MM Storyteller
Webnovel Translations
အပိုင်း ၁၁၄
Viewers
33k
Chapters
172
Chapter 114
ယဲ့ချန်းဖုန်အား သေလုနီးပါး အခြေအနေဖြင့် ဆေးရုံကားပေါ်သို့ တင်သွားသည်ကို မြင်လိုက်ရသောအခါ မော့တိက သူ့နှုတ်ခမ်းဖျားပေါ်တွင်အပြုံးတစ်ခုတင်ရင်း ပြုံးရွှင်စွာဖြင့် လှည့်ထွက်သွားလေသည်။
ယဲ့ချန်းဖုန်ကား အမှန်တကယ်ပင် ရက်စက်သူတစ်ယောက် ဖြစ်၏။
ဝမ်းနည်းစရာကောင်းစွာဖြင့် သူ ပြုလုပ်ထားသည့် မကောင်းမှုများ၏ ဒဏ်ကို သူ ပြန်ပြီး ခံယူရခြင်းပင်။
အကယ်၍ သူသာ ထိုဝိုင်ကို သောက်မိခဲ့ပါက သူ၏ အဆုံးသတ်မှာ များစွာ ပို၍ ရယ်စရာကောင်းပေလိမ့်မည်။ သူ့နာမည်မှာ နိုင်ငံတော်၏ နာမည်ဆိုးဖြင့် ကျော်ကြားသူများစာရင်းတွင် ထိပ်သီးနေရာသို့ပင် ရောက်သွားနိုင်ပေ၏။
မော့တိက ဗီလာသို့ ပြန်သွားပြီးနောက် သူ့အခန်းထဲသို့ တန်းတန်းမတ်မတ် ပြန်သွားကာ အခန်းတံခါးကို သော့ပိတ်ထားလိုက်သည်။ သူက အသံသွင်းထားသော ယူအက်စ်ဘီတစ်ခုကို ယူကာ ၎င်းကို သူ့ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်လေသည်။
သူ့မျက်စိရှေ့တွင် ရှိနေသည့်အရာမှာ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ဖော်ပြထားသည့် ကလေးငယ်များ ကြည့်ရှုရန် မသင့်သော မျက်စိရှက်ဖွယ် ဗွီဒီယိုတစ်ခုပင်။
မော့တိက ရိုင်းစိုင်းသော သားရဲတစ်ကောင်အလား ကမူးရှုးထိုး ပြုမူနေသော ယဲ့ချန်းဖုန်၏ ဗွီဒီယိုကို ကြည့်နေသည်။
ယဲ့ချန်းဖုန်က လူအများ၏ မျက်စိရှေ့မှောက်တွင် စိတ်သဘောထားကောင်းပြီး ဂုဏ်သရေရှိသော ပုံရိပ်မျိုး အမြဲတမ်း ထိန်းသိမ်းထားခဲ့သည်။ စိတ်ကျန်းမာရေးဆေးရုံတွင် သူ၏ ညှင်းပန်းနှိပ်စက်မှုများကို မျက်မြင် တွေ့ခဲ့ရချိန်၌ပင် ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှု ရှိသော သဘောထားကို ထိန်းသိမ်းထားနိုင်ခဲ့သူမှာ ယခုအခါတွင် သူ၏ တိရစ္ဆာန်ကဲ့သို့ ပုံစံကို လူမြင်မကောင်းသော နည်းဖြင့် ထုတ်ဖော်ပြသခံလိုက်ရ၏။ ထို့ပြင် မည်သို့ပင် ဆေးဝါးကြောင့် ဖြစ်စေကာမူ အသိစိတ်ကင်းမဲ့နေသည့် လူတစ်ယောက်၏ အကျည်းတန်မှုက သူ၏ စစ်မှန်သော ပင်ကိုယ်စရိုက်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်ပေသည်။
မော့တိက ပိုင်ဝမ်ဝမ်း၏ မျက်နှာကို လျင်မြန်စွာ ရုပ်ဖျက်လိုက်သည်။ သူမ၏ အဝတ်အစားများမှာ ကိုယ်ပေါ်၌ ရှိနေဆဲဖြစ်သည့်တိုင်အောင် သူမအနေဖြင့် ဗွီဒီယိုထဲတွင် သူမကိုယ်သူမ မြင်တွေ့လိုမည် မဟုတ်ပေ။
