“မင်းက အခုထိတောင် မဝန်ခံချင်သေးဘူးလား…”
ကောသာ့ကျန်းက သူမ၏ စကားများကို အေးစက်စွာ လျစ်လျူရှုထားလေသည်။
“အဖွဲ့ထဲက တခြားအဖွဲ့ဝင်တွေ ပြောပုံအရဆိုရင် မင်းက ယဲ့ချန်းဖုန်ကို သဘောကျနေပေမယ့် သူ့စိတ်ထဲမှာ တခြားတစ်ယောက် ရှိနေပြီးသားတဲ့… မင်းမှာ အခွင့်အရေး မရတော့လို့ သူ့ကို ဆေးခတ်ပြီး မင်းနဲ့အတူတူ အိပ်ရအောင် လုပ်တာ မဟုတ်လား…”
“ဒါပေမဲ့ ဒီဆေးက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မင်း မမျှော်လင့်ထားဘူးလေ… ယဲ့ချန်းဖုန်က အပြင်မှာ ဒီလိုကိစ္စတွေ လုပ်လာတာကို တားဆီးဖို့ မင်းဘက်က မလုပ်နိုင်ခဲ့တဲ့အပြင် တစ်ယောက်ယောက် ရောက်လာတာကို မင်း သိသွားတော့ သူကပဲ မင်းကို တိုက်ခိုက်သလိုမျိုး မင်းက ဟန်ဆောင်ခဲ့တယ်… မင်းက နစ်နာသူလို ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူ့ဘဝကို ဖျက်ဆီးခဲ့တယ်… ကိစ္စတွေက ဒီအတိုင်း ဖြစ်ခဲ့တာ ဟုတ်တယ်မလား…”
“မဟုတ်ဘူး… ကျွန်မ ရှင့်ကို ပြောပြီးပြီလေ… ကျွန်မ မလုပ်ခဲ့ဘူးလို့…”
ပိုင်ဝမ်ဝမ်း၏ မျက်လုံးများမှာ နီရဲလာ၏။ သူမက ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားသည်မှာ ပေါက်ကွဲထွက်တော့မယောင်ပင်။
“မင်း ဝန်ခံဖို့ ဆက်ပြီး ငြင်းနေဦးမယ်ဆိုရင် မင်းဘက်က ပြောလာအောင် ငါတို့က ဖန်တီးယူရမှာပဲ… ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်…”
ကောသာ့ကျန်းက နှာတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့ဘောပင်ကို ပြန်ချထားလိုက်သည်။
“ငါတို့က မင်းထက် ခေါင်းမာတဲ့သူမျိုးကိုတောင် ကိုင်တွယ်ဖူးသားပဲ… မင်းလောက်ကတော့ စာဖွဲ့နေစရာတောင် မလိုဘူး…”
နောက်ဆုံးတွင် အမှန်တရား ပေါ်ထွက်လာ၏။ ရဲအရာရှိ နှစ်ယောက်က သူမကို အတင်းအကြပ် ဝန်ခံစေချင်သဖြင့် သန့်စင်ခန်းအသုံးပြုခွင့် မပေးထားခြင်း ဖြစ်ပေသည်။
“ရှင်တို့တွေ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ… ရှင်တို့တွေက ကျွန်မ မလုပ်ခဲ့တဲ့ ကိစ္စကို ဝန်ခံစေချင်လို့ ကျွန်မကို နှိပ်စက်နေကြတာ…”
ပိုင်ဝမ်ဝမ်းက သူမရှေ့မှ လူကို ဝါးစားတော့မတတ် မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
“မင်းပါးစပ်ကို သတိထားစမ်းပါ… ငါတို့တွေက မင်းကို လက်ဖျားနဲ့တောင် မထိရသေးဘူး… မင်းက ဥပဒေအရာရှိတစ်ယောက်ကို ဒီလိုမျိုး မဟုတ်မမှန်တဲ့စကားတွေနဲ့ အသရေဖျက်ရဲတယ်ပေါ့…”
