အပိုင်း ၁၀၆
Viewers 28k



Chapter 106




“ဟုတ်ကဲ့ပါ...”

မော့တိက မုထျန်းဟန်၏ အလေးပေးမှုကို နားလည်စွာဖြင့် ခေါင်းညိတ်ကာ တရားချခြင်းကိုနာခံလိုက်သည်။

“လိမ္မာတယ်...”

မုထျန်းဟန်က ပြုံးလိုက်ရင်း မော့တိ၏ ဆံစလေးများကို ထိချင်ခဲ့၏။ သို့ရာတွင် တစ်ဖက်လူက သူ့အောက်အနိမ့်ရှိ အိပ်ရာထက်တွင် ရှိနေခြင်းဖြစ်ရာ အနည်းငယ် ကိုးရို့ကားယား ဖြစ်သွားပေလိမ့်မည်။

မုထျန်းဟန်က လက်သီးပြန်ဆုပ်ရင်း ဆန္ဒများကိုဖိနှိပ်လိုက်၏။ ထို့နောက် နူးညံ့စွာသတိပေးလာခဲ့သည်။

“အိပ်ရာစောစောဝင်နော်...အခုတောင် အချိန်မနည်းတော့ဘူး...ကိုယ်ပြန်တော့မယ်...”

သူက လျှပ်တစ်ပြက်စစ်ဆေးရန်သာ ရောက်လာခြင်းဖြစ်သဖြင့် အချိန်ကြာကြာနေရန် မရည်ရွယ်ခဲ့ချေ။ ထို့အပြင် အဆောင်ပိတ်ချိန်မှာ ညဆယ့်နှစ်နာရီဖြစ်ရာ နောက်ကျသွားပါက ပြန်ထွက်၍ရတော့မှာမဟုတ်ပဲ ဖြစ်နေလိမ့်မည်။

“ကိုကို...ကျွန်တော် လိုက်ပို့ပေးမယ်လေ...”

“ရတယ်...အပြင်မှာအေးနေပြီ...စောစောအနားယူပြီး အိပ်ရာဝင်တာပိုကောင်းမယ်...”

မော့တိ အိပ်ရာထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် မုထျန်းဟန်က လေသံပြောင်းလိုက်သည်။

“မင်းက ကိုကို့စကားကို နားမထောင်တော့ဘူးလား...”

မော့တိက လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကာ မုထျန်းဟန်အား မကျေမနပ်ဖြင့် ကြည့်လာခဲ့သည်။

မုထျန်းဟန်၏ အမူအရာက ရုတ်ချည်းနူးညံ့သွားခဲ့၏။

“အအေးမိသွားရင် မကောင်းဘူးလေ...အပြင်ထွက်လိုက်လို့ ​ထပ်ဖျားရင် ဘယ်လိုလုပ်မလဲ...ကိုယ့်စကားကို နားထောင်ပါကွာ...ဟုတ်ပြီလား...”

မော့တိအား ဖျောင်းဖျရာတွင် မုထျန်းဟန်က သူတို့နှစ်ဦးတည်းရှိသည့်အခါ ပြောနေကျ လေယူလေသိမ်းနှင့် ချော့မြှူလိုက်၏။ ရှန့်ယွီချောင်နှင့် အခြားလူများက မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြလေသည်။

လူကြီးမင်းမုက ရှောင်တိအပေါ် အလွန်အလိုလိုက်လှသည်။ ကလေးတစ်ဦးကို ချော့မြှူသည့် လေယူလေသိမ်းဖြင့်ပင် ချော့မြှူနေ၏။

မော့တိက အခန်းဖော်များ၏ အမူအရာကို သတိပြုမိလိုက်ကာ မျက်နှာကလေးရဲသွားခဲ့သည်။ သူက အိပ်ရာပေါ် ပြန်တက်လိုက်၏။

“ဒါဆို ကိုကို့ကို ကျွန်တော် လိုက်မပို့တော့ပါဘူး...”

“အွန်း...ကောင်းကောင်း အနားယူနော်...”

