အပိုင်း ၁၁၆
Viewers 28k

Chapter 116


ပိုင်ဝမ်ဝမ်းမှာ လက်ထိပ်ခတ်ခံထားရပြီး ရဲကားထဲသို့ အညှာအတာ ကင်းမဲ့စွာ ဆွဲခေါ်သွားခံရသည်။ သူမက စိတ်မထိန်းထားနိုင်တော့ဘဲ ဖိအားပေးခံရသလို ခံစားရသဖြင့် ခုခံကာကွယ်သည့်အနေဖြင့် စကားလုံးအချို့ အော်ဟစ်ပြောဆိုသွားသည်။


ရဲများက ချက်ချင်းပင် သူမကို ပါးစပ်ပိတ်လိုက်ကြပြီး ကားထဲသို့ ဆွဲသွင်းလိုက်သော်လည်း အလွန် နောက်ကျသွားပြီ ဖြစ်ရာ လူအများစုက သူမ ပြောသည့်စကားများကို ကြားလိုက်ရလေသည်။


နားလည်ရန် အရာများစွာ ရှိသော်လည်း ထိုစကားများကို ကြားလိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားကြ၏။


ယဲ့ချန်းဖုန်က မုဒိမ်းကျင့်ရန် ကြိုးစားသော်လည်း အကန်ခံလိုက်ရပြီး အသုံးမဝင်သူ တစ်ယောက် ဖြစ်သွားပါသလော။


ပိုင်ဝမ်ဝမ်းက သူမကိုယ်သူမ ခုခံကာကွယ်သည့်အနေဖြင့် သူမကို တိုက်ခိုက်ခဲ့ခြင်းပေလော သို့မဟုတ် ယဲ့မိသားစု ပြောကြသလို သူမက ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်ဒဏ်ရာ ရစေခဲ့ပါသလော။ ဤကိစ္စနှင့် ပတ်သက်၍ လူထုထံတွင် တိကျသော သက်သေ အထောက်အထား မရှိသော်လည်း သူတို့အတွက် သေချာသည့် အချက်မှာ ယဲ့ချန်းဖုန်အနေဖြင့် အမြုံတစ်ယောက် ဖြစ်သွားနိုင်ချေ ရှိခြင်းပင်။


အမြုံဖြစ်ရခြင်း။


ယောကျ်ားသားများမှာ အသက်ရှူကြပ်ကာ တစ်နေရာရှိ နာကျင်မှုကို စိတ်ကူးယဉ် မှန်းဆကြည့်ရင်း တွန့်သွားလေသည်။


ပြိုင်ပွဲကျင်းပရေးကော်မတီက ဤသတင်းကို မဖြန့်စေရန်အတွက် လူတိုင်းအပေါ် စည်းကမ်းချက် တစ်ခု ချမှတ်ထားသော်လည်း ဤကမ္ဘာပေါ်တွင် လေလုံသော နံရံတစ်ချပ်ပင် မရှိသည့်အတွက် အတင်းအဖျင်းများမှာ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ဖြစ်ပျက်ခဲ့သမျှကို မျက်မြင်တွေ့ခဲ့ကြသူ အများအပြား ရှိခဲ့သည့်အပြင် ပြိုင်ပွဲဝင်များသာမက သန့်ရှင်းရေးဝန်ထမ်းများနှင့် ဗီလာ၏ သာမန်ဝန်ထမ်းများပင် ပါဝင်ပေသည်။


ထိုစဉ် ကျူးချန်လျန်က ဖြစ်ပျက်သမျှကို ယဲ့မိသားစုထံသို့ ချက်ချင်းပင် သတင်းပို့လိုက်သည်။


---


ဤအခိုက်တွင် ယဲ့ကောရှန်၏ နောက်ထပ် လူယုံတော် တစ်ယောက်ဖြစ်သူ စွင်းချင်းဟူက ရဲစခန်းသို့ ရောက်ရှိလာ၏။


