အပိုင်း ၁၁၅
Viewers 28k

Chapter 115



“အရူး…”



ဦးလေးကျန်းက မြေကြီးပေါ်တွင် ဒူးထောက်ထားသည့် ကျူးချန်လန်ကို ကန်လိုက်သည်။



“မင်းက ဘယ်လောက်အသုံးမကျနေလို့ သခင်လေးက ဒီလိုမျိုး အလွယ်တကူ ထိခိုက်ဒဏ်ရာ ရသွားတာလဲ…”



ကျူးချန်လန်က မထဝံ့ပေ။ သူက မြေကြီးပေါ်တွင် လဲကျလျက်သားဖြင့် ဆက်ပြီး တောင်းပန်နေ၏။



“သခင်ကြီး… သခင်ကြီး ကျွန်တော်က သခင်လေးကို တစ်ယောက်တည်း ထားခဲ့တာ မဟုတ်ပါဘူး… မော့တိနဲ့ ပိုင်ဝမ်ဝမ်းတို့ကြောင့်ပါ… သူတို့နှစ်ယောက်က ကောက်ကျစ်လွန်းတယ်… သူတို့တွေ ဒီလောက် ဉာဏ်များလိမ့်မယ်လို့ သခင်လေးရော ကျွန်တော်ပါ မထင်ထားခဲ့ဘူး… ပြီးတော့ ပိုင်ဝမ်ဝမ်းက အကြင်နာတရား ကင်းမဲ့လွန်းတယ်… သူက ဘယ်လိုလုပ်ပြီး…”



“ပါးစပ်ပိတ်ထား…”



ပိုင်ဝမ်ဝမ်း၏ နာမည်ကို ကြားလိုက်ရသည့်အခိုက် ယဲ့ကောရှန်၏ သွေးကြောများမှာ ထိုးထိုးထောင်ထောင် ဖြစ်လာ၏။ သူက ကျူးချန်လန်ဆီသို့ ပန်းကန်လုံးတစ်လုံးဖြင့် ပစ်ပေါက်လိုက်သည်။



“ပိုင်ဝမ်ဝမ်းအပြင် ဒီအကြောင်းကို တခြား ဘယ်သူတွေ သိသေးလဲ…”



“ပြောလေ… တခြားသူတွေ ရှိသေးလား…” ဦးလေးကျန်းက ကျူးချန်လန်ကို နောက်ထပ်တစ်ချက် ထပ်ကန်လိုက်သည်။



“ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြည့်ပြည့်စုံစုံ ပြောပြစမ်း… ဘာတစ်ခုမှ မကျန်စေနဲ့…”



“အဖြစ်အပျက်တွေကို မြင်လိုက်တာ နောက်ထပ် သုံးယောက် ရှိပါသေးတယ်…”

ကျူးချန်လန်က မြေကြီးပေါ်တွင် ဒူးထောက်ထား၏။ သူ့မျက်လုံးများထဲတွင် ဦးလေးကျန်းကို မုန်းတီးသည့် အရိပ်အယောင် ဖျတ်ခနဲ တောက်ပသွားလေသည်။



“တစ်ခုခု ဖြစ်သွားပြီလို့ ကျွန်တော် ကြားကြားချင်း ပြန်ပြေးကြည့်တာပဲ… အဲ့ဒီအချိန်မှာ သခင်လေးက … သခင်လေးက ပိုင်ဝမ်ဝမ်းရဲ့ တိုက်ခိုက်တာကို ခံရပြီးသွားပြီ… ကျောင်းဟယ်လို့ ခေါ်တဲ့ လူတစ်ယောက်က သူ့ကို အဝတ်အစား ပြန်ဝတ်ပေးဖို့ ဗီလာထဲ ခေါ်လာတာ… ပြီးတော့ ဆေးရုံကားကို ခေါ်လိုက်တာလည်း သူပဲ…”



“ပြီးတော့ နောက်ထပ်နှစ်ယောက်က စွင်းချီးယွီနဲ့ ဝမ်ရွှေးချင်ဆိုတဲ့ အဖွဲ့ထဲက မိန်းကလေးအဖွဲ့ဝင်တွေပဲ… သခင်လေးက ပိုင်ဝမ်ဝမ်းကို ဖက်ထားတဲ့အချိန်မှာ သူတို့တွေလည်း အဲ့ဒီနေရာမှာ ရှိနေခဲ့ကြတယ်… ပြီးတော့ သူက သခင်လေးကို ကန်လိုက်တာလည်း သူတို့တွေ မြင်လိုက်တယ်… ကျွန်တော် သတင်း ကြားကြားချင်း အဲ့ဒီကို ပြေးသွားတာဆိုတော့ သူတို့ ၃ ယောက်တည်း ရှိတယ်ဆိုတာ သေချာပါတယ်…”



“သေချာစဉ်းစားကြည့်စမ်းပါဦး… မင်း ထပ်ပြီး ပြောချင်တာရော ရှိသေးလား…” ဦးလေးကျန်းက ယဲ့ကောရှန်၏ အမူအရာ မကောင်းသည်ကို မြင်သောအခါ ကျူးချန်လန်ကို ဆက်လက်ပြီး စစ်ဆေးမေးမြန်းလိုက်သည်။



“ကျွန်တော် တခြားဟာတွေ ထပ်ပြီး စဉ်းစားလို့မရတော့ဘူး… ကျွန်တော် ဘာမှ ထပ်ပြီး မမှတ်မိတော့ဘူး… နေဦး… နောက်ထပ်တစ်ခု ရှိသေးတယ်…” ကျူးချန်လန်က သူ့ခေါင်းကို မော့ပြီး ယဲ့ကောရှန်ကို ကြည့်လိုက်သည်။



“ကျွန်တော် သခင်လေးနဲ့အတူ ဆေးရုံကားပေါ် တက်လိုက်သွားတဲ့အချိန် လူတွေ အများကြီး စုဝေးပြီး ကြည့်နေတာ ပြီးတော့ အဲ့ဒီမှာ မော့တိလည်း ရှိနေတယ်… သူက ရှေ့ဆုံးမှာပဲ…”



“သေချာပေါက် သူနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ ထင်တာပဲ… သခင်ကြီး… ဦးလေးကျန်း… သေချာပေါက် မော့တိကို တစ်ခုခု လုပ်မှ ဖြစ်တော့မယ်…”



“ငါ့သားကို ထိခိုက်အောင် လုပ်တဲ့သူတွေအားလုံးကို လွှတ်ပေးမှာ မဟုတ်ဘူး…” ယဲ့ကောရှန်က ဒေါသထွက်နေ၏။ သူက ကျူးချန်လန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။



“ဒါပေမဲ့ အခုအချိန်မှာတော့ မော့တိကို ခဏလောက် ဘေးဖယ်ထားမှ ရမယ်…”



“သခင်ကြီး ဆိုလိုချင်တာက…” ဦးလေးကျန်းက ပြောသည်။



“ငါတို့တွေ အခုချိန်မှာ မော့တိကို သွားထိလို့ မရသေးဘူး… ပထမအချက်အနေနဲ့ ငါတို့မှာ သက်သေ မရှိဘူး… ဒုတိယအချက်အနေနဲ့ သူ့ဆီမှာ အားကောင်းတဲ့ နောက်ခံအသိုင်းအဝိုင်း ရှိနေတယ်…”



“တစ်ယောက်ယောက်က သူ့ကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေတာလား…”



“တကယ်လို့ သူ့ဘက်မှာ တစ်ယောက်မှ မရှိဘူးဆိုရင် မော့မိသားစုက လက်ရှိအခြေအနေထိ ရောက်အောင် လွှတ်ထားမယ်လို့ ထင်လား…”

ယဲ့ကောရှန်က နောက်သို့မှီ၍ ထိုင်ချလိုက်ပြီး သူ့ရှေ့မှ ယောကျ်ားနှစ်ယောက်ကို ကြည့်လိုက်သည်။

“အရင်တုန်းကဆိုရင် မော့မိသားစုက သူ့လို တရားမဝင်သားတစ်ယောက်ကို အလွယ်တကူ ဖျက်စီးပစ်လိုက်နိုင်ပေမယ့် အခုဆိုရင် ကြည့်စမ်းပါဦး…”



ဦးလေးကျန်းမှာ အထိတ်တလန့် ဖြစ်သွား၏။ “ဒါပေမဲ့ သခင်ကြီး… မော့မိသားစုရဲ့ သက်သေတွေအားလုံးကို ရဲတွေဘက်က ရှာတွေ့သွားလို့ မဟုတ်ဘူးလား…”



“အရာအားလုံးက အရမ်းကို ပြေပြေလည်လည် ဖြစ်နေတယ်လို့ မင်းတို့တွေ မထင်ဘူးလား… ရဲတွေဘက်က တစ်ကြိမ်တည်းနဲ့တင် သူတို့လိုအပ်သမျှ သက်သေတွေ အားလုံး ရသွားတယ်လေ… ပြီးတော့ ကောလာဟလတွေက အင်တာနက်ပေါ် ချက်ချင်းကြီး ပျံ့နှံ့သွားတဲ့ ကိစ္စလည်း ရှိသေးတယ်…” ယဲ့ကောရှန်က လှောင်ရယ်လိုက်သည်။

“အဘိုးကြီးကျန်း… ခင်ဗျား ဒီလိုမျိုး တုံးအနေလို့ မရဘူးလေ… ဒီကိစ္စကို ခင်ဗျား ဘယ်လိုဖြစ်ပြီး မမြင်တာလဲ…”


ဦးလေးကျန်းမှာ စိတ်မသက်မသာ ဖြစ်သွားလေသည်။

“ကျွန်တော်… ကျွန်တော်က ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး သိပ်မရင်းနှီးလို့ပါ… သခင်ကြီး ကျွန်တော် အသက်ကြီးနေပြီဆိုတော့ အင်တာနက်ကို မကျွမ်းကျင်ဘူးဆိုတာ သခင်ကြီး သိပါတယ်…”



“ဟမ့်…” ယဲ့ကောရှန်က နှာတစ်ချက် မှုတ်လိုက်သည်။ “မင်းက ငါ့လောက်တော့ အသက်မကြီးသေးဘူးမလား…”



“သခင်ကြီး ကျွန်တော်…”



“တော်ပြီ… ငါတို့တွေ မော့တိနဲ့ ပတ်သက်တဲ့ ကိစ္စကို အခုလောလောဆယ် ခဏဖယ်ထားဦးမယ်… သူက အမေရိကမှာနေတဲ့ မုထျန်းဟန်ဆိုတဲ့ အရည်အချင်းရှိလူငယ်တစ်ယောက်နဲ့ ဆက်ဆံရေး တော်တော်လေး ကောင်းတယ်… သူ့ရဲ့ ငွေကြေးအင်အားက လျှော့တွက်လို့တော့ မရဘူး… အရေးအကြီးဆုံးကတော့ သူက မော့တိနဲ့ အရမ်းကို ရင်းနှီးတဲ့ပုံစံပဲ… အဲ့ဒီလိုလူတစ်ယောက်ကို ငါတို့တွေ သွားစော်ကားလို့ မရဘူး… အရင်ဆုံး ပိုင်ဝမ်ဝမ်းနဲ့ နောက်သုံးယောက်ကို ဖြေရှင်းရမယ်…”



“ကောင်းပါပြီ သခင်ကြီး… သခင်ကြီးက တကယ့်ကို ဉာဏ်ပညာရှိပါပေတယ်…”



“ဒီသောက်ကိစ္စတွေကို ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ… ဒီသတင်းအချက်အလက်တွေ အားလုံးကို ငါ့သားဆီကနေ ရတာ… သူ အရင်က ငါ့ကို အားလုံးပြောပြတတ်ပေမယ့် နောက်ပိုင်း သူ ငါ့ကို ထပ်ပြီး မပြောပြတော့ဘူး… အဲ့ဒီအစား သူက မင်းနဲ့ တိုင်ပင်ပြီးတော့ မင်းက ကိစ္စတွေကို ဒီလိုမျိုး ဖြစ်အောင် လုပ်လိုက်တာပဲ… အဘိုးကြီးကျန်း… ကျုပ်သားက ခင်ဗျားကို ယုံမိတာ မှားတာပဲ…”



ဦးလေးကျန်းမှာ ချွေးများ အလွန်အကျွံ စီးကျလာ၏။

“သခင်ကြီး… ကျွန်တော်… တကယ်တော့ ကျွန်တော်က…”



“တော်ပြီ… အခု အရေးကြီးတာက ပိုင်ဝမ်ဝမ်းပဲ… ပြီးတော့ နောက်ထပ် မျက်မြင်သက်သေ ၃ ယောက်ကိုလည်း ကိုင်တွယ်မှ ရမယ်…” ယဲ့ကောရှန်က ဦးလေးကျန်းကို နောက်တစ်ကြိမ် ထပ်မကြည့်တော့ပေ။ သူက မျက်လုံးများကို မှိတ်ထားရင်း ပြောသည်။

“မင်းတို့နှစ်ယောက် ဘာလုပ်နိုင်မလဲဆိုတာကို မင်းတို့တွေ စပြီး စဉ်းစားထားရင် ကောင်းမယ်…”



“သခင်ကြီး… သူတို့တွေအားလုံးကို စခန်းကနေ နှုတ်ထွက်သွားအောင် ဆွဲဆောင်သင့်တယ်လို့ ထင်ပါတယ်…” ကျူးချန်လန်က ပြောလိုက်သည်။

“သူတို့တွေ အပြင်ရောက်လာတာနဲ့ သခင်ကြီး သူတို့အပေါ် လုပ်ချင်တာအားလုံး လုပ်လို့ ရပြီ…”



“အရူး…” ယဲ့ကောရှန် စကားပြောလာသည်ကိုပင် မစောင့်တော့ဘဲ ဦးလေးကျန်းက သူ့ကို အရင်ဆုံး ထိုးလိုက်သည်။

“ငါတို့ကို လူတွေအများကြီးက စောင့်ကြည့်နေပါတယ်ဆိုမှ မင်းက ယဲ့မိသားစုကို ဒုက္ခရောက်စေချင်နေတာလား…”


“သခင်ကြီး… ကျွန်တော်တို့တွေ အရင်ဆုံး မျက်မြင်သက်သေတွေနဲ့ စကားပြောကြည့်ပြီးတော့ သခင်လေးအတွက် သူတို့ကို စစ်ဆေးကြည့်ရမယ်လို့ ထင်ပါတယ်… တကယ်လို့ သူတို့ ငြင်းဆန်မယ်ဆိုရင် အနည်းဆုံး သူတို့တွေကို ပိုင်ဝမ်ဝမ်းဘက်မှာ ရပ်တည်ပေးတယ်ဆိုပြီး ကျွန်တော်တို့တွေ စွပ်စွဲလို့ ရတယ်… အဲ့ဒီနောက် ကျွန်တော်တို့တွေ သူ့ကို သေချာပေါက် ထောင်ချလို့ ရပြီ… ပြီးတော့ သူ ထောင်ကျသွားပြီဆိုရင် ကျွန်တော်တို့တွေ သခင်လေးအတွက် လက်စားချေလို့ ရပြီလေ…”



“ပြီးတော့… ပြီးတော့ ပိုင်ဝမ်ဝမ်းက သခင်လေးကို ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် လုပ်ခဲ့တာဆိုတော့ ဒီအကြောင်းကို မီဒီယာဆီမှာ ဖော်ထုတ်ပြီး သခင်လေးကသာ ခံရတဲ့သူ ဖြစ်ကြောင်း လူထုကို သေချာပေါက် အသိပေးမှ ရမယ်… တကယ်လို့ သတင်းမှား တစ်ခုခုသာ ထွက်လာခဲ့ရင် သခင်လေးအတွက် အခက်တွေ့စေနိုင်မှာပဲ… အဲ့ဒီလူတွေနဲ့ ပိုင်ဝမ်ဝမ်းတို့ သူတို့မပြောသင့်တဲ့ စကားမျိုး ထုတ်မပြောအောင် ကြိုပြီး ပါးစပ်ပိတ်ထားမှ ရမယ်…”



“သခင်လေးက ဂုဏ်သိက္ခာ မြင့်မားတဲ့သူဆိုတော့ လူတိုင်းက သူ့ကို ထောက်ခံကြမှာပါ… ပိုင်ဝမ်ဝမ်းက သူ့ကို စွပ်စွဲဖို့ ကြိုးစားမယ်ဆိုရင်တောင် သက်သေအထောက်အထားနဲ့ အဲ့ဒီမျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် မရှိဘူးဆိုရင် ဘယ်သူ့မှ သူ့ကို ယုံမှာမဟုတ်ဘူး…”



ဦးလေးကျန်းမှာ အမှန်တကယ်ပင် ယဲ့ကောရှန် အချိန်ကြာမြင့်စွာ ယုံကြည်အားထားခဲ့သော လူယုံတစ်ယောက် ဖြစ်သည်။ သူက သူ့သူဋ္ဌေးဖြစ်သူ ကြားချင်သည့်အရာကို သိထားပြီး သင့်တော်သော ဖြေရှင်းချက်များကို အချိန်ကိုက် ပြောပြပေးလိုက်သည်။



ဤကိစ္စကို လူထုအား ကြေညာရမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ယဲ့ကောရှန်မှာ အလွန်အမင်း စိတ်အားထက်သန်မှု မရှိချေ။ သို့သော် ကိစ္စများမှာ ဤနည်းအတိုင်း ဖြစ်လာသဖြင့် ဆုံးဖြတ်ချက်အချို့ ပြုလုပ်ရတော့မည် ဖြစ်သည်။



သူက ပိုင်ဝမ်ဝမ်းနှင့် ပတ်သက်သော ကိစ္စကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး သူမအတွက် မြန်ဆန်ပြီး ကြီးလေးသော အပြစ်ဒဏ် ချမှတ်ရန် သေချာပေါက် လုပ်ဆောင်နိုင်သော်လည်း သူ့အနေဖြင့် သူမပါးစပ်ကို လုံးဝ မပိတ်ထားနိုင်ပေ။ အကယ်၍ သူမသာ အဓိပ္ပာယ်မရှိသော အကြောင်းအရာများကို တစ်ယောက်ယောက်အား ပြောပြလိုက်ပါက အခြေအနေ ဆိုးရွားသွားနိုင်ပေသည်။



ယဲ့ကောရှန်က သူ့စကားများကို ချင့်ချိန်စဉ်းစားနေကြောင်း မြင်လိုက်ရသောအခါ ဦးလေးကျန်းက ဆက်ပြောသည်။



“သခင်ကြီး… ကျွန်တော်တို့တွေ မျက်မြင်သက်သေ သုံးယောက်ရဲ့ ပါးစပ်ကို ပိတ်ထားချင်ရင် သူတို့ကို လာဘ်ထိုးတာဖြစ်ဖြစ် ခြိမ်းခြောက်တာဖြစ်ဖြစ်…” ဦးလေးကျန်းက ခဏရပ်လိုက်ပြီး သူ့စကားကို ပြင်ပြောရန် ဆုံးဖြတ်လိုက်သည်။ “ဒါမှမဟုတ် ကျွန်တော် သူတို့ကို သတိပေးတာမျိုး လုပ်လိုက်ရမလား…”



“နှစ်ခုလုံး ပေးလိုက်…” ယဲ့ကော်ရှန်က သူ့မျက်လုံးများကို မှေးကျဉ်းကာ ဦးလေးကျန်းနှင့် ကျူးချန်လန်တို့ကို ကြည့်ပြီး ပြောလိုက်သည်။

“မနက်ဖြန် ကျူးချန်လန်က သူတို့သုံးယောက်ကို ခေါ်ထုတ်လာပြီး စကားပြောကြည့်လိုက်… အဘိုးကြီးကျန်းကတော့ အဘိုးကြီးစွင်းနဲ့ အတူတူ အလုပ်လုပ်ပြီး အဲ့ဒီလူတွေရဲ့ နောက်ခံအခြေအနေကို ငါ့ဆီတင်ပြရမယ်… မနက်ဖြန် ငါ ရလဒ်ကို တွေ့ချင်တယ်…”



---

မော့တိက ယဲ့မိသားစုအတွင်းပိုင်း၌ ဖြစ်ပျက်နေသည်များကို မသိရသော်လည်း သူတို့က ပိုင်ဝမ်ဝမ်းကို လွှတ်ထားမည် မဟုတ်သလို အခြားသော အဖွဲ့ဝင် သုံးယောက်ကိုလည်း သူတို့လက်အောက်သို့ ဆွဲသွင်းရန် ကြိုးပမ်းလိမ့်မည် ဖြစ်ကြောင်း သိထားလေသည်။



ထို့ကြောင့် မော့တိက ပိုင်ဝမ်ဝမ်း၏ လှုပ်ရှားမှုများအပေါ် အထူး အာရုံစိုက်ထားရုံသာမက အခြားအဖွဲ့ဝင် ၃ ယောက်ကိုလည်း အာရုံစိုက်ထားခဲ့သည်။



သို့သော် သူက တစ်ယောက်တည်း ဖြစ်သဖြင့် သူတို့အားလုံး သွားလာနေသည့် နေရာတိုင်းကို ပြည့်ပြည့်စုံစုံ စောင့်ကြည့်ရန် မဖြစ်နိုင်ပေ။ ဝဖိုင့်ဖိုင့်လူကြီးနှင့် အမျိုးသမီးအဖွဲ့ဝင်နှစ်ယောက်ကို ကျူးချန်လန်က လာခေါ်သွားပြီး တစ်နာရီအကြာတွင် သူတို့သုံးယောက်သား၏ ခံစားချက်များ လုံးဝ ပြောင်းလဲသွားသည့် ပုံစံဖြင့် ပြန်လာကြသည်ကို မော့တိ တွေ့လိုက်ရသည်။



မော့တိက သူတို့နားသို့ ချဉ်းကပ်သွားပြီး စကားပြောရန် ကြိုးစားကြည့်သော်လည်း သူ့ကို ရောဂါကူးစက်ခံထားရသူ တစ်ယောက်အလား ရှောင်ဖယ်သွားကြလေ၏။ သူ့အပေါ် သူတို့အားလုံး၏ သဘောထားမှာ ယခင်နှင့်မတူတော့ဘဲ သိသိသာသာ ပြောင်းလဲသွားပြီ ဖြစ်သည်။



မော့တိက မကောင်းသော ခံစားချက်များ ခံစားလိုက်ရသည်။ ကိစ္စများမှာ သူ့အတွက်ရော ပိုင်ဝမ်ဝမ်းအတွက်ပါ အခြေအနေ ကောင်းပုံ မရတော့ပေ။



နှစ်ရက်တိတိအကြာ ပိုင်ဝမ်ဝမ်းက ပြိုင်ပွဲမှ နှုတ်ထွက်ရန် တောင်းဆိုလိုက်သည့် အချိန်မှာပင် သူမထံသို့ တရားရုံးမှ ဆင့်ခေါ်စာ တစ်စောင် ရောက်ရှိလာသည်။



