အပိုင်း ၉၇
Viewers 29k

Chapter 97




နှစ်ရက်အကြာတွင် မော့တိ ကျောင်းသို့ပြန်သွားသည့်အခါ သူ့မွေးနေ့ပွဲရှိ ဓာတ်ပုံများက ကျောင်းဝင်းတစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်လေသည်။ အထူးသဖြင့် သူ၏ သစ်ပင်အောက်တွင်ရပ်ကာ ပြုံးနေသောပုံ ဖြစ်လေသည်။ ၎င်းက တောမီးပမာ ပျံ့နှံသွားခဲ့၏။


ရလဒ်အနေဖြင့် သူ့ထံသို့ ချစ်သဝဏ်လွှာများ၊ လက်ဆောင်များ နေ့စဥ်ရောက်ရှိလာတော့လေသည်။  


မော့တိက အစပိုင်းအကြိမ်အနည်းငယ်လောက် ယဥ်ကျေးစွာ ငြင်းပယ်ခဲ့သော်လည်း ၎င်းမှာ အလုပ်မဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူက Weibo ရှိ relationship နေရာတွင် 'in a relationship' ဟု တင်လိုက်တော့သည်။  


၎င်းက မလိုလားသည့် ဝန်ခံမှုများစွာကို ဟန့်တားရာ၌ များစွာအကူအညီဖြစ်ခဲ့သည်။ သို့သော် သူက သီးသန့်စာပို့စနစ်မှတဆင့် သူ၏ကောင်မလေးဖြစ်လိုသည့် ကမ်းလှမ်းချက်များစွာ ရရှိနေဆဲပင်ဖြစ်သည်။ 


ထို့ကြောင့် ရှန့်ယွီချောင်၏ အကြံပေးချက်အရ မော့တိက ရှန့်ယွီချောင်၏ ကြည့်ကောင်းသော ဓာတ်ပုံတစ်ပုံကို ရွေးချယ်ကာ 'ကျွန်တော့် ညီအစ်ကိုကောင်းအတွက် ကောင်မလေးရှာပေးနေပါတယ်..." ဟု ပုံနှင့်တွဲ၍တင်လိုက်လေသည်။  


ထိုသို့တင်လိုက်သည်နှင့် မော့တိ၏ weibo က အေးချမ်းသည့်နေ့ရက်များသို့ ပြန်လည်ရောက်ရှိသွားကာ မည်သူကမှ သူ့ထံစာမပို့ကြတော့ချေ။  


ရှန့်ယွီချောင် ၎င်းအမှန်တရားကို ရှာတွေ့သွားသည့်အခါ မျက်ရည်မကျပဲငိုလေတော့၏။ 


“အား...ဘာလို့ငါ့အတွက် ကောင်မလေးရဖို့ ခက်ခဲနေရတာလဲ...မတရားဘူး...ငါ ခွဲစိတ်လိုက်ရင်ကောင်းမလား...” 


ချန်ကျောင်းနှင့် လင်ကျွင်းဖုန်က သဘောတကျရယ်မောလိုက်ကြ၏။ 


“အဆင်ပြေပါတယ် ငါးဆားနယ်လေးရဲ့...ဖူးစာဆိုတာရှိသေးတယ်လေ...ဟားဟားဟား...” 


“အိုင်း...ဖေဖေတောင် စင်ဂယ်ပဲရှိသေးတယ်...အလျဥ်မလိုပါနဲ့...ဟားဟား...” 


ရှန့်ယွီချောင် ပို၍ပင် ငိုတော့သည်။ 


မော့တိ သက်ပြင်းချလိုက်၏။ သူ့ကိုနှစ်သိမ့်ရန်အတွင် အသင်းတစ်ခုလုံးအား ရှန့်ယွီချောင် အကြိုက်ဆုံး အသားကင်လိုက်ကျွေးရန် ဆုံးဖြတ်လိုက်လေသည်။  


မော့တိထိုသို့ပြောလိုက်သည်နှင့် ရှန့်ယွီချောင် အငိုရပ်သွားကာ မော့တိအား တက်ကြွစွာဖြင့် သွားစားမည့်အချိန်ကို မေးမြန်းလာလေသည်။  