မော့တိက ဤဗွီဒီယိုကို ဖြန့်ရန် ရည်ရွယ်ချက်လည်း မရှိချေ။ သူက သူမကို ကူညီပေးရန် သင့်တော်သော အချိန်၌ ပိုင်ဝမ်ဝမ်းထံသို့ အမည်ဝှက်ဖြင့် ပို့ပေးရန် စီစဉ်ထားလိုက်သည်။
ထို့အပြင် သူ၏အကူအညီက သူမ၏ လွတ်မြောက်မှုကို ထိခိုက်စေနိုင်၏။
အကြောင်းအရင်းမှာ ဤကိစ္စက အရေးကြီးနေသောကြောင့် ဖြစ်သည်။ ယဲ့ချန်းဖုန်က ကျန်းမာရေး ထိခိုက်သွားနိုင်ချေ ရှိ၏။ အလွန်တရာ ကံကောင်းပြီး သူ ပြန်လည် သက်သာလာနိုင်သည့်တိုင် ပိုင်ဝမ်ဝမ်းမှာ အဆိုးရွားဆုံးသော အခြေအနေကို ကြံ့ကြံ့ခံရဦးပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ယဲ့မိသားစုက သူမကို အလွတ် ပေးလိမ့်မည် မဟုတ်သလို မော့တိကလည်း ပိုင်ဝမ်ဝမ်းအား သူတို့ဘက်က ခြိမ်းခြောက်မည်ကို မလိုလားပေ။ သူမက ဤဗွီဒီယိုအား မည်သို့ပင်လုပ်ချင်သည်ဖြစ်စေ၊ ယဲ့ချန်းဖုန်ကို တရားစွဲလိုသည်ဖြစ်စေ၊ ယဲ့မိသားစုထံမှ ကာကွယ်ရန် သို့မဟုတ် သူမ၏ ကိုယ်ပိုင်လုံခြုံရေးအတွက် ဖြစ်စေ မော့တိက သူမကို ကူညီပေးမည်သာ ဖြစ်၏။
အမှန်တရားအနေဖြင့် ယဲ့ချန်းဖုန်အပေါ် လက်စားချေချင်နေသည့် သူ၏ စိတ်ဆန္ဒမှာ ဆိုးရွားလှပြီး ပြင်းထန်လွန်းပေသည်။ သူက ယဲ့ချန်းဖုန်၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချပြီး ၎င်းကို တစ်နိုင်ငံလုံး အတိုင်းအတာထိ ဖော်ထုတ်ချင်နေ၏။ သို့ရာတွင် ဤကိစ္စ၌ ပိုင်ဝမ်ဝမ်း ပါဝင်လာသဖြင့် သူက သူ၏ လက်စားချေခြင်းကို ဘေးချိတ်ထားကာ သူမ၏ ဆုံးဖြတ်ချက်ကို လေးစားရမည် ဖြစ်သည်။
မော့တိအတွက် ဤဘဝတွင် အရာအားလုံးမှာ ပို၍ ကောင်းမွန်သည့် အခြေအနေသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ့ထံတွင် သူငယ်ချင်းများ၊ အံ့ဩဖွယ်ကောင်းသည့် ချစ်သူတစ်ယောက်နှင့် အိမ်အသစ် တစ်လုံးတို့ကို ပိုင်ဆိုင်ထား၏။ သူက ညှာတာထောက်ထားခြင်း မရှိဘဲ လက်စားချေရန် ဆန္ဒ ရှိနေဆဲ ဖြစ်သော်လည်း လက်စားချေရန် တစ်ခုတည်းအတွက် အရာအားလုံးကို လျစ်လျူရှုထားသူ တစ်ယောက် မဖြစ်ချင်ပေ။
တစ်ချိန်တည်းမှာပင် ယဲ့ချန်းဖုန်က ဆေးသုံးပြီး သူ့ “အညှာ”ကို အကန်ခံလိုက်ရကြောင်း ကျူးချန်လန် သတင်းကြားလိုက်ရပြီးနောက် သူ့ခမျာ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားလေသည်။ ထိတ်လန့်တကြား ဖြစ်နေသော အခြေအနေဖြင့် သူက လူနာတင်ယာဉ်ပေါ်သို့ တုန်တုန်ယင်ယင် တက်သွားပြီး ဦးလေးကျန်းကို ဖုန်းခေါ်လိုက်သည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ဦးလေးကျန်း၏ အသံမှာ ဒေါသထွက်ပြီး ထိတ်လန့်တကြား ဖြစ်သွား၏။ ကျူးချန်လန်မှာ တဆတ်ဆတ် တုန်နေသော လက်များဖြင့် ဖုန်းကို ကိုင်ထားရင်း သူ့စကားများကို နားထောင်နေရသည်။
