Chapter 94
ဝတ်စုံက ချောမွေ့အိစက်သည့် ပိုးသားနှင့် ချုပ်လုပ်ထားခြင်းဖြစ်ကာ အထက်တန်းကျ၍ ခေတ်ဆန်နေလေသည်။ ၎င်းက ဂရုတစိုက်ပုံစံချထားပြီး ပညာသားပါပါ အနုစိတ်ခြယ်မှုန်းထား၏။
မော့တိ ဝတ်ဆင်လိုက်သည်နှင့် ဝတ်စုံမှာ သူနှင့် တစ်ထပ်တည်းကျသွားလေသည်။ သူ၏ ပြီးပြည့်စုံသောပုခုံးများ၊ လည်တိုင်ကျော့ကျော့နှင့် သေးသွယ်သောခါးကို ဖော်ညွှန်းလျှက်ရှိသည်။ ဘောင်းဘီရှည်သည်လည်း သူ၏ ရှည်လျားဖြောင့်စင်းသည့် ခြေတံများကို ပိုမိုကျော့ရှင်းနေစေ၏။ တလက်လက်တောက်ပသည့် ဝတ်ရုံအား လွှမ်းခြုံထားသကဲ့သို့ရှိနေကာ အလုံးစုံခြုံငုံကြည့်ပါက စိတ်ကူးယဥ်ဝတ္ထုများထဲရှိ ကြော့မော့သော မင်းသားတစ်ပါးသဖွယ် လှပစွာညှို့ယူဖမ်းစားလျှက်ရှိလေသည်။
နွေးထွေးမှုအလွှာတစ်ခုက မုထျန်းဟန်၏ နူးညံ့နက်ရှိုင်းလှသော မျက်ဝန်းများထဲ၌ ထင်ဟပ်လာခဲ့သည်။
“အရမ်းခမ်းနားတယ်...မယုံနိုင်လောက်အောင်ပဲ...”
ဦးလေးလျန့်က သိသိသာသာပင် ကျေနပ်လျက်ရှိသည်။ သူက မော့တိအား ရှုထောင့်အမျိုးမျိုးမှကြည့်ကာ အားရပျော်ရွှင်စွာဖြင့် သက်ပြင်းချလိုက်၏။
“အိုး...ပြီးပြည့်စုံလိုက်တာ...”
“ကျေးဇူးပါ ဦးလေး...ဝတ်စုံက အရမ်းကြည့်လို့ကောင်းတာပဲ...”
မော့တိက ဦးလေးလျန့်အား တောက်ပစွာပြုံးပြပြီး ဆိုလိုက်သည်။
“အိုး...ဒါက ဝတ်စုံကြောင့်ပဲ ဘယ်ဟုတ်ပါ့မလဲ...မင်းက အရမ်းကြည့်ကောင်းတဲ့ လူငယ်ကလေးဖြစ်နေတာကြောင့် ဝတ်စုံရဲ့အနုပညာကို ဆောင်ကြဥ်းပေးနိုင်ခဲ့တာပါ...ဒီမှာ ခဏစောင့်နော်...ဦးလေး ကင်မရာသွားယူဦးမယ်...ဦးလေးရဲ့လက်ရာအပေါ် ဒီလောက်ထိမကျေနပ်ခဲ့တာ တော်တော်ကြာခဲ့ပြီ...”
ထို့နောက် ဦးလေးလျန့်က အသက်ခြောက်ဆယ်အရွယ် လူအိုကြီးဟူသောပြယုဂ်နှင့် မလိုက်ဖက်လှစွာ လှေကားများပေါ်သို့ ခုန်ပေါက်လျှက် ပြေးတက်သွားခဲ့သည်။
မော့တိက ပြုံးရယ်လျှက် မုထျန်းဟန်ဘက်လှည့်လိုက်သည်။
“ကိုကို...ဘယ်လိုထင်လဲ...”
“ရင်သပ်ရှုမောဖွယ်ပါပဲ...မင်းနဲ့ယှဥ်သမျှ အရာအားလုံးဟာ မှေးမှိန်သွားကြမှာပဲ...”
မုထျန်းဟန်က မော့တိထံလျှောက်သွားကာ သူ၏လက်မောင်းများအတွင်း ညင်သာစွာဆွဲယူလျှက် တမြတ်တနိုးပွေ့ဖက်ထား၏။
သူက မော့တိ၏ဆံစများပေါ်သို့ အစွမ်းကုန်ချစ်ခင်မှုတို့ဖြင့် နူးညံ့စွာအနမ်းခြွေလိုက်သည်။
“ကိုယ့်ရဲ့မင်းသားလေး...”