ယဲ့မိသားစုက သူမအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းအတွက် တရားစွဲထားခြင်းပင်။



ပိုင်ဝမ်ဝမ်းမှာ စိုးရိမ်သောက ရောက်ရသလို ဒေါသလည်း ထွက်သွားရသည်။ သူမက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်းသာ ပြုလုပ်ခဲ့သော်လည်း ယဲ့မိသားစုက သူမကို မည်သို့ တရားစွဲနိုင်ရပါသနည်း။ ၎င်းမှာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာ ဖြစ်ပေသည်။



ပိုင်ဝမ်ဝမ်းက သတင်းများ ကြည့်ရှုရန် အချိန်မရသော်လည်း ယဲ့မိသားစုက ရဲများကို ခေါ်လာပြီး မိနစ် ၃၀ အတွင်း ရောက်လာကြကာ သူမကို ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။



မော့တိက ရဲများ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ဗီလာ ၃ ဆီသို့ ပြေးသွား၏။ သူက ယူအက်စ်ဘီကို ပိုင်ဝမ်ဝမ်းအား ပေးလိုက်ချင်သော်လည်း သူမနှင့် လူဝကြီးကို ကျူးချန်လန်က မျက်စိဒေါင့်ထောက် စောင့်ကြည့်နေကြောင်း သူ သတိထားမိလေသည်။ ထို့ပြင် ရောက်လာသော ရဲတပ်ဖွဲ့ဝင်များမှာ အလွန်ပင် သံသယဖြစ်စရာ ကောင်းလောက်အောင် ပြုမူနေကြသည်။ သူတို့က ပိုင်ဝမ်ဝမ်းအပေါ် အလွန် ကြမ်းတမ်းစွာ ဆက်ဆံနေကြသည်။



မော့တိက သူ့စိတ်ကို ပြောင်းလိုက်၏။



သူက လူအုပ်ထဲမှ ထွက်ကာ မုထျန်းဟန်ကို ခေါ်ရန် ပြေးထွက်သွားသည်။



“ကိုကို… ဟိုရက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအကြောင်း ကျွန်တော် ပြောပြဖူးတာ မှတ်မိသေးလား… ဒီနေ့ ယဲ့မိသားစုက ပိုင်ဝမ်ဝမ်းအပေါ် စပြီး လှုပ်ရှားကြတယ်… ကျွန်တော့်မှာ သူ့ကို အကူအညီ ပေးနိုင်တဲ့ သက်သေ ရှိပေမယ့် အဲ့ဒါကို ရဲတပ်ဖွဲ့ဆီ ပေးလိုက်သင့်လား… ဒါပေမဲ့ အခု ရောက်လာတဲ့ရဲတွေက သိပ်ပြီး အားကိုးလို့ မရလောက်ဘူးလို့ ကျွန်တော် ခံစားရတယ်…”



မုထျန်းဟန်က သေချာပေါက် မှတ်မိနေ၏။ အကယ်၍ သူ့မိတ်ဆွေလေး၏ သတိဝီရိယရှိခြင်းကြောင့်သာ မဟုတ်ပါက အကျိုးဆက်များကို တွေးပင် မကြည့်ဝံ့ပေ။



“သူတို့ကို မပေးနဲ့… ယဲ့မိသားစုက ရဲတပ်ဖွဲ့နဲ့ တရားရုံးမှာ အားလုံးကို အစီအစဉ် အကွက်ချပြီးသွားလောက်ပြီ…”



မုထျန်းဟန်က တစ်ခဏမျှ စဉ်းစားပြီးမှ ပြောသည်။



“ကိုကို့ဆီ အဲ့ဒီဖိုင်ကို ပို့လိုက်… အဲ့ဒီဖိုင်ကို ရဲမှူးကြီးဝမ်ဆီ ပို့ပြီး ဒီကိစ္စကို တစ်ယောက်ယောက်ကို ကိုင်တွယ်ခိုင်းဖို့ သူ့ကို ပြောလိုက်မယ်…”

Xxxxxcc