သူက အမှန်တကယ်ပင် ထွက်ပြေးသွားလိုက်ချင်၏။ သို့သော် ဝမ်းနည်းစရာကောင်းစွာပင် သူ့မိဘနှစ်ပါးမှာ ယဲ့မိသားစုအတွက် အလုပ်လုပ်ပေးနေရသူများ ဖြစ်နေသည်။ အကယ်၍ သူ ထွက်ပြေးပါက သူတို့နောက်သို့ သေချာပေါက် လိုက်လာကြပေလိမ့်မည်။ သူက ထိုယဲ့မိသားစု၏ လည်ပတ်ပုံနှင့် ပတ်သက်ပြီး အလွန်တရာ ရင်းနှီးကျွမ်းဝင်မှု ရှိလှပေ၏။ ထို့ကြောင့် သူက လူကောင်းတစ်ယောက် မဟုတ်သလို မကောင်းမှုများ များစွာ လုပ်ဖူးခဲ့သော်လည်း သူ့မိဘများကို သူ့နေရာ၌ ဒုက္ခရောက်စေရန် ခွင့်ပြုမည် မဟုတ်ချေ။
ကျူးချန်လန်မှာ ပြင်းထန်သော ဖိအားအောက်၌ ရောက်နေ၏။ ထို့ကြောင့် နောက်တစ်စက္ကန့်၌ပင် နှလုံးဖောက်ပြီး သေဆုံးသွားတော့မတတ် ခံစားနေရလေသည်။ ထို့ပြင် ၎င်းမှာ သူ့အတွက် ပြီးပြည့်စုံသော အဆုံးသတ်လည်း ဖြစ်နိုင်ပေသည်။ အကြောင်းမှာ အနည်းဆုံး သူ့အနေဖြင့် ယဲ့မိသားစု၏ အပြစ်ဒဏ်ကို ရင်ဆိုင်စရာ မလိုတော့သောကြောင့်ပင်။ မှောင်မိုက်နေသော သူ့အနာဂတ်ကို တွေးတောရင်း ကျူးချန်လန်မှာ အလွန် ကြောက်ရွံ့လာသည်။
မော့တိက အဘယ်ကြောင့် မသောက်ခဲ့ပါသနည်း။ အဘယ်ကြောင့် မော့တိ ထိုဝိုင်ကို မသောက်ခဲ့ပါသနည်း။
သူ မည်သည့်နေရာတွင် အမှားအယွင်း ဖြစ်သွားသနည်း။
မော့တိသာ ထိုဝိုင်ကို သောက်ခဲ့ပါက သူကသာ အရူးလုပ်ရပ်များကို ကိုယ်တိုင် လုပ်သူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သခင်လေးမှာ လူကောင်းပကတိအတိုင်း ဖြစ်ပြီး ဆုချီးမြှင့်ခြင်း ခံရပေလိမ့်မည်။ ထို့ပြင် သူ့မိဘများအနေဖြင့် ဘောနပ်စ်များပင် ရရှိနိုင်ချေ ရှိ၏။ သို့သော် ယခုအခါ ဤကဲ့သို့ ဖြစ်သွားသဖြင့် အရာအားလုံး အဆုံးသတ်သွားပြီ ဖြစ်သည်။
မော့တိက အဘယ်ကြောင့် ထောင်ချောက်ထဲ မကျခဲ့ပါသနည်း။
တစ်ချိန်တည်းမှာပင် ကျူးချန်လန်ကို ဒေါသတကြီး အပြစ်တင်နေသည့် ဦးလေးကျန်းမှာလည်း တူညီသော အကြောက်တရားကို ထပ်တူပင် ရင်ဆိုင်နေရသည်။ ယဲ့မိသားစုအတွက် သူက ရာထူးကြီးသော လက်အောက်ငယ်သား တစ်ယောက် ဖြစ်သော်လည်း ယဲ့ချန်းဖုန်နှင့် နှိုင်းယှဉ်ပါက အခြားသူများကဲ့သို့ပင် အညတရလေး တစ်ယောက် ဖြစ်ပေသည်။
ထို့ပြင် သူက ယဲ့ချန်းဖုန်အတွက် အစီအစဉ် ရေးဆွဲပေးခဲ့သူတစ်ယောက် ဖြစ်၏။ သူက မည်သို့ပင် နှုတ်ရေး ကျွမ်းကျင်သူ ဖြစ်စေကာမူ သူ အကောင်းဆုံး လုပ်နိုင်သည့်အရာမှာ ကျူးချန်လန်အပေါ် အပြစ်လွှဲချရန်သာ ဖြစ်သည်။ သို့တိုင်အောင် သူသည်လည်း အပြစ်လွတ်မည် မဟုတ်ပေ။ ထို့အပြင် သူက ယဲ့မိသားစု၏ လျှို့ဝှက်ချက်ပေါင်း များစွာကိုလည်း သိရှိထား၏။ သူတို့က သူ့အပေါ် ပွင့်ပွင့်လင်းလင်း အပြစ်ပေးမည် မဟုတ်သော်လည်း အမှောင်ထဲတွင် သူတို့ မည်မျှအထိ လုပ်နိုင်စွမ်း ရှိကြောင်း သူ သိထားပေသည်။