မော့တိ မျက်နှာလေးရဲသွားခဲ့သည်။ မုထျန်းဟန်က သူ့နှလုံးသား၏ ခလုတ်ကိုဖိလိုက်သကဲ့သို့ ထိန်းချုပ်မရစွာ ရင်ခုန်သံမြန်လာခဲ့၏။
“ကိုကို…”
“ဒါပေမယ့်...တစ်ခုထပ်ထည့်ဖို့ ကျန်သေးတယ်...”
မုထျန်းဟန်က မော့တိအား လွှတ်လိုက်ကာ အိတ်အတွင်းလက်နှိုက်၍ နေဗီပြာရောင်ဘူးကလေးကို ထုတ်ယူလိုက်သည်။ ဘူးအတွင်းတွင် အရည်အသွေးကောင်းမွန်သည် စိန်ပြာအား ပလက်တီနမ်ဖြင့်ဝန်းရံထားသော လက်ကြယ်သီးတစ်စုံ ရှိနေလေသည်။
မုထျန်းဟန်က လက်ကြယ်သီးများကို ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ပေးလာသည်။ ထို့နောက် ချစ်ခြင်းတို့ထုံမွှမ်းနေသည့် မျက်ဝန်းများဖြင့် မော့တိအား ငေးကြည့်လိုက်မိသည်။
“ကိုယ့်ရဲ့မင်းသားလေးက ဘယ်လောက်တောင် ခန့်ညားလိုက်သလဲ..."
မော့တိ၏နှလုံးသားက ငှက်မွှေးကလေးဖြင့် ကလိထိုးခံရသကဲ့သို့ ခံစားနေရ၏။ မုထျန်းဟန်၏ မှော်ဆန်သောအသံက သူ့နားရွက်များနှင့် အရေပြားတစ်လျှောက် ဖြတ်သန်းသွားကာ နှလုံးသားအောက်ခြေအထိ ရောက်ရှိသွားခဲ့ပြီး တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့သည်အထိ ထုံထိုင်းသွားစေခဲ့သည်။
မော့တိ၏ပါးပြင်က ပိုမိုနီရဲလာကာ သူ၏ရင်ဘတ်တစ်ခုလုံးတွင်လည်း နွေးထွေးသော ပျားရည်များဖြင့် ပြည့်နှက်လျက် ရှိလေသည်။
“အိုင်းယား...ဒီလူအိုကြီးကတော့လေ...မသုံးတာကြာတော့ ကင်မရာကို မနည်းရှာလိုက်ရတယ်...”
ရုတ်တရက် ဦးလေးလျန့်က လှေကားမှဆင်းလာလေသည်။
မော့တိက အမြန်နောက်ဆုတ်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးလိုက်၏။
“လာလာ...ဓာတ်ပုံရိုက်ကြမယ်...”
ဦးလေးလျန့်က သူ့တို့ထံ အားရဝမ်းသာစွာ ချဥ်းကပ်လာခဲ့သည်။
သူက မော့တိအား သေချာကြည့်သောအခါ ရုတ်တရက်ပေါ်လာသည့် သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
“အိုင်း...လူငယ်လေး...ဘာလို့မျက်နှာက နီရဲနေရတာလဲ...ဝတ်စုံက ပူလို့လား...မဟုတ်သေးပါဘူး...ဒီနေ့အပူချိန်က ၂၀ ဒီဂရီစင်တီဂရိတ်ပဲ ရှိတာပါ...”
.........
ဦးလေးလျန့်၏ စကားများကြောင့် မော့တိမျက်နှာလေး ပို၍ပင် နီရဲလာခဲ့၏။
“ဦးလေးလျန့်...ကျွန်တော့် သူငယ်ချင်းလေးကို မစပါနဲ့ဗျာ...သူက လွယ်လွယ်ရှက်တတ်လို့ပါ...”
မုထျန်းဟန်က ဆိုသည်။
“အိုင်းယား...ဟုတ်ပါပြီ...ဟုတ်ပါပြီ...ငါသူ့ကို မစတော့ပါဘူး...ဓာတ်ပုံရိုက်ရအောင်...”
ဦးလေးလျန့်က တခစ်ခစ်ရယ်ကာ သူဘာကိုမှ သတိမပြုမိဟန်ဖြင့် လက်ဝေ့ယမ်းလိုက်သည်။ သို့သော် နေထိုင်လာသည်မှာ အနှစ်ခြောက်ဆယ်ရှိပြီဖြစ်သော လူကြီးတစ်ဦးအနေနှင့် မျက်စိရှေ့ရှိအရာများကို မသိစရာအကြောင်းမရှိပါချေ။ .