မော့တိ: “…” 


မော့တိက လှည့်စားခံလိုက်ရသလို ခံစားလိုက်ရသည်။ 


နောက်နေ့ညနေခင်းတွင် မော့တိက သူတို့အုပ်စုအား ဘာဘီကျုးစားသောက်ဆိုင်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ 


တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့ရောက်သည်နှင့် ရင်းနှီးသောတစ်စုံတစ်ဦးအား မော့တိ တွေ့လိုက်ရ၏။ ထိုသူမှာ အရင်ဘဝက မော့လျှိုကွေ့အား နံပါတ်တစ်မင်းသမီးဖြစ်လာရန် တွန်းတင်ပေးခဲ့သူ လီကျောင်း ဖြစ်လေသည်။  


မော့တိက အခြားသူများနှင့်အတူ လှေကားပေါ်သို့တက်နေရင်း လီကျောင်းအား ဖြတ်ခနဲကြည့်လိုက်မိသည်။ သို့သော် သူကျောခိုင်းလိုက်သည်နှင့် ခေါ်သံအားကြားလိုက်ရ၏။ 


“ဟဲလို...လူငယ်လေး...ဖျော်ဖြေရေးပိုင်းကို ဝင်ရောက်ဖို့ စိတ်ဝင်စားလား...”


မော့တိက ရပ်တန့်လိုက်ကာ သူ့အနောက်ရှိလူအား လှည့်ကြည့်လိုက်မိသည်။ .


လီကျောက်က ရှေ့သို့လှမ်းလာခဲ့၏။ သူက လက်တွေ့မကျသော ထုတ်ကုန်တစ်ခုကို ရောင်းချရန်ကြံစည်နေသည့် အရောင်းသမားတစ်ဦးကဲ့သို့ပြုံးကာ ဆိုလိုက်လေသည်။  


 “ ကျောင်းသားလေး...မင်းမှာ အရမ်းကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတယ်လို့ ငါထင်တယ်...မင်းအနေနဲ့ တီဗီဖန်သားပြင်ပေါ်မှာ ပါဝင်ဖို့ စိတ်ဝင်စားလား...မင်းကျော်ကြားလာစေရမယ်လို့ ငါကတိပေးနိုင်တယ်...” 


“စိတ်မပူပါနဲ့...ငါက ကလိမ်ကကျစ်တစ်ယောက်မဟုတ်ပါဘူး...ရှင်းဟိုင်ဖျော်ဖြေရေးကုမ္မဏီက အေးဂျင့်တစ်ယောက်ပါ...ဒါကတော့ ငါ့ရဲ့ကဒ်ပါ...” 


လီကျောက်က သူ၏ကဒ်ကို အိတ်ကပ်အတွင်းမှ ထုတ်လိုက်ပြီး မော့တိအား ကမ်းပေးလိုက်သည်။ 


“ငါ့မျက်လုံးတွေက ဘယ်တုန်းကမှ မမှားခဲ့ဘူး...A အဆင့် သရုပ်ဆောင်အများအပြားကို ပွဲထုတ်နိုင်ခဲ့တယ်...အချိန်ကျလာတဲ့အခါ သူတို့က မင်းရဲ့စီနီယာတွေ ဖြစ်လာကြလိမ့်မယ်...” 


မော့တိက ကဒ်ကိုလက်ခံလိုက်သည်။ အသေအချာပင် လီကျောက်က ရှင်းဟိုင်ဖျော်ဖြေရေးအတွက် ရွှေအဆင့်အကျိုးဆောင်တစ်ဦး ဖြစ်လေသည်။  


သို့သော် မော့တိစိတ်မဝင်စားခဲ့ချေ။ 


ပို၍အရေးကြီးသည်မှာ သူက လီကျောက်၏ဘော့စ်အား ကောင်းစွာသိရှိထားပြီး ထိုသူ၏သားဖြစ်သူမှာ ချင်ချန်းယီနှင့် ဆက်ဆံရေးကောင်းမွန်သည်ကိုလည်း သိရှိထားလေသည်။   