ဦးလေးကျန်းက ခပ်မြန်မြန် စဉ်းစားကာ သူ့လွတ်လမ်းကို ရှာဖွေလိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူက အရန်အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်ရဦးမည် ဖြစ်၏။
မီးနှင့် ဝေးရာဆီသို့ သူ ထွက်သွားနိုင်ပါက အကောင်းဆုံးပင်။
---
ယဲ့ချန်းဖုန်ကို ဆေးရုံသို့ ခေါ်ဆောင်သွားသည့်အချိန်၌ သူ့အဖွဲ့မှ ကျူးချန်လန် တစ်ယောက်တည်းသာ ပါလာခဲ့သည်။ ကျူးချန်လန်၏ တောင်းဆိုချက်အရ အခြားသူများကို လိုက်ပါခွင့် မပြုချေ။
ပိုင်ဝမ်ဝမ်းက သူမ၏ အဝတ်အစားများကို ချွတ်ပစ်ပြီး အမှိုက်ပုံးထဲသို့ ပစ်လိုက်လေသည်။ ထို့နောက် သူမက သူမကိုယ်သူမ ရေနွေးနွေးထဲသို့ နစ်မြှုပ်ကာ ရေချိုးလိုက်၏။
မိမိက နတ်ဘုရားလို ကိုးကွယ်ရသည့် ယောကျ်ားတစ်ယောက် တိရစ္ဆာန်တစ်ကောင်လို ပြုမူနေသည့် အချိန်၌ သူ့လက်အောက်တွင် ရှိနေရခြင်းမှာ စိတ်ထိခိုက်စရာ အတွေ့အကြုံ တစ်ခုပင်။ သူမက ရွံရှာသွားသည့်အပြင် နှလုံးသားမှာ ကြေမွမတတ် နာကျင်ရသည်။ သူမက သူ့ကို နတ်သမီးပုံပြင်ထဲမှ မင်းသားလေး တစ်ပါးကဲ့သို့ ကြင်နာတတ်ပြီး နူးညံ့သော ယောကျ်ားတစ်ယောက်အဖြစ် အမြဲတမ်း ရှုမြင်ခဲ့ပြီး ချစ်သူတစ်ယောက်အဖြစ်သာ အိပ်မက်မက်ခဲ့ဖူးသည်။ သို့သော် ထိုအိပ်မက်ကား ရုတ်တရက် အိပ်မက်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
ယခုအခါ သူမက စိတ်တည်ငြိမ်သွားပြီ ဖြစ်ပြီး တိတ်ဆိတ်သော နေရာတွင် အနားယူနေသဖြင့် နောက်ဆုံးတွင် သူမ၏ အတွေးများကို ဖြေဖြောက်လိုက်နိုင်သည်။ တစ်ဖက်သတ်အချစ်၏ ရယ်စရာကောင်းသော အဆုံးသတ်ဖြစ်စေ၊ ဤကဲ့သို့သော အခြေအနေမျိုးကို လူမြင်ခံလိုက်ရသဖြင့် အရှက်ရခြင်းဖြစ်စေ သူမက ထပ်ပြီး မတွေးတော့ပေ။
သူမက ယဲ့ချန်းဖုန်နှင့် အခြားအဖွဲ့ဝင်များကို မည်ကဲ့သို့ ရင်ဆိုင်ရမည် မသိအောင် ဖြစ်နေ၏။ သူမအနေဖြင့် ဤပြိုင်ပွဲတွင် ဆက်လက် ပါဝင်နိုင်မည်ဟု မထင်ပေ။ သူမက ထွက်ချင်နေသည်။
သို့ရာတွင်…
ထွက်သွားရန် သို့မဟုတ် ဆက်ပြီး နေရန်မှာ ပိုင်ဝမ်ဝမ်း ရွေးချယ်ရမည့် ကိစ္စ မဟုတ်တော့ပေ။