မုထျန်းဟန်သည်လည်း ပြောင်းလဲမှုအား သတိပြုမိသွားခဲ့ကာ ချောင်းအသာဟမ့်လိုက်၏။

“ကိုယ်ပြန်ပြီနော်...”

မုထျန်းဟန် ထွက်သွားသည့်အခါ ရှန့်ယွီချောင်နှင့် ချန်ကျောင်းက မော့တိကိုဝိုင်းကြည့်လာကြသည်။ လင်ကျွင်းဖုန်ကမူ မုထျန်းဟန်၏ နောက်ကျောအား သိလိုစိတ်ဖြင့်ကြည့်နေရင်း တံခါးပိတ်လိုက်၏။

“ရှောင်တိ...ဘော့စ်မုက မင်းအပေါ် အရမ်းကြင်နာတယ်နော်...ပြီးတော့...”

ချန်ကျောင်းက သူ၏ခံစားချက်အား မည်သို့ထုတ်ပြောရမည်ကို ခဏစဥ်းစားလိုက်သည်။

“ညီအကိုနှစ်ယောက်ကြား ဆက်ဆံပုံနဲ့ ဘာမှမဆိုင်သလိုပဲ...ပြောရရင်ကွာ အမျိုးသားက ဇနီး​လေးကို ချော့နေသလိုပဲ...”

ချန်ကျောင်းက ရယ်မောကာဆို၏။

သူ၏ဦးလေးဖြစ်သူမှာလည်း အမျိုးသားများကို နှစ်သက်လေရာ ထိုကိစ္စအား မှားယွင်းသည်ဟု အထူးတလည်မခံစားရချေ။

“တိတ်တိတ်နေစမ်းပါ...ဘာတွေပြောနေတာလဲ...”

လင်ကျွင်းဖုန်က အိပ်ရာထံလျှောက်လာရင်း ချန်ကျောင်း၏ ပုခုံးကို ပုတ်လိုက်သည်။

“ဘော့စ်မုက bro cons ဖြစ်နေရုံပါကွ..”

သုံးဦးသားက ထိုအကြောင်းအရာကို အားတက်သရော ဆွေးနွေးနေကြသဖြင့် မော့တိ ရှက်ရှက်​ဖြင့် စောင်ထဲဝင်ပုကာ ပြောလိုက်သည်။

“မအိပ်ချင်သေးရင် ကျွန်တော်တို့တွေ 'အဆုံးမဲ့ဘဝ' ရဲ့ နောက်တစ်ခန်းကို ဆက်လုပ်ကြမလား...”

“...”

ထို့နောက် အခန်းတစ်ခုလုံးတိတ်ဆိတ်သွားကာ ဆူညံနေသည့်သုံးဦးသားမှာလည်း တစ်ဦးနှင့်တစ်ဦး အလန့်တကြားကြည့်လိုက်ကြ၏။

*

အလုပ်လုပ်ရမည့် ခေါင်းစဥ်များနှင့် တစ်ခုပြီးတစ်ခု အဆက်မပြတ်ရောက်ရှိလာသော စာမေးပွဲများကြောင့် အချိန်မှာ အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့လေသည်။

ရက်သတ္တပတ်တစ်ပတ် ကုန်ဆုံးသွားခြင်းနှင့်အတူ မော့တိ၏ စာမေးပွဲများသည်လည်း ပြီးဆုံးသွားခဲ့၏။ ကျင်းသာ့က ကိုယ်ပိုင်လေ့ကျင့်ချိန်နှင့်အတူ မဖြစ်မနေတက်ရမည့် ပြန်လှန်လေ့ကျင့်တန်းများကို စတင်လေတော့သည်။

မော့တိက ပိတ်ရက်တိုင်းပင် အိမ်သို့ပြန်လေ့ရှိသည်။ ကြားရက်များတွင်လည်း အချိန်မှန်မှန် အိပ်ရာဝင်ရလေသည်။ မုထျန်းဟန်၏ သတင်းပေးသုံးဦးက သူ့ဘေးတွင်ရှိနေရာ မည်သည့်လှည့်စားမှုကိုမှ သူလုပ်၍မရချေ။

