Chapter 3
Viewers 9k

အပိုင်း(၃)


အာ့...


ကျီရှောင်အုံး လုပ်လက်စအလုပ်က လုံးလုံးပျက်ဆီးသွားပြီးတော့ သာမိုမီတာကို ပြန်ကိုင်ထားလိုက်ရတယ်။ 'ဘာလို့များ သူ ဒီလောက်ပြင်းပြင်းထန်ထန် ရုန်းကန်နေရတာလဲ။ သူ ဒါကို မကြိုက်ဘူးလား။'


'ဒါပေမဲ့ သူမရဲ့အ‌မေရိကန်အမွေးတိုကြောင်လေးကို အပူချိန်တိုင်းတဲ့ အချိန်တုန်းက ဒီလောက်မှ အတင်းမရုန်းဘူးတာပဲလေ အာ...။' သူမ နားမလည်နိုင်တော့ဘူးပဲ၊ သူမ သာမိုမီတာတံကို ထပ်တိုင်းရန် အနားတိုးကပ်သွားလိုက်တယ်။ ဒီတစ်ခါတော့ သူမက ကျားသစ်လေးကိုယ်လုံးကို မထိစေဘဲနဲ့ ဒဏ်ရာရတဲ့သူ့ခြေထောက်ပေါ်ကိုလည်း မဖိဘဲ မြန်မြန်လေး ဆတ်ခနဲထိုးထည့်ဖို့ လုပ်လိုက်စဉ်မှာတော့၊ ကျီရှောင်အုံးရဲ့ သာမိုမီတာကိုင်ထားတဲ့ လက်ကို အားနဲ့ အလစ်လွှဲရိုက်ခြင်းခံလိုက်ရပါတော့တယ်။


ကျီရှောင်အုံးတစ်ယောက် အလျင်မီ တုံ့ပြန်နိုင်လိုက်ပြီး သူ့လက်သည်းတွေကို ရှောင်နိုင်ဖို့ သူမလက်က ကိုင်ထားတာကို လွှတ်ချလိုက်ရ‌တော့တယ်။


သူမ အသက်တစ်ခါရှူချိန်မရှိ‌သေးခင်မှာပဲ ကျားသစ်ပေါက်လေးက မတ်တပ်ထရပ်လိုက်ပြီး‌တော့ ဒေါသတကြီးနဲ့ သူ့သွားတွေကို ကြိတ်လိုက်ကာ သူမအား ကျားတစ်ကောင်က သူ့သားကောင်ကို ကြည့်နေသလိုမျိုး ဒေါသတကြီး စိုက်ကြည့်လိုက်ပါ‌တော့တယ်။


အကောင်ပေါက်လေးကြည့်ရတာ အရှက်ခွဲခံရတာကြောင့် ဒေါသခြောင်းခြောင်းထွက်ရလို့ အငွေ့ပင် ပျံသွားတော့မတတ်ပင်။


ကျီရှောင်အုံးက သစ်ပင်အောက်မှာ ခြေထောက်ချိတ်ထိုင်နေစဉ်မှာတော့ ကျားသစ်လေးက သူမရှေ့မှာ မတ်တပ်ရပ်နေပြီး သူ့မျက်လုံးကြီးတွေနဲ့ ဟန်တစ်လုံးပန်တစ်လုံး ပြန်စူးစိုက်ကြည့်နေခဲ့ပါတယ်။


နေ့တစ်ဝက်လောက် အချိန်ကြာမြင့်သွားပြီးနောက်မှာမှ ကျီရှောင်အုံး သူမခေါင်းကို စောင်းငဲ့လိုက်ပြီး နောက်ဆုံးတွင်တော့ အခြေအနေကို အနည်းငယ်လေး နားလည်သွားတော့တယ်။


" နင်.... နင်က နင့်ကို အပူချိန်တိုင်းမှာကို မကြိုက်ဘူးလား။"


အကောင်ပေါက်လေးက မြက်ခင်းပြင်ပေါ်မှာ လဲလျောင်းနေရတဲ့ သာမိုမီတာတံအား အကြည့်ပြောင်းလိုက်တာ သူ့အမူအရာတွေက အလွန်ကိုအသက်ဝင်သွားတော့တယ်။


'ဒါဆိုလဲ ကောင်းပါပြီလေ၊ သူမှ မကြိုက်တာပဲလို့ပဲ' ကျီရှောင်အုံး ယူဆလိုက်တယ်။ အသေးလေးက သံသယဝင်စရာမလိုအောင် အဖျားတက်နေတာပဲဖြစ်တယ်၊ 'ဒါပေမဲ့ သူကမှ အပူချိန် အတိုင်းမခံမှတော့ သူမ အရင်ဆုံး အရက်ပြန်သုံးကာ သူ့အား အပူကျအောင်လုပ်လို့ရတာပဲလေ။'


