Chapter 109
မော့တိ မုထျန်းဟန်ဆိုလိုချင်သော မဖော်ပြနိုင်သည့်စည်းမျဉ်းကို သိနေခဲ့သည်။ ၎င်းမှာအဖွဲ့အစည်း၏နေရာတိုင်းတွင် တည်ရှိနေလေသည်။
" ရှောင်တိလေးပြောတာက မင်းနှစ်ရက်သုံးရက်လောက် အပြင်သွားရဦးမှာပေါ့..."
လိုင်သယ်စစ် သက်ပြင်းချကာ
" ကြည့်ရတာတော့ ငါနေ့တိုင်းညစာငတ်တော့မှာပဲ…"
မုထျန်းဟန် မပျော်မရွှင်ဖြစ်နေသေးသည်ကို မြင်နေရသဖြင့် မော့တိ ချိုသာစွာပြောလိုက်သည်။
" ကိုကို ကျွန်တော်တို့ အဲ့မှာပဲ အချိန်တိုင်းခြေချုပ်မိနေမှာမဟုတ်ဘူးလေ…ပိတ်ရက်တွေဆို ထွက်ခွင့်ရမှာပါ…ကျွန်တော်အဲ့အချိန်ကျ အိမ်ပြန်လာမယ်လေ…"
" ကိုယ်အဲ့ဒါကို စိတ်ပူနေတာမဟုတ်ဘူး… ကိုယ်စိုးရိမ်တာ တစ်စုံတစ်ယောက်ကများ…"
မုထျန်းဟန်သက်ပြင်းချလိုက်မိကာ မော့တိ၏ဆံပင်များကို ပွတ်သပ်ပေးလိုက်ပြီး
" အဲ့ဒါက သီးသန့်နေရာမျိုးပဲ တစ်စုံတစ်ခုသာဖြစ်ပျက်သွားရင် ကိုယ်မင်းဆီအချိန်မီရောက်နိုင်မှာမဟုတ်ဘူး…ကိုယ်မတတ်နိုင်ပေမဲ့ စိတ်ပူနေမိတယ်ကွာ…"
" ကိုကိုကျွန်တော်အဆင်ပြေပါတယ်… သုဝမ်ကျင်းနဲ့ကိစ္စပြီးထဲက အရာတိုင်းကို သတိထားနေတာပါ…ကိုကိုစိတ်ချထားလို့ရတယ်…"
မော့တိ သူ၏ခေါင်းပေါ်မှ မုထျန်းဟန်၏ကြီးမားသည့်လက်ကြီးကို ယူကာ သူ၏လက်များနှင့်ရစ်ပတ်ထားလိုက်ပြီး
" ကိုကိုစိတ်ပူဖို့မလိုပါဘူး အဆင်ပြေသွားပါလိမ့်မယ်…"
မုထျန်းဟန် မည်ကဲ့သို့စိတ်ချထားနိုင်ပါမည်နည်း။ မည်သို့ပင်ဆိုစေကာမူ သူ၏အချစ်လေးကို တားဆီးခြင်းမှာ မေးခွန်းထုတ်စရာပင်မလိုချေ။ သူယခင်ကြိုးစားထားခဲ့သမျှကို အချည်းနှီးဖြစ်သွားစေလိမ့်မည်ပင်။
" ဒါဆိုလည်း မင်းပိုပြီးဂရုစိုက်ရလိမ့်မယ်နော်…ဟုတ်ပြီလား… တစ်ခုခုဖြစ်လာရင် မင်းရဲ့သူငယ်ချင်းတွေဆီအမြန်ပြေးသွားပြီးတော့ ကိုယ့်ကိုခေါ်လိုက်နော်…"
" အင်း…"
မော့တိ ခိုင်ခိုင်မာမာခေါင်းငြိမ့်လိုက်သည်။ သူရုတ်တရက်ဆိုသလို မုထျန်းဟန်၏ကိုယ်ပေါ်သို့ မှီချလိုက်ကာ သူ၏ခေါင်းကို မုထျန်းဟန်၏လည်ပင်းကြား မြုပ်နှံလိုက်ပြီး
" ကိုကို့ကို ကျွန်တော်တော့အရမ်းလွမ်းနေတော့မှာပဲ…"
မုထျန်းဟန် ချက်ချင်းဆိုသလို မော့တိ၏နားရွက်လေးသို့ အနမ်းတစ်ပွင့်ပေးလိုက်ပြီးနောက် သူ၏လက်မောင်းများကြားတွင်ထားကာ ရင်ဘတ်ဖြင့် တင်းကြပ်စွာဖိချလိုက်ပြီး
" အမ်းး ကိုကိုလည်း မင်းကိုအရမ်းလွမ်းနေမှာ…"
လိုင်သယ်စစ်မှာမူ အနှီမြင်ကွင်းကြောင့် ပြင်းထန်စွာသီးသွားခဲ့ရသည်။ ငရုတ်ဆီမှာ သူ၏နှာခေါင်းဆီသို့ပင် ရောက်သွားခဲ့ရသဖြင့် မျက်ရည်များပင် ကျဆင်းလာလေသည်။
" အား အားး မင်းတို့ဘေးပတ်ဝန်းကျင်ကို နည်းနည်းလောက်လေးများ ဂရုစိုက်ပေးနိုင်မလားနော်… ဒီတစ်ကိုယ်တည်းခွေးလေးရှေ့မှာမလုပ်စမ်းပါနဲ့ နာတယ်ဟ…"
မကြာခင်မှာပင် ဗုဒ္ဓဟူးနေ့မှာရောက်ရှိလာသည်။ ထိုနေ့တွင် မုထျန်းဟန် ကားမောင်းကာ စီစဉ်ထားသောနေရာဖြစ်သည့် မြို့စွန်သို့လိုက်ပို့ခဲ့သည်။
ရှန့်ယွီချောင်နှင့်လင်ကျွင်းဖုန်တို့မှာမူ သူတို့၏မွေးရပ်မြေတွင်သာရှိနေသေးသဖြင့် မနက်ဖြန်မှရောက်လာပေမည်။ အခြားအဖွဲ့ဝင်များမှာမူ ဗုဒ္ဓဟူးနေ့ည အရောက်လာရန် သဘောတူခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့၏တည်ရှိမှုမှာ ထိုမျှအရေးမပါသေးချေ။ အဖွဲ့ခေါင်းဆောင်သည်သာ နေထိုင်ရန်အိမ်နှင့်လိုအပ်သောပစ္စည်းများကိုရွေးယူရန်အတွက် စောစီးစွာလာရောက်ရန်လိုလေသည်။
မော့တိ ကိုးနာရီအချိန်တွင်ရောက်ရှိလာပြီး နားနေခန်းဆီသို့ ဦးတည်လိုက်သည်။
သူအခြေစိုက်စခန်းသို့ရောက်ရှိလာသည်နှင့် ကင်မရာများမှာလည်း ရိုက်နှင့်ပြီးပင်ဖြစ်သည်။ မော့တိအသက်ရှုအောင့်ထားရသဖြင့် သူ၏မျက်နှာမှာ နီမြန်းလာကာ ကင်မရာအောက်တွင် အနည်းငယ်ရှက်ရွံ့ကာ ချုပ်ထိန်းထားပုံပေါ်နေသည်။
ထိုရိုက်ချက်ကိုထုတ်လွှင့်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် အမေနှင့်အစ်မဖန်များကို ဆွဲဆောင်နိုင်ခဲ့ကာ မော့တိမည်မျှချစ်ဖို့ကောင်းနေသည်ကို ဆွေးနွေးနေကြသည်။
မည်သို့ပင်ဖြစ်စေ မော့တိ၏ရည်ရွယ်ချက်မှာ ရှက်ရွံ့ချင်ယောင်ဆောင်ရန်မဟုတ်ပေ။ သူ၏ရည်ရွယ်ချက်မှာ အားနည်းကာ အခြားအဖွဲ့ခေါင်းဆောင်များနှင့်ဆုံချိန်တွင် အန္တရာယ်မပေးနိုင်သည့်ပုံပေါ်နေစေရန်ဖြစ်သည်။ အဆုံးတွင် သူတို့၏ဂိမ်းမှာ ထိပ်ဆုံးနှစ်နေရာတွင်ရှိနေသော်လည်း အခန်းခုနစ်ခန်းသာရှိနေသေးသည်လေ။
မော့တိ နားနေခန်းတံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် အခြားသောအဖွဲ့ခေါင်းဆောင်သုံးဦးလည်းရောက်ရှိနေပြီးဖြစ်သည်။ မော့တိ အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်သည် ။
" ဟယ်လို အားလုံး မင်္ဂလာပါနော်…"
" ဟယ်လို.."
ထိုသူသုံးဦးမှ ထရပ်ကာ ပြန်နှုတ်ဆက်လာသည်။
ထိုသူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ အမျိုးသားနှစ်ဦးမှာ အနည်းငယ်တောင့်တင်းပြီး တစ်ဦးမှာ ပုံမှန်ပရိုဂရမ်မာပုံစံ ဗြောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး တစ်ဦးမှာမူ ပို၍ယဉ်ကျေးစွာ ဝတ်စုံပြည့်နှင့်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ အမျိုးသမီးမှာမူ အဖြူရောင်ဂါဝန်နှင့်အတူ လက်ရာမြောက်စွာ ပြင်ဆင်ချယ်သထားသဖြင့် အတော်လေး ဆွဲဆောင်မှုရှိနေလေသည်။
မော့တိ ထိုလူများနှင့်ပတ်သက်၍ အချက်အလက်တစ်ချို့ရှိထားပြီးဖြစ်သည်။ အထူးသဖြင့် ဗြောင်ရှပ်အင်္ကျီဝတ်ဆင်ထားသူမှာ သူ၏ယခင်ဘဝတွင် ထိုပြိုင်ပွဲ၌ ဒုတိယရရှိခဲ့သောအဖွဲ့ဖြစ်သည်။
" မင်းတို့ကစောစောရောက်လာကြတာပဲ.. ကျွန်တော်အစောဆုံးဖြစ်မယ်ထင်နေတာ…"
မော့တိ နောက်မှ တံခါးကိုပိတ်ကာ သူတို့ကို ဖော်ရွေစွာပြုံးပြလိုက်သည်။
" တကယ်တော့ ငါတို့ကအစောဆုံးမဟုတ်ဘူး… ပထမဆုံးတစ်ယောက်ကသန့်စင်ခန်းသွားနေလို့လေ…"
အမျိုးသမီးမှာ မော့တိဆီသို့လျှောက်လာကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူမတွင်သေးငယ်သော ပုံပန်းသွင်ပြင်ရှိပြီး ၁၀၆ စင်တီမီတာမျှသာ မြင့်မားပေမည်။ နံမည်ကဒ်ပြားမှဆိုသည်မှာ လိချင်းချင်းဖြစ်ပြီး ကျန်သူနှစ်ဦးမှာမူ မာချောင်နှင့် ရှန်းကျားကျားတို့ဖြစ်ကြသည်။
" အဲ့ဒါဆိုရင် အဖွဲ့ခေါင်းဆောင်ငါးယောက်ပဲရောက်သေးတာပေါ့…"
မော့တိမေးလိုက်သည်။
" အမ်းး ဒါပေမယ့် ရောက်လာကြဦးမယ်ထင်တယ်…"
လိချင်းချင်းပြောလိုက်သည်နှင့် ဝင်ရောက်လာသည့်ခြေသံများကို ကြားလိုက်ရသည်။
" ဒီမှာ ရောက်လာကြပြီပဲ…"
နောက်ထပ်တစ်စက္ကန့်အကြာတွင် တံခါးမှာ ပွင့်သွားပြီး အဖြူရောင်ရှပ်အင်္ကျီနှင့်အသားရောင်ဘောင်းဘီကိုဝတ်ဆင်ထားသော စွဲမက်ဖွယ်ရုပ်ရည်နှင့် အမျိုးသားတစ်ဦးဝင်ရောက်လာသည်။
" အိုးး အဖွဲ့ခေါင်းဆောင်ယဲ့ပဲ …ကျွန်မကလူသစ်လာပြီထင်နေတာ…"
လိချင်းချင် မော့တိကို မိတ်ဆက်ပေးလိုက်သည် ။
" ဒါကတော့ အမျိုးကောင်းသားတွေဘက်ကိုသွားမယ့် အဖွဲ့ခေါင်းဆောင်ယဲ့လေ… သူကပထမဆုံးရောက်လာတာ.. ပြီးတော့ ရိယဲ့ရှန်းအဖွဲ့ရဲ့ခေါင်းဆောင်လည်းဟုတ်တယ်…"
မော့တိ ယဲ့ချန်းဖုန်ကို မည်သည့်အမူအယာမှ ပြသခြင်းမရှိဘဲ ကြည့်လိုက်သည်။ သူအံ့ဩသွားမိသော်လည်း ထိုအရာမှာ သူ့ကိုများစွာထိတ်လန့်သွားစေခြင်းမရှိခဲ့ပေ။
သူ၏ယခင်ဘဝတွင် ယဲ့ချန်းဖုန်သည် ပထမဂိမ်းပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိပေ။ ဒုတိယအကြိမ်မှသာ ချန်ပီယံဖြစ်ခဲ့လေသည်။ သို့သော်လည်း ယခုဘဝတွင်မူ များစွာသောအပြောင်းအလဲများဖြစ်ပျက်နေသဖြင့် မော့တိလည်း မျှော်လင့်မထားသည့်အရာများကို အသားကျလာခဲ့သည်။
" တွေ့ရတာဝမ်းသာပါတယ် ခေါင်းဆောင်ယဲ့…"
မော့တိ ယဲ့ချန်းဖုန်ကို ပြုံးပြလိုက်သည်။
မော့တိကိုတွေ့သည်နှင့် ယဲ့ချန်းဖုန်၏မျက်လုံးထဲတွင် ရန်လိုမှုတစ်စုံတစ်ရာ ဖြတ်ပြေးသွားသော်လည်း သူ၏အကြည့်ကိုသိမ်းလိုက်ပြီး လူကြီးလူကောင်းဆန်စွာပြုံးလျက် " ဟယ်လို မင်းက…."
" မော့တိပါ…" မော့တိ သူ၏နာမည်ကဒ်ပြားကို ညွှန်ပြလိုက်သည်။
" အိုး မင်းကမော့တိပဲ…ငါမင်းအကြောင်းအများကြီးကြားဖူးတယ်…မင်းကတက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ပထမရထားတဲ့သူပဲ…အဲ့တုန်းက မြင်းနက်တစ်ကောင်ဖြစ်ခဲ့တာဆို…" ယဲ့ချန်းဖုန် ပြုံးလျက်ဆက်ပြောလာခဲ့သည် " မင်းရဲ့အရင်ကရမှတ်တွေနဲ့တော်တော်ကွာခြားတယ်ဆိုတာ ကြားလိုက်သေးတယ်…မင်းနောက်ဆုံးအကြိမ်လေးမှာ ဖောက်ထွက်သွားတာ မယုံနိုင်စရာပဲ…"
" အဟွတ်.. ကျွန်မတို့ အခြားအသင်းရဲ့ခေါင်းဆောင်တွေကို သွားစောင့်ကြမလား… ဒီမှာ နည်းနည်းပျင်းဖို့ကောင်းလာပြီ…" လိချင်းချင်း တမင်တကာ စကားလမ်းကြောင်းလွဲလိုက်လေသည်။ ယဲ့ချန်းဖုန်၏စကားပြောဆိုပုံတွင် တစ်ခုခုလွဲမှားနေသလိုပင်။ ၎င်းမှာ သူတို့ယခင်ပြောနေသည့်အရာများနှင့်ကွာခြားလှသည်။
" ငါ့အတွက်တော့အဆင်ပြေပါတယ်…" ယဲ့ချန်းဖုန် ယဉ်ကျေးစွာပြန်ဖြေလိုက်သော်လည်း တကယ်တမ်းမှာတော့ သူအလွန်မသာမယာဖြစ်နေခဲ့သည်။
မော့တိကို တွေ့လိုက်ရချိန်တွင် ရှောင်ကွေ့ကိုနာကျင်စေခဲ့သော သူ၏လုပ်ရပ်ကိုသတိရသွားစေသဖြင့် ယဲ့ချန်းဖုန်ကို ခဏကြာမျှ စိတ်လွတ်သွားစေခဲ့သည်။ သို့သော်လည်း သူ၏လူထုအမြင်ကိုထိခိုက်စေမည်စိုးသောကြောင့် ယဲ့ချန်းဖုန် သူ၏ရန်လိုနေမှုများကို ထုတ်ပြရန် ငြင်းပယ်လိုက်လေသည်။
အလားတူစွာပင် မော့တိသည်လည်း မထူးခြားသကဲ့သို့ ပြုံးလျက် လိချင်းချင်းကိုပြောလိုက်လေသည် " ကျွန်တော်ကတော့ သန့်စင်ခန်းအရင်သုံးချင်လို့.. မင်းတို့ပဲအရင်သွားနှင့်ကြပါ…"
" ကောင်းပြီ ကောင်းပြီ…" လိချင်းချင်း လက်ညှိုးထိုးပြလိုက်ပြီး " အဲ့နေရာက ဘယ်ဘက်ကော်ရစ်ဒါမှာနော်…"
" ကျေးဇူးပါ…"
နားနေခန်းမှ ထွက်လာပြီးနောက် မော့တိ အလျင်အမြန် သန့်စင်ခန်းတွင်းသို့ဝင်ကာ မုထျန်းဟန်ဆီသို့ စာတစ်စောင်ပို့လိုက်ပြီးနောက် ကြယ်သီးတစ်လုံးကဲ့သို့ ပြုလုပ်ထားသည့် အသံဖမ်းစက်အသေးလေးကိုထုတ်ကာ သူ၏အိတ်ကပ်တွင်းသို့ ထည့်လိုက်လေသည်။
မော့တိ ပြန်ရောက်လာချိန်၌ အခန်းထဲတွင် လူသစ်သုံးဦးရှိနေပြီဖြစ်သည်။ အားလုံးမှာ အမျိုးသားများသာဖြစ်ကြကာ သူတို့ထဲမှ တစ်ဦးသည် ခေါင်းပြောင်နေသော အသက်သုံးဆယ်တွင်းမှလူတစ်ယောက်ဖြစ်သည်။ မော့တိ မသိစိတ်မှ သူ၏ဆံပင်ကို ထိလိုက်မိကာ တတ်နိုင်သမျှ ညနက်သည်အထိနေခြင်းကို နည်းပါးစေရန် ဆုံးဖြတ်လိုက်သည်။ ပရိုဂရမ်မာတစ်ဦး၏လုပ်ငန်းခွင်အန္တရာယ်မှာ ရေရှည်တွင် အလွန်ဆိုးဝါးလှပေသည်။
မော့တိ ဝင်ရောက်လာချိန်တွင် လူတိုင်းမှာ တက်ကြွစွာဆွေးနွေးနေကြပြီးဖြစ်သည် ။
" အိုးး ကျွန်မလား ကျွန်မက ရုပ်သေးဂိမ်းများရဲ့အဖွဲ့ခေါင်းဆောင်ပဲ…"
လိချင်းချင်း သူမကိုယ်သူမမိတ်ဆက်လိုက်သည်
" ကျွန်မတို့အဖွဲ့မှာက မိန်းကလေးဆယ်ယောက်နဲ့ ယောင်္ကျားလေးဆယ်ယောက်ရှိပြီးတော့ အရမ်းလိုက်ဖက်ညီတယ်လေ…"
" ဒါကရဖို့ခက်ခဲတာပဲ… ငါမနာလိုဘူးနော်…"
လိချင်းချင်းကိုစကားပြောနေသူမှာ အနက်ရောင်ရှပ်အင်္ကျီနှင့် စတိုင်ပန့်ဝတ်ဆင်ထားသောဟွားထျန်ပင်ဖြစ်သည် " ကျွန်တော်ကတော့ လေးရာသီရဲ့အဖွဲ့ခေါင်းဆောင်ပါ…ကျွန်တော်တို့ဆီမှာတော့ ယောင်္ကျားလေးတစ်ဆယ့်ခုနစ်ယောက်နဲ့ မိန်းကလေးသုံးယောက်ပဲရှိပါတယ်…ကျားမအချိုးအစားကတော့ အတော်လေးကို ကွာခြားတာပဲ…"
" ကျွန်တော်ကတော့ အဆိပ်အနမ်းရဲ့အဖွဲ့ခေါင်းဆောင်ပါ…" အင်္ကျီအကွက်ဝတ်ဆင်ထားသော ခပ်ဝဝလူဖြစ်သည့် ရှောက်ချန်ခန်းမှ ကြားဖြတ်ကာ " ကျွန်တော်တို့ကတော့အားလုံး ယောင်္ကျားသားတွေကြီးပဲ.. ဒါပေမယ့်အဓိကလုပ်တာတော့ မိန်းကလေးတွေကိုအများဆုံးဆွဲဆောင်နိုင်တဲ့ ရှိုဂျိုဂိမ်းမျိုးတွေပါ… ခင်ဗျားတို့တွေးကြည့်ဖို့တောင်ခက်ခဲတယ်မလား ဟားဟားဟား…"
မော့တိမှာ ထိုအချက်အလက်များကို ကြိုတင်ရရှိထားပြီးပြီဖြစ်သောကြောင့် အံ့ဩနေခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ အခြားသူများမှာမူ အတော်လေးရှော့ရနေကြသည်။ ထိုစဉ် လိချင်းချင်းမှ ထအော်လာခဲ့သည် " ရှင်တို့ကအချစ်ကဒ်များရဲ့ဖန်တီးသူတွေလား…"
" အမှန်ပါပဲ…" ရှောက်ချန်ခန်း ဂုဏ်ယူနေမှုဖြင့် သူ၏မျက်ခုံးကိုပင့်လိုက်သည်။
ကင်မရာအဖွဲ့သားများမှာမူ သူတို့ကို အားရပါးရထိုးချိန်ထားကာ ပထမဆုံးပေါက်ကွဲနိုင်မည့်သတင်းကို အရယူရန်အတွက် အသေအချာရိုက်ကူးနေကြသည်။
ယောင်္ကျားကြီးတစ်စုက မိန်းကလေးကြိုက်ဂိမ်းတွေလုပ်တယ်တဲ့လား…ဒီအရာက မမျှော်လင့်ထားတာပဲ…
အခြားထိပ်တန်းဂိမ်းမှာ ဒဏ္ဍာရီလာဖြစ်ပြီး ယောင်္ကျားလေးတစ်စုမှဖန်တီးထားခြင်းဖြစ်ကာ သူတို့ထဲမှအချို့မှာ နိုင်ငံခြားသားများဖြစ်သည်။
ထူးထူးဆန်းဆန်းပင် ယဲ့ချန်းဖုန်ပြုလုပ်ထားသော စွဲမက်ဖွယ်ကောင်းသည့်အားကစားဂိမ်းမှာ အဆင့်ရှစ်မျှသာရှိနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ မော့တိ သတိကြီးကြီးထားသည့်အရာမှာ ယဲ့ချန်းဖုန်၏မြင့်မားသောအလားအလာမဟုတ်ဘဲ သူ၏အင်္ကျီလက်အတွင်းဖွက်ထားသော(ဝှက်ဖဲ)အရာပင်ဖြစ်သည်။ ထိုအရာသည်လည်း နောက်တစ်ဆင့်ကို ခြောက်ဖွဲ့သာတက်ရောက်နိုင်မည်ဖြစ်သောကြောင့် သူထုတ်ယူခဲ့ရသည်ပင်။
မော့တိ စောင့်ဆိုင်းကာကြည့်နေရန်သာလိုမည်။
Xxxxxx