အိပ်ရာဝင်ချိန်တိုင်း မော့တိခမျာ သက်ပြင်းတချချဖြစ်ရသည်။

ပြိုင်ပွဲ၏ နောက်တစ်ဆင့်မှာ ထိပ်ဆုံးဆယ်နေရာအတွက် ယှဥ်ပြိုင်ရမှာဖြစ်သဖြင့် အားလုံးခေါင်းခြောက်နေကြပြီး မော့တိသည်လည်း အရိုးကျေကျေ အရည်ခမ်းခမ်း ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် သူတို့အနေဖြင့် အခန်းတစ်ခု သို့မဟုတ် နှစ်ခုသာ တင်နိုင်လျှင်ပင် နောက်တစ်ဆင့်တက်ရန် အလားအလာရှိလေသည်။

သို့ရာတွင် မော့တိ၌ ထုတ်ဖော်ပြော၍မရသော အကြောင်းအရာများရှိနေ၏။

အဓိကအ​ကြောင်း​ရင်းမှာ ​နောက်တစ်ဆင့်၌ မည်သို့ပြောင်းလဲသွားမည်ကို သူတစ်ဦးထဲသာ သိရှိထား၍ဖြစ်သည်။ ထိပ်ဆုံးဆယ်ဦးအား ရွေးချယ်ပြီးသည်နှင့် ပြိုင်ပွဲ၏ကျော်ကြားမှုသည်လည်း အမြင့်ဆုံးသို့ရောက်ရှိသွားလိမ့်မည်။ အသင်းအားလုံးက ကော်မတီထံမှ စီစဥ်ပေးသည့် အခြေစိုက်စခန်းတစ်ခုတွင် အတူနေထိုင်ကြရမှာဖြစ်၏။ နာမည်ကြီးvariety shows များကဲ့သို့ ကင်မရာသမားများက ဂိမ်းပြုလုပ်သည့် ဖြစ်စဥ်တစ်ဆင့်ချင်းကို နေ့တိုင်းရိုက်ကူးကြမှာဖြစ်သည်။

သို့ရာတွင် ၎င်းမှာ ဟွာရှား၌ပြုလုပ်သော ပထမဆုံးဂိမ်းပြိုင်ပွဲ ဖြစ်သည့်အလျောက် အသင်းတစ်ခုချင်းစီအတွက် ကိုယ်ပိုင်ဗီလာပေးနိုင်သည့် စပွန်ဆာများ လုံလုံလောက်လောက်မရှိချေ။ ပြိုင်ပွဲ၏အဆင့်ပေါ်မူတည်၍ အခန်းများအား ရွေးချယ်စေခြင်းဖြစ်၏။ သူတို့အနေဖြင့် အဆင့်ကောင်းကောင်းရလေလေ၊ သူတို့နှစ်သက်သည့်အခန်းကို ဦးအောင်ရယူနိုင်လေလေပင်။ လာမည့်​နှစ်များ၌ ပြိုင်ပွဲက ပိုမိုလူသိများလာပြီး ရင်းနှီးမြှုပ်နှံသူများ ပို၍များပြားလာလျှင်တော့ ဤစနစ်က ပြောင်းလဲသွားမှာဖြစ်သည်။

သို့ရာတွင် ပထမအကြိမ်ပြိုင်ပွဲတွင်မူ ပြည့်ပြည့်စုံစုံမရှိသေးချေ။ မော့တိ အရင်ဘဝက ကြည့်ခဲ့ရသလောက် ပြိုင်ပွဲတွင် ဗီလာ ၃လုံးသာရှိသည်။ ဗီလာတစ်လုံးက သုံးထပ်ဖြစ်ကာ အခြားနှစ်လုံးကမူ လေးထပ်ရှိ၏။ အသင်းဆယ်ခုအတွက် လုံလောက်ရုံမျှသာရှိလေသည်။

သူ့အနေဖြင့် အထပ်အမြင့်ဆုံးကို ရွေးချယ်နိုင်ရန်အတွက် ထိပ်ဆုံးသုံးနေရာ၌ ရပ်တည်နိုင်ရန် လိုအပ်ပေသည်။ ကိုယ်ရေးကိုယ်တာ၊ လုံခြုံမှုနှင့် သက်တောင့်သက်သာရှိမှုများအတွက် အမြင့်ဆုံးအထပ်သည်သာ ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်​လေသည်။

အိုင်းယား….

