Chapter 100
…
တစ်ချိန်ထဲတွင် မော့တိက အမြန်ပြင်ဆင်ပြီးသွားကာ ရှောက်ခါးသီးဖျော်ရည်ပုလင်းကို ကိုင်လျှက် လှေကားပေါ်မှ ဆင်းလာခဲ့သည်။
အခြားလူများက သူနှင့်အတူတူ လိုက်ချင်ကြသော်လည်း သူက အနည်းငယ်မသက်မသာ ခံစားရရုံဖြစ်ကြောင်း ရှင်းပြလိုက်ကာ သူတို့အား နေခဲ့စေ၏။
အဆောင်ဂိတ်မှာ ညဘက်တွင်ပိတ်ထားလေရာ မော့တိက ညစောင့်ကိုခေါ်၍ သူ ဆေးရုံသို့သွားရန် လိုအပ်လာသည့်အတွက် တံခါးဖွင့်ပေးပါရန် တောင်းဆိုလေသည်။ အစောင့်က အစပိုင်းတွင် တုံ့ဆိုင်းနေသော်လည်း မော့တိ၏ ဖြူဖျော့နေသော အသားအရည်အရ ဖျားချင်ယောင်ဆောင်နေခြင်း မဟုတ်မှန်း ယုံကြည်သွားကာ တံခါးဖွင့်ပေးလိုက်၏။
မော့တိက အစောင့်အား ကျေးဇူးစကားဆို၍ အမြန်ထွက်လာခဲ့လေသည်။
သူက ဖြည်းညှင်းစွာလမ်းလျှောက်ရင်း ဝင်သက်ထွက်သက်ကို မှန်မှန်လေး ရှူရှိုက်လျှက် စိုးရိမ်ပူပန်မှုအား ထိန်းချုပ်နေလေသည်။
သူ၏မှန်းဆချက်အပေါ် မော့တိ မေးခွန်းထုတ်နေမိသည်။ ခေါင်းတစ်ခုလုံးရီဝေကာ တုန်ယင်နေသော်လည်း ခုန်ပေါက်အော်ဟစ်ခြင်းဖြင့် စွမ်းအင်အားလုံးကို ဖွင့်ထုတ်ပစ်ချင်သည့် ခံစားချက်လှိုင်းလုံးကြီးမှာလည်း မြင့်တက်လျှက်ရှိလေသည်။ အဓိပ္ပါယ်မှာ သူ မူးယစ်ဆေးခတ်ခံရခြင်းပင်။
အဆိုပါလက္ခဏာများမှာ ပုံမှန်အားဖြင့် တုန်လှုပ်စရာ အကြောင်းမရှိချေ။ သူ့ကဲ့သို့ အရင်ဘဝ၌ အတွေ့အကြုံမရှိခဲ့ဖူးသည့် မည်သူကမှ ထူးထူးခြားခြားတွေးမိမည် မဟုတ်။ အဆုံးသတ်တွင် ညအချိန်၌ အိပ်ငိုက်နေသော်လည်း အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားခြင်းမျိုးဖြစ်သည်မှာ ပုံမှန်သာဖြစ်သည်။
မော့တိက ယုံမှားသံသယလွန်ကဲရုံမျှဖြင့် ဆေးရုံသို့သွားသည်ဟု အထင်ခံရမည်ကို စိုးရိမ်သည့်အတွက် ဆေးခတ်ခံရခြင်းအား အတည်ပြုပြီးမှသာ အခြားလူများအား ပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် သူ့အနေဖြင့် စိတ်ချလက်ချ အနားမယူနိုင်ဖြစ်နေသည်။ လက္ခဏာရပ်များမှာ အရင်ဘဝက ပထမဆုံးအကြိမ် ဆေးထိုးခံရစဥ်က ဖြစ်ရပ်များနှင့် ဆင်တူလှ၏။ ယခုခံစားချက်မှာ ပို၍ဖျော့တော့သော်ငြား သံသယမဝင်ရန် ခက်ခဲလှပေသည်။
ထို့ကြောင့် ဆေးစစ်ရန် အရေးတကြီးလိုအပ်လေသည်။
ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ဆေးခတ်ခံလိုက်ရတာလဲ...
မော့တိက လက်တွင်းရှိ ရှောက်ခါးသီးဖျော်ရည်ပုလင်းကို အေးစက်စက်ငုံ့ကြည့်လိုက်သည်။
အကယ်၍ ဖျော်ရည်ထဲမှာ တကယ်ပဲ တစ်ခုခုရှိနေတယ်ဆိုရင် သုဝမ့်ကျင်းရဲ့ အကြံအစည်ပဲဖြစ်ရမယ်...
သူက အုပ်စုတစ်ခုလုံးကို ယနေ့ည ဟော့ပေါ့လိုက်ကျွေးမည်ဟု ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အားလုံးက အိုးတစ်အိုးထဲမှ စားသောက်ကြခြင်းဖြစ်ပြီး ပန်းကန်ခွက်ယောက်များသည်လည်း သန့်ရှင်းကြ၏။ ဟော့ပေါ့ဆိုင်တွင် အမှားအယွင်းမရှိနိုင်ချေ။
ကာရာအိုကေခန်းမတွင်လည်း သွားရည်စာကိုရော၊ သစ်သီးများကိုပါ စားသုံးခဲ့ခြင်းမရှိချေ။ သူသောက်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ဤဖျော်ရည်သာဖြစ်၏။ အကယ်၍ ဖျော်ရည်တွင် ဆေးခတ်ခံထားရပါက လက်သည်တရားခံမှာ သုဝမ့်ကျင်းမှလွဲ၍ အခြားလူမဖြစ်နိုင်ပေ။
ချင်ချန်းယီနှင့် အခြားလူများက အရာတော်တော်များများကို ထိန်းချုပ်နိုင်သော်လည်း စူပါမားကတ်များနှင့် စတိုးဆိုင်များကိုမူ ပိုင်ဆိုင်ခြင်းမရှိချေ။ သူ၏ဖျော်ရည်ထဲတွင် ဆေးခတ်နိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်သေးသည်။
သို့သော် မော့တိ သုဝမ့်ကျင်းအကြောင်း စုံစမ်းခဲ့စဥ်က သူမသည် ကလေးတစ်ဦးအား ကားမတော်တဆမှုမှ ကယ်ဆယ်ပေးခဲ့ဖူးကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သတင်းမီဒီယာများ၌ပင် စိတ်သဘောထားကောင်းမွန်သော အမျိုးသမီးတစ်ဦးအဖြစ် ဖော်ပြခံခဲ့ရလေသည်။ မော့တိက ထိုအချက်ကိုမူတည်၍ သုဝမ့်ကျင်းအား အဖွဲ့သို့ပါဝင်စေခဲ့ခြင်းဖြစ်ကာ သူမ၏ခက်ခဲသောဘဝကိုပင် အကူအညီပေးချင်ခဲ့ခြင်း ဖြစ်သည်။
သူပို၍တွေးလေလေ၊ နှလုံးသားက ပို၍လေးလံလာလေလေပင်။ မည်သို့ပင်ဖြစ်စေ လူတစ်ဦး၌ စိတ်သဘောထားများစွာ ရှိနိုင်ကြောင်း သူသိရှိထားလေသည်။
အချို့လူများမှာ တိရစ္ဆာန်များအပေါ် ချစ်ခင်၍ ကာကွယ်ပေးတတ်သော်လည်း လူသတ်မှုကျူးလွန်ရန် ဝန်မလေးကြချေ။ သူငယ်ချင်းများအပေါ် ဂရုတစိုက်ဆက်ဆံတတ်ပြီး ဥပဒေအားလေးစားသော နိုင်ငံသားတစ်ဦးသည်လည်း ဇနီးဖြစ်သူအပေါ်၌မူ ရက်စက်သစ္စာမဲ့သော အမျိုးသားတစ်ဦး ဖြစ်နေတတ်၏။ ချမ်းသာပြီး အသိပညာကြွယ်ဝသည့် အပြစ်အနာအဆာကင်းသော လူတစ်ဦးသည် မိမိနိုင်ငံကိုပင် ရောင်းစားမည့် သစ္စာဖောက်တစ်ဦးဖြစ်နေနိုင်သည်။
သူတို့အားလုံးက တစ်နေရာထဲတွင်သာ ဆိုးသွမ်းနေကြခြင်းဖြစ်သဖြင့် ထိုဆိုးယုတ်မှုအား ဖော်ထုတ်ခံရသည့်အခါ လူအများစုက မယုံကြည်နိုင်ကြပဲ အပြစ်သားအား ကာကွယ်ပေးတတ်ကြ၏။ ထို့ကြောင့် အကယ်၍ လက်သည်တရားခံမှာ သုဝမ့်ကျင်းဖြစ်ပါက ကိစ္စများအားလုံး ရှုပ်ထွေးကုန်မှာဖြစ်သည်။
သုဝမ့်ကျင်းမှာ အာလူးပူပူတစ်လုံးဖြစ်၏။ ဥပဒေက သူမအား အပြစ်ခံယူစေကာမူ သူမအား ကိုယ်ချင်းစာသူများ အများအပြားရှိနေကြလိမ့်မည်။
မော့တိ အင်မတန်စိတ်အနှောင့်အယှက် ဖြစ်နေသည်။ သူ၏ လေးလံနေသောရင်တွင်းတွင် ပို၍ဖိအားများလာသကဲ့သို့ ခံစားလိုက်ရသည်။
“ဘာလို့ အအေးထဲမှာရပ်နေတာလဲ...”
မော့တိ အတွေးထဲနစ်နေစဥ် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမော့ကြည့်လိုက်သည့်အခါ ကုတ်အင်္ကျီအနက်ရောင် ဝတ်ဆင်ထားသည့် မုထျန်းဟန်က ခြေလှမ်းကျဲကြီးဖြင့် သူ့ထံလှမ်းလာသည်အား တွေ့လိုက်ရလေသည်။
“မင်းနေမကောင်းဘူးဆို...ပိုပြီးဂရုစိုက်ရမှာပေါ့...”
မုထျန်းဟန် မျက်မှောင်ကြုတ်လိုက်ကာ မော့တိ၏ မျက်နှာအေးစက်စက်လေးကို ထိကြည့်လိုက်၏။ ထို့နောက် သူ၏ကုတ်အင်္ကျီကိုချွတ်၍ မော့တိအား လွှမ်းခြုံပေးလိုက်လေသည်။
“ကျွန်တော်...ကိုကို...ကျွန်တော် အရမ်းပူပြီး ခြောက်ကပ်ကပ်ဖြစ်နေသလို ခံစားရတယ်...အဲ့ဒါကြောင့် ကျွန်တော် အပေါ်ထပ်ဝတ်မထားတာပါ...”
မော့တိက ရှင်းပြလေသည်။
“မရဘူးလေ...တော်ကြာ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ...”
မုထျန်းဟန်က မော့တိကိုကြည့်လိုက်၏။
“ခုရော ဘယ်လိုနေလဲ...သက်သာလား...”
“နည်းနည်းတော့ သက်သာလာပြီ...”
မုထျန်းဟန် အနည်းငယ် စိတ်သက်သာရာရသွား၏။
“ဘယ်နေရာက သက်တောင့်သက်သာမဖြစ်တာလဲ...ကိုယ်တို့ ပထမတန်း ဆေးရုံကိုသွားရင်ရော...”
“တကယ်က…”
မော့တိက ပတ်ဝန်းကျင်ကိုကြည့်ကာ မုထျန်းဟန်အား ရှင်းပြရန်ပြင်လိုက်စဥ် လိုင်သယ်စစ်က ကားထဲမှထွက်လာခဲ့သည်။
“မော့တိလေး...အဆင်ပြေရဲ့လား...ဘယ်လိုလုပ်ပြီး ဖျားသွားတာလဲ...”
မော့တိက ခဏမျှတုံ့ဆိုင်းသွားသော်လည်း ထုတ်ပြောရန်သာ ဆုံးဖြတ်လိုက်၏။
“တကယ်တော့...ကျွန်တော် နေမကောင်းမဖြစ်ပါဘူး...”
လိုင်သယ်စစ်အား မုထျန်းဟန်ကဲ့သို့ အားကိုးခြင်းမရှိသော်လည်း ထိုသူမှာ ယုံကြည်နိုင်သည့်လူတစ်ဦး ဖြစ်ကြောင်း သူ နားလည်လေသည်။ ထိုသူ့အား ဖုန်းကွယ်ရန်အကြောင်းမရှိချေ။
“မဖျားဘူးလား...”
လိုင်သယ်စစ်က အံ့သြသွားသော်လည်း ကျီစယ်ဟန်အပြုံးနှင့်ဆို၏။
“မော့တိလေး...အတန်းလစ်ချင်လို့လား...”
“တော်စမ်းပါ...”
မုထျန်းဟန်က လိုင်သယ်စစ်ကိုကြည့်ကာ တည်ငြိမ်စွာဆို၏။
“အားလုံးကို မင်းလိုများထင်နေတာလား...”
လိုင်သယ်စစ် ပါးစပ်ပိတ်သွားသည်။
သူ ဖျားချင်ယောင်ဆောင်ပြီး အတန်းလစ်ဖူးတာတော့ ဟုတ်ပါတယ်...ဒါပေမယ့် အဲ့ဒါက မထူးဆန်းဘူးလေ...ကောလိပ်ကျောင်းသား တော်တော်များများ အဲ့လိုလုပ်ကြတာပဲကို...ပြီးတော့ အတန်းလစ်ချင်ရင် ဖျားချင်ယောင်ဆောင်တာအပြင် တခြားနည်းလမ်းတွေမှအများကြီး...
“ကိုယ့်ကိုပြော...ဘာဖြစ်တာလဲ...”
မုထျန်းဟန်က ကိုယ်ကိုငုံ့ကိုင်းလျှက် မော့တိအား လေးနက်စွာကြည့်လိုက်၏။ အကယ်၍ ကလေးလေးက ဖျားနာမှုကြောင့်မဟုတ်ပဲ ဆေးရုံသို့သွားချင်နေခြင်းဆိုပါလျှင် ပို၍ပြင်းထန်သော ကိစ္စကြောင့်သာ ဖြစ်ပေလိမ့်မည်။
မော့တိက မုထျန်းဟန်ကို ကြည့်နေရင်း များစွာတည်ငြိမ်လာခဲ့ရသည်။ သူက ခဏမျှစဥ်းစားပြီးသည့်နောက် သူ၏လက္ခဏာများနှင့် သံသယတို့ကို စီကာစဥ်ကာ ပြောပြလိုက်လေသည်။
သူ့စကားဆုံးသည့်အခါ မော့တိ မနေနိုင်ပဲထပ်ပြောလိုက်မိ၏။
“ကိုကို...ဒီလက္ခဏာရပ်တွေက ကျွန်တော် documentary program တွေထဲမှာ မြင်ခဲ့ဖူးတာနဲ့ အတူတူပဲ...ပြီးတော့ ကျွန်တော် ဒီလိုတစ်ခါမှမဖြစ်ဖူးဘူး... ကိုကို... ကျွန်တော် အစိုးရိမ်လွန်နေတယ်လို့ထင်လားဟင်...”
ထိုအချိန်၌ မုထျန်းဟန်၏ မျက်နှာအမူအရာက အောက်ဆုံးအထိ နစ်မြုပ်နေပြီဖြစ်သည်။
မော့တိ၏ စကားများကြောင့် သူက တတ်နိုင်သမျှ နူးညံ့စွာ နှစ်သိမ့်လိုက်၏။
“မဟုတ်ဘူး...မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်...သတိထားတာ မမှားဘူးလေ...”
လိုင်သယ်စစ်က သူ့အတွေးများကို ထုတ်ပြောရန် ရည်ရွယ်လိုက်သော်ငြား ပါးစပ်ပိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ ဤတွေးခေါ်ပုံက နည်းလမ်းမကျချေ။
ဟွာရှားက ဥပဒေတင်းကျပ်တယ်မဟုတ်လား...ဒါပေမယ့် မော့တိ သံသယဝင်နေမှတော့ စစ်ဆေးလိုက်တာ ပိုကောင်းပါတယ်လေ...
မုထျန်းဟန်က ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်သည်။ ထို့နောက် သူက မော့တိ၏ပုခုံးကို ညင်သာစွာဆုပ်ကိုင်လျှက် ဆိုလာ၏။
“ပထမတန်း ဆေးရုံကိုမသွားတော့ဘူး...တတိယမြောက် စစ်ဆေးရုံကိုသွားရအောင်...ကိုယ် ဆက်သွယ်ထားပြီးပြီ...ကိုယ်တို့ သွေးစစ်ချက်ကို ပိပိရိရိနဲ့ အမြန်ရနိုင်လိမ့်မယ်...”
“အင်း...”
မော့တိက ကန့်ကွက်ခြင်းအလျဥ်းမရှိ ခေါင်းညိတ်လိုက်သည်။ သူသည်လည်း တတိယမြောက် စစ်ဆေးရုံထံသို့ သွားချင်နေခဲ့ခြင်းဖြစ်လေသည်။
…..
နာရီဝက်အကြာတွင် သူတို့သုံးဦးက ဆေးရုံသို့ရောက်ရှိသွားကြသည်။
အဖြူရောင်ကုတ်အင်္ကျီနှင့် လူတစ်ဦးက တံခါးဝတွင်ရပ်စောင့်နေသည်။ သူတို့၏ကားကို တွေ့သောအခါ အနားသို့အမြန်ချဥ်းကပ်လာ၏။
“ဒါရိုက်တာမု...တွေ့ရတာဂုဏ်ယူပါတယ်...”
“ဟဲလို...ဒေါက်တာဝမ်...ဒုက္ခပေးရတာ စိတ်မကောင်းပါဘူး...ကျွန်တော့် သူငယ်ချင်းမှာ တစ်ခုခုဖြစ်နေသလားလို့ပါ...သွေးစစ်ချက် မြန်မြန်ရလေ ကောင်းလေပါပဲ...”
မုထျန်းဟန်က ကားပေါ်မှဆင်းကာ လက်ဝေ့ယမ်းပြရင်းပြောလိုက်သည်။
“နားလည်ပါတယ်...နားလည်ပါတယ်...မတော်တဆ မူးယစ်ဆေးစားသုံးမိတာမျိုး တကယ်ရှိခဲ့ဖူးတာပဲ...ဒါက အလေးအနက်ထားရမယ့်ကိစ္စပဲ...”
“အချိန်ပေးလို့ကျေးဇူးပါ...ကျွန်တော် ခင်ဗျားကိုတစ်ရက် ညစာဖိတ်ကျွေးပါရစေ...ဒေါက်တာဝမ် ကျွန်တော့်ရဲ့ဖိတ်ကြားချက်ကို လက်ခံမယ်လို့မျှော်လင့်ပါတယ်...”
“မဟုတ်တာပဲ...ဒါက မပြောပလောက်တဲ့ကိစ္စပါ...”
ဒေါက်တာဝမ်က ရယ်မောလိုက်ရင်း ဓာတ်ခွဲခန်းထံသို့ ဦးဆောင်သွားခဲ့သည်။
“ကျွန်တော် ခင်ဗျားအတွက် သွေးစစ်ချက်ကို မြန်မြန်ရအောင် လုပ်ပေးမှာပါ...တစ်နာရီအတွင်းရပါလိမ့်မယ်...”
မော့တိ၏လည်ချောင်းက ရွေ့လျားသွားကာ သက်ပြင်းရှိုက်လိုက်မိသည်။
ဒေါက်တာဝမ်က မော့တိအားကြည့်ကာဆို၏။
“လူငယ်လေး...အရမ်းမစိုးရိမ်ပါနဲ့...အကယ်၍ အမှားအယွင်းကြောင့် မူးယစ်ဆေးကို စားသုံးခဲ့မိတယ်ဆိုရင်တောင် ပထမဆုံးအကြိမ်က အန္တရာယ်မရှိဘူးလေ...ပြီးတော့ အခြားလူကိုထိခိုက်စေဖို့ ရည်ရွယ်ချက်ရှိတဲ့လူက အကုန်အကျများတာကြောင့် heroin အများအပြားသုံးလေ့မရှိကြဘူး...ကိုယ့်စိတ်ထင် မင်းကိုကြည့်ရသလောက် heroin စားခဲ့မိပုံမပေါ်သလိုပါပဲ...ဒီတော့ အဆင်ပြေသွားမှာပါ...”
“ဟုတ်ကဲ့...”
ထိုအကြောင်းအရာများကို မော့တိ သိရှိပြီးသားဖြစ်သော်လည်း ယဥ်ကျေးစွာတုံ့ပြန်လိုက်သည်။
“ဒါပေမယ့်...မင်းဘေးကလူတွေကို သတိထားသင့်တယ်...လူတစ်ယောက်ကို သူကိုယ်တိုင်တောင်မသိပဲ မူးယစ်ဆေးသုံးမိစေတဲ့ အကြံအစည်မျိုးက ပြိုင်ဘက်တွေကြားမှာ ပိုပြီးအသုံးပြုလေ့ရှိကြတယ်...မင်း ဂရုစိုက်သင့်တယ်...”
ဒေါက်တာဝမ်က ထပ်ပေါင်းပြောလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ...ကျေးဇူးပါ...အန်ကယ်...”
မော့တိက ပြောရင်းဆိုရင်း ဖျော်ရည်ပုလင်းကို ကမ်းပေးလိုက်သည်။
“အန်ကယ်...ကျေးဇူးပြုပြီး ဒါကိုရော စစ်ဆေးပေးနိုင်မလား...ကျွန်တော် ဒီဖျော်ရည်ထဲမှာ တစ်ခုခုရှိနေမယ်လို့ သံသယဝင်မိတယ်...”
“ကောင်းပြီ...ဒါကိုပြီးအရင်စစ်ပေးမယ်...”
မုထျန်းဟန်၏မျက်ဝန်းများက ပုလင်းအားစိုက်ကြည့်လိုက်ချိန်တွင် ရက်စက်မှုများဖြင့် လက်ဖြာသွားခဲ့သည်။ သို့သော် သူက တစ်ခွန်းမှမဆိုချေ။
လိုင်သယ်စစ်က မုထျန်းဟန်ထံမှ အေးစက်မှုကို အာရုံခံလိုက်မိကာ နောက်ဘက်သို့ ခြေတစ်လှမ်းမျှဆုတ်လိုက်မိသည်။
ဒေါက်တာဝမ်က မော့တိထံမှ သွေးနမူနာအချိုနှင့် ပုလင်းထဲရှိ ဖျော်ရည်အနည်းငယ်ကိုယူကာ သီးခြားကတ်ပြားများတပ်လိုက်သည်။
ဒေါက်တာဝမ်၏အသံက mask ကြောင့် ဝိုးတဝါးသာကြားရ၏။
“နာရီဝက်နေရင် ပြန်လာနိုင်ပါပြီ...ခန္ဓာကိုယ်ထဲက မူးယစ်ဆေးကိုတိုက်ထုတ်ဖို့ ရေများများသောက်ပေးပါ...”
“ကောင်းပါပြီ...ကျေးဇူးပါ...ဒေါက်တာဝမ်...”
သူက မော့တိကိုခေါ်ကာ အခန်းတွင်းမှထွက်ခဲ့၏။
*
“နာနေလား...”
မုထျန်းဟန်က မော့တိ၏ လက်မောင်းကိုကြည့်လိုက်သည်။
“သွေးထွက်နေတုန်းလား...”
“မထွက်တော့ဘူး...ပြီးတော့ သိပ်မနာပါဘူး...”
မော့တိပြုံးလိုက်သည်။ အရင်ဘဝနှင့်ယှဥ်ပါက ဤသို့သောနာကျင်မှုမှာ မပြောပလောက်ချေ။
“ဒီနားက စတိုးဆိုင်မှာစောင့်ရအောင်...ရေများများသောက်ပြီး တစ်ခုခုစားလိုက်နော်...နိုဝင်ဘာညတွေက အေးလာပြီ...ပူပူလေးတစ်ခုခုစားကြမယ်...”
“ဟုတ်...”
မော့တိ ခေါင်းညိတ်လိုက်၏။
မုထျန်းဟန်က ရှောက်ခါးသီးဖျော်ရည်ပုလင်းကို ယူလိုက်ပြီး ၂၄နာရီဖွင့်သည့် အနီးရှိစတိုးဆိုင်သို့ မောင်းနှင်လိုက်၏။ သူက millet စွပ်ပြုတ်တစ်ပွဲနှင့် သတ္တုဓာတ်ဆားရည်ပုလင်းများကို မော့တိအတွက် ဝယ်ယူလိုက်လေသည်။
လိုင်သယ်စစ်က ကွမ်တုံးအစားအစာများကို နှစ်သက်သဖြင့် ကွမ်တုံးဆန်ပြုတ်ကို မှာယူလိုက်သည်။
စွပ်ပြုတ်နွေးနွေးက အစာအိမ်ကိုဖြည့်တင်းလိုက်သည်နှင့် မော့တိ ပို၍သက်တောင့်သက်သာရှိလာခဲ့သည်။ သူ့ရင်တွင်းရှိ တင်းကျပ်နေမှုများမှာ ပျောက်ကွယ်သွားခဲ့ပြီး ရီဝေဝေဖြစ်မှုအနည်းငယ်သာ ကျန်ရှိတော့၏။
သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မုထျန်းဟန်အား မြင်ရရုံဖြင့် မည်သည့်အရာကိုမှ စိုးရိမ်ပူပန်စရာမလိုတော့ပြီဖြစ်သည်။
မုထျန်းဟန်က မော့တိ စွပ်ပြုတ်ကုန်တော့မည်ဖြစ်ကြောင်း သတိပြုမိသွားကာ နောက်ထပ် ဆန်ပြုတ်တစ်ပန်းကန်အား ထပ်မှာလိုက်၏။ သူက ပန်းကန်ကို မော့တိရှေ့သို့ တိုးပေးလိုက်ရင်း
“များများသောက်...”
“…”
မော့တိ ကြို့ထိုးသွားခဲ့သည်။
ဒီလောက်ပန်းကန်လုံးကြီးကိုလေ...
စတိုးဆိုင်က သဘောထားကြီးစွာဖြင့် အများကြီးထည့်ပေးထားလေသည်။ မော့တိ ဗိုက်ပြည့်သွားခဲ့၏။
နာရီဝက်အကြာ၌ ဒေါက်တာဝမ်က ဆေးစစ်ချက်ရပြီဖြစ်ကြောင်း ဖုန်းဆက်လာလေသည်။
မော့တိမှာ အလွန်စိတ်လှုပ်ရှားနေသော်လည်း မျက်နှာအမူအရာ မပြောင်းလဲစေပဲ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည်။
သို့ရာတွင် ဒေါက်တာဝမ်၏ အသံနေအသံထားအရ မော့တိ မူးယစ်ဆေးခတ်ခံရသည်မှာ သေချာနေသဖြင့် မုထျန်းဟန်၏အမူအရာက ရေခဲတမျှအေးစက်နေခဲ့သည်။
သူတို့က ဆေးရုံထံသို့ အမြန်ပြန်သွားကာ ဆေးစစ်ချက်ကိုကိုင်ထားသည့် ဒေါက်တာဝမ်အား သွားတွေ့ကြလေသည်။
“သတင်းကောင်းလည်း ရှိသလို သတင်းဆိုးလည်း ရှိတယ်...”
ဒေါက်တာဝမ်၏မျက်နှာက အုံ့မှိုင်းလျှက်ရှိ၏။ သူက ဆေးစစ်ချက်ကို မုထျန်းဟန်ထံကမ်းပေးလိုက်သည်။
“ဆေးစစ်ချက်အရ သွေးထဲမှာ meth လိုမျိုး အန္တရာယ်ရှိတဲ့အရာတွေပါနေတာကို တွေ့ရတယ်...”
မုထျန်းဟန်၏ အမူအရာက မှောင်မည်းသွားခဲ့သည်။ လိုင်သယ်စစ်ပင်လျှင် ရှော့ခ်ရသွားခဲ့၏။
“ဒါပေမယ့် သတင်းကောင်းက ပါဝင်မှုအရမ်းနည်းတာပဲ...ကျွန်တော် ဖျော်ရည်ကိုစစ်ကြည့်တော့ အလားတူအရာတွေ ပါနေတာတွေ့ခဲ့ရတယ်...ဒီလိုရောနှောမှုအရ ပုလင်းထဲမှာပါတဲ့ မူးယစ်ဆေးက တစ်ဂရမ်ထက်မများနိုင်ပါဘူး...ဒီတော့ ဆိုလိုတာက တစ်ဂရမ်တောင်မရှိတဲ့ မူးယစ်ဆေးပမာဏလောက်ပဲ မော့တိကိုယ်ထဲကို ရောက်သွားခဲ့တာပါ ..ဒါက ပထမဆုံးစားသုံးမှုဖြစ်တာကြောင့် ဆေးစွဲတာမျိုးမဖြစ်စေပါဘူး...နည်းနည်း မသက်မသာခံစားရရုံပါပဲ...”
ဒေါက်တာဝမ်က မော့တိကိုကြည့်လိုက်သည်။
“ဘယ်လိုခံစားရလဲ...ခုချိန်ထိ မသက်သာသေးဘူးလား...”
“ကျွန်တော် ပိုကောင်းလာပါပြီ...မအီမသာဖြစ်ရုံပါပဲ...မူးတာမျိုး၊ စိုးရိမ်နေတာမျိုး မရှိတော့ပါဘူး...”.
မော့တိမျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံးတစ်ခု ဖြစ်ပေါ်နေသော်လည်း စိတ်တွင်းတွင်မူ ဖိအားများနေခဲ့သည်။ သူတို့က ကြင်နာတတ်သည့် နှလုံးသားရှိသောကြောင့် မူးယစ်ဆေးအနည်းငယ်သာ သုံးခဲ့ခြင်းမဟုတ်ချေ။ သူ သတိမပြုမိချိန်၌ ဆေးစွဲသွားစေရန် ကြံစည်ခဲ့ခြင်းသာဖြစ်သည်။
စုံစမ်းစစ်ဆေးမှု မပြုလုပ်ရသေးသော်ငြား သုဝမ့်ကျင်းက ချင်ချန်းယီလက်အောက်၌ အလုပ်လုပ်နေခြင်းဖြစ်ကြောင်း သူ အတပ်ပြောနိုင်လေသည်။
ဒါပေမယ့် ဘာလို့လဲ..
.ဘာ့ကြောင့် သုဝမ့်ကျင်းက သဘောတူလိုက်တာလဲ...
“ကောင်းပြီ...မင်း တစ်ရက်နှစ်ရက်လောက်တော့ မသက်မသာဖြစ်နေလိမ့်မယ်...ဒါပေမယ့် နောက်ပိုင်းကျရင်တော့ အဆင်ပြေသွားမှာပါ...”
ဒေါက်တာဝမ်က ဆို၏။
“ထိတ်လန့်တာ၊ စိုးရိမ်တာမျိုး မဖြစ်ပါနဲ့...အဆင်ပြေသွားမှာပါ...”
Xxxxx