အပိုင်း ၉၈
Viewers 28k

Chapter 98





ချင်ချန်းယီ ဗီလာရှိ အပြောင်းအလဲများအား မော့တိ မသိရှိချေ။ ယခုအချိန်၌ သူအလုပ်များနေ၏။  


ကျန်းချန်ချန်က မော့တိ၏ စစ်ဆေးမှုများကို မအောင်မြင်သဖြင့် အသင်းထဲသို့ ဝင်ခွင့်မရခဲ့ချေ။ ကျောင်းချွမ်က သုဝမ့်ကျင်း ဟုခေါ်သော အသံပိုင်းဆိုင်ရာကျွမ်းကျင်သူ နောက်တစ်ဦးအား မိတ်ဆက်ပေးခဲ့သည်။ ထိုအမျိုးသမီး၏ လုပ်ဆောင်ချက်များမှာ မဆိုးလှသဖြင့် မော့တိက သူမအား အသင်းထဲထည့်လိုက်လေသည်။ သူတို့အသင်းထဲတွင် လူဆယ်ဦးရှိလာပြီဖြစ်ကာ ကျားမ အချိုးမှာလည်း တိုးတက်လာသဖြင့် ပွဲကျင်းပရန် ထိုက်တန်လေသည်။ 


ထို့အပြင် ဂိမ်းကုမ္မဏီ၏ လုပ်ဆောင်ချက်များသည်လည်း မုထျန်းဟန်၏ ကျေးဇူးဖြင့် ချောမွေ့စွာပြီးစီးသွားခဲ့လေသည်။ ဂိမ်းကိုလွှင့်တင်ရမည့် ရက်စွဲသို့မရောက်ခင်မှာပင် တိယိမုကုမ္မဏီ ဟူ၍ ဖြစ်တည်လာခဲ့လေသည်။  


လောလောဆယ် ကုမ္မဏီ၏အလုပ်သမားဟူ၍ သူနှင့်မုထျန်းဟန်သာ ရှိသော်လည်း မော့တိအလွန်ပျော်ရွှင်နေမိ၏။  


အဖွဲ့ကိုမူ ကုမ္မဏီအကြောင်း မော့တိမပြောရသေးချေ။ ပထမတစ်ချက်မှာ အလျင်လိုစရာမဟုတ်သည့် ကိစ္စဖြစ်၍ဖြစ်ပြီး ဒုတိယအချက်ကမူ အသင်းထဲရှိ တစ်ဦးစ နှစ်ဦးစမှာ ထာဝရလက်တွဲနိုင်မည့် ပါတနာများဟုတ်မဟုတ် မသေချာသေး၍ဖြစ်သည်။   


ကုမ္မဏီအခြေတကျဖြစ်ပြီး မကြာခင်မှာပင် သူတို့အုပ်စုသည်လည်း 'အဆုံးမဲ့ဘဝ' ၏ အခန်းခြောက်ခန်းကို ပြင်ဆင်ပြီးသွားခဲ့သည်။ မော့တိက သတ်မှတ်ရက်မရောက်ခင် သုံးရက်အလို၌ ပြိုင်ပွဲ၏ webpage ပေါ်သို့ ဂိမ်းကိုတင်လိုက်၏။   


ဂိမ်းကိုတင်ပြီးသွားသည်နှင့် အားလုံး စိတ်သက်သာရာရသွားကြသည်။ အထူးသဖြင့် 'အဆုံးမဲ့ဘဝ' အား အကောင်းဆုံးအဆင့်မြှင့်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အားလုံးက အခန်း ခြောက်ခုလုံးကို စမ်းသပ်သည့်အနေဖြင့် ကစားကြည့်သည့်အခါ ကျေနပ်မှုအပြည့်ရရှိကြ၏။ ဂိမ်း၏ဇာတ်ကြောင်းက ကုံလုံပြည့်စုံလှကာ ရင်ဖိုစေသည့် ဆန်းပြားမှုများဖြင့် ပြည့်နှက်နေလေသည်။ ၎င်းက စိတ်ကူးစိတ်သန်းနှင့် ဆော့ကစားရခြင်းဖြစ်ပြီး ဆွဲငင်မှုအပြည့်ပါရှိ၏။  


ဖန်ချန်းလောင်က ညစာအတူသွားစားကြရန် အကြံပြုလိုက်သည့်အခါ မော့တိက သဘောတူလေသည်။  


ထို့ကြောင့် မော့တိက ဟော့ပေါ့စားသောက်ဆိုင်တစ်ခုတွင် အခန်းကြိုမှာလိုက်ကာ အသင်းထဲရှိလူအားလုံးကို ဖိတ်ကြားလိုက်လေသည်။