ဘဝကြီးက ခက်ခဲလိုက်တာနော်...

မော့တိ သက်ပြင်းချလိုက်မိသည်။

ဤသို့ဖြင့် မော့တိတစ်ယောက် ကျောင်းစာနှင့်အလုပ်ကြား ဗျာများနေရင်း အချိန်မှာမြန်မြန်ဆန်ဆန် ကုန်ဆုံးသွားလေသည်။ သူ သတိပြုမိချိန်တွင် စာ​မေးပွဲနောက်ဆုံးနေ့သို့ ရောက်နေပြီဖြစ်ကာ ကျော်ဖြတ်ရန်အတွက် တစ်ဘာသာသာ ကျန်ရှိတော့၏။

အဆောင်တွင်သာမက အတန်းတစ်ခုလုံးတွင် ပျော်ရွှင်မှုများ ပြည့်နှက်လျှက်ရှိသည်။

မနက်စောစောကတည်းက မော့တိ နှိုးစရာပင်မလိုအပ်ပဲ အားလုံးအိပ်ရာထကာ ပြင်ဆင်နေကြလေသည်။

နောက်ဆုံးဖြေရမည့် ဘာသာရပ်အတွက် စာမေးပွဲမှာ ဆယ်နာရီခွဲမှ စတင်မှာဖြစ်ပြီး အဆိုပါစာမေးပွဲခန်းအား ဆယ်နာရီအထိ အငယ်တန်းများ အသုံး​ပြု​​ကြမှာ​​ဖြစ်သည်။

ဆယ်နာရီမထိုးခင်အထိ အားလုံးက စာ​မေးပွဲခန်းပြင်ပတွင် စောင့်ဆိုင်းနေရင်း အားလပ်ရပ်အတွက် ဆွေးနွေးတိုင်ပင်နေကြသည်။ အိမ်ကိုမည်သည့်အချိန်ပြန်မည်...ရေကြောင်း သို့မဟုတ် လေယာဥ်ဖြင့်ပြန်မည်...အားလပ်ရပ်ကို မည်သည့်နေရာ၌ ကုန်ဆုံးကြမည်...အစရှိသည်ဖြင့်။

ရှန့်ယွီချောင်နှင့် အခြားလူများသည်လည်း မနေ့ညကတည်းက တိုင်ပင်ခဲ့ကြသည်။ သူတို့က ဂိမ်းပြိုင်ပွဲရလဒ်များ ကြေငြာပြီးသည်နှင့် အိမ်သို့ပြန်ကြမှာဖြစ်ပြီး ထို့နောက်တွင်မှ ဆောင်းရာသီအားလပ်ရက်အတွက် စီစဥ်ကြမှာဖြစ်သည်။

...သို့သော် သူတို့ စိတ်ကြိုက်စီစဥ်နိုင်သော်လည်း မော့တိက သူတို့အား လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်မှန်း သုံးယောက်လုံးကောင်းစွာ သိရှိထားကြရှာ၏။

မော့တိ စာမေးပွဲခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် အင်တာနက်ပေါ်တွင် ရှာဖွေမှုတစ်ခု ထွက်ပေါ်လာ၏။

“ 'တိတ်ဆိတ်ခြင်း' ရုပ်ရှင် စတင်ထုတ်လွှင့်မည့်ရက် အတည်ပြုခြင်း”

တိတ်ဆိတ်ခြင်းမှာ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သော စွန်းယီလွန် ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်ပြီး ဇာတ်ဆောင်များမှာ မော့လျှိုကွေ့နှင့် တက်သစ်စသရုပ်ဆောင်တစ်ဦး ​​ဖြစ်​လေသည်။ အချစ်ဦးနှင့် တုံ့ပြန်ခြင်းမရှိသော တစ်ဖက်သတ်အချစ်အကြောင်း ရိုက်ကူးထားခြင်းဖြစ်၏။

