အပိုင်း ၁၀၄
Viewers 28k

Chapter 104



လင်ကျွင်းဖုန် ဒေါသတကြီးဖြစ်သွားခဲ့သည်။

သူတို့မှာဖြင့် သုဝမ့်ကျင်းကို စာနာနေခဲ့တာ...သူမကတော့ ရှောင်တိကို ဆေးခတ်ဖို့ကြိုးစားခဲ့တယ်ပေါ့လေ...ဆေးခတ်တာ မအောင်မြင်တော့ မဟုတ်တမ်းတရားတွေ လျှောက်ပြောချင်နေတယ်ပေါ့...

“ခင်ဗျားရဲ့စွပ်စွဲမှုက မဆီလျော်လိုက်တာ...”

မော့တိက ရဲသား၏လက်တွင်းရှိ သက်သေများကို ညွှန်ပြလိုက်သည်။

“သက်သေတွေကဖြင့် ဒီမှာရှိနေတယ်မဟုတ်လား...”

“ကျွန်မမှာ ဘာမူးယစ်ဆေးမှ မရှိပါဘူး...ဆေးလည်းမသုံးရပါဘူး...ပြီးတော့ အခြားလူကိုလည်း တစ်ခါမှ ဆေးမခတ်ဖူးပါဘူး...အဲ့ဒါနင်ပဲဖြစ်ရမယ်...နင်ငါ့ကို အကွက်ချခဲ့တာ...ငါကဆင်းရဲပြီး နောက်ခံမရှိမှန်းသိလို့လေ...ဟုတ်တယ်မလား...”

“ဟန်ဆောင်နေတာ ရပ်စမ်းပါ...ဒါက မင်းအမှုအတွက် ဘာမှအထောက်အကူ မဖြစ်ဘူး...ငါဒီလိုမျိုးတွေ မြင်ရလွန်းလို့ရိုးနေပြီ...”

ရဲမေက သူမ၏ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် ပိတ်လိုက်သည်။

“ငြိမ်ငြိမ်နေစမ်းပါ... ရုတ်ရုတ်ရုတ်ရုတ်လုပ်တာနဲ့ ဒီကလွတ်မယ် ထင်နေတာလား...အိမ်မက်မက်နေလိုက်...သူမကိုခေါ်သွားကြ...”

“ဟုတ်ကဲ့...အမမန်...”

ငယ်ရွယ်သောရဲသားလေးက အမိန့်ရသည်နှင့် သုဝမ့်ကျင်းအား ခေါ်ဆောင်သွားတော့သည်။

ရဲမေ၏ရာထူးမှာ ပို၍မြင့်မားကြောင်း ထင်ရှားလေသည်။

“ထွက်ဆိုချက်အတွက် အားလုံး စခန်းကိုလိုက်ခဲ့ပေးနိုင်မလား...”

ရဲမေက လက်ခုပ်တီးကာဆိုရင်း ရှန့်ယွီချောင်ကို မေးလိုက်သည်။

“သိပ်မကြာပါဘူး...”

“ရတာပေါ့...ပြဿနာမရှိပါဘူး...”

သူတို့က ထပ်ခါထပ်ခါ ခေါင်းညိတ်ကြ၏။

ဤသို့ဖြင့် ရဲကားထဲသို့ဝင်ကာ အားလုံးလိုက်ပါလာကြတော့သည်။

အချိန်တစ်ချို့ကြာသည့်နောက် ရှန့်ယွီချောင်က သူ၏သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ မေးမြန်းလာခဲ့၏။

“ ရှောင်တိ...ဘာတွေဖြစ်နေတာလဲ...သုဝမ့်ကျင်းက ဘယ်လို လှည့်ကွက်တွေသုံးပြီး မင်းကို မူးယစ်ဆေးကျွေးခဲ့တာလဲ...မင်း အဆင်ပြေတာ သေချာရဲ့လား...”

“ဟုတ်တယ်...ရှောင်တိ...မင်းအခု...”

ဟန်ချောင်က မော့တိကိုကြည့်လိုက်သည်။

"မသက်မသာဖြစ်နေတာမျိုး ရှိလား...”