ရဲမေက စားပွဲပေါ်သို့ လက်ဝါးဖြင့် ရိုက်ကာ ပြောလိုက်သည်။
“မင်းရဲ့ လှည့်ကွက်တွေကို ရပ်လိုက်… မင်းက သန့်စင်ခန်းသွားမယ်ဆိုပြီး စစ်ဆေးမေးမြန်းမှုကို နှောင့်နှေးအောင် လုပ်ချင်နေတာမလား…”
“ကဲ မြန်မြန်လေး ရှင်းရှင်းလင်းလင်း လုပ်လိုက်ရအောင်…”
ကောသာ့ချန်က ကြားဖြတ်ဝင်ပြောလိုက်သည်။
“မင်း အဲ့ဒီဆေးကို ဘယ်ကရလဲဆိုတာ ငါ့ကို ပြောစမ်း… ပြီးတော့ မင်း ယဲ့ချန်းဖုန်ကို ဆေးခတ်ပြီးမှ ဘာလို့ သူ့ကို ကန်လိုက်တာလဲ… မင်းကို တစ်ယောက်ယောက်က နောက်ကွယ်ကနေ ညွှန်ကြားနေတာလား…”
“မဟုတ်ဘူး… အဲ့ဒီလိုဖြစ်ခဲ့တာ မဟုတ်ဘူး…”
ယခုအချိန်တွင် ပိုင်ဝမ်ဝမ်းမှာ သူမ၏ ချုပ်တည်းနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဤရဲအရာရှိ နှစ်ယောက်ရှေ့တွင် တိုက်ရိုက် ပေါက်ချလိုက်ရန် တွေးနေသည့်အတွေးမျိုးကို ချိုးနှိမ်ရန် ခက်ခဲလာ၏။
“ရှင်တို့တွေက ကျွန်မကို အတင်းအကြပ် ဝန်ခံခိုင်းနေတာပဲ… ကျွန်မ အဲ့ဒီလို မလုပ်ခဲ့ဘူး… ကျွန်မ လုပ်ခဲ့တာ မဟုတ်ဘူး…”
ကောသာ့ချန်၏ နားကြပ်မှတစ်ဆင့် အသံတစ်ခုက စကားပြောလိုက်ပြီးနောက် သူက ချက်ချင်းပင် ပိုင်ဝမ်ဝမ်းဘက်သို့ လှည့်ကာ မေးခွန်း မေးလိုက်သည်။
“မင်းနဲ့ မော့တိနဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ…”
ပိုင်ဝမ်ဝမ်းက အဖြေမပေးချေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တစ်နေရာတည်းတွင်သာ အာရုံစိုက်ထားသဖြင့် အခြားသော အာရုံခံစားမှုများကို ပိတ်ဆို့ထားလေသည်။ သူမက ကိုယ်ကို ညွှတ်ကာ အံကို ကြိတ်ထားပြီး မျက်ရည်များပါ စီးကျလာ၏။
သူမက လွှတ်ချလိုက်ပြီ ဖြစ်သည်။
ထို့အတွက်ကြောင့် ဂုဏ်သိက္ခာဟူ၍ တစ်စွန်းတစ်စပင် ရှိတော့မည် မဟုတ်ချေ။
ပိုင်ဝမ်ဝမ်းကဲ့သို့ ရိုးရှင်းသော မိန်းကလေးတစ်ယောက်ကို စစ်ဆေးမေးမြန်းရခြင်းမှာ လွယ်ကူသည့် ကိစ္စသာ ဖြစ်ကြောင်း ကောသာ့ချန် သိထားပေသည်။ သုံးရက်အတွင်း သူ လိုအပ်သည့်အရာမှန်သမျှ သူမထံမှ ရရှိလာအောင် သူ စွမ်းဆောင်နိုင်၏။
တကယ်တမ်းတွင် အချိန် ၃ ရက်ပင် ကြာလိမ့်မည် မဟုတ်ပေ။ သူမ ပြိုလဲလာသည့်နှုန်းအတိုင်းဆိုပါက အချိန် ၂ ရက်သည်ပင် လုံလောက်ပေသည်။