သူတို့အားလုံး စားသောက်ပြီးစီးချိန်၌ စွန်းနင်ထောင်နှင့် ကျောင်းချွမ်က ကာရာအိုကေသွားဆိုရန် တိုက်တွန်းကြပြန်၏။ မော့တိက စိတ်မဝင်စားလှသော်လည်း အားလုံးသွားချင်နေကြသဖြင့် အခြားသူများ၏ ပျော်ရွှင်မှုကို မဖျက်ဆီးနိုင်တော့ပဲ အတူလိုက်ပါခဲ့လေသည်။  



သူတို့စာရင်းပေးလိုက်သည့် ကာရာအိုကေသီးသန့်ခန်းမှာ အဆင့်မြင့်နေရာများထဲမှ တစ်ခုဖြစ်သည်။ အခန်းက နေရာကျယ်ဝန်းပြီး ပစ္စည်းကိရိယာများမှာလည်း ခေတ်ဆန်လှ၏။ တစ်ခုတည်းသောပြဿနာမှာ ရှန့်ယွီချောင်၏ သီချင်းဆိုသံစူးစူးပင်ဖြစ်သည်။ မော့တိ နားများကန်းတော့မလို ခံစားနေရ၏။ 


ဆယ်မိနစ်အကြာ၌ သူ ဆက်လက်နားမထောင်နိုင်တော့ပဲ လေကောင်းလေသန့်အတွက် အပြင်ထွက်ရန် ဆုံးဖြတ်လိုက်မိသည်။  


အခန်းပြင်ထွက်လိုက်သည်နှင့် အစားအစာတွန်းလှည်းနှင့် စားပွဲထိုးကို တွေ့လိုက်ရသည်။ ထိုသူက မော့တိအား ယဥ်ကျေးစွာပြုံးပြလာခဲ့သည်။   


“ ဟဲလို...ကျွန်တော်တို့ ၅နှစ်ပြည့်နှစ်ပတ်လည်ကို ကျင်းပနေတာပါ...၁၈၈၈ ယွမ်အထက်အားပေးတဲ့ ဧည့်သည်တော်တွေအတွက် ဝိုင်နီတစ်ပုလင်း မေတ္တာလက်ဆောင်ပေးပါတယ်...ဒါက ခင်ဗျားအတွက်ပါ...သူငယ်ချင်းတွေအားလုံး အချိန်ကောင်းလေး ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျ...” 


သူက တွန်းလှည်းအတွင်းမှ ဝိုင်နီကိုထုတ်ယူကာ မော့တိထံ ကမ်းပေးလာ၏။ 


မော့တိ ဝိုင်နီကို ကြည့်လိုက်သည့်အခါ အတော်လေးကောင်းမွန်သည့် ဝိုင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။  


“ကောင်းပါပြီ...ကျေးဇူးပါ...” 


မော့တိ ခေါင်းညိတ်လိုက်ရင်း အခန်းတွင်းသို့ ပြန်ဝင်လာခဲ့သည်။ 


သူ အခန်းထဲရောက်သည့်အခါ ဖန်ချန်းလောင် သီချင်းဆိုသည့်အလှည့်သို့ အချိန်ကိုက်ရောက်သွားခဲ့သည်။ ချန်ကျောင်းက မော့တိလက်တွင်းရှိ ဝိုင်ပုလင်းကိုတွေ့သောအခါ မေးလိုက်၏။  


“ ရှောင်တိ...ဝိုင်သွားဝယ်တာလား...”


“မဝယ်ပါဘူး...ဒါက လက်ဆောင်ရတာ...သူတို့ ငါးနှစ်ပြည့်နှစ်ပတ်လည် ကျင်းပနေတာတဲ့...” 


မော့တိက ဝိုင်ပုလင်းကို စားပွဲပေါ်တင်လိုက်သည်။


“သောက်ချင်တဲ့လူ သောက်ကြနော်...”


“ ရှောင်မော့...မင်း မသောက်တတ်ဖူးလား...” 


စွန်းနင်ထောင်က ပြောင်းဖူးပေါက်ပေါက်အချို့ကို ယူစားရင်း ရယ်လျှက်ဆို၏။  


“မင်း ခုထိ သွားရည်စာတစ်ခုမှလည်း မစားဘူး...ဒီက အစားအစာတွေကို မကြိုက်လို့လား...”


