Chapter 107
သူတို့ အိမ်သို့ပြန်ရောက်ချိန်တွင် မော့တိကို ရက်အတော်ကြာ မမြင်တွေ့ခဲ့ရသောစွမ်းစွမ်းမှာ သူ့ပေါ်သို့ စိတ်လှုပ်ရှားစွာဖြင့် ခုန်တက်လာကာ သူ၏အမြီးလေးသည်လည်း မရပ်မနား ဝှေ့ယမ်းနေခဲ့သည်။
မော့တိ စွမ်းစွမ်းကိုကောက်ယူကာ အနမ်းတစ်ပွင့်ပေးလိုက်သည်။
" စွမ်းစွမ်းက ပါးကိုအဲ့လောက်တောင်လွမ်းနေတာလား…"
" အဲ့ကောင်စုတ်လေးက အရမ်းဘက်လိုက်တာပဲ ကိုယ်သူနဲ့နေ့တိုင်းအတူရှိပေးနေတာတောင် သူ့ဖင်လေးတစ်ချက်လှုပ်ပေးမယ်မရှိဘူး… အခုများအမြီးပြတ်ကျမတတ်ကို ခါယမ်းနေတော့တာပဲ…"
မုထျန်းဟန်ရောက်လာကာ စွမ်းစွမ်းကို ပုတ်လိုက်သည် ။
" ဘက်လိုက်တဲ့ခွေးလေး…"
မော့တိ ရယ်နေခဲ့သည်။
မော့တိ ကျယ်လောင်စွာ ရယ်မောနေသည်ကို ကြည့်ကာ မုထျန်းဟန်လည်း လိုက်ပါ ပြုံးလိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူပြောရန်ရှိသောအရာကိုမူ မေ့မသွားခဲ့ပေ ။
" မင်းပြောတာ မော့အိမ်ကိုသွားကြည့်ချင်တယ်ဆို…ဘာအတွက်ကြောင့်လဲ…"
မော့တိ စွမ်းစွမ်း၏ခေါင်းကို ငြင်သာစွာပွတ်သပ်ပေးလိုက်ပြီး တဖြည်းဖြည်းချင်းပြောလာခဲ့သည်။
" အချိန်ဇယားအရဆိုရင် မော့အာ့ချမ်ဘယ်လောက်ပဲအလုပ်များနေပါစေ သူနှစ်တိုင်းနွေဦးပွဲတော်ဆိုရင် ပြန်လာလေ့ရှိတယ်…သူကအရမ်းဉာဏ်များပြီးတော့ သတိကြီးတဲ့သူတစ်ယောက်ပဲ…ကျွန်တော်စိုးရိမ်တာက အိမ်ထဲမှာ တပ်ခဲ့တဲ့ကင်မရာကို ရှာတွေ့သွားကြမှာကိုပဲ..တကယ်လို့ သူတို့ရှာမတွေ့ခဲ့ရင်တောင်မှ သူက လိုင်းဖြတ်တဲ့ကိရိယာတွေသုံးနိုင်သေးတယ်လေ… အဲ့လိုသာဆိုရင် အဲ့ကင်မရာနှစ်လုံးက သုံးမရဖြစ်သွားလိမ့်မယ်…"
" အဲ့ဒါဆိုရင် မင်း မော့အိမ်နားမှာ နောက်ထပ်ကင်မရာတွေတပ်ချင်တာလား…"
" ကျွန်တော်မော့အိမ်ရှေ့တည့်တည့်မှာ တစ်လုံးထပ်တပ်ချင်ပြီးတော့ အနီးနားက အသင့်စားမုန့်ဆိုင်နဲ့ ဈေးဆိုင်တချို့ကိုပါ ဟက်ထားချင်သေးတယ်…"
မော့တိ ရှင်းပြနေရင်းမှ ဖြူဖျော့လာသည်။
