Chapter 103
သတင်းများ လက်ခံရရှိပြီးနောက် မုထျန်းဟန်က လီဝမ့်လီအား နှစ်ထပ်နှင့်သုံးထပ်အကြားလှေကား၌ စောင့်နေရန်ပြောခဲ့သည်။ ဤသို့ဆိုပါက သုဝမ့်ကျင်းထွက်လာသည်နှင့် သူမ မည်သည့်တိုက်ခန်းကို သွားရောက်ခဲ့ကြောင်း သူတို့ခန့်မှန်းနိုင်မှာဖြစ်သည်။
လီဝမ့်လီက မိနစ်နှစ်ဆယ်မျှ ရပ်စောင့်နေခဲ့ပြနောက် ဒုတိယထပ်မှ လှုပ်ရှားသံအချို့ကြားလိုက်သည်။ သူ အောက်ထပ်အား ကြည့်လိုက်သည့်အချိန်တွင် အရှေ့ဘက်တိုက်ခန်းမှ ထွက်လာသည့် သုဝမ့်ကျင်းကို တွေ့လိုက်ရ၏။
စက္ကန့်အနည်းငယ်အကြာ၌ သုဝမ့်ကျင်းက သူမနောက်ဘက်ရှိ တံခါးကိုပိတ်လိုက်ချိန်တွင် လီဝမ့်လီက ဖုန်းရှိအသံသွင်းစနစ်ကိုဖွင့်၍ ဖုန်းပြောဟန်ဆောင်ရင်း လှေကားများကိုအမြန်တက်လိုက်သည်။
သုဝမ့်ကျင်းက လီဝမ့်လီအား သတိကြီးစွာ စိုက်ကြည့်သွားသော်လည်း မူမမှန်ခြင်းမရှိကြောင်း ဆုံးဖြတ်လိုက်ကာ အမြန်ထွက်ခွာသွားလေသည်။
ဆယ်မိနစ်အကြာ၌ တံခါးက ထပ်ပွင့်လာခဲ့ပြီး မုတ်ဆိတ်မွှေးများနှင့် လူတစ်ဦးထွက်လာခဲ့သည်။ သူ၏အမူအရာက အကြည့်တစ်ချက်နှင့်ပင် ပိန်လှီနေသော ဆေးစွဲသူတစ်ဦးမှန်း သိသာလှသည်။
လီဝမ့်လီက ထိုလူ၏ပုံကို တိတ်တဆိတ်ရိုက်ကူးလျှက် မုထျန်းဟန်ထံသို့ ပို့လိုက်၏။
မုထျန်းဟန်က ထိုပုံအားလက်ခံရရှိချိန်တွင် သူက မြန်မာမှပို့လိုက်သော သုဝမ့်လုန်၏ တည်နေကာအတိအကျနှင့် ပတ်သတ်သည့် တွေ့ရှိချက်များကို ကြည့်နေခြင်းဖြစ်သည်။ သူက ခဏတွေးလိုက်ပြီးနောက် လီဝမ့်လီအား သုဝမ့်ကျင်းအစား ထိုဆေးသမားနောက်ကိုလိုက်ရန် ညွှန်ကြားလိုက်သည်။
မြန်မာနိုင်ငံရှိ ပြသနာကို ဖြေရှင်းနိုင်သည်နှင့် အဆိုပါ မူးယစ်ဆေးဖြန့်ဝေနေသော ဆေးသမားကိုလည်း သုဝမ့်ကျင်းအမှုအတွက် သက်သေအနေဖြင့် ရဲလက်သို့အပ်နှံမှာဖြစ်သည်။
ကြိုးကိုင်သူမှာ ချင်ချန်းယီ ဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့ကြားထဲတွင် ဆက်သွယ်မှုအသေးစားလေးများ ရှိနေမည်ဖြစ်ကြောင်း မုထျန်းဟန် ယူဆထားသည်။ ယခုအချိန်၌ ချင်ချန်းယီက ခြေလှမ်းတိုင်းကို သတိကြီးစွာလှမ်းနေကာ သုဝမ့်လုန်အား ကာစီနိုတွင် ဖွက်ထားသည်မှလွဲ၍ မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ချေ။
သူတို့က သုဝမ့်ကျင်း လွန်ခဲ့သည့်နှစ်လအတွင်း ဆက်သွယ်ခဲ့သည့် နံပါတ်များကို ခြေရာခံခဲ့သည်။ သို့သော် ချင်ချန်းယီ လက်အောက်ရှိလူများနှင့် ဆက်သွယ်မှုအား ရှာမတွေ့ခဲ့ရချေ။
မုထျန်းဟန် သိသမျှသတင်းအားလုံးကို သဘာဝကျစွာပင် မော့တိသည်လည်း သိရှိလေသည်။
မော့တိက သူ၏ဖျော်ရည်အတွင်းသို့ သုဝမ့်ကျင်းဆေးခတ်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးလျှက်ရှိ၏။
