အပိုင်း ၁၀၅
Viewers 28k

Chapter 105




သုဝမ့်ကျင်းက သူမ၏ဇာတ်ကြောင်းကို ပြန်လည်အစချီခဲ့၏။

တစ်လအကြာက သူမအခန်းတံခါးဝသို့ လူအချို့ရောက်လာကာ ယွမ် ၁၂ သန်းကို တောင်းရမ်းခဲ့သည်။ သူတို့က ထိုငွေများမှာ သူမမောင်လေး၏ အကြွေးများဖြစ်ပြီး သူမ မပေးချေပါက သုဝမ့်လုန်အနေဖြင့် သူ၏လက်များကို နောက်ထပ် အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း ပြောခဲ့လေသည်။

သူမက ရဲကိုခေါ်ချင်ခဲ့သော်လည်း သုဝမ့်လုန်၏ ခြေချောင်းများ ကျိုးကြေနေပုံကိုပြခြင်းဖြင့် ခြိမ်းခြောက်ခံခဲ့ရသည်။ သူမသာ ရဲကိုတိုင်​ကြားခဲ့ပါက သုဝမ့်လုန်၏ လက်ချောင်း သို့မဟုတ် လက်တစ်ဖက်တည်းကိုသာ ကျိုးကြေစေရုံတင်မဟုတ်၊ အသက်ကိုပင် အန္တရာယ်ပြုမည်ဖြစ်ကြောင်း ထပ်မံခြိမ်းခြောက်ခဲ့ပြန်သည်။

သုဝမ့်ကျင်း အလွန်အမင်း ထိတ်လန့်သွားခဲ့ကာ မည်သည့် ဆန့်ကျင်ဘက် အပြုအမူကိုမှ မလုပ်ဝံ့တော့ချေ။ သူမက သူမ၏မောင်လေးကို လွှတ်ပေးပါရန် ငိုယိုတောင်းပန်ခဲ့သော်လည်း ထိုသူတို့က လက်မခံခဲ့ချေ။ သုဝမ့်လုန်ကိုယ်ပေါ်ရှိ အရှိုးရာများကို ရိုက်ကူးထားသည့် ဓာတ်ပုံများကိုပါ ပြသလာခဲ့သည်။

ထို့နောက် သူတို့က လျော်ကြေးအဖြစ် အကြောင်းအရာတစ်ခုကို ညှိနှိုင်းလာခဲ့ကြသည်။

သူမက အစပိုင်းတွင် တွန့်ဆုတ်နေခဲ့မိသည်။ မည်သူ့ကိုမှ မထိခိုက်စေချင်သလို ထိုသူတို့နှင့်လည်း အပေးအယူမလုပ်ချင်ခဲ့ချေ။

ဒါပေမယ့် သူမ လုပ်နိုင်တာဘာမှမရှိဘူးလေ...သုဝမ့်လုန်က အများကြီးအကြွေးတင်နေခဲ့တာ...ပြီးတော့ သူ့အသက်ကလည်း အန္တရာယ်ရှိနေခဲ့တယ်...သူမအနေနဲ့ ပူးပေါင်းရုံအပြင် ဘာများရွေးချယ်စရာ ရှိဦးမှာတဲ့လဲ...

သူမက အပြစ်ကင်းပါတယ်...သူမလည်း နစ်နာသူပါပဲ...

အမမန်ကမူ ရဲစခန်းသို့ တိုင်ကြားမည့်အစား အပြစ်ကင်းသူအား ထိခိုက်စေသည့်လမ်းကို ရွေးချယ်ခဲ့​သော သူမ၏လုပ်ရပ်အပေါ် နားလည်မပေးနိုင်ခဲ့ချေ။ သူမက သုဝမ့်ကျင်းအား ထိုလူများ၏ ပုံပန်းသဏ္ဍာန်နှင့် ဆက်သွယ်ရသည့်နည်းလမ်းကို မေးမြန်းခဲ့၏။ ထို့နောက် အေးစက်စက်မျက်နှာထားဖြင့် စစ်မေးသည့်အခန်းမှ ထွက်ခွာသွားခဲ့လေသည်။

ရဲအရာရှိများက ချက်ချင်းပင် စစ်ဆင်ရေးအတွက် ပြင်ဆင်ခဲ့ကြသည်။

ကံမကောင်းစွာပင် သုဝမ့်ကျင်း အချုပ်ကျနေကြောင်းသိရသည်နှင့် ထိုလူများက ချက်ချင်းလူစုခွဲလိုက်ကြ၏။ နှစ်ရက်ကြာ ပိုက်စိပ်တိုက်ရှာဖွေခဲ့ပြီးနောက် နှစ်ယောက်ထဲကိုသာ ဖမ်းမိခဲ့သည်။ ထိုသူတို့က အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပြီး သတင်းအချက်အလက် ပေးရန်ကိုမူ ငြင်းဆိုခဲ့ကြသည်။