ကောသာ့ချန်မှာ သူ့အနေဖြင့် အရာအားလုံးကို နှစ်ရက်အတွင်း ပြီးအောင် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် တစ်ချိန်တည်းမှာပင် သူ့အတွက် အကျိုးခံစားခွင့် အနည်းငယ်ကို လွှဲပြောင်းပေးရန်အတွက် စွင်းချင်းဟူကို အစီရင်ခံတင်ပြရန် အဆင်သင့်ပြင်ဆင်ထားလေသည်။ လက်တလောတွင် လက်ထောက်ရဲမှူးကြီး ရာထူးမှာ လစ်လပ်နေပြီး သူက ထိုရာထူးကို လိုချင်နေ၏။ သူ့အနေဖြင့် အဆင့်နိမ့်သော ခေါင်းဆောင်အဖြစ် ရှိနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ယဲ့မိသားစု၏ အကူအညီဖြင့် ထိုရာထူးမှာ သူ့အတွက် သေချာပေါက် ဖြစ်လာနိုင်ကြောင်း သူ မျှော်လင့်ထားသည်။
ဤအခိုက်တွင် ကောသာ့ချန်မှာ သူ့မျက်နှာတစ်ပြင်လုံး ပျံ့နှံ့နေသည့် လောဘကြီးသော အပြုံးကို ဖုံးကွယ်ထားခြင်း မရှိသည့်အတွက် သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများ ပို၍ တိုးလာလေသည်။
ပိုင်ဝမ်ဝမ်း၏ စိတ်အခြေအနေမှာ မတည်မငြိမ် ဖြစ်လာ၏။
အခြားတစ်ဖက်တွင်မူ ကောသာ့ချန်က ယဲ့မိသားစုနှင့် အလဲအလှယ်လုပ်ရန် တွေးကာ အေးအေးဆေးဆေးပင် လက်ဖက်ရည်တစ်ခွက် သောက်နေသည်။
သို့သော် သူ့အတွက် စိတ်မကောင်းစရာအနေဖြင့် နောက်တစ်စက္ကန့်အကြာတွင် စစ်ကြောရေးတံခါး ပွင့်လာ၏။
တံခါးဝတွင် အစ်မကြီးမန်ကို တွေ့လိုက်ရသည့်အခိုက် ကောသာ့ကျန်းမှာ စိတ်ညစ်သွားလေသည်။ သူမက မတ်တပ်ထရပ်ပြီး အော်ပြောလိုက်၏။
“ခေါင်းဆောင်မန်… ဘာလုပ်နေတာလဲ…”
အစ်မကြီးမန်က ဝင်လာပြီး စစ်ကြောရေးအခန်းထဲသို့ လှမ်းကြည့်လိုက်လေသည်။
“ခေါင်းဆောင်မန်… စစ်ကြောရေးလုပ်နေတဲ့အချိန် ဒီလိုမျိုး စိတ်တိုင်းကျ ဝင်လာလို့ မရဘူးလေ… ဒါ စည်းကမ်းဖောက်တာပဲ…”
ကောသာ့ကျန်းက အစ်မကြီးမန်အနားသို့ လျင်မြန်စွာ ချဉ်းကပ်သွားလေသည်။
“ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ… ခင်ဗျားက ဒီနေရာရဲ့ တာဝန်ရှိသူ မဟုတ်ဘူးလေ…”
အစ်မကြီးမန်က ကောသာ့ချန်ကို လုံးဝ လျစ်လျူရှုထား၏။ သူမက ပိုင်ဝမ်ဝမ်းကို တိုက်ရိုက် လှမ်းကြည့်ကာ ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်သည်။
“ခေါင်းဆောင်ကော… ရှင်က သံသယရှိသူကို စစ်ကြောရေးပုံစံမျိုးနဲ့ နှိပ်စက်နေတာလား… အဲ့ဒါက ဥပဒေနဲ့ မညီဘူးနော်…”