“ကျွန်တော် အဲ့ဒါတွေမစားတတ်ဘူး...သစ်သီးတွေကလွဲလို့...”


“ဒီလိုလား...မင်း အသားအရည်ဒီလောက်ကောင်းနေတာ အံ့သြစရာမရှိတော့ဘူးပဲ...” 


သုဝမ့်ကျင်းက ပထမဆုံးအကြိမ်အနေဖြင့် သူတို့နှင့်အတူ ညစာစားခြင်းဖြစ်၏။ သူမက အားလုံးနှင့်အရောတဝင်နေရန် များစွာအားထုတ်နေသည့် အလျှောက် မော့တိ၏စကားများကို ကြားသည်နှင့် ချက်ချင်းဝင်ရောလိုက်ခြင်း ဖြစ်လေသည်။  


“ဟုတ်တယ်...ရှောင်တိက မက်မွန်သီးနဲ့ ရှောက်ခါးသီးကို ကြိုက်တယ်...” 


လင်ကျွင်းဖုန်က ထပ်ပေါင်းပြောလိုက်သည်။


“ဒါဆို ကျွန်မ သစ်သီးဗန်းသွားမှာလိုက်မယ်နော်...” 


သုဝမ့်ကျင်းက အားလုံးကို ခွင့်တောင်းသလိုကြည့်လာ၏။ 


“မလိုပါဘူး...” 


မော့တိက အမြန်ဝင်ပြောလိုက်သော်လည်း သုဝမ့်ကျင်းက လက်မခံခဲ့ချေ။ 


သူမက ဆယ်မိနစ်မျှအကြာ၌ သစ်သီးဗန်းတစ်ဗန်းနှင့်အတူ ပြန်ရောက်လာလေသည်။ ထိုဗန်းပေါ်တွင် မက်မွန်သီး မပါသော်လည်း ရှောက်ခါးသီးများပါဝင်၏။


သုဝမ့်ကျင်းက အားလုံးကို အသီးစားရန် ခေါ်လိုက်သည်။ သို့သော် အများစုက ဖရဲသီးကိုသာစားပြီး သီချင်းပြန်ဆိုကြလေသည်။


မော့တိက ရှောက်ခါးသီးတစ်စိတ်ကို ယူလိုက်သော်လည်း အနည်းငယ်ဗိုက်ပြည့်နေသဖြင့် ထပ်မံမစားနိုင်တော့ချေ။ သူက သစ်သီးစိတ်အား ပန်းကန်အတွင်းသို့ ပြန်ထည့်လိုက်ကာ အစာခြေစနစ်အားထိန်းညှိရန် လမ်းလျှောက်ထွက်ခဲ့လေသဘည်။


စင်္ကြလမ်းမှာ ဆူညံနေပြီး အခန်းအချို့၏ တံခါးများက ပွင့်လျှက်ရှိ၏။ ထိုသူတို့၏အသံများနှင့် ယှဥ်လိုက်ပါက ရှန့်ယွီချောင်၏ သီချင်းသံမှာ အောက်ဆုံးအဆင့်သို့ မရောက်သေးချေ။


မော့တိ၏ နားများပူထူနေပြီဖြစ်သည်။ အဆုံးသတ်၌ သူက အောက်ထပ်သို့ဆင်း၍ အဆောက်အဦးအပြင်ဘက်တွင် အေးအေးဆေးဆေးနေရန် ရွေးချယ်လိုက်၏။ 


ဧည့်သည်နားနေခန်းတွင် ဆူညံနေခြင်းမျိုးမရှိချေ။ ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများ၊ ဖုန်းနှင့်အလုပ်ရှုပ်နေကြသူများသာ ရှိလေသည်။


မော့တိက ဟောခန်းကိုဖြတ်ကာ အပြင်ဘက်သို့ထွက်လိုက်၏။


သူ လမ်းဖြတ်ကူးပြီးသည်နှင့် ဖုန်းကမြည်လာခဲ့သည်။ ၎င်းမှာ ရှန့်ယွီချောင်ထံမှ ဖြစ်၏။ 


“ဟေး...ရှောင်တိ...ဘယ်ရောက်နေတာလဲ...သုဝမ့်ကျင်းက မင်းကိုလိုက်ရှာတာ ဘယ်မှမတွေ့လို့တဲ့...”