“ကျွန်တော် အဆင်ပြေပါတယ်...”

မော့တိက တည်ငြိမ်စွာတုံ့ပြန်လိုက်သည်။

“သူ ကျွန်တော့်ကို အချိုရည်ဝယ်တိုက်ကတည်းက တစ်ခုခုမှားနေမှန်း သတိပြုခဲ့မိတာလေ...အဲ့ကတည်းက သူကျွေးတဲ့ဘယ်အရာကိုမှ ကျွန်တော် မစားတော့တာ...အရင်တစ်ခါ ကာရာအိုကေသွားဆိုတုန်းက စပြီးဆေးခတ်ခဲ့တာဖြစ်မယ်...ဒါပေမယ့် မသေချာတာကြောင့် ကျွန်တော်သူ့ကို စောင့်ကြည့်နေခဲ့တာ...အခုတော့ သေချာသွားပါပြီ...”

“အရင်တစ်ခါကလား...”

ဖန်းချန်းလောင် အလွန်အံ့သြသွားခဲ့သည်။

“အွန်း...အသေးစိတ်တော့ မပြောချင်တော့ဘူး...ဒီတိုင်း ကံကောင်းတာလို့ပဲ သဘောထားလိုက်ပါ...”

ကျန်လူများက သိချင်နေကြသော်လည်း မော့တိ၏အမူအရာကိုကြည့်ကာ ဆက်မမေးရန် ဆုံးဖြတ်လိုက်ကြသည်။

ကျောင်းချွမ်က မယုံနိုင်ဟန်ဖြင့် မေးလာ၏။

“ဒါပေမယ့် သုဝမ့်ကျင်းက မင်းကိုဘာလို့ ဆေးခတ်ရတာလဲ...ငါတို့ကိုရော ဆေးခတ်လောက်လား...”

“မဟုတ်ဘူး...သူ့မှာအခြားအကြံရှိတယ်...”

“ဟ...ဘာအကြံတုန်း...”

“ဒီအမှုနောက်ကွယ်က တကယ့်ကြိုးကိုင်သူရှိဖို့များတယ်...ကျွန်တော်တို့ ဒါကိုအခုမဆွေးနွေးပဲနေရအောင်...”

…..

မော့တိ ရဲစခန်းသို့ရောက်ရောက်ချင်းပင် မုထျန်းဟန်သည်လည်း အကွက်ရွှေ့လိုက်၏။

သူက သုဝမ့်လုန်နှင့်ပတ်သတ်၍ ရှာတွေ့သမျှအား ကောလိပ်ဝင်ခွင့်ကိစ္စတွင် သူတို့နှင့်အတူ ကိုင်တွယ်ပေးခဲ့ဖူးသည့် ကော်မရှင်နာဝမ်ထံ ပေးပို့လိုက်သည်။

အမှန်စင်စစ်တွင် ကော်မရှင်နာဝမ်က ချင်မိသားစုအား စောင့်ကြည့်နေခဲ့သည်မှာ အ​တော်​လေးကြာခဲ့ပြီဖြစ်၏။ သို့သော် သူတို့၏ ဒုစရိုက်မှုများနှင့်ပတ်သက်၍ မည်သည်ကိုမှ ရှာမတွေ့ခဲ့ချေ။ မုထျန်းဟန်ပေးပို့ခဲ့သည့် ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့် ပတ်သက်သော သက်သေများနှင့် မော့စစ်လန်၏အမှုအရ ချင်မိသားစုအပေါ် ပို၍ပင်စိတ်ဝင်စားလာခဲ့သည်။ မည်သို့ဆိုစေ ချင်မိသားစုအား ဖြိုလှဲရန်အတွက် သက်သေအလုံအ​လောက် ​မရှိလေရာ ထိုအမှုအား ဒီအတိုင်းထားလိုက်ရခြင်း ဖြစ်လေသည်။

ထိုအချက်ကြောင့် ကော်မရှင်နာဝမ်က အခြားအစိုးရအမှုထမ်းများထက် ပိုမိုယုံကြည်ရကာ သတင်းအချက်အလက်များ လဲလှယ်ရန် သင့်လျော်သူတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်၌ သုဝမ့်ကျင်း သူမသိသမျှကို ထုတ်ဖော်ပြောလာစေရန် သုဝမ့်လုန်အား အသုံးချနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် မုထျန်းဟန်က ကော်မရှင်နာဝမ်အား ဆက်သွယ်ခဲ့ခြင်းဖြစ်လေသည်။