“ခေါင်းဆောင်မန်… မင်း နားလည်မှုလွဲနေပြီ… ငါတို့တွေ ဘယ်တုန်းကမှ သံသယရှိသူကို မနှိပ်စက်ခဲ့ဖူးဘူး… ပြီးတော့ ဒီနေရာက မင်းရဲ့နယ်မြေ မဟုတ်ဘူးလေ… မင်း ဒီနေရာမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး…”
အစ်မကြီးမန်က ကောသာ့ကျန်းနှင့် သူ့နောက်မှ ရဲမေတို့ကို မျက်စိမှေး၍ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက သူတို့နှစ်ယောက်ကို စာရွက်စာတမ်းတစ်ခု ထုတ်ပြလိုက်လေ၏။
“ဒါ ရဲမှူးကြီးဝမ်က ထုတ်ပေးတဲ့ စာရွက်စာတမ်း… အခုကစပြီး ဒီအမှုမှာ ငါက တာဝန်ရှိသူပဲ…”
ကောသာ့ကျန်းမှာ သူ့ကို အစ်မကြီးမန် ထုတ်ပြသည့် စာရွက်စာတမ်းကြောင့် အံ့အားသင့်သွားလေသည်။
စွင်းချင်းဟူက ဤအဖြစ်အပျက်ကို တစ်ဖက်အခန်းမှ မြင်တွေ့လိုက်ရပြီးနောက် ရဲစခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွား၏။ သူက ၎င်းကိစ္စကို ယဲ့ကောရှန်ဆီသို့ ချက်ချင်းပင် သတင်းပို့လိုက်လေသည်။
အစ်မကြီးမန်နှင့် အတူ ပါလာသော ရဲအရာရှိက စွင်းချင်ဟူ ရှောင်ထွက်သွားသည်ကို လှမ်းတွေ့လိုက်သည်။ သူက သံသယစိတ်ဖြင့် သူမကို ခပ်တိုးတိုး လှမ်းပြောလိုက်၏။
“အစ်မကြီးမန်… ဘေးအခန်းကနေ ယောက်ျားတစ်ယောက် အခုပဲ ထွက်သွားတယ်… သူက ရဲအရာရှိတစ်ယောက်တော့ မဖြစ်နိုင်ဘူး…”
“အင်း…” အစ်မကြီးမန်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူမက ပိုင်ဝမ်ဝမ်းဘက်သို့ လှည့်သွားလေသည်။
“ကျွန်မ သန့်စင်ခန်း သွားချင်တယ်…” ပိုင်ဝမ်ဝမ်းက သူမ၏ နောက်ဆုံးကျန်ရစ်သော အင်အားများကို အသုံးပြုကာ စကားလုံးများ ညှစ်ထုတ်လိုက်လေသည်။
“ရှောင်ထျန်း… သူ့ကို သန့်စင်ခန်းဆီ ခေါ်သွားပေးလိုက်…”
အစ်မကြီးမန်က သူမနောက်မှ ရဲအရာရှိကို ပြောလိုက်သည်။
ရှောင်ထျန်းဟု ခေါ်သော ရဲအရာရှိက ပိုင်ဝမ်ဝမ်းကို လျင်မြန်စွာ လက်ထိပ် ဖြုတ်ပေးလိုက်သည်။
ထိုအချိန်မှာပင် ယဲ့မိသားစုအတွင်း၌ နောက်တစ်ကြိမ် ထပ်မံပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပျက်နေကြ၏။
ယဲ့ချန်းဖုန်၏ “ကြေကွဲဖွယ်အဆုံးသတ်” မှာ လျှို့ဝှက်ချက် မဟုတ်တော့သည့်အပြင် စခန်းရှိ တစ်ယောက်ယောက်က သတင်း၏ စစ်မှန်မှုကို အတည်ပြုပေးလိုက်သောကြောင့် ဤအကြောင်းအရာမှာ အင်တာနက်ပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားလေသည်။