သူ၏နုပျိုမှုအား ထိန်းသိမ်းထားနိုင်သည့် အကြောင်းရင်းနှစ်ခုအနက် တစ်ခုမှာ လူငယ်များ၏ ကြိုက်နှစ်သက်မှုအပေါ် အသိအမှတ်ပြုခြင်းဖြစ်ပြီး ကျန်တစ်ခုမှာမူ အခြားလူများ၏ ကိစ္စရပ်များအား ဝင်ရောက်၍ မစွက်ဖက်သောကြောင့် ဖြစ်လေသည်။
လူနှစ်ဦး၏ ချစ်ခင်စုံမက်မှုတွင် အခြားလူများပါဝင်ရန် မလိုအပ်ပဲ ကာယကံရှင်နှစ်ဦးနှင့်သာ သက်ဆိုင်လေသည်။
ထို့အပြင် အဆိုပါကလေးနှစ်ဦးက အမှန်စင်စစ် လိုက်ဖက်လှသည်ဟု သူတွေးမိ၏။ သူတို့နှစ်ဦး ပျော်ရွှင်နေသရွေ့ မည်သည့်အရာမှ အရေးမပါချေ။
မော့တိ၏ဓာတ်ပုံအား ရိုက်ကူးပြီးသည့်အခါ သူတို့နှစ်ဦးက ဦးလေးလျန့်အားနှုတ်ဆက်၍ အတူတကွပြန်ခဲ့ကြသည်။
ထို့နောက် မုထျန်းဟန်က မော့တိ၏ဆံပင်အား ပြုပြင်ရန် သီးသန့်စတူဒီယိုတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။
မော့တိက သူ့အစာအိမ်ထဲတွင် castella တစ်ဘူးလုံးရှိနေသဖြင့် အတော်လေးအဆင်ပြေနေခဲ့၏။
မော့တိ၏ဆံပင်အား ပြုပြင်ပြီးသည့်အခါ စတူဒီယိုတစ်ခုလုံးက သူနှင့်အတူ ဓာတ်ပုံရိုက်လိုကြလေသည်။ မော့တိအနားတွင် လူများဝန်းရံနေကြသည်ကို ကြည့်ရင်း မုထျန်းဟန်၏ မျက်ဝန်းများက နူးညံ့လာခဲ့ကာ ပြုံးယောင်သမ်းလာခဲ့သည်။
ဒီမင်းသားလေးက ငါ့အပိုင်ပဲ...
နောက်ဆုံး၌ မော့တိ ကားထဲဝင်၍ မုထျန်းဟန်နှင့်အတူ အိမ်ပြန်နိုင်သည့်အခါ နေ့လည်တစ်နာရီပင်ခွဲနေပြီဖြစ်၏။
“ဗိုက်ဆာနေပြီလား...”
မုထျန်းဟန်က မော့တိအား ရေတစ်ပုလင်းကမ်းပေးလိုက်သည်။
“ပြန်ရောက်ရင် နေ့လည်စာစားကြမယ်နော်...”
“ကျွန်တော်က အဆင်ပြေပါတယ်...ကိတ်အများကြီးစားထားတာပဲကို...ကိုကိုရော ဗိုက်မဆာဘူးလား...”
“ကိုယ်လား...ကိုယ်က မင်းကိုကြည့်နေရုံနဲ့ ပီတိဖြစ်ရလွန်းလို့ လုံးဝဗိုက်မဆာဘူးလေ...”
မုထျန်းဟန်က ပြုံးလျက်ဆို၏။
မော့တိ ရုတ်ချည်း ရှက်သွေးဖြာသွားခဲ့ရသည်။
မုထျန်းဟန်...သူဘာလို့ စကားလုံးချိုချိုလေးတွေကို ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောထွက်နေတာပါလိမ့်...တစ်ခုခုပြောင်းလဲသွားသလိုပဲ...
ငုံးကလေးသဖွယ် တဖြည်းဖြည်း ပြောင်းလဲသွားသည့် မော့တိကိုကြည့်ရင်း မုထျန်းဟန် သဘောတကျပြုံးရယ်နေမိသည်အား မရပ်တန့်နိုင်ခဲ့ချေ။ သူက မော့တိ၏ ဆံစများကို နူးညံ့စွာပွတ်သပ်ကာ ဆိုလိုက်၏။
“လိမ္မာတယ်...ခါးပတ်ပတ်ထားနော်...ကိုယ်တို့ အခုအိမ်ကိုသွားကြမယ်...”
