အပိုင်း ၁၁၈
Viewers 28k

Chapter 118




ဦးလေးကျန်း၏ နဖူးမှ ချွေးများ စီးကျလာပြီး သူ့နှလုံးခုန်သံမှာ အရှိန်ပြင်းလာသည်။ ထိုစဉ် သူ့ထံ၌ မကောင်းသော ခံစားချက် တစ်ခု ရှိနေ၏။



တုန်ယင်နေသော သူ့လက်များဖြင့် သူက Weibo ကို ဖွင့်ကြည့်လိုက်ရာ ရှာဖွေမှုအများဆုံး စာရင်းတွင် “ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်ကို ဆေးခတ်ခဲ့သည်” ဟူသော ကြေးစားမှတ်ချက်ရေးသူများ ဖန်တီးခဲ့သည့် ခေါင်းစဉ်က အမှန်တကယ်ပင် ထိပ်ဆုံးသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။



ထိုခေါင်းစဉ်အောက်တွင် ပိုင်ဝမ်ဝမ်းက ယဲ့ချန်းဖုန်၏ အရက်ထဲတွင် ဆေးခတ်ထားသည့်အပြင် သူ့ကို ရက်ရက်စက်စက် ကန်ကျောက်ခဲ့ခြင်းကြောင့် ပန်းသေသွားခဲ့ရကြောင်း ဖော်ပြထားသည်။ ၎င်းဆောင်းပါးအောက်၌ သူက ကြေးစားမှတ်ချက်ရေးသူများကို တောင်းဆိုခဲ့သလို သူမကို ဝေဖန်ထားသည့် မှတ်ချက်များ ပါရှိနေသည်။



---

(ဒီပိုင်ဝမ်ဝမ်းဆိုတဲ့ မိန်းကလေးက စိတ်ပျက်စရာပဲ… လူတစ်ယောက်ကို သူနဲ့ အိပ်အောင်ဆိုပြီး ဘယ်လိုလုပ် ဆေးခတ်နိုင်ရတာလဲ… သူ့နာမည်ကို ကြည့်တာနဲ့တင် သူ ဘယ်လောက် အဆင့်နိမ့်လဲ သိနေရပြီ…)



(ယဲ့ချန်းဖုန်က သနားစရာ ကောင်းလိုက်တာ… သူက အရမ်းချောပြီး သိပ်ကို နူးညံ့တာ… မန်ဂါတွေထဲက နတ်ဘုရားတစ်ပါးလိုပဲ… သူက ဘာလို့များ အဲ့ဒီကောင်မလေးရဲ့ မာယာအောက်မှာ ကျဆုံးသွားရတာလဲ…)



(ယဲ့ချန်းဖုန်က ကျောင်းသားကောင်း တစ်ယောက် ဖြစ်ခဲ့တာ… သူက ငါ့ရဲ့စီနီယာလေ… တစ်ခါတုန်းက ငါ ပိုက်ဆံအိတ် မပါဘဲ ဘတ်စ်ကား စီးမိတော့ သူက ငါ့အတွက် ကားခ ပေးခဲ့ဖူးတယ်… သူက ဒီလိုမျိုး လူကြီးလူကောင်း တစ်ယောက်ပဲကို သူ့ကို ချစ်ရေးဆိုတဲ့သူတွေ နည်းမှာ မဟုတ်ပါဘူး… သူသာ လူတစ်ယောက်နဲ့ အိပ်ချင်မယ်ဆိုရင် တန်းစီနေတဲ့ မိန်းကလေးတွေ အများကြီး ရှိမှာပဲ… သူက တစ်ယောက်ယောက်ကို မုဒိမ်းကျင့်ဖို့ ကြိုးစားတယ်ဆိုတော့ ရယ်စရာတော့ ကောင်းတယ်… ဒီလိုမိန်းမမျိုးနဲ့တော့ သူ့ကိုယ်သူ အလကားပေးရင်တောင် ဘယ်သူ့မှ သူနဲ့အတူတူ အိပ်ချင်ကြမှာ မဟုတ်ဘူး…)



(ငါလည်း တစ်ခုလောက် ပြောပါရစေ… ယဲ့ချန်းဖုန်က ရာထူးမြင့်တဲ့ အရာရှိကြီးတွေ မိသားစုကနေ ဆင်းသက်လာတဲ့သူပါ… သူ့အဖေရော အဘိုးရော အစိုးရအဖွဲ့ထဲမှာ ရာထူးကြီးတဲ့သူတွေပဲ… သူက တင်းကြပ်တဲ့ ဆုံးမသွန်သင်မှုအောက်မှာ ကြီးပြင်းလာရတာဆိုတော့ ကိုယ်ကျင့်တရား တန်ဖိုး မြင့်မားမှာပဲလေ… သူ့အနေနဲ့ ဥပဒေကို ချိုးဖောက်တယ်ဆိုတာ မဖြစ်နိုင်ဘူး… ပိုင်ဝမ်ဝမ်းက သူ့ကို ဆေးခတ်လိုက်တာပဲ ဖြစ်မယ်… ယဲ့ချန်းဖုန်က သနားစရာပဲ…)



(သနားစရာ ကောင်းလိုက်တာ… ပြီးပြည့်စုံတဲ့ နတ်ဘုရားတစ်ပါးက ဒီလိုမျိုး ပျက်စီးသွားရတယ်…)



(ဟေး ခဏနေစမ်းပါဦး… အခုထိ သက်သေ မရှိသေးဘူးလေ… မိန်းကလေးဘက်ကို အနိုင်ကျင့်တာတွေရပ်လိုက်… မယုံကြည်နိုင်စရာပဲ…)



(ငါက ဒီတိုင်း လမ်းကြုံလို့ ဝင်ကြည့်တာ ဆိုပေမယ့် ယဲ့ချန်းဖုန်အတွက်တော့ စိတ်မကောင်းဘူး…)



(အာ… ငါ သူ့အဖေနဲ့ အဘိုးကို သိလောက်မယ်ထင်တယ်… ငါ သူတို့ကို တီဗွီမှာ မြင်ဖူးတယ်… သူတို့ကို ကြည့်ရတာ သိပ်ကို ဖြောင့်မတ်တဲ့ပုံစံပါ… သူတို့လက်အောက်မှာ ကြီးပြင်းလာရတဲ့သူက မြင့်မြတ်တဲ့ စိတ်ထားမျိုးပဲ ရှိရမှာပေါ့…)



---

အများစု၏ သဘောထားမှာ ယဲ့မိသားစုကို ထောက်ခံနေကြသော်လည်း ဦးလေးကျန်း၏ စိတ်ထဲတွင်မူ မအေးချမ်းနိုင်ပေ။



သူက ဤရှာဖွေမှုအများဆုံးစာရင်းကို မဝယ်ယူခဲ့သလို ယဲ့မိသားစုက ဝယ်ယူခဲ့ခြင်းလည်း မဟုတ်ပေ။ သူတို့က ကြေးစားမှတ်ချက်ရေးသူများကို ငှားရမ်းခဲ့ရသည့် အကြောင်းအရင်းမှာ လူထု၏ အမြင်ကို ပြောင်းလဲခြင်းအားဖြင့် ယဲ့ချန်းဖုန်ကို ကာကွယ်ပေးရန် ဖြစ်ပြီး ဤအရှုပ်တော်ပုံကို တစ်နိုင်ငံလုံးသို့ ပြန့်သွားစေလိုသည့် ရည်ရွယ်ချက် မရှိပေ။



ထို့ပြင် မှတ်ချက်များတွင် ပိုင်ဝမ်ဝမ်းကို သိသိသာသာ ရှုံ့ချထားသော်လည်း သူတို့က ယဲ့မိသားစု၏ အကြောင်းကိုပါ အသေးစိတ် ဆွေးနွေးထားကြသည်။ ထိုစဉ် လေအေးအေး တစ်ချက် တိုက်ခတ်လာသလို ခံစားလိုက်ရပြီးနောက် ဦးလေးကျန်း၏ နဖူးပေါ်မှ ချွေးစက်များ ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။ သူက ယဲ့ကောရှန်အား အခြေအနေနှင့် ပတ်သက်ပြီး သတင်းပို့ရန် အခန်းထဲသို့ တုန်တုန်ယင်ယင်ဖြင့် ပြန်ဝင်သွားလေသည်။



ဦးလေးကျန်း၏ သတင်းပို့ချက်ကို ကြားပြီးနောက် ယဲ့ကောရှန်က နောက်တစ်ကြိမ် ဒေါသထွက်လာသော်လည်း ဤတစ်ကြိမ်တွင်မူ သူကလည်း စိတ်ပူသွား၏။ သူ၏ သွေးပေါင်ချိန်မှာ မြင့်တက်လာပြီး သူ့မျက်လုံးများရှေ့၌ အမှောင်ထုကြီး တစ်ခု ရှိနေသည်။



“သခင်ကြီး… သခင်ကြီး…”



ဦးလေးကျန်းက သူ တုန်တုန်ယင်ယင် ဖြစ်နေသည်ကို မြင်သဖြင့် အမြန်ပြေးပြီး သူ့ကို ထူပေးလိုက်သည်။ “သခင်ကြီး အဆင်ပြေရဲ့လား…”



---

ယဲ့မိသားစု ရှာတွေ့သွားသည့်အရာကို မော့တိလည်း မကြာမီ ရှာတွေ့သွား၏။ သူက အတော်လေး သိချင်စိတ် ဖြစ်မိသွားလေသည်။ ရှာဖွေမှုအများဆုံးနေရာကို သူ ဝယ်ယူခဲ့ခြင်း မဟုတ်သလို ယဲ့မိသားစုမှာလည်း အတော်လေး မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းကို သူ သိထားလေသည်။



သူတို့က ယဲ့ချန်းဖုန်ကို ကာကွယ်ရန်အတွက် ပိုင်ဝမ်ဝမ်းကို အသရေဖျက်ရန် ကြံစည်ထားသော်လည်း ကြီးကြီးကျယ်ကျယ် ထိခိုက်ပျက်စီးသွားနိုင်သည့် သတင်းမျိုးကို လူသိရှင်ကြား မဖြစ်စေလိုသည့်အပြင် ရှာဖွေမှု အများဆုံးစာရင်း၏ ထိပ်ဆုံးတွင် ရှိနေစေချင်မည် မဟုတ်ပါ။



မော့တိက ထိုအကြောင်းကို စဉ်းစားပြီး မုထျန်းဟန်ကို ဖုန်းခေါ်လိုက်၏။



“အဟမ်း… ကိုကို… ယဲ့ချန်းဖုန်နဲ့ ပိုင်ဝမ်ဝမ်းတို့ကိစ္စက ရှာဖွေမှုအများဆုံးစာရင်းမှာ ရှိနေတာ သိလား…”



“သိတယ်လေ…” မုထျန်းဟန်က အလွန် တည်ငြိမ်နေသည်။



“…ဒါ ကိုကို လုပ်လိုက်တာလား…”



“ဟုတ်တယ်…” မုထျန်းဟန်မှာ ခါတိုင်းလိုပင် နူးညံ့သိမ်မွေ့နေ၏။ “ကိုယ် နည်းနည်းလွန်သွားတယ်လို့ ထင်လား…”



“ဘယ်ဟုတ်မလဲ…” မော့တိက မသိနားမလည်သူ တစ်ယောက်လို မဟုတ်ဘဲ မုထျန်းဟန်ကို မကောင်းသည့်ဘက်မှ ဆိုးဆိုးရွားရွား မတွေးခဲ့ဖူးပေ။



မုထျန်းဟန်က ပြုံးပြီး ပြောလိုက်သည်။ “ဒါ ကိုယ်လုပ်နေတဲ့ကိစ္စပဲ… ယဲ့ချန်းဖုန်က တခြားသူတွေကို ထိခိုက်နာကျင်အောင် လုပ်နေတဲ့အတွက် သူ့ကို တစ်ခါလောက်တော့ သင်ခန်းစာတစ်ခု ပေးချင်နေတာ… သူ့ကို ဘယ်လိုမျိုး ပြန်ပြီးတော့ ကိုက်နိုင်တယ်ဆိုတာကိုပေါ့…”



အကယ်၍ သူ့ကလေးလေး မော့တိသာ သတိလက်လွတ် ဖြစ်နေပါက လှည့်စားခံရမည့်သူမှာ ယဲ့ချန်းဖုန် ဖြစ်လာမည် မဟုတ်ချေ။ ထို့ပြင် ဆေးအရှိန်၏ လွှမ်းမိုးမှုအောက်တွင် မော့တိက ဤကိစ္စအားလုံးကို လုပ်ခဲ့ပါလျှင် သေချာပေါက် ယဲ့ချန်းဖုန်က ဤအရှုပ်တော်ပုံအား တစ်နိုင်ငံလုံးအနှံ့ ပျံ့နှံ့စေပြီး သူ့ဘဝကို ဖျက်ဆီးပစ်မည် ဖြစ်သည်။ ယခု မုထျန်းဟန် လုပ်ခဲ့သမျှ အားလုံးမှာ ရှာဖွေမှုအများဆုံးနေရာကို ဝယ်ယူခဲ့ခြင်းသာ ဖြစ်၍ သူ့လုပ်ရပ်မှာ သက်ညှာလွန်းသည်ဟု ခံစားနေရသည်။



မုထျန်းဟန်၏ စကားများထဲတွင် မော့တိက စိတ်ဝင်စားစရာ တစ်ခု ကြားလိုက်ရသည်။ ထို့ကြောင့် သူက မေးလိုက်၏။



“ကိုကို… နည်းနည်းပါးပါးဆိုတာ ဘာကို ဆိုလိုတာလဲ…”



“ဘာလို့လဲဆိုတော့ ရဲမှူးကြီးဝမ်က ဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ…”



“ဟ…” မော့တိက တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း သူက တစ်စုံတစ်ခုကို လျင်မြန်စွာ နားလည်သဘောပေါက်သွားလေသည်။



“ဒါဆို ရာထူးအကြီးပိုင်းက ခေါင်းဆောင်တွေက ယဲ့မိသားစုနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား…”



“အမှန်ပဲ… သူတို့တွေ ယဲ့မိသားစုကို စောင့်ကြည့်နေတာ အချိန်တော်တော်ကြာပြီ… ဒီမိသားစုက နှစ်ပေါင်းများစွာ ကြာတဲ့အထိ အကျင့်ပြက်ချစားမှုတွေထဲ နစ်မြုပ်နေခဲ့တာ… သူတို့တွေက လူပေါင်းစုံနဲ့ တရားမဝင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ကြတဲ့အပြင် သူတို့ မလုပ်ရဲတာ ဘာမှမရှိဘူး… အစိုးရအဖွဲ့ထဲမှာ သူတို့ရဲ့ ရပ်တည်ချက်က အားကောင်းလွန်းတော့ စနစ်ထဲမှာ သူတို့တွေ နှစ်တွေအများကြီး အခြေကုပ်ယူထားတဲ့ အတွက် သူတို့ကို နှိမ်နင်းဖို့ဆိုတာ မလွယ်ဘူး…”



“ဒါဆို ဒီကိစ္စက ဖွင့်ပွဲလိုမျိုးပေါ့ ဟုတ်လား…” မော့တိက နောက်ဆုံးတွင် နားလည်သဘောပေါက်သွားလေသည်။

“ဒီကိစ္စနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်နိုင်ရင် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ ပိုင်ဝမ်ဝမ်းအပေါ် သူတို့တွေ ဘာလုပ်ခဲ့လဲဆိုတာ လူတိုင်း သိလာကြလိမ့်မယ်… ပြီးတော့ သူတို့တွေက တရားစီရင်ရေးဌာနနဲ့ ရဲဌာနက သူတို့ရဲ့ “အသိမိတ်ဆွေတွေဆီ ဆက်သွယ်တဲ့အခါကျရင် ကျွန်တော်တို့တွေက ကြွက်တွေကို လှည့်စားပြီး သူတို့ တရားမဝင်လုပ်နေတာတွေကို ဖမ်းလို့ ရပြီပေါ့…”



“ဟုတ်တယ် … သူတို့တွေ အရင်တည်းက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေနဲ့ပါဆိုရင် ယဲ့မိသားစုကို အမြစ်ဖြတ်ပစ်နိုင်မယ်ဆိုတာ အသေအချာပဲ…”



“ဒါ အောင်