အချိန်တိုလေးအတွင်းမှာပင် ယဲ့ချန်းဖုန်တို့ မိသားစု၏ နောက်ခံအခြေအနေ၊ ပညာရေးနောက်ခံ၊ ဓာတ်ပုံများ စသည်တို့ကို တူးဖော်ခဲ့ကြပြီး တက်ကြွသော ဆွေးနွေးမှုများ အများအပြား ထွက်ပေါ်လာကြသည်။
အချို့က ယဲ့ချန်းဖုန်ကို စာနာသနားကြသလို အချို့က ပိုင်ဝမ်ဝမ်းကို ရက်စက်လှသည်ဟု ဝေဖန်ပြောဆိုကြပြီး ပိုင်ဝမ်ဝမ်းက သူ့ကို ဆေးခတ်ခဲ့သည်ဟု ယုံကြည်ကြသူများလည်း အများအပြား ရှိပေသည်။ မည်သို့ပင်ဆိုစေ ယဲ့ချန်းဖုန်၏ သာလွန်သော အရည်အချင်းများကြောင့် သူ့အနေဖြင့် သူ့ဘက်တွင် သူဆန္ဒရှိသော မည်သူမဆို ရှိနေစေရန် စွမ်းဆောင်နိုင်ပေသည်။
ရှားရှားပါးပါး ဖြစ်နေသော်လည်း သူ့ကို ရွံစရာကောင်းသည်ဟု သတ်မှတ်ကြသူများလည်း အနည်းငယ် ရှိနေ၏။ ယဲ့ကတော်က ဤမှတ်ချက်များကို ဖတ်ရှုပြီး မျက်လုံးများပင် ကျွတ်ထွက်မတတ် ငိုကြွေးနေလေသည်။ ယဲ့ကောရှန်၏ မျက်နှာအမူအရာမှာလည်း မည်းမှောင်နေ၏။ ထို့ကြောင့် ဦးလေးကျန်းက လူထုအမြင်ကို ထိန်းချုပ်ရန်အတွက် ကြေးစားမှတ်ချက်ရေးပေးသူများကို ခေါ်ယူသင့်ကြောင်း အကြံပေးလိုက်သည်။
ယဲ့ကောရှန်မှာ ဤကဲ့သို့သော အရာမျိုးနှင့် မရင်းနှီးသောကြောင့် ထိုကိစ္စကို ကိုင်တွယ်ရန် ဦးလေးကျန်းကို အမိန့်ပေးလိုက်၏။ ဦးလေးကျန်းက စိတ်ချရသော အဆက်အသွယ် တစ်ခုဆီသို့ ချက်ချင်းပင် သွားရောက်ပြီး ကြီးမားသော ကြေးစားမှတ်ချက်ရေးပေးသူ အုပ်စုကြီး တစ်စုကို ငှားရမ်းလိုက်လေသည်။
ထိုကြေးစားမှတ်ချက်ရေးသူများ အဓိက အာရုံစိုက်သင့်သည့် ဦးတည်ချက်ကိုမူ ယဲ့ကောရှန်ကသာ အတည်ပြုပေးရကြောင်း ပြောစရာပင် မလိုတော့ချေ။
ယဲ့ကောရှန်က လူထုကို သိစေရန် သူဖော်ထုတ်ချင်သည့် အရာများကို စီစဉ်ပြီးသည်နှင့် ကြေးစားမှတ်ချက်ရေးသူများက သူတို့၏ အလုပ်ကို စတင် လုပ်ကိုင်ကြလေသည်။
ခဏအကြာတွင် မှတ်ချက်များ စုဝေးထားသည့် လှိုင်းလုံးအသစ်ကြီး တစ်ခု ထွက်ပေါ်လာ၏။ အချို့က ယဲ့ချန်းဖုန်ကို ကြင်နာတတ်ပြီး စိတ်ကောင်းနှလုံးကောင်း ရှိသော လူကြီးလူကောင်း တစ်ယောက်အဖြစ် ချီးကျူးကြပြီး အချို့ကမူ သူ မတရားခံရခြင်း ဖြစ်ကြောင်း ဖြေရှင်းချက် ပေးကြသလို အချို့ကမူ ယဲ့မိသားစုအကြောင်းနှင့် နိုင်ငံအပေါ် ၎င်းမိသားစု တာဝန်ထမ်းဆောင်ခဲ့သည့် အကြောင်းများ ပြောဆိုကြသည်။
