Chapter 96
မော့တိက မုထျန်းဟန်အားဖက်ကာ ထိုသူ၏လည်တိုင်ကြားသို့ ခေါင်းကလေးဖြင့် တိုးဝှေ့လိုက်လေသည်။ သူ့အသံလေးမှာ နေရောင်ခြည်ကဲ့သို့ နွေးထွေးနေပြီး ချွဲ့နွဲ့မှုများစွာ ပျော်ဝင်လျှက်ရှိ၏။
“ကိုကို အဘိုးကြီးဖြစ်လာရင် ကျွန်တော်လည်း အိုလာမှာပဲကို...”
“အဲ့ဒီ့လို ဖြစ်မလာပါဘူး...ကိုယ့်နှလုံးသားထဲမှာ မင်းကအမြဲတမ်း ကိုယ့်ရဲ့ကလေးလေးပဲ...”
မော့တိ၏ မှီခိုအားထားမှုက သူ့နှလုံးသားကို အရည်ပျော်စေခဲ့သည်။ သူက လက်မောင်းများကို ပိုမိုတင်းကျပ်လိုက်ရင်း လူငယ်လေး၏ဆံစများပေါ် အနမ်းခြွေလိုက်၏။
“လိမ္မာတဲ့ကလေးလေး...”
“ကျွန်တော့်မျက်နှာကို ထပ်ပြီးနမ်းစေချင်သေးတယ်...”
မော့တိက ရှက်သွေးဖြာလျှက် မုထျန်းဟန်ကို ကြည့်လိုက်သည်။
“ကိုကို...တစ်ခါလောက် ထပ်နမ်းရအောင်နော်...”
တကယ်တမ်းတွင် မော့တိက နှုတ်ခမ်းချင်းနမ်းရှိုက်သည်ကို ဆိုလိုခြင်းဖြစ်သည်။ သို့သော် ချစ်မှုရေးရာ၌ သူက ငတုံးလေးတစ်ဦးသာဖြစ်ရာ ထိုကဲ့သို့ပြောရဲသည့် သတ္တိရှိမနေချေ။
မုထျန်းဟန်က နူးညံ့စွာပြုံးလျှက် မော့တိ၏ ပူနွေးနေသော ပါးပြင်များနှင့် နဖူးပြင်လေးအား မွှေးကြူလိုက်လေသည်။
သူက ကျီစယ်ဟန်ဖြင့်ဆိုလာ၏။
“ကိုယ့်ကလေးလေးက အရွယ်ရောက်လာပြီပဲ...အနမ်းကို ဘယ်လိုတောင်းရမယ်ဆိုတာတောင် သိနေပြီ...”
မော့တိ၏မျက်နှာလေးက ပိုမို၍ပူလာခဲ့သည်။ သူက မုထျန်းဟန်၏လည်တိုင်ကြားသို့ အမြန်မျက်နှာဝှက်လိုက်လေသည်။
မုထျန်းဟန်က သဘောတကျ ရယ်မောလိုက်သဖြင့် သူ၏ရင်ဘတ်ပင် အနည်းငယ်လှုပ်ခါသွားခဲ့သည်။ သူက မော့တိ၏ဆံစများအား ပွတ်သပ်ကာ နီးကပ်အောင်ဆွဲယူလိုက်လေသည်။
…
နာရီဝက်အကြာတွင် မော့တိနှင့်မုထျန်းဟန်က သူတို့၏စိတ်အခြေအနေကို ပြန်လည်ချိန်ညှိလိုက်ကာ ဗီလာအတွင်းမှ အေးအေးဆေးဆေး ပြန်ထွက်လာကြလေသည်။
ရှန့်ယွီချောင်နှင့် အဖွဲ့က မော့တိထံသို့ စုပြုံလာခဲ့ကြသည်။
“လိမ္မာနော်...ဒီနေ့ ဂိမ်းအကြောင်းရော အလုပ်ကိုရော မတွေးနဲ့တော့...မင်းသူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရမယ်...”
မုထျန်းဟန်က မော့တိ၏နားနားကပ်၍ တီးတိုးစကားဆိုကာ အဝေးသို့လျှောက်သွားလေသည်။
အုပ်စု နီးကပ်လာသည်နှင့်အမျှ လင်ကျွင်းဖုန်က အမျိုးသားထွက်ခွာသွားသည်ကို ကြည့်ရင်း မေးမြန်းလာခဲ့သည်။
“ရှောင်တိ...ဘော့စ် မင်းကိုဘာပြောသွားတာလဲ...”