ယဲ့မိသားစု မျိုးဆက်နှစ်ဆက်၏ အကြီးအကဲများမှာ အစိုးရအဖွဲ့အစည်းအတွင်း အဆင့်မြင့်အရာရှိများ ဖြစ်ကြလေသည်။ တရားရုံး၌ဖြစ်စေ၊ ရဲစခန်းတွင်ဖြစ်စေ သူတို့မိသားစုအပေါ် မျက်နှာလို မျက်နှာရ လုပ်လိုသူများ အမြဲလိုလို ရှိနေကြ၏။ ထိုသို့မဟုတ်သည့်တိုင်အောင် အများစုက သူတို့၏ တောင်းဆိုချက်ကို ငြင်းဆန်ဝံ့မည် မဟုတ်ချေ။ ထို့ကြောင့် ပိုင်ဝမ်ဝမ်းကို တရားစွဲရာတွင် သူတို့အတွက် မိမိစိတ်တိုင်းကျ ခြယ်လှယ်ရန် မခက်ခဲပါ။


ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်ကို ပြင်းထန်စွာ ထိခိုက်နစ်နာစေခဲ့ခြင်း ဖြစ်ကြောင်း အစတည်းက ဆုံးဖြတ်သားပြီးသား ဖြစ်သည့်အပြင် ၎င်းမှာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာ ဖြစ်ကြောင်း သက်သေပြစရာ သူမထံတွင် မရှိပေ။ မျက်မြင်သက်သေ ၃ ဦးမှာလည်း နှုတ်ဆိတ်နေရန် ခြိမ်းခြောက်ခံထားရ၏။ ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည်ဟု လိမ်လည်ပြောဆိုကြပြီး သူတို့ မသိကြောင်း သို့မဟုတ် ပို၍ ဆိုးရွားသော ထွက်ဆိုချက်များ ပြောဆိုနိုင်ပေသည်။


ဤသည်မှာ ရှေးယခင်တည်းက ကမ္ဘာကြီး လည်ပတ်နေသည့်ပုံစံပင်။ အာဏာရှိပြီး ကြွယ်ဝချမ်းသာသူများ အတွက် သူတို့အောက်မှ လူများကို အလွယ်တကူ နင်းချေနိုင်ပေသည်။ သင့်အနေဖြင့် မှားယွင်းသော ဘက်တွင် မရပ်တည်မိပါက အကောင်းဆုံး ဖြစ်ပြီး အကယ်၍ သင်သာ ဘက်မှားသွားပါက ရှင်သန်လွတ်မြောက်ရန်မှာ ကံတရားပေါ်တွင်သာ မူတည်ပေသည်။


ပိုင်ဝမ်ဝမ်းအတွက်မူ ကံကောင်းထောက်မစွာဖြင့် ရဲစခန်းသို့ ရောက်ရောက်ချင်း သော့ပိတ်ခံလိုက်ရသောကြောင့် ယခင်ဘဝက ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖြစ်နိုင်ပေသည်။


မုထျန်းဟန်က ရဲမှူးကြီးဝမ်နှင့် ဆက်သွယ်ပြီး ဖြစ်၏။


မည်သို့ပင်ဆိုစေကာမူ ပိုင်ဝမ်ဝမ်းက သူမကို အဝေးမှ တစ်ယောက်ယောက်က ကူညီပေးနေကြောင်း မသိရပေ။ သူမ၏ လက်ချောင်းလေးများမှာ တုန်ယင်နေပြီး သူမ၏ ခွန်အားများမှာလည်း လျင်မြန်စွာ ဆုတ်ယုတ်သွားပြီ ဖြစ်သည်။ သူမက ကြောက်ရွံ့မှုနှင့် ဒေါသကိုသာ ခံစားနေရ၏။ ယဲ့မိသားစုက သူမအပေါ် မည်သည့်အတွက်ကြောင့် ယခုလို လုပ်ရသနည်းဟု နားမလည်နိုင်အောင် ဖြစ်နေသည်။


သူမအပေါ် သူတို့ စွပ်စွဲသည့် ရာဇဝတ်မှုမှာ ပြင်းထန်သည့်အပြင် ပြစ်မှု ထင်ရှားပါက သူမကို အချိန်အတော်ကြာအောင် ထောင်ဒဏ် ချမှတ်ခံရနိုင်ပြီး သူမ၏ ဂုဏ်သတင်းပင် ပျက်စီးသွားနိုင်ပေသည်။ သူမက အဆိုပါစွပ်စွဲချက်များကို ဝန်ခံရန် ငြင်းဆိုခဲ့သော်လည်း သူမတစ်ယောက်တည်း မျှော်လင့်ချက် ကင်းမဲ့သလို ခံစားနေရသည်။