သို့သော် သူမအားလုံးကို ထုတ်ဖော်ပြောခဲ့လျှင်ပင် သူတို့အလွန်ဆုံးသက်သေပြနိုင်သည်မှာ သုဝမ့်လုန်အား မြန်မာနိုင်ငံရှိ ချင်မိသားစုပိုင် လောင်းကစားရုံတွင် ရှာတွေ့ခဲ့ခြင်းသာဖြစ်၏။ ချင်မျိုးနွယ်များနှင့် မူးယစ်ဆေးအကြား ဆက်နွယ်မှုက မှုန်ဝါးသွားမှာဖြစ်ကာ ချင်ချန်းယီကဲ့သို့သော အယုတ်တမာအား ထောင်ထဲထည့်နိုင်တော့မည်မဟုတ်ချေ။ အကယ်၍ သူတို့က ငြင်းမရနိုင်သည့် သက်သေများ ရှာတွေ့ခဲ့လျှင်ပင် သူ့အစားအပြစ်ခံပေးချင်သည့် စတေးခံသိုးများစွာ ရှိနေဦးမှာဖြစ်၏။

အစပိုင်းတွင် မုထျန်းဟန်က ချင်မိသားစုအား လျှို့ဝှက်ကြံစည်ရန် တွန့်ဆုတ်ခဲ့သေးသည်။ သို့သော် ထိုသူတို့၏ယုတ်မာမှုက လွန်လွန်းပေ၏။ သူက ချင်ချန်းယီအား ချင်အုပ်စုကို အမွေဆက်ခံခွင့်မပေးနိုင်ချေ။ ထိုသူက အကျဥ်းခန်းအတွင်းတွင်သာ ရှိနေသင့်လေသည်။

ရဲစခန်းအတွင်း၌ သုဝမ့်ကျင်းက တဖြည်းဖြည်းတည်ငြိမ်လာကာ သူမနှင့်ဆက်သွယ်ခဲ့သောလူ၏ စကားများကို သတိရလာခဲ့သည်။

အဆင်ပြေပါတယ်...သူဝန်မခံပဲနဲ့ မော့တိအကွက်ချတာလို့ပဲ ပြောရမယ်...အဆင်ပြေသွားမှာပါ...

အကယ်၍ သက်သေများရှိနေလျှင်ပင် ကိစ္စမရှိချေ။ တစ်စုံတစ်ဦးအား မူးယစ်ဆေးသုံးစွဲမိအောင် ကြံစည်ခြင်းက နစ်နာသူ၏ အသက်အန္တရာယ်မထိခိုက်သရွေ့ ထောင်ဒဏ်သုံးနှစ်သာ ကျနိုင်၏။ သူမက မော့တိ၏ဖျော်ရည်ထဲသို့ နှစ်ကြိမ်သာ ဆေးခတ်ခဲ့ခြင်းဖြစ်ပြီး မော့တိသည်လည်း ဘာမှမထိခိုက်ခဲ့ချေ။

အလွန်ဆုံးမှ သူမသက်တမ်း၏ သုံးနှစ်တာကာလကို ထောင်ထဲ၌ဖြတ်သန်းရရုံရှိလိမ့်မည်။ သူမ ထောင်မှလွတ်ချိန်၌ အသက် ၃၀ နားကပ်သွားမှာဖြစ်သော်လည်း ၎င်းက လက်ခံနိုင်ဖွယ်ရှိသေး၏။

အခုတော့ သူတို့ကို ဘာမှပြောလို့မဖြစ်ဘူး...မဟုတ်ရင် လောင်းကစားရုံကလူမိုက်တွေက သူမမောင်လေးရဲ့ လက်တွေခြေထောက်တွေကို ရိုက်ချိုးကြလိမ့်မယ်...

အဲ့လိုဆို မောင်လေးက ဘယ်လိုလုပ်ပြီး ပုံမှန်ဘဝကိုဖြတ်သန်းနိုင်တော့မှာလဲ...ပြီးတော့ မိဘတွေနဲ့သူမကရော ဒီလိုအဖြစ်အပျက်မျ်ိုးကို ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ...

သုဝမ့်ကျင်းက ခိုင်လုံသည့်သက်သေများ ထုတ်မလာသရွေ့ မည်သည်ကိုမှ ဝန်မခံရန် ဆုံးဖြတ်လိုက်သည်။ သက်သေရှိလာစေကာမူ သူမက မော့တိ၏ ဉာဏ်ရည်နှင့် ကြွယ်ဝမှုအပေါ် မနာလိုသည့်အတွက် ဆေးခတ်ခဲ့ရခြင်းဖြစ်ကြောင်း ဖြေလိုက်ရုံသာရှိ၏။

သုဝမ့်ကျင်းက ခေါင်းထဲတွင် အရာရာကို အကွက်ချလျှက်ရှိသည်။ သူမက အဆင်သင့်ပြင်ထားသော်လည်း သုံးနာရီကြာသည်အထိ မည်သူကမှ လာရောက်စစ်​မေး​​ခြင်းမရှိချေ။

အချိန်မည်မျှကြာသွားသည်မသိ၊ သုဝမ့်ကျင်း အိပ်ပျော်တော့မည့်အချိန်တွင် စစ်မေးခန်း၏တံခါးက ပွင့်သွားခဲ့လေသည်။

သူမအား လက်ထိပ်ခတ်ခဲ့သည့် ရဲမေက လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်အတူ အခန်းတွင်းဝင်လာခဲ့လေသည်။

သုဝမ့်ကျင်းက သူမ၏အပြစ်ကင်းမှုအား သက်သေပြရန် ပါးစပ်ဟလိုက်စဥ် ရဲအမှုထမ်း၏စကားများကြောင့် သူမမျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရသည်။

“သုဝမ့်လုန်က မင်းရဲ့မောင်လေးလား...”

အမမန်က လက်ချောင်းများကျိုးနေသည့် သုဝမ့်လုန်၏ဓာတ်ပုံကို သုဝမ့်ကျင်းအားပြသလိုက်သည်။

“သူက လောင်းကစားစွဲနေပြီးတော့ ဆေးပါစွဲနေပြီ...လူတစ်ယောက်က သူ့ကို မြန်မာနိုင်ငံမှာရှိတဲ့ ​​​မြေ​အောက်လောင်းကစားရုံဆီခေါ်သွားခဲ့ပုံရတယ်...သူ့ရဲ့လက်တွေခြေတွေတောင် အဖြတ်ခံရလုနီးပါးပဲ...နောက်ပြီးမင်း...မင်းက သူ့ကိုထိခိုက်စေတဲ့လူတွေအတွက် အလုပ်လုပ်ပေးနေတာလား...ဘာ့ကြောင့်လဲ...ပြောစမ်း...”

သုဝမ့်ကျင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

ဘာလို့ သူတို့က သုဝမ့်လုန်ရဲ့လက်ချောင်းတွေကို ချိုးရတာလဲ...သူမ နာနာခံခံရှိသရွေ့ သူ့ကိုနာကျင်အောင် မလုပ်ဖူးလို့ ပြောခဲ့ကြတယ်မဟုတ်လား...

သူမက အလျဥ်စလိုဖြင့် အမမန်ထံ ပြေးသွားကာ ဓာတ်ပုံများကို ဆွဲယူချင်ခဲ့၏။ သူမ လက်ကောက်ဝတ်ရှိ ချိန်းကြိုးများက ယမ်းခါသွားခဲ့သည်။

“ကျွန်မမောင်လေး ဘာဖြစ်သွားခဲ့တာလဲ...သူအခုဘယ်မှာလဲ...”

အမမန်က သုဝမ့်ကျင်း၏ အမူအရာကို သတိပြုမိသွားကာ သူမနံ​ဘေး​​ရှိ ရဲသားကို တစ်ချက်ကြည့်လိုက်သည်။

“ဟန်ဆောင်နေတာတွေ ရပ်လိုက်စမ်း...မင်းသာ ကာစီနိုကလူတွေအတွက် အလုပ်မလုပ်​ပေးခဲ့ရင် မင်းရဲ့မောင်လေးက ဒီလိုဖြစ်စရာအကြောင်း ရှိပါ့မလား...”