သို့ရာတွင် အရင်ဘဝ၏ဇာတ်ကြောင်းအရ ထိုနှစ်ဦးမှာ မော့လျှိုကွေ့၏အလှတွင် ပြိုင်တူကျဆုံးသွားခဲ့ကြလေသည်။ မော့တိက ထိုသုံးပွင့်ဆိုင်အချစ်အတွင်း ဝင်ရောက်ပတ်သတ်ရန် စိတ်ကူးမရှိသော်ငြား ကောင်းမွန်သည့်ပြပွဲတစ်ခု ဖြစ်လာစေရန် မျှော်လင့်နေမိ၏။  


“စိတ်မရှိပါနဲ့...ကျွန်တော် အချိန်တစ်ခုအထိ ဖျော်ဖြေရေးလောကထဲ ဝင်ရောက်ဖို့ စိတ်ကူးမရှိသေးပါဘူး...” 


မော့တိက ကဒ်ကိုသိမ်းရင်း ပွင့်လင်းစွာပြောလိုက်သည်။ 


“ ကျောင်းသားလေး...မင်း ချင့်ချင့်ချိန်ချိန် တွေးတောသင့်တယ်လို့ ငါထင်တယ်...ဖျော်ဖြေရေးလုပ်ငန်းရဲ့ အံ့သြစရာတွေက သာမန်လူတစ်ယောက် စိတ်ကူးယဥ်နိုင်တာထက် အများကြီးပိုသာတယ်နော်...” 


“ကျေးဇူးပါ...ကျွန်တော် စိတ်မဝင်စားပါဘူး...” 


မော့တိက ပြုံးလျှက်ဆိုခြင်းဖြစ်သော်ငြား သူ၏စကားမှာ ပြတ်သားလှ၏။  


မော့တိ သူ၏ကမ်းလှမ်းချက်အား ငြင်းဆိုလိုက်သည့်အတွက် လီကျောက် စိတ်ပျက်သွားခဲ့သည်။ သူ့အကွက်ထဲသို့ မော့တိဝင်မလာကြောင်း သတိပြုမိလိုက်လေသည်။ သူက မော့လျှိုကွေ့အားစန်းတင်ရန် ထပ်မံကျရှုံးခဲ့သည့်နောက် ကွဲပြားသောဂုဏ်ပုဒ်နှင့် ကြည့်ကောင်းသော ရုပ်သွင်ရှိသည့် မော့တိအား မတွေးမိပဲမနေနိုင်ချေ။   


ထို့အပြင် ၎င်းမှာ မော့တိဖြစ်နေသည့်အတွက် စိုးရိမ်ရမည့်ကိစ္စများ သေချာပေါက် များစွာလျော့နည်းသွားမှာဖြစ်၏။   


ယခုကဲ့သို့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ကြရသည့်အခါ လီကျောက်က သူ၏အကြံအစည်အား အကောင်အထည်ဖော်ရန် ကြိုးစားလေတော့သည်။ နှမြောစရာကောင်းသည်မှာ မော့တိက သူ၏သင်္ဘောပေါ်သို့ လိုက်ပါရွှက်လွှင့်ရန် ဆန္ဒမရှိပေ။  


လီကျောက် သက်ပြင်းချလိုက်ကာ နောက်ဆုံးအကြိမ် ကြိုးစားလိုက်၏။


 “အကယ်၍ မင်းနောင်တရပြီး ဖျော်ဖြေရေးလုပ်ငန်းကို ဝင်ချင်စိတ်ပေါ်လာရင် ငါ့ကိုဖုန်းဆက်လိုက်ပါ...ဘယ်သူ့အတွက်မှ ဒီလိုလုပ်မပေးဖူးပေမယ့် မင်းကိုတော့ ချွင်းချက်ထားပေးနိုင်တယ်...” 


“ကောင်းပါပြီ...ကျွန်တော် စိတ်ပြောင်းသွားခဲ့ရင် ဖုန်းခေါ်လိုက်ပါ့မယ်...” 