“ဘာရယ်မဟုတ်ပါဘူး...သူက ငါတို့ကို သက်တောင့်သက်သာနဲ့ ပျော်ပျော်နေကြဖို့ မှာသွားတာ...”
မုထျန်းဟန်၏ ချစ်စဖွယ်စကားများကို ပြန်လည်တွေးမိသွားသဖြင့် မော့တိပါးပြင်များ ပူနွေးလာခဲ့ရသည်။
“ရှောင်တိ...မင်းတို့ ဗီလာထဲမှာ ဘာလုပ်နေကြတာလဲ...ဘော့စ်က မင်းအတွက် အထူးလက်ဆောင်ပြင်ထားတယ်လို့ ဘော့စ်ရဲ့သူငယ်ချင်းဆီက ငါကြားခဲ့တယ်...ဘယ်လိုလက်ဆောင်မျိုးမို့လို့ မင်းတို့ဒီလောက်ကြာနေရတာလဲ...”
ချန်ကျောင်းက သိချင်စိတ်အား မထိန်းနိုင်ပဲ မေးမြန်းလိုက်သည်။
“ဒါက လျှို့ဝှက်ချက်လေ...”
မော့တိက ဘဝင်ခိုက်နေဟန်ဖြင့် ဆိုလေသည်။
ဖန်းချန်းလောင်နှင့် ဟန်ချောင်မှာ ၎င်းကိုနားစွန်နားဖျားကြားသွားကာ ပြောစရာစကားမရှိ ဖြစ်သွားခဲ့ရသည်။
ဖန်ချန်းလောင်က မုထျန်းဟန်မှာ သားရဲကြီးဖြစ်ကြောင်း ခံစားမိနေသည်။ မကြာခင်မှာပင် မော့တိက သူ၏အစားခံရမှာဖြစ်၏။ ဟန်ချောင်က မည်သည့်အရာကိုမှ မသိရှိခဲ့သော်ငြား ဖန်ချန်းလောင်ထံမှ အကြိမ်ပေါင်းများစွာ ကြားခဲ့ရပြီးသည့်နောက် သူတို့နှစ်ဦးကြားရှိ မူမမှန်သောလေထုအား သတိပြုမိနေပြီဖြစ်သည်။
ဖန်ချန်းလောင်က ခဏတာတုံ့ဆိုင်းနေပြီးနောက် သူ့စိတ်ထဲရှိသည့်အတိုင်း ပြောရန်ဆုံးဖြတ်လိုက်လေသည်။
“ရှောင်တိ...မင်းအခုလောလောဆယ် တစ်ယောက်ယောက်ကို ချစ်မိနေတာမျိုးရှိလား...အကိုဖန်ကို မင်းအတွက် အကြံတစ်ချို့ပေးခွင့်ပြုပါ...အဲ့ဒါက မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် အသက်အရမ်းကွာတဲ့လူမျိုးကို မချစ်မိစေနဲ့နော်...၇နှစ် ၈နှစ်ကွာတယ်ဆိုရင်တောင် တော်တော်လေးများနေပြီ...အဲဒီ့ထက်ပိုပြီးကြီးတယ်ဆိုရင်တော့ မင်းဒီတိုင်းထားလိုက်တာ ပိုပြီးကောင်းလိမ့်မယ်...မင်းအဲဲဒီ့မြေခွေးကြီးတွေကို လုံးဝအနိုင်မယူနိုင်လောက်ဘူး...အထူးသဖြင့် မင်းထက် ဆယ်နှစ်လောက်ပိုကြီးတဲ့လူတွေပေါ့...မင်းသိပါတယ်...နှစ်ဆယ့်ရှစ်နှစ်နဲ့ အထက်တွေလေ...”
“အဟမ်း…”
နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သော လိုင်သယ်စစ်က ထိုစကားများကို လမ်းလျှောက်နေရင်း ကြားသွားကာ နှစ်ကြိမ်ခန့် ခပ်ကျယ်ကျယ်ချောင်းဟန့်လိုက်၏။
“ကျွန်တော် ဘယ်လိုလူမျိုးကို ချစ်မိသွားလဲဆိုတဲ့အပေါ် ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်...”
