Chapter 108
လာမည့်နေ့တွင် မော့လျှိုကွေ့ ချင်ချန်းယီနှင့်သွားတွေ့ရမည်ဖြစ်သောကြောင့် သေချာပေါက်ပင် ယဲ့ချန်းဖုန်၏ဖိတ်ခေါ်မှုကို ငြင်းပယ်ရပေမည်။ ထပ်မံ၍ သူမဂိမ်းပြိုင်ပွဲအကြောင်းကို အစပြန်ဖော်လိုက်ကာ
" အဆုံးပိုင်းက တင်ဆက်သူရဲ့စကားက ဘာကိုဆိုလိုတာလဲဟင်.. ရှင်တို့စင်ပေါ်တက်ရမှာလား…"
" အဲ့လိုမဟုတ်ပါဘူး…"
မော့လျှိုကွေ့ထံမှ ငြင်းပယ်ခံရသဖြင့် ယဲ့ချန်းဖုန်အနည်းငယ်စိတ်ပျက်သွားသော်လည်း သူ၏နူးညံ့သောအသံကို ဆက်ထိန်းထားကာ ဖြေလိုက်သည် ။
" အဲ့ဒါဆိုရင်လည်း ကိုယ်မင်းကို သန်ဘက်ခါကြ လာခေါ်မယ်လေ…"
" ကောင်းပါပြီ…"
မော့လျှိုကွေ့ လုံးဝပင် ထိုကိစ္စအကြောင်းကို မပြောချင်နေပေ။ ထို့ကြောင့် သူမထပ်မံ၍စကားလွှဲလိုက်ပြန်သည်။
" အဲ့ဒါဆိုရင် တင်ဆက်သူကဘာကိုဆိုလိုတာလဲလို့…ချန်းဖုန် ရှင်ရောသိလား…"
" အဲ့ဒါနဲ့ပတ်သက်ရင်တော့ ကိုယ်တချို့တလေကြားမိသေးတယ်…ထိပ်ဆုံးအဖွဲ့ဆယ်ခုက တရားဝင်အခြေစိုက်နေရာမှာနေရလိမ့်မယ်တဲ့…ဒါပေမယ့် အသေးစိတ်တော့ ကိုယ်လည်းမသိဘူး…"
ဒါဆိုရင် မှန်နေတာပဲ..
မော့လျှိုကွေ့ မျက်မှောင်ကြုတ်မိသွားသည်။ ထိုအခြေအနေမှာ သူမ၏အိမ်မက်နှင့် တစ်ထပ်တည်းပင်။
သူမ၏ခံစားချက်များကို ဖုံးကွယ်ကာ ပြောလိုက်လေသည် ။
" ဒါဆိုရင် ရှင် ရှောင်တိနဲ့ဆုံရတေ့ာမှာပေါ့…ကျွန်မကြားမိတာတော့ သူလည်းအဲ့ပြိုင်ပွဲမှာပါပြီး သူ့ဂိမ်းကအတော်လေးအဆင့်ကောင်းတယ်တဲ့…ကောင်းတာပေါ့.. ရှင်သူ့ကိုတွေ့ရင် သူကောင်းကောင်းနေရရဲ့လားဆိုတာလေး ကြည့်ပေးထားလို့ရမလားဟင်…"
မော့လျှိုကွေ့၏တောင်းဆိုမှုကို ကြားလိုက်ရချိန်တွင် ယဲ့ချန်းဖုန်၏စိတ်အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။ သူမလေး ထိုကျေးဇူးမသိတတ်သည့်သူအတွက် မကောင်းသောလူတစ်ယောက်ကဲ့သို့ အမြင်ခံနေရသည်ကို သည်းမခံနိုင်ချေ။ ယဲ့ချန်းဖုန် ခဏတာတုန့်ဆိုင်းနေပြီးမှ
" ရှောင်ကွေ့ ဘာလို့မော့တိကို ဂရုစိုက်နေသေးတာလဲ…သူကမျက်လုံးဖြူဝံပုလွေလိုကောင်ပဲ.. မင်းရဲ့စိုးရိမ်မှုကို ကျေးဇူးတင်မှာမဟုတ်ဘူး…"
" တစ်စုံတစ်ယောက်အတွက် စိုးရိမ်ပေးတယ်ဆိုတာ သူတို့အပြန်အလှန်ပြန်ပေးဆပ်ဖို့မလိုဘူးလေ..."
မော့လျှိုကွေ့ ပြုံးလိုက်ပြီးနောက် မော့တိအကြောင်းကို တွေးမိသွားချိန်၌ သူမဝမ်းနည်းသွားကာ မျက်ရည်ဝဲလာပြီး
" ရှောင်တိက ကျွန်မကိုနားမလည်တာဖြစ်စေ မုန်းနေတာပဲဖြစ်စေ သူ့ကိုအမြဲ မောင်ငယ်လေးတစ်ယောက်လိုပဲ ထာဝရသတ်မှတ်သွားမှာပါ…"
" ရှောင်ကွေ့ မင်း…"
ယဲ့ချန်းဖုန်၏နှလုံးသားထဲတွင် နာကျင်စွာ ကိုက်ခဲလာသည်။ သူတစ်စုံတစ်ရာပြောလိုက်ချင်မိသော်လည်း ထိုအစား သက်ပြင်းသာချလိုက်လေသည်။
" မင်းကအရမ်းကြင်နာတတ်ပြီးတော့ တုံးအလွန်းတယ်…"
" ချန်းဖုန် အဲ့လိုမပြောပါနဲ့.. ကျွန်မကိုသာ ကတိပေးပါ ဟုတ်ပြီလား…ရှင် ရှောင်တိနဲ့ဆုံတဲ့အချိန်ကြရင် သူ့ကိုကူညီစောင့်ရှောက်ပေးပါဦးနော်…"
မော့လျှိုကွေ့ နှုတ်ခမ်းစူလိုက်ပြီး
" သူနဲ့မတွေ့ရတာ အချိန်အတော်လေးကြာပြီဆိုတော့ စိတ်မကောင်းဖြစ်လို့ပါ…"
ယဲ့ချန်းဖုန် မော့တိအပေါ်ထားရှိသည့် သူ၏ဒေါသနှင့်ရွံရှာမှုကို ဖိနှိပ်လိုက်ပြီးနောက် သဘောတူလိုက်သည် ။
" ကောင်းပါပြီလေ ကိုယ်ကတိပေးတယ်…"
" ကောင်းတာပေါ့ ချန်းဖုန် ရှင်ကအကောင်းဆုံးပဲ…"
" ကိုယ်ကအမြဲတမ်း မင်းတောင်းဆိုသမျှကို ဖြည့်ဆည်းနေမှာပါ…"
ယဲ့ချန်းဖုန် မော့လျှိုကွေ့ကို အမြတ်တနိုးကြည့်လိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ မော့တိကို နက်ရှိုင်းစွာ ရှုံ့ချနေမိသည်။ ထိုကဲ့သို့ အဆိပ်ပြင်းပြီး ကျေးဇူးမသိတတ်သည့်သူမှာ သူ့ရှောင်ကွေ့၏ဂရုစိုက်မှုနှင့်မထိုက်တန်ပေ။ ပို၍ဆိုးသည်မှာ ထိုသူသည် ရှောင်ကွေ့ကို အလွန်နာကျင်စေခဲ့သည်။
ထိုကဲ့သို့သောသူမှာ လွန်ခဲ့သောအချိန်များထဲက ဖျက်ဆီးခံရသင့်သည်။
မော့လျှိုကွေ့ ရှက်သည်းဖြာသွားပြီး ယဲ့ချန်းဖုန်နားသို့ တိုးကပ်လာကာ
" ချန်းဖုန် သဘက်ခါကြရင် အိမ်ကိုလာခဲ့နော် ရှင့်အတွက်လက်ဆောင်ရှိတယ်…"
" ဘာတဲ့လဲ…"
" အခုတော့လျှို့ဝှက်ချက်…"
"...."
........