တစ်ချိန်ထဲမှာပင် လက်ချောင်းနှစ်ချောင်းနှင့် ခြေချောင်းနှစ်ချောင်း ဆုံးရှုံးခဲ့ပြီဖြစ်သော သုဝမ့်လုန်အား ကယ်ဆယ်နိုင်ခဲ့သည်။ သူ့အား ဟွာရှားရှိနေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြ၏။ အရာအားလုံးကို သိရှိသွားသည့်နောက် သူက သုဝမ့်ကျင်းအား မုန်းတီးသွားခဲ့သည်။

သူတို့ တစ်ဦးနှင့်တစ်ဦး တွေ့ကြသည့်အခါ သုဝမ့်လုန်က သူမအားဆဲဆိုတော့သည်။ သုဝမ့်ကျင်းက ချက်ချင်း ရဲကိုအကြောင်းမကြားခဲ့သည့်အပြင် သူ့အားနှိပ်စက်သူများနှင့်ပင် ပူးပေါင်းခဲ့လေသည်။ သူမ ဤအရာအား ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သူ့အား သေစေချင်ခဲ့သည်ဟု ခံစားမိလာခဲ့သည်။

သူမအား မုန်းတီးနေသည့် သုဝမ့်လုန်ကို တွေ့သောအခါ သုဝမ့်ကျင်း ယူကျုံးမရ ဖြစ်သွားခဲ့ရ၏။ သူမက သတိလစ်သွားသည်အထိ ငိုကြွေးခဲ့လေသည်။

၎င်းက ဝမ်းနည်းဖွယ်ဒဏ်ခတ်ခံရ​ခြင်းပင် ဖြစ်လေသည်။

သုဝမ့်ကျင်း၏ အခြားလူများအား မူးယစ်ဆေးသုံးစွဲစေခဲ့သည့် ပြစ်မှုမှာ နိဂုံးချုပ်သွားခဲ့သည်။ သူမ ထောင်ဒဏ်မည်မျှ ကျရောက်မည်ဆိုသည်မှာ တရားရုံး၏ အဆုံးအဖြတ်အပေါ် မူတည်လေသည်။

မော့တိက သုဝမ့်ကျင်း၏ ကိစ္စအား ဘေးဖယ်ထားလိုက်ကာ မုထျန်းဟန်နှင့်အတူ ချင်မိသားစုအား စောင့်ကြည့်နေခဲ့၏။

သုဝမ့်လုန်၏ အဖြစ်ကဲ့သို့ လောင်းကစားစွဲအောင် ပြုလုပ်ခံရသည့် အမှုများမှာ မရှားပါးချေ။ မြန်မာနိုင်ငံရှိ မြေအောက်လောင်းကစားရုံများတွင် ထိုသို့သော အကြံသမားများ ခြေချင်းလိမ်လျှက်ရှိ၏။ မြန်မာရဲအရာရှိများက အဆိုပါအမှုများအား လက်ရှောင်လေ့ရှိသော်လည်း အခြားနိုင်ငံသားတစ်ဦးမှာ သူတို့နိုင်ငံအတွင်းတွင် အန္တရာယ်ပြုခံခဲ့ရလေရာ မျက်ကွယ်ပြုမရတော့ချေ။

မုထျန်းဟန်က မြန်မာနိုင်ငံရှိ သူနှင့်သိကျွမ်းခဲ့ဖူးသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ပြည်တွင်းဥပဒေအား လိုက်နာစေခြင်းဖြင့် တရားမဝင်ကာစီနိုလုပ်ငန်းများ၏ လှုပ်ရှားမှုများကို ဖိအားပေးခဲ့သည်။ အောင်မြင်သောဖမ်းဆီးမှု တစ်ခုချင်းစီအတွက် မြန်မာရဲအရာရှိများအား အထောက်အပံ့များစွာ ပေးအပ်ခဲ့လေသည်။

ဟွာရှားရဲအရာရှိများ၏ အင်အားစု၊ မုထျန်းဟန်နှင့်မော့တိထံမှ သတင်းအချက်အလက်များဖြင့် ကော်မရှင်နာဝမ်က ချင်မိသားစုအား ပြဿနာတွင်းသို့ အောင်မြင်စွာဆွဲသွင်းနိုင်ခဲ့၏။

ချင်မိသားစုက သူတို့၏ကာစီနိုများကို စောင့်ရှောက်ရန် စေလွှတ်ခဲ့သူများထဲတွင် ချင်ချန်းယီ၏ အနီးကပ်ဆုံး လူယုံတော် နှစ်ဦးသည်လည်း ပါဝင်လေသည်။ ထိုနှစ်ဦး အဖမ်းခံလိုက်ရသည့်အခါ ချင်ချန်းယီအား ဒေါသတကြီးဖြစ်စေခဲ့၏။

သို့သော် သူ၏ဒေါသက အသုံးမဝင်ပါချေ။ သူလုပ်နိုင်သမျှမှာ သူနှင့်ပတ်သက်၍ မည်သည့်အရာကိုမှ ထုတ်ဖော်ခြင်းမပြုရန် လျှို့ဝှက်စွာ ခြိမ်းခြောက်ရုံသာ ဖြစ်သည်။

ထိုသူနှစ်ဦးက အချုပ်ကျနေခြင်းဖြစ်ရာ သူ့အ​နေဖြင့် လက်စတုံးပစ်၍မရသလို ချင်မိသားစုနှင့် သူတို့ကြားရှိ အဆက်အသွယ်များအား ဖြတ်တောက်၍လည်းမရချေ။

မုထျန်းဟန်နှင့် မော့တိက များပြားလှသော နည်းပညာအရာရှိများနှင့် ပူးပေါင်းလျှက် ချင်မိသားစုနှင့် လောင်းကစားရုံများကြားရှိ ဆက်သွယ်ချက်ကို ရှာဖွေလျှက်ရှိသည်။ သူတို့၏ မနားမနေကြိုးပမ်းမှုကြောင့် သဲလွန်စတစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ကာ သုဝမ့်လုန်အမှု၏ မသမာမှုများကိုပင် တွေ့ရှိခဲ့ကြ၏။

ချင်ချန်းယီက အကောင်းဆုံးကြိုးစား အားထုတ်ပါသော်လည်း ထိုအမှုတွဲမှ သူ့ကိုယ်သူသာ ကယ်ဆယ်နိုင်ခဲ့ပြီး သူ၏လူယုံအများအပြားနှင့် အရေးကြီးသော ညာလက်ရုံးများကမူ စီရင်ချက်ကျမည့်အချိန်ကို အချုပ်တွင်း၌ စောင့်ဆိုင်းနေကြရလေသည်။

မြန်မာနိုင်ငံရှိ ချင်မိသားစုကာစီနိုများက ပိတ်သိမ်းခံလိုက်ရကာ တင်းကြပ်စွာ စောင့်ကြည့်ခံထားရလေသည်။

ကော်မရှင်နာဝမ်က သူတို့အား အသက်ရှူခွင့်ပင် မပေးခဲ့ချေ။ သူက အထက်လူကြီးများထံသို့ သိသာထင်ရှားသည့် သက်သေများကို တင်ပြလိုက်ကာ အစိုးရကိုပင် ပါဝင်ပတ်သက်လာစေသည်။

နောက်ဆုံးတွင် အစိုးရက ချင်အုပ်စု၏ ငွေဝင်ငွေထွက် ရင်းမြစ်များကို တိုက်ရိုက်ထိန်းချုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့လက်ရှိကိုင်တွယ်နေသည့် အဓိကပရောဂျက်နှစ်ခုမှာ အကန့်အသတ်မရှိ တားမြစ်ခံလိုက်ရလေသည်။

အရင်းအနှီးများအား စုံစမ်းစစ်ဆေးခံနေရသည့် သတင်းက တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး ချင်အုပ်စုပင်လျှင် ထိုသတင်းအားဖုံးဖိရန် မတတ်သာပဲဖြစ်ခဲ့ရသည်။ ချင်ရှယ်ယာများက ၄ ရာခိုင်နှုန်းမျှ ချက်ချင်း ကျဆင်းသွားခဲ့ကာ စျေးကွက်ပေါက်စျေးမှာလည်း ၁၀၀ ဘီလီယမ်ယွမ်အထိ လျော့နည်းသွားခဲ့၏။ တွဲဖက်ပရောဂျက်များစွာသည်လည်း ချောင်ထိုးခံလိုက်ရသည်။

ချင်ကွမ်းကျယ်က ဥရောပမှ ညတွင်းချင်းပြန်လာခဲ့၏။

…..

အစိုးရဘက်မှ စတင်လှုပ်ရှားသည့်အခါ မော့တိ စိတ်သက်သာရာ ရသွားခဲ့သည်။

သို့သော် အံ့သြပျော်ရွှင်နေခြင်းမျိုး မရှိချေ။ အရာအားလုံးက တစ်ရက်တွင် သေချာပေါက်ဖြစ်လာမှာဖြစ်ပြီး ယခုမှ စတင်ရုံသာရှိသေးသည်။ သူ၏ပန်းတိုင်မှာ ချင်ချန်းယီအား ပျက်စီးကိန်းဆိုက်ရောက်စေလိုခြင်းဖြစ်၏။

ချင်ချန်းယီအား ထိုးစစ်ဆင်ပြီးသည့်နောက် မော့တိက ဂိမ်းပြိုင်ပွဲကို ပြန်လည်အာရုံစိုက်ရင်း အလုပ်များသွားခဲ့လေသည်။

ဒီဇင်ဘာလလယ်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် လေညှင်းမှာ အေးစက်စက်ဖြစ်လာ၏။ အရင်ဘဝမှ အတွေ့အကြုံကြောင့် မော့တိက အအေး​ကြောက်လေသည်။ သူက သူ့ကိုယ်သူ ဘန်းမုန့်တစ်လုံးသဖွယ် နေ့စဥ်ဝတ်ဆင်ထားလေ့ရှိသည်။

မိန်းကလေးများပင် သူ့ကို မစပဲမနေနိုင်ချေ။ အပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် မျှသာ ကျဆင်းသေး၏။ ပို၍ကျဆင်းလာပါက သူ မည်သို့ဝတ်ဆင်လာမည်ကို သူတို့တကယ့်ကို သိချင်လှသည်။

မော့တိက ပြုံးရုံသာပြုံးပြီး အထပ်ထပ်ဝတ်ဆင်နေမြဲဖြစ်သည်။

သူတို့၏အတန်းမှာလည်း ဆုံးခန်းတိုင်တော့မှာဖြစ်ကာ ပြန်လှန်လေ့ကျင့်ခန်းများပင် စတင်နေခဲ့ပြီဖြစ်သည်။ စာမေးပွဲက ဒီဇင်ဘာလကုန် ဇန်နဝါရီ ၁၁ရက်နေ့၌ ကျင်းပမှာဖြစ်၏။

ဆိုးဝါး​သော တိုက်ဆိုင်မှုတစ်ခုမှာ ပြိုင်ပွဲ၏နောက်တစ်ဆင့်အတွက် ဂိမ်းကိုတင်ရမည့် နောက်ဆုံးရက်မှာလည်း ဇန်နဝါရီ ၁၂ရက်နေ့ ဖြစ်နေခြင်းပင်။

ဤသို့ဖြင့် မော့တိ၏အချိန်များမှာ ခြောက်ခမ်းသွားခဲ့ရ၏။ သူက ကျောင်းနှင့်အလုပ်ကြား ဗျာများနေခဲ့ပြီး တစ်ရ​က်မှသုံးနာရီသာ အိပ်ချိန်ရှိလေသည်။

ရှန့်ယွီချောင်နှင့် အခြားလူများက မည်သို့ဖြောင်းဖျစေကာမူ မော့တိက မကြားချင်ယောင်သာ ဆောင်နေခဲ့၏။ ဤသို့ဖြင့် ရွေးချယ်စရာမရှိပဲ မုထျန်းဟန်အား တိတ်တဆိတ်ဖုန်းဆက်တိုင်ကြလေသည်။

တူညီသောညတွင် မုထျန်းဟန်က ကျောင်းသို့လာရောက်ခဲ့သည်။

မော့တိက အိပ်ရာထဲတွင် ကုဒ်လုပ်ခြင်းဖြင့် အလုပ်များနေခိုက် မုထျန်းဟန်အား သစ္စာဖောက်အချို့က အဆောင်တွင်းသို့ မှောင်ခိုတင်သွင်းလာခဲ့သည်။

“ကိုယ့်ကို တစ်ယောက်ယောက် ညာပြောနေတယ်လို့ တစ်နေရာကကြားခဲ့တယ်...သူက ၁၂နာရီ အိပ်ရာဝင်မယ်လို့ ကတိပေးခဲ့ပေမယ့် မနက် သုံးနာရီထိုးမှ အိပ်တယ်တဲ့လေ...”

မုထျန်းဟန်၏ အသံအား ရုတ်တရက်ကြားလိုက်ရသဖြင့် မော့တိ ​ရှော့ခ်ရသွားခဲ့သည်။

သူက အဆောင်ခန်းထဲတွင် မတ်တပ်ရပ်နေခဲ့သည့် မုထျန်းဟန်၏အကြည့်အောက်တွင် ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရ၏။

“ကို...ကိုကို...”

မော့တိ၏မျက်နှာလေးက စောင်ကြားမှ ခပ်ဟဟတိုးထွက်လာကာ နီရဲနေခဲ့သည်။ မုထျန်းဟန်၏ ဒေါသမှာ ရယ်ရွှင်ဖွယ်မြင်ကွင်းကြောင့် ပျော့ပျောင်းလာခဲ့ရ၏။

“ဒီနေ့ သောကြာနေ့မဟုတ်လား...ဘာလို့အိမ်ပြန်မလာတာလဲ...မင်း ဒီနေ့အတန်းရှိတယ်လို့ မပြောနဲ့နော်...အတန်းပြီးသွားမှန်း ကိုယ်သိတယ်...”

“ဒါပေမယ့် မနက်ဖြန်ကျရင် စိတ်ကြိုက်ဘာသာအတွက် စာမေးပွဲရှိတယ်...”

မော့တိက အသံတိုးတိုးကလေးဖြင့် ပြန်ဖြေလေသည်။

“ဒါဆို ကိုယ်မင်းကို မနက်ဖြန်နေ့ခင်းလာခေါ်မယ်...”

မုထျန်းဟန်က ဆိုသည်။

“မနက်ဖြန်နေ့ခင်းရော၊ တနင်္ဂနွေနေ့ရော စာမေးပွဲမရှိဘူးမဟုတ်လား...”

“မရှိပါဘူး...မရှိပါဘူး...”

ရှန့်ယွီချောင်နှင့် အခြားလူများက ဝိုင်းဖြေလိုက်ကြသည်။

“ပြီးတော့ နောက်တစ်ပတ်က ပြန်လှန်လေ့ကျင့်ခန်းပဲ လုပ်ရမှာမို့ အတန်းမရှိပါဘူး...စနေနေ့ကျမှ စာမေးပွဲရှိတာ...”

မော့တိက နောက်တစ်ပါတ်အတွင်း စာမေးပွဲအချို့ရှိကြောင်း မရေမရာပြောရန် ရည်ရွယ်ထားသော်လည်း ကျန်လူများ၏ နှောင့်ယှက်ခြင်းခံလိုက်ရရှာသည်။

ဒီ သစ္စာဖောက်အုပ်စုတွေ...

“ကောင်းပြီ...ကိုယ်မင်းကို မနက်ဖြန် အိမ်ခေါ်သွားမယ်...”

မုထျန်းဟန်က မော့တိအား ပြုံးလျှက်ကြည့်လာ၏။

“ကလေးလေး...ကန့်ကွက်စရာရှိလား...”

“မရှိပါဘူး…”

မော့တိက လူလိမ္မာလေးကဲ့သို့ ဖြေကြားလိုက်၏။ မုထျန်းဟန်၏ ကြီးကျပ်မှုအောက်တွင် သူက အချိန်နှင့်အိပ်ရလိမ့်မည်။ ဤသို့ဆိုပါက 'အဆုံးမဲ့ဘဝ' ၏ အခန်း ၇ ကိုသာ အပြီးသတ်နိုင်မှာဖြစ်ပြီး အခန်း ၈ ကမူ စောင့်ရပေလိမ့်မည်။

သူတို့ နောက်ထပ်အခန်း​ ၄ ခန်း မထုတ်ပေးနိုင်ပါက မှတ်ချက်ဆိုးပေးမည်ဟု ပြောခဲ့သည့်ဒိုင်မှာ စနောက်နေခြင်းသာဖြစ်ရန် မျှော်လင့်နေရုံသာရှိတော့၏။

မော့တိ၏ ချစ်စဖွယ်ပုံစံလေးကြောင့် မုထျန်းဟန် ၏နှလုံးသားက ပျော့ပျောင်းသွားခဲ့ကာ လူငယ်​လေး၏လက်ကို ဆုပ်ထွေးလိုက်ချင်လာ၏။ သို့သော် သူတို့ရှိနေသည့်နေရာမှာ မသင့်တော်သည့်အတွက် အတွေးများအား ရုပ်သိမ်းလိုက်လေသည်။

“မင်း စာမေးပွဲနဲ့ဂိမ်းကြောင့် အလုပ်များနေတာ ကိုယ်သိပါတယ်...ဒါပေမယ့် မင်းရဲ့ကျန်းမာရေးက အားလုံးထက် ပိုပြီးအရေးကြီးတယ်...နားလည်ပြီလား...”



Xxxxxx