မော့တိက ဖန်ချန်းလောင်ကို ပြုံးပြလိုက်ကာ ပုခုံးကိုအသာပုတ်လိုက်၏။
“အကြံပေးတဲ့အတွက် ကျေးဇူးပါ...ဒါပေမယ့် ကျွန်တော့်အမြင်အရ တစ်ယောက်ယောက်ကို ချစ်သူထားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အကြံပေးမယ်ဆိုရင် ကိုယ်တိုင်က အနည်းဆုံး ချစ်သူတစ်ယောက်တော့ ထားဖူးမှသာ ပိုပြီးသင့်လျော်တယ်မဟုတ်လား...”
“...”
ဖန်ချန်းလောင် ကြက်သေသေသွားခဲ့သည်။
“ဟား...ဟား...ဟား...”
ဟန်ချောင် မရယ်ပဲမနေနိုင်တော့ချေ။
သူတို့စကားပြောနေကြစဥ် လူသုံးဦးက သူတို့ထံ ချဥ်းကပ်လာခဲ့သည်။ သူတို့က မော့တိ၏အသင်းထဲရှိ ပညာရှင်အသစ်များ ဖြစ်လေသည်။
သူတို့ထဲရှိ အသက်အကြီးဆုံးမှာ နှစ်ဆယ့်ခြောက်နှစ်အရွယ်ရှိသော မျက်မှန်တပ်ထားသည့် စွန်းနင်ထောင် ဖြစ်လေသည်။ အခြားနှစ်ဦးမှာ ဘွဲ့ရကာစအမျိုးသမီးများဖြစ်သော နှစ်ဆယ့်နှစ်နှစ်အရွယ်ရှိ ကျောင်းချွမ်နှင့် ကျဲမန်တို့ ဖြစ်ကြလေသည်။
“ ရှောင်တိ...အသက်ဆယ့်ရှစ်နှစ်ပြည့်သွားတာ ဂုဏ်ပြုပါတယ်...အိုင်း...မင်းကအရမ်းငယ်သေးတာပဲ...မဟုတ်ရင် ငါအကွက်ရွှေ့ပြီးနေလောက်ပြီ...”
ကျောင်းချွမ်မှာ တက်ကြွသောမိန်းမပျိုလေး ဖြစ်သည့်အလျှောက် ကျီစယ်ဟန်ဖြင့်ဆို၏။
“မင်းဘာလို့ နှစ်နည်းနည်းလောက် အသက်ပိုမကြီးရတာလဲ...”
“ဒီနေ့ငါမင်းပုံကိုဆွဲဖြစ်အောင်ဆွဲရမယ်...မင်းငါ့ကို ဉာဏ်ကွန့်မြူးအောင် လုပ်ပေးလိုက်တာပဲ...”
ကျန်းကျဲမန်က ဆို၏။
“မင်းဒီနေ့ အရမ်းကိုခမ်းနားနေတယ်...”
“ ကျေးဇူးပါ...အစ်မတို့လည်း အရမ်းလှနေပါတယ်...”
မော့တိက နှစ်လိုဖွယ်ကောင်းစွာ ဆိုလိုက်သည်။
“တကယ်တော့ အစ်မ ကျွန်တော့်တို့အသင်းထဲက လူအားလုံးရဲ့ပုံကို ဆွဲလို့ရပါတယ်...ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ အင်တာဗျူးလုပ်ရမှာလေ...ကျွန်တော်တို့ရဲ့ နာမည်တွေကလည်း ကြေငြာခံရမှာ...အဲ့ဒါမတိုင်ခင် ကျွန်တော်တို့အသင်းအနေနဲ့ weibo အကောင့်ဖွင့်ပြီးတော့ ကျွန်တော်တို့ဖန်တီးထားတဲ့ ပရောဂျက်တွေနဲ့ သတင်းအသစ်တွေ တင်ရမလားလို့လေ...အဲလိုဆို ဖန်အသစ်တွေ ထပ်ပြီးစုဆောင်းလို့ ရမယ်ထင်တယ်...”
“ဒါက အတော်လေးကောင်းမွန်တဲ့ အကြံပဲ...”