ရှန့်ယွီချောင်၏ ကျယ်ကျယ်လောင်လောင်အသံက ဖုန်းမှထွက်ပေါ်လာသည်။ 


မော့တိက ဖုန်းကို နားနှင့်အနည်းငယ်ခွာလိုက်သည်။ 


“ လေကောင်းလေသန့်ထွက်ရှူတာ...သီချင်းဆိုနှင့်ကြနော်... စိတ်မပူနဲ့...ခဏနေပြန်လာခဲ့မယ်...”


“အိုကေ...မြန်မြန်လာခဲ့နော်...ငါတို့ဝိုင်သောက်ပြီးပြီ...အဲ့ဒါက တကယ့်ကိုအရသာရှိတယ်သိလား...ငါတို့မင်းအတွက် တစ်ခွက်စာချန်ထားပေးမယ်...”


ရှန့်ယွီချောင်က အော်ပြောနေဆဲဖြစ်၏။


မော့တိ နားစည်ကွဲတော့မည်ဟု ခံစားလိုက်ရသဖြင့် ဖုန်းအမြန်ချလိုက်တော့သည်။ 


“မော့တိ...”


ဖုန်းထဲမှ ဆူညံသံက တိတ်ဆိတ်သွားသည်နှင့် အနောက်ဘက်မှ အခြားဆူညံသံတစ်ခု ထွက််ပေါ်လာသည်ကို ကြားလိုက်ရသည်။ 


မော့တိ တုန်ပင်တုန်သွား၏။ သူလှည့်ကြည့်လိုက်သည့်အခါ အနောက်တွင်ရပ်နေသည့် ကုရန်ကျွီအား တွေ့လိုက်ရလေသည်။ ထိုသူက အနက်ရောင်ဂျက်ကတ်နှင့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသည်။ ဘေးနှစ်ဖက်ကဆံပင်များကို ခပ်ပါးပါးရိတ်ထားကာ အလယ်ရှိဆံပင်အား ဂျယ်လ်ဖြင့်ပုံသွင်းထားလေသည်။ ကြည့်ရသည်မှာ ရော့ခ်အန်ရိုးလ် အဆိုတော်တစ်ဦးနှင့် တူနေ၏။ 


မော့တိ အလွန်ပင်စိတ်လေသွားခဲ့သည်။


“ကုရန်ကျွီ...မင်းဘာကိစ္စ လျှောက်အော်နေတာလဲ...”


“မင်းငါ့ကိုတွေ့တွေ့ချင်း စိတ်ဆိုးနေတာလား...”


ကုရန်ကျွီ မတရားသလို ခံစားလိုက်ရသည်။ သူက မော့တိထံ လှမ်းလာခဲ့သည်။


“မော့တိ...မင်းဘာလို့ ငါ့ကိုမကြည်ရတာလဲ...အကြောင်းပြချက်က ဘာလဲ...”


မော့တိ နားဝေတိမ်တောင်ဖြစ်သွားခဲ့သည်။


ကုရန်ကျွီက ဘာဖြစ်နေတာလဲ...


သူ့ကို လိုက်လည်းမရှာဘူး...ထိခိုက်အောင်လည်း မလုပ်ဘူးလေ...သူလုပ်သမျှက လျစ်လျူရှုနေမိရုံပဲ...ပြီးတော့ လျစ်လျူမရှုစရာအကြောင်းလည်း မရှိဘူးလေ...ဟုတ်တယ်မလား...


သူတို့တွေ ဇာတ်ကောင်ပြောင်းသွားပြီးတော့ ကုရန်ကျွီက သူ့ဘဝကိုဖျက်ဆီးဖို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လုပ်ခဲ့တဲ့ကိစ္စမှာ နစ်နာသူဖြစ်သွားတာလား...ပြန်မွေးဖွားလာတဲ့ ကုရန်ကျွီက သူ့ကိုအသက်ရှင်ခွင့် ပေးလိုက်တာလား...ဟာသပဲ...သူ လက်စားမချေဘူးလေ...လျစ်လျူရှုထားရုံပဲဟာကို...လူတွေကို လျစ်လျူရှုတာ ဘာများမှားနေလို့လဲ...


ကုရန်ကျွီက ဘဝင်လေဟပ်နေတာပဲ...


မော့တိက ကုရန်ကျွီအား လေကဲ့သို့သဘောထားကာ လှည့်ထွက်ခဲ့၏။  


ကုရန်ကျွီက မျှော့တစ်ကောင်သဖွယ် သူ့အား လိုက်ကပ်နေခဲ့သည်။


“မော့တိ...အဲ့ဒီ့မှာရပ်လိုက်စမ်း...မင်းငါ့ကို မသိချင်ယောင်ဆောင်ရဲတယ်ပေါ့...”