စွန်းယီလွန်၏ ကျော်ကြားမှုအရ ရုပ်ရှင်အားကြေငြာလိုက်သည်နှင့် စိတ်ဝင်စားမှုများစွာ ရရှိခဲ့လေသည်။ သို့ရာတွင် မော့မိသားစု၏ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသော ကောလဟာလများကြောင့် မော့လျှိုကွေ့အနေဖြင့် ရှာဖွေမှုထိပ်ဆုံးသို့ရောက်အောင် ဝယ်ယူနိုင်စွမ်းမရှိချေ။ သူမထိုသို့လုပ်ခဲ့လျှင်ပင် ပို၍လေးနက်သောကိစ္စရပ်များက ရုပ်ရှင်၏သတင်းအား နစ်မြုပ်သွားစေဦးမှာဖြစ်သည်။ ထိုအတားအဆီးများမရှိမှသာ ရုပ်ရှင်က ရှာဖွေမှုထိပ်ဆုံးသို့ ရောက်ရှိနိုင်မှာဖြစ်၏။

လတ်တလောတွင် မော့လျှိုကွေ့၏ မော့စစ်လန်အား ချနင်းထားမှုကြောင့် မော့မိသားစုက တိတ်ဆိတ်နေခဲ့​​​​လေသည်။ အဆိုပါလုပ်ရပ်က သူမ၏ပုံရိပ်အား အပြည့်အဝမဆေးကြောနိုင်စေကာမူ ရုပ်ရှင်အားကြေငြာရန် ကျော်ကြားမှုအသင့်အတင့်ရှိနေဆဲဖြစ်၏။

ဤသို့ဖြင့် ရှာဖွေမှုစာရင်း၏ ဆဌမနှင့်အဌမနေရာများတွင် “တိတ်ဆိတ်ခြင်း ၏အဓိကဇာတ်ဆောင် မျက်နှာသစ်လေး မော့လျှိုကွေ့” ၊ “ ကျောင်းနတ်ဘုရားမ မော့လျှိုကွေ့” ဟူ၍ နေရာယူနေကြ၏။ ရိုးရှင်းသယောင်ရှိသော်လည်း အရာအားလုံးက လူထုစိတ်ဝင်စားအောင် ပြုလုပ်သည့် ထွင်လုံးများသာ ဖြစ်လေသည်။

ထိုပို့စ်များတွင် မော့လျှိုကွေ့အား လှပပြီးအလားအလာရှိသော သရုပ်ဆောင်တစ်ဦးအဖြစ် ဖော်ပြထားကြသည်။ သူမတွင် ဆွဲဆောင်မှုရှိသော အလှတရားနှင့် ပြောင်းလွယ်ပြင်လွယ်သည့် သရုပ်ဆောင်စွမ်းရည်ရှိပြီး ပို၍အရေးကြီးသည်မှာ ကျင်းသာ့၌ လတ်တလောတက်ရောက်နေသည့် ထူးချွန်ကျောင်းသူတစ်ဦးလည်း ဖြစ်နေပြန်သည်။

အတိတ်က မော့လျှိုကွေ့၏ ဂုဏ်သတင်းမှာ ချီးကျူးစရာတစ်ကွက်ပင် မရှိချေ။ မော့မိသားစု၏ အဖတ်ဆည်မရသော ဂုဏ်သတင်းအပြင် သူမနှင့်မော့တိတို့ ထိပ်တိုက်ရင်ဆိုင်တွေ့သော ဗီဒီယိုလည်းရှိနေခဲ့ရာ အင်တာနက်အသုံးပြုသူများက အဆိုပါပို့စ်အားလုံးကို အယုံအကြည်မရှိကြချေ။

သို့ရာတွင် ရေတပ်က သူ့တာဝန်သူကျေ၏။ မော့လျှိုကွေ့၏ ဖန်များနှင့် ပူးပေါင်းလိုက်ခြင်းဖြင့် weibo နှင့် အခြားဖျော်ဖြေရေး website များတွင် သူမ၏ကောင်းသတင်းများကို အရှိန်အဟုန်ဖြင့် ပျံ့နှံ့စေကာ အတိတ်ကဖြစ်ရပ်များအား မေ့လျော့သွားစေခဲ့သည်။