ကျီရှောင်အုံး ဂွမ်းစကို အရက်ပြန်ဆွတ်လိုက်ပေမဲ့ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိ‌အောင် ဖြစ်သွားခဲ့ပါတယ်။


'အရက်ပြန်ဆွတ်ထားတဲ့ဂွမ်းစနဲ့ သူ့လက်တွေကို သုတ်ပေးတာ အဆင်မှ ပြေပါ့မလား၊ သူ သူမကို ဒီလောက်ရုန်းကန်ထားပြီးတော့မှ သူမကို သူ အထိခံပါဦးမလား။'


ကျားသစ်လေးရဲ့မေးစေ့အောက်ကို အရင်က အိမ်မှာရှိတဲ့ သူမ ကြောင်လေးကို ပွတ်သပ်ပေးသလို လုပ်ဖို့ လက်လှမ်းလိုက်ခဲ့တယ်။


ကျားသစ်လေးက မ‌ရှောင်ရှားပေမဲ့ သူ့မျက်ဝန်းနက်နက်တွေက ကျီရှောင်အုံးလက်ထဲက ဂွမ်းစကို လှည့်ကြည့်လိုက်ခဲ့ပါတယ်။


"ဒါက အရက်ပြန်ဆွတ်ထားတဲ့ ပိုးသတ်ထားတဲ့ဂွမ်းလေ။ အဲဒါနဲ့ဆို နင် အခုလောလောဆယ် အဖျားကျသွားလိမ့်မယ်...." ကျီရှောင်အုံး ဘာလို့မှန်း သေချာမသိပေမဲ့ ဒီလို ဘာမဆိုသိချင်စိတ်ဖြစ်နေတဲ့ မျက်လုံးလေးကို တွေ့လိုက်ရတော့ သူမ မနေနိုင်ဘဲ အမြဲရှင်းပြနေချင်မိတယ်။


ကျားသစ်လေးက ဒီတစ်ခါတော့ မရုန်းတော့ပေ။ သူက သူမစကားတွေကို နားလည်နေတာလား ဒါမှမဟုတ် သူ့မှာ နောက်ဆုံးလက်ကျန်ရုန်းကန်ဖို့ အားမရှိတော့လားတော့ သူမ မသိတော့ချေ။


ကျီရှောင်အုံး သူမလက်ထဲမှာ ကျားသစ်လေးကို အနာမထိမိသွားအောင် ဂရုတစိုက်ရှောင်ကာ ပွေ့ထားလိုက်ပြီးတော့ သူ့ခြေဖဝါးလေးလေးဘက်လုံးကို ကားထားပြီးတော့ တစ်ခုချင်းတစ်ခုချင်းစီ ပွတ်တိုက်ပေးလိုက်တယ်။


ကြောင်မျိုးနွယ်ဝင် ခြေဖဝါးလေးတစ်ခုချင်းစီက ပန်းရောင်တွေဖြစ်ကြတယ်၊ ဒီကျားသစ်လေးကလည်း ခြွင်းချက်မဟုတ်ခဲ့ပဲ ပန်း‌သွေးရောင်လေးတွေပင်။


အကောင်ပေါက်လေးရဲ့ဘယ်ဘက်ခြေဖဝါးပေါ်က ဖြေဖဝါးအလယ်မှာ အညိုရောင်အနာရွတ်တစ်ခုက လက်ဖဝါးကိုကန့်လန့်ဖြတ်နီးပါး ရှိနေခဲ့ပါတယ်။


အနာရွတ်က ရှည်ကာ နက်လဲနက်သည်၊ သေချာလေးကြည့်မိတော့ ဒဏ်ရာက တော်တော်လေး ရုပ်ဆိုးနေခဲ့ပါတယ်။


ကျီရှောင်အုံးက သွားထိချင်စိတ်ကို ချုပ်တည်းလိုက်ပြီးတော့ သူမကိုယ်သူမ ဒီကျားသစ်လေးက သူမအိမ်ကကြောင်နဲ့မတူဘဲ ဒေါသလွယ်လွယ် ထွက်တတ်လိုက်တာလို့ ပြောမိလိုက်တယ်။


သူ့ခမျာ နာနေတာတောင်မှ သူစိတ်မပျော်တာနဲ့ပဲ သူမအား ချက်ချင်းပဲ သတ်‌တော့ဖျက်တော့မဲ့ အလားပဲ။