မော့တိ ပြုံးကာခေါင်းညိတ်လိုက်ပြီး သူငယ်ချင်းများနောက်သို့ လိုက်သွားလေသည်။ 


လီကျောက်၏ လုပ်ရပ်နှင့်စကားလုံးများက သူ့စိတ်ထဲတွင် ဝိုးတဝါးပေါ်လာသည့် မှန်းဆချက်အား အတည်ပြုပေးသကဲ့သို့ ရှိလေသည်။ လီကျောက်က သူ့အားသတိပြုမိသွားခြင်းမှာ ပုံပန်းသွင်ပြင်တစ်ခုတည်းကြောင့် မဟုတ်ပဲ သူ့အပေါ် လူထု၏အမြင်ကောင်း ရှိနေခြင်းကြောင့်လည်းပါဝင်၏။ မော့လျှိုကွေ့၏ လက်ရှိပုံရိပ်အပေါ် လီကျောက် အမှန်တကယ် စိတ်ပျက်နေကြောင်း မော့တိခန့်မှန်းမိလိုက်လေသည်။  


နောင်တရစရာလား...ဖျော်ဖြေရေးလုပ်ငန်းက ဘယ်တော့မှ သူ့နယ်ပယ်ဖြစ်လာမှာမဟုတ်တာပဲ... 


*


သူတို့အုပ်စုက ပိုင်းကန့်ထားသည့်အခန်းငယ်တစ်ခုတွင်း ဝင်သွားကြကာ အစားအစာများ စတင်မှာယူကြသည်။ ဝိတ်တာ ထွက်သွားသည့်အခိုက် ရှန့်ယွီချောင်က မော့တိ၏ဆုံးဖြတ်ချက်အား နှမြောဟန်ဖြင့်ဆိုလာလေသည်။  


“ ကျော်ကြားတဲ့လူတွေက ပိုက်ဆံအများကြီးရှာနိုင်တယ်နော်...သူတို့ တစ်ခါနာမည်ကြီးတာနဲ့ တစ်နိုင်ငံလုံးက သူတို့ကိုသိသွားကြရော...မရေမတွက်နိုင်တဲ့ မိန်းကလေးတွေဆီက အချစ်ကိုလည်းရနိုင်တယ်...ဘယ်လောက်ကောင်းလိုက်သလဲ...” 


ရှန့်ယွီချောင်က ကူရှင်ပေါ်မှီ၍ငိုပြန်သည်။ လတ်တလောဖြစ်ရပ်က သူ့အား နာကျင်စေဆဲဖြစ်၏။  


“ဘာများကောင်းလို့လဲ...လုံလုံလောက်လောက် မကျော်ကြားသရွေ့ ကိုယ့်မူအတိုင်းတောင် နေခွင့်မရှိဘူးလေ...အားလုံးက ကုမ္မဏီရေးပေးတဲ့ ဇာတ်ညွှန်းအတိုင်းပဲ ဖြစ်နေမှာ...မကြာခင်ပဲ မင်းရဲ့အကျင့်စရိုက်က ပြောင်းလဲသွားလိမ့်မယ်...ဒါတောင် anti-fans တွေအကြောင်း ထည့်မပြောရသေးဘူး...” 


ချန်ကျောင်းက ရှန့်ယွီချောင်၏ ကျောပြင်ကိုပုတ်လိုက်သည်။ 


“ဒါပေမယ့် ဖန်တွေလည်း ရှိလာမှာပဲလေ...အဲ့လိုဆို ထိုက်တန်တယ်မဟုတ်လား...” 


ရှန့်ယွီချောင် တစ်ချက်ရှိုက်လိုက်သည်။


“ခုတော့ ကောင်မလေးတစ်ယောက်မှ ငါ့ကိုသဘောမကျကြဘူး...” 