ကောလဟာလများပယ်ရှားခြင်းက ဖျော်ဖြေရေးလောက၏ ပုံမှန်လုပ်ရပ်ဖြစ်သည်။ ဖန်များနှင့် ရေတပ်တို့ ပူးပေါင်းလိုက်ကာ anti-fans များအား ပြန်လည်ချေပပြောဆိုခြင်းဖြင့် သူတို့အိုင်ဒေါလ်၏ သိက္ခာအား အဖတ်ဆည်ပေးခြင်းဖြစ်သည်။

သူတို့၏အကူအညီကြောင့် မော့လျှိုကွေ့က လူထု၏ အထင်လွဲအပြစ်တင်ခံခဲ့ရသော ချမ်းသာကြွယ်ဝကာ အရည်အချင်းရှိပြီး ဉာဏ်ပညာမြင့်မားသည့် အပြစ်မဲ့မိန်းမပျိုလေးတစ်ဦးအနေဖြင့် သူမနှင့် ဘာမှမသက်ဆိုင်သည့်ပုံရိပ်ဖြင့် ထွန်းလင်းလာခဲ့သည်။ တစ်စုံတစ်ဦးက ဗီဒီယိုသက်သေအား တင်ပြလာသည့်အခါတိုင်း ရေတပ်ဘက်မှ ချက်ချင်းလက်စဖျောက်ပစ်မှာဖြစ်ပြီး အထင်လွဲခြင်းသာဖြစ်ကြောင်း ပြန်လည်ချေပလာမှာဖြစ်သည်။ ဖန်များက လုံလောက်စွာအရှက်မရှိသရွေ့ အားလုံးအဆင်ပြေလေသည်။

အင်တိုက်အားတိုက် အယူဝါဒသွတ်သွင်းမှုကြောင့် မော့လျှိုကွေ့နှင့် ပတ်သတ်သော အမှန်တရားနှင့် အလိမ်အညာများက ဆွေးနွေးမှုအများဆုံး ခေါင်းစဥ်တစ်ခုဖြစ်လာခဲ့သည်။ သို့ရာတွင် ရေတပ်က သူမဘက်၌ရှိနေသည့်အတွက် ဆန့်ကျင်သည့်မည်သူမဆို ချက်ချင်းအသရေဖျက်ခံရလေသည်။ တဖြည်းဖြည်းနှင့် မော့လျှိုကွေ့က ကောင်းမွန်သည့်ပုံရိပ်ဖြင့် ကျော်ကြားလာခဲ့ကာ Weibo ၌ လူသိများလာခဲ့လေသည်။

သူမ၏သတင်းများ သူ၏ဖုန်း၌တက်လာချိန်တွင် မုထျန်းဟန်က တစ်စုံတစ်ဦးအား ကျင်းသာ့သို့သွားခေါ်ရန် ကုမ္မဏီမှ ထွက်လာရုံရှိသေးသည်။

သူက ဤအရာအားလုံးနောက်ကွယ်ရှိ မျက်နှာအား ချက်ချင်းသိရှိသွားခဲ့၏။

သူတို့၏သွားများကိုဖြတ်၍ ညာရွှီးနေသော ရေတပ်၏ လက်ရေးစာမူအချို့ကို ဖတ်ရှုပြီးချိန်၌ မုထျန်းဟန်၏ စိတ်အခြေအ​နေက အုံ့မှိုင်းသွားခဲ့လေသည်။ ပြောစရာမလိုစွာပင် သူက ဒေါသထွက်ခြင်းဖြင့် အချိန်မဖြုန်းခဲ့ချေ။ PR ဌာနအား လတ်တလောတာဝန်တစ်ခု ချက်ချင်းပေးအပ်လိုက်ပြီး လုပ်​ဆောင်ချက်ကောင်းမွန်ပါက ဘောနပ်စ်ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်လေသည်။

မော့တိ စာမေးပွဲခန်းမှ ထွက်လာချိန်၌ မော့လျှိုကွေ့နှင့်ပတ်သတ်သည့် အဓိပ္ပါယ်မရှိသောသတင်းများနှင့် အမွှန်းတင်ထားခြင်းများ ပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကိုပါ တွေ့လိုက်ရ၏။