ရဲများက ယဲ့ချန်းဖုန်၏ ဒဏ်ရာပြင်းထန်မှုကို ဖော်ပြထားသည့် ဆေးလက်မှတ်တစ်စောင်ကို တင်ပြခဲ့သည်။ အကယ်၍ သူမက သူမ၏ အမည်ပျက်ကို ရှင်းလင်းပြီး မိမိကိုယ်ကို ခုခံကာကွယ်ချင်ပါက သက်သေအထောက်အထား လိုအပ်ပေသည်။


သို့သော် သူမထံတွင် သက်သေအထောက်အထား တစ်ခုမှ မရှိချေ။


ယဲ့ချန်းဖုန်က သူမကို လူမြင်ကွင်းတွင် လိင်ပိုင်းဆိုင်ရာ စော်ကားသဖြင့် ထိတ်လန့်တကြား ဖြစ်ကာ သူ့ကို ကန်ထုတ်ခဲ့ရခြင်း ဖြစ်ကြောင်း သူမအနေဖြင့် သက်သေမပြနိုင်ပေ။


မျက်မြင်သက်သေ ၃ ယောက်က သူမဘက်တွင် မရပ်တည်ပေးပါက ဤအမှုကို သူမ တိုက်ခိုက်နိုင်ရန် အခွင့်အလမ်း နည်းပါးပေသည်။


သို့သော် ပြန်တွေးကြည့်ပါက ကျောင်းဟယ်နှင့် အခြားသူများမှာ တစ်ခုခု ပြောဆိုရန် ရှေ့သို့ ထွက်လာခြင်း မရှိဘဲ နေရာတွင်သာ ရပ်ပြီး သူမအား ခေါ်ဆောင်သွားသည်ကို ကြည့်ရုံသာ ကြည့်နေခဲ့ကြသည်။ သူတို့က သူမဘက်တွင် သက်သေအဖြစ် ရပ်တည်ပေးလိုကြမည် မဟုတ်ပေ။


ပိုင်ဝမ်ဝမ်းက အင်မတန် ကြောက်ရွံ့သွားလေ၏။


သူမ နေထိုင်ရသည့် စစ်ကြောရေးခန်းမှာ ချုပ်ချယ်မှုအားကောင်းလှပြီး အေးစက်လှပေသည်။ နှစ်တစ်နှစ် ကုန်ဆုံးရန် နီးကပ်လာပြီ ဖြစ်ပြီး နွေဦးပွဲတော်မှာ တစ်ပတ်မျှသာ လိုတော့၏။ ထို့ကြောင့် သူမကား နှစ်သစ်ကူး ကာလကို အချုပ်ခန်းထဲတွင် မနေချင်ပါ။


ပိုင်ဝမ်ဝမ်းက စစ်ကြောရေးတွင် သုံးနာရီကြာ ပိတ်လှောင်ထားခံရပြီး ညမိုးချုပ်သည့်တိုင်အောင် သူမကို မည်သူမှ လာရောက်ပြီး မေးခွန်းများ မေးမြန်းခြင်း မရှိချေ။ အေးခဲနေသော အပူချိန်အောက်တွင် သူမ၏ လက်များမှာ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ စိတ်ထဲတွင် ကူကယ်ရာမဲ့သည့် ခံစားချက်မျိုး တစ်စတစ်စ တိုးလာလေသည်။ ပိုင်ဝမ်ဝမ်းမှာ ငိုချင်နေသော်လည်း သူမ၏ မျက်ရည်များကို ချုပ်တည်းထား၏။


ဘေးအခန်းတစ်ခုအတွင်း၌ စွင်းချင်းဟူက ရဲအရာရှိ နှစ်ယောက်နှင့်အတူ တစ်ဖက်မြင်မှန်မှ ပိုင်ဝမ်ဝမ်းကို စောင့်ကြည့်နေသည်။


“ခေါင်းဆောင်ကော… ခင်ဗျား ဘာလို့ သူ့ကို မစစ်ဆေးသေးတာလဲ…”


စွင်းချင်းဟူက သူ့ဘေးနားတွင် လက်ပိုက်ကာ ရပ်နေသည့် သက်လတ်ပိုင်းအရွယ် ရဲအရာရှိကို ကြည့်လိုက်သည်။