ဖန်ချန်းလောင်က ပေါင်ကိုပုတ်ကာ စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။
“ငါဘာလို့ ဒါကိုအရင်ကမတွေးမိပါလိမ့်...စောင့်နေလိုက်...ငါအချိန်ရတာနဲ့ ငါတို့အုပ်စုရဲ့ပုံတူကို ပြင်ဆင်လိုက်မယ်...”
ထိုအကြံဉာဏ်မှာ ကောင်းမွန်လှကြောင်း အားလုံးတွေးမိလိုက်ကြသည်။
“ငါ့ကို ကြည့်ကောင်းအောင် ဆွဲပေးတာ ပိုကောင်းမယ်နော်...”
ကျောင်းချွမ်က သူမ၏စကတ်ကို ညှိလိုက်သည်။
“ဒီနေ့ပုံစံလိုမျိုး ဆွဲပေးတာ အကောင်းဆုံးပဲ...”
ဖန်ချန်းလောင် : “…အိုး...မင်းက နေ့တိုင်းဒီလိုနေတာမှ မဟုတ်တာ...ပုံမှန်ဆို မျက်မှန်ကြီးတကားကားနဲ့ကို...”
“ဖန်ချန်းလောင်...နင်အရိုက်ခံချင်နေတာလား...”
ကျောင်းချွမ် သူမ၏အင်္ကျီလက်ကို ပင့်တင်လိုက်၏။
အားလုံး ရယ်မောကြလေသည်။ စွန်းနင်ထောင်က ချောင်းအသာဟန့်လျှက် ဆိုလာ၏။
“ငါ့ရဲ့အရင်အသင်းတုန်းက အသံပိုင်းဆိုင်ရာ အထူးပြုတဲ့တစ်ယောက်က ငါအသင်းအသစ်ဝင်ထားလားဆိုတာ သိချင်နေတယ်...သူက ငါတို့များ သူ့ရဲ့ကျွမ်းကျင်မှုကို လိုအပ်မလားဆိုပြီး ဒီပြိုင်ပွဲမှာ ဆက်ပြိုင်ချင်နေတယ်လေ...”
စွန်းနင်ထောင်က မော့တိဘက်လှည့်လိုက်သည်။
“ ရှောင်မော့...ငါတို့အသင်းထဲကို အသံထုတ်လွှင့်သူတစ်ယောက်လောက် ထည့်သင့်လား...သူက အင်မတန်ကျွမ်းကျင်တဲ့အပြင် အသံသရုပ်ဆောင် တော်တော်များများနဲ့လည်း သိသေးတယ်...အကယ်၍ ငါတို့သာ ဇာတ်ကောင်တွေကို အသံထည့်နိုင်ခဲ့ရင် ဂိမ်းကလုံးဝအဆင့်တက်သွားမှာပဲ...”
“ကျွန်တော့်ကို သူ့နဲ့ဆက်သွယ်ဖို့ အချက်အလက်တွေ ပေးနိုင်မလား...ကျွန်တော် မနက်ဖြန် ဒါမှမဟုတ် သဘက်ခါလောက် သူ့ဆီဆက်သွယ်လိုက်ပါ့မယ်...”
မော့တိ ကျေနပ်သွားခဲ့သည်။ သူက တီးလုံးများထည့်ရန်နှင့် ဇာတ်ကောင်များ၏ နောက်ခံစကားပြောအတွက် တစ်စုံတစ်ယောက်အား ရှာနေခဲ့တာဖြစ်သည်။ သို့ရာတွင် အဖွဲ့ဝင်တစ်ဦးအား ပေါ့ပေါ့လေးရွေးချယ်၍မရချေ။
“ကောင်းပြီလေ...”
စွန်းနင်ထောင်က wechat အကောင့်တစ်ခုပေးလာသည်။
“သူပဲ...”
