဲ့ဘဝ မှာ အခန်းဘယ်လောက်ထိ ပြီးသွားပြီလဲ...” 


“သုံးခန်းမြောက်က မကြာခင်ပြီးတော့မယ်...”


“တော်တော်မြန်တာပဲ...မင်းမှာ ဒီပွဲစဥ်အတွက် သုံးပါတ်တောင် အချိန်ရခဲ့တယ်လေ...နောက်ပွဲစဥ်အတွက် တစ်လ အချိန်ပေးလောက်တယ်...အခန်း ၆ ဒါမှမဟုတ် ၇ လောက်အထိ ပြီးအောင်လုပ်ပေါ့...ဒီလိုဆိုရင် ဂိမ်းရဲ့အလားအလာကို မြင်အောင်ပြဖို့ လုံလောက်မှာပါ...”


“အင်း...ဒီလိုဂိမ်းအမျိုးအစားတွေက ဇာတ်ကြောင်းအစုံအလင်ရှိမှ ဆွဲဆောင်မှုရှိတာ...”


မော့တိက အပြုံးနှင့်ဆို၏။


အစီအစဥ်တင်ဆက်သူက အနိုင်ရသောအသင်းများကို မိတ်ဆက်ပေးကာ သူတို့၏ဂိမ်းများကိုလည်း ပြတ်သားထင်ရှားသော ပုံရိပ်များ၊ တက်ကြွသော နောက်ခံဂီတများနှင့် ဖန်သားပြင်ပေါ်တွင် ပြသခဲ့လေသည်။


မော့တိပင်လျှင် ဖမ်းစားခံလိုက်ရ၏။


အသင်းအားလုံး ကြေငြာပြီးသည့်အခါ weibo ပေါ်၌ ပိုမို၍မျက်စိဖမ်းစားသည့် ဂိမ်းများအကြောင်း ဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့လေသည်။ 


ထို့နောက် အစီအစဥ်တင်ဆက်သူက နောက်ပွဲစဥ်တွင် အနိုင်ရသည့် ထိပ်ဆုံးဆယ့်ငါးသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်ရမှာဖြစ်ကြောင်း ကြေငြာခဲ့လေသည်။ 


Xxxxxx