“အွန်း...”
မော့တိ ခါးပတ်ပတ်လိုက်၏။
နေ့လည်နှစ်နာရီတွင် သူတို့နှစ်ဦးအတူ ဗီလာသို့ ရောက်သွားကြသည်။
ခြံဝန်းကျယ်တစ်ခုလုံးတွင် ဝါညိုနုရောင် စားပွဲရှည်များ ခင်းကျင်းထားကာ အမဲသား၊ ပင်လယ်စာများနှင့် ပြုလုပ်ထားသည့် အရသာရှိသော ကြယ်ငါးပွင့်အစားအစာများ၊ အချိုပွဲများနှင့် ရှန်ပိန်ကဲ့သို့ တွေး၍ရသမျှ သောက်ဖွယ်အစုံအလင်ကို မရှိမဖြစ်ရလေအောင် ပြည့်စုံစွာတည်ခင်းထား၏။
ရှန့်ယွီချောင်နှင့် အခြားလူများက ပျော်ရွှင်စွာစားသောက်နေကြသည်။ ထိုစဥ် မုထျန်းဟန်၏ကား ခြံထဲဝင်လာသဖြင့် လိုင်သယ်စစ်က သူတို့အား ဆော်သြလိုက်လေသည်။
သူတို့အုပ်စုက နောက်ကျမှလာရောက်သူများအား ဝေဖန်ရန်ပြင်လိုက်စဥ် ကားတံခါးဖွင့်၍ထွက်လာသော မော့တိကြောင့် ဆွံ့အသွားခဲ့ရလေသည်။
သုံးစက္ကန့်မျှအကြာ၌ ရှန့်ယွီချောင်က အံ့သြစွာအသံပြုလိုက်သည့်အခါ ကျန်လူများသည်လည်း သံယောင်လိုက်လာခဲ့သည်။
“ရှောင်တိ...မင်းဒီနေ့ အရမ်းကြည့်လို့ကောင်းနေတယ်...”
ချန်ကျောင်းက အော်ဟစ်လိုက်၏။ “ရှောင်တိ...မင်းက မယုံနိုင်လောက်အောင်ပဲ...”
“ကောင်လေး...မင်းကလုံးဝအံ့သြဖွယ်ပဲ...မင်းသားလေးလိုပဲ...”
အက်ဒမန်ကဆို၏။
“အိုင်းယား...မော့တိလေး...ငါ့မျက်လုံးတွေ မင်းကြောင့် ကန်းတော့မှာပဲ...”
လိုင်သယ်စစ်က ရှေ့သို့အမြန်တိုးလာကာ မော့တိအား ပွေ့ဖက်ရန်ပြင်လိုက်သည်။ သို့ရာတွင် မုထျန်းဟန်က သူ၏လက်များအား အဝေးသို့ ပုတ်ထုတ်လိုက်လေသည်။
“မင်းရဲ့ ဝက်လက်တွေကို နေရာတကျထားစမ်းပါ...”
လိုင်သယ်စစ် စိတ်ဆိုးပြီးချဥ်လာခဲ့သည်။
“ငါ့လက်က ဝက်လက်ဆို မင်းလက်ကရောဘာလဲ...ကြည့်ကောင်းတဲ့ ဝက်လက်တွေလား...”
“ဝိုး...မော့တိ...မင်းကိုကြည့်ရတာ အရမ်းစိတ်ကူးယဥ်ဆန်တာပဲ...”
အက်ဒမန်နှင့်အတူ လိုက်ပါလာသည့် ရိုဒယ်လ်က ပါပီကြီးတစ်ကောင်သဖွယ် ရှေ့သို့အမြန်တက်လာ၏။ သူ၏မျက်ဝန်းညိုများက မော့တိထံသို့ တန်းတန်းမတ်မတ် ကျရောက်နေခဲ့သည်။
“မင်းက နတ်သမီးပုံပြင်ထဲက မင်းသားလေးနဲ့တူတယ်...”
“ကျေးဇူးပါ...”
မော့တိက ရိုဒယ်လ်အားပြုံးပြလိုက်သည်။
“မင်းလည်း ကြည့်ကောင်းနေတယ်...”