…
မော့တိ သူတို့နှင့်အဖွဲကျသွားသဖြင့် တစ်နာရီမျှ ကြာသွားခဲ့သည်။ ရိုဒယ်ကလည်း တစ်ခွန်းစနှစ်ခွန်းစ ဝင်ဝင်ပြောတတ်၏။ မော့တိအသင်းက ဂိမ်းပြိုင်ပွဲတွင် ယှဥ်ပြိုင်နေခြင်းဖြစ်ကြောင်း သိရသည့်အခါ သူ့မျက်ဝန်းများက လက်ဖြာလာခဲ့သည်။
မော့တိမှာ လူ၉ယောက်ပါဝင်သော အသင်း၏ ခေါင်းဆောင်ဖြစ်ရုံသာမက အလုပ်၏ ၉၀ ရာခိုင်နှုန်းနီးပါးကို တာဝန်ယူထားသည့် ညွှန်ကြားသူရော၊ ထုတ်လွှင့်သူပါ ဖြစ်နေကြောင်း ရိုဒယ်သိရသည့်အခါ အလွန်အထင်ကြီးသွားမိ၏။
ရိုဒယ်ကိုယ်တိုင်မှာလည်း ဂိမ်းတီထွင်ခြင်းအပေါ် အလွန်စွဲလမ်းသူတစ်ဦး ဖြစ်သည့်အတွက် မော့တိ၏လက်အောက်၌ အလုပ်လုပ်ပါက များစွာသင်ယူနိုင်လိမ့်မည်ဟု ယူဆက အသင်းထဲသို့ ပါဝင်ချင်လာခဲ့သည်။
အမှန်စင်စစ် ရိုဒယ်နှင့် ပထမဆုံးစကားပြောစဥ်ကတည်းက အလားအလာရှိသည့် ဂိမ်းတီထွင်သူတစ်ဦးဖြစ်ကြောင်း မော့တိ သတိပြုမိခဲ့လေသည်။ သို့ရာတွင် သူကပို၍စွမ်းရည်ပြည့်ဝလေလေ၊ အသင်းထဲသို့ခေါ်ရန် မော့တိပို၍ တွန့်ဆုတ်မိလေလေပင်။ အဘယ့်ကြောင့်ဆိုသော် ရိုဒယ်ကဲ့သို့ အရည်အချင်းရှိပြီး နှစ်လိုဖွယ်ကောင်းသူတစ်ဦးအဖို့ ကိုယ့်လမ်းကိုယ်လျှောက်ကာ ကိုယ်ပိုင်အသင်းထူထောင်ခြင်းက ပို၍သင့်လျော်သောကြောင့်ဖြစ်သည်။ သူက တစ်စုံတစ်ဦး၏ လက်အောက်တွင် အကြာကြီးနေမည့် လူတစ်ဦးမဟုတ်မှန်း မော့တိသေချာသိလေသည်။
ထို့အပြင် ရိုဒယ်က ဟွာရှား၌ အားလပ်ရက်ကိုသာ လာရောက်ကုန်ဆုံးခြင်းဖြစ်သည်။ မော့တိက နှစ်ရှည်ပူးပေါင်းမှုမျိုးကို နှစ်သက်ပြီး သူ၏ပင်တိုင်အဖွဲ့ဝင်များအတွက် ရှယ်ယာခွဲဝေပေးရန် ရည်ရွယ်ထားလေသည်။ ရိုဒယ်၏ ရေတိုဝင်ရောက်မှုက ကိစ္စတော်တော်များများကို ရှုပ်ထွေးသွားစေမှာဖြစ်သည်။
ထို့ကြောင့် မော့တိက အဆိုပါပြဿနာအား ရိုဒယ်၏ဖခင်ဖြစ်သူ အက်ဒမန်ထံသို့ ပါးနပ်စွာဖြင့် လွှဲပေးလိုက်လေသည်။
သူ၏သားဖြစ်သူမှာ အခြားတစ်ယောက်၏ အလုပ်အကိုင်တွင် ပါဝင်ရန် စိတ်ကူးယဥ်နေကြောင်း ကြားသိရချိန်၌ အက်ဒမန်က သူ့အား နားရွက်မှဆွဲခေါ်သွားတော့သည်။
ရိုဒယ်က အပြင်းအထန်ဆန့်ကျင်သော်ငြား သူမည်မျှအရပ်ရှည်စေကာမူ၁၄နှစ်အရွယ် ကလေးတစ်ဦးက ဖခင်ဖြစ်သူအား မဆန့်ကျင်နိုင်ချေ။
အားလုံး၏အစာအိမ်များက အစားအစာမျိုးစုံ၊ အဖျော်ယမကာများဖြင့် ပြည့်နှက်သွားကြသည့်အခါ ညနေ ၆နာရီပင်ရှိနေပြီဖြစ်သည်။ ပါတီပွဲသည်လည်း ဆုံးခန်းတိုင်သွားခဲ့၏။
