Chapter 2
Viewers 9k

 


အပိုင်း(၂)


ကောင်းကင်ကြီးက လွန်ခဲ့တဲ့တစ်စက္ကန့်တုန်းကတော့ လင်းထင်းနေသေးပြီးတော့ နောက်ခဏကြာတော့ ည အဖြစ်‌ပြောင်းသွားလိုက်တယ်။


ကျီရှောင်အုံး သူမခေါင်းကိုမော့ကြည့်လိုက်တော့ မိုးကောင်းကင်ပေါ်မှာ ကြယ်ပွင့်လေးတွေတောင် ဟိုတစ်စု ဒီတစ်စု ထွက်ပေါ်လို့လာနေလေတယ်။ ကောင်းကင်က ကြယ်ပွင့်တိုင်းက တုနိုင်းလို့မရအောင် ကြည်လင်ထွန်းတောက်နေခဲ့ပါတယ်။


ကြယ်ပွင့်တစ်ပွင့်စီမှ ရောင်ခြည်ဖြာထွက်‌ေနတာက ကောင်းကင်ယံကို ထွန်းလင်းတောက်ပပြီးတော့ မိုးကုတ်စက်ဝိုင်းအစွန်းသို့တိုင် ဖြန့်ကျက်နေခဲ့တယ်။ လှပမှုက သူမငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ နတ်သမီးပုံပြင်တစ်ပုဒ်လိုပင်။


ကျီရှောင်အုံးတစ်ယောက် သူမစိတ်အခြေအနေက ဒီလိုအလှတရားမျိုး မခံစားနိုင်တာက နှမြောစရာပါပင်၊ သူမ နှလုံးသားတစ်ခုလုံးက ရိုးတွင်းခြင်ဆီထိတိုင် အေးခဲနေဆဲဖြစ်လို့ပါပဲ။


နေ့ရယ် ညရယ်ကြားထဲမှာ ဘယ်ကဘယ်လို ကူးပြောင်းသွားမှန်းမသိရဘဲ ကောင်းကင်က ဗြုန်းဆိုင်းကြီး မည်းမှောင်သွားခဲ့တာပဲဖြစ်လို့ပါ။


ဒီနေရာမှာ နေဝင်ချိန်ဆိုတာ မရှိတာများဖြစ်နေမလား။ ဆည်းဆာဆိုတာရော မရှိဘူးလား။


ဒီမေးခွန်းတွေကို မှန်းဆနေဖို့ အချိန်ကောင်းကောင်းမရဘဲ


ကျီရှောင်အုံး သူမရင်ထဲက ထိတ်လန့်ရမှုကို ပြန်လျော့ချဖို့ ဖိအားပေးလိုက်တယ်။ ခေါင်းပေါ်က ကြယ်တာရာလင်းရောင်ခြည်လေး ကျိုးတို့ကျဲတဲကို ငှားရမ်းပြီးတော့ မကြီးမသေးတဲ့ သစ်ပင်တစ်ပင်ကို သူမ ရှာဖွေလိုက်ပါတယ်။


ကျီရှောင်အုံး သူမကျောပိုးအိတ်ထဲကနေ ကြားခံချိတ်နဲ့ တောင်တက်ကြိုးအား ထုတ်ယူပြီးတော့ နေ့တစ်ဝက်ခန့် စမ်းတဝါးဝါး လျှောက်သွားလိုက်ခဲ့တယ်။ ဒီပစ္စည်းတွေက အားကစားကော်မတီအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ချန်ပင်း ပိုင်ဆိုင်တာတွေ ဖြစ်တယ်၊ အဲဒါကို သူ အရင်တစ်ခေါက် ခရီးသွားခဲ့တုန်း တောင်တက်ရမှာ သူ အမြဲသုံးတယ်လို့ ပြောခဲ့တာကို ကျီရှောင်အုံးမှတ်မိနေ‌သေးတယ်။ အခုတော့ ဒါတွေက သူမအိတ်ထဲမှာ ပေါ်လာတော့ ကျီရှောင်အုံးက ချန်ပင်း ငါးယောက်လောက် ပိုင်ချင်မိသွားလိုက်တယ်။


ဘာဖြစ်လို့လဲဆိုတော့ ဒီပစ္စည်းတွေကျေးဇူးကြောင့်နဲ့ ကျီရှောင်အုံးတစ်ယောက် သစ်ပင်ပေါ်ကို ချောချောချူချူတက်နိုင်ကာ ဘေးအန္တရာယ်ကင်းစွာနဲ့ ညအချိန်ကို ဖြတ်သန်းသွားနိုင်ခဲ့လို့ပါပဲ။


ညအချိန်ရဲ့အပူချိန်က တော်တော်ကလေးနိမ့်ပေမဲ့ ကံကောင်းတာက ကျီရှောင်အုံးရဲ့နေရာလွတ်တွင် ခြုံစောင်တစ်ထည်နဲ့တစ်ယောက်သုံးအနွေးအိပ်ရာတစ်ခု ပါဝင်နေခဲ့ပါတယ်။


ကျီရှောင်အုံးက သူမနာရီအား ၅:၃၀ တွင် နှိုးစက်ချထားလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကညနေတုန်းကအဖြစ်ပျက်က ထင်ယောင်ထင်မှားဖြစ်တာလားဆိုတာ အတည်ပြုချင်လို့ပဲဖြစ်တယ်။


ဒီနေရာမှာ နေဝင်ချိန်မရှိဘူးဆိုရင် နေထွက်ချိန်ရော ရှိမှာလား။


အရာအားလုံးက မှောင်မည်းနေတုန်းဖြစ်ပေမဲ့ မျက်စိကို ကျယ်ကျယ်ပြူးထား၍ ၅:၅၉ ထိ သူမ စောင့်ဆိုင်းနေခဲ့ပါတယ်။ သို့သော်လည်း နာရီ မိနှစ် စက္ကန့်က ၆ တိတိကို ကျရောက်တဲ့အချိန်မှာတော့ လက်ကြီးတစ်ဘက်က လိုက်ကာကြီးတစ်ခုကို ဆွဲဖြဲဖွင့်လိုက်သလိုမျိုး ဖြစ်သွားခဲ့ပါတယ်။ အရုဏ်တက်နေတဲ့အချိန် ရိုးတိုးရိပ်တိပ်‌ေလးတောင် ရှိမလာခဲ့ပါဘူး။


နေရောင်ခြည်က ရုတ်ခြည်းပင် ထူထဲတဲ့သစ်ရွက်တွေကို ဖြတ်သန်းလို့လာခဲ့ကာ ကျီရှောင်အုံးရဲ့ခေါင်းပေါ်ကို ဖျန်းပက်လာခဲ့ပါတယ်။


ကျီရှောင်အုံး သစ်ပင်ကိုင်းဖျားပေါ်တွင် ကြက်သေသေစွာ ထိုင်ချလျက် သူမမျက်လုံးတွေကို မှေးစင်းကာ ရုတ်တရက်ပေါ်လာတဲ့အလင်းရောင်ကို စူးရှနာကျင်လက်ခံလိုက်ရတယ်။


သူမမျက်လုံးကို ပြန်ဖွင့်လိုက်၍ သစ်တောရဲ့ ဖြာထွက်နေတဲ့နေရောင်ခြည်ကို စူးစိုက်ကြည့်လိုက်ပြီး ကျီရှောင်အုံး ဒီလိုဉာဏ်မမှီနိုင်တဲ့ဖြစ်စဉ်ကြီးကို အချိန်အကြာကြီးကြာအောင် ပြန်ပြောင်းတွေးတောလိုက်တယ်။


ဒီနေရာက မနေ့ကနေ အခုထက်ထိကို တကယ်ကို ဦးနှောက်ခြောက်စရာကောင်းနေလေတယ်၊ သူမမှာ မသိခြင်းများစွာ ရှိနေတုန်းပါပဲ။ ကျီရှောင်အုံး သူမကိုယ်သူမ နက်နက်နဲနဲစဉ်းစားဖို့ အတင်းအကြပ်ကြိုးပမ်းလိုက်ပေမဲ့ သူမဆီက ဒီဖြစ်ရပ်က သူမကိုယ်သူမ ဘယ်လိုလုပ်စိတ်အေးအေးထားဖို့ ပြောနိုင်ပါမယ်တဲ့လဲ။


ကမ္ဘာမြေပေါ်က ဘယ်နေရာမှာများ နေဝင် နေထွက်ချိန်မရှိတဲ့‌ နေရာတစ်ခု ရှိနေတာများလဲ။


ကျင်းမြစ်လို (မြစ်ဝါမြစ်ရဲ့လက်တက်ခွဲမြစ်တစ်ခု) သိသာထင်ရှားလောက်အောင် နေ့နဲ့ညပြောင်းလဲတာ ဘယ်နေရာများလဲ။


( T/N- ဒီနေရာမှာ မြစ်ရေက အဝါရောင်လုံးလုံးပြောင်းသွားတာကို ဆိုလိုချင်တာပါ)


သူမပဲ ဗဟုသုတနည်းပါးလို့လား ဒါမှမဟုတ် သူမက အခြားကမ္ဘာတစ်ခုကို ရောက်လာတာများလား။


ဒီအတွေးတွေက သူမစိတ်ထဲမှာ တဖျက်ဖျက်ဝင်ရောက်လို့လာကာကျီရှောင်အုံးရဲ့ကိုယ်ခန္တာက တောင့်တင်းသွားတော့သည်။


မနက်ခင်းနေရောင်ခြည်က သစ်ပင်ထိပ်ဖျားမှာ လွင့်ပါးကျဆင်းလာပြီး သူမလက်မောင်းတစ်လျှောက် ကြက်သီးမွေးညင်းများ ‌ထောင်တက်လာတော့တယ်။


တကယ်လို့ ဒါသာ တကယ်ဆိုရင်......


မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူမ သေချာပေါက် ပြန်သွားနိုင်ရမယ်။ မနေ့က သူမက လမ်းကြောင်းအမှန်ကို ရှာမတွေ့လို့ဘဲနေမယ်၊ သူမသာ ဒီနေ့ တောထဲက ထွက်နိုင်တဲ့လမ်းကြောင်းရှာတွေ့လို့ရသရွေ့ သူမ တောင်ထိပ်ကိုတက်နိုင်ပြီးတော့ သူမအတန်းဖော်တွေ ဆရာတွေနဲ့ ပြန်ဆုံနိုင်မှာပဲ။


သူမအမေနဲ့အဖေက သူမလုံခြုံတဲ့နေရာမှာရှိတယ်လို့ သူတို့ကိုပြန်ပြောဖို့ စောင့်နေဦးမှာပဲ။ သူမ ဒီနေရာမှာပဲ ပိတ်မိပြီး မနေနိုင်ပါဘူး။


ကျီရှောင်အုံး သူမရဲ့အိပ်ရာအသုံးအဆောင်ပစ္စည်းတွေကို နေရာလွတ်ထဲမှာ တန်းပြန်ပို့လိုက်ပြီး တောင်တက်ကြိုးကိုသုံး၍ မြေပြင်ပေါ်သို့ လျှောဆင်းလိုက်တယ်။


အနီးနားတွင် ရေအောက်ကကျောက်တုံးတွေထိ မြင်နိုင်တဲ့ အေးစက် ကြည်လင်နေတဲ့စမ်းချောင်းတစ်ခုရှိနေခဲ့ပါတယ်။ ကျီရှောင်အုံး လမ်းလျှောက်သွားလိုက်ကာ သူမမျက်နှာကိုသစ်လိုက်တော့ မယုံနိုင်လောက်အောင် လန်းဆန်းလို့သွားခဲ့တယ်။


နှုတ်ခမ်းသား နီနီနဲ့ သိမ်မွေ့နုနယ် ဖျော့တော့တဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ မျက်နှာသေးသေးလေးက ရေပြင်ပေါ်တွင် ထင်ဟပ်လို့နေခဲ့တယ်။


မိန်းကလေးငယ်လေးက ဖျော့ဖျော့လေးမျက်မှောင်ကြုတ်နေတာတောင် ကြည့်ကောင်းနေတာက သူမအား သနားစဖွယ် ဖြစ်အောင်လုပ်ပေးနေလေတယ်။


ကျီရှောင်အုံး ဒါတွေကို သတိမပြုနိုင်အားပေ၊ သူမခြေထောက်က ခြေဖဝါးက နာကျင်သွားတာကို ခံစားလိုက်ရတယ်။


သူမ ဖိနပ်ကိုချွတ်လိုက်၍ သူမခေါင်းကိုငုံကာ သူမခြေဖဝါးကို ကြည့်လိုက်တော့ ခြေထောက်ပေါက်လို့ ရေကြည်ဖုနှစ်ခုထွက်နေတာကို တွေ့လိုက်ခဲ့တယ်။


မနေ့က သူမ တောကြမ်းခရီးကို လေး ငါး နာရီခန့်လျှောက်လိုက်ရတော့ အခု သူမ ခြေထောက်ပေါက်သွားခဲ့တာပဲ။


ကျီရှောင်အုံး စိတ်အားငယ်သွားကာ နှာရှုပ်မိလိုက်တယ်။


အဖေကျီနဲ့ အမေကျီတို့မှာ သားတစ်ယောက်နဲ့ သမီးဖြစ်တဲ့ သူမသာလျှင်ရှိတာဖြစ်တယ်။ သူမက ရင်ထဲအသည်းထဲကနေ သူတို့ကို အလွန်ချစ်ပေမဲ့ အခုတော့ သူမက လူသူကင်းမဲ့တဲ့ တောကြီးမျက်မည်းထဲမှာ ဒဏ်ရာရကာ တစ်ဦးတည်းဖြစ်နေခဲ့တယ်၊ ဘုရားသာ ဘာတွေဖြစ်နေလဲ သိပေတော့မယ်။


ကျီရှောင်အုံးက ခဏလောက်ဝမ်းနည်းသွားပြီးနောက် သူမကိုယ်သူမ ကြံ့ခိုင်နေဖို့ အားပေးလိုက်တယ်။ သူမက ခြေဖဝါးက ခြေထောက်ပေါက်တာကိုဖြေရှင်းဖို့ အဖြူရောင်တောစီးရှုးဖိနပ်တစ်ရံအား ရှာဖို့ သူမရဲ့နေရာလွတ်ဘက်ကိုလှည့်လိုက်တယ်။ သူမရဲ့ဘယ်အတန်းဖော်က ဒါတွေကို သယ်လာလဲတော့ သူမ မသိပေ၊ ဒါပေမဲ့ သူမ ဖိနပ်ကို ထုတ်ကြည့်လိုက်တော့ သူမနဲ့ဖိနပ်နံပါတ်နဲ့ တူတူပဲဖြစ်နေတယ်။ ဒီဖိနပ်က သူမ ခရီးဆက်နိုင်ဖို့ အကောင်းဆုံးအရာပဲဖြစ်တယ်။


ကျီရှောင်အုံး ဝေးဝေးလံလံ မသွားရသေးဘဲ သူမ အမှတ်တမဲ့ သူမခေါင်းကိုငုံမိလိုက်တော့ မြက်ပင်တွေကြားတွင် သွေးကွက်တွေ ပျောက်ကြား ပျောက်ကြားစွန်းထင်းနေတာကို မြင်လိုက်ခဲ့တယ်။


သွေးတွေက ကြက်သွေးရင့်ရောင် ပြောင်းကာ ခြောက်သွေ့လို့နေလေတယ်။


ပတ်ဝန်းကျင်က သူမနဲ့ ရင်းနှီးသလိုဖြစ်လာတော့ သူမစိတ်ထဲမှာ မကောင်းတဲ့အတိတ်နမိတ်တစ်ခုကို ခံစားလိုက်ရတယ်။ အသေအချာကိုပဲ စာလုံးလေးလုံးထွင်းထုထားတဲ့ ရင်းနှီးနေတဲ့သစ်ပင်ကို ဦးတည်နေခဲ့ပါတယ်။ သစ်ပင်အောက်တွင် ငြိမ်သက်စွာ လဲလျောင်းနေတဲ့ ဝိုင်းဝိုင်းလုံးလုံးအစင်းကျား ပုံစံလေးတစ်ခုရှိနေပါတယ်။ ကျီရှောင်အုံး သူမခေါင်းထဲမှာ သူမနှလုံးခုန်သံကို သူမပြန်ကြားယောင်နေခဲ့တော့တယ်။


သူမ ဒီနေရာကိုပဲ တစ်ပတ်လည်ပြီး ပြန်ရောက်လာတာပဲလား။


မနေ့ညက အမှောင်ထဲတွင် ကျီရှောင်အုံး သူမ ဘေးပတ်ဝန်းကျင်ကို မြင်လည်းမမြင်ရ၊ သစ်ပင်တွေက ဘာတွေမှန်းမသိတော့ သူမ တော်တော်ဝေးဝေးလျှောက်လာခဲ့တယ်လို့ ထင်လိုက်တာပဲ။


သူမ လုံးဝ မသိခဲ့တာက သူမ မနေ့ညက တစ်ညအိပ်ခဲ့တဲ့သစ်ပင်နဲ့ ၁၀၀၂ လို့ထွင်းထားတဲ့သစ်ပင်က မီတာဒါဇင်အနည်းငယ်လောက်ပဲ လှမ်းတာပဲဖြစ်တယ်။


ဘာလို့များ သူမ အမြဲတမ်း ဒီနေရာကို ပြန်ရောက် ရောက်လာတာများလဲ။ ဘာလို့များ သူမ ထွက်သွားလို့မရနိုင်တာများလဲ။ ကြောက်စိတ်တွေမွှန်ထူသွားက ကျီရှောင်အုံးတစ်ယောက် ပိုပိုပြီး နားမလည်နိုင်ဖြစ်လာရတော့တယ်။


ရှေးခေါတ်တီဗီဇာတ်လမ်းတွေမှာဆို မကြာခဏ ချွတ်စွတ်တူညီတဲ့ ပတ်ဝန်းကျင်တစ်ခုကိုပဲ ပြသတာဖြစ်တယ်၊ ဒါပေမဲ့ လျို့ဝှက်ဆန်းကြယ် ဖုံးကွယ်မှုထဲက ထွက်သွားဖို့ လမ်းကြောင်းရွေးလိုက်တာနဲ့ သူမ လမ်းကြောင်းအမှားကို ရွေးမိရက်သားဖြစ်နေပါလား။


သူမက အခု ဝင်္ကပါတစ်ခုခုထဲမှာများ ဝင်ရောက်နေတာများ ဖြစ်နေမလား။


"ဝူလူလူ" တအီအီနဲ့ တီးတိုးသည်းညူလိုက်တဲ့ အသံလေးတစ်သံက ကျီရှောင်အုံးအား လက်ရှိသို့ ပြန်ဆွဲခေါ်လိုက်တယ်။


ကျီရောင်အုံး အသံနောက်ကို လိုက်ပါကြည့်မိလိုက်တော့ သစ်ရွက်တွေဖုံးလွှမ်းနေကာ မြေကြီးပေါ်မှာ မလှုပ်မလျက် လဲလျောင်းနေလျက် အသက်ပြင်းပြင်းရှူရှိုက်နေရတဲ့ အကောင်ပေါက်လေးကို တွေ့လိုက်ရတယ်။


သူ့လည်ချောင်းအတွင်းထဲကနေ ဖြတ်သန်းလာတဲ့ ညည်းထွားသံတစ်ခု လျှံထွက်လာခဲ့ပါတယ်။


ကျီရှောင်အုံးက သူ့ဆီသို့ သွားလိုက်ပြီးတော့ ဒဏ်ရာအခြေအနေကို မြင်ရဖို့ ကျားသစ်လေးကိုယ်ပေါ်က သစ်ရွက်တွေကို ဖြေးဖြေးချင်းဖယ်ရှားပေးလိုက်တယ်။


မနေ့တုန်းက သူမက ခပ်လှမ်းလှမ်းကနေပဲ ကြည့်ခဲ့ရတာဖြစ်တယ်၊ အခုတော့ ဒဏ်ရာပတ်လည်က အသားစတွေက ပြည်တည်နေတာကို ထပ်တွေ့ခဲ့ပြီးတော့ သွေးတွေက ကျားသစ်လေးရဲ့အမွေးထဲမှာ ခဲနေခဲ့တယ်။ အထဲထဲမှာ လောက်တွေတောင် တရွရွသွားနေလေပြီ။


ဒီအကောင်ပေါက်လေးက မနေ့ကတုန်းကတောင် လမ်းလျှေက်နေနိုင်သေးတာမလား။ ဒီနေ့ကျ ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်သွားရတာလဲ။


ကျီရှောင်အုံးက ဒဏ်ရာအား မတော်တဆထိမိလိုက်တော့ အကောင်ပေါက်လေးလည်ချောင်းကနေ ညည်းညူသံတစ်ခုက ခပ်အုပ်အုပ်ထွက်ပေါ်လာခဲ့ပြီး သူ့မျက်တောင်တွေ ဖွင့်လာကာ သူမအား သူ့ရဲ့မျက်ဝန်းနက်ပြာပြာတွေနဲ့ မမှိတ်မသုန်စိုက်ကြည့်လို့လာခဲ့ပါတယ်။


သူ့အကြည့်က ဖော်ရွေတယ်လို့ ပြောလို့မရပေမဲ့ သေခါနီးတိရစ္ဆာန်တစ်ကောင်ရဲ့သတိရှိမှုနဲ့ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ သံသယတွေနဲ့ ပိုပြီးဆင်တူနေတယ်။


တကယ်လို့ သူသာ ဒီလောက်ပြင်းပြင်းထန်ထန်ဒဏ်ရာ ရမနေလို့ကတော့ သူ သူမ မျက်နှာကို လှမ်းခုန်ပြီး ကုတ်လိုက်မှာ အသေအချာလို့ ကျီရှောင်အုံး ယုံကြည်လိုက်တယ်။