ကုရန်ကျွီက အလွန်စိတ်ဆိုးသွားကာ နစ်နာသလိုခံစားလိုက်ရ၏။ 


သူက မော့တိနှင့် ရှင်းရှင်းလင်းလင်းဖြစ်စေရန် နောက်ဆုံးတစ်ခါလိုက်ရှာခဲ့သေးသည်။ ကျင်းသာ့တစ်ခုလုံး လိုက်ရှာသော်လည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။ စိတ်ဆိုးဆိုးနှင့် အတန်းသို့ပြန်သွားချိန်တွင် ဒုတိယစာသင်ချိန်မှာ စတင်နေပြီဖြစ်၏။ ကံခေစွာဖြင့် သူအတန်းနောက်ကျခြင်းအား ကျောင်းအုပ်ကြီးနှင့် စည်းကမ်းထိန်းသိမ်းရေးမှူးတို့ သိရှိသွားခဲ့သည်။ ထိုစိတ်ပျက်စရာကျောင်းအုပ်ကြီးက သူ၏မိဘများကိုပင် ခေါ်တွေ့ခဲ့သည့်အတွက် တစ်လလုံး အပြင်ထွက်ခွင့်ပိတ်သွားခဲ့ခြင်း ဖြစ်လေသည်။ 


ယနေ့မှသာ အပြင်ထွက်ခွင့်အား ပြန်လည်ရရှိခဲ့ပြီး သူ့အဖေ၏သက်တော်စောင့်များက သူ့ကို တစ်ဦးတည်းလွှတ်ပေးခဲ့တာဖြစ်၏။ သူ၏ လွတ်လပ်မှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် ဆံပင်ပုံစံပြောင်းကာ ညလုံးပေါက်သီချင်းဆိုရန် ဆုံးဖြတ်ခဲ့လေသည်။ ကံကောင်းစွာဖြင့် သူက သနားစရာအကျဥ်းချခံရခြင်း၏ လက်သည်တရားခံဖြစ်သူ မော့တိနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်၏။


အစက သူ မော့တိနှင့်ရန်ဖြစ်ရန် မရည်ရွယ်ထားခဲ့ချေ။


ဒါပေမယ့် သူဒီလိုမျိုး အလျှော့ပေးထားတာတောင် မော့တိက မသိချင်ယောင်ဆောင်နေတုန်းပဲလေ... 



ကုရန်ကျွီ အလွန်စိတ်ကုန်လာပြီဖြစ်သည်။ သူက တရားမမျှတမှုကြောင့် ရူးချင်စိတ်ပင်ပေါက်လာခဲ့၏။ အခြားလူများ၏ အထင်လွဲမှားမှုအား ကြုံတွေ့ခဲ့ဖူးသော်လည်း မော့တိ၏ဆက်ဆံပုံမျိုးနှင့် အနည်းငယ်ပင် မနီးစပ်ချေ။


ကုရန်ကျွီက မော့တိအား အမီလိုက်၍ တစ်ဖက်လူ၏လက်မောင်းကို လှမ်းဆွဲလိုက်လေသည်။ မော့တိက သူ့လက်မောင်းကို လက်ပြန်ဖမ်းဆုပ်လိုက်ပြီး ကုရန်ကျွီအား မြေပြင်ပေါ်၌ ဖိထားလိုက်၏။


“အား...” ကုရန်ကျွီ နာကျင်စွာအော်လိုက်သည်။


“မော့တိ...မင်းငါ့ကိုရိုက်တယ်...”


“မင်းငါ့နောက်ကို ဆက်လိုက်နေရင် ရိုက်ရုံတင်မဟုတ်ဘူး...ကန်ပါကန်ပစ်မယ်...”


မော့တိ နောက်လှည့်ကာ အဆောက်အဦးတွင်းသို့ ဝင်သွားလိုက်၏။ ဆယ့်တစ်နာရီပင် ထိုးတော့မှာဖြစ်ပြီး သူတို့သာ ခဏနေမပြန်ကြပါက အလွန်နောက်ကျသွားပေလိမ့်မည်။ 


မော့တိ အခန်းထဲပြန်ရောက်သည့်အခါ သုဝမ့်ကျင်းက သစ်သီးတစ်ပန်းကန်နှင့်အတူ ထွက်လာခဲ့သည်။ 


“အိုး...ရှောင်တိ...ပြန်လာပြီလား...ကျွန်မ လိုက်ရှာတော့မလို့ပဲ...”