ပါတီပွဲအဆုံး၌ မော့တိ၏ဒရိုင်ဘာက မိန်းကလေးများကို အိမ်အရောက်ပြန်ပို့ပေးခဲ့ပြီး ယောက်ျားလေးများကိုမူ အိမ်သို့ပြန်သည့် ဘတ်စ်ကား သို့မဟုတ် မြေအောက်ရထားဂိတ်များထံ လိုက်ပါပို့ဆောင်ပေးခဲ့သည်။
ခြံဝန်းထဲရှိအရာများက အကျွေးအမွေးအသင်း၏ ရှင်းလင်းပေးခြင်းခံလိုက်ရကာ နာရီဝက်အကြာ၌ ခြံဝန်းမှာ သန့်ရှင်းသွားလေသည်။
မုထျန်းဟန်က စိတ်အခြေအနေကောင်းမွန်နေပြီး သန့်ရှင်းရေးနှင့် ချက်ပြုတ်ရေးတာဝန်ယူသူများအား စာအိတ်နီများစွာ ပေးကမ်းခဲ့၏။
မုထျန်းဟန်၊ မော့တိနှင့် တတိယဘီးလေး လိုင်သယ်စစ်သာ ဗီလာအတွင်းကျန်ခဲ့ချိန်၌ ည ၉နာရီပင်ထိုးပြီဖြစ်သည်။
မော့တိနှင့်မုထျန်းဟန် အကြည့်ချင်းဆုံးမိလိုက်တိုင်း တတိယထပ်တွင် နမ်းရှိုက်ခဲ့သည့်မြင်ကွင်းက သူတို့နှစ်ဦး၏ အတွေးများထဲ ပေါ်ပေါက်လာခဲ့ကာ နှစ်ဦးလုံး ကိုယ်စီရှက်သွေးဖြာ၍ ရင်ခုန်သံမြန်လာခဲ့ကြသည်။
မော့တိက မျက်နှာအားအသာပွတ်ကာ ရေချိုးတော့မလိုလိုနှင့် သူ့အခန်းထဲပြေးဝင်သွားလေသည်။
မုထျန်းဟန်က သူ့နောက်လိုက်ရင်ပြင်စဥ် လိုင်သယ်စစ်၏ ဂုတ်မှဆွဲကိုင်ကာ တားမြစ်ခြင်းခံလိုကိရ၏။
“မင်း...သားရဲအိုကြီး...လာခဲ့...ကလေးနဲ့မင်းကြားထဲက အခြေအနေကိုပြောပြစမ်း...”
မော့တိက လိုင်သယ်စစ်၏ စစ်မေးနေခြင်းအား.အခန်းတွင်းမှကြားနေရကာ သူ့မျက်နှာလေးမှာလည်း ပူလောင်လာခဲ့လေသည်။
…
မော့တိနှင့်မုထျန်းဟန်က မော့တိကျောင်းသို့ ပြန်မသွားခင်တစ်ရက်သာ ချစ်သူများသဖွယ် ကုန်ဆုံးလိုက်ရရှာသည်။
မော့တိသည်လည်း ထားခဲ့ရန်တွန့်ဆုတ်နေခဲ့၏။ သို့သော် ချစ်သူထားခြင်းအပြင် ပညာရေးနှင့်အလုပ်သည်လည်း အရေးပါကြောင်း သူနားလည်လေသည်။
ပို၍တွန့်ဆုတ်နေသူမှာ မုထျန်းဟန်ဖြစ်သည်။ သို့ရာတွင် သူ၏ကလေးလေးက အသိုက်ကိုခွာ၍ အတောင်ပံများဖြန့်ကျက်ရမည့် အသက်အရွယ်သို့ ရောက်လာပြီဖြစ်ကြောင်း သူနားလည်လေသည်။
သားရဲအိုကြီးကဲ့သို့ မော့တိအားဖမ်းမထားသင့်ချေ။ မြင့်မြင့်ပျံနိုင်ရန်သာ ကူညီပေးသင့်၏။
ယခုမူ သူက မော့တိအား အကူအညီပေးနေခဲ့သည်။