" မော့အာ့ချမ်က မော့မိသားစုတွေထဲက တခြားလူတွေလိုမျိုး တူညီတဲ့သူမဟုတ်ဘူး…သူ့ဥာဏ်ရည်ကအတော်လေးမြင့်ပြီးတော့ မယုံနိုင်လောက်တဲ့ကြိုတင်သိဉာဏ်ရှိတယ်…တကယ်လို့ သူသာကျွန်တော်နဲ့ထိပ်တိုက်တွေ့မယ်ဆိုရင် ဘာခြစ်ရာမှမရှိဘဲ ပြန်ထွက်လာနိုင်ဖို့တော့ အတော်ခက်လိမ့်မယ်…"
" အဲ့ဒါကြောင့် အချိန်မီကြိုသိနိုင်ဖို့အတွက် စောင့်ကြည့်တာကို တိုးလိုက်ချင်တာ…အဲ့ဒါမှ ကာကွယ်တာဖြစ်ဖြစ် ပြန်တိုက်တာဖြစ်ဖြစ် ကျွန်တော်တို့ ပိုလိုက်လျောညီထွေဖြစ်နေလိမ့်မယ်…"
မော့အာ့ချမ်၏အချက်အလက်များကို ပြန်လည်စဉ်းစားလိုက်ပြီး မုထျန်းဟန်၏မျက်လုံးများ မဲမှောင်သွားခဲ့သည် ။
" မော့အာ့ချမ်ကတကယ့်ကို ပြဿနာပဲ…"
သို့သော်လည်း သူထိုမျှ ခက်ခဲလိမ့်မည်မဟုတ်ဟု ခံစားနေရသည်။
သူနှင့်မော့အာ့ချမ်သည် H တက္ကသိုလ်မှ ကျောင်းသားဟောင်းများဖြစ်ကြကာ အကြမ်းဖျင်းအားဖြင့် သက်တူရွယ်တူများဖြစ်ကြသည်။
သူ၏သူငယ်ချင်းအသိုင်းအဝိုင်းမှာ ကျောင်းတွင်းတစ်ခွင်ကျယ်ပြန့်လှပြီး မော့အာ့ချမ်နှင့်အတူတက်ခဲ့ရသူများလည်း ပါဝင်နေသည်။ ထို့အပြင် သူတို့ထဲမှ နှစ်ဦးမှာ လက်ရှိမော့အာ့ချမ်နှင့် သုတေသနအဖွဲ့တစ်ခုထဲမှ ဖြစ်ကာ သူတို့နှင့်လောလောဆယ်မဆက်သွယ်နိုင်သည့်တိုင် သူတို့၏ပါမောက္ခများမှာ ဆက်သွယ်နိုင်ပေမည်။
" စိတ်ပူနေဖို့မလိုပါဘူး…"
မုထျန်းဟန် သူ၏နောက်ထပ်ခြေလှမ်းကို ဆုံးဖြတ်လိုက်ကာ မော့တိ၏ဆံပင်ကို ပွတ်သပ်ပေးလိုက်သည် ။
" ကိုယ်တို့ဘာပဲဖြစ်လာလာ ခုခံနိုင်မှာပါ…အမြဲတမ်းလမ်းတစ်ခုတော့ရှိပါတယ်…မော့အာ့ချမ်က ဉာဏ်ကောင်းတယ်ဆိုပေမယ့် သူတစ်ယောက်ထဲရှိတာမှမဟုတ်တာ..ထက်မြက်တဲ့သူတွေက နေရာတိုင်းမှာရှိနေပြီးတော့ သူတို့တိုင်းကလည်း ဥပဒေအပြင်ဘက်ကမဟုတ်ကြပါဘူး..သူစည်းကိုကျော်လိုက်တာနဲ့ သက်သေကျန်ခဲ့မှာပဲ..ပြီးရင်တော့ သူထောင်ထဲဝင်ရလိမ့်မယ်…."
" ကျွန်တော်သိပါတယ်…"
မော့တိ သက်ပြင်းချကာ အပြုံးဖျော့လေးတစ်ခုပေးလိုက်ပြီး
" ကျွန်တော် ဒီတိုင်းနည်းနည်းစိတ်ညစ်သွားမိတာပါ.. သူကျွန်တော့်ကို မခြောက်လှန့်နိုင်ပါဘူး…"
" ဒီလောက်အသက်ငယ်ငယ်လေးနဲ့ အစိုးရိမ်လွန်တဲ့သူမဖြစ်ရဘူးလေ.."
မုထျန်းဟန် မော့တိ၏မျက်နှာကို တို့ထိလိုက်ကာ ချစ်မြတ်နိုးစွာဖြင့် ကြည့်နေခဲ့ပြီး
" မင်းအားလပ်တယ်ဆိုတာရှားတယ်လေ.. အဲ့တော့ ဒီနေ့တော့ နားလိုက်တော့… ကိုယ်တို့ဒါပြီးရင် နေ့လယ်စာသွားစားကြမယ်… ဘယ်လိုလဲ…"
" ကောင်းပါပြီ…"
မော့တိ ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။
စွမ်းစွမ်းမှာမူ ဘေးမှတအီအီအသံပြုနေကာ မော့တိ၏ဘောင်းဘီစကို သူ၏ခြေတိုလေးများဖြင့် ကပ်တွယ်နေပြီး သူပါလိုက်ပါချင်သည့်ဆန္ဒကို ထုတ်ဖော်နေသည်။
" မင်း ပါးတို့နဲ့စားသောက်ဆိုင်ကိုတော့ လိုက်လို့မရဘူးနော်… ဒါပေမယ့် ပြန်လာတဲ့အခါကြရင် လမ်းလျောက်ဖို့ခေါ်သွားပေမယ်လို့ ကတိပေးတယ် ဟုတ်ပြီလား…"
မော့တိ စွမ်းစွမ်း၏ခြေဖဝါးကိုဆုတ်နယ်လိုက်ပြီးနောက် အစာခွက်ဆီသို့သွားကာ
" အခုတော့ အစာဘူးဖွင့်ထားပေးခဲ့မယ်နော် အရင်စားနှင့်ဦး… လိမ္မာတဲ့ကောင်လေးရဲ့…"
မုထျန်းဟန် မော့တိကို နေ့လယ်စာစားရန် ခေါ်သွားလိုက်ပြီးနောက် နောက်ထပ်နာရီဝက်မျှ ကားပတ်မောင်းပေးနေသဖြင့် မော့တိ၏အခြေအနေမှာ တိုးတက်လာခဲ့သည်။ ထို့နောက် မုထျန်းဟန် အလုပ်သို့ အမြန်ထွက်မသွားမီ ဗီလာတွင် ချထားပေးခဲ့လေသည်။
မော့တိ သူ၏ကတိကိုတည်ကာ စွမ်းစွမ်းကို လမ်းလျှောက်ရန် ခေါ်သွားပေးလိုက်သည်။ သို့သော်လည်း ရာသီဥတုမှာ သူ့အတွက်အနည်းငယ်ကြမ်းတမ်းနေပြီး မော့တိ စွမ်းစွမ်း၏ကျန်းမာရေးကိုပါ စိုးရိမ်မိသောကြောင့် မိနစ်သုံးဆယ်ခန့်မျှ လျောက်ပြီးချိန်တွင် စွမ်းစွမ်းကိုချီကာ အိမ်သို့ပြန်ခဲ့လေသည်။
ထို့နောက် မော့တိ အဆုံးမဲ့ဘဝအပိုင်းခုနစ်ကို အဆုံးသတ်ရာ၌အာရုံစိုက်နေလိုက်သည်။
အလုပ်လုပ်ခြင်းနှင့် အနားယူခြင်းတို့ကြားမှ ချိန်ခွင်လျှာကို ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပေလိမ့်မည်။ မော့တိအခန်း၇၏အကြမ်းထည်ကို ညအချိန်၌အဆုံးသတ်နိုင်ခဲ့လေသည်။
နောက်တစ်နေ့ မနက်စာစားချိန်၌ မော့တိ အခန်း၅မှ၇အတွက် နောက်ဆုံးအချောသတ်လိုက်ပြီးနောက် ၎င်းကို ဂိမ်းပြိုင်ပွဲဝဘ်ဆိုဒ်ပေါ်သို့ တင်ပေးလိုက်သည်။
အပိုင်းများတင်ပြီးနောက် ဆယ်မိနစ်ပင်မကြာလိုက်ပေ။ သူတို့ကို မကောင်းသည့်ရီဗျုးဖြင့် ချိန်းခြောက်ခဲ့သောဒိုင်လူကြီးမှာ ဝေ့ပေါ် ပေါ်တွင် ကွန်မန့်ပေးလာခဲ့သည်။