အဘယ့်ကြောင့်ဆိုသော် ရှောက်ခါးသီးဖျော်ရည်ထဲရှိ မူးယစ်ဆေးက သူမထည့်သည်ဟု အတပ်ပြောရန် သက်သေမရှိချေ။ သူမ မသိသည့်ကိစ္စဟု ငြင်းနိုင်သလို မော့တိကိုယ်တိုင် ထည့်ခြင်းဟူ၍လည်း ပြန်လည်စွဲချက်တင်နိုင်၏။ ထို့ကြောင့် မော့တိက သူမ၏ လူသတ်လက်များအတွက် အရူးလုပ်၍မရသော သက်သေကို ရအောင်ရှာမှာဖြစ်သည်။
…..
ပြိုင်ပွဲရလဒ် ထွက်ပေါ်လာသည်နှင့် နေ့ရက်မှာလည်း ဆိုက်ရောက်လာခဲ့သည်။ နေ့လည်ခင်းအတန်းချိန် ပြီးဆုံးသည်နှင့် မော့တိက အရူးအမူးပျော်ရွှင်နေသည့် သုံးဦးသားကို သူကြိုတင်မှာယူထားသည့် ဟိုတယ်ခန်းတစ်ခန်းသို့ ဦးဆောင်ခေါ်လာခဲ့၏။ ကျန်ရှိသောအသင်းသားများကို ထိုနေရာသို့ ချိန်းဆိုလိုက်လေသည်။
နားနေခန်းထဲတွင် အိပ်ခန်းသေးတစ်ခန်း၊ အိမ်သာ၊ ရေချိုးခန်းနှင့် ဆိုဖာများပါဝင်လေသည်။ အိပ်ခန်းထဲတွင် ကြည်လင်ပြတ်သားလှသော TV တစ်လုံးနှင့် ကာရာအိုကေဆိုရန် မိုက်ခရိုဖုန်းများပါ ပါဝင်လေ၏။ သူတို့အုပ်စုက ညရှစ်နာရီခွဲအထိ ပျော်ရွှင်စွာ စားသောက်ခဲ့ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း စတင်ပြသလာခဲ့သည်။
သံသယဝင်ရန် မလိုအပ်စွာပင် သူတို့၏ဂိမ်းက နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့လေသည်။
'အဆုံးမဲ့ဘဝ' ဂိမ်းမှာ ပြိုင်ပွဲ၏နှလုံးသားနေရာသို့ ရုတ်တရက်ရောက်ရှိလာသည့် ဖျက်မြင်းတစ်ကောင်ဖြစ်ကြောင်း ဒိုင်များက ချီးကျူးခဲ့ကြသည်။ အားလုံးက ကောင်းမွန်လှသည့်ဇာတ်ကြောင်းနှင့် လှပသောလုပ်ဆောင်ချက်များကို နှစ်သက်ကြလေသည်။ ဂိမ်းဆော့ရသည်မှာလည်း စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေကာ ဆွဲငင်မှုရှိလှ၏။ အကြောင်းအရာများမှာလည်း နားလည်လွယ်လှသည်။
ဒိုင်တစ်ဦးဆိုလျှင် နောက်ထပ်ပွဲစဥ်၌ အနည်းဆုံး အခန်းလေးခန်းမထွက်ရှိပါက သူတို့အား အမှတ်လျှော့မည်ဟူ၍ပင် လှုံ့ဆော်ဟန်ဖြင့်စနောက်လာခဲ့လေသည်။
ဤတစ်ကြိမ်၌ သူတို့အသင်းက ချီးကျူးမှုများစွာအား လက်ခံရရှိခဲ့ကာ ဒုတိယနေရာသို့ပင် ရောက်ရှိသွားခဲ့သည်။
အုပ်စုတစ်ခုလုံးက ပျော်ရွှင်မြူးထူးစွာဖြင့် ဟစ်ကြွေးလျှက်ရှိ၏။
မော့တိက ပြုံးလိုက်ရင်း ဂုဏ်ပြုပွဲကျင်းပရန် ရည်ရွယ်လျှက် ဝိုင်နီတစ်ပုလင်းနှင့် အယ်လ်ကိုဟောအနည်းငယ်ပါဝင်သည့် ဝိုင်ဖြူတစ်ပုလင်းကို ယူရန်ပြင်လိုက်သည်။
သို့ရာတွင် သူက အစာအိမ်နာသလိုခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
မော့တိ၏ အမူအရာကြောင့် အခွင့်အရေးကိုစောင့်နေသည့် သုဝမ့်ကျင်းက သူ့အနားသို့ အမြန်ရောက်လာကာ မေးမြန်းလိုက်သည်။
“ရှောင်တိ...ဘာဖြစ်လို့လဲ...နေမကောင်းဘူးလား...”
