အပိုင်း ၁၀၂
Viewers 28k

Chapter 102





မော့တိက အိပ်ချင်စိတ်မရှိသော်လည်း ယနေ့မှာ အလွန်ပင်ပန်းခဲ့ရသည့်နေ့ ဖြစ်လေသည်။ ထို့အပြင် ဆေးမိခြင်း၏သက်ရောက်မှုများသည်လည်း ရှိနေလေရာ မော့တိက မနက်လေးနာရီ၌ အိပ်မောကျသွားခဲ့သည်။

မုထျန်းဟန်က အိပ်ပျော်နေသည့် မော့တိအား ပွေ့ချီကာ အိပ်ခန်းအတွင်း၌ နေရာချပေးလိုက်သည်။

မုထျန်းဟန်ပြန်လာသည့်အခါ လိုင်သယ်စစ်ပါးစပ်ဟလိုက်၏။

“မင်း မော့တိ အိပ်ပျော်သွားဖို့ မျှော်လင့်နေတာမဟုတ်လား...မင်းသူ့ကို အိပ်ဖို့မပြောလို့​တောင် ငါအံ့သြနေတာ...”

“ငါပြောရင်လည်း သူသဘောတူမှာမှမဟုတ်တာ...”

မုထျန်းဟန်က မော့တိ၏ ဘာမှမကျန်တော့သော နို့ခွက်ကို ကောက်ယူလိုက်သည်။

“ဒါ့ကြောင့် မင်းသူ့နွားနို့ထဲ ပျားရည်ရောထည့်ပြီး အိပ်အောင်လုပ်လိုက်တယ်ပေါ့လေ...”

လိုင်သယ်စစ် သက်ပြင်းချလိုက်သည်။

“မြေခွေးအိုကြီး...ဒါက ဂရုစိုက်တာအနေနဲ့ ပြောလို့ရပေမယ့် တစ်ယောက်ယောက်ကို အိပ်စေချင်တယ်ဆိုတာက သားရဲတွေရဲ့အကျင့်ပဲ...”

“ဒါပေမယ့် မော့တိလေးက အတော်ခေါင်းမာတာပဲ...ငါ့အထင် သူမင်းကိုပဲ အားကိုးပုံရတယ်...”

လိုင်သယ်စစ်က မုထျန်းဟန်အား ငေးကြည့်လိုက်သည်။

“မင်းသာမရှိရင် သူ ငါ့ကိုတောင် အကူအညီတောင်းမယ်မထင်ဘူး...”

မုထျန်းဟန်က နို့ခွက်အလွတ်ကို စိုက်ကြည့်နေရင်း များပြားလှသောခံစားချက်များမှာ သူ၏မျက်ဝန်းထဲတွင် ထင်ဟပ်နေခဲ့လေသည်။

.........

နောက်နေ့မနက်တွင် မော့တိက နေမွန်းတည့်ချိန်အထိ အိပ်စက်ခဲ့ကာ ရီဝေဝေဖြင့် နိုးလာခဲ့သည်။

သူ ထရန်ပြင်လိုက်စဥ်မှာပင် ခေါင်းထဲ၌ တဆစ်ဆစ်နှင့် မခံမရပ်နိုင်အောင် ထိုးကိုက်လာခဲ့လေသည်။

မော့တိက ညည်းညူရင်း ခေါင်းကိုအုပ်ကိုင်လိုက်၏။ ဘေးထွက်ဆိုးကျိုးက ကျန်ရှိနေဆဲဖြစ်သည်။

“နိုးပြီလား...”

မုထျန်းဟန် ဝင်လာသည့်အခါ မော့တိက သူ့ခေါင်းသူကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူက အမြန်လှမ်းလာခဲ့၏။

“ဘာဖြစ်တာလဲ...ခေါင်းကိုက်နေတာလား...”

“အဆင်ပြေပါတယ်...ကျွန်တော် ရုတ်တရက်ထလိုက်တာကြောင့် မိုက်ခနဲ့ဖြစ်သွားရုံပါ...”

မော့တိက မုထျန်းဟန်အား မစိုးရိမ်စေချင်ပေ။

“ကိုကို...ဘယ်အချိန်ရှိပြီလဲ...ကျွန်တော် ကျောင်းသွားရမယ်ထင်တယ်...”

“မွန်းတည့်ချိန်တောင် ရောက်နေပြီ...မသွားနဲ့တော့. .”