သူ၏နာမည်မှာ ရူဝမ်ဟန်ဖြစ်သည်။
" နောက်ဆုံးသတ်မှတ်ထားတဲ့အချိန်က ဒီနေ့ညကို မင်းတို့က အခုမှတင်တယ်ပေါ့…အဆုံးမဲ့ဘဝကအဆော့များတဲ့ဂိမ်းတစ်ခုဖြစ်ရုံလေးနဲ့ မင်းတို့က ဒီလောက်နောက်ကျမှပို့လာပြီး ငါ့ကို ကမ်းပါးစောင်းမှာထားလို့ရမယ်ထင်နေလား…ငါအခုစိတ်တိုလွန်းလို့ စကားကို မပြောနိုင်တော့ဘူး ဂိမ်းသွားဆော့တော့မယ်…"
ထို့ပို့စ်မှာ အဆုံးမဲ့ဘဝကို ချက်ချင်းဆိုသလို ရှာဖွေမှုစာရင်းထဲရောက်သွားစေသော်လည်း ဂိမ်းပြိုင်ပွဲ၏ဝေ့ပေါ်အကောင့်မှ ရူဝမ်ဟန်၏ပို့စ်တွင် မန့်ပေးမလာခင်အထိ အဆင့်မှာ သိပ်မမြင့်လှချေ ။
" ဟားဟားဟား သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုရေ … ငါတို့လည်း အခုစဆော့ရဦးမယ်…"
အဆုံးမဲ့ဘဝမှာ ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးဆယ်ခုအတွင်းသို့ ဝင်ရောက်သွားလေသည်။
အဆုံးမဲ့ဘဝ၏တရားဝင်ပေ့ဂ်ျသို့ လူပေါင်းများစွာ ဝင်ရောက်လာကြပြီး ရမှတ်များ၏သုံးဆယ်ရာခိုင်နှုန်းမှာ ပြင်ပလူထုဆီမှရခဲ့ခြင်းဖြစ်သည်။ ဂိမ်းကို ပြိုင်ပွဲဝဘ်ဆိုဒ်တွင် တင်ပြီးနောက် လူတိုင်းမှာ ဂိမ်းကိုစမ်းသပ်နိုင်ပြီဖြစ်သည်။
ဤသို့ဖြင့် အဆုံးမဲ့ဘဝမှာ လာမည့်အပ်ဒိတ်မလာခင်အထိ ကစားသူအများအပြားကို စုဆောင်းမိနေပြီး လက်ရှိတွင် ကန့်သတ်ထားသောအခန်းအနည်းငယ်နှင့် ဈေးကွက်လှုပ်ရှားမှုသုညအဆင့်သာရှိရုံနှင့်ပင် ရလဒ်၏တတိယအဆင့်သို့ရောက်ရှိနေခဲ့သည်။
သူတို့နှင့်ယှဉ်ပြိုင်လျက်ရှိသောအခြားမိုဘိုင်းဂိမ်းများမှာ အချစ်ဂိမ်းဖြစ်သည့် အချစ်ကဒ်များနှင့် အပြင်းစားအက်ရှင်ဂိမ်းဖြစ်သော ဒဏ္ဍာရီလာ ဟူ၍ဖြစ်သည်။ ထိုနှစ်ခုမှ ပြိုင်ပွဲသို့ စတင်ဝင်ရောက်စဉ်အခါတည်းက ကြော်ငြာကမ်ပိန်းများကို လုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။
အချစ်ကဒ်များမှာ ချစ်ရေးချစ်ရာကိစ္စများနှင့် လှပသောဇာတ်ကောင်ဒီဇိုင်းနှစ်သက်သူများထံသို့ ရည်ရွယ်ထားပြီး သူတို့၏ကြော်ငြာအများစုမှာ ဘလော့ဂါများနှင့် အိုင်ဒေါလ်များဆီမှဖြစ်ကာ ဆယ်ကျော်သက်ကစားသမားများအား ရည်ရွယ်ထားသည်။
ဒဏ္ဍာရီလာမှာမူ လျင်မြန်သောလှုပ်ရှားမှုကို နှစ်သက်သည့် ပြိုင်ပွဲဝင်များထံသို့ ဦးတည်ထားသောကြောင့် သူတို့၏ကြော်ငြာအများစုမှာ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်သူများထံမှဖြစ်ကာ အဓိကအားဖြင့် အမျိုးသားကစားများအား ရည်ရွယ်ထားသည်။
မည်သို့ပင်ဖြစ်စေ အဆုံးမဲ့ဘဝမှာမူ ကြော်ငြာနှင့်ပတ်သက်၍ မယ်မယ်ရရမလုပ်ခဲ့ဖူးချေ။ ဂိမ်း၏ကျော်ကြားမှုမှာ သူ၏အရည်အသွေးတစ်ခုတည်းကိုသာ လုံးလုံးအခြေခံထားပြီး ကျယ်ပြန့်သောလူဦးရေကို ဆွဲဆောင်ထားကာ တိတိကျကျ ကစားနိုင်သော အသက်အရွယ် လိင်အမျိုးအစားဟူ၍မရှိဘဲ မည်သူမဆို ဆော့ကစားနိုင်မည်ဖြစ်သည်။
သူ၏ကြွယ်ဝသောပါဝင်မှုများနှင့် အလွန်အမင်းကွာခြားသောဇာတ်ကြောင်းများအပြင် ကာရိုက်တာတစ်ခုချင်းစီတွင် ထူးခြားသောစွမ်းရည်များပါဝင်ကာ မတူညီသောလမ်းကြောင်းများအတိုင်း ဇာတ်ကွက်ကို ပြောင်းလဲနိုင်သဖြင့် ၎င်းမှာ ပြန်လည်ပြသသည့်နေရာတွင် အဆင့်ကောင်းကောင်းရရှိထားခဲ့သည်။ ဤသည်ကပင် ဂိမ်းအတွက် မြင့်မားသောဆွဲအားတစ်ခုဖြစ်ခဲ့လေသည်။
ထို့အပြင် အချို့သော NPC များကိုလည်း သူတို့၏ဇာတ်ကြောင်းနှင့်ပုံစံတို့ကြောင့် စာနာသနားကြကာ လူအများနှစ်ခြိုက်ကြသည်။ သူတို့ပေါ်မူတည်၍ ဖန်များရေးသားသော ဝတ္ထုများပင်ရှိနေသေး၏။ မော့တိ ထိုကာရိုက်တာများကို မည်သို့ဖြင့် ပို၍လုပ်ကွက်များများရရှိအောင် လုပ်မည်ကို စဉ်းစားနေမိကာ ဖြစ်နိုင်သည်မှာ ကစားသမားများအတွက် သူတို့၏အဖွဲ့ထဲသို့ NPCများကိုပါ ထည့်သွင်းကာ စွန့်စားခန်းထွက်နိုင်မည့် အခန်းကဏ္ဍတစ်ခုထည့်သွင်းလိမ့်မည်ပင်။
အတိုချုံးရမည်ဆိုသော် ကစားသမားများ၏ရီဗျူးများအရ အဆုံးမဲ့ဘဝမှာ စွဲမက်ဖွယ်ကောင်းသောဇာတ်ကောင်များနှင့် ဆန်းကြယ်သည့်ဇာတ်ကြောင်းများပါဝင်သော စွဲလမ်းစေနိုင်သည့်လတ်ဆတ်သော ဂိမ်းအသစ်စက်စက်တစ်ခုပင်ဖြစ်သည်။ ဂိမ်းသို့ဝင်နိုင်ရန်အတွက် မရေမတွက်နိုင်သောနည်းလမ်းများရှိကာ လူတိုင်းစွန့်စားခန်းများတွင် ပါဝင်နိုင်ကြလေသည်။