သုဝမ့်ကျင်းက ပြုံးလျှက်ဆို၏။


“သစ်သီးတွေက ကုန်တော့မှာလေ...ဒါ့ကြောင့် ရှင့်အတွက် နည်းနည်းချန်ထားတာ...လင်ကျွင်းဖုန်ရဲ့ စားသောက်နှုန်းက အရမ်းမြန်တာပဲသိလား...သူ ဝါးတောင်ဝါးရဲ့လားမသိဘူး...”


“ကျေးဇူးပါ...”


မော့တိက ပြုံးကာဆို၏။ ရှောက်ခါးသီးစိတ်များက သူ ထွက်မသွားခင်က အရေအတွက်အတိုင်းပင် ရှိနေလေသည်။ 


“ကျွန်တော် ဒါတွေအကုန်ကုန်မှာမဟုတ်ဘူး...သူတို့ကို နည်းနည်းကျွေးလိုက်ပါ...”


“လေးစိတ်ပဲရှိတာလေ...အကုန်စားလိုက်ပါလား...ရှင်အရမ်းပိန်နေတာ အံ့သြစရာမရှိတော့ဘူးပဲ...”


သုဝမ့်ကျင်းက ပြုံးကာဆိုသည်။


“ကျွန်မဆို အသီးတစ်လုံးလုံးတောင် ကုန်အောင်စားနိုင်တယ်...”


“ကျွန်တော် ဒီနေ့စားတာ အရမ်းများနေလို့ပါ...”


မော့တိက ကိုယ့်ကိုယ်ကိုယ်လေးစားသည့်အတွက် ကျန်းမာရေးကို အမြဲဂရုစိုက်သည်။ အလုပ်အတွက် ညဥ့်နက်မှအိပ်ရာဝင်သည်ကလွဲ၍ သူ့တွင် ကျန်းမာသောနေထိုင်မှုပုံစံရှိ၏။ 


အိုး...နောက်ထပ် အကျင့်ဆိုးက စွပ်ပြုတ်ပူပူကျက်ကျက်ကို သောက်တာလေ...


၎င်းမှာ အရင်ဘဝ၏ စိတ်ဒဏ်ရာဖြစ်သည်။ ပြန်လည်မွေးဖွားလာသည့်နောက် အသက်ရှင်မှုနှင့် လုံခြုံမှုအား ခံစားရစေရန် စွပ်ပြုတ်ပူပူကို သောက်လေ့ရှိသည်။ 


သို့သော် မုထျန်းဟန်၏ တင်းကျပ်သောဆိုဆုံးမမှုအောက်၌ ထိုအကျင့်အား သူ စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ယခုဆိုလျှင် မော့တိက သင့်တော်သည့်အပူချိန်သို့ ကျဆင်းသွားမှသာ စွပ်ပြုတ်ကို သောက်သုံးလေ့ရှိ၏။ 


“အိုင်းယား...ကျွန်မတို့ ဒီညအများကြီးစားခဲ့မှန်း သိပါတယ်...ဒါပေမယ့် ရှင်ကြိုက်တဲ့သစ်သီးကိုတော့ မစားပဲနေဖို့ခက်တယ်မဟုတ်လား...”


သုဝမ့်ကျင်းက သစ်သီးဗန်းအား မော့တိထံတွန်းပေးလိုက်၏။


“ဒါကို ရှင့်အတွက်ထားခဲ့မယ်နော်...မြန်မြန်စားလိုက်ဦး...တော်ကြာ မလတ်ဆတ်ပဲနေမယ်...”


“အင်း...ကျေးဇူးပါ...”


အသီးအနည်းငယ်သာဖြစ်သဖြင့် မော့တိ စားရန်ဆုံးဖြတ်လိုက်သည်

။ သို့သော် သူတစ်စိတ်စားရန် ဆုံးဖြတ်လိုက်သည်နှင့် ခြေသံပြင်းပြင်းများကို ကြားလိုက်ရပြီးနောက် လက်ထဲရှိလင်ဗန်းသည်လည်း ဘန်း ကနဲ့မြည်သံနှင့်အတူ ကြမ်းပြင်ပေါ်ကျသွားခဲ့သည်။ 


“လုံးဝမစားနဲ့...”



Xxxxxxxx