မော့တိ အကူအညီမဲ့ဟန်ဖြင့် ခေါင်းယမ်းလိုက်မိသည်။ တစ်ချိန်ထဲမှာပင် သူ၏ဖုန်းသို့ စာဝင်လာခဲ့၏။  


၎င်းမှာ ကျန်းချန်ချန်ထံကဖြစ်သည်။ စွန်းနင်ထောင် မိတ်ဆက်ပေးခဲ့သည့် အသံပိုင်းဆိုင်ရာကျွမ်းကျင်သူ ဖြစ်၏။ ထိုသူက မနက်ဖြန်သူအားလပ်ကြောင်းနှင့် မော့တိအား တွေ့ခွင့်တောင်းနေခြင်းဖြစ်သည်။ မော့တိက အချိန်ဇယားကိုစစ်ဆေးကာ ညနေ ၆ နာရီ၌ တွေ့ဆုံရန် ချိန်းဆိုလိုက်လေသည်။  


လင်ကျွင်းဖုန်က မော့တိ စာရိုက်နေသည်ကိုတွေ့ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။  


“ရှောင်တိ...ဘယ်သူနဲ့ပြောနေတာလဲ...”


“ ကျန်းချန်ချန်လေ...ကျွန်တော် မနက်ဖြန် သူနဲ့တွေ့မှာ...အကယ်၍ သူကအဆင်ပြေတယ်ဆိုရင် အသင်းထဲကိုပါလာလိမ့်မယ်...ကျွန်တော်တို့ရဲ့ဂိမ်းတွေမှာ နောက်ခံတီးလုံးတွေပါလာရင် အခြား level. တစ်ခုကိုရောက်သွားမှာပဲ...” 


“ဟုတ်တယ်...ဟုတ်တယ်...နောက်ခံတီးလုံးတွေက ကစားသူတွေကိုတကယ်ပဲ လှုံ့ဆော်နိုင်တယ်...” 


ရှန့်ယွီချောင်က ထောက်ခံလိုက်သည်။ 


အစားအစာများ ရောက်ရှိလာပြီဖြစ်သောကြောင့် သူတို့အုပ်စုက စတင်စားသောက်ကြလေသည်။ 




  


ဆယ်ကီလိုမီတာမျှ ကွာဝေးသည့်နေရာ၌ သီးသန့်ဗီလာတစ်ခု ရှိနေ၏။  


မော့ဝုဟန်နှင့် ချင်ချန်းယီတို့က မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ သူတို့နှစ်ဦးကြားရှိ စားပွဲပေါ်တွင် ထိပင်မထိရသေးသည့် လက်ဖက်ရည်နှစ်ခွက် ရှိနေလေသည်။  


မော့ဝုဟန်က စိတ်မရှည်ဖြစ်နေသော်လည်း ချင်ချန်းယီ၏ လူမဆန်မှုကို မြင်တွေ့ပြီးသည့်နောက် စည်းကျော်ဝံ့ခြင်းမရှိတော့ချေ။  


“မင်းအစ်ကိုတွေရဲ့ ခြေရာကို လိုက်မနင်းဖို့ ငါပြောခဲ့ပြီးပြီ...မင်းက ဦးနှောက်မရှိသလို ဘယ်နေရာမှ သုံးစားလို့မရဘူးပဲ...” 


ချင်ချန်းယီ၏မျက်နှာက အေးစက်ကာ ထူးမခြားနားဟန် ပေါ်နေ၏။


“မထင်မရှားလူတစ်ယောက်နဲ့ အပေးအယူလုပ်တာက မော့တိကို ဒူးထောက်ကျစေလိမ့်မယ်လို့ ထင်နေတာလား...” 


မော့ဝုဟန်က ခေါင်းကိုတစ်ဖက်သို့ လွှဲလိုက်ရင်း တိတ်ဆိတ်စွာဖြင့် သဘောမတူဟန်ပြုသည်။  


“ဒါက ပေါကြောင်ကြောင်လှည့်ကွက်တစ်ခုပဲ...”