မော့တိ အဆုံးမဲ့ဘဝမှာဖန်တီးပြီးသည်နှင့် မြင့်တက်လာသောကြော်ငြာအားကို သိနေခဲ့ပြီး ၎င်းမြင့်မားလာချိန်၌ အခြားဂိမ်းနှစ်ခု၏ဈေးကွက်ရှာဖွေရေးများကို လေ့လာရန်အစပြုကာ သူ၏ကြော်ငြာကမ်ပိန်းကို Hard Driveထဲတွင်ထည့်ရန် စီစဉ်ထားခဲ့သည်။
ယခုအကျော့တွင် အကဲဖြတ်ခံရန်အတွက် ဂိမ်း၁၅ခုသာရှိပြီး ရလဒ်များမှာ ရက်သတ္တပတ်၏အဆုံးတွင် ကြေငြာမည်ဖြစ်သည်။ ထိုအစီအစဉ်ကို ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကာ ထို့နောက်မှာတော့ တစ်ပတ်လျှင် တစ်ကြိမ်စီ ဆက်လက်၍တိုက်ရိုက်ပြသသွားမည်ဖြစ်သည်။
သတင်းကို ထုတ်လွှင့်ပြီးသည်နှင့် လူအများမှာ ထိုတစ်ပတ်တစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်မည့်အကြောင်းကို နားမလည်ခဲ့ကြပေ။ သူတို့၏ဂိမ်းထဲသို့ တစ်ပတ်လျှင်တစ်ကြိမ်အသစ်ထည့်နိုင်ရန်မှာ ဖြစ်နိုင်သည့်အရာမဟုတ်ဘဲ မော့တိတစ်ဦးတည်းကသာ စီစဉ်သူများပြင်ဆင်နေသည့်အရာကို သိနေခဲ့သည်။
ရက်သတ္တပတ်၏အဆုံး၌ ရလဒ်များမှာ ဂိမ်း၏အစမ်းပြကွက်များနှင့်အတူပေါ်ထွက်လာမည်ဖြစ်သည်။ အဆုံးမဲ့ဘဝက နောက်တစ်ဆင့်သို့တက်လှမ်းနိုင်မည်မှာ သံသယဖြစ်စရာပင်မရှိချေ။ ပို၍စိတ်ဝင်စားစရာဂောာင်းသည်မှာ ၎င်းသည်စာရင်း၏ဒုတိယနေရာတွင်ရှိနေခြင်းဖြစ်သည်။
ရူဝမ်ဟန်မှ သူ့ကို တစ်ထိုင်တည်းကစားရန် အခန်းရှစ်ခုကိုးခုမျှမပေးပါက မကောင်းသည့်မှတ်ချက်ရေးမည်ပြောခဲ့သော်လည်း ဂိမ်း၏မကောင်းသည့်အပိုင်းနှင့်ပတ်သက်၍ တစ်စွန်းတစ်စမျှမပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ၏စကားကိုဆက်လက်စောင့်ထိန်းကာ နောင်အပတ်တွင် အခန်းလေးခုသာမရပါက သူအမှန်တကယ်ပင် မကောင်းသည့်ရမှတ်ပေးမည်ဖြစ်သည်။
အစီအစဉ်တင်ဆက်သူမှ ပြုံးလျက် အနိုင်ရရှိသည့်အဖွဲ့ကိုကြေငြာလိုက်ရင်း ကွင်းထဲသို့ဆက်လက်မွှေနှောက်လိုက်သည်။ ထို့နောက် ဗုံးတစ်လုံးကို ထပ်မံပစ်ထည့်လိုက်ကာ လာမည့်အကျော့တွက် အဖွဲ့အားလုံးကို ရုပ်မြင်သံကြားပေါ်၌ ပေါ်လာစေမည့်အကြောင်းပြောလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မော့တိ၏ဖုန်း၌ စာများပြည့်နှက်သွားလေသည်။
ဖန်းချန်းလောင် : တင်ဆက်သူပြောတာက ဘာကြီးလဲ… ငါတို့စင်ပေါ်ဖိတ်ခေါ်ခံရတာလား…
ရှန့်ယွီချောင် : အား အား အားးး ငါတို့နာမည်ကြီးတော့မယ်…
လင်ကျွင်းဖုန် : အဲ့ဒါဆိုရင် နောက်တစ်ခေါက်အနိုင်ရရှိသူကို ကြေငြာလိုက်တာနဲ့ ငါတို့စင်ပေါ်တက်ရမှာပေါ့…ငါတို့ဂိမ်းကိုဖန်တီးတဲ့အကြောင်းပြောတာမျိုးနဲ့ တချို့တလေကို လူထုကိုချပြသင့်လား…
ကျောက်ချွင် : သောက်ကျိုးနည်း ငါတို့ကင်မရာမှာပါလာတော့မှာပေါ့… ငါတော့ဝတယ်လို့ အမြင်ခံရတော့မှာပဲ .. ကျန်းကျယ်မုန့် မနက်ဖြန်ကျရင် ငါတို့အဆီသွားစုပ်ထုတ်သင့်လား…
ကျန်းကျယ်မုန့် : ငါ.. ငါတော့ အဲ့လောက်ထိလိုမယ်မထင်ဘူးနော်
ဟန်ချောင် : စိတ်လျော့ကြပါဦး… သူတို့ဘာကိုတကယ်ဆိုလိုလည်းဆိုတာတောင် ငါတို့မသိသေးဘူးနော်… နောက်ကြမှ အစီအစဉ်အတွင်းပြဖို့ ငါတို့ရဲ့ဗီဒီယိုလောက်ပဲ လိုရင်လိုနိုင်တာပဲဟာ…
ကျောက်ချွင် : အားးးးး အားး အဲ့ဒါဆိုရင်ငါတော့ HDပေါ်မှာ ပိုပြီးရုပ်ဆိုးနေတော့မှာပဲ
ချန်ကျောင်း : ဘာလို့ မင်းကမျက်နှာလေးကြီးရုံလေးနဲ့ဒီလောက်စိတ်ပူနေရတာလဲ.. တကယ်ဆိုရင် ဖန်းချန်းလောင်နဲ့လင်ကျွင်းဖုန်တို့ကသာ ပိုပြီးစိုးရိမ်သင့်တာလေ…
"...."
အသိပေးစာများမှာ ၉၉စောင်နှင့်အထက်သို့ရောက်ရှိလာသည့် မော့တိ ထိုစကားဝိုင်းတွင် ဝင်မပါရန်ဆုံးဖြတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူဝင်ပြောလျှင်လည်း ထိုစာမှာ မျက်နှာပြင်ပေါ်၌ အချိန်ကြာကြာမတည်ရှိနိုင်ခြင်းကြောင့်ပင်။
တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်သည်လည်း ထိုခေါင်းစီးအကြောင်းကို ဆွေးနွေးနေကြသည်။
မော့မိသားစုအိမ်တော်တွင်…
မော့လျှိုကွေ့မှာ ယဲ့ချန်းဖုန်နှင့် ဗီဒီယိုကောခေါ်ကာ ဂိမ်းပြိုင်ပွဲအကြောင်းပြောဆိုနေသည်။
" ချန်းဖုန် ရှင့်ဂိမ်းကထပ်ပြီးအဆင့်တက်သွားတာတွေ့လိုက်တယ်… ဂုဏ်ယူပါတယ်နော်.."
သူ၏မျက်လုံးထဲတွင် မက်မောမှုများအပြည့်ဖြင့် မော့လျှိုကွေ့ကို နက်ရှိုင်းစွာကြည့်ကာ
" ကျေးဇူးပါရှောင်ကွေ့… ကိုယ်မင်းနဲ့မနက်ဖြန်ကြရင် တွေ့လို့ရနိုင်မလား…ကိုယ်တို့မတွေ့တာလည်း ရက်အတော်ကြာပြီဆိုတော့ကာ အရင်တစ်ခေါက်တုန်းက မင်းသွားချင်တယ်ပြောတဲ့ဆိုင်ကို ခေါ်သွားမယ်လေ…"
" ကောင်းပြီလေ.. သန်ဘက်ခါဆိုဘယ်လိုလဲ… မနက်ဖြန်ဆို အလုပ်များနေမှာမလို့ပါ…"
Xxxxxx