“ကျွန်တော် စားတာများသွားလို့ အစာအိမ်နာသွားတာဖြစ်မယ်...toilet ခဏသွားလိုက်ဦးမယ်နော်...”
မော့တိက အနည်းငယ်ရှက်ရွံဟန်ဖြင့် သူ၏အစာအိမ်ကို ကာလိုက်သည်။
“ဝိုင်နီကို သောက်နှင့်ကြနော်...ကျွန်တော့်အတွက် မချန်ကြနဲ့...ကျွန်တော်က အယ်လ်ကိုဟော သိပ်မပါတဲ့ ဝိုင်ဖြူကိုပဲ သောက်နိုင်တာကြောင့်ပါ...”
“သေချာလို့လား...ဝိုင်နီက အရမ်းစျေးကြီးတာနော်...”
“ဝိုင်နီသောက်လိုက်ရင် ချက်ချင်းမူးသွားလိမ့်မယ်...အဲဲ့ဒါကြောင့်ဝိုင်ဖြူပဲသောက်မယ်လို့ ဆုံးဖြတ်ထားတာ...”
“ကျွန်တော် မထိန်းနိုင်တော့ဘူး...သွားပြီနော်...”
သုဝမ့်ကျင်းက မော့တိ အခန်းတွင်းမှထွက်သွားသည်ကို စောင့်ကြည့်နေခဲ့ပြီးနောက် အရှေ့ဘက်စင်္ကြလမ်းရှိ အများသုံးအိမ်သာသို့ ပြေးဝင်သွားသည့်ခြေသံအား ကြားလိုက်ရသည်။
ထို့နောက် သူမက အခန်းအား စစ်ဆေးကြည့်လိုက်၏။ အခြားလူများ ဂုဏ်ပြုပွဲကျင်းပခြင်းနှင့် အလုပ်များနေသည်ကို အတည်ပြုပြီးသည့်နောက် အိပ်ခန်းအတွင်းဝင်ကာ တံခါးပိတ်လိုက်လေသည်။
သုဝမ့်ကျင်းက သူမ၏ ခေါင်းစည်းကြိုးမှ တလက်လက်တောက်ပနေသည့် ပြွန်ကလေးများကို ဖြုတ်ယူလိုက်သည်။ ပြွန်တစ်ခုချင်းစီတွင် အဖြူရောင်အမှုန့်များဖြင့် ပြည့်နှက်နေ၏။
အစတွင် အနည်းငယ် တွန့်ဆုတ်နေခဲ့သော်ငြား သူမ၏မောင်ငယ်အကြောင်း တွေးလိုက်မိချိန်၌မူ မူးယစ်ဆေးမှုန့်အားလုံးကို ထည့်လာခဲ့ခြင်းဖြစ်လေသည်။
သူမက ဝိုင်ဖြူပုလင်းကို လျှင်မြန်စွာဖောက်လိုက်ကာ ပြွန်ချောင်းအတွင်းရှိ အမှုန့်များကို ပုလင်းအတွင်းသို့ ထည့်လိုက်၏။
မော့တိက ကျားအိမ်သာထဲ၌ ဖုန်းမှတဆင့် စောင့်ကြည့်ကင်မရာအား ကြည့်ရှုနေခဲ့သည်။
စောင့်ကြည့်ကင်မရာအား ဝိုင်ပုလင်းနှစ်လုံးနှင့် သူ၏ကျောပိုးလွယ်အိတ်တင်ထားသည့် စားပွဲကို မျက်နှာမူစေလျှက် ဆိုဖာကူရှင်နှစ်ခုကြားတွင် ဝှက်ထားခဲ့ခြင်းဖြစ်သည်။
သုဝမ့်ကျင်း၏ လှုပ်ရှားမှုတိုင်းက ကင်မရာပေါ်တွင် မှတ်တမ်းတင်ထားပြီး သူမဘက်မှ အရာအားလုံးကို ကိုယ်တိုင်အစပြုခဲ့ခြင်း ဖြစ်လေသည်။
လျှို့ဝှက်ကင်မရာဖြင့် မှတ်တမ်းတင်ခြင်းကို တရားရုံးတွင် တင်သွင်းခွင့်မပြုသည့် အခြေအနေနှစ်ရပ်ရှိသည်။ ပထမတစ်ချက်မှာ ဗီဒီယိုထဲတွင် ညှဥ်းပန်းနှိပ်စက်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် ဖမ်းဆီးထားခြင်း အစရှိသည့် တရားမဝင်လုပ်ရပ်များ ပါရှိမနေခြင်းဖြစ်သည်။ ဒုတိယအချက်မှာမူ အဆိုပါဗီဒီယိုထဲ၌ တစ်စုံတစ်ဦး၏ ကိုယ်ရေးကိုယ်တာ သို့မဟုတ် နေ့စဥ်ဘဝကဲ့သို့သော အကြောင်းအရာများကို ရိုက်ကူးထားခြင်းမျိုး ဖြစ်သည်။ အဆိုပါ ဥပဒေနှစ်ခုမှ လွတ်ကင်းပါက တရားရုံးတွင် မည်သည့်ဗီဒီယိုမဆို တင်သွင်းခွင့်ရှိလေသည်။
မော့တိက လမ်းညွှန်ချက်များကို ကောင်းမွန်စွာ အသုံးချထားလေသည်။
သူက ကင်မရာရှုထောင့်အား ကိုယ်ပိုင်ကျောပိုးလွယ်အိတ်နှင့် ဝိုင်ပုလင်းများကို ချိန်ရွယ်ကာ နေရာချထားခဲ့ခြင်း ဖြစ်သည်။ ကျောပိုးအိတ်အတွင်း၌ တန်ဖိုးရှိသည့် အချက်အလက်များ ပါဝင်နေသည့်အပြင် ရောက်ရှိနေသော နေရာမှာလည်း မိမိ၏ကိုယ်ပိုင်အခန်း မဟုတ်လေရာ တစ်စုံတစ်ဦးက သူ မသိလိုက်ခင် ခိုးယူသွားနိုင်ပေသည်။ ထို့ကြောင့် စောင့်ကြည့်ကင်မရာအား တပ်ဆင်ထားခြင်းမှာ သဘာဝကျ၏။
သုဝမ့်ကျင်းအတွက်မူ သူမက ကင်မရာမြင်ကွင်းထဲသို့ ကိုယ်တိုင်လာရောက်ခဲ့ခြင်း ဖြစ်လေသည်။
မော့တိက သုဝမ့်ကျင်းနှင့် လိုက်ပါကစားရန် ရည်ရွယ်မထားချေ။ တုံ့ဆိုင်းမှု အနည်းငယ်ပင်မရှိပဲ သူက မုထျန်းဟန်အား သတင်းပို့လိုက်ကာ ရဲများကိုခေါ်လိုက်လေသည်။
ဆယ့်ငါးမိနစ်ပင်မကြာလိုက်။ ရဲများက ဟိုတယ်၏ဂိတ်ဝသို့ ရောက်ရှိလာကြသည်။
သူတို့၏ အခန်းတံခါးဝသို့ ရဲများရောက်လာသည်အထိ ရှန့်ယွီချောင်နှင့် အခြားလူများက မြူးထူးပျော်ပါးနေကြဆဲဖြစ်၏။ ရဲများ ချိုးဖောက်ဝင်ရောက်လာချိန်မှသာ သတိပြန်ဝင်လာကြပြီး နေရာတွင် တောင့်တောင့်ကြီးငေးကြည့်နေကြလေသည်။
ဘာ...ဘာ...ဘာဖြစ်သွားတာလဲ...
ငါ...ငါတို့ မုန့်ပဲမှာတာလေ...ဘာလို့ရဲတွေရောက်လာတာလဲ...
သုဝမ့်ကျင်း တုန်လှုပ်ချောက်ခြားသွားခဲ့သည်။ သူမက toilet သုံးမည့်ဟန်ဖြင့် ရှောင်ထွက်ရန်ပြင်စဥ် ရဲမေတစ်ဦးက သူမအားတားကာ လက်ထိပ်ခတ်လိုက်လေသည်။
“ရှင်က သုဝမ့်ကျင်းမဟုတ်လား...ကျွန်မတို့နဲ့ လိုက်ခဲ့ရပါမယ်...”
“ဘာလုပ်တာလဲ...ဘာလို့ကျွန်မကို လာဖမ်းတာလဲ...”
သုဝမ့်ကျင်းက လွတ်မြောက်ရန်အလို့ငှာ ရုန်းကန်လေသည်။
“ဘာ့ကြောင့်လဲဆိုရင် ရှင်က ဥပဒေချိုးဖောက်ခဲ့လို့ပဲ...”
ရဲမေက အပြစ်ကင်းဟန်ဆောင်သည့် တရားခံများနှင့် ကျင့်သားရနေခဲ့ပြီဖြစ်သည်။ သူမက သုဝမ့်ကျင်းအား အားဖြင့်ဆွဲယူလိုက်ပြီး မြေပြင်ပေါ်တွင် ဖိကပ်လိုက်၏။
“အား...”
သုဝမ့်ကျင်းက နာကျင်စွာအော်လိုက်မိသည်။
“ဘာဖြစ်တာလဲ...ဘာလို့ ကျွန်တော့်သူငယ်ချင်းကို ဖမ်းနေတာလဲ...”
သုဝမ့်ကျင်း အကျပ်အတည်းထဲသို့ ကျရောက်နေကြောင်း တွေ့လိုက်ရသဖြင့် ကျောင်းချွမ်က သွက်လက်စွာ ရှေ့တိုးလာခဲ့သည်။
“အရာရှိ...နားလည်မှုလွဲတာလား ခင်ဗျ...ကျွန်တော့် သူငယ်ချင်းက ဘာပြစ်မှုကိုမှ မကျူးလွန်ခဲ့ပါဘူး...ဘာလို့ သူ့ကိုဖမ်းရတာလဲ...”
“သူမက မူးယစ်ဆေးတွေကို သယ်ဆောင်လာပြီး အခြားလူတွေကို ဆေးခတ်ဖို့ ကြိုးစားခဲ့တယ်လို့ ကျွန်မတို့ သံသယရှိပါတယ်...ဒီကိစ္စနဲ့ပတ်သတ်ပြီး မေးခွန်းအနည်းအကျဥ်းမေးရမှာ ဖြစ်တာကြောင့် သူမကို စခန်းခေါ်သွားရပါမယ်...”
ရဲမေက သူမ၏ကဒ်ကို ထုတ်ပေးလိုက်သည်။
“ဒီဖမ်းဆီးမှုကို သံသယရှိတယ်ဆိုရင် စခန်းကိုလာမေးလို့ရပါတယ်...”
“မဟုတ်တာပဲ...ကျွန်တော့်အနေနဲ့ ဆန့်ကျင်တာမျိုး မဟုတ်ပါဘူး...ဒါပေမယ့်...”
ကျောင်းချွမ်က မြေပြင်ပေါ်ရှိ သုဝမ့်ကျင်းအား မယုံနိုင်သလိုကြည့်ကာ
“ကျွန်တော့်သူငယ်ချင်းဆီမှာ မူးယစ်ဆေးတွေ လက်ဝယ်ရှိနေစရာအကြောင်း မရှိလ်ို့ပါ...”
ရှန့်ယွီချောင်နှင့် အခြားလူများက လန့်နေရာမှ သတိပြန်ဝင်လာကာ စတင်မေးမြန်းလာကြ၏။
“သူက ဘယ်သူ့ကို ဆေးခတ်ဖို့လုပ်ခဲ့တာလဲ...”
ဒါက အရေးအကြီးဆုံးပဲ...
“ကျွန်တော့်ကိုပါ...ကျွန်တော် ရဲခေါ်ခဲ့တာ...”
မော့တိ၏ အသံဖျော့ဖျော့က ထွက်ပေါ်လာခဲ့သည်။
“ ရှောင်တိ...”
အားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ချန်ကျောင်းက မော့တိထံသို့ အမြန်ပြေးသွားကာ ထိတ်ထိတ်ပျာပျာဖြင့် မေးမြန်းလိုက်၏။
“သုဝမ့်ကျင်းက မင်းကိုဆေးခတ်တယ် ဟုတ်လား...ငါ့ကိုမခြောက်နဲ့နော်...ဒါတကယ်ပဲလား...”
“ ရှောင်တိ...မင်း ဘယ်လိုနေလဲ...ငါတို့ ဆေးရုံသွားကြမလား...”
ဖန်းချန်းလောင်နှင့် ဟန်ချောင်၏အာရုံက မော့တိထံ ချက်ချင်းကျရောက်လာခဲ့သည်။ ဟန်ချောင်က မော့တိအား ဆေးရုံသို့သွားရန်ပင် အဆိုပြုလာ၏။
“အစာအိမ်ဆေးလိုက်ရင် မူးယစ်ဆေးတွေကို ဖယ်ထုတ်လို့ရတယ် မဟုတ်လား...”
ဤကဲ့သို့ ရှုပ်ထွေးနေသည့် အခြေအနေထဲတွင်ပင် သူ၏ လုံခြုံရေးကိုသာ ဦးစားပေးနေကြသည့် ထိုအုပ်စုကိုကြည့်ရင်း မော့တိ စိတ်ပါလက်ပါပြုံးလိုက်မိသည်။
“ရပါတယ်...ကျွန်တော် ဘာမှမဖြစ်ပါဘူး...”
“ဖုန်းခေါ်တဲ့လူကလည်း ကျွန်တော်တို့နဲ့အတူ စခန်းကိုလိုက်ခဲ့ရပါမယ်...”
ရဲသားတစ်ဦးက သက်သေများကို စုစည်းကာ ပလတ်စတစ်အိတ်အကြည်တွင်းသို့ ထည့်သွင်းလိုက်၏။
“ခင်ဗျားက မော့တိ ဟုတ်တယ်နော်...”
“အွန်း...”
မော့တိ ခေါင်းညိတ်လိုက်သည်။ သူက မြေပြင်ပေါ်တွင် အဖိခံထားရသည့် သုဝမ့်ကျင်းအား ကြည့်လိုက်မိသည်။ သူမက နီရဲနေသောမျက်ဝန်းများဖြင့် မော့တိကို စူးစိုက်ကြည့်နေခဲ့၏။
“နင်ငါ့ကို အကွက်ချခဲ့တာလား...”
သုဝမ့်ကျင်းက မိကျောင်းမျက်ရည်များ ကျဆင်းလာခဲ့သည်။
“ဘာလို့ ငါ့ကိုအကွက်ချရတာလဲ...ငါ ဘယ်တုန်းကမှ မူးယစ်ဆေးတွေ သယ်မလာခဲ့ဘူး...ဘယ်သူ့ကိုမှလည်း ဆေးမခတ်ခဲ့ဖူးဘူး...နင်ကသာ ငါ့ကိုမူးယစ်ဆေးသယ်လာအောင် အကွက်ဆင်ခဲ့တာ...”
သုဝမ့်ကျင်း၏ ကမူးရှူးထိုးနိုင်သော ကြိုးပမ်းမှုက မော့တိကို အံ့အားသင့်စေခဲ့သည်။ သူမ အကြောက်အကန် ငြင်းဆိုမှုလိမ့်မည်ကို မျှော်လင့်ထားခဲ့သော်ငြား သူ့ကိုပင် အပြစ်ဖို့လာမည်ဟု တစ်ခါမှမတွေးမိခဲ့ချေ။
သူက သူမ မူးယစ်ဆေးသယ်လာအောင် အကွက်ချခဲ့တာတဲ့လား...
စိတ်ဝင်စားစရာပဲ...
“ဘယ်လိုတောင် မိုက်မဲတာလဲ...ရှောင်တိက တစ်ချိန်လုံး ငါတို့နဲ့အတူတူရှိနေတာ...မဟုတ်တာ လိုက်စွပ်စွဲမနေနဲ့...”
Xxxxxxx