ချင်ချန်းယီက အေးစက်စွာဆို၏။


“မော့ဝုဟန်...မော့တိကို ထိခိုက်အောင် ဘယ်လိုပဲလုပ်လုပ် ကိစ္စမရှိဘူး...ဒါပေမယ့် အပြတ်ရှင်းနိုင်မယ်ဆိုတာ သေချာဖို့လိုအပ်တယ်...အကယ်၍ မင်းရဲ့ကျဆုံးမှုက လျှိုကွေ့ကို တစ်နည်းနည်းနဲ့ ထိခိုက်စေခဲ့ရင် မင်းနောင်တရသွားအောင် ငါသင်ပြပေးရလိမ့်မယ်...”  


“ငါ့ရဲ့ရည်ရွယ်ချက်တိုင်းက ရှောင်ကွေ့အတွက်ပဲ...ငါသူ့ကို ပြဿနာတက်စေမှာမဟုတ်ဘူး...”


ချင်ချန်းယီ၏ စွပ်စွဲချက်ကြောင့် မော့ဝုဟန် ဒေါသထွက်သွားခဲ့သည်။ 


“ချင်ချန်းယီ...မင်း ဘာသိလို့လဲ...အိမ်ပြန်လာတဲ့အခါတိုင်း ရှောင်ကွေ့မျက်နှာလေးငယ်နေခဲ့တယ်...အင်တာနက်ပေါ်က ကွန်မန့်တွေကိုတွေ့တဲ့အချိန်တိုင်း သူမ ငိုတော့တာပဲ...အကယ်၍ ငါက သူမအတွက် လက်စားချေမပေးရင်...ဘယ်သူကလုပ်ပေးမှာလဲ...မင်း ခုတစ်လော သူမကို သိပ်ဂရုမစိုက်ဘူး...မင်းက ချမ်းသာပြီး အင်အားကြီးရုံနဲ့ သူမအချစ်ကို ရနိုင်မယ်လို့ မျှော်လင့်မနေနဲ့...မင်း...” 


ချင်ချန်းယီ၏ အမူအရာက အလွန်ဆိုးရွားလာကာ ဖိနှိပ်လိုဟန်များ ပေါ်ပေါက်လာခဲ့၏။ မော့ဝုဟန် တုန်လှုပ်သွားကာ ပြောလက်စ,စကားကို ချက်ချင်းရပ်တန့်လိုက်လေသည်။ 


လေထုက တိတ်ဆိတ်သွားခဲ့၏။ 


တစ်မိနစ်အကြာတွင် ချင်ချန်းယီက သူ၏ ပြင်းထန်သောခံစားချက်များကို ဖိနှိပ်လိုက်ကာ...


“ရှောင်ကွေ့အတွက်မဟုတ်ရင် မင်းဒီမှာထိုင်နေခွင့်တောင် မရှိဘူး...” 


“မော့တိကိုထိခိုက်အောင်လုပ်ဖို့ လူငှားနေတာ ရပ်လိုက်တော့...မင်းလိုအရူးတစ်ယောက်က ဘာကိုများပြီးဆုံးအောင် လုပ်နိုင်မှာတဲ့လဲ...အလုပ်ဖြစ်တာထက် ပြဿနာတွေပဲရှာလာလိမ့်မယ်...” 


မော့ဝုဟန်က မေးရိုးကိုတင်းတင်းကြိတ်ကာ အရှက်တကွဲဖြစ်ခြင်းအား သည်းခံနေရလေသည်။  


“တစ်ခုရှိသေးတယ်...ငါမင်းကို ကိုင်တွယ်ခွင့်မပြုတာက မော့တိကိုလွှတ်ပေးလိုက်တာမျိုး မဟုတ်ဘူး...ငါ့နှလုံးသားထဲမှာ ရှောင်ကွေ့က အားလုံးရဲ့အသက်ထက် ပိုပြီးအရေးပါတယ်...မင်းတို့ မော့မိသားစုက လူတွေအပါအဝင်ပေါ့...ဒါ့ကြောင့် သူမရှေ့မှာ မိုက်မဲတဲ့ဘယ်အရာကိုမှ ထုတ်မပြောဖို့အကြံပေးလိုက်မယ်...တစ်ခုခုဆိုလို့ကတော့ ငါ မင်းလျှာကိုဖြတ်ပစ်မှာ...” 


အဆိပ်ပြင်းမြွေတစ်ကောင်၏ တရှူးရှူးမြည်သံကဲ့သို့ ချင်ချန်းယီ၏အသံမှာ မော့ဝုဟန်အား တုန်ယင်လာစေ၏။ မော့ဝုဟန်က သတ္တိကိုစုစည်းလျှက် ဆိုလိုက်သည်။  


 “မင်းရှောင်ကွေ့ကို တကယ်ဂရုစိုက်တယ်ဆိုရင် သူမအတွက် ဘာ့ကြောင့်လက်တုံ့ပြန်မပေးတာလဲ...”


ချင်ချန်းယီ၏ မှောင်မိုက်သောမျက်ဝန်းများက မော့ဝုဟန်ကိုယ်ပေါ်သို့ စိတ်ပျက်စွာရွေ့လျားသွားသည်။ သူက ဤကဲ့သို့ ဦးနှောက်မပါသည့် အရူးတစ်ယောက်အား ရှင်းမပြချင်ချေ။ သူ မလှုပ်ရှားရသည့် အကြောင်းအရင်းမှာ သူ၏အကြံအစည်အား အကောင်အထည်ပေါ်စေရန် လျှို့ဝှက်စွာ ကြံစည်နေခြင်းကြောင့်ဖြစ်လေသည်။   


၎င်းက ပြီးမြောက်ဖို့သိပ်မလိုတော့သလို မော့တိ၏ ပျော်ရွှင်ဖွယ်နေ့ရက်များသည်လည်း အဆုံးသတ်တော့မှာဖြစ်လေသည်။  


“ဘာလို့ မင်းဘာမှမပြောတာလဲ...အရှ်ိုက်ထိသွားပြီလား...” 


မော့ဝုဟန် ခနဲ့လိုက်သည်။ 


“မင်းလိုအမှိုက်မျိုးက ဒီအကြံရဲ့တစ်စွန်းတစ်စကိုတောင် စဥ်းစားမိမှာမဟုတ်ဘူး...”


ချင်ချန်းယီ၏မျက်ဝန်းထဲတွင် စိတ်ပျက်မှုများ ထင်ဟပ်လာခဲ့သည်။ ညံ့ဖျင်းလှသည့် မော့ဝုဟန်အား သူ၏အကြံဉာဏ်များကို ထုတ်ပြောချင်စိတ်မရှိချေ။ ထိုသူပျောက်ကွယ်သွားရန်သာ ပိုမိုလိုလားမိသော်လည်း အသုံးချစရာ အချို့ရှိနေသေးလေသည်။   


“မော့တိပြိုင်နေတဲ့ ဂိမ်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအကုန်လုံး အခြေစိုက်စခန်းတစ်ခုဆီ ရွှေ့ပြောင်းပြီးတော့ သူတို့ဂိမ်းလုပ်နေတဲ့တစ်လျှောက်လုံး ဘေးကနေ ရိုက်ကူးနေမယ့် အဆင့်ရှိတယ်လေ...အမှိုက်ကောင်...မင်းဒါကို သတိမပြုမိဘူးမဟုတ်လား...” 


မော့ဝုဟန်က ချင်ချန်းယီ၏အဆင့်အတန်းကို မယှဥ်နိုင်သည့်အတွက် ဒေါသတကြီးဖြစ်နေခဲ့သည်။ သူက မော့တိ ဂိမ်းပြိုင်ပွဲ၌ ပါဝင်နေသည်ကိုပင် မသိရှိခဲ့ချေ။ 


ချင်ချန်းယီရဲ့စကားတွေအရ အဲ့ဒီ့တိရစ္ဆာန်ကောင်လေးက ထုတ်ပယ်မခံရသေးဘူးပေါ့လေ... 


“အဲဒီ့တော့ ဘာဖြစ်လဲ...”


“အဲဲဒီ့တော့ ဘာဖြစ်လဲ ဟုတ်လား...”