ရိုဒယ်လ်၏ မျက်ဝန်းများက တောက်ပစွာလင်းလက်လာကာ အင်္ကျီအိတ်ကပ်ထဲသို့ အလောတကြီးနှိုက်လိုက်၏။ သို့သော် တစ်ကိုယ်လုံး နှံ့နှံ့စပ်စပ် ရှာဖွေပြီးသည့်အခါ မွေးနေ့လက်ဆောင်မှာ စားပွဲပေါ်တွင်ကျန်ခဲ့ကြောင်း သဘောပေါက်သွားလေသည်။ သူတစ်စုံတစ်ခုပြောရန်ပြင်နေစဥ် အက်ဒမန်က သူ့အား အဝေးသို့ဆွဲခေါ်သွားခဲ့၏။
အက်ဒမန် စိတ်ပင်ပန်းလာခဲ့သည်။
သူ၏ မြှာပွေသောသားဖြစ်သူက မော့တိ အထင်ကြီးလာစေရန် များစွာကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်တွင်မူ အရူးတစ်ယောက်နှင့် တူနေခဲ့၏။
“ရှောင်တိ...အနာဂတ်မှာ မင်းက ငါတို့ခေါင်းဆောင်ရဲ့ အထက်မှာရှိတဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာလိမ့်မယ်...”
ဖန်ချန်းလောင်က အာမေဋိတ်မပြုပဲ မနေနိုင်ခဲ့ချေ။ သူက အနည်းငယ်သာ အရပ်ပိုရှည်သည့် လင်ကျွင်းဖုန်နံဘေးတွင် ရပ်နေခဲ့သည်။ ဘေးတိုက်ရပ်နေကြသဖြင့် သူတို့နှစ်ဦးက အရုပ်တစ်စုံနှင့် အတော်လေးတူနေလေသည်။
မော့တိ ရယ်မောလိုက်မိသည်။
သူတစ်ခါမှ မွေးနေ့ပွဲတွင် ဤကဲ့သို့ မပျော်ရွှင်ခဲ့ရဖူးချေ။
သူ၏ ယခင်မွေးနေ့များတွင် သူ့ကိုပိတ်လှောင်၍မထားပါက လျစ်လျူရှုခံရလေ့ရှိသည်။ မည်သူကမှ သူ့အား ဆုတောင်းစကားများ၊ လက်ဆောင်များ မပေးအပ်ကြချေ။ မော့မိသားစုဝင်များသာမက ဖိတ်ကြားခံဧည့်သည်များကပါ သူ၏မွေးဖွားလာခြင်းအား ကဲ့ရဲ့ပြစ်တင်တတ်ကြပြီး မေတ္တာတရားခေါင်းပါးစွာဖြင့် သူ့ကိုယ်သူ အရေးမပါသည့်တည်ရှိမှုသဖွယ် ခံစားရစေလေ့ရှိသည်။
ယခုမူ လူအများအပြားက သူ့အား ချီးကျူးနေကြကာ သူတို့၏ ရင်တွင်းမှလာသော ဆုမွန်ကောင်းများစွာကိုလည်း ပေးစွမ်းနေကြသည်။ မော့တိက ကျေးဇူးတင်စိတ်နှင့်အတူ ကောင်းချီးပေးခံရခြင်းအား နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ခံစားလိုက်ရ၏။ ဘဝမှာ အမှန်တကယ်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ့တွင် သူငယ်ချင်းများနှင့် သူ့အားဂရုစိုက်သောလူများ ပိုင်ဆိုင်နေပြီဖြစ်လေသည်။
မော့တိ ပြုံးရယ်နေခြင်းအား မရပ်တန့်နိုင်တော့ချေ။
ထိုစဥ် မုထျန်းဟန်က သူ့ပုခုံးအား ဖြည်းညှင်းစွာခပ်ဖွဖွထိလာသည်။
“ပျော်ရွှင်စရာမွေးနေ့ပါ...ကလေးလေး...”
ဘန်း...
မုထျန်းဟန်၏ ဆုတောင်းစကားဆုံးသည်နှင့် မီးရှူးမီးပန်းများက ဗီလာပေါ်ရှိ ကောင်းကင်တစ်ခွင်သို့ လွှတ်တင်ခံလိုက်ရသည်။ အဖြူနှင့်အပြာရောင် ရောယှက်နေသော မီးပွင့်ကလေးများက ညနေခင်းနေမင်း၏ ပွင့်ချပ်များကဲ့သို့ တိမ်တိုက်များပေါ်တွင် လှပစွာ ရောင်ပြန်ဟပ်နေလေသည်။
“မွေးနေ့မှာပျော်ရွှင်ပါစေ...”