မော့တိယခင်က ဂိမ်းကုမ္မဏီတစ်ခုအား တည်ထောင်ရန် သူ့အား ပြောဆိုခဲ့ဖူးသည်။ ထိုစဥ်က မော့တိမှာ ငယ်ရွယ်သေးသည့်အတွက် ထိုအကြံအစည်အား ရပ်တန့်ထားခဲ့ရ၏။ ယခုမူ အချိန်ကျရောက်လာခဲ့ပြီဖြစ်ရာ လက်ငင်းဆောင်ရွက်သင့်လေသည်။ အဓိကအချက်မှာ မုထျန်းဟန်က အားလုံးပြင်ဆင်ထားပြီးပြီဖြစ်ပြီး မော့တိအနေဖြင့် လက်မှတ်ထိုးရန်သာ လိုအပ်ပေသည်။ မည်သည့်အရာကိုမှ စိုးရိမ်ပူပန်စရာအကြောင်း မရှိချေ။ ကုမ္မဏီနာမည်ကိုပင် 'တိယီမု' ဟူ၍ နှစ်ဦးသား အချိန်အတော်ကြာကတည်းက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်လေသည်။
သူတို့နှစ်ဦးက မုထျန်းဟန်အား ရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူအဖြစ် ထားရှိကာ မော့တိကမူ ရှယ်ယာ ရှစ်ဆယ်ရာခိုင်နှုန်းအား ကိုင်ဆောင်ထားရန် သဘောတူညီခဲ့ကြသည်။ စာချုပ်က မူကြမ်းရေးဆွဲပြီးပြီဖြစ်ပြီး သဘောတူညီမှုအတွက် လက်မှတ်ထိုးရန်သာ ကျန်ရှိတော့၏။
မုထျန်းဟန်က မော့တိ သူ့ထံမှပိုက်ဆံ အများအပြားမယူလိုကြောင်း သိရှိလေသည်။ သို့ရာတွင် ဆယ်မီလီယမ်ယွမ်မျှသာ အရင်းအနှီးစိုက်ထုတ်၍ ကုမ္မဏီ၏ နှစ်ဆယ်ရာခိုင်နှုန်းရှယ်ယာများကို အချိန်အကန့်အသတ်မရှိရယူနိုင်ခြင်းမှာ မော့တိသူ့အား အကျိုးကျေးဇူးများစွာပေးခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် မုထျန်းဟန်က ဆောက်လုပ်ပြီးဖြစ်သော ကုန်သွယ်ရေး အဆောက်အအုံတွင် သူပိုင်ဆိုင်သည့် ရှယ်ယာ ၆၅ ရာခိုင်နှုန်းအနက် ၂၀ ရာခိုင်နှုန်းကို မော့တိအားပေးရန် ဆုံးဖြတ်ခဲ့လေသည်။ ဤသို့ဆိုလျှင် မော့တိအနေဖြင့် သူ၏ကုမ္မဏီအား လည်ပတ်စေရန် နှစ်ထပ်အဆောက်အအုံတစ်လုံး ရှိသွားပြီဖြစ်သည်။
၎င်းမှာ နှစ်လအကြာက သူ ရင်းနှီးမြှုပ်နှံခဲ့သည့် ပရောဂျက်ဖြစ်ပြီး တင်းကြပ်သော ကွပ်ကဲမှုအောက်တွင် တစ်နှစ် သို့မဟုတ် နှစ်ဝက်အတွင်း ပြီးစီးမှာဖြစ်လေသည်။
ထိုအချိန်၌ မော့တိက တတိယနှစ်သို့ရောက်နေပြီဖြစ်ကာ ကုမ္မဏီသည်လည်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေလောက်ပြီဖြစ်၏။ သူ့အတွက် ရုံးခန်းကို အခြေချပေးထားခြင်းက ပိုမို၍ အဆင်ပြေစေလိမ့်မည်။ အကယ်၍ သူက ကိုယ်ပိုင်အဆောက်အဦး ပိုင်ဆိုင်လာလျှင်ပင် အရင်အဆောက်အဦးအား ငှားရမ်းလိုက်ပါက ကုန်ကျစရိတ်အချို့ကို ကာမိစေမှာဖြစ်၏။
ပြောသာပြောရသည်။ သူ၏ကလေးလေးက ရှယ်ယာများကို လွယ်လွယ်လက်ခံမှာမဟုတ်ချေ။ သို့သော် ၎င်းက အလျင်မလိုသေးချေ။ ပို၍အရေးကြီးသည်မှာ ဂိမ်းကုမ္မဏီအား အရင်ထူထောင်ရန်သာဖြစ်လေသည်။
…