“မဟုတ်ဘူး...ကျွန်မ မလုပ်ခဲ့ဘူးလို့...ကျွန်မ မောင်လေးကို လုံးဝမထိခိုက်စေချင်ခဲ့ဘူး...ကျွန်မ သူ့ကိုဒီလောက်ချစ်တာ...ဘာ့ကြောင့် သူထိခိုက်အောင်လုပ်ရမှာလဲ..”

သုဝမ့်ကျင်း၏ မျက်ရည်များက အဆက်မပြတ် ကျဆင်းလာခဲ့ရသည်။

“ကျွန်မ မောင်လေးဘာဖြစ်သွားခဲ့တာလဲ...ရှင်က ရဲမဟုတ်လား...ရှင် သူ့ကိုဒီလိုဖြစ်ခွင့်ပြုစရာလား ဟမ်...ရှင်ဘာ့ကြောင့် သူ့ကိုမကယ်ခဲ့​တာလဲ...ရှင်တို့ရဲတွေက အသုံးမကျလိုက်တာ...”

“လေးစားမှု ရှိစမ်းပါ...”

ငယ်ရွယ်သည့်ရဲဝန်ထမ်းက သူမအား စိတ်ဆိုးစွာဖြင့် ကြားဖြတ်ပြောလိုက်သည်။

အမမန်က စစ်မေးရာ၌ ပိုမိုအတွေ့အကြုံကြွယ်ဝလေသည်။ သူမက သုဝမ့်ကျင်းရှေ့တွင် ပုံနှစ်ပုံအားချပေးလိုက်ကာ

“ငါတို့တွေက မြန်မာနိုင်ငံကရဲတွေနဲ့ အတူတူလှုပ်ရှားနေကြတာလေ...လောင်းကစားရုံမှာ ကျူးလွန်ခဲ့တဲ့ အမှုတွေ ပေါ်ပေါက်လာတော့ ရဲတွေအကုန်လုံးက အဲ့ဒီ့နေရာကလူတွေကို နောက်ယောင်ခံလိုက်ခဲ့ကြတယ်...ဒါပေမယ့် ရဲတွေလာမှန်းလည်းသိရော သူတို့က မင်းရဲ့မောင်လေးကို ဓားစာခံအနေနဲ့ အသုံးပြုခဲ့ကြတယ်...ဒီလိုနဲ့ ငါတို့ဘက်က ဘာမှမတတ်နိုင်တော့ပဲ သူတို့ကို လွှတ်ပေးလိုက်ရတော့တာပေါ့...အခု မင်းသူတို့အတွက် ဖုံးကွယ်ထားချင်သေးတာလား...မင်းက သူတို့နဲ့အတူ ပူးပေါင်းချင်တုန်းပေါ့လေ...”

သုဝမ့်ကျင်း၏ မျက်ဝန်းများက နီရဲလာခဲ့သည်။

“သူတို့ ဘယ်လိုတောင် လုပ်ရက်ကြတာလဲ...သူတို့ သေချာပေါက်ပြောခဲ့...”

အမမန်က သူမ၏စကားများကို လျစ်လျူရှုလိုက်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ခုထိ ဝန်မခံချင်သေးတဲ့ပုံပဲ...”

“ကြည့်ရတာ မင်းက သူတို့ကို ကာကွယ်ပေးနေခဲ့တာ မဟုတ်လား...မင်းတို့တွေက ပစ်မှတ်ကိုယ်စီကို ရှင်းပစ်ကြဖို့အတွက် ပူးပေါင်းခဲ့ကြပုံပဲ...မင်းရဲ့မိသားစုက မောင်လေးကို ပိုပြီးအရေးပေးတဲ့အတွက် မင်းသူ့အပေါ် မုန်းတီးနေခဲ့တာပဲ ဖြစ်ရမယ်...ပြီးတော့ မင်းနဲ့အတူ အလုပ်လုပ်နေတဲ့လူက သုဝမ့်လုန်ကိုရှင်းပေးမယ်လို့ ပြောလာတာကြောင့် မင်းက မော့တိကို သူ့အတွက် ဖြေရှင်းပေးချင်ခဲ့တာပဲ...ငါပြောတာ မှန်တယ်မဟုတ်လား...”