“အစ်ကိုကြီးစွင်း… ခင်ဗျားက နားမလည်ဘူးပဲ… ညနေပိုင်းမှာ ပိုပြီး အေးလာပြီဆိုတော့ ကျုပ်တို့တွေ သူ့ကို ဆက်ပြီး အချိန်ဆွဲထားလေလေ ကျုပ်တို့ လိုချင်တဲ့ရလဒ်မျိုး ရနိုင်ဖို့ ပိုပြီးတော့ လွယ်လေလေပဲ…” ထို့နောက် သူက ရဲမေကို လှမ်းမေးလိုက်သည်။


“သူ ဒီကို ရောက်လာတဲ့အချိန်တည်းက သန့်စင်ခန်း သွားပြီးသွားပြီလား…”


“မသွားရသေးပါဘူး…”


“သူ့ကို ဖန်ခွက်ကြီးကြီးနဲ့ ရေနွေးတစ်ခွက်လောက် ပေးလိုက်ပါ… သူ့ကို အအေးဒဏ် မခံစေနဲ့… ငါတို့က ဥပဒေရဲ့ အရာရှိတွေပဲလေ ငါတို့ရဲ့ အကျဉ်းသားတွေကို အနိုင်ကျင့်ခွင့်မှ မရှိတာ…”


“ဟုတ်ကဲ့ပါ ဆရာ…”


ထိုလူ၏ စုံစမ်းစစ်ဆေးရေး နည်းဗျူဟာများကို တွေ့လိုက်ရသောအခါ စွင်းချင်းဟူက အလွန် ကျေနပ်သွား၏။ ကောသာ့ကျန်းမှာ သူ့အလုပ်တွင်မူ အမှန်တကယ် ထူးချွန်သူတစ်ယောက်ပင်။


သူမ၏ ခန္ဓာကိုယ်က ဆက်ပြီး မတောင့်ခံနိုင်တော့သည့်အခါ သူမ၏ စိတ်ဆုံးဖြတ်ခြင်းမှာလည်း ပျက်ပြားသွားမည် ဖြစ်သည်။ ထိုအချိန်တွင် သူမကို ဝန်ခံခိုင်းပါက အချိန်တစ်ခုသာ လိုအပ်ပေသည်။


ပိုင်ဝမ်ဝမ်းမှာ ထိုရေနွေးဖန်ခွက်ကြီးက သူမ၏ ဝန်ခံချက်ကို အရှိန်မြင့်ပေးမည့် အထောက်အကူ ပစ္စည်း ဖြစ်ကြောင်း မသိခဲ့ပေ။ အအေးဓာတ်က သူမ၏ ခြေဆစ်လက်ဆစ်များကို နာကျင်စေ၏။ ထို့ကြောင့် ယခုလို သူမကို ရေနွေးတစ်ခွက် ပေးလာသည့်အခါ သူမက ထိုခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ စက္ကန့်ပိုင်းမျှပင် တွေးတောခြင်း မပြုဘဲ လည်ချောင်းထဲသို့ လောင်းချလိုက်လေသည်။


ပိုင်ဝမ်ဝမ်းက ရေနွေးတစ်ခွက်လုံးအား တစ်ကျိုက်ကျိုက် မော့သောက်လိုက်သည်ကို မြင်သောအခါ ရဲမေက မျက်မှောင်ကြုံ့လိုက်သည်။


သူမက ပိုင်ဝမ်ဝမ်းအတွက် မည်သို့ပင် စိတ်မကောင်းဖြစ်စေကာမူ ရာထူးနိမ့်သော အရာရှိတစ်ယောက်သာ ဖြစ်၏။ ပိုင်ဝမ်ဝမ်းထံတွင် ငွေကြေးနှင့် အာဏာ မရှိသလို အရေးအကြီးဆုံးအနေဖြင့် ဤအမှုကို ပြောင်းပြန် လှန်ပစ်နိုင်ရန် သူမထံ၌ သက်သေ မရှိချေ။ သူမသည်လည်း ပိုင်ဝမ်ဝမ်းကို မကူညီပေးနိုင်ပါ။


ထို့ကြောင့် ပိုင်ဝမ်ဝမ်းသာ သူမကို အပြစ်မတင်ပါက ပိုကောင်းပေလိမ့်မည်။


သူမ ရေသောက်ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် သန့်စင်ခန်းသို့ ဝင်ချင်လာသည်။


သူမကို ဖမ်းထားသည်မှာ ၃ နာရီခန့် ကြာပြီဖြစ်ပြီး ထိုအချိန်အတောအတွင်း သူမကို အခန်းထဲမှ ထွက်ခွာခွင့် မပေးထားပေ။ သူမ ဗီလာထဲတွင် ရှိနေသည့်အချိန်ကိုပါ ထပ်ပေါင်းထည့်ပါက သူမ နောက်ဆုံး အိမ်သာ အသုံးပြုခဲ့သည်မှာ ၄ နာရီကျော် ကြာပြီ ဖြစ်သည်။


ပိုင်ဝမ်ဝမ်း၏ လက်ကောက်ဝတ်နှစ်ဖက်ကို ထိုင်ခုံ၌ ချုပ်နှောင်ထား၏။ သူမက တံခါးကို မခေါက်နိုင်သဖြင့် အာရုံစိုက်ခံရစေရန် သူမ၏ အသံကို အသုံးပြုရပေလိမ့်မည်။ သို့သော် အကြိမ်ပေါင်းများစွာ အော်ခေါ်သည့်တိုင်အောင် မည်သူကမှ သူမကို ပြန်မဖြေကြပေ။


ပိုင်ဝမ်ဝမ်းက ဝေဒနာကို ခံစားနေရ၏။ ရေနွေးက အအေးဓာတ်ကို တစ်ခဏမျှသာ သက်သာစေပြီး ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်၍ ဝေဒနာမှာ ပို၍ ဆိုးလာလေသည်။ သူမ၏ နားရွက်များမှာ ထုံထိုင်းပြီး လက်များက တဆတ်ဆတ် တုန်နေ၏။ အအေးဓာတ်က သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသလို ခံစားနေရသည်။


စစ်ကြောရေးအခန်း၏ စိတ်ဓာတ်ကျဖွယ် အနေအထားနှင့်အတူ ရေချိုးခန်းကို အသုံးပြုရန် လိုအပ်သည့်အတွက် ပိုင်ဝမ်ဝမ်းမှာ သူမအနေဖြင့် ဤမျှအတိုင်းအတာထိ သနားစဖွယ် မဖြစ်ခဲ့ဖူးကြောင်း ခံစားလိုက်ရသည်။ ထို့ပြင် သူမ၏ စိတ်ဓာတ်ခိုင်မာမှုမှာ လျင်မြန်စွာ ပျက်စီးသွား၏။


သူမက တစ်ယောက်ယောက် ရောက်လာစေရန် အော်ဟစ်ပြီး ခေါ်နေသော်လည်း အချည်းနှီးပင်။


သူမက တံခါးဆီသို့ ကုလားထိုင်ကို တရွတ်ဆွဲပြီး သွားတော့မည့်ဆဲဆဲတွင် တံခါးက ရုတ်တရက် ပွင့်လာလေသည်။ ခပ်ဝဝ ရဲတစ်ယောက်နှင့်အတူ သူမကို ရေနွေးပေးခဲ့သည့် ရဲမေတို့ အတူတူ ဝင်လာခဲ့ကြသည်။


ပိုင်ဝမ်ဝမ်းက ရဲမေအား လျင်မြန်စွာ အနူးအညွှတ် တောင်းပန်လိုက်လေသည်။


“ကျွန်မ သန့်စင်ခန်း သုံးဖို့ လိုနေလို့ပါ… အစ်မ ကျေးဇူးပြုပြီး ဒီလက်ထိပ်တွေကို ချွတ်ပေးလို့ ရမလားဟင်… ကျွန်မ ကြာကြာ မထိန်းထားနိုင်တော့ဘူး…”


ရဲမေက ခပ်ဝဝရဲလူကြီးကို ကြည့်ကာ မေးလိုက်သည်။ “ဆရာ… ဆရာရော ဘယ်လိုထင်လဲ…”


“ငါတို့တွေ အခု စစ်ဆေးမေးမြန်းမှုကို စတင်နေပြီဆိုတော့ ပြီးရင် မင်း သူ့ကို သန့်စင်ခန်းဆီ ခေါ်သွားလို့ ရတယ်…” ကောသာ့ကျန်းက ပိုင်ဝမ်ဝမ်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူက မျက်လုံးပြူးကာ သူမက စတင်ပြီး မေးခွန်းမေးလိုက်လေ၏။


“မင်းရဲ့ နာမည်ကို ပြောပြပါ… အသက်ကရော ဘယ်လောက် ရှိပြီလဲ…”


“ပိုင်ဝမ်ဝမ်း အသက် ၂၄ နှစ်ပါ… အရာရှိကြီးတို့ ကျွန်မ တောင်းပန်ပါတယ်… ကျွန်မကို အိမ်သာ အရင်ဆုံး သွားခွင့်ပြုပါ… ကျွန်မ ဆက်ပြီး မအောင့်ထားနိုင်တော့ဘူး… အိမ်သာ သွားမှရမယ်…”


ပိုင်ဝမ်ဝမ်းက သူမ၏ ခြေထောက်များကို ညှပ်ထားပြီး ရှေ့သို့ ကိုယ်ကို တိမ်းညွှတ်ထားသည်။ သူမကား ရူးသွားတော့မတတ်ပင်။ “ကျွန်မ တကယ့်ကို သွားမှ ရမယ်…”


ကောသာ့ကျန်းက ပိုင်ဝမ်ဝမ်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်သည်။ သူက ဘော့ပင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး စကားလုံးအချို့ ချရေးလိုက်၏။


“ယဲ့ချန်းဖုန်ကို တိုက်ခိုက်ခြင်းအတွက် မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ့ကို ပြောပြ…”


“ရည်ရွယ်ချက် မရှိပါဘူး… ကျွန်မ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူး… ဒါ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုပဲ…” ပိုင်ဝမ်ဝမ်းက ဒူးနှစ်ဖက်ကို လက်ဖြင့် ပိုက်ထားရသည့်အပြင် ဆက်ပြီး သည်းမခံနိုင်တော့ပေ။


“ရှင်တို့တွေ ဒီကိစ္စကို နောက်မှ လုပ်လို့ မရဘူးလား… ကျွန်မ ဆက်ပြီး မအောင့်ထားနိုင်တော့ဘူး…”


သူမက စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း ကောသာ့ကျင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်လက် မေးမြန်းနေသည်။


“မင်း ငြင်းဆိုနေတာကို ရပ်ပြီး မြန်မြန်လေး အမှန်အတိုင်း ပြောဖို့အတွက် ငါ အကြံပေးလိုက်မယ်… ယဲ့ချန်းဖုန်ကို တိုက်ခိုက်ရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ… တစ်ယောက်ယောက်က မင်းကို အမိန့်ပေးလို့ လုပ်တာလား… ဒါမှမဟုတ် မင်းက သူ့ကို ကြိုက်နေတဲ့အတွက် သူ့ကို ဆေးခတ်ပြီးမှ ဆေးရဲ့ အာနိသင်က အရမ်း ပြင်းလွန်းလို့ ကိစ္စတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တာလား… လူတွေရောက်လာတာကို မင်း သိလိုက်ရတဲ့အချိန်မှာ ထိတ်လန့်တကြား ဖြစ်ပြီး သူ့ကို တိုက်ခိုက်မိတာလား…”


“ကျွန်မ လုပ်ခဲ့တာ မဟုတ်ဘူး…” ပိုင်ဝမ်ဝမ်းမှာ ထိုစွပ်စွဲချက်ကြောင့် စိတ်ရှုပ်သွားလေသည်။ “အဲ့ဒါ အမှန် မဟုတ်ဘူး… ကျွန်မ ခေါင်းဆောင်ကို ဆေးမခတ်ခဲ့ဘူး…”


ထိုအံ့ဩမှုကြောင့် သူမမှာ ရှူးပင် ထွက်ကျမတတ် ဖြစ်သွားရလေသည်။ သူမက အံကြိတ်ကာ ခြေထောက်ကို တွန့်လိမ်ထားလိုက်၏။


“ရှင်တို့တွေ ဒါ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမလား… ရှင်တို့တွေ ကျွန်မကို တမင်တကာ ရေချိုးခန်းကို သုံးခွင့်မပေးတာပဲ…”