အပိုင်း ၉၃
Viewers 33k

Chapter 93


ယခုအကြိမ်၌ ဒိုင်လူကြီးများအပြင် neitizens များသည်လည်း သူတို့အနှစ်သက်ဆုံးဂိမ်းအား မဲပေးနိုင်မှာဖြစ်ပြီး ၎င်းမဲအရေအတွက်မှာ မှတ်၏သုံးဆယ်ရာခိုင်နှုန်းအထိ သက်ရောက်မှု ရှိမှာဖြစ်၏။


ဤတစ်ကြိမ်ပွဲစဥ်၏ နောက်ဆုံးရက်မှာ နိုဝင်ဘာ ၂၂ရက်နေ့ဖြစ်သည်။ ယနေ့မှစ၍ ၂၅ရက်ကြာတွင် ပွဲစဥ်အဆုံးသတ်မှာဖြစ်ကာ မဲပေးသည့်ရက်လည်း အပါအဝင်ဖြစ်၏။ 


“အချိန်တွေအများကြီးပဲ...” မော့တိက ပျော်ရွှင်စွာပြောလိုက်သည်။


အခြားတစ်ဖက်တွင် မုထျန်းဟန်သည်လည်း သူ့တွင် အချိန်ဘယ်လောက်မှ မကျန်ရှိတော့ကြောင်း တွေးနေလေသည်။


သူ့ကလေးလေး၏ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့က ကျရောက်တော့မည်ဖြစ်ကာ သူ့အနေဖြင့် ပြီးပြည့်စုံသော အသက်ပြည့်ပွဲကို ကျင်းပပေးသင့်လေသည်။ သူက မည်သို့ဖွင့်ပြောရမည်မှန်း မစီစဥ်ရသေးသဖြင့် ဘေးကျပ်နံကျပ်ဖြစ်နေခဲ့၏။ 


ပါတီပွဲမှာပြောရမလား...ပြီးမှပြောရမလား...


ပါတီပွဲအတွင်း ဖွင့်ပြောလိုက်ခြင်းက တခမ်းတနားဆန်လှသော်လည်း လိုင်သယ်စစ်ထံမှ သားရဲအိုကြီးဟု ပြစ်တင်ခံရနိုင်သည်။ ပါတီပွဲပြီးမှဆိုပါက သီးသန့်ဆန်ပြီး စိတ်ကူးယဥ်ဆန်လှသော်လည်း ခမ်းခမ်းနားနားရှိမှာမဟုတ်ချေ။ 


ဟူး...နက်နဲလိုက်တာ...


......


မော့တိ၏ မွေးနေ့မှာ အောက်တိုဘာ၃၀ ရက် စနေနေ့ ဖြစ်သည်။ အလုပ်သမားအားလပ်ရက်မှာ သောကြာနေ့တွင် အဆုံးသတ်သွားပြီဖြစ်ရာ မော့တိက မနက်ပိုင်းအတန်းချိန် နှစ်ချိန်အတွက် ကျင်းသာ့သို့ပြန်ရမည်ဖြစ်၏။ 


ထို့ကြောင့် မုထျန်းဟန်အတွက် ခြံဝင်းနှင့် ဗီလာအား အလှဆင်ချိန် အလုံအလောက် ရသွားခဲ့လေသည်။  


မော့တိ အဆောင်သို့ ပြန်ရောက်သောအခါ ရှန့်ယွီချောင်နှင့် အခြားသူများက ရောင်စုံစက္ကူစလေးများကြဲကာ သူ့အတွက် ဂုဏ်ပြုပေးကြသည်။ သူတို့က သူ၏မွေးနေ့အား ကျင်းပရန်အတွက် အပြင်ဘက်တွင် ညစာလိုက်ကျွေးဖို့ တိုက်တွန်းကြ၏။  


"ရှောင်တိ...ငါတော့မင်းကို ငါ့ရဲ့အဖိုးတန် လက်ဆောင်လေးပေးဖို့ မစောင့်နိုင်တော့ဘူး...” 


ချန်ကျောင်းက မော့တိ၏ပုခုံးပေါ် လက်တင်ကာ ဘဝင်ခိုက်ဟန်ဖြင့် ဆိုလေသည်။ 


"အဲဲ့ဒါက အရွယ်ရောက်တဲ့လူတွေသုံးတဲ့ ပစ္စည်းတစ်ခုပဲ...”


 မော့တိ ဆိုးဝါးသည့်ခံစားချက်တစ်ခုကို ရလိုက်သည်။


"လစ်စမ်း...ငါတို့ရှောင်တိရဲ့ နှလုံးသားလေးကို ညစ်ညမ်းအောင် မလုပ်စမ်းနဲ့...”


ရှန့်ယွီချောင်က မော့တိကို ချန်ကျောင်းနှင့်ဝေးရာသို့ ဆွဲခေါ်သွားခဲ့သည်။  


"မင်း မနက်ဖြန် ဘယ်မှာကျင်းပမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား...အကိုကြီး အကြံပေးရမလား...ဟော့ပေါ့ဆိုင်ကို သွားရအောင်လေ...အဲ့ဒီ့မှာ မီနူးအသစ်တွေ ထပ်တိုးထားတယ်...”


"အသား အများကြီးစားတာက ခန္ဓာကိုယ်အတွက် မကောင်းဘူးလေ...ဖေဖေသဘောမတူဘူး...”


လင်ကျွင်းဖုန်က ရှန့်ယွီချောင်၏ လည်ဂုတ်နားရှိကော်လံစအား ဆွဲကိုင်ကာ ဝင်ပြော၏။  


"ဂျပန်စားသောက်ဆိုင်တွေက ပိုပြီးကောင်းတယ်လို့ထင်တယ်...”


"ဂျပန်အစားအသောက်တွေလား...အဲ့ဒါတွေက သိပ်ပြီး စားလို့မကောင်းပါဘူး...အသားစိမ်းတွေချည်းပဲ...ငါတော့မကြိုက်ဘူး...” 


ရှန့်ယွီချောင်က ကန့်ကွက်လိုက်သည်။


ချန်ကျောင်း : "ဟုတ်တယ်...ဒါပေမယ့် ဟော့ပေါ့ကလည်း သိပ်မကောင်းပါဘူး...ဘာဘီကျူးဆိုရင်ရော...ငါကောင်းတဲ့ဆိုင်တစ်ဆိုင်တွေ့...”


"ဘာဘီကျူးလား...မင်းတို့က တကယ့်ကို ဘာမှအသစ်အဆန်း မစဉ်းစားတတ်ကြဘူးပဲ...”


ဆူညံနေသည့် အုပ်စုကိုကြည့်ကာ မော့တိ အကူအညီမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်၏။


" မနက်ဖြန်ကျရင် အိမ်ပြန်ရမှာ... ကိုကိုက အသက်ပြည့်ပွဲ ကျင်းပပေးမယ်တဲ့...ငါ မင်းတို့ကိုဖိတ်ဖို့ စဉ်းစားနေတာ...လာကြမယ်မလား...”


ရှန့်ယွီချောင် ကယောင်ကတမ်း ထမအော်ခင် ခဏမျှ တိတ်ကျသွားခဲ့သည်။


"ဝိုး...ဟုတ်သားပဲ...ငါတို့ဘယ်လိုဖြစ်ပြီး မေ့သွားကြတာလဲ...”


"ဘော့စ်မုက ရှောင်တိရဲ့မွေးနေ့ကို အကြီးအကျယ်လုပ်ပေးမှာ သေချာတယ်..."


ချန်ကျောင်း၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။ 


"အဲဒီ့မှာ အသားတွေ အများကြီးရှိမှာပဲ...”


လင်ကျွင်းဖုန်က တံတွေးမြိုချလျှက် ဆို၏။ 


"အစားအသောက်အတွက်ကတော့ မပူနဲ့...” 


မော့တိ ပြုံးလိုက်သည်။


"ကိုကိုက ကြိုက်သလောက် ဖိတ်လို့ရတယ်တဲ့...ဒါ့အပြင် အနုပညာရှင်တစ်ချို့ကိုလည်း ဖိတ်ဦးမှာ...”


"ဒီတော့...ဒါက ငါတို့အသင်းရဲ့ အစည်းအဝေးလို့ ပြောလို့ရတာပေါ့...”


ရှန့်ယွီချောင်က ပြုံးလျက်ဆို၏။ 


"စကားမစပ် ငါ့ဦးလေးနဲ့စကားပြောရင်း မနက်ဖြန် မင်းမွေးနေ့ဆိုပြီး ပြောဖြစ်တယ်လေ...သူလည်း မင်းအတွက် လက်ဆောင်ပေးချင်တယ်လို့ ပြောတယ်...ဒါပေမယ့် သူက အချိန်ခဏလောက်အထိ ပြန်ရောက်ဦးမှာမဟုတ်ဘူး...”


"သူက အမေရိကမှာလား...”


မော့တိက ချန်ကျောင်းကို မေးလိုက်သည်။


"နောက်ဆုံးတစ်ခေါက် သူပြန်လာတုန်းက စာချုပ်ပြည့်ဖို့ သုံးလလိုသေးတယ်လို့ ပြောခဲ့တာ ကျွန်တော် မှတ်မိသေးတယ်...” 


"အင်း...သူက အမေရိကမှာပဲ...ပြီးတော့ စာချုပ်ပြည့်ဖို့ တစ်ပတ်ပဲလိုတော့တယ်လေ...သူ လဝက်အတွင်း ပြန်လာလိမ့်မယ်...ဒီတစ်ခါတော့ ဟွာရှားမှာပဲ အခြေချပြီး အမေရိကကို ပြန်မသွားတော့ဘူးတဲ့...”


"ကောင်းတာပေါ့...” 


မော့တိက ပြုံးလိုက်၏။


"သူဘယ်မှာအလုပ်လုပ်မလဲ ဆိုတာရော ဆုံးဖြတ်ပြီးပြီလား... 


"ပထမအဆင့်ဆေးရုံရဲ့ ဒါရိုက်တာက သူ့ကို ကိုယ်တိုင် ဆက်သွယ်လာပြီးတော့ အချို့ကိစ္စလေးတွေ သဘောတူညီချက် ထားထားကြတယ်တဲ့လေ...ဦးလေးပြန်လာရင် စာချုပ်မှာ လက်မှတ်ထိုးလိမ့်မယ်...”


ဤသို့ဖြင့် စကားပြောနေကြရင်း မော့တိ၏ဖုန်းသံမြည်လာခဲ့သည်။  


၎င်းမှာ မရင်းနှီးသောနံပါတ်ဖြစ်၏။ 


မော့တိက ခဏတွေးလိုက်ကာ ခေါ်ဆိုမှုကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်၏။  


သို့သော် စက္ကန့်အနည်းငယ်အကြာ၌ ထပ်မံ၍ဖုန်းမြည်လာပြန်သည်။ နံပါတ်မှာ အတူတူပင်။ 


မော့တိက ဖုန်းကိုချပစ်လိုက်ကာ နံပါတ်ကို blacklist ထဲထည့်လိုက်သည်။ 


“ဘာဖြစ်လို့လဲ...”


ရှန့်ယွီချောင်က မော့တိ၏အပြုအမူကို သတိထားမိသွားသည်။


“ဘယ်သူလဲ...”


“မသိပါဘူး...ဖုန်းသရဲပဲနေမှာပါ...”. 


မော့တိက ဖုန်းကို အိပ်ရာပေါ်ပြန်ချလိုက်ကာ ရှန့်ယွီချောင်နှင့် အခြားလူများကိုပြောလိုက်သည်။


“ကောင်းပြီ...အလုပ်ပြန်လုပ်ကြမယ်လေ...ဒီနေ့ အခန်းလေး ပြီးလောက်တယ်...” 


“ဟမျ့...” 


ကျန်သုံးဦးက သဘောမတူဟန် ညည်းတွားကြသည်။


 “မနက်ဖြန်က မင်းမွေးနေ့လေ...ဘာလို့တစ်ရက်လေးတောင် အနားမယူရတာလဲ...အလုပ်ကြမ်းပိုးကောင်လေး...”


ထိုစဥ် ကီလိုမီတာဆယ်ချီဝေးသည့် နေရာ၌ ကုရန်ကျွီသည်လည်း နှာမှုတ်လျှက်ရှိသည်။ 


ရှန့်ယွီချောင်နှင့် မတူသည်မှာ သူက ဒေါသတကြီးနှာမှုတ်နေခြင်းဖြစ်၏။


မော့တိ...မင်းငါ့ကို ဖုန်းချရဲတယ်ပေါ့လေ...blacklist တောင် သွင်းလိုက်တယ်တဲ့လား...


ကုရန်ကျွီ၏ဒေါသက အမြင့်ဆုံးရောက်ရှိသွားခဲ့၏။ 


မော့တိ ဖုန်းနံပါတ်ကိုရဖို့ သူအရမ်းအားစိုက်ထားရတာ... 


“မော့တိ...မင်းစောင့်ကြည့်နေလိုက်...” 


ကုရန်ကျွီ အံကြိတ်လိုက်သည်။ 


သူက နောက်နေ့အတန်းပြီးသည်နှင့် မော့တိကိုသွားရှာကာ ရှင်းပြခိုင်းမည်ဟု ဆုံးဖြတ်လိုက်လေသည်။  



နောက်တစ်ရက်တွင် ပျော်ရွှင်ဖွယ်လေထုက လွှမ်းခြုံလျှက်ရှိပြီး မော့တိပင်လျှင် သူ့အခန်းဖော်များ၏ စိတ်လှုပ်ရှားမှုဖြင့် လွှမ်းမိုးခံလိုက်ရလေသည်။  


ပထမအတန်းချိန်ပြီးသည်နှင့် အိမ်ပြန်ရထားစီးရန် အုပ်စုလိုက်ချီတက်လာကြသည်။ မုထျန်းဟန်က မော့တိအား ကျောင်းအရှေ့ဂိတ်ဝတွင် စောင့်နေရန် စာပို့လာလေသည်။  


“ဒီတော့ လူကြီးလူကောင်းတစ်ယောက်က ငါတို့ကိုလာကြိုတာပေါ့...” 


လင်ကျွင်းဖုန်က သူ၏ဗိုက်ကိုပုတ်ကာ ပျော်ရွှင်စွာဆိုလိုက်၏။ သူ့ဟာသူသတ်မှတ်ထားသည့် 'ဖခင်' နေရာမှာ မုထျန်းဟန်ရှေ့တွင် အလိုအလျောက် ပျောက်ကွယ်သွားလေသည်။  


သူတို့အုပ်စုက အရှေ့ဘက်ဝင်ပေါက်သို့ သွားသည့်လမ်းတစ်လျှောက်လုံး လှုပ်ရှားသက်ဝင်လျှက်ရှိ၏။  


မုထျန်းဟန်၏ Maybach က လမ်းနံဘေးတွင် ရပ်ထားလေသည်။ ၎င်း၏နောက်တွင်မူ ငွေမင်ရောင် Land Rover တစ်စီးရှိနေသည်။  


မုထျန်းဟန်က ပြတင်းမှန်ကိုချကာ သူတို့အုပ်စုကိုပြောလိုက်၏။  


 “ကျောင်းသားတို့...နောက်က Land Rover နဲ့ ဗီလာကိုအရင်သွားလို့ ရမလား...ကိုယ် မော့တိကို ခေါ်သွားစရာ နေရာရှိလို့ပါ...” 


“ဟုတ်...ဟုတ်...ဟုတ်...ပြဿနာမရှိပါဘူး...”


သုံးဦးသား ပြိုင်တူခေါင်းညိတ်၍ ဖြေလိုက်ကြသည်။ 


လင်ကျွင်းဖုန်က မော့တိအား ကားတံခါးနားသို့တွန်းလိုက်ကာ ဆို၏။


 “ဘော့စ်...ကျွန်တော်တို့ ရှောင်တိကိုအပ်ခဲ့ပြီနော်...” 


“…” 


မော့တိ ပြောစရာစကားမဲ့သွားခဲ့သည်။ သူ့အကြည့်အောက်မှာပင် ပုံရိပ်သုံးခုက အခြားကားထံပြေးသွားကြလေသည်။ 


ရောင်းစားခံလိုက်ရသလို ခံစားချက်ကြီး ဘာလို့ ရနေပါလိမ့်...


မော့တိ ခေါင်းခါလိုက်၏။ 


မုထျန်းဟန်က ပြုံးလျက်နှင့်ဆိုသည်။


 “ကလေးလေး...ကားထဲဝင်လေ...”


“အာ...အွန်း.” 


မော့တိ ကားတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်၏။ 


“ကိုကို...ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ...”


“ရောက်ရင် သိမှာပေါ့ကွာ...” 


မုထျန်းဟန်က အံ့သြအောင်လုပ်ရန် ဆုံးဖြတ်ထားလေသည်။  


မော့တိက မုထျန်းဟန်သူ့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားပါစေ စိုးရိမ်ပူပန်ခြင်း အလျဥ်းမရှိချေ။ သူက ကျီစယ်သယောင်အပြုံးကလေးဖြင့် ဆိုလိုက်သည်။  


“ကိုကို...ကျွန်တော် ဒီနေ့ ဆယ့်ရှစ်နှစ်ပြည့်ပြီနော်...” 


မော့တိ၏အသံက နူးညံ့ကာ ဆွဲဆောင်မှုရှိလှသည်။ သို့သော်လည်း မုထျန်းဟန်က Castella များအပြည့်ပါသည့် ဘူးတစ်ဘူးကိုသာ နောက်ခုံမှယူ၍ မော့တိအား ကမ်းပေးလိုက်၏။  


“နွေးနေတုန်းစားလိုက်...”


မော့တိ တောင့်တောင့်လေး ဖြစ်သွားခဲ့သည်။ 


မုထျန်းဟန် နောက်ခုံအား လက်လှမ်းလိုက်စဥ်က TV ပေါ်ရှိဇာတ်ဝင်ခန်းများကဲ့သို့ နှင်းဆီပန်းစည်း သို့မဟုတ် ချစ်စဖွယ်လက်ဆောင် တစ်ခုခုဖြစ်လိမ့်မည်ဟု မော့တိ ထင်လိုက်မိသည်။ 


အဲ့ဒါတွေ တစ်ခုမှမဟုတ်ပဲ...မနက်စာဖြစ်နေတာလား... 


ဇာတ်ဝင်ခန်းတွေက TV ပေါ်မှာပဲရှိတာထင်တယ်...


မော့တိ သက်ပြင်းချလိုက်မိသည်။


သူ ဆယ့်ရှစ်နှစ်ပြည့်ပြီလို့ ပြောခဲ့တယ်လေ...သူ့ဆိုလိုရင်းက မသိသာလို့လား...


မုထျန်းဟန် ဆက်ပြီးစောင့်စရာ မလိုတော့ဘူးလေ...သူတို့ တွဲနေပြီပဲဟာကို...ပြီးတော့...ပြီးတော့...နမ်းတောင်နမ်းခဲ့သေးတယ်... 


မော့တိ ရှက်သွေးဖြာသွားခဲ့သည်။ 


သို့ရာတွင် ပူနွေးနေဆဲဖြစ်သည့် castella ဘူးကိုကိုင်လျက် မော့တိရင်ထဲတွင်လည်း နွေးထွေးလာခဲ့ရသည်။ မုထျန်းဟန်က သူဗိုက်ဆာနေလောက်မည်ဟု တွေးမိခဲ့သဖြင့် သူအကြိုက်ဆုံး ချိစ် castella ကို လမ်းတွင်ဝယ်ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။  


ကိုကိုက ငါ့အပေါ် အရမ်းကောင်းတာပဲ...


မော့တိက ဘူးကိုဖွင့်ကာ နူးညံ့သော castella အား ခက်ရင်းဖြင့်ထိုး၍ ပါးစပ်တွင်းထည့်လိုက်သည်။  


နူးညံ့မွှေးပျံ့လှသည့် ကြက်ဥနှင့်ထောပတ်၏ အရသာက အရသာဖုများထံသို့ ပျံ့နှံ့သွားခဲ့ကာ ငန်ပျပျချိစ်သည်လည်း ပါးစပ်အတွင်း၌ အရည်ပျော်သွားခဲ့သည်။


အရမ်းကို ပြီးပြည့်စုံတယ်..


မော့တိက တစ်ဇွန်းစားပြီးသည်နှင့် နောက်တစ်ဇွန်းကို မုထျန်းဟန်အားကျွေးရန် ရည်ရွယ်လိုက်၏။  


“ကိုကို...စားကြည့်...” 


မုထျန်းဟန်က မော့တိ၏ဆံစလေးများကို ပွတ်သပ်ပေးလိုက်သည်။


“ကိုယ်အခုပဲ စားခဲ့ပြီးပြီ...မင်းပဲစားနော်...” 


ထို့နောက် သူက ကားကိုအရှိန်တင်ကာ ကျင်းသာ့နှင့်ဝေးရာသို့ မောင်းထွက်လိုက်လေသည်။  


မော့တိက သူ့ဟာသူသာ ထိုင်စားနေလေ၏။  


သူ ဗိုက်ပြည့်တော့မည့်အချိန်၌ သူတို့သွားမည့်နေရာသို့ ရောက်ရှိခဲ့ကြသည်။ ၎င်းမှာ မြို့ဆင်ခြေဖုံးရှိ နေရောင်ဖြာကျနေသော ဗီလာတစ်လုံး ဖြစ်လေသည်။  


သို့သော် ထိုနေရာအား အပြင်ဘက်မှကြည့်ရသည်မှာ လူနေအိမ်အစား အထက်တန်းကျသောဆိုင်တစ်ဆိုင်နှင့် ပို၍ဆင်တူလေသည်။  


“ကိုကို...” 


မော့တိ၏မျက်ဝန်းများက သိလိုစိတ်ဖြင့် မုထျန်းဟန်အပေါ် ကျရောက်သွားခဲ့သည်။


“ဒါက ဟွာရှားမှာ ကိုယ်သိတဲ့ဒီဇိုင်နာတစ်ဦးရဲ့ အလုပ်ခန်းလေ...ကိုယ်လက်ရှိဝတ်နေတဲ့ ဝတ်စုံတွေကို သူပဲချုပ်ပေးတာ...သူ့ဝတ်စုံတွေအားလုံးက အရမ်းအနုစိတ်တယ်...ကိုယ့်ကလေးလေးက ဆယ့်ရှစ်နှစ်ပြည့်ပြီဆိုတော့ ဝတ်စုံကောင်းကောင်းတစ်စုံရှိမှပေါ့...” 