မော့လျှိုကွေ့နှင့် ယဲ့ချန်းဖုန်တို့အကြားရှိဆွေးနွေးပွဲကို မော့တိသတိမထားမိခဲ့ပေ။ ထိုအချိန်၌ သူဖုန်းကိုချကာ မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့ပြန်လာချိန်တွင် စားရန်အတွက် ဖက်ထုပ်အချို့ကို ချက်ပြုတ်နေခဲ့သည်။
မော့တိ အသစ်ဝယ်ယူထားသော မီးခိုးရောင်ဖျော့ဖျော့ ညအိတ်ဝတ်စုံအသစ်ကိုဝတ်ဆင်ထားကာ စွမ်းစွမ်းဖြင့် ဆော့ကစားလျက် မီးဖိုချောင်သို့လျောက်လာခဲ့သည်။
အပူချိန်ထိန်းကိရိယာမှာ နှစ်ဆယ်ဒီဂရီသို့ပြနေပြီး ဤသည်မှာ မော့တိလိုချင်သောအနွေးအတိုင်းအတာနှင့် သင့်တော်သည်။ သူရေခဲသေတ္တာဆီသို့သွားကာ အသင့်လုပ်ထားပြီးသော ဖက်ထုပ်အခုသုံးဆယ်ခန့်ကို ထုတ်ယူလိုက်ပြီး ပန်းကန်ပြားကြီးပေါ်သို့ တင်လိုက်သည်။ သူ၏ချက်ပြုတ်ရေးတွင် အလုပ်ရှုပ်နေစဉ် ဂိမ်းပြိုင်ပွဲကော်မတီမှ မေးလ်တစ်စောင် သူ၏စာအဝင်နေရာသို့ရောက်ရှိလာခဲ့သည်။
ထိုအရာမှာ ဖော်ပြထားသောနေရာတွင် နေထိုင်ရန်အတွက် အဖွဲ့များကို ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
သတင်းမှာ အဖွဲ့၏လူထုသို့ချပြထားသည့် အဝင်စာနေရာသို့ရောက်ရှိသွားပြီးနောက် မကြာမီအချိန်၌ လူတိုင်းသိရှိသွားကာ အဖွဲ့တစ်ခုလုံး ထပ်မံ၍ တက်ကြွသွားကြပြန်သည်။
ရှန့်ယွီချောင် : မင်းတို့မေးလ်ကို ဖတ်ပြီးပြီလား…ဒါက တင်ဆက်သူကဆိုလိုချင်တာပဲ ငါတို့တရားဝင်အခြေစိုက်နေရာမှာ နေရတော့မယ်…
ဟန်ချောင် : ဒါကအနီးကပ်ပြိုင်ရတော့မှာလို့ ဆိုလိုတာလား…
ကျောက်ချွင် : ကောင်လေးတွေ သေချာဖတ်ကြပါဟဲ့…သူတို့ပြောထားတာ ရိုက်ကူးပြီးရင် ရုပ်မြင်သံကြားမှာလွှင့်မှာတဲ့… ငါတို့တီဗီပေါ်ရောက်တော့မှာ…
ဖန်းချန်းလောင် : ဟ ငါတော့နာမည်ကြီးတော့မှာပဲ.. အမေနဲ့လုပ်ထားတဲ့အလောင်းအစားကအခုနိုင်သွားပြီ…
ရှန့်ယွီချောင် : ငါတီဗီမှာပါနိုင်မယ်လို့ တစ်ခါမှမထင်မိခဲ့ဘူး…ဒါကကောင်မလေးရှာတဲ့နေရာမှာ အထောက်အကူမဖြစ်နိုင်ဘူးလား…
လင်ကျွင်းဖုန် : မဖြစ်နိုင်တာကြီးပါ..
ချန်ကျောင်း : ငါကတော့ တစ်နိုင်ငံလုံးကို ငါ့ရဲ့မိမိုက်နေမှုကို ထုတ်ပြသွားမှာ…
ကျန်းကျယ်မုံ့ : ဒါက ရသစုံရှိုးကြီးမဟုတ်ဘူးလား…ငါကင်မရာထဲမပါချင်ဘူး နည်းနည်းကြောက်တယ်...
လင်ကျွင်းဖုန် : ငါတို့ဖန်အချို့တောင်ရနိုင်သေးတယ်…
ကျောက်ချွင် : အိုးး ကျေးဇူးပြုပြီးတော့..အဖွဲ့တစ်ဖွဲ့တည်းမှာတောင် လူတွေအများကြီးရှိနေတာ… ဖြစ်နိုင်တာက သူတို့က တစ်ဖွဲ့လုံးကိုပဲ တစ်ခါတည်းရိုက်သွားပြီးတော့ နောက်ကြမှသာ ကြည့်ပျော်ရှုပျော်ရှိတဲ့မျက်နှာတွေကို အဓိကအလေးပေးလိမ့်မယ်… လူတိုင်းကတော့ကင်မရာထဲမှာကြည့်ကောင်းနေမှာမဟုတ်ဘူးနော် အိုကေလား…
ကျောက်ချွင် : မင်းတစ်ခါမှ ရသစုံရှိုးတွေမကြည့်ဖူးဘူးလား…ငါ မင်းတို့အဖြတ်မခံရနိုင်ဘူးဆိုတာတောင် ပြောနိုင်နေပြီ…
ဟန်ချောင် : ငါထင်ထားတော့ သူတို့ကအဖွဲ့ခေါင်းဆောင်တွေကို အဓိကထားလိမ့်မယ်ထင်တယ်… ဆိုလိုတာက ရှောင်တိက ပိုပြီး ပြသချိန်များများရလိမ့်မယ်…
"...."
ထိုအချိန်၌ မော့တိ၏စွပ်ပြုတ်မှာ ပြီးစီးသွားပြီဖြစ်သည်။ သူ မွှေးရနံ့သင်းပျံ့နေသော ဖက်ထုပ်များပါဝင်သည့် စွပ်ပြုတ်ရည်ကို ပန်းကန်လုံးနှစ်ခုအတွင်းသို့လောင်းထည့်လိုက်ပြီး ပို၍ကောင်းမွန်သွားစေရန် လတ်ဆတ်သောပုစွန်အချို့ပါပေါင်းထည့်လိုက်သည်။ ငရုတ်ဆီအချို့ကို ထည့်လိုက်ပြီးနောက် သူ၏ဖက်ထုပ်ပြုတ်မှာ ပြီးပြည့်စုံသွားလေပြီ။
ငရုတ်သီး၏အစပ်အနံ့မှာ သူ၏အစာအိမ်ကို တိုက်ခိုက်လာသဖြင့် မော့တိသည်လည်း အနည်းငယ်ဗိုက်ဆာလာသည်။
" ဝိုးးး အနံ့လေးကရှယ်ပဲ… ဘာတွေချက်နေတာလဲ…"
လိုင်သယ်စစ်၏အသံမှ ဧည့်ခန်းမှနေ၍ထွက်ပေါ်လာခဲ့သည်။ ထိုသူနှစ်ဦး ပြန်ရောက်လာချေပြီ။
မော့တိ လက်အိတ်ကိုဝတ်ကာ သူတို့အတွက် ပူပူနွေးနွေး ဖက်ထုပ်ပြုတ်ပန်းကန်လုံးကို သယ်ဆောင်လာသည်။
" ကိုကို…"
မွှေးရနံ့မှာ သူ၏နှာခေါင်းသို့ တိုက်ခိုက်လာသည်နှင့် သူ့ကလေးလေး သူတို့အတွက် ထပ်မံချက်ပြုတ်နေသည်ကို မုထျန်းဟန်သိနေခဲ့သည်။ ထို့အပြင် မော့တိ မီးဖိုချောင်တွင်းမှ ပန်းကန်လုံးနှစ်ခုကို သယ်ဆောင်ကာ ထွက်လာပြီး သူတို့၏တောက်ပစွာပြုံးနေသည့် မျက်လုံးများ ဆုံတွေ့သွားချိန် မုထျန်းဟန်၏နှလုံးသားမှာ ရေအိုင်တစ်ခုသဖွယ် အရည်ပျော်သွားခဲ့ရသည်။
သူ အပြေးလာကာ မော့တိလက်ထဲမှ ပန်းကန်လုံးကိုလှမ်းယူလိုက်ပြီး
" ဘာလို့ ကိုယ်တို့အတွက် ထပ်ချက်နေပြန်တာတုန်း… ဒုက္ခများပါတယ်ကွာ…"
မော့တိ ပြုံးလျက်
" ဒုက္ခမများပါဘူး…ကိုကို ပူနေသေးတုန်း စားလိုက်နော်…"
" အနံ့နဲ့တင် အရသာရှိနေပြီ…"
လိုင်သယ်စစ် စားပွဲသို့ အပြေးသွားကာ ဖက်ထုပ်တစ်ခုကိုကောက်ယူ၍ သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ၎င်းမှာ အလွန်ပူနေသေးသဖြင့် သူကြို့ထိုးသွားခဲ့ပြီး
" ဟမ်းး အရမ်းကောင်းတာပဲ… ရှောင်တိချက်ကျွေးတာတွေက တကယ်ကောင်းလွန်းတယ်…ဒီရက်ပိုင်း မင်းအချက်အပြုတ်ကောင်းမှုနဲ့ ဝိတ်နည်းနည်းလောက်တက်လာရတာ.. အာ ဒါကကောင်းချီးပဲ…"
" ဗိုက်ဆာနေပြီလား…"
မုထျန်းဟန် မော့တိ၏မျက်နှာကို အသာအယာတို့ထိလိုက်ပြီး သူ၏မျက်လုံးမှာ မော့တိထံတွင်သာ ပီကေလိုကပ်နေကာ
" သွား ပန်းကန်လုံးတစ်လုံးသွားယူလိုက် ကိုယ့်ဟာကိုခွဲစားကြမယ်…"
မော့တိငြင်းလိုက်မည်ပြုသော်လည်း မုထျန်းဟန်နှင့် အတူဝေမျှစားရမည့်ပျော်ရွှင်မှုကို တွေ့မိသွားသည့်အတွက် ခေါင်းငြိမ့်ကာ နောက်ထပ်ပန်းကန်တစ်လုံးပြေးယူလိုက်သည်။
လိုင်သယ်စစ်၏ခံစားချက်များ ထပ်မံချဉ်စူးသွားရပြန်သည်။ သူအံ့ကိုကြိတ်လျက်
" ဒီမှာအများကြီးရှိနေသေးတာကို ခွဲစားဖို့လိုသေးလို့လားဟ… တစ်စုံတစ်ယောက်ကတော့ သေချာပေါက်ကို သားရဲတစ်ကောင်လို ပြုမူနေတာပဲဟေ့…"
" စားသောက်တာကမှ မင်းရဲ့ပါးစပ်ကိုမပိတ်နိုင်ရင် ငါမင်းဆီက ယူစားလိုက်ရမလား…"
မုထျန်းဟန် လိုင်သယ်စစ်ကို ကြည့်ကာပြောလာခဲ့သည်။
" ရှောင်တိကဒါကို ငါ့အတွက်လုပ်ပေးထားတာ မင်းယူသွားစရာဘာအကြောင်းမှမရှိဘူး…"
လိုင်သယ်စစ်ချက်ချင်းဆိုသလို ပန်းကန်လုံးကို အနားသို့ဆွဲယူကာ ကာကွယ်လိုဟန်ဖြင့် လက်မောင်းများကြားဖွက်ထားလိုက်သည်။
မော့တိပြန်ရောက်လာချိန်၌ သူမုထျန်းဟန်ဘေးတွင် ထိုင်ချလိုက်ရာ မုထျန်းဟန်မှ ပန်းကန်အသေးလေးထဲသို့ ဖက်ထုပ်ပြုတ်များ ခွဲပေးလာသည်။
မော့တိစားလို့ပြီးချိန်၌ မုထျန်းဟန်မှအကောင်ငယ်လေးများကို အစာကျွေးနေသကဲ့သို့ ထပ်မံခပ်ထည့်ပေးလာပြန်သည်။
လိုင်သယ်စစ် မျက်လုံးကိုသာ လှန်မိတော့သည်။ ထိုသူမှာ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ဖက်ထုပ်တစ်ခုခြင်းထည့်ပေးနေခြင်းပင် ဖြစ်သည်။
ငါးခုမျှစားပြီးချိန်၌ မော့တိ ထပ်မစားလိုတော့ကြောင်း ပြောလာသဖြင့် မုထျန်းဟန် ရပ်တန့်လိုက်ရကာ အနည်းငယ်ဆုံးရှုံးသွားသကဲ့သို့ ခံစားနေရသည်။ သူထပ်ပေးသည်ကိုစောင့်ဆိုင်းနေသည့် ထိုကလေးလေး၏နာနာခံခံရှိပုံမှာ အလွန်ချစ်စရာကောင်းသဖြင့် လက်လွှတ်ရန်ခဲယဉ်းလှသည်။
မော့တိခဏကြာ ထိုင်ချလိုက်ပြီးနောက် စာများကိုစစ်ဆေးလိုက်ချိန်တွင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူအဝင်စာနေရာသို့ဖွင့်ကြည့်လိုက်ချိန်၌ သေသေချာချာပင် ထိုနေရာတွင် ပွဲစီစဉ်သူများထံမှ မေးလ်တစ်စောင်ရှ်ိနေခဲ့သည်။
" ကိုကို ဂိမ်းပြိုင်ပွဲအတွက် စည်းကမ်းအသစ်ပေါ်လာပြီ…"
" ဘာတဲ့လဲ…"
မုထျန်းဟန် ချစ်မြတ်နိုးစွာဖြင့် မော့တိကို ကြည့်လာခဲ့သည်။
" ဒီတစ်ခု…"
မော့တိ ဖုန်းကို မုထျန်းဟန်ထံသို့ လှမ်းပေးလိုက်ကာ
" ကျွန်တော်တို့က သူတို့စီစဉ်ပေးထားတဲ့နေရာမှာ နေရမှာတဲ့…ပရိုဂရမ်ကလည်း တစ်ပတ်တစ်ခါထုတ်လွှင့်နေလိမ့်မယ်…ကျွန်တော်ထင်တာတော့ သူတို့က ကျွန်တော်တို့အလုပ်လုပ်နေတဲ့အပိုင်းတွေကို ထုတ်ပြချင်တာထင်တယ်…"
မုထျန်းဟန် မေးလ်ကိုဖတ်လိုက်သော်လည်း အလွန်စိတ်လှုပ်ရှားနေခြင်းမရှိပေ။
" သူတို့က မင်းတို့အားလုံးကိုပြောင်းစေချင်ပြီးတော့ လုပ်ပုံကိုင်ပုံတွေကို တစ်ခါတလေလာရိုက်နေမှာလား…"
" အမ်းး…"
မော့တိ မုထျန်းဟန်၏တွန့်ဆုတ်နေပုံကို ခံစားမိသွားသဖြင့်
" ကိုကို ကျွန်တော်ရဲ့ကိုယ်ပိုင်အနေအထားကို ကျူးကျော်ခံရမှာအတွက်စိတ်ပူနေဖို့မလိုပါဘူး…သူတို့က တစ်ပတ်ကို နှစ်နာရီပဲလာရိုက်မှာ…ပြီးတော့အချိန်ကလည်း အဖွဲ့တိုင်းကို ခွဲဝေပေးရမှာဆိုတော့ တစ်ယောက်ကိုအများဆုံးမှ နှစ်မိနစ်ပဲရိုက်ကြလိမ့်မယ်…"
" ဟင့်အင်း…"
မုထျန်းဟန်မျက်မှောင်ကြုတ်လျက်
" အရေးမကြီးတဲ့အဖွဲ့ဝင်တွေကို အများကြီးပြမှာမဟုတ်ဘူး… အဖွဲ့ခေါင်းဆောင်တွေကိုပဲ သူတို့အဓိကထားရိုက်ကြမှာ…"
" မင်းသွားရမှာလား…"
" အမ်းး ဒါက မဖြစ်မနေလုပ်ရမှာပဲ…ကျွန်တော်တို့ ဗုဒ္ဓဟူး ဒါမှမဟုတ် ကြာသပတေးနေ့ကြ အကြောင်းပြန်ပေးရလိမ့်မယ်…"
Xxxxx