တဖြည်းဖြည်းနှင့် ယဲ့ချန်းဖုန်မှာ မည်သူ့အပေါ်မဆို အတင်းအကြပ် လုပ်စရာ မလိုသည့်အတွက် ထောင်ချောက် အဆင်ခံရခြင်းသာ ဖြစ်ကြောင်း လူတိုင်းက ယုံကြည်လာကြလေသည်။ ထို့ပြင် တစ်ဖက်မှ ပြောဆိုပေးသူများမှာလည်း ယဲ့ချန်းဖုန်တို့ အဖွဲ့အား ဖျက်စီးပစ်ရန် ကြိုးစားနေသည့် ပြိုင်ဘက်များ၏ ကြေးစားမှတ်ချက်ရေးသူများသာ ဖြစ်ကြောင်း စွပ်စွဲပြောဆိုခံနေကြရသည်။
နောက်ဆုံးတွင် ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်အပေါ် စွဲလမ်းနေခြင်းနှင့် ပတ်သက်ပြီး သက်သေပြချက် အသေးစားလေး တစ်ခု ထွက်ပေါ်လာပြီးနောက် သူ့ကို ထိန်းချုပ်နိုင်ရန် သူမက ဆေးသုံးခဲ့သည်ဟုပင် ထင်ကြေးပေးကြလေသည်။ ထိုမှတ်ချက်ရေးသူမှာ သူ၏ ပြောဆိုချက်ကို ထောက်ခံပေးနိုင်မည့် အထောက်အထား ရှိသည် ဟူ၍ပင် ပြောဆိုခဲ့သည်။
ဤကဲ့သို့ ဖြန့်ဝေခြင်းမှာ ကြေးစားမှတ်ချက်ရေးသူများ အဓိက အာရုံစိုက်ထားသည့် အရာ မဟုတ်သော်လည်း အတင်းအဖျင်းများကို ဖြန့်ဝေချင်သည့် အင်တာနက်သုံးစွဲသူများ၏ တိုက်တွန်းမှုကိုမူ ဘယ်သောအခါမှ လျှော့တွက်၍ မရနိုင်ပေ။ ဤမှတ်ချက်မှာ စိတ်အားထက်သန်မှု အပြည့်ဖြင့် ပျံ့နှံ့သွားပြီး ပိုင်ဝမ်ဝမ်းကို လူအများက ဆန့်ကျင်နေကြသည်။ လူနည်းစုကသာ သက်သေကို တောင်းဆိုနေကြ၏။
ဦးလေးကျန်းမှာ သူ မမျှော်လင့်ထားသည့် အဖြစ်အပျက်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားလေသည်။ စွင်းချင်းဟူကို ရဲစခန်းသို့ စေလွှတ်ထားပြီး မျက်မြင်သက်သေများမှာ သူတို့၏ ထိန်းချုပ်မှုအောက်၌ ရှိနေသောကြောင့် ပိုင်ဝမ်ဝမ်းက ပြစ်မှုအတွက် ဝန်ခံချက် ပေးရန် အချိန်တစ်ခုသာ လိုတော့ပေသည်။
ဦးလေးကျန်းက အခြေအနေနှင့် ပတ်သက်ပြီး အကောင်းမြင်နေသည့်အချိန်မှာပင် ဧည့်ခန်းအတွင်း၌ ယဲ့ကောရှန်က ဒေါသတကြီးဖြင့် ဖန်ခွက်တစ်ခွက်အား ခွဲပစ်လိုက်သံကို ကြားလိုက်ရသည်။ ဦးလေးကျန်းက စိုးရိမ်စိတ်နှင့်အတူ ထိတ်လန့်သွား၏။ သူက ယဲ့ကောရှန်ဘေးနားသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။
“သခင်ကြီး… ဘာဖြစ်တာလဲ… ဘယ်သူက သခင်ကြီးကို ဒေါသထွက်အောင် လုပ်တာလဲ…”
“အသိဉာဏ်မရှိတဲ့ကောင်တွေ… အသုံးကို မကျဘူး…”
ယဲ့ကောရှန်မှာ ခန့်မှန်း၍ မရနိုင်ပေ။ သူက ပြန်လှည့်သွားပြီး နောက်တစ်ခွက်ကို ခွဲလိုက်၏။
“ကောသာ့ကျန်း အမှိုက်လိုကောင်စုတ်… သူ ဘာမှမလုပ်ရသေးခင် သူ့နေရာမှာ တခြားမိန်းကလေးက အစားထိုးသွားပြီတဲ့…”
“သခင်ကြီး… ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
“မန်ကျဲလို့ ခေါ်တဲ့ ရဲမေတစ်ယောက် ရှိတယ်… သူက အဲ့ဒီအမှုကို လက်လွှဲယူလိုက်ပြီဆိုတော့ ကောသာ့ချန်က ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး…”
ယဲ့ကတော်၏ မျက်လုံးများမှာ ငိုကြွေးထားသဖြင့် ဖောင်းကားနေသည်။
“တစ်ယောက်ယောက်က ကျွန်မသားလေးကို သေချာပေါက် ဖျက်ဆီးပစ်ဖို့ ကြံစည်နေတာ… ယဲ့မိသားစုကို တစ်ယောက်ယောက်က အငြိုးထားနေတာ…”
ဦးလေးကျန်းမှာ ခံစားချက် မကောင်းသလို ဖြစ်သွား၏။ မန်ကျဲကား ချင်းမိသားစု၏ ကာစီနိုကိစ္စတွင် အလုပ်လုပ်ခဲ့သည့် အရာရှိပင်။ သူမက အလွန်ပင် အလုပ်ကြိုးစားလွန်းပြီး လာဘ်ထိုးရန် မဖြစ်နိုင်ပေ။
ဦးလေးကျန်းသည်မှာ ဤကိစ္စကို သဘောပေါက်သွားပြီ ဖြစ်ရာ ယဲ့ကောချန်မှာလည်း မည်သည့်အတွက်ကြောင့် တူညီစွာ မခံစားရဘဲ နေပါမည်နည်း။ သူက မန်ကျဲကို ဤအမှုမှ ဖယ်ရှားနိုင်မည်လောဟု သိနိုင်ရန်အတွက် မိတ်ဆွေဟောင်းတစ်ယောက်ဆီ ဖုန်းခေါ်ဆိုနေစဉ် သူ့ပုံစံမှာ ကြောက်ရွံ့နေသည့် ပုံစံ ဖြစ်နေသည်။
သို့သော် အမိန့်ပေးသူမှာ ရဲမှူးကြီးဝမ် ဖြစ်ပြီး သူတို့နှစ်ယောက်မှာ အဆင့်ချင်း အတူတူပင် ဖြစ်၍ ဤကိစ္စနှင့် ပတ်သက်ပြီး သူ ဘာမှမလုပ်ပေးနိုင်ကြောင်း သူ့မိတ်ဆွေက အကြောင်းပြန်လာသည်။
ထို့ကြောင့် ယဲ့ကောရှန်မှာ သူ့ဖုန်းကိုပင် ရိုက်ခွဲမိတော့မတတ် ဖြစ်သွား၏။
ယဲ့ကောရှန်က သူ၏ အဆက်အသွယ်များ အားလုံးဆီသို့ ဆက်သွယ်နေချိန် ဦးလေးကျန်းက ကြေးစား မှတ်ချက်ရေးသူများ ဖြန့်နေသည့် မှတ်ချက်များကို သတိရသွားလေသည်။ သူတို့က ပိုင်ဝမ်ဝမ်း၏ ဝန်ခံချက်ကို မယူနိုင်သေးသည့်အတွက် ထိုသတင်းကို ဖြန့်ဝေနေခြင်းက ပြဿနာတက်စေရုံသာ ဖြစ်နိုင်၏။ ထို့ကြောင့် သူက စင်္ကြံသို့ ထွက်ကာ ကြေးစားမှတ်ချက်ရေးသူများကို ဖုန်းခေါ်ပြီး ပိုင်ဝမ်ဝမ်း၏ မှုခင်းဆိုင်ရာ ဆောင်းပါးများ အားလုံးကို ဖျက်ပစ်ရန် ပြောလိုက်သည်။ ကံမကောင်းစွာဖြင့် တာဝန်ရှိသူက ယခုလို ပြန်ပြောလာ၏။
“ဒီသတင်းက ရှာဖွေမှုအများဆုံးစာရင်းမှာတောင် ရောက်နေပြီ… ကျုပ်တို့တွေ ထပ်ပြီး ဆွဲချလို့ မရတော့ဘူး… ခင်ဗျားတို့တွေက ရှာဖွေမှုအများဆုံးစာရင်းကို ဝယ်ထားတယ်လို့တောင် ကျုပ်က ထင်နေတာ အဲ့ဒီလို မဟုတ်ဘူးလား…”