ယဲ့ကောရှန်နှင့် ယဲ့မိသားစု၏ လူကြီးများ ဤမတော်တဆမှုကို သိသွားသည့်အခိုက် သူတို့အားလုံး ဒေါသကြောင့် ပေါက်ကွဲကုန်ကြသည်။ သူတို့က ဆေးရုံသို့ အမြန် ထွက်လာခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ဂိမ်းကျင်းပရာ အခြေစိုက်စခန်း တစ်ခုလုံးကို စောင့်ကြည့်လိုက်ကြ၏။ သူတို့ ဆေးရုံသို့ ရောက်လာသည့်အချိန်၌ ယဲ့ချန်းဖုန်မှာ ဆေးအရှိန် အများစု ပျက်ပြယ်သွားပြီ ဖြစ်ပြီး သူ့စနစ်ထဲတွင် ဆေးအရှိန်ပမာဏ အနည်းငယ်သာ ကျန်တော့ပေသည်။ သို့ရာတွင် ၎င်းကို ပြဿနာတစ်ခုအဖြစ် မသတ်မှတ်နိုင်ပေ။ အကြောင်းမှာ ထိုကန်ချက်ကြောင့် ယဲ့ချန်းဖုန်၏ ဖွားဖက်တော်လေးမှာ အနည်းငယ် မသန်စွမ်းနိုင် ဖြစ်သွားသောကြောင့်ပင်။ ဤကဲ့သို့ အစွမ်းထက်သော ဆေး၏ အာနိသင်များ ပျက်ပြယ်မသွားသေးသည့်တိုင် ၎င်းထံမှ တုံ့ပြန်မှု မရှိချေ။
ထိတ်လန့်ဖွယ် ဤသတင်းကို ကြားလိုက်ရသောအခါ ယဲ့ချန်းဖုန်၏ မိခင်ဖြစ်သူမှာ မျက်ရည်ကျကာ မူးလဲလုနီးပါး ဖြစ်သွားလေသည်။ ယဲ့ဘိုးဘိုးမှာလည်း သွေးပေါင်ချိန် ဆောင့်တက်ကာ လေဖြတ်လုနီးပါး ဖြစ်သွားခဲ့ရ၏။ ထို့ကြောင့် သူ့ကို နောက်ထပ်ဆေးရုံခန်းတစ်ခုဆီသို့ တိုက်ရိုက် ပို့ဆောင်လိုက်ရလေသည်။
ယဲ့မိသားစုထဲတွင် အရှုပ်အထွေးများ ဖြစ်ပေါ်နေ၏။ ယဲ့ကောရှန်က ဆေးရုံလုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ပြီးနောက် သူ့ဒေါသကို ဖြေဖျောက်ရန် ပထမဦးဆုံး လုပ်ဆောင်သည့်အရာမှာ ပိုင်ဝမ်ဝမ်းကို ဂိမ်း၏ အခြေစိုက်စခန်းမှ ဖယ်ရှားပစ်ရန် အမိန့်ပေးခြင်း ဖြစ်သည်။
သို့သော် ဂိမ်းပြိုင်ပွဲတွင် ပါဝင်စွက်ဖက်သည့်အနေဖြင့် အစောပိုင်းက သူ ဖန်တီးထားသည့် အရှုပ်အထွေးကြောင့် သူ့စကားများမှာ ပြိုင်ပွဲကျင်းပရေးကော်မတီ၏ အမြင်တွင် အာဏာ သိပ်မရှိတော့ပေ။ ထို့ပြင် သူ၏ ရန်သူတော်ဟောင်း တစ်ဦးဖြစ်သူ ကျောက်ကျစ်ချန်က သူ ပြဿနာ ထပ်ရှာမည်ကို စိုးရိမ်သဖြင့် သူ့ကို စောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့် ယဲ့ကောရှန် အမိန့်ပေးလိုက်ပြီး သိပ်မကြာမီ ၎င်းက ကျောက်ကျစ်ချန်ဆီသို့ ရောက်ရှိသွားလေသည်။
သူက ယဲ့ကောရှန်အနေဖြင့် တစ်စုံတစ်ယောက်ကို အဖွဲ့ထဲမှ သို့မဟုတ် အခြေစိုက်စခန်းမှ ထုတ်ပယ်ခွင့် မရှိဟု ဆိုကာ သူ့အမိန့်များကို ချက်ချင်းပင် ပယ်ဖျက်ခဲ့၏။
ပိုင်ဝမ်ဝမ်းက သူ့သားကို မသန်စွမ်းဖြစ်အောင် လုပ်ခဲ့သည့်အတွက်ကြောင့် သူမကို အလိုရှိနေကြောင်း ယဲ့ကောရှန်က သေသေချာချာ မဖော်ပြနိုင်ခဲ့ပေ။ ထို့ပြင် သူ့သားက ပိုင်ဝမ်ဝမ်းကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်းကို လက်ခံယုံကြည်ရန် ငြင်းဆန်နေသဖြင့် ကျောက်ကျစ်ချန်က သူ့လမ်းကြောင်းကို ပိတ်ဆို့နေသလို ခံစားရသည်။
ယဲ့ကောရှန်က ဒေါသတကြီးဖြင့် သူ့လက်ဖက်ရည်ခွက်ကို ရိုက်ခွဲပစ်လိုက်၏။ သူ့နံဘေးတွင် ယဲ့ကတော်က တရှုံ့ရှုံ့ ငိုကြွေးနေသည်။
“အဲ့ဒီလူယုတ်မာတွေ… သူတို့တွေအားလုံး နှလုံးသား မရှိကြဘူး… သူတို့တွေ ကျွန်မသားလေးကို အနိုင်ကျင့်ကြတယ်… သူတို့တွေ အပြစ်မရှိတဲ့ ကျွန်မသားလေးကို ဝိုင်းပြီး အနိုင်ကျင့်နေကြတယ်…”
ယဲ့ကတော်က ပြင်းပြင်းထန်ထန် ငိုကြွေးနေသဖြင့် ခေါင်းကိုက်လာသည်။ သူမက မျက်လုံးများပင် မဖွင့်နိုင်သော်လည်း မျက်ရည်များ အဆက်မပြတ် စီးကျနေဆဲပင်။
“သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်စမ်းပါ… ရှင် သူတို့ကို အပြစ်ပေးမှ ရမယ်… ပိုင်ဝမ်ဝမ်းကို ပြန်ပြီး ပေးဆပ်ခိုင်းရမယ်… သူက ကျွန်မသားလေးကို ဒီလိုမျိုး လုပ်ရဲတယ်ပေါ့… ကျွန်မလည်း သူ့ကို နာနာကျင်ကျင် ခံစားပြီးမှ သေစေချင်တာ… ဝွန်း…”
“တိတ်တိတ်နေစမ်းပါ… အခုက ဒီစကားတွေ ပြောရမယ့်အချိန် မဟုတ်သေးဘူး… ငါတို့မိသားစုကို စုံစစ်ဆေးမှုတွေ ပြုလုပ်ကြလိမ့်မယ်…”
ယဲ့ကောရှန်၏ ဦးနှောက်တစ်ခုလုံးမှာ ဒေါသတရားတို့ဖြင့် ပြည့်နှက်နေ၏။ “ဒီလိုစကားမျိုး ထပ်ပြီး မပြောနဲ့… ပြီးတော့ ပိုင်ဝမ်ဝမ်းနဲ့ ပတ်သက်ပြီး မင်း တစ်ယောက်ယောက်ကို အမိန့်ပေးရဲ ပေးကြည့်…”
“ရှင်က ပိုင်ဝမ်ဝမ်းကို ကာကွယ်ပေးဖို့ ကြိုးစားနေတာလား… ချန်းဖုန်က ထိခိုက်ထားတာပါ… သူက ရှင့်သား မဟုတ်ဘူးလား… သူက ရှင့်သားမဟုတ်ဘူးလားလို့… ယဲ့ကောရှန် ရှင်က ကျွန်မတို့သားကို မချစ်လို့ သူ့အတွက် လက်စားချေပေးဖို့ကို ငြင်းဆန်ချင်နေတာလား…ပြောစမ်းပါ… ကျွန်မဘာသာ ကျွန်မ လုပ်မယ်…”
“မင်း ဘာမှမသိပါဘူးကွာ…”
ယဲ့ကောရှန်မှာ အလွန်ပင် စိတ်ပျက်သွား၏။ “ငါတို့မိသားစုကို စောင့်ကြည့်နေကြတယ်ဆိုတာ မင်း မသိဘူးလား… မင်း မဆင်မခြင်လုပ်ရင် ငါတို့တွေအားလုံး ပျက်စီးကုန်လိမ့်မယ်…”
“ပြီးတော့ ငါက ပိုင်ဝမ်ဝမ်းကို ကာကွယ်ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး… ငါ သူ့ကို သေချာပေါက် ရှင်းပစ်မှာပါ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး… ငါတို့တွေ ဒီလိုမျိုး လုပ်လို့မရသေးဘူး… ငါတို့တွေ သူ့ကို တရားစွဲပြီး နှစ်နည်းနည်းလောက် ထောင်ချထားလိုက်မယ်… အချိန်ကျလာရင် မင်း သူ့ကို နေမကောင်းဖြစ်ပြီး သေစေချင်တယ်ဆိုရင်တောင် ငါ ဘာမဆို စီစဉ်ပေးလို့ရတယ်… ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး ဒီတိုင်း ငြိမ်ငြိမ်လေး နေဦး…”
ယဲ့ကတော်က ငိုရှိုက်နေဆဲပင်။ “ဒါပေမဲ့ ကျွန်မတို့ကို လူတွေအများကြီးက စောင့်ကြည့်နေတယ်လို့ ရှင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား… သူ့ကို သေချာပေါက် ထောင်ကျအောင် လုပ်နိုင်ပါ့မလား… တကယ်လို့ ရှင်မလုပ်နိုင်ခဲ့ရင်ရော… ကျွန်မတို့သားလေးအတွက် လက်စားမချေနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ… ပိုင်ဝမ်ဝမ်းကို အပြစ်မပေးဘဲ ဒီတိုင်း မလွှတ်ထားနိုင်ဘူးလေ… ကျွန်မသားလေးက အကြောင်းပြချက် မရှိဘဲနဲ့ ထိခိုက်ခဲ့ရတာ…”
“မင်းရဲ့ နည်းလမ်းက လက်စားချေဖို့ ဖြစ်လာမှာမဟုတ်ဘူး အဲ့ဒါအပြင် ယဲ့မိသားစုအတွက် ဒုက္ခပေးရုံပဲ ဖြစ်လာမှာ…”
“ဘာဖြစ်တာလဲ… မင်းတို့တွေ ဘာလို့ ငြင်းခုံနေကြတာလဲ…” ယဲ့ဘိုးဘိုး၏ ဆေးရုံခန်းအတွင်းမှ ထွက်လာသည့် ယဲ့ကောရှန်၏ အစ်မဖြစ်သူက သူတို့လင်မယားနှစ်ယောက်၏ စကားသံများကို ကြားလိုက်ရသည်။
“ဘာတွေ ဖြစ်နေကြတာလဲ… ငါတို့တွေဆီမှာ အခုတောင် ပြဿနာတွေက များနေပြီလို့ မထင်ဘူးလား…”
“ဘာမှမဖြစ်ပါဘူး… အစ်မ ချွင်းရွေနဲ့ စကားပြောကြည့်ပါဦး… ကျွန်တော်က ပိုင်ဝမ်ဝမ်းကို အရင်ဆုံး တရားစွဲသင့်တယ်လို့ ပြောပေမယ့် သူက သဘောမတူဘဲ သူ့လက်နှစ်ဖက်နဲ့ ကိုယ်တိုင် လုပ်ဖို့ပဲ တောင်းဆိုနေတယ်… ဒါ မဆင်မခြင် လုပ်နေတာ မဟုတ်ဘူးလား…”
ယဲ့ကောရှန်က သူ့လက်ကို ခါယမ်းပြပြီး လှည့်ထွက်သွားသည်။
ဤစကားကို ကြားသောအခါ ယဲ့ကောရှန်၏ အစ်မက ကျန်းချွင်းရွေကို စတင် ဖြောင်းဖျလိုက်သည်။
“ယောင်းမလေး… မင်း စိတ်လိုက်မာန်ပါ လုပ်လို့ မရဘူး… ပိုင်ဝမ်ဝမ်းကို ထောင်ထဲ ထည့်ပြီးသွားရင် မင်း သူ့ကို လုပ်ချင်တာ လုပ်လို့ ရပြီလေ…ဒါပေမဲ့ မင်း အခု သူ့ကို သွားထိလိုက်လို့ တစ်ခုခု မှားယွင်းသွားရင် ငါတို့တွေအားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်… ယဲ့မိသားစုသာ မတည်မငြိမ်ဖြစ်ရင် ချန်းဖုန်ကိုလည်း ထိခိုက်မှာ မဟုတ်ဘူးလား… မင်း စိတ်အေးအေး ထားမှ ရမယ်…”
“…”
ယဲ့ကောရှန်က သူတို့ တံခါးပိတ်ထားသော ကျူးချန်လန်ဆီသို့ သွားကြည့်လိုက်လေသည်။ သူ အခန်းထဲသို့ ရောက်ရောက်ချင်း ကျူးချန်လန်၏ ရင်ဘတ်ကို ပိတ်ကန်ပစ်လိုက်၏။
ကျူးချန်လန်က နာကျင်လွန်းသဖြင့် ညည်းညူလိုက်သော်လည်း ဘာမှမပြောရဲချေ။ သူ့ခြေထောက်များမှာ တုန်ယင်နေပြီး အံကြိတ်ကာ ဒူးထောက်ရင်း သနားညှာတာပေးရန် တောင်းပန်နေသည်။
ဦးလေးကျန်းမှာ ထိုနေရာတွင် ရှိနေသော်လည်း သူတို့နှစ်ယောက်၏ အနေအထားမှာ သိသိသာသာပင် ခြားနားလှပေသည်။ သူက ဦးညွှတ်ကာ ယဲ့ကောရှန်ကို လေးလေးစားစား ပြောလိုက်သည်။
“သခင်… သခင် ကျေးဇူးပြုပြီး စိတ်အေးအေး ထားပါ… ကျူးချန်လန်က အရည်အချင်း မပြည့်မီလို့ သခင်လေးဆီမှာ ဒီလိုကိစ္စမျိုးတွေ ဖြစ်ရတာပါ… သူ့ကို အရင်ဆုံး အပြစ်ပေးသင့်တယ် ဆိုပေမယ့် သခင်လေးကို နာကျင်အောင် လုပ်ခဲ့တဲ့ကောင်မလေးကို တရားစွဲချင်တယ်ဆိုရင် အမှန်တကယ် ဘာဖြစ်ခဲ့တယ်ဆိုတာကို သူ့ဆီကနေ အရင် နားထောင်သင့်ပါတယ်…”
ယဲ့ကောရှန်က ဦးလေးကျန်းကို အေးစက်စွာ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ခပ်တိုးတိုး လှောင်ရယ်ကာ ပြောလိုက်၏။
“အဲ့ဒီလိုလား… ဒါဆိုလည်း မင်းက မေးခွန်းမေး… ငါနားထောင်မယ်…”
ကျန်းသာ့ချန်းမှာ သူ့ကိုယ်သူ မိုက်မဲသည်ဟု ထင်နေသလော သို့မဟုတ် သူ့ကိုယ်သူ ယဲ့မိသားစုကို အရူးလုပ်နိုင်လောက်သည်အထိ ဉာဏ်ကောင်းသည်ဟုပင် ထင်နေသလော မသိရပေ။ သူတစ်ပါးအပေါ် အပြစ်ပုံချခြင်းမှာ သူ့ကိုယ်သူ ကယ်တင်နိုင်မည်ဟု ထင်နေပါသလော။
အချိန်ကိုက်မဖြစ်သော ပြဿနာများကြောင့်သာ မဟုတ်ပါက ကျန်းသာ့ချန်မှာ ဤနေရာ၌ မတ်တပ်ရပ်နေနိုင်မည် မဟုတ်ပေ။
ဦးလေးကျန်းမှာ ယဲ့ကောရှန် သူ့ကို ကြည့်နေသည့်ပုံစံကို မြင်ပြီး သေလုနီးပါး ဖြစ်သွားလေ၏။ သူ့ကျောပြင်မှာ ချွေးများ စိုရွှဲနေသော်လည်း သူ့ကြောက်စိတ်ကို ထုတ်မပြရဲပေ။
သူက ကျူးချန်လန်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး အော်ပြောလိုက်၏။ “ဒီဆေးက ဘယ်လိုဖြစ်တာလဲ ဆိုတာ တိတိကျကျ ပြောပြစမ်း… သခင်လေးကို ဘယ်လိုအခြေအနေမျိုးနဲ့ ရှာတွေ့ခဲ့တာလဲ… အဲ့ဒီနေရာမှာ လူဘယ်နှယောက် ရှိနေခဲ့လဲ ပြီးတော့ သူတို့တွေ ဘယ်အထိ မြင်သွားကြလဲ… ရှင်းရှင်းလင်းလင်း ပြော…”
“ကျွန်တော် မသိဘူး… သခင်လေးက ဘယ်လိုဖြစ်ပြီး ဘာလို့ ဒီဝိုင်ကို သောက်မိသွားတာလဲဆိုတာ ကျွန်တော် မသိဘူး… ကျွန်တော်တို့ အားလုံး စီစဉ်ထားပြီးသား ဒီဝိုင်ကို မော့တိက သောက်ရမှာ… အဲ့ဒါကို ဘာလို့ သခင်လေးက သူ့အစား သောက်မိသွားတာလဲ ကျွန်တော် မသိဘူး… ကျွန်တော် တကယ့်ကို မသိတာပါ…”
ကျူးချန်လန်မှာ ပြောနေရင်း သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာ၏။
“သခင်ကြီး… မော့တိနဲ့ ပိုင်ဝမ်ဝမ်းက တစ်ခုခု လုပ်လိုက်လို့ သခင်လေးက ဒီဝိုင်ကို သောက်မိသွားတာ ဖြစ်မယ်… သူတို့နှစ်ယောက်လုံးက သခင်လေးကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားခဲ့ကြတဲ့သူတွေပဲ… သူတို့နှစ်ယောက်ပဲ ဖြစ်မှာ… သခင် သူတို့ကို လွှတ်မထားပါနဲ့… သခင်လေးအတွက် လက်စားချေပေးမှ ဖြစ်မယ်…”
Xxxxxx
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN