အပိုင်း ၁၁၀
Viewers 28k

Chapter 110





သူ၏ခန့်မှန်းချက်သာမှန်ကန်မည်ဆိုပါက ယဲ့ချန်းဖုန်၏ လျို့ဝှက်ကဒ်မှာ ယခင်ဘဝတွင် သူ့ကိုချန်ပီယံရအောင်လုပ်ဆောင်ပေးမည့်အရာဖြစ်သည်။ သူ၏မိန့်ခွန်းအရ ထိုအရာမှာ သုံးနှစ်တာမျှ လုပ်ဆောင်ခဲ့ရသော ဂိမ်းတစ်ခုဖြစ်သည်။



ယခုအချိန်၌ အချိန်တစ်နှစ်ပို၍နည်းခဲ့ရလေရာ ရလဒ်မှာ မည်သို့ဖြစ်နိုင်မည်နည်း။



နေ့လည်ဆယ့်တစ်နာရီအချိန်တွင် အဖွဲ့ခေါင်းဆောင်များအားလုံးရောက်ရှိလာကြပြီဖြစ်သည်။ ဝန်ထမ်းမှ သူတို့ကို ဗီလာအချို့ဆီသို့ ခေါ်ဆောင်သွားပေးကာ ခေါင်းဆောင်များကို သူတို့စိတ်တိုင်းကျအိမ်ကို ရွေးချယ်စေသည်။



သူတို့ရွေးချယ်ရမည့်အိမ်မှာ သူတို့ရရှိထားသောအဆင့်အတိုင်းပင်ဖြစ်သည်။



ရှင်းရှင်းလင်းလင်းပင် ယဲ့ချန်းဖုန်ထိုစည်းမျဉ်းကို ‌မမျှော်လင့်ထားသည့်အတွက် သူ၏မျက်နှာမှာ ခဏမျှမဲမှောင်သွားခဲ့သည်။



သူသာကြိုသိခဲ့မည်ဆိုပါက ယခုလိုအခြေအနေတွင်‌ နေမည့်အစား သူ၏လျှို့ဝှက်ကဒ်ကိုသုံးလိုက်မည်ပင်။



ဗီလာနံပါတ်တစ်မှာ လေးထပ်ရှိပြီး နှစ်နှင့်သုံးတို့တွင် သုံးထပ်စီရှိကြကာ ဗီလာနံပါတ်သုံးမှာ ချောင်အကျဆုံးနေရာတွင်ရှိသည်။



အဆင့်ဇယားတွင်ပထမရရှိထားသော ဒဏ္ဍာရီလာဂိမ်းအဖွဲ့မှာ ဗီလာနံပါတ်သုံး၏ထိပ်ဆုံးအလွှာကိုရွေးချယ်လိုက်သည်။ ကြည့်ရသည်မှာ လူတိုင်းက ထိပ်ဆုံးအလွှာများမှာ လုံခြုံမှုအရှိဆုံးဟု ခံယူထားပုံပင်။



မော့တိ ဗီလာနံပါတ်နှစ်၏ထိပ်ဆုံးအလွှာကိုရွေးချယ်လိုက်သည်။



နောက်တစ်ဖွဲ့မှာ ရှောက်ချန်ခန်းတို့ဖြစ်ပြီး ဗီလာနံပါတ်တစ်၏ထိပ်ဆုံးအလွှာကို ရွေးချယ်ခဲ့သည်။



လေးခုမြောက်အဖွဲ့မှာ ဗီလာနံပါတ်သုံး၏ဒုတိယထပ်ကို ရွေးချယ်ထားပြီး တစ်ဖွဲ့တည်း‌သော မိန်းကလေးခေါင်းဆောင်ရှိသည့် လိချင်းချင်းတို့မှာ ဗီလာနံပါတ်နှစ်၏ဒုတိယထပ်ကိုရွေးချယ်ခဲ့သည်။



" မောင်ငယ်လေး ငါတို့အိမ်နီးချင်းတွေဖြစ်တော့မှာပဲ…" ‌လိချင်းချင်း မော့တိကို လှမ်းကြည့်ကာ ပြောလိုက်သည်။



မော့တိ အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလာခဲ့သည် " ကျွန်တော်အဖွဲ့လူနည်းပြီးတော့ ပုံမှန်အားဖြင့် ဆူဆူညံညံတွေမလုပ်တတ်ဘူးဆိုတော့ အစ်မတို့ကို အနှောင့်အယှက်မဖြစ်စေဖို့အတွက် အာမခံပါတယ်…"



" အသင်းငယ်‌လေးလား…" လိချင်းချင်း၏သိချင်စိတ်မှာ မြင့်တက်လာသည် " မင်းတို့အဖွဲ့မှာ လူဘယ်နှယောက်ရှိတာလဲ…"



" အစ်မတို့ရဲ့တစ်ဝက်လောက်ပါပဲ…"



" အဲ့လောက်နည်းတယ်လား…" လိချင်းချင်း အံ့ဩသွားမိသည် " ဒီလောက်လူနည်းတဲ့အဖွဲ့နဲ့ ဘယ်လိုများသတ်မှတ်ချိန်အမီပြီးအောင် လုပ်နိုင်ကြတာလဲဟင်…အစ်မတို့ဆီမှာဆို လူများပေမဲ့ အမြဲတမ်း ကပ်သီးလေးလွတ်အောင်ပဲ အချိန်မီနိုင်တာ…"



အခြားသောအဖွဲ့ခေါင်းဆောင်များသည်လည်း မော့တိကို လေးစားသမှုဖြင့် ကြည့်လာကြသည်။ အကယ်၍သာ သူတို့ထိုမျှလောက် လူနည်းမည်ဆိုပါက တာဝန်ကို ကျဆုံးရန်မှာ ရှစ်ဆယ်ရာခိုင်နှုန်းထက်မနည်းပင်ရှိလေသည်။



" အာ.. ကျွန်တော်တို့အကုန်လုံးက အရမ်းစိတ်ဓာတ်ပြင်းထန်ကြလို့ပါ…" မော့တိပြုံးလျက်‌ဖြေလိုက်သည်။



အဆင့်ခြောက်အဖွဲ့မှာ အချိန်ခဏကြာမှ ကျပ်တည်းသွားပြီးနောက် အဆုံးတွင် ဗီလာနံပါတ်တစ်၏ဒုတိယအလွှာကို ရွေးချယ်လိုက်သည်။



အဆင့်ခုနစ်အဖွဲ့မှာမူ ပို၍ပင် ကျပ်တည်းသွားရလေသည်။ ကျန်ရှိသည့်အရာမှာ တတိယထပ်များသာဖြစ်သည့်အတွက် သူမည်သည့်ဗီလာကို ရွေးချယ်ရတော့မည်နည်း။ ဗီလာနံပါတ်တစ်မှာ လေးထပ်ဖြစ်ကာ လူရှစ်ဆယ်မျှဆန့်သည့်အတွက် သူတို့အောက်ဆုံးမရောက်နိုင်ချေ။ သို့သော် ဗီလာနံပါတ်နှစ်တွင် မိန်းကလေးဦးရေများမည်ဖြစ်ရာ ပို၍သန့်ရှင်းနေပေမည်။



‌ဤသို့ဖြင့် သူမော့တိတို့၏ ဗီလာနံပါတ်နှစ်ကိုသာ ရွေးချယ်လိုက်သည်။



အဆင့်ခုနစ်အဖွဲ့ရွေးချယ်ပြီးချိန်တွင် ယဲ့ချန်းဖုန်၏ဒေါသများမှာ စတင်မြင့်တက်လာလေပြီ။



သူ၏အစီအစဉ်ဖြစ်သော မော့တိကို တစ်စုံတစ်ယောက်မှရိုက်နှက်စေမည့်အကြံကို ချောမွေ့စေရန် သူဗီလာနံပါတ်နှစ်၏ပထမထပ်ကိုရွေးချယ်လိုသော်လည်း အဆုံးတွင် ဒေါသကိုဖိနှိပ်ကာ ဗီလာနံပါတ်သုံးကိုသာ ရွေးချယ်လိုက်သည်။



နံပါတ်ကိုးနှင့်တစ်ဆယ်အဖွဲ့များမှာမူ ဗီလာနံပါတ်တစ်သို့ရွှေ့ပြောင်းကြရမည်ပင်။



အဆုံး၌ ဝန်ထမ်းမှ သူတို့အား ဝင်ခွင့်ကဒ်များကို ပေးလာခဲ့သည်။



ဖန်ချန်းလောင်နှင့် အခြားသူများ နေ့လည်ခင်း၌ရောက်ရှိလာချိန်တွင် သူတို့ကို ဝန်ထမ်းမှ ဗီလာဆီသို့ လမ်းညွှန်ပြသခဲ့သဖြင့် ထိုအချိန်၌ သူတို့၏အဆင့်နှစ်နေရာအတွက် အလွန်ဝမ်းသာပီတိဖြစ်ခဲ့ရလေသည်။



သူတို့၏အထပ်တွင်အခန်းခုနစ်ခန်းရှိသည်ဖြစ်ရာ မော့တိတစ်ခန်းကို အများသုံးအဖြစ်သတ်မှတ်လိုက်ပြီး ကျန်သည့်ခြောက်ခန်းမှာ လူတိုင်းနေထိုင်ရန်လုံလောက်နေပြီဖြစ်သည်။



အဖွဲ့ဝင်များအခြေကျပြီးနောက် ဝန်ထမ်းများမှ အိပ်ရာအပိုများတပ်ဆင်ပေးနိုင်ရန်အတွက် အခန်းခွဲဝေယူကြရန်လိုအပ်လာသည်။



မော့တိနှင့်အခြားသူများက မိန်းကလေးများကို တစ်ယောက်တစ်ခန်းစီယူစေကာ ကျန်သည့်လေးခန်းကို သူတို့ခွဲဝေယူရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် အံ့စာတုံးလှိမ့်၍ မည်သည့်အခန်းကျမည်ကို ဆုံးဖြတ်ခဲ့ကြသည်။



မော့တိနှင့်ချန်ကျောင်းတို့မှာမူ ကံကောင်းသည့်နှစ်ယောက်ဖြစ်သော်လည်း လင်ကျွင်းဖုန်၊ရှန့်ယွီချောင်၊ဖန်ချန်းလောင်နှင့်ဟန်ချောင်တို့မှာမူ နှစ်ယောက်တစ်ခန်းနေရမည်ပင်။



မော့တိ၏အဖွဲ့မှာ အခြားသူများနှင့် နှိုင်းယှဉ်ပါက လွယ်ကူနေသေးသည်။ အခြားသူများမှာမူ လူနှစ်ဆယ်မျှပါဝင်ကြသည်ဖြစ်ရာ တစ်ခန်းတွင် သုံးလေးယောက်စီနေရတော့မည်ဖြစ်သည်။ လိချင်းချင်းမှာမူ သူမတက္ကသိုလ်မှအခန်းများသို့ပြန်ရောက်သွားသည်ဟု မကျေမနပ်ပြောဆိုနေခဲ့သည်။



သူတို့အောက်မှ အဖွဲ့တွင် မိန်းကလေးဆယ်ဦးပါဝင်သည်ကို ရှန့်ယွီချောင်သိသွားပြီးချိန်တွင် သူတက်ကြွစွာဖြင့် မိတ်ဆွေဖွဲ့ရန်ကြိုးစားခဲ့သော်လည်း ထိုအစား သူ၏အဖွဲ့ဝင်များထံမှသာ လှည့်စားခံလိုက်ရ‌လေသည်။



မော့တိ၏အခြေချမှုမှာ အေးဆေးနေချိန်တွင် ယဲ့ချန်းဖုန်တို့အဖွဲ့မှာမူ အနည်းငယ်တင်းမာနေကြသည်။



သူတို့အထပ်တွင် အခန်းခုနစ်ခန်းနှင့်ဧည့်ခန်းတစ်ခန်းပါဝင်သည်ဖြစ်ရာ မိန်းကလေးသုံးဦးမှာ အခန်းမျှသုံးမည်ဖြစ်ပြီး ယဲ့ချန်းဖုန်မှာ တစ်ဦးတည်းတစ်ခန်းနေကာ ကျန်သည့်ဆယ့်ခြောက်ယောက်မှာမူ အခန်းလေးခန်းတွင် ကြပ်သိပ်စွာနေရတော့မည်ဖြစ်သည်။



သေချာပေါက်ကိုပင် ယဲ့ချန်းဖုန် အခြားသူများကို သူ့အားမကောင်းမမြင်စေချင်ပေ။ သူ၏ဘေးတွင်ရှိသောအဖွဲ့ဝင်အချို့မှ သူ့အတွက်စကားကူပြောပေးမည်ဖြစ်ကာ မည်သူကမျှ သူ့ကိုလျှော့တွေးတော့မည်မဟုတ်ချေ။



မည်သို့ပင်ဆိုစေကာမူ သေးငယ်သောအခန်းများတွင် တစ်ခန်းလေးယောက်စီနေရာချချိန်၌ မကျေမနပ်သံများမှ ထွက်ပေါ်လာကြသည်။ အချို့ကမနေနိုင်တော့ဘဲ သူတို့၏လျို့ဝှက်ကဒ်ကို ယခင်အကဲဖြတ်မှုတွင် ထုတ်သုံးရန်ပြောခဲ့ကြသော်လည်း ယဲ့ချန်းဖုန်မှ အစပိုင်းတွင် အောက်ဆင့်၌သာနေကာ နောက်မှ စပရိုက်အကြီးကြီးတိုက်မည်ဟူ၍ ငြင်းပယ်ခဲ့ခြင်းကြောင့် ကွန်ပလိန်းတက်လာကြသည်။



ယခုအချိန်၌ သူတို့၏စွန့်လွှတ်အနစ်နာခံမှုမှာ ထိုက်တန်စေရန်သာ မျှော်လင့်ကြရလေသည်။



လက်ရှိအချိန်တွင် ယဲ့ချန်းဖုန် သူ၏အခန်း၌ ဖခင်ဖြစ်သူ၏လူယုံနှင့်ဖုန်းပြောလျက်ရှိပြီး တစ်ဖက်လူမှ သူဖြေရှင်းချင်သည့်အရာများအတွက် နည်းလမ်းများကို ပြောပြနေခဲ့သည်။



၎င်းတို့ထဲမှ တစ်ခုမှာ သူလိုချင်သည့်ထိရောက်သောရလဒ်ပေးနိုင်မည်ကို သူသိနေခဲ့သည်။



မော့တိကို တစ်နိုင်ငံလုံးရှေ့တွင် နာမည်ပျက်သွားစေခြင်းမှာ သူ၏ပြိုင်ပွဲဝင်နေမှုကိုထိခိုက်စေနိုင်မည်ပင်။



ယင်းမှာ အနည်းငယ်မျှဆိုးရွားပြီး သူ၏သိမ်မွေ့ကြော့ရှင်းသောပုံရိပ်နှင့် အနည်းငယ်ဆန့်ကျင်နေရုံသာ ဖြစ်လေသည်။


ယဲ့ချန်းဖုန် တိတ်ဆိတ်နေသည်။ တစ်ဖက်မှ ဦးလေးကျန်းမှာမူ ပြန်ဖြေသံမကြားရသည့်အတွက် ပြောလာခဲ့သည်

" သခင်လေး.. တကယ်လို့မင်းရဲ့နှလုံးသားကလက်မခံနိုင်ဘူးဆိုရင် ကျူးချန်းလန်ဆီကိုပဲ လွှဲပေးလိုက်လည်းရပါတယ်…"


ကျူးချန်းလန်မှာ ယဲ့မိသားစု ကလေးဘဝထဲမှစ၍လက်သပ်မွေးခဲ့သောလူယုံများထဲမှ တစ်ဦးပင်ဖြစ်သည်။ သူသည်ဒရိုင်ဘာဟောင်း၏သားဖြစ်ကာ ယဲ့ချန်းဖုန်အတွက်အလုပ်လုပ်ပေးရန် နေရာချပေးခံခဲ့ရသည်။ ယဲ့ချန်းဖုန် ကွန်ပြူတာသိပ္ပံကို မေဂျာအဖြစ်ယူချိန်၌ သူသည်လည်း အတူတူယူခဲ့ကာ ယခုအချိန်တွင် သူ၏အဖွဲ့တွင် ပရိုဂရမ်မာတစ်ဦးအဖြစ်ပါဝင်နေပြီဖြစ်သည်။



ကျုးချန်းလန်သည် သူ၏နူးညံ့သိမ်မွေ့ပြီး သန့်စင်သောသခင်လေးမလုပ်နိုင်သည့် ညစ်‌ပတ်သောအရာများကိုလုပ်ဆောင်ရန်အတွက် လိမ္မာပါးနပ်ရန် အလေ့ကျင့်ခံရပြီးဖြစ်သည်။



ယဲ့ချန်းဖုန်၏မျက်လုံးများ အနည်းငယ်တွန့်ကွေးသွားကာ အချိန်အတန်ကြာ စဉ်းစားလိုက်ပြီးနောက် ပြောလာခဲ့သည် " အဆင်ပြေပါတယ်လေ… ကျွန်တော်ကတရားမျှတမှုကို ကိုယ်စားပြုပြီးအဲ့ကောင်ကို သင်ခန်းစာပေးမှာပဲဟာ…သနားညှာတာတတ်တာကို ရပ်ဖို့အချိန်ရောက်နေပြီလေ.."



" ဦးလေးကျန်း လာမည့်နှစ်ပတ်အတွင်းမှာ အဖွဲ့တွေအပြင်ထွက်ခွင့်ရတဲ့အချိန်ကြ ကျွန်တော်အဲ့ဒါကိုယူဖို့လာခဲ့မယ်…"



" ကောင်းပါပြီ သခင်လေး ကျွန်တော်မှာရှိနေပြီးသားပါ…"



သခင်လေးမှ ထိုသူကို တိုက်ရိုက်ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သော်ငြား သူ၏လက်များကို ညစ်ပတ်စေ၍မရချေ။ အကယ်၍သာ ထိုကိစ္စမှာ ဆိုးဆိုးရွားရွားအဆုံးသတ်သွားပြီး ပေါက်ကြားခဲ့ပါက ၎င်းမှာ ဘေးဥပဒ်‌ဖြစ်စေနိုင်သည့်အတွင် သခင်လေးပါဝင်မှုနည်းလေ အကောင်းဆုံးဖြစ်လေ ဖြစ်သည်။



ထိုစဉ် မော့တိမှာမူ သူတို့၏ရှင်းလင်းနေဆဲအခန်းများကြား ကူးသန်းသွားလာနေသည်။ သန့်ရှင်းရေးဝန်ထမ်း၏ကျေးဇူးကြောင့် သူတို့ကော်ရစ်ဒါများကို သန့်ရှင်းရေးလုပ်ရန်မလိုတော့ပေ။ ညစာစားမည့်အချိန်သို့ရောက်သောအခါ အထပ်တစ်ခုလုံးမှာ နေရာတကျဖြစ်နေလေသည်။



ချန်ကျောင်း ရှန့်ယွီချောင်နှင့်လင်ကျွင်းဖုန်တို့ဖြင့် အပြန်အလှန်စာပို့နေခဲ့သည်။



ချန်ကျောင်း : မင်းတို့ရဲ့အခန်းကတော့ ရှောင်တိနဲ့ငါ့ကောင်းမှုနဲ့ သန့်ရှင်းသွားပြီနော်…ပြန်လာရင် မုန့်ကျွေးမှာကို မျှော်နေပါမယ်… ဒါမှမဟုတ်လည်း ဒေသစာထဲက အရသာရှိမဲ့ဟာလေးတွေ သယ်လာပေးကြပါဦး…



ရှန့်ယွီချောင် : [မင်းပြောနေဖို့မလိုဘူး] စတစ်ကာ



လင်ကျွင်းဖုန် အသံမက်ဆေ့ပို့လိုက်သည် : ငါတို့ကမနက်ဖြန်လေယာဉ်နော် လိုချင်တဲ့ဟာအတိအကျကို အခုပြောချည်…



ရှန့်ယွီချောင် : ဖက်တီး ငါပြန်သယ်လာတဲ့ဟာမျိုးလေးတွေ့မိသေးလား…ငါ့အမေက ရှောင်တိနဲ့အခန်းတူကျမယ်ဆိုတာသိတာနဲ့ တအားပျော်နေတာ…ရှောင်တိငါ့ကို ကုဒ်တွေဘယ်လိုလုပ်ရတယ်ဆိုတာသိသွားတော့ သူပိုတောင်ပျော်နေသေးတယ်…အမေက ရှောင်တိဖို့ နှစ်သစ်ကူးအတွက်စားကောင်းသောက်ဖွယ်တွေအများကြီးပြင်ပေးလိုက်တာဟေး… နည်းတာကြီးမဟုတ်ဘူး အပြန်ကြရင် သယ်လာရမှာ.. သူအလုပ်ရှုပ်မနေဘူးဆိုရင် အဲ့ထက်ပို‌များနိုင်သေးတယ်…



လင်ကျွင်းဖုန် : မင်းအမေကမိုက်ချက်ပဲ



နောက်တစ်နေ့တွင် ရှန့်ယွီချောင်အလွန်ကြီးမားသောအိတ်ကြီးကို သယ်ကာရောက်ချလာသည်။ အိတ်ထဲတွင် အခြောက်အခြမ်းအစုံနှင့် ထူးခြားသောအရသာရှိသည့်ရေခဲမုန့်များပါဝင်ကာ အောက်ထပ်တွင် ဂျင်ဆင်းတစ်သေတ္တာပါဝင်သည်။



သူမ၏လက်ဆောင်မှာ အလွန်လက်ဖွာလှရာ မော့တိ ကြောင်အသွားလေသည်။



" မင်းလက်ခံရမယ်နော်… ဒါကြီးကိုသယ်လာရတာ ဘယ်လောက်အလုပ်များတယ်ထင်လဲ…ပြီးတော့ အမေကအချိန်အကြာကြီးယူပြီးပြင်ဆင်ပေးထားတာ မင်းလက်မခံရင် သူစိတ်မကောင်းဖြစ်သွားလိမ့်မယ်…" ရှန့်ယွီချောင် ပစ္စည်းများကို မော့တိဆီ တိုးပေးလိုက်ကာ " ရေသွားချိုးလိုက်ဦးမယ်ကွာ.. အောက်မှာက ညီမလေးတွေအစ်မကြီးတွေရှိနေတာ သပ်ရပ်နေဖို့လိုတယ်…"



ရှန့်ယွီချောင် ပစ္စည်းများကိုချန်ထားခဲ့ကာ သူနှင့်လင်ကျွင်းဖုန်တို့၏အခန်းဆီသို့ ပြန်သွားလိုက်ပြီး ချစ်သူရည်းစားရှာဖွေရေးအတွက် သူ၏မျှော်လင့်ချက်ကို တိုးမြှင့်လိုက်သည်။



မော့တိ အနည်းငယ်ဝန်လေးသွားမိ‌သော်လည်း သူကျေးဇူးတင်နေဆဲပင်။



သူမ၏စိတ်ကောင်းစေတနာမှာ အလွန်ကျေးဇူးတင်စရာကောင်းသော်လည်း ၎င်းမှာ အနည်းငယ်တော့အလွန်အကျုးဖြစ်နေသေးသည်လေ။


Xxxxxx