ကျီရှောင်အုံးက ဒီတစ်ခါ သူမကိုယ်သူမတောင် ကာကွယ်နိုင်စွမ်းမရှိတာကြောင့် မူလက သူ့ကို မကယ်ချင်ခဲ့ပါဘူး။ သူ့မိဘတွေ ဘယ်မှာလဲ၊ သူ ဘယ်ကနေ ဘယ်လို ဒဏ်ရာရလာပြီးတော့ ဒီနေရာမှာ ထွက်ပေါ်လာလဲဆိုတာ ဘုရားပဲ သိလိမ့်ပေမယ်။ ရှေ့လျောက် သူမကိုဒီပတ်သတ်မှုက ဘယ်လောက်တောင် ဒုက္ခများပေလိမ့်မလဲ။ ဒါပေမဲ့ သူမ ကျားသစ်ပေါက်လေးကို သူမရင်ဘတ်တွင် ပွေ့ချီလိုက်ထားလိုက်ခဲ့တယ်၊ သူမ စိတ် ထပ်ပြောင်းသွားခဲ့တာပါပဲ။


သူက အရမ်းငယ်သေးတယ်။ သူမရဲ့အမေရိကန်အမွေးတိုကြောင်လေးလောက်တောင်မှ မကြီးသေးတာပဲလေ။


သူမ ဒီအကောင်ပေါက်လေးတစ်ကောင်ကိုတော့ ကယ်နိုင်မှာပါလေ။


ကျီရှောင်အုံးက ကျားသစ်ပေါက်လေးကို စမ်းချောင်းဆီသို့ သယ်သွားခဲ့ပြီး စမ်းချောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်တယ်။ လက်တစ်ဘက်ဖြင့် ကျားသစ်လေးရဲ့ခေါင်းကို ထိန်းကိုင်ထားလိုက်ကာ အခြားလက်တစ်ဘက်က ရေလက်တစ်ခုပ်ခပ်လိုက်၍ ဒဏ်ရာကို ညင်ညင်သာသာလေး ဆေးကြောပေးလိုက်တယ်။


ဒဏ်ရာက နက်ပြီး ထောင်ချောက်တစ်ခုခု လက်နက်တစ်ခုခုကြာင့် ရတာမျိုးလည်းမဟုတ်ပါလား၊ ကျားသစ်လေးက သားရဲတစ်ကောင် ကောင်ဆီက ကိုက်ခံရတာနဲ့ တူနေတယ်။


သားပေါက်လေးက သူ့မိဘတွေဆီကနေ သီးခြားခွဲထွက်လာတဲ့ တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီးတော့ သူ့ဘာသာသူ ထွက်ပြေးလာတာများ ဖြစ်နေမလား။


ကျီရှောင်အုံးက ကျားသစ်ပေါက်လေးရဲ့ဒဏ်ရာကို သေချာသန့်ရှင်းပေးလိုက်ပြီးတော့ သန့်ရှင်းတဲ့မြက်ပေါ်မှာ အကောင်ပေါက်လေးကို ချထားလိုက်တယ်။ သူမကျောပိုးအိတ်ထဲကို ရှာဖွေကြည့်လိုက်ကာ ကျားသစ်လေးရဲ့နောက်ခြေထောက်ကို ကုသဖို့ နေရာလွတ်ထဲက ဆေးသတ္တာကို ထုတ်လိုက်တယ်၊ ဒါပေမဲ့အဲဒီအချိန်တွင်တော့ ရုတ်တရက် ခပ်ဝေးဝေး တောအုပ်ထဲကနေ ဝံပုလွေတစ်ကောင်ရဲ့အူလိုက်တဲ့ ပဲ့တင်သံထွက်ပေါ်လာခဲ့ပါတယ်။


ကျီရှောင်အုံးရဲ့လှုပ်ရှားမှုများက ရပ်တန့်လို့သွားတော့တယ်။


ကျားသစ်လေးက သူ့မျက်လုံးကို ဖွင့်လိုက်ကာ အော်သံထွက်ပေါ်လာတဲ့နေရာဆီကို အဓိပ္ပာယ်လေးနက်တဲ့ အကြည့်တစ်ခုနဲ့ ကြည့်လိုက်ကာ မကြာမီ သူ့ကိုယ်ခန္တာကလည်း သတိအနေအထားနဲ့ လျင်မြန်စွာ မတ်တပ် ထရပ်လိုက်ခဲ့သည်။


ပထမက ကျီရှောင်အုံး သူမ နားကြားမှားပြီး ကြားတာလို့ထင်လိုက်ပေမဲ့ အသံက မကြာမီ ထပ်ကြားလိုက်တယ်၊ ဒီတစ်ခါတွင်တော့ အသံက အများကြီးပိုနီးကပ်လာခဲ့ပါတယ်။


အသံကို သေချာနားထောင်ကြည့်ရတာတော့ ဝံပုလွေက တစ်ကောင်ထက် မကသည့်ပုံပင်။


ဝံပုလွေတွေက အုပ်စုဖွဲ့ကျက်စားတဲ့သတ္တဝါတွေလို့ သူမ ကြားဖူးတယ်၊ အူလိုက်တဲ့အသံက မြင့်တက်သွားပြီး နိမ့်ကျလာလိုက်တာက ဝံပုလွေတစ်အုပ်လောက် ရှိမယ်။


ကျီရှောင်အုံး သူမ ကျောပိုးအိတ်ကို ဆတ်ခနဲဆွဲယူလိုက်ပြီး ထွက်ပြေးဖို့အတွက် မတ်ထပ်ထရပ်လိုက်တော့တယ်။


ကျီရှောင်အုံးက ရက်စက်တဲ့တောကောင်ကြီးတစ်ကောင်နဲ့ တွေ့ရမယ်လို့ တွေးထားခဲ့တာပါပဲ၊ ဒါပေမဲ့ သူမ မမျှော်လင့်တာကတော့ အဲဒါက အရမ်းမြန်လွန်းနေတာပဲ။ သူမက သူစိမ်းမြေပေါ်က သူစိမ်းတစ်ယောက်ဖြစ်နေတုန်းမှာ ထိုအကောင်တွေက ဒီတောအုပ်ထဲကို ရောက်လာခဲ့တယ်၊ သူမမှာ ပုန်းအောင်းဖို့ နေရာမရှိတော့ပါဘူး။ ပြီးတော့လည်း သူမက တောထဲမျက်မည်းမှာ အကြာကြီးလမ်းပျောက်နေခဲ့ရတယ်၊ ဒီတော့ သူမ ကျောပိုးအိတ်ဇစ်ကို မြန်မြန်ဆွဲပိတ်လိုက်တယ်။


သူမ ကျောပိုးအိတ်ကနေ တစ်စုံတစ်ရာက မြေပေါ်ကျသွားခဲ့လိုက်တယ်။


သူမ ထိုအရာကို‌ ကောက်ပြီးကြည့်လိုက်တော့ သံလိုက်အိမ်မြောင်တစ်ခုဖြစ်နေခဲ့တယ်။ အပေါ်မှာ ပြနေတာက "N S W E" ဆိုတဲ့ ဦးတည်ရာတွေကိုပြနေတယ်၊ ဒီသံလိုက်အိမ်မြောင်က တန်ဖိုးကြီးအမျိုးအစားတစ်ခုပင်။


သူမ မထွက်ခွာခင်က အဖေကျီက ကျီရှောင်အုံးတစ်ယောက် တောင်ပေါ်မှာ လမ်းပျောက်မှာကို စိုးရိမ်ပြီးတော့ ဒီသံလိုက်အိမ်မြောင်အား သူမအိတ်ထဲကို အရေးပေါ်လိုရမယ်ရ သုံးဖို့ဆိုပြီး ထိုးထည့်ပေးလိုက်တာပဲဖြစ်တယ်။


ကျီရှောင်အုံး အဲဒါကို မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ကာ ဒီအကြောင်းကို လုံးလုံးမေ့လျော့နေခဲ့တာပဲဖြစ်တယ်။


အခု သူမမျက်လုံးတွေက လင်းလက်သွားခဲ့တယ်၊ သူမ ဒါကို အခြားအရာတွေထက် ပိုလိုအပ်တာပဲမလား။


ဒီသံလိုက်အိမ်မြောင်က သူမကို ဦးတည်ရာလမ်းကြောင်းကို ပြောနိုင်မှာပင် ၊ ကျီရှောင်အုံး သူမအိတ်အား သူမပုခုံးပေါ်တွင် လွယ်လိုက်ပြီး မြေကြီးပေါ်ကို ငုံ့ကြည့်လိုက်တော့ ကျားသစ်ပေါက်သေးသေးလေးက သူ့ဗိုက်ကိုကွေး၍ မလှုပ်မလျက် ငြိမ်သက်စွာနဲ့ လဲလျောင်းနေတုန်းပင်။


သူက အေးချမ်းတည်ငြိမ်နေသော သူ့မျက်လုံးအိမ်က သူငယ်အိမ်တွေဖြင့် သူမ အကြည့်ကို အကြည့်လွှဲရှောင်ခြင်းမပြုဘဲ ပြန်စိုက်ကြည့်နေခဲ့ပါတယ်။


မျက်ဝန်းနက်ပြာပြာတွေက အလင်းရောင်မှိန်ပျပျလေး လင်းလက်သွားခဲ့ပါတယ်။


ကြောင်ကြောင်တောင်တောင်နိုင်စွာနဲ့ ကျီရှောင်အုံးတစ်ယောက် သူမဘာသူမ တွေးတောလိုက်တယ် သူမ တကယ်ပဲ ကျားသစ်တစ်ကောင်ရဲ့မျက်လုံးထဲကနေ လူသားနဲ့တူတဲ့ခံစားမှု မြင်လိုက်ရတာလား။


သူက အခု သူမကို အသနားခံနေတာလား။


"အူး......"


ဝံပုလွေအူသံက နီးကပ်လာနေလေပြီ။


ကျီရှောင်အုံး သူမ သွားကိုစေ့လိုက်ပြီး အများကြီးတွေးမနေတော့ဘဲ ကျားသစ်ပေါက်လေးကို သူမလက်ထဲထွေးပွေ့ကိုင်လိုက်ရင်းနဲ့ စမ်းချောင်းဘေးတစ်လျှောက် ပြေးထွက်သွားလိုက်တော့တယ်။


တောစီးရှူးဖိနပ် လဲစီးလိုက်တာက ပို၍ မြန်မြန်ဆန်ဆန်ပြေးလို့ရသွားခဲ့တယ်။ ကျီရှောင်အုံး ကျားသစ်လေးရဲ့ဒဏ်ရာကို ကြည့်လိုက်နဲ့ သူမရဲ့သံလိုက်အိမ်မြောင်နောက်ကိုလိုက်နဲ့ သူမအာရုံကို ခွဲကာ ပြေးသွားလိုက်တယ်။


သံလိုက်အိမ်မြောင်ရဲ့လမ်းပြမှုနဲ့ ကျီရှောင်အုံး အဟန့်အတားတစ်ခုမှ မရှိဘဲ တောင်ဘက်တည့်တည့်ကို သွားနိုင်လိုက်တယ်။ သိပ်မဝေးခင်မှာ သူမ တောအုပ်ထဲမှ ထွက်လာနိုင်ခဲ့ကာ သူမနောက်တွင် ဝံပုလွေအူသံအား တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားစေလိုက်တော့တယ်။ သူမ ခေါင်းကိုငုံ့ကာ သူမလက်ပတ်နာရီကို ကြည့်လိုက်တော့ သူမ အမှတ်တမဲ့နဲ့ နှစ်နာရီကြာ ပြေးမိသွားလိုက်တာက သူမအား အများကြီးအံအားသင့်စေလိုက်ပါတယ်။


အခုတော့ ဘေးအန္တရာယ်က မရှိတော့လေပြီ၊ သူမ အလွန်ပင်ပန်းသွားကာ လေကို အသည်းအသန်ရှူရှိုက်လိုက်တော့တယ်။


သူမခြေထောက်တွေက ပျော့ခွေကျလာကာခဲ့ပြီး သူမ သစ်ပင်တစ်ပင်အောက်တွင် ရပ်နားလိုက်ကာ မြေကြီးပေါ်တွင် ဖြေးဖြေးချင်း ထိုင်ချလိုက်ပါတယ်။


သူမလက်ဖဝါးတွေက စီးကပ်နေတာကို သတိထားမိလိုက်ပြီး ကျီရှောင်အုံး သူမလက်တွေကို ဖျန့်လိုက်တော့ သွေးတွေစီးကပ်နေတာကို တွေ့လိုက်ရတယ်။ သူမ ရင်တုန်စွာဖြင့် ကျားသစ်ပေါက်လေးကို ကမန်းကတန်း စစ်ဆေးကြည့်လိုက်တော့တယ်။


သူမက လမ်းတစ်လျှောက်လုံး ခလုတ်တွေ အများကြီးတိုက်လာပြီး တအားမြန်မြန်ပြေးလာလိုက်တော့ ခြေလှမ်းတွေက အရမ်းဟန်ချက်မညီဘဲ ယိမ်းထိုးသွားခဲ့ရတယ်။ ကျားသစ်လေးရဲ့ဒဏ်ရာက သွေးခဲတွေကို ထိုးခွဲမိလိုက်သလိုဖြစ်သွားပြီး သွေးတွေက ထပ်ထွက်ရှိလာလိုက်တာပဲဖြစ်တယ်။ သူမ အကောင်ပေါက်လေးရဲ့အရိုးကိုတောင် မြင်နေရလေတယ်။ သူက နာသွားပေမဲ့ အစကနေအဆုံးအထိ အသံတိတ်နေမယ်လို့ မထင်ထားဘူးပဲ။


"နင် သေတော့မှာလား" ကျီရှောင်အုံး လက်ညိုးတစ်ချောင်းနဲ့ ကျားသစ်လေးနဲ့နားရွက်ဝိုင်းဝိုင်းလေးကို ညင်ညင်သာသာလေး တို့လိုက်ပြီး တီးတိုးရေရွတ်လိုက်ခဲ့တယ်။


အကောင်ပေါက်လေးရဲ့နားရွက်က လှုပ်ရှားလို့သွားခဲ့ကာ အရည်လဲ့နေတဲ့မျက်ဝန်းပြာတွေက ဖြေးဖြေးချင်းဖွင့်လာကာ သူမနဲ့အကြည့်ချင်းဆုံလိုက်တယ်။


ကျီရှောင်အုံးက နဂိုကတော့ သူ ဒေါသထွက်သွားတယ်လို့ ထင်သွားတာ၊ မမျှော်လင့်တာက သူက သူမကို ခဏလေး ကြည့်ရုံကြည့်ပြီးတော့ ဖျော့တော့စွာဖြင့် လွှဲဖယ်သွားလိုက်တယ်။


ကျားသစ်လေးက အရမ်းနာနေတာမို့ သူ့မှာ အားမရှိတော့တာကြောင့် ဖြစ်နိုင်တယ်လို့ ကျီရှောင်အုံး တွက်လိုက်ခဲ့တယ်။


သူမတို့တွေမှာ အန္တရာယ်မရှိတော့တာကြောင့် ဒဏ်ရာကိုကုသဖို့က နောက်ထပ်ရည်မှန်းချက်တစ်ခု ဖြစ်လာပါတယ်။


ကျီရှောင်အုံး သူမကိုယ်ကို လှည့်လိုက်ကာ ကျောပိုးအိတ်ကို ယူလိုက်၍ နေရာလွတ်ထဲက သူမရဲဆေးသေတ္တာဘူးကို ထုတ်လိုက်ခဲ့တယ်။ သူမ အထဲကို ကြည့်ဖို့ ဆေးသေတ္တာဘူးကို ဖွင့်လိုက်တော့ ဆေးတွေအကုန်လုံးရှိနေတာကို တွေ့လိုက်ရတယ်၊ သူမမှာ အရက်ပြန်၊ ပိုးသတ်ဆေး၊ အဖျားကျဆေး၊ သွေးတိတ်ဆေး၊ ဆေးပတ်တီးလိပ်နှင့် အခြားအရာတွေ ရှိနေခဲ့ပါတယ်။


ကျီရှောင်အုံးက သူမအိမ်မှာ ကြောင်မွေးထားတော့ ကြောင်လေးတွေ ဂရုစိုက်ပေးရတာ အထူးအဆန်းမဟုတ်တော့။


ဒါပေမဲ့ ဒီတစ်ခါက အရမ်းနက်တဲ့ဒဏ်ရာကို ကုသရတော့မှာပဲ။


သူမက သူမလက်တွေကို တည်တည်ငြိမ်ငြိမ်ထားလိုက်ကာ ငွေဓားကို အရက်ပြန်နဲ့ပိုးသတ်လိုက်တယ်။ ကျားသစ်လေးရဲ့နောက်ခြေထောက်ကို အသာယာကိုင်ထားလိုက်ကာ သေချာဂရုတစိုက်နဲ့ သွေးရောင်‌ပေါ်လာတဲ့အထိ ပြည်ပုပ်အစအနတွေကို ခြစ်ထုတ်လိုက်တယ်။ ကျားသစ်လေးက နာကျင်စွာညည်းသံထွက်လာတော့ သူမလက်တွေ တုန်ယင်သွားတော့တယ်။ ကျားသစ်လေးရဲ့မျက်လုံးတွေက အေးစက်စက်လင်းလက်သွားတော့ သူမ နှုတ်က " တောင်းပန်တယ် တောင်းပန်တယ် တမင်တကာလုပ်တာမဟုတ်ပါဘူး" လို့ ဖြတ်ခနဲ ထွက်သွားလိုက်တယ်။


သူမ ပြောပြီးသွားတော့မှ သူမ ပြောတာကို သူ နားမလည်နိုင်မှာမဟုတ်မှန်း သဘောပေါက်သွားလိုက်ကာ သူမကိုယ်သူမ ပင် အံဩသွားမိတော့တယ်။ သူမက ဘာလို့တောင်းပန်လိုက်တာလဲ။ သူ့မျက်လုံးထဲက မပျော်တာကြောင့်လား။


လတ်ဆတ်တဲ့သွေးသစ်တွေ ထွက်ရှိလာတော့မှ ကျီရှောင်အုံး ပိုးသတ်ထားတဲ့ရေနဲ့ ဒဏ်ရာကို ပိုးသတ်လိုက်ပြီး သွေးတိတ်ဆေးထည့်လိုက်တယ်။ အဲဒီနောက် သူမ ပတ်တီးလိတ်ကို ထုတ်ယူလိုက်တယ်။


သူမ သေသေချာချာနဲ့ ကျားသစ်ပေါက်လေးရဲ့နောက်ခြေထောက်ကို အထပ်ထပ် ပတ်တီးပတ်ပေးလိုက်တယ်။ နောက်ဆုံးအပတ်တွင်တော့ သူမက ခေါက်တုတ် လှလှလေး ထုံးလိုက်ကာ ချည်ပေးလိုက်ခဲ့ပါတယ်။


'အားလုံးပြီးသွားပြီ။'


ကျီရှောင်အုံး ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ကာ သက်ပြင်းချလိုက်တယ်။ ကျားသစ်လေးက တောင့်တင်းစွာမတ်တပ်ထရပ်လိုက်ပြီး ရုတ်ခနဲ့ ရှေ့ကိုလှမ်းသွားလိုက်တော့ မြေကြီးပေါ်ကို ခွေလဲကျသွားတော့တယ်။


ကျီရှောင်အုံး ပါးစပ်အဟောင်းသွားဖြစ်သွားခဲ့ပေမဲ့ သူမ ကတိုက်ကရိုက် သူ့ကို ပွေ့ချီလိုက်ရတယ်။


သူမ သူ့ကိုယ်ခန္တာကို ထိလိုက်တာနဲ့ ကိုယ်အပူချိန် တော်တော်မြင့်နေတာကို သတိထားမိသွားတယ်။ ကြောင်တွေက ပုံမှန်ဆို လူတွေထက် အပူချိန်ပိုများပြီး ၃၈ ဒီဂရီဝန်းကျင်လောက်ရှိတာ ဒါပေမဲ့ ကျားသစ်ပေါက်လေးကို ထိလိုက်တော့ ၃၈ ဒီဂရီထက် အများကြီးပိုနေတာ အသိသာကြီးပဲ။


'ဖျားနေတာလား။' 


ကျီရှောင်အုံး သူ့နားရွက်လေးတွေနဲ့လက်သည်းလေးတွေကို ထိလိုက်တော့ နှစ်ခုစလုံး အရမ်းပူခြစ်နေခဲ့တယ်။ သူ မနေ့က ဒဏ်ရာပြင်းပြင်းရခဲ့ပြီးတော့ တစ်ညလုံးတောထဲမှာ ကုန်လွန်ခဲ့ရတယ်။ မျှော်လင့်ထားသလိုပဲ အဖျားကြောင့် ကိုယ်ပူနေတာပဲ။


ကျီရှောင်အုံး ဆေးသေတ္တာဘူးထဲက သာမိုမီတာကို ရှာဖို့ လှန်လှောမွှေနှောက်လိုက်တယ်။


ကြောင်တစ်ကောင်ရဲ့ပါးစပ်ကနေ သာမိုမီတာ တိုင်းလို့မရပေ။ အရင်က ကျီရှောင်အုံး သူတို့အပူချိန်တိုင်းရင် သူတို့စအိုဝကို ထိုးသွင်းလိုက်တာပဲဖြစ်တယ်။


သူမ သာမိုမီတာကို ထုတ်လိုက်ပြီးတော့ ကျားသစ်လေးကို သူမခြေထောက်ပေါ်မှာ ဖြန့်လှဲထားလိုက်ပြီး ဆက်လုပ်ဖို့ ပြင်လိုက်တယ်။


[T/N- ဒီနားလေးမှာ ဘာသာပြန်နေရင်းနဲ့ ပြုံးစိစိဖြစ်သွားတာ😁]


သာမိုမီတာက ဖင်ဝကို ထိ လိုက်တာနဲ့ ကျားသစ်ပေါက်လေးက သူမ ဘာလုပ်တော့မယ်ဆိုတာ ခန့်မှန်းမိလိုက်ကာ သူ့ကြွက်သားမျှင်တွေက ကျုံ့ဝင်သွားလိုက်တော့တယ်။ သူမလက်မောင်းထဲမှာ အတင်းရုန်းကန်ဖို့ သူ ဘယ်ကနေဘယ်လို အားတွေရှိသွားလဲတော့ သူမ မသိ။ သူ့ရှေ့ခြေထောက်လေးက ရုတ်ခြည်းလွှဲရှောင်လိုက်ကာ သူ့မျက်ဝန်းပြာတွေက သူမအား ဒေါသနဲ့ စူးစူးရဲရဲ ကြည့်လိုက်တော့တယ်။


************


TheEnd....