အရက်ပြန်သုတ်ပေးပြီးသွားတော့ ကျီရှောင်အုံး တဘက်တစ်ထည်ထုတ်လိုက်ကာ စမ်းချောင်းထဲမှာ ရေသွားစိမ်လိုက်တယ်။


အခုက ဆောင်းဦးရောက်နေတော့ စမ်းချောင်းရေက အေးစက်နေလေတယ်။ ရေခဲသွား ရလောက်အောင် မအေးပေမဲ့ ရေခဲနဲ့ သိပ်တော့ကွာမနေခဲ့ပေ။


ကျီရှောင်အုံးက ရေဆွတ်ထားတဲ့သဘက်ကို ကျားသစ်လေးရဲ့ဗိုက်ပေါ် တင်ထားလိုက်တယ်၊ ဆယ်မိနစ်လောက်ကြာကြာ တင်ထားလိုက်ပြီးတော့ စမ်းချောင်းဆီ သွားပြီး ရေပြန်‌ညစ်ချလိုက် ပြန်ကပ်ပေးလိုက် လုပ်လိုက်ခဲ့တယ်။


******


ဒါတွေအကုန်လုပ်ပြီးတော့ ကျီရှောင်အုံးတစ်ယောက် နောက်ဆုံးတော့ အကြာကြီး နားလို့ရနိုင်သွားပါတယ်။


ဒီမနက်မှာလည်း တစ်ခါထပ်ပြီး သူမမနက်စာ မစားခဲ့ရဘဲ နှစ်နာရီခန့် ကြောက်လန့်တကြား ထွက်ပြေးလာလိုက်ရပြန်တယ်၊ ပြီးတော့ ကျားသစ်လေးကို ပြုစုပေးနေရပြန်တယ်။ သူမ ဗိုက်က ဆာလွန်းလို့ အသံတောင်မြည်သံကြားနေရလေပြီ။


ကျီရှောင်အုံး သူမခေါင်းကို သူမ ကျောပိုးအိတ်ထဲ မြုတ်လိုက်ပြီး သူမနေရာလွတ်ထဲမှာ သိုလှောင်ထားတဲ့စားစရာတွေ ကို ချောင်းကြည့်လိုက်တယ်။


သူမ စိတ်ထဲမှာ ထူးထူးဆန်းဆန်းခံစားနေရပေမဲ့ ဒီအရာကို ဖြေးဖြေးချင်းလက်ခံနိုင်လို့ လာခဲ့တယ်။ တကယ်လို့ သူမမှာသာ နေရာလွတ်မရှိရင် သူမ မနေ့ညက သစ်ပင်အောက်မှာပဲ အိပ်ရပြီး တောကောင်တွေ အကိုက်ခံရလို့ သေသွားမှာ ကျိန်းသေနေတာပဲလေ။


သူမက သူမနေရာလွတ်ထဲက ရိက္ခာပစ္စည်းတွေကို စစ်တမ်းကောက်ကြည့်လိုက်တော့ သူမ အရင်ကမြင်ဖူးထားတာတွေအပြင် ဆန်နှစ်အိတ်၊ ဂျုံနှစ်အိတ်၊ ခေါက်ဆွဲခြောက် ငါး သေတ္တာ၊ နို့ဘူး ငါးပုံး၊ ရေသန့်ဆယ်ကတ်၊ ခုတ်ပိုင်းပြီးသားအမဲသားအိတ်တော်တော်များများ၊ Doveချောကလက် နှစ်သေတ္တာနဲ့ အဆာခံမုန့်အချိုတောင့် နှစ်တောင့် ထပ်ရှိနေတာကို တွေ့လိုက်ရတယ်။ အေးခဲထားတဲ့အမဲသားနဲ့ အေးခဲပင်လယ်စာတွေကလည်း ရှိနေခဲ့ပြီး ရေခဲပုံးတွေအပြင် သစ်သီးခြောက်မျိုးစုံနဲ့အစေ့အဆံတွေ... အစရှိတာတွေ ရှိနေခဲ့ပါတယ်။


တစ်ညကုန်သွားပြီးတော့ ရေခဲက အမဲသားကို တာရှည်ခံအောင်လုပ်ပြီးတော့ အရည်ပျော်မသွားခဲ့တာကို ကျီရှောင်အုံး သတိထားမိလိုက်တယ်။ ပင်လယ်စာတွေလည်းပဲ အသွေးအရောင်ကလတ်ဆတ်နေတုန်းပင်။ ကြည့်ရတာ သဘာဝအအေးခန်း သိုလှောင်ရုံတစ်ခုလို ဖြစ်နေခဲ့တာပင်။


အချိန်က နေရာလွတ်ထဲတွင် ဖြေးဖြေးချင်းပဲ ကုန်လွန်သည့်ပုံပင်၊ ဒီတော့ သူမလည်း ပစ္စည်းတွေ ကြာရှည်မခံမှာ ဒိတ်လွန်မှာတွေ တွေးပူမနေတော့ပေ။


အခြား စာရင်းပြုစုစရာ ပစ္စည်းတွေလည်း ရှိနေခဲ့ပါတယ်။


ဆီအမျိုးမျိုး၊ ဆား၊ ပဲငံပြာရည်နဲ့ရှာလကာရည်တွေကလည်း အိုးတွေ ပုလင်းတွေနဲ့အတူရှိနေခဲ့ကာ ဂတ်မီးဖိုတစ်လုံးနှင့် အကင်စက်တစ်ခုပါရှိနေခဲ့တယ်။ အဝေးကြည့်မှန်ပြောင်း၊ နေကာမျက်မှန်၊ နေရောင်ကာခရင်ခ်၊ ခေါင်းလျှော်ရည်နှင့် ရေချိုးဆပ်ပြာ၊ အခြောက်မြန်တဘက်နှင့် မတ်ခွက်တွေ.... သူမအတန်းဖော်တွေက တကယ်ကို ပစ္စည်းတွေ စုံစီနဖာတတ်အောင် သယ်လာခဲ့တာပဲ၊ ဆယ်ဖီရိုက်တဲ့ စတစ်ချောင်းတစ်ချောင်းတောင် သယ်လာလိုက်တာက ကျီရှောင်အုံးတောင် အံအားသင့်သွားစေပါတယ်။


ကျီရှောင်အုံး နေရာလွတ်ထဲကနေ အဆာခံအဟာရချောင်းတစ်ထုတ်၊ အစေ့ခြောက်တစ်ထုပ်၊ နို့နှစ်ဘူးနဲ့ ခေါက်ဆွဲခြောက်ထုပ်တစ်ဖာချန်ပြီး ကျန်ပစ္စည်းတွေကို အကုန်လုံး သေချာအစဉ်လိုက် ပြန်ထားလိုက်တယ်။


သူမက အိုးသေး‌ေလးတစ်အိုးထုတ်လိုက်ပြီး စမ်းချောင်းဆီသွားလိုက်ကာ ရေတစ်ဝက် ဖြည့်လာလိုက်တယ်။ အဲဒီနောက် သူမက ဂတ်မီးဖိုလေးကို ထုတ်ကာ အိုးကိုတင်လိုက်ပြီး မီးဖွင့်လိုက်တော့ အပြာရောင်ဖျော့ဖျော့မီးတောက်က ထွက်ပေါ်လာတော့တယ်။


မကြာမီမှာပဲ အိုးထဲက ရေပွက်ပွက်ဆူနေတဲ့အသံ သူမ ကြားလိုက်ရတယ်။


သူမဘေးမှာ ငြိမ်ငြိမ်လေးလဲလျောင်းနေတဲ့ ကျားသစ်လေးက သူ့မျက်လုံးတွေကို ဖွင့်ကြည့်ကာ မီးဖိုကို ဆိတ်ဆိတ်ငြိမ်လျက် ငေးကြည့်လိုက်ခဲ့တယ် ၊ သူ့အကြည့်က ဖျော့တော့သွားကာ လက်သည်းများဖြင့် မြေကြီးပေါ်ကို ကုတ်ဆွဲလိုက်ခဲ့ပါတယ်။


ကျီရှောင်အုံးကတော့ လုံးလုံးလျားလျား သတိမပြုမိလိုက်ပေ။


အဖေကျီက အိမ်အပြင်ဘက်တွင်စခန်းချနေရတာကြိုက်တဲ့ ဝါသနာအိုးတစ်ယောက်ဆိုတော့ သူ့ဆီမှာ အားကစားပစ္စည်းတွေနဲ့ အိမ်အပြင်ဘက်မှာစခန်းချနေရင်သုံးတဲ့ အိမ်အသုံးဆောင်ပစ္စည်းတွေ အများအပြားရှိတယ်၊ ဒီတော့ ကျီရှောင်အုံးကလည်း ဒီပစ္စည်းပစ္စယတွေနဲ့ အကျွမ်းမဝင်ဖြစ်တာမျိုး မရှိနေခဲ့ပေ။