ချင်ချန်းယီ ရုတ်တရက်ရယ်မောလိုက်သည်။


“မော့တိက မော့မိသားစုထဲမှာ အတုံးဆုံးပဲလေ...အကယ်၍ သူသာ တိုက်ရိုက်ထုတ်လွှင့်နေတုန်း အမှားတစ်ခုခုလုပ်လိုက်မိရင် ဘယ်လိုနည်းနဲ့မှ မဖုံးကွယ်နိုင်တော့ဘူးမဟုတ်လား...” 


“မင်းက ဘာကိုပြောချင်တာလဲ...” 


မော့ဝုဟန် မည်သည့်အရာကိုမှ မဖမ်းဆုပ်မိသေးချေ။ 


“မင်းက မော့တိကို အရူးဖြစ်အောင်လုပ်မလို့လား...သူက တိုက်ရိုက်ထုတ်လွှင့်နေတုန်း အမှားတစ်ခုခုလုပ်မိရင်တောင် သေသွားမှာမှမဟုတ်တာ...” 


“သေတယ် ဟုတ်လား...ငါကဘယ်လိုလုပ် သူ့ကိုသေခွင့်ပေးနိုင်မှာလဲ...အဲ့ဒါက သူ့အတွက် အရမ်းကောင်းလွန်းနေတယ်...” 


ချင်ချန်းယီက လက်ဖက်ရည်ခွက်ကိုယူကာ သောက်လိုက်၏။ အေးစက်စက်လက်ဖက်ရည်က သူ့လည်ချောင်းအတွင်း စီးဆင်းသွားခဲ့သော်ငြား သူ၏စိတ်အခြေအနေမှာ လောင်မြိုက်နေဆဲဖြစ်သည်။  


သေဆုံးခြင်းမှာ ဆိုးရွားသောပြစ်ဒဏ်ဖြစ်သည်ဟု သူ မယူဆချေ။ အဆုံးသတ်၌ ၎င်းမှာ သက်ညှာပေးခြင်းသာဖြစ်၏။  


အထူးသဖြင့် ရှောင်ကွေ့အား အကြိမ်ကြိမ်ထိခိုက်စေသော မော့တိကဲ့သို့ တစ်စုံတစ်ဦးအတွက် သေလူဖြစ်စေခြင်းမှာ မလုံလောက်ချေ။  


အပြစ်ဒဏ်အားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် စီစဥ်ရပေမည်။  


ဂုဏ်သိက္ခာကျဆင်းခြင်းက ကုတ်ခြစ်ရာလောက်သာရှိကာ အချိန်ကုန်ရကျိုးမနပ်ပေ။ သူက မော့တိအား သေသည်ထက်ဆိုးသောဘဝကို ရင်ဆိုင်စေလို၏။  


ကောင်းမွန်တဲ့ပုံရိပ်လား...ချီးကျူးထိုက်တဲ့ စွမ်းရည်လား...ကောင်းပြီလေ...သူ့ရဲ့အကျည်းတန်မှုကို တစ်နိုင်ငံလုံးတွေ့ပြီးတဲ့အခါ ဘယ်သူ သူ့ကိုဆက်ချစ်နိုင်ဦးမလဲ ကြည့်ကြတာပေါ့...


ဆေးစွဲနေတဲ့လူရဲ့အကျင့်က ဟွာရှားတစ်ခုလုံး ပျံ့နှံ့သွားတဲ့အခါ ဘယ်လိုဘဝမျိုးကို မျှော်လင့်နိုင်ဦးမှာတဲ့လဲ... 


မော့ဝုဟန်က ချင်ချန်းယီ သူ့အကြံအစည်ကို ပြောပြမည်

မဟုတ်မှန်း နားလည်သွားသည်နှင့် ထပ်မံမမေးမိအောင် သည်းခံကာ အငြိုးထားထားလိုက်လေသည်။  


ဖီ...ချင်ချန်းယီက သူ့ညီမကိုရနိုင်မယ်လို့ တကယ်ကြီးထင်နေတယ်ပေါ့လေ...မဖြစ်နိုင်တာ...ယီချန်းဖုန်ကမှ သူ့ထက်အဆတစ်ရာ ပိုသာသေးတယ်...




Xxxxxxx