မုထျန်းဟန်က အိပ်ရာဘေးတွင်ထိုင်လိုက်ကာ မော့တိ၏ အိပ်ရာနိုးစမို့ ရှုပ်ပွနေသော ဆံစလေးများကို ညင်သာစွာပွတ်သပ်လိုက်သည်။

“မင်းအတွက် ခွင့်တိုင်ပေးဖို့ ကိုယ် ရှန့်ယွီချောင်ကို အကူအညီတောင်းထားတယ်...စိတ်မပူပါနဲ့...ဘာမှမဖြစ်ပါဘူး...”

“ခွင့်တိုင်ထားတာလား...”

မော့တိက အိပ်ရာနံဘေးကစားပွဲပေါ်ရှိ ဖုန်းကိုယူကြည့်လိုက်သည်။

“၁၂ နာရီ​တောင် ကျော်နေပြီ...”

သူ နှစ်ဘဝလုံး ၁၂ နာရီကျော်အထိ အိပ်တယ်ဆိုတာ ခပ်ရှားရှားပဲ...

“မင်း နှစ်ရက်လောက် အနားယူသင့်တယ်...ဂိမ်းတွေလုပ်လိုက်၊ ကျောင်းစာလုပ်လိုက်နဲ့ တောက်လျှောက် အလုပ်များနေတာ မဟုတ်လား...ပြီးတော့ မနေ့ကဖြစ်သွားတဲ့ကိစ္စရောပဲ...မင်းကိုယ်မင်း အားလပ်ချိန်လေးပေးပါဦး...”

မုထျန်းဟန်က မော့တိ၏မျက်နှာလေးကို ညှင်သာစွာ ထိတွေ့လိုက်သည်။

“ကိုယ့်ကိုယ်ကို တွန်းအားမပေးပါနဲ့ကွာ...မင်းနေမကောင်းဖြစ်ရင် မင်းတစ်ယောက်ထဲ နာကျင်နေရမှာမဟုတ်ဘူးလေ...”

“ကျွန်တော်…”

မော့တိက မုထျန်းဟန်၏ နူးညံ့လေးနက်လှသော မျက်ဝန်းများကို ငေးကြည့်ရင်း ရှက်သွေးဖြာသွားခဲ့သည်။

“ကျွန်တော် နားလည်ပါပြီ...”

“လိမ္မာတယ်...”

မုထျန်းဟန် ပြုံးလိုက်၏။

“ကိုယ်လက်သန့်စင်လိုက်ဦး...နေ့လည်စာ အဆင်သင့်ဖြစ်နေပြီ...ပြီးရင်စားကြမယ်...”

“အွန်း...”

မော့တိ ပြန်ဖြေလိုက်၏။ ရုတ်တရက် သုဝမ့်ကျင်းအကြောင်းကို တွေးမိသွားကာ မနေနိုင်ပဲမေးလိုက်မိလေသည်။

“ကိုကို...သုဝမ့်လုန်နဲ့ပတ်သတ်ပြီး တစ်ခုခုရှာတွေ့ခဲ့လား...”


မော့တိတွေးနေသည့်အရာအား သတိ​ပြုမိဟန်ဖြင့် မုထျန်းဟန်က လူငယ်လေး၏ပုခုံးကို ညင်သာစွာဆုပ်ကိုင်လျှက် နှစ်သိမ့်လိုက်သည်။

“စိတ်ရှည်ပါကွာ...ကိုယ် စုံစမ်းခိုင်းလိုက်ပါပြီ...အကယ်၍ ချင်ချန်းယီက တကယ်ပဲပတ်သက်နေတယ်ဆိုရင် ကိုယ်တို့မကြာခင်သိရမှာပါ...”

“ဒါက မလွယ်လောက်ဘူး...”

မော့တိ စိတ်မအေးနိုင်ချေ။

“ကိုကို...ချင်ချန်းယီက နိုင်ငံခြားမှာ မြေအောက်ကာစီနိုဝိုင်းတွေ အများကြီးပိုင်တယ်...ပြီးတော့ ကာစီနိုတစ်ခုချင်းစီက အင်အားကောင်းတဲ့ ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားကြတာ...အူတိုင်တစ်ခုထဲမှာ စုနေသလိုမျိုးပဲ...ကျွန်တော်တို့ ဘာကိုမှရှာမတွေ့နိုင်မှာ စိုးရတယ်...”

“ဒါ​ပေမယ့် သုဝမ့်လုန်က မြန်မာနိုင်ငံမှာဆိုတာ ကိုယ်တို့အတည်ပြုပြီးပြီလေ...”

မုထျန်းဟန်က ဆက်ပြောသည်​။

“မြန်မာနိုင်ငံမှာ ချင်ချန်းယီပိုင်တဲ့ ကာစီနိုသုံးခုရှိတယ်...အကယ်၍ ကိုယ်တို့ တစ်ခုချင်းစုံစမ်းမယ်ဆို တစ်ခုခုတော့ တူးထုတ်နိုင်မှာပါ...ပိုပြီးအရေးကြီးတာက ချင်ချန်းယီရဲ့ အယုံကြည်ရဆုံးလူယုံနှစ်ယောက်မှာ တစ်ယောက်က လာအိုမှာရှိနေပြီး တစ်ယောက်က မြန်မာမှာရှိနေတယ်လို့ ကိုယ်သိထားတယ်...”

မော့တိက ခေါင်းမော့ကာ မုထျန်းဟန်ကို ကြည့်လိုက်သည်။

မုထျန်းဟန်က မော့တိ၏ ဦးခေါင်းလေးအား ပွတ်သပ်ပေးလိုက်သည်။

“ကိုယ် သူတို့နှစ်ယောက်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားပါတယ်...ဒီတော့ ကိုယ်တို့ သေချာပေါက် သဲလွန်စရမှာပါ...ကိုယ့်ကိုယုံနော်...”

“ကျွန်တော် ကိုကို့ကိုယုံပါတယ်...ဒါပေမယ့်..."

မော့တိ မျက်မှောင်ကြုတ်လ်ိုက်၏။

“ကာစီနိုမှာမဟုတ်ပဲ တခြားနေရာမှာ သူ့ကိုခေါ်တွေ့ရင်ရော..အဲဲ့ဒီ့လိုဆို ဘယ်လိုလုပ်မလဲ...ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေရသလို ဖြစ်နေပြီ...”

“ဒါ​တော့ သိပ်မဖြစ်နိုင်ဘူး...ချင်မိသားစုက အင်အားကြီးတာမှန်ပေမယ့် နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ဒီလောက်အထိမဟုတ်ပါဘူး...သုဝမ့်လုန်က ဟွာရှားကနေ တရားဝင်ထွက်သွားတာ...သူက အောက်လမ်းကသွားတာ မဟုတ်ဘူးလေ...ဒီတော့ အကယ်၍ ချင်ချန်းယီက သူ့ကိုဖွက်ထားချင်တယ်ဆိုရင် သူအပြည့်အဝထိန်းချုပ်နိုင်မယ့် သူပိုင်တဲ့ကာစီနိုတွေက အကောင်းဆုံးနေရာပဲ...သူကမျက်စိအောက်ကအပျောက်ခံပြီး စွန့်စားမှာမဟုတ်ဘူး...”

မုထျန်းဟန်က မော့တိအပြည့်အဝ နားလည်နိုင်ရန် ခဏရပ်ပြီးမှ ဆက်ပြောလာသည်။

“ပိုပြီးအရေးကြီးတာက သုဝမ့်ကျင်းနဲ့ပတ်သတ်ပြီး ကိုယ်တစ်ခုရှာတွေ့ထားတယ်...ဆေးနဲ့ဘာမှမဆိုင်ပေမယ့် အဲ့ဒါက သုဝမ့်လုန် ကာစီနိုထဲမှာရှိမယ်လို့ ကိုယ်ထင်ရတဲ့ အကြောင်းရင်းတစ်ခုပဲ...”

“ဘာများလဲ...”

“ဒါက ကိုယ်မ​မျှော်လင့်ပဲ ရှာတွေ့သွားခဲ့တာလေ...သုဝမ့်ကျင်းက စည်းကမ်းကြီးတဲ့ မိသားစုမျိုးနွယ်ကနေ ဆင်းသက်လာခဲ့တာမဟုတ်လား...ဒါပေမယ့် သားယောက်ျားလေးကို မျက်နှာသာပေးပြီး သမီးမိန်းကလေးကို သေးသိမ်စေတဲ့ ကျားမခွဲခြားမှုကို လက်မခံနိုင်တာကြောင့် မိသားစုနဲ့ အဆက်အသွယ်ပါဖြတ်ကြတဲ့ ခေတ်သစ်မိန်းကလေးတွေလိုမဟုတ်ပဲ သုဝမ့်ကျင်းက အဲ့ဒီ့စနစ်ကို စိတ်ထဲမှာလက်ခံထားပြီးသား ဖြစ်နေတာပဲ...သူက သုဝမ့်လုန်ကို တကယ်ပဲ ပစားပေးချင်တာ...”

“ကိုယ်နဲ့လိုင်သယ်စစ်က သုဝမ့်ကျင်းရဲ့အတန်းဖော်ဟောင်းတွေကို ဆက်သွယ်ခဲ့ကြတယ်...ကိုယ်တို့က အဲ့ဒီ့မိန်းက​လေးရဲ့ ဝါဿနာအကြောင်း မေးဖို့ရည်ရွယ်ခဲ့တာ...ဒါပေမယ့် သုဝမ့်ကျင်းက ရသမျှပိုက်ဆံအကုန်လုံးကို သုဝမ့်လုန်ကိုပဲ ပုံအောပြီးပေးတာတဲ့...သုဝမ့်လုန်ကို မိဘတွေထက်တောင် ပိုချစ်တဲ့ပုံပဲ...”

မုထျန်းဟန် လည်ချောင်းရှင်းလိုက်သည်။

“ပြီး​တော့ သုဝမ့်ကျင်း ဘွဲ့ရခါစက ၆၀၀၀ ယွမ်လစာရတဲ့ အလုပ်တစ်ခုရှိခဲ့တယ်...အဲ့ဒီ့တုန်းကဆို ၃၀၀၀ယွမ်ကို သုဝမ့်လုန်အတွက် လွှဲပေးခဲ့တာတဲ့...ကျန်တဲ့ ၃၀၀၀ ယွမ်နဲ့ စားစရိတ်၊ နေစရိတ်၊ သွားလာစရိတ်တွေကို ဖြေရှင်းခဲ့တာဆိုပဲ...သူ့မောင်လေးအတွက် ဘယ်လောက်အနစ်နာခံလဲ မင်းပဲစဥ်းစားကြည့်...”

မော့တိ မှင်တက်သွားခဲ့သည်။ သူက သုဝမ့်ကျင်း သူမ၏မောင်လေးအပေါ် ဤမျှရူးသွပ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ကျောင်းချွမ်ထံမှ သုဝမ့်ကျင်းအကြောင်းကို ကြားခဲ့ရစဥ်က သူတို့ သူမအပေါ် ကိုယ်ချင်းစာမိခဲ့ကြသည်။ သူမအား နာကျင်စေမိမည်စိုးသဖြင့် ထိုအကြောင်းကို တစ်ခါမှထုတ်မပြောခဲ့ကြချေ။ ထို့အပြင် သုဝမ့်ကျင်းက သုဝမ့်လုန်အကြောင်း များများစားစား ပြောလေ့မရှိ​လေရာ သူတို့၏ယူဆချက်မှာ မှန်ကန်သည်ဟု အထင်ရောက်စေခဲ့သည်။

သုဝမ့်ကျင်းက ဒီလိုအနစ်နာခံမှုကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်နေတာလို့ ဘယ်သူကထင်မိမှာလဲ...

မော့တိ ခဏတာ ပြောစရာစကားမဲ့သွားခဲ့သည်။

“စိတ်ထဲမထားပါနဲ့...”

မော့တိ မှားယွင်းခန့်မှန်းမိသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်မည်ကိုစိုးသောကြောင့် မုထျန်းဟန်က သူ၏လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

“ဟုတ်တယ်...ဒါကမျှော်လင့်မထားတဲ့ ကိစ္စပဲ...”

လိုင်သယ်စစ်၏အသံက ကြားဝင်နှောင့်ယှက်လာ၏။

မုထျန်းဟန်က မော့တိ၏အခန်းထဲတွင် ချိုမြိန်သောအချိန်လေးများကို ဖန်တီးနေလိမ့်မည်ဟု လိုင်သယ်စစ် သံသယဝင်လာသဖြင့် လာချောင်းခဲ့ခြင်းဖြစ်သည်။ ထင်သည့်အတိုင်းပင် ပိတ်မထားသည့် တံခါးအဟကြားမှတဆင့် အချင်းချင်း လက်ကိုင်ထား​ကြသူနှစ်ဦးကို တွေ့လိုက်ရ၏။

မုထျန်းဟန်၏ လုပ်​ဆောင်မှုများမှာ နှေးကွေးလွန်းသည်ဟု လိုင်သယ်စစ် စတွေးလာခဲ့သည်။

မော့တိက လိုင်သယ်စစ်ကို ကြည့်လိုက်၏။

လိုင်သယ်စစ်က ချောင်းဟန့်ကာဆိုသည်။

“ငါပြောခဲ့သလိုပဲ...ဒါက အားလုံးကို ထိတ်လန့်သွားစေမှာပဲလေ...လွတ်လပ်တဲ့ခေတ်မှာ မွေးဖွားလာပြီး ပညာရေးမြင့်မြင့်မားမား သင်ကြားထားတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ယောက်ယောက်ကို အခြားလူတွေထက်ပိုပြီး မျက်နှာသာပေးတာက ပုံမှန်ပါပဲ...တကယ်တော့ကွာ...သူ့စိတ်သဘောထားကို အခြားလူတွေသိသွားရင် မှိုချိုးမျှစ်ချိုး ​ဝေဖန်ကြမှာစိုးတာကြောင့် မသိအောင်ဖုံးထားခဲ့တာထင်တယ်...အကျိုးအကြောင်း နည်းနည်းပဲ သိခွင့်ပေးလိုက်ရင် ဂရုဏာသက်စရာပုံရိပ်မျိုး ဖန်တီးလို့ရတယ်မဟုတ်လား...အကယ်၍ ငါတို့သာ သုဝမ့်ကျင်းရဲ့ အခန်းဖော်တွေကို မစစ်ဆေးခဲ့ရင် ဒါသိမှာမဟုတ်ဘူး...တက္ကသိုလ်က သူငယ်ချင်းတွေဆိုလည်း သူမနဲ့ပတ်သက်ပြီးတော့ ဖိုဝါဒီကြီးစိုးတဲ့မိသားစုက သနားစရာမိန်းကလေးလို့ပဲ သိကြတာလေ...သူတို့အကုန်လုံးက သုဝမ့်ကျင်း သူမမောင်လေးအတွက် လတိုင်း ပိုက်ဆံအများကြီး ပို့ပေးရတယ်ဆိုပြီး သနားနေကြတာ...”

“ကျွန်တော် ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခါမှဒီလိုမတွေးခဲ့မိဘူး...”

မော့တိက စိတ်ရှုပ်ရှုပ်ဖြင့်ပြောလိုက်၏။

“ဘယ်သူမှ များများစားစား မတွေးမိလောက်ဘူး...ဒါပေမယ့် ကိုယ်တို့အတွက် မလိုအပ်ပါဘူး...”

မုထျန်းဟန်က မော့တိကို ကြည့်လိုက်သည်။

“ကိုယ်တို့သိဖို့လိုတာက သူမရဲ့သဘောထားရယ်...မင်းကို အန္တရာယ်ပြုဖို့ ချင်ချန်းယီ သူမအပေါ် စည်းရုံးနိုင်ခဲ့တဲ့အချက်ရယ် ပဲလေ...”

မော့တိ စိတ်ပျက်လာခဲ့သည်။ မှားယွင်းသောလူအား ကူညီပေးခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်၏။

“မဟုတ်သေးဘူး...”

မော့တိက အခြားပြဿနာတစ်ခုကို ရှာတွေ့သွားခဲ့သည်။

“သုဝမ့်ကျင်း လခ ၆၀၀၀ ရတုန်းက သုဝမ့်လုန်ကို ၃၀၀၀ ​ပေးခဲ့တယ်...လခ ၈၀၀၀ ရတော့ သုဝမ့်လုန်ကို ၅၀၀၀ ပေးခဲ့တယ်...ကျွန်တော် ၁၂၀၀၀ ​ကြိုပေးတော့ကျ ဘာလို့ ၅၀၀၀ ပဲလွှဲပေးခဲ့တာလဲ...”

သုဝမ့်ကျင်း၏ မောင်ဖြစ်သူအပေါ် အလိုလိုက်သော အကျင့်အရ ထိုထက်ပိုပေးမှာ အသေအချာပင်ဖြစ်​လေသည်။

“ဒါက အတော်လေးမအပ်စပ်တာပဲ...”

မုထျန်းဟန်က အလေးအနက်ဆို၏။

“ကိုယ် လီချန်းတို့ကို သုဝမ့်ကျင်းရဲ့ လတ်တလောသုံးစွဲမှု၊ ဆက်သွယ်တဲ့နံပါတ်၊ ငွေလွှဲပြောင်းတာတွေနဲ့ပတ်သက်ပြီး မြန်မြန်ရှာဖို့ပြောလိုက်မယ်...ကိုယ်တို့ မကြာခင် သိရမှာပါ...”

…..


မုထျန်းဟန် ပြောခဲ့သည့်အတိုင်းပင် မော့တိ နေ့လည်စာစားပြီးချိန်၌ လီချန်းနှင့် အက်ဒမန်တို့က တစ်စုံတစ်ခုအား ရှာတွေ့ခဲ့လေသည်။

သုဝမ့်ကျင်းက သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ယွမ် ၁၀၀၀၀ ကို အခြားအကောင့်တစ်ခုသို့ လွှဲပေးပါရန် အကူအညီတောင်းထား၏။ ပိုက်ဆံက ထုတ်ပြီးသွားပြီဖြစ်ကာ မြန်မာနိုင်ငံတွင် ထုတ်ယူထားခြင်းဖြစ်လေသည်။

သဲလွန်စများ ထွက်ပေါ်လာသည်နှင့်အမျှ အရာရာမှာလည်း ရှင်းလင်းလာခဲ့သည်။ မုထျန်းဟန်က ခြေလှမ်းအပိုတစ်ခုအနေဖြင့် ယခင်က သူနှင့် တွဲဖက်စီးပွားရေးလုပ်ခဲ့ဖူးသော မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်အချို့ကို ဆက်သွယ်လိုက်၏။ သူတို့၏ အကူအညီဖြင့် သုဝမ့်လုန်အား အချိန်အနည်းငယ်အတွင်း ရှာတွေ့မှာဖြစ်သည်။

တစ်ချိန်ထဲမှာပင် သူက သုဝမ့်ကျင်းအား စောင့်ကြည့်ရန်လည်း မမေ့​လျော့ခဲ့ချေ။

.....

မော့တိက တစ်ရက်ခွင့်ယူပြီးနောက် ကျောင်းသို့ပြန်သွားခဲ့သည်။

မုထျန်းဟန်၏ သင်ကြားပို့ချမှုအောက်တွင် ရှန့်ယွီချောင်က အသင်းထဲရှိကျန်လူများကို မော့တိဖျားနေကြောင်း ပြောမပြခဲ့ချေ။

မော့တိက သုဝမ့်ကျင်း၏ ဟန်ဆောင်မှုကို ရက်အနည်းငယ်အတွင်း လက်ဆုပ်လက်ကိုင်ပြချင်၏။ ထို့ကြောင့် ဂိမ်းပြိုင်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုအား တစ်သင်းလုံးအတူကြည့်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် အားလုံးကို ညစာစားရန်ဖိတ်ခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် မော့တိ၏စာကို လက်ခံရရှိချိန်၌ သုဝမ့်ကျင်းအား စောင့်ကြည့်နေသော မုထျန်းဟန်၏ လူယုံတော်သည်လည်း သူမ အပြင်ထွက်သွားသည်ကို မုထျန်းဟန်ထံသို့ သတင်းပို့လာခဲ့၏။

သူမက ဘတ်စ်ကားပေါ်တက်ကာ မှတ်တိုင်များစွာ ပြောင်းစီးပြီးသည့်နောက် အရှေ့ဘက်မြို့ဆင်ခြေဖုံးရှိ ဟောင်းနွမ်းနေသော ရပ်ကွက်တစ်ခုထံသို့ သွားရောက်ခဲ့သည်။ ထိုနေရာရှိ အမြင့်ဆုံးတိုက်ပင်လျှင် ခြောက်ထပ်သာ မြင့်မားလေသည်။

သူ့အား သတိ​ပြုမိသွားမည်ကို စိုးရိမ်သောကြောင့် သုဝမ့်ကျင်းအား စောင့်ကြည့်ရသည့် လီဝမ့်လီက သူမတက်သွားသည့် သုံးထပ်တိုက်ပေါ်သို့ လိုက်ပါတက်ရောက်ခြင်း မရှိခဲ့ချေ။



Xxxxxx