ရေဆူလာချိန်မှာတော့ သူမက ခေါက်ဆွဲခြောက်ထုပ်ကို ဖောက်၍ ဟင်းခတ်မှုန့်တွေပါ အိုးထဲသို့ လောင်းထည့်လိုက်တယ်၊ ထို့နောက် တူနဲ့ မွှေပေးလိုက်ခဲ့တယ်။


ချက်တဲ့ကြာချိန်ကို အခွင့်ကောင်းယူကာ သူမက နို့ဘူးတစ်ဘူးကို ဖောက်လိုက်ပြီး နည်းနည်းသောက်လိုက်ပြီး မတ်ခွက်ထဲကို နို့တွေလောင်းထည့်လိုက်ကာ ကျားသစ်လေးရဲ့ရှေ့မှာ သွားချထားပေးလိုက်ပါတယ်။


"နင်က ဒဏ်ရာရနေတာ နို့များများသောက်ရင် အနာမြန်မြန်ပျောက်လိမ့်မယ်။ အမဲသားတွေလည်းရှိသေးတယ် ငါ နင်စားလို့ရအောင် အတုံးသေးသေးလေးတွေဖြတ်ပေးမယ်" နှစ်ရက်လောက် လူတွေနဲ့ စကားမပြောဘဲနေလိုက်ရတော့ ကျီရှောင်အုံးတစ်ယောက် ကျားသစ်လေးနဲ့သာ စကားလက်ဆုံကျနိုင်လေတယ်။ သူမ သူမကိုယ်သူမ နေတတ်ထိုင်တတ်နိုင်စွမ်းရှိတာကို အနည်းငယ်လေးသဘောကျမိသွား‌ေတာ့တယ်။


အကောင်ပေါက်လေးက မနေ့က နို့သောက်ဖူးတော့ သူ မငြင်းဆန်လိုက်ပေ၊ နို့တွေသောက်ရင်း သူ့အကြည့်က မီးဖိုဆီရောက်သွားပါတယ်။


ကျီရှောင်အုံးက သူမအတွက် နို့တစ်ဘူး ထပ်ဖောက်လိုက်ပြီး သူမ နှစ်ဘူးတောင်မှ သောက်ပစ်လိုက်ခဲ့တယ်။ အသားက တော်တော်ကျက်သလောက်ရှိတော့ သူမ မီးဖိုကို မီးသတ်လိုက်ခဲ့တယ်။


မနေ့က တစ်နေ့လုံး သူမ ချောကလက်နှစ်ချောင်းသာ စားခဲ့ရတယ်၊ အခုတော့ သူမ အစားအစာ ပူပူလေးစားနိုင်လေတယ်။ ရိုးရှင်းပေမဲ့လည်း သူမ ဒါကိုစားရတာ အရမ်းကျေနပ်နေခဲ့ပါတယ်။


သူမက မော့ကြည့်လိုက်တော့ ကျားသစ်လေးလည်း စားနေခဲ့တာ တွေ့လိုက်တော့ သူမနှလုံးသားထဲမှာ အနည်းငယ်လေး ခံစားသွားရတော့တယ်။


အမဲသားအပိုင်းအိတ်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခြင်းခံထားလိုက်ရကာ အထဲကအမဲသားတွေက အကုန်လုံးမကျန် ရှင်းလင်းအောင် စားပြီးနေလေတယ်။


ကျီရှောင်အုံးက ဝံပုလွေတွေက အစာအနံ့ကြောင့် ဆွဲဆောင်မိမှာကို စိုးရိမ်တာကြောင့် သူမ အိုးကိုဆေးကြောဖို့ စမ်းချောင်းဆီသို့ မြန်မြန်သွားလိုက်ပြီး အိုးနဲ့ မီးဖိုကို သူမအိတ်ထဲသို့ ပြန်ထည့်ထားလိုက်ခဲ့တယ်။ မီးဖိုက အရမ်းမကြီးတာနဲ့ အိတ်ထဲ သိပ်ထည့်လိုက်တာက အရမ်းအံဩဖို့ကောင်းတယ်လို့ မထင်ရတာမို့ သူမက ကျားသစ်လေးမြင်မှာကို ရှောင်မနေတော့ပေ။


ကျားသစ်လေးက ကျီရှောင်အုံးရဲ့သေးငယ်ပြီး ကျစ်လစ်သိပ်သည်းနေတဲ့ ပုခုံးပေါ်က ကျောပိုးအိတ်အား ကြည့်ရှူလိုက်ခဲ့တယ်။ခဏမျှကြာတော့ သူ့မျက်လုံးများကို အလုပ်များနေတဲ့ ကောင်မလေးဆီ လွှဲပြောင်းလိုက်တယ်။