“၁၈နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေ...ငါတို့ရဲ့ရှောင်တိလေး...”
“သူငယ်ချင်းလေး...အရွယ်ရောက်အခမ်းအနားအတွက် ဂုဏ်ပြုပါတယ်...”
“ဝါး...ရှောင်တိ...မင်းက ဆယ့်ရှစ်နှစ်ပြည့်သွားပြီ...ဒီအကိုကြီးတွေလိုပဲ အရွယ်ရောက်လာပြီကွ...”
“မွေးနေ့မှာပျော်ရွှင်ပါစေ...”
“…”
မော့တိက ခံစားချက်များရောပြွန်းလျက် သူ့အား ဂုဏ်ပြုပေးနေသည့် တစ်ဦးချင်းစီကို ငေးကြည့်နေရင်း မျက်ဝန်းများပူလာခဲ့ရ၏။ ထိုခံစားချက်မှာ သူယခင်က တစ်ခါမှမခံစားခဲ့ဖူးသည့် အရာဖြစ်လေသည်။
တဖန်ပြန်လည်ရှင်သန်ခွင့် ရခဲ့ခြင်းမှာ အလွန်ကံကောင်း၍ဖြစ်ကြောင်း သူနားလည်ထားခဲ့သည်။ ထို့အပြင် အရင်ဘဝနှင့်မတူညီခြင်းမှာ အခြားလူများ၏ စိတ်ပျက်ရွံရှာမှုများအောက်၌ နေထိုင်ရန်မလိုအပ်တော့ခြင်းဖြစ်၏။
ဤလက်ဆောင်မှာ အမှန်စင်စစ် ခမ်းနားလှပေသည်။
မီးပန်းများ ပြီးဆုံးသည်နှင့် အားလုံးက မော့တိအား လက်ဆောင်များပေးကြသည်။ မော့တိက စုစုပေါင်း လက်ဆောင်ဆယ့်ငါးခု ရရှိခဲ့ကာ သယ်ယူဖို့ပင် ခက်ခဲနေလေသည်။
သို့သော် မုထျန်းဟန်ထံမှ လက်ဆောင်မပါဝင်ချေ။
မော့တိက ဝတ်စုံနှင့်လက်ကြယ်သီးများကို လက်ဆောင်အဖြစ် မှတ်ယူလိုက်၏။ သူက ထိုအရာများကို နက်ရှိုင်းစွာတန်ဖိုးထားမိပြီး ပွဲပြီးဆုံးသည့်အခါ လုံခြုံသောနေရာ၌ သိမ်းဆည်းထားရန် ကြံစည်လိုက်၏။
မမျှော်လင့်ထားသည်မှာ သုံးလွှာမွေးနေ့ကိတ်မုန့်အားလှီး၍ ခွဲဝေပြီးသည်နှင့် မုထျန်းဟန်က မော့တိပါးပြင်ပေါ်တွင် ပေရေနေသော သကြားလွှာကိုဖယ်ရှားပေးကာ သူ့အတွက် လက်ဆောင်ပြင်ဆင်ထားပြီး မော့တိတစ်ဦးတည်းကသာ ထိုလက်ဆောင်အား မြင်ခွင့်ရှိသည်ဟုဆိုလျက် လူစုနှင့်ဝေးရာသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
မုထျန်းဟန်၏ တီးတိုးစကားကို ကြားသည့်အခါ လိုင်သယ်စစ် မျက်လုံးလှိမ့်လိုက်မိသည်။ သူက အထင်မကြီးဟန်ဖြင့် ကိတ်မုန့်ကြီးကြီးတစ်ပိုင်းကို ကောက်ဝါးလိုက်၏။
အံ့ပါရဲ့ကွာ...သားရဲအိုကြီးက သေချာပေါက်လုံးဝမကောင်းဘူးပဲ...
မော့တိက လက်ဆောင်ထပ်ရဦးမည်ဟု မထင်ထားခဲ့လေရာ အထူးလက်ဆောင်အား ပို၍ပင် မမျှော်လင့်ထားခဲ့ချေ။ သူ့မျက်နှာလေးက နီရဲလာခဲ့ပြီး တစ်ချိန်ထဲတွင် သိချင်လာခဲ့သည်။
သူက အားလုံးကိုခွင့်တောင်းကာ မုထျန်းဟန်နှင့်အတူ ဗီလာအတွင်းသို့ လိုက်ပါလာခဲ့၏။
Xxxxxx