ထိုမျှမက မော့လျှိုကွေ့အား ဆန့်ကျင်သည့်အရာများပင် ပေါ်ထွက်လာခဲ့သည်။

မော့မိသားစု၏ လုပ်ဆောင်ချက်များက တစ်ခါပြန်လည်တူးဖော်ခံလိုက်ရကာ မော့တိနှင့်မော့လျှိုကွေ့၏ ဗီဒီယိုသည်လည်း အင်တာနက်ပေါ်၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ အင်တာနက်အသုံးပြုသူများက သူမ၏ပြောင်မြောက်သော သရုပ်ဆောင်မှုအား လှောင်ပြောင်ချီးကျူးကြလေသည်။

ပြည်သူလူထုက အရူးများမဟုတ်ချေ။ သတင်းအမှားများ ပျံ့နှံ့နေစဥ်ကပင် မော့လျှိုကွေ့က မလုံမလဲဖြစ်နေခဲ့ရသည်။

ယခုမူ 'တိတ်ဆိတ်ခြင်း '၏ ကျော်ကြားမှုအပေါ် သက်ရောက်မှုရှိလာခဲ့သည်။

ဒါရိုက်တာစွန်းယီလွန်က ဖောက်ခွဲရန်အသင့်ဖြစ်နေသော စနက်တံကဲ့သို့ လူစားမျိုးဖြစ်သည်။ သူက သရုပ်ဆောင်များ၏ ကိုယ်ပိုင်ဘဝကို စိတ်မဝင်စားပဲ ထိုသူတို့၏စွမ်းရည်ကိုသာ ဂရုစိုက်တတ်၏။ သို့သော် မော့လျှိုကွေ့က သူရိုက်ကူးသောရုပ်ရှင်၏ ကျော်ကြားမှုအပေါ် အနှောင့်အယှက်ဖြစ်စေရာ သူမအား မကျေမနပ်ဖြစ်လာခဲ့သည်။

သူက နောက်ထပ်ရုပ်ရှင်၏ အမျိုးသမီးဇာတ်ဆောင်အဖြစ်ပင် သူမအား လျာထားခဲ့သော်လည်း ယခုမူ ပြန်လည်စဥ်းစားရပေမည်။

အင်တာနက်ပေါ် အမြန်ရှာဖွေလိုက်ရုံဖြင့် မော့တိ မသိပဲမည်သို့နေပါမည်နည်း။ သူက မုထျန်းဟန်အား ပြုံးကာကြည့်လိုက်သည်။

“ကိုကို...ကိုကိုအကွက်ရွှေ့တာ အရမ်းကိုအချိန်ကိုက်ဖြစ်တာပဲ...ဘောနပ်စ်တွေ အများကြီးပေးလိုက်ရဲ့လား...”

“ဒါပေါ့...ကိုယ်သူတို့ကို ကြက်ပေါက်ထောင်ချီဝယ်နိုင်အောင် ဘောနပ်စ်အများကြီးပေးလိုက်တယ်...”

မုထျန်းဟန်က မော့တိ၏ဆံစများကို ပွတ်သပ်လိုက်သည်။

“စာမေးပွဲပြီးသွားတာ ဂုဏ်ပြုပါတယ်...မင်း နောက်ဆုံးတော့ လွတ်လပ်သွားပြီပေါ့...ဘယ်သွားချင်လဲ...”

“ဟင်…”

မော့အာ့ချမ်က ဇန်နဝါရီ၌ ပြန်ရောက်လာမည်ကို တွေးလိုက်မိကာ မော့တိ တွန့်ဆုတ််သွားခဲ့သည်။

“ကျွန်တော် မော့အိမ်ကို တစ်ချက်သွားကြည့်ရမယ်...”

“မော့အိမ်ကိုလား...”

မုထျန်းဟန် မျက်မှောင်ကြုတ်လိုက်၏။

“အကြောင်းပြချက်ကရော...”

“ဒါက…”


“ကျွန်တော် အိမ်ရောက်မှရှင်းပြမယ်လေ...လက်ရှိတော့ သေချာရှင်း​ပြလို့မရသေးဘူး...”


Xxxxxxx