မုထျန်းဟန်က မော့တိကို အတိုင်းအဆမဲ့အလိုလိုက်ဟန်ဖြင့် ငေးကြည့်လိုက်သည်။  


“လာလေ...ကားထဲကထွက်ပြီး ဝတ်စုံနည်းနည်းလောက် စမ်းဝတ်ကြည့်ရအောင်...”  


မုထျန်းဟန်ထံမှ 'ကိုယ့်ကလေးလေး' ဟူသည့် စကားသံကို ကြားသည့်အခါ မော့တိက သူ၏နားရွက်နီနီလေးများကို ပွတ်သပ်လိုက်မိ၏။  


မုထျန်းဟန်က မော့တိ၏ အတိုင်းအတာများကို လွန်ခဲ့သည့် တစ်လအကြာကတည်းက ဒီဇိုင်နာထံပေး၍ ဝတ်စုံအပ်ခဲ့ခြင်းဖြစ်သည်။ ဝတ်စုံပြီးစီးသည်မှာ နှစ်ရက်သာကြာသေးသည်။  


ဒီဇိုင်နာလျန့်က မုထျန်းဟန် တစ်စုံတစ်ဦးအား ခေါ်ဆောင်လာသည်ကို တွေ့သောအခါ နှုတ်ဆက်လိုက်၏။  


“ဒီလူငယ်လေးအတွက် မဟုတ်လား...လာလာ...စမ်းဝတ်ကြည့်ရအောင်...” 


“မင်္ဂလာပါ...ဦးလေး...” 


ဒီဇိုင်နာမှာ အသက် ၄၀ ကျော်လောက်သာ ရှိဦးမည်ထင်ရသဖြင့် မော့တိ သူ့အား ဦးလေးဟုခေါ်လိုက်ခြင်းဖြစ်သည်။ ထိုအခေါ်အဝေါ်က သူ့အား ပိုမိုကျယ်ပြန့်စွာ ပြုံးလာစေ၏။  


“ကျုပ်က ဒီနှစ်ဆို ခြောက်ဆယ်ပြည့်တော့မှာပါဗျာ...ဦးလေးထက် အဘိုးလို့အခေါ်ခံရမှာပါ...”


“အာ...” 


မော့တိ အမှန်စင်စစ်အံ့သြသွားခဲ့သည်။ ဒီဇိုင်နာလျန့်က သူ၏အသက်အရွယ်နှင့် မသက်ဆိုင်အောင်ပင် နုပျိုလှ၏။ အလွန်ဆုံးမှ အသက်ငါးဆယ်ကျော်ဟုသာ ထင်ကြပေလိမ့်မည်။  


“ဦးလေးလျန့်က အရမ်းငယ်တဲ့ပုံပေါ်နေမှတော့ ဦးလေးလို့ခေါ်တာ သင့်လျော်ပါတယ်...ပြီးတော့ ကျွန်တော်က ခင်ဗျားကို ဦးလေးလို့ခေါ်ပြီး မော့တိက ကျွန်တော့်ကို အစ်ကိုလို့ခေါ်တယ်လေ...ဒီတော့ သူ့အနေနဲ့ ဦးလေးလျန့်ကို ဦးလေးလို့ခေါ်တာက မသင့်တော်တာမျိုးမဖြစ်ပါဘူး...” 


“ကောင်းပြီ...ဒါဆို ဦးလေးပေါ့...”


 ဦးလေးလျန့်က အဆိုပါစကားများကြောင့် ပျော်ရွှင်သွားခဲ့၏။


“မင်းရဲ့ဝတ်စုံက အပေါ်ထပ်မှာ...ဦးလေးသွားယူလိုက်မယ်...ခဏစောင့်နော်...” 


ထို့နောက် ဦးလေးလျန့်က အပေါ်သို့အမြန်တက်သွားခဲ့၏။ 


နှစ်မိနစ်အကြာ၌ သူက ငွေမှင်ရောင်ဝတ်စုံနှင့်အတူ ပြန်ရောက်လာခဲ့သည်။  


Xxxxxxxx