အပိုင်း ၁၁၂
Viewers 29k

Chapter 112



ကျူးချန်းလန် စကားဆုံးရုံပင်ရှိသေး တစ်စုံတစ်ယောက်မှ ပုလင်းကိုလာယူခဲ့ရာ ယခုအချိန်တွင် တစ်ပုလင်းသာ ကျန်တော့သည်။



" တွေ့ပြီလား…" ကျူးချန်းလန် ပခုံးတွန့်ကာ ပြောလိုက်သည်။



" အမှန်ပဲနော်…" ကျန်းကျယ်မုံ့ ဝိုင်ပုလင်းကို လက်ခံလိုက်ကာ " ကျွန်မဒါကိုရှောင်တိအတွက် သိမ်းထားရမယ် မဟုတ်ရင်ဘာမှကျန်တော့မှာမဟုတ်ဘူး…"



" သိမ်းသင့်တယ်…ဒီဝိုင်ကမဆိုးဘူး အရက်ပါဝင်မှုပမာဏကလည်း နည်းတော့ ကလေးတွေတောင် သောက်နိုင်တာ…စီစဉ်သူတွေက သူတို့အိတ်စိုက်ရမှာကြောင့် တအားတွန့်တိုတာပဲ ဒါကိုသေတ္တာအနည်းငယ်ပဲ ထုတ်ပေးတယ်…"



ကျူးချန်းလန် သူ၏မကျေမနပ်ဖြစ်နေပုံကို ထုတ်ပြလာသည်။ သို့သော် အမှန်တကယ်မှာတော့ ထိုဝိုင်မှာ သခင်လေးဆီမှ ထောက်ပံ့ခြင်းဖြစ်ကာ မဟုတ်ပါက တစ်ခုတလေတောင် ရှိမည်မဟုတ်ချေ။



" အရက်ပါဝင်မှုပမာဏနည်းတယ်ဆိုရင်တောင်မှ အများကြီးသောက်ဖို့တော့ သင့်တော်မှာမဟုတ်ဘူး…"

ကျန်းကျယ်မုံ့သည် စိတ်ကောင်းရှိပြီး ကြင်နာတတ်သူဖြစ်သောကြောင့် သူမ အခြားသူ‌အကြောင်း မည်သို့မျှ မကောင်းပြောမည်မဟုတ်ပေ။



ထိုအိုတာကုကောင်မလေးမှာ အတော်လေးပျင်းစရာကောင်းသည်ဟု တွေးမိလိုက်သောကြောင့် ကျူးချန်းလန် သူ၏စိတ်ထဲတွင် နှာခေါင်းရှုံ့နေမိသည်။ သို့သော်လည်း လာမည့်မိနစ်အနည်းငယ်အတွင်း။ သူမကြုံတွေ့ရမည့်အရာကို တွေးမိသွားသဖြင့် သူမကိုအနည်းငယ်ဖျော်ဖြေပေးရန် ဆုံးဖြတ်လိုက်သည်။



မော့တိ ဗီလာသို့ရောက်ချိန်၌ သူခန်းမ၏အနောက်မြောက်ထောင့်အရပ်သို့သာ ဦးတည်သွားခဲ့သည်။ သို့သော်လည်း လူအများအပြား သူ့ကိုလာရောက်နှုတ်ဆက်နေကြသဖြင့် မော့တိလူအုပ်ထဲမှထွက်ရန် အချိန်ခုနစ်မိနစ် ရှစ်မိနစ်ခန့်ယူလိုက်ရလေသည်။



" ရှောင်တိ မင်းကနာမည်ကြီးပဲ…" ရှန့်ယွီချောင် မော့တိထံသို့ မိန်းကလေးများစကားစမြည်ပြောရန်လာရောက်နေကြသည်ကို မြင်သောအခါ မနာလိုစွာဖြင့် မှတ်ချက်ပေးလိုက်သည်။



" မင်းကလည်း အမျိုးသမီးတွေရဲ့သူငယ်ချင်းကောင်းလိုမျိုး နာမည်ကြီးတာပဲလေ…"



" ငါအဲ့နာမည်ကြီးမလိုချင်ပါဘူး…အဲ့ဟာက သူတို့ငါ့ကိုသူငယ်ချင်းလိုပဲ သဘောထားပြီးတော့ ငါဘယ်တော့မှ လိုက်မရဘူး‌လို့ ‌ဆိုလိုတာကြီး…" ရှန့်ယွီချောင် ချက်ချင်းဆိုသလို ငြင်းပယ်လိုက်သည်။



မော့တိ : "...." မင်းကတော့ ငါပြောချင်တာကို အခုထိကို နားမလည်သေးဘူး…



" ရှောင်တိ ဒါနင့်ဖို့တဲ့…" ကျောက်ချွင်ရောက်လာကာ ဝိုင်ပုလင်းကိုလှမ်းပေးလိုက်သည် " အဲ့မှာ အရက်ပမာဏပါတာ အတော်လေးနည်းပြီးတော့ ပျားရည်နဲ့မက်မွန်သီးအရသာပါတယ်.. စမ်းကြည့်ပါဦး…"



မော့တိ ပုလင်းကိုယူလိုက်ပြီး " ဘယ်ကရလာတာလဲ…"



" စီစဉ်သူတွေပေးတာ အဲ့လိုမျိုး နှစ်ဆယ်သုံးဆယ်လောက်ရှိမလားပဲ… ကပ်စေးနည်းကော်တရာတွေ…" ရှန့်ယွီချောင် မကျေမနပ်ဖြင့် " အခုနည်းနည်းပဲကျန်တော့တာ…"



ကျောက်ချွင်မှ " တချို့တွေဆို ရေငတ်ပြေအောင်ဆိုပြီးတောင် သောက်နေကြသေးတယ်… ပုလင်းတွေကျန်နေမှာသာ ငါထူးဆန်းနေမှာ…ငါဒါကို မုံ့မုံ့ဆီကရတာလေ.. သူနင့်အတွက် နှစ်ပုလင်းယူပေးထားတာရှိသေးတယ်…"



" ကျွန်တော်ပြီးရင် သူ့ကိုကျေးဇူးတင်လိုက်ပါ့မယ်…" မော့တိ ပြုံးသာပြလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သုဝမ်ကျင်းနှင့်ဖြစ်ပျက်ခဲ့သောကိစ္စပြီးနောက်တွင် သူထိုပုလင်းကိုသောက်မည်မှာ မဖြစ်နိုင်ပေ။ ပို၍ရှိသည်မှာ ဤသို့သောပုလင်းပုံစံမျိုးသည် အလွယ်တကူပင် ဆေးခတ်လို့ရနိုင်သည်ပင်။



သံဘူး၏အဖုံးမှာ ဖွင့်နိုင်ပြီး အထူးပစ္စည်းကိရိယာကို သုံးကာပြန်လည်ပိတ်ထားနိုင်သဖြင့် မည်သူကမျှ သိနိုင်မည်မဟုတ်ချေ။



ထို့အပြင် သူ၏သီအိုရီအရ အများစုမှာ သူ့ကိုကြောက်လန့်ကာ မတည်မငြိမ်ဖြစ်စေခဲ့သည်။ သို့သော်လည်း ယခုဘဝအတွေ့အကြုံများအရ သူရိုးရှင်းစွာပင် သတိမမူဘဲ နေ၍မရပေ။



" ကျန်းကျယ်မုံ့ ဘယ်မှာလဲ…" မော့တိ ဘေးပတ်လည်ကို လှမ်းကြည့်လိုက်သော်လည်း သူမကို မမြင်ရချေ။



" အို သူလား..သူကခပ်မိုက်မိုက်ကောင်လေးနဲ့ပျော်နေတာလေ…သူတို့ပိုပြီးသီးသန့်ဖြစ်တဲ့နေရာကိုသွားချင်တာနေမှာပေါ့…" ကျောက်ချွင် ရယ်သွမ်းသေးလိုက်သည် " မုံ့မုံ့က အရမ်းလူကြောက်တတ်လွန်းတာ…ဒီလို သူစိမ်းနဲ့စကားပြောနေတာမျိုးက ရှားပါးလွန်းလှတယ်…"



" ခက်မိုက်မိုက်ကောင်လေးလား…" မော့တိ၏မျက်ခုံးများ တွန့်ချိုးသွားကာ " ဘယ်သူလဲ ဘယ်အဖွဲ့ကလဲ…"



" မီးခိုးရောင် လေကာအရှည်ကိုဝတ်ထားတဲ့တစ်ယောက်လေ… သူကဗီလာနံပါတ်သုံးမှာနေတာပဲ.. ဘယ်အဖွဲ့ကလဲတော့မသိဘူး…" ကျောက်ချွင် မော့တိကိုကြည့်ကာ " ဘာမှားနေလို့လဲ…"



သူ၏မသိစိတ်မှ အသိပေးလိုက်သကဲ့သို့ မော့တိ၏ခေါင်းထဲမှ အချက်ပေးသံများ မြည်ဟီးလာခဲ့သည် " မဖြစ်ပါဘူး…ဒါပေမယ့် သူ့ကိုသွားရှာသင့်တယ်နော်…ဒီမှာက ယောင်္ကျားတွေများလို့ အစ်မတို့မိန်းကလေး‌တွေပိုသတိထားသင့်တယ်…"



" ဖူးးးး " ကျောင်ချွင် ရယ်မိသွားသည် " နင်က ဒီကလူတွေအားလုံးထဲမှာ အငယ်ဆုံးဖြစ်နေတာတောင်မှ လူအိုကြီးလို ပြုမူနေသေးတယ်…ကောင်းပြီ ကောင်းပြီ ငါ့ကိုအဲ့လိုကြည့်မနေနဲ့ မုံ့မုံ့ကို ဖုန်းခေါ်ပေးပါ့မယ်ဟဲ့…"



ကျောင်ချွင် ဖုန်းကိုထုတ်ကာ ကျန်းကျယ်မုံ့ဆီသို့ ဖုန်းခေါ်လိုက်သည်။ နှစ်ခါမျှ မြည်ပြီးနောက်တွင် တစ်ဖက်မှ ဖုန်းကိုင်လာလေသည်။



" ဘယ်လို မုံ့မုံ့ နင်ဘယ်မှာလဲ.. အာ အပြင်ဘက်မှာအသားကင်စားနေတာလား… အိုးး အိုကေ ငါနင့်ကိုလာရှာမယ်လေ…"



ကျောက်ချွင် ဖုန်းကိုချကာ မော့တိကို လှမ်းပြောလိုက်သည် " ရှောင်တိ မုံ့မုံ့ကအပြင်မှာတဲ့…"



" အဲ့ဒါဆိုလည်း သူ့ဆီသွားလိုက်ပါဦး… အစ်မတို့နှစ်ယောက်သတိထားဦးနော် အရမ်းမသောက်ကြနဲ့…"



" အိုက်ယား အိုက်ယားး နင်လေးက အသက်ငယ်ပေမဲ့ အိုမင်းနေပြီပဲ…ဒီအစ်မကြီးတွေကို စိတ်မပူစမ်းပါနဲ့…" ကျောင်ချွင် မော့တိ၏ပုခုံးကို ပုတ်ပေးလိုက်ကာ ကိတ်မုန့်တစ်ပိုင်းဖြင့် ချန်ထားခဲ့လေသည်။



မော့တိ ပတ်ဝန်းကျင်တစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် တစ်စုံတစ်ယောက်မှ သူ့ကိုစောင့်ကြည့်နေသည်ဟု ခံစားလိုက်ရသည့်အတွက် သူလူရှာဟန်ဆောင်ကာ လူအုပ်ကြီးထဲသို့ တိုးဝင်သွားလိုက်သည်။



သေးငယ်သောဗီလာတွင် လူနှစ်ရာမျှ ရှိနေသည်ဖြစ်ရာ ပုန်းခိုနေရန်မှာ အတော်အသင့် လွယ်ကူလှပေသည်။



မော့တိ လူအုပ်တွင်းမှ ခိုးထွက်လာပြီးနောက် ဒုတိယထပ်သို့ တက်သွားလိုက်သည်။



ဒုတိယထပ်တွင် စကားပြောနေသည့်အုပ်စုအချို့ရှိနေပြီး လူအတန်းလိုက်ကြီးမှာ အမျိုးသားအိမ်သာ၏ရှေ့တွင် တန်းစီနေကြသည်။



သူတို့ထဲမှ အချို့မှာ မော့တိနှင့် ဗီလာအတူတူမှဖြစ်ကြကာ သူတို့သူ့ကိုတွေ့သည်နှင့် " မော့ခေါင်းဆောင်ငယ်လေး မင်းလည်း အိမ်သာသုံးမလို့ပဲလား…" သူတို့မှာ မော့တိထက်နှစ်ပေါင်းများစွာ ကြီးကြသဖြင့် ကသိကအောက်မဖြစ်စေရန် သူ့အား ခေါင်းဆောင်ငယ်လေးဟု ခေါ်‌ဆိုလေ့ရှိကြသည်။



" မင်္ဂလာပါ ဒီမှာ ဘာလို့ လူတွေအဲ့လောက်များနေရတာလဲ…" မော့တိ မေးလိုက်လေသည်။



" အင်းး ‌ယောင်္ကျားလေး မိန်းကလေးအချိုးကပြသနာဖြစ်နေတာလေ… မိန်းကလေးတွေက အယောက်သုံးဆယ်လောက်ရှိပေမဲ့ ကျန်တာတွေက ယောင်္ကျားလေးတွေကြီးပဲဆိုတော့ သေချာပေါက် တန်းစီနေရတော့တာပေါ့…"

ပိန်ပိန်ပါးပါးနှင့်လူငယ်လေးမှ ပြန်ဖြေလာခဲ့သည်။



" နောက်ထပ်တစ်ချက်ကတော့ ငါတို့ ယောင်္ကျားတွေက အတော်လေးသောက်နိုင်ပြီးတော့ ဒါကဖြစ်လာတဲ့ရလဒ်ပဲ…" အရပ်ရှည်ရှည်ဖြင့်လူက ရယ်လျက် ဖြေလာခဲ့သည် " ပြီးတော့ ဝိုင်ကလည်း အချိုရည်လိုပဲလေ ငါတို့သောက်ပြီးသောက် သောက်ပြီးရင်း သောက်နဲ့ ဒီလောက်သောက်ထားတာ အိမ်သာမသွားဘဲ ဘယ်နေမှာတုန်း…"



" ငါတို့အတော်လေးသောက်လိုက်တာ အခုဆို ဘာမှကိုမကျန်တော့ဘူး…"



" ရိယဲ့ရှန်းအဖွဲ့ကကောင်မလေးတစ်ယောက်က သူတို့ခေါင်းဆောင်အတွက် တစ်ပုလင်းလိုချင်နေတာ တွေ့လိုက်သေးတယ်… သူကနောက်ကျမှရောက်လာတော့ ဘယ်ပုလင်းမှမရှိတော့ဘူး… ကံဆိုးတာပဲ ဒီမှာလည်း မဖွင့်ရသေးတဲ့ပုလင်းကိုမရှိတာ…."



" အရမ်းချောတဲ့ခေါင်းဆောင်ရှိတဲ့အဖွဲ့လား…" ပိန်ပါးသောလူငယ်လေးမှ မေးလိုက်သည် " အဲ့အဖွဲ့ကကောင်မလေးတွေအားလုံးက ချစ်စရာလေးတွေနော်…ငါ့မှာသာရှိရင် သူ့ကိုပေးလိုက်မှာပဲ…"



သူ၏ဘေးမှ အရပ်ရှည်သည့်လူကပြောလာသည် " မင်းသူ့ကိုသွားကူညီရင်တောင်မှ သူမင်းကိုပြန်ကြိုက်မယ်လို့မဆိုလိုဘူးလေ…သူတို့ခေါင်းဆောင်ကို မမြင်ဖူးလို့လား.. အဲ့လူရဲ့နာမည်ကတောင်မှ ကျော့ရှင်းနေတာ… သူသေချာပေါက် အဲ့လူကိုပျော်ဝင်နေတာပဲဖြစ်ရမယ် …"



" မင်းတကယ်သဘောကျရင် သွားပေါ့ ဘယ်သူသိမှာလဲ အခွင့်အရေးရှိချင်ရှိမှာပေ့ါ…" မော့တိပြုံးကာ ပုလင်းကို ပိန်ပါးသည့်လူငယ်လေးအား ပေးလိုက်ပြီး " ဒီမှာ သူကဝိုင်ရှာနေတာဆိုတော့ ဒါပေးပြီး သူငယ်ချင်းစလုပ်သင့်တယ်နော်…"



" မင်းပြောတာ အဓိပ္ပါယ်ရှိသားပဲ.. ငါဝိုင်ပုလင်းအရင်ယူသွားလိုက်ဦးမယ်… ပြီးကြမှပဲ သေးလာပေါက်တော့မယ်ကွာ…" လူငယ်လေးမှ မော့တိကို ပုခုံးတစ်ချက်ပုတ်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။



မော့တိ၏မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။



အကယ်၍သာ ကျန်းကျယ်မုံ့ကို ဤပုလင်းပေးခဲ့သောသူသည် ယဲ့ချန်းဖုန်နှင့် မပတ်သက်ခဲ့ပါက သို့မဟုတ် မည်သည့်အရာမှမလုပ်ခဲ့ပါက ၎င်းမှာ ယဲ့ချန်းဖုန်အတွက် ပုလင်းတစ်လုံးရသည်သာဖြစ်ပေမည်။ အပြန်အလှန်အားဖြင့် သူသာ တစ်စုံတစ်ရာလုပ်ဆောင်ခဲ့ပါက ဤသည်မှာ သူစိုက်သည့်အရာကို သူရိတ်သိမ်းရမည်သာဖြစ်လေသည်။



သူ၏နောက်မှ အရပ်ရှည်သည့်လူမှာမူ ခါးသီးသွားရကာ " ငါလည်း အဲ့ဒီအလှလေးတွေနဲ့စကားပြောချင်တာပေါ့…"



" မင်းကဘာမှမပြောခဲ့တော့… တောင်းပန်ပါတယ် ကျွန်တော်မသိလိုက်ဘူး…" မော့တိ စောင့်ဆိုင်းနေသည့်လူအုပ်ကြီးကို ကြည့်လိုက်ကာ ယဲ့ချန်းဖုန်၏အဖွဲ့မှ လူမပါသည်ကို မြင်လိုက်ရချိန်မှ " ကျွန်တော် နောက်ထပ်တစ်ပုလင်းရရင် ပေးပါ့မယ်…"



" အိုင်းယားး ထားလိုက်ပါတော့လေ ကျန်လည်းမကျန်တော့ပါဘူး…"



အစပိုင်းတွင် မော့တိ အိမ်သာသုံးရန် မရည်ရွယ်ခဲ့သော်လည်း သဘာဝမှာရောက်ရှိလာသဖြင့် သူတန်းဝင်စီလိုက်ရသည်။ ထို့နောက် ဟန်ချောင်ထံသို့ အိမ်သာသုံးစက္ကူအချို့လာပို့ရန် စာပို့လိုက်လေသည်။



သူ ရှန့်ယွီချောင်ကို အကူအညီမတောင်းရခြင်းမှာ ထိုသူသည်နောက်တစ်ချိန်၌ ဖွလိုက်ကာ လိုက်စမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။ ဟန်ချောင်သည်သာ အဖွဲ့ထဲတွင် အရင့်ကျက်ဆုံးသူတစ်ယောက်ဖြစ်လေသည်။



မော့တိဝင်သွားသည်မှာ ခုနစ်မိနစ်ခန့်ရှိနေပြီးနောက် ဟန်ချောင် အိမ်သာသုံးစက္ကူများဖြင့် ရောက်ရှိလာခဲ့သည်။ သူသည်လည်း အိမ်သာဝင်သုံးလိုက်ကာ အောက်ထပ်သို့ အတူပြန်ဆင်းလာချိန်၌ မော့တိနာရီကြည့်လိုက်ရာ အချိန်မှာ ဆယ်နာရီတစ်မိနစ်ဖြစ်နေပြီဖြစ်သည်။



" ဆယ်နာရီမခွဲခင် ပြန်လာခဲ့ကြ…" မော့တိ တစ်ဖွဲ့လုံးကိုစာပို့လိုက်သည် " နောက်ကျတာနဲ့ မနက်ဖြန်အလုပ်ချိန်ကြရင် ခံစားရလိမ့်မယ်နော်… အရမ်းမရူးသွပ်ကြနဲ့…"



ကျောက်ချွင် : ကောင်းပါပြီ ကောင်းပါပြီ ရှောင်တိလည်း ပျော်လိုက်ပါဦးနော်



ကျောက်ချွင် တစ်ဦးတည်းသာ စာပြန်သည်ကို တွေ့လိုက်ရထဲက ကျန်သည့်သူများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြပြီကို မော့တိ သိနေခဲ့သည်။



သူသက်ပြင်းသာချလိုက်မိလေသည်။



ဘမ်းးး



တောက်ပသောအလင်းရောင်မှာ ဖြာကျလာကာ အဓိကတံခါးပိတ်သွားသည်နှင့် သီချင်းသံမှာ ထွက်ပေါ်လာခဲ့သည်။



မော့တိ ထိတ်လန့်သွားမှုကြောင့် သူ၏နားများကို ဖုံးအုပ်လိုက်သော်လည်း လူတိုင်းမှာမူ ပို၍တက်ကြွလာကြသည်ကိုသာ သူမြင်လိုက်ရသည်။ ဖြစ်ပျက်နေသည့်အရာနှင့်ပတ်သက်၍ သူ့ထံတွင် မည်သည့်အကြံမျှရှိ‌မနေခဲ့ပေ။



မော့တိ၏အံ့ဩနေသည့်အကြည့်ကြောင့် ဟန်ချောင်ရှင်းပြလာခဲ့သည် " သူတို့ကနာရီတိုင်းကိုလုပ်နေတာ ၈နာရီလောက်ထဲကပဲ… အလင်းကိုနောက်ဆုံးထိမိတဲ့သူ ဒါမှမဟုတ် သူ့ရဲ့အဖွဲ့ကအားလုံးကို ဖျော်ဖြေပေးရတယ်လေ… အဲ့ဒီအတွက် ပြေးစရာမြေမရှိဘူး…"



မော့တိအဆုံးမှသာ သဘောပေါက်သွားခဲ့သည်။ သူကြည့်လိုက်ချိန်တွင် အလင်းတန်းမှာ ဖြာဝဲသွားပြီး အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးပေါ်သို့ ကျဆင်းသွားသည်ကို မြင်လိုက်ရသည်။



ထိုသူမှာ လိချင်းချင်းပင်။



လိချင်းချင်း ပါးစပ်ဟသွားမိကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီးနောက် ချောင်းအနည်းငယ်ဟန့်လိုက်သည် " ကောင်းပြီ ကျွန်မအဖွဲ့ကို ဒုက္ခမပေးနဲ့…ကိုယ့်ဘာသာပဲလုပ်လိုက်မယ်…"



" ကျွန်မ ကျွန်မ သီချင်းဆိုမှာ…" လိချင်းချင်းပြုံးလျက် " အချစ်ကရေလှိုင်းလေးသီချင်းကို ဖွင့်ပေးပါဦး…"



မော့တိမှအပ လူတိုင်း၏မျက်လုံးများမှာ လိချင်းချင်းထံတွင်သာ ရှိနေကြသည်။ သူ လှည့်ပတ်ကြည့်လိုက်ချိန်၌ တံခါးနားမှလူနှစ်ယောက်ကို မြင်လိုက်ရလေသည်။ တစ်ဦးမှာ ယဲ့ချန်းဖုန်ဖြစ်ကာ တစ်ဦးမှာ သူ၏အဖွဲ့မှ အမျိုးသမီးအဖွဲ့ဝင်ဖြစ်သည်။



ယဲ့ချန်းဖုန်၏ပုံစံမှာ ဒုက္ခရောက်နေပုံပင်။ သူ၏မျက်နှာမှာ နီမြန်းကာ နာကျင်နေပုံရသော်လည်း သူဘေးမှမိန်းကလေးမှာမူ ပုံမှန်သာရှိနေသေးကာ သူ့အားရပ်နိုင်ရန် ကူညီပေးနေသည်။



မော့တိ အလျင်အမြန်ခိုးထွက်လာလိုက်သည်။



ဖျော်ဖြေနေစဉ် တံခါးမှာပိတ်ထားရမည့်စည်းကမ်းရှိသော်လည်း ယဲ့ချန်းဖုန်၏မသက်မသာဖြစ်နေမှုကြောင့် တံခါးတွင်စောင့်နေသူမှ သူတို့ကို ထွက်ခွင့်ပေးလိုက်လေသည်။



ယဲ့ချန်းဖုန် ချက်ချင်းဆိုသလိုပင် ပြေးထွက်သွားကာ ထိုအမျိုးသမီးမှ လိုက်သွားလေသည်။ သူမ သူ့ကို ကူညီပေးချင်သော်ငြား အတွန်းသာခံလိုက်ရသည်။



မော့တိ၏ စူးရှသောအာရုံမှ တစ်စုံတစ်ခုမှာ လွဲချော်နေကြောင်းပြောလာခဲ့သည်။



ထိုဝိုင်ပင်။



ထိုဝိုင်ထဲတွင် အမှန်တကယ်ပင် တစ်ခုခုမှားယွင်းနေသည်လော…



မော့တိ ဗျူဟာချရန် တစ်မိနစ်ခန့်အချိန်ယူလိုက်ပြီးနောက် နေ့လည်ပိုင်းတွင် မုထျန်းဟန်ပေးခဲ့သည့် ကင်မရာအသေးပါသောတံဆိပ်တစ်ခုကိုဆွဲထုတ်ကာ ဖွင့်လိုက်သည်။



သေးငယ်သောစက်ကလေးမှာ သုံးနာရီသာမှတ်တမ်းတင်နိုင်ပြီး မော့မိသားစုအိမ်မှတစ်ခုနှင့်ယှဉ်ပါက ၎င်းမှာ အတော်လေးနိမ့်နေသေးသည်။



မည်သို့ပင်ဆိုစေကာမူ ယခုအခြေအနေတွင် ၎င်းမှာ အသင့်တော်ဆုံးပင်ဖြစ်သည်။



မော့တိ လူအုပ်ထဲသို့ ပြန်လည်တိုးဝင်လိုက်ပြီးနောက် မည်သူမျှ သတိမပြုသည့်အချိန်တွင် ခိုးကြောင်ခိုးဝှက်ဖြင့် တံဆိပ်ကို ကုတ်အင်္ကျီထူထူဝတ်ထားသည့် ယဲ့ချန်းဖုန်၏အဖွဲ့မှ ဝဝနှင့်လူပေါ်သို့ တပ်ပေးလိုက်သည်။



ငါးမိနစ်အကြာ လိချင်းချင်း၏ဖျော်ဖြေမှုပြီးဆုံးသွားချိန်တွင် မော့တိ ထိုသူ၏ပုခုံးကို လှမ်းပုတ်လိုက်သည်။



ဝဝနှင့်လူမှ သူ့ကို သံသယတကြီးဖြင့် ကြည့်လာခဲ့သည်။



မော့တိ အပြင်သို့ ညွှန်ပြလိုက်ပြီး " မင်းတို့အသင်းရဲ့ခေါင်းဆောင်ကို သွားစစ်ကြည့်သင့်တယ်နော် သူ့ကြည့်ရတာ နေမကောင်းဖြစ်နေသလိုပဲ…"



" ဟမ်…" ထိုသူမှ အော်လိုက်သည် " ငါမကြားရဘူး…"



မော့တိ အသံကိုမြင့်ကာ " အပြင်မှာသွားပြောရအောင်…"



ထိုသူမှာ လိချင်းချင်းကို လှမ်းကြည့်လိုက်ပြီး သူမလူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားချိန်မှ မော့တိခေါ်ရာသို့ လိုလိုလားလားလိုက်လာခဲ့သည်။



သူတို့အပြင်သို့ ရောက်သည်နှင့် သီချင်းသံမှာ တိုးသွားခဲ့သည်။



" မင်းဘာလိုချင်လို့လဲ…"



" အဲ့ဒါက မင်းတို့ရဲ့ခေါင်းဆောင်အကြောင်းပဲ…သူ့ကို မင်းတို့အဖွဲ့ထဲက အခြားမိန်းကလေးတစ်ယောက်နဲ့ ပြေးထွက်သွားတာမြင်လိုက်တယ်…သူ့ပုံကြည့်ရတာ အခြေအနေမကောင်းသလိုပဲ…တစ်ခုခုဖြစ်နေလားမသိ မင်းသွားကြည့်သင့်တယ်နော်…"



" ဘာဖြစ်တာလဲ.." တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ချန်းဖုန်၏အဖွဲ့မှ အခြားအမျိုးသမီးအဖွဲဝင်နှစ်ဦးလည်းရောက်ရှိလာကာ " ခေါင်းဆောင်ဘာဖြစ်လို့လဲ…"



" မင်းတို့ခေါင်းဆောင်ကြည့်ရတာမဟန်ဘူး… သူတစ်ခုခုကို စိတ်တိုနေသလိုပဲ…နောက်ပြီး အသားတွေလည်း ဖြူဖျော့နေတာ…မင်းတို့သွားကြည့်သင့်တယ်…" မော့တိ၏အသံမှာ အရေးကြီးနေဟန်ဖြင့် " အဲ့မှာ မင်းတို့အဖွဲ့ထဲက အခြားမိန်းကလေးတစ်ယောက်လည်းရှိသေးတယ်.. ဒါပေမယ့် သူအများကြီးကူညီပေးနိုင်မယ်လို့ မထင်ဘူးနော်…"




Xxxxxx