ကျီရှောင်အုံး အမှိုက်ပစ်ဖို့ နေရာတစ်ခုမှ ရှာမတွေ့ခဲ့တော့ တောထဲကိုလည်း ဖြစ်ကတတ်ဆန်း လျှောက်မပစ်လိုက်ချင်တော့ ကျင်းတစ်ခုတူးလိုက်ပြီး နို့ဘူးအခွံတွေနှင့် ပလတ်စတစ်အိတ်တွေကို မြေကြီးထဲမှာ သေချာမြုတ်ပေးလိုက်ပါတယ်။


သူမ နဖူးပေါ်က ချွေးတွေကို လက်နဲ့သုတ်လိုက်တော့ သူမမျက်နှာပေါ်မှာ ညစ်ပတ်တဲ့အရာလေး ထင်သွားခဲ့တယ်။


သူမက ပေသွားမှန်းသိလိုက်တော့ စမ်းချောင်းဆီသွားကာ သူမမျက်နှာအား သစ်လိုက်ကာ ဆေးကြောလိုက်ခဲ့ပါတယ်။ သူမရဲ့ ရေစက်တွေတင်နေတဲ့ မျက်တောင်ရှည်တွေနဲ့အတူ သူမရဲ့တောက်ပကြည်လင်တဲ့ မျက်လုံးလေးတွေ၊ ကြွေရုပ်လေးလို အသားအရေနဲ့ ချောမွတ်တဲ့မျက်နှာလေးက သူမတစ်ကိုယ်လုံးအား နူးညံ့သိမ်မွေ့သွားစေလိုက်တယ်။


ကျီရှောင်အုံးက ကျားသစ်ပေါက်လေးဆီ ပြန်လာလိုက်တော့ ပါးလေးတွေ‌တောင် ပန်းရောင်သန်းနေပြီး သူမကို ငေးမောကြည့်ရှုနေတဲ့ သူ့ကို ရှာတွေ့လိုက်တယ်။


ကျားသစ်လေးက ခပ်တည်တည်နဲ့ ခြေလှမ်းအနည်းငယ်မျှ ပြန်ဆုတ်လိုက်ပြီး သူမဆီကနေ သူ့အကြည့်တွေကို ရှောင်လွှဲလိုက်တယ်။


ကျီရှောင်အုံးက သူ့ဗိုက်ပေါ်က သဘက်ကို ဖယ်လိုက်ပြီး သူ့ခြေဖဝါးလေးတွေကို ထိကြည့်လိုက်တယ်။ အပူချိန်ကျသွားပြီဆိုတော့ သူ့ကို ဆေးနောက်မှ တိုက်ပေးတာက ပြဿနာမဟုတ်တော့ပေ။


******


စမ်းချောင်းတစ်ဖက်မှာ မိုးကောင်းကင်ထိ မြင့်မားနေတဲ့တောင်တန်းတစ်ခု ရှိနေခဲ့ပါတယ်။


ကျီရှောင်အုံးက သူမ တောင်ပေါ်ကနေပြုတ်ကျခဲ့တာကို မှတ်မိလိုက်တော့ အဲဒီတောင်ပေါ်ကို တက်လိုက်ရင် သူမနဲ့ရင်းနှီးတဲ့နေရာတစ်ခုရဲ့အပြန်လမ်းကို ခေါ်သွားနိုင်လိမ့်မယ်။


သူမက ကျားသစ်လေးရဲဒဏ်ရာကို ကုသပေးပြီးတာနဲ့ တောင်ပေါ်တက်ဖို့ ရည်မှန်းထားလိုက်တယ်၊ ဒါပေမဲ့ သူမလက်က နာရီကို ငုံ့ကြည့်မိလိုက်တော့ နေ့လယ် ၂ နာရီတောင် ထိုးပြီးနေလေပြီ။


'တကယ်လို့ သူမ အခုသာ တက်သွားလိုက်လို့က သူမတောင်ထိပ်ရောက်တဲ့အချိန်ဆို နောက်တစ်နေ့ မိုးလင်းရှူးပေါက်တဲ့ အချိန်ရောက်သွားတော့မှာပဲ။'


'အဲဒီအချိန် တောင်ထိပ်မှာ ဘယ်သူမှ ရှိမနေရင် ဒီနေရာလောက် လုံခြုံမှာမဟုတ်ဘူးပဲ။'


သူမ ဖြစ်နိုင်ချေရှိတာတွေကို စဉ်းစားလိုက်ပြီးတော့ ကျီရှောင်အုံး ဒီနေရာမှာပဲ နောက်တစ်ညထပ်နေပြီး နောက်တစ်နေ့ မနက်စောစောကျမှ သွားဖို့ ဆုံးဖြတ်လိုက်တယ်။


ကျီရှောင်အုံး ကျားသစ်လေးကို သူမလက်ထဲမှာ ပွေ့ထားပြီး သူမရှေ့က စမ်းချောင်းလေးကို ကြည့်လိုက်ခဲ့တယ်။


ဒီရေစီးသန်နေတဲ့မြစ်က တောအုပ်နဲ့ တောင်တန်းတွေကြားထဲက


ဆမ်းဒွစ်(အသားညှပ်ပေါင်မုန့်) လိုဖြစ်နေလေတယ်။ တကယ်လို့ မင်းသာ အခြားတစ်ဖက်ကိုရောက်ချင်ရင်


ထပြီး ဖြတ်သွားဖို့ပဲ လိုတာပဲဖြစ်တယ်။


သူမက သစ်ကိုင်းခြောက်တစ်ချို့ ကောက်လိုက်ကာ ရေ အတိမ်အနက်ကို စမ်းကြည့်လိုက်တယ်။ သူမခြေထောက်နဲ့ တိုင်းကြည့်လိုက်တော့ အရမ်းကြီး မနက်ပေ၊ သူမ ခြေသလုံးလောက်ရောက်ရုံတင်လေးပဲ။


ကျီရှောင်အုံးက အောက်အနားရှည်တဲ့ ဘောင်းဘီဝတ်ထားတော့ ခြေသလုံးကျော်အောင် ခေါက်တင်လိုက်တယ်။ ကျားသစ်ပေါက်လေးကို သူမနဲ့အတူသယ်လိုက်၍ အခြားတစ်ဘက်သို့ ဖြေးဖြေးချင်း ဖြတ်ကူးသွားလိုက်တယ်။


အခြားတစ်ဘက်ကမ်းတွင်လည်း ရှေးဆန်တဲ့သစ်တောတစ်ခုရှိလေတယ်၊ ဒါပေမဲ့ သစ်ပင်တွေက ပိုပြေပြစ်ပြီး အခြားအပင်တွေလိုမျိုး မမြင့်လဲမမြင့် ရှေးလဲမဆန်ပေ။


ဒီနေရာကတောက်ပတဲ့နေရောင်ခြည်က သစ်ပင်တွေကို စိမ်းလန်းစိုပြေစွာ ဖြာကျလျက်ရှိနေတာက တစ်စုံတစ်ယောက်အား ပြဿနာရှိတယ်လို့မထင်ရဘဲ စိတ်အား လွတ်လပ်ပေါ့ပါးအောင် လုပ်ဆောင်နေခဲ့တယ်။


ဒီထက်ပိုတာက ဒီနေရာမှာ ရင်းနှီးတဲ့အပင်တွေ တော်တော်များများ တွေ့လိုက်ရလို့ ကျီရှောင်အုံး ပျော်သွားတော့တယ်။


အပင်ဖျားတွင် ကွေးညွတ်နေသော တရုတ်ထင်းရှူးပင် တော်တော်များများရှိနေကာ.... ဘယ်ဘက်ခြမ်းတွင် နှစ်ရှည်သံလွင် ပင်တစ်ပင်ရှိပြီး ပရုတ်ပင်၊ ဝက်သစ်ချသီးပင်နှင့် ကြိမ်လုံးပင်တွေ အစရှိတဲ့ သစ်ပင်တွေရှိနေလေတယ်။


သူမ သူမနဲ့ရင်းနှီးကျွမ်းဝင်နေတဲ့အရာတွေ တွေ့နေရတာပဲ။


ဒါ့ကြောင့်မို့ ကျီရှောင်အုံးတစ်ယောက် သူမအတန်းဖော်တွေနဲ့ ဆရာတွေကို သူမ တောင်ပေါ်တက်လိုက်တဲ့အချိန် ရှာတွေ့လိမ့်မယ်လို့ ပို၍ပင် ယုံကြည်သွားလိုက်တယ်။


ဒါပေမဲ့လည်း ကျီရှောင်အုံး သူမ ရည်ရွယ်ချက်ကို မပျောက်စေဘဲ အရမ်းမနိမ့်တဲ့ တောင်ကုန်းတစ်ခုကို ရှာဖို့ တစ်နာရီကျော်ကျော် လမ်းလျှောက်လိုက်တယ်။ အဲဒီနေရာက အရွက်ရ သစ်ပင်တွေနဲ့ ဖုံးအုပ်ခံထားရကာ တောင်တန်းတွေအား ကျောပေးထားပြီး တောရိုင်းတိရစ္တာန်အများစုကို ဒီနေရာမှာ မတွေ့ရပေ။ သူမတို့တွေ ဒီမှာ ညအိပ် နားနေလို့ရနိုင်တာပဲဖြစ်တယ်၊


ငါး နာရီတိတိ မှာတော့ ကျီရှောင်အုံး ကျားသစ်လေးကို နောက်ထပ် ပိုးသတ်ဆေး ထပ်ထည့်ပေးလိုက်ပြီး နို့ဘူး၊ အစေ့အနှံနဲ့ အသားပိုင်းလေးတွေ ကြွေးလိုက်ခဲ့တယ်။ သူမကတော့ နေ့လယ်စာနောက်ကျမှစားထားတာကြောင့် အရမ်းကြီးမဆာတာကြောင့် နို့ဘူးတစ်ဘူးသာ ယူသောက်လိုက်တယ်။ သူမ နေရာလွတ်ထဲမှ တစ်ယောက်အိပ်အနွေးအိပ်ရာကို ထုတ်လိုက်ကာ "ည"အမှောင်ထုအား စောင့်ဆိုင်းလိုက်တော့တယ်။


ခြောက်နာရီကျော်လိုက်တာနဲ့ တောအုပ်က အချိန်မှန်စွာပင် အမှောင်ထုထဲသို့ ကျဆင်းသွားတော့၏။


ကျီရှောင်အုံးက ဒီနေရာမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အံ့ဖွယ်ဖြစ်စဉ်အား နားမလည်နိုင် ဖြစ်နေဆဲပါပဲ၊ ဒါပေမဲ့ သူမက သူမကိုယ်သူမ ရှည်ရှည်ဝေးဝေး မတွေးတောဖို့ ဖိအားပေးလိုက်တယ်။ သူမ ဘေးနားက ကျားသစ်လေးကို လှည့်ကြည့်လိုက်တော့ သူက အိပ်မောတောင်ကျနေတာကို တွေ့လိုက်တယ်။


သူမက သူ့အား ခဏမျှ ကြည့်ရှုလိုက်ပြီးတော့ သူမနေရာလွတ်ထဲမှ သိုးမွေးစောင်ကို ထုတ်၍ သူ့အပေါ်ခြုံပေးလိုက်ပါတယ်။


ညချမ်းကောင်းကင်ယံက ထူထဲတဲ့တိမ်စိုင်တွေနဲ့ ဖုံးလွှမ်းနေပြီး ကောင်းကင်ယံတွင် ကြယ်တစ်လုံးတစ်လေမှ မတွေ့ရခဲ့ပေ။


နောက်တစ်နေ့မနက်စောစော၌ ကောင်းကင်က အလင်းရောင်သို့ ပြောင်းလဲသွားချိန်တွင်တော့ ကျားသစ်လေးက သူ့မျက်လုံးတွေ ပွင့်လာလိုက်ခဲ့တယ်၊ အနွေးအိပ်ရာက ပျောက်ကွယ်သွားတာကို သူ တွေ့လိုက်ရတယ်။ စောင်နဲ့နို့ဘူးကလည်း မရှိတော့လေပြီ။


ကျီရှောင်အုံးတောင်မှ လုံးလုံးလျားလျားပျောက်ကွယ်လေပြီဖြစ်တယ်။


ကျားသစ်အစင်းကျားလေးက သူ့ခြေထောက်တွေကို ဖြေးညင်းစွာဖြင့် ထရပ်လိုက်ပြီး မနေ့ညက ကျီရှောင်အုံး လဲလျောင်းတဲ့နေရာအား ကြည့်ရှုလိုက်ခဲ့တယ်။ သူ ရုတ်တရက် သူ့ရဲ့ဒဏ်ရာရနေတဲ့ခြေထောက်အား သတိရသွားကာ လှည့်ကြည့်လိုက်တယ်။


ပတ်တီးအပေါ်ယံက သန့်ရှင်းနေပြီး ဒီမနက်ကမှ အသစ်လဲထားသည့်ပုံပင်၊ စီးနေကျလို တမူထူးခြားစွာ ချည်နှောင်ထားနေခဲ့တယ်။


ကျားသစ်လေးက ခဏလောက် တွေတွေကြီး ငေးစိုက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ဖြေးဖြေးချင်းလွှဲဖယ်လိုက်တယ်။ သူ့သွားတွေကို သူပြန်လျက်လိုက်ကာ သူ့နေရာဖြစ်တဲ့ တောနက်ထဲသို့သာ ဝင်ရောက်သွားလိုက်တော့တယ်။


******** 


End...