“အဓိပ္ပါယ်မရှိတာတွေ...”

သုဝမ့်ကျင်းက အမမန်အား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

“ကျွန်မမောင်လေး တစ်ခုခုဖြစ်သွားခဲ့ရင် ရှင့်ကိုရော သူတို့ကိုရော အလွတ်မပေးဘူးမှတ်...”

“အဲ့ဒီ့လူတွေက ယုံကြည်လို့မရဘူးပဲ...ကျွန်မ သူတို့ကိုသတ်ပစ်မယ်...သူတို့က သေသင့်တယ်...”

“သူတို့ပဲပြောခဲ့တာ...အကယ်၍ ကျွန်မ မော့တိကို ဆေးခတ်ပြီး ဆေးစွဲသွားအောင် လုပ်နိုင်ခဲ့ရင် ကျွန်မမောင်လေးရဲ့ အကြွေးတွေအကုန် လျှော်ပေးမယ်ဆိုပြီးတော့...ကျွန်မကို သူတို့လိမ်ခဲ့တာပဲ...အကုန်ငရဲကျမယ့်အတန်းအစားတွေ...”

“ဒီတော့ မင်းက မော့တိကိုဖျက်ဆီးပြီး မင်းရဲ့မောင်လေးကို ကယ်တင်နိုင်ဖို့အတွက် သူတို့နဲ့ အလုပ်လုပ်ခဲ့တာပေါ့...”

သူမ မျှော်လင့်ခဲ့ပြီးသားဖြစ်သော်လည်း အမမန် ဒေါသထွက်သွားခဲ့သည်။

“မင်းရဲ့မောင်လေးကိုရော အခြားလူတွေကိုပါ ဘေးသင့်စေခဲ့မှန်း မင်းကိုယ်မင်းသတိပြုမိရဲ့လား...”

“အဲဲဒီ့လူတွေက မင်းရဲ့မောင်လေးကို ဆေးစွဲအောင်လုပ်ပြီး ဒီလောက်ထိ အကြွေးတင်စေခဲ့တာ...”

အမမန်နံဘေးရှိ ရဲသားက စိတ်ပျက်စွာဝင်ပြောလာ၏။

“သူတို့က မင်းရဲ့မောင်လေးကို ရည်ရွယ်ချက်ရှိရှိ ဆေးစွဲအောင်လုပ်ခဲ့ပေမယ့် မင်းကတော့ သူတို့အသုံးချတာကို ပျော်ပျော်ကြီးခံနေတာပဲ...”

“အား...”

သုဝမ့်ကျင်းက သနားစဖွယ်ငိုရှိုက်နေခဲ့သည်။

“မင်း သူတို့ကိုဖုံးထားပေးချင်သေးလား...ဒါမှမဟုတ် အမှန်အတိုင်း ဝန်ခံချင်လား...”

“အကယ်၍ မင်းဆက်ပြီး တုံ့ဆိုင်းနေဦးမယ်ဆိုရင် မင်းရဲ့မောင်လေးကို ခေါ်သွားတဲ့လူတွေကို ငါတို့ခြေရာခံနိုင်မယ်မထင်ဘူး...သူ သူတို့နဲ့အချိန်ကြာကြာရှိလေလေ အန္တရာယ်ပိုများလေလေပဲ...”

“ကျွန်မ...ကျွန်မပြောမယ်...ကျွန်မပြောပါ့မယ်...”

သုဝမ့်ကျင်းက မျက်ရည်နှင့်နှပ်ချေးများ မျက်နှာတစ်ခုလုံး ပြည့်နှက်လျှက် ဆိုလာ၏။

“ကျွန်မ အားလုံးပြောပါ့မယ်...”

“ကျွန်မမောင်လေးကို ကယ်ပေးပါ...မြန်မြန်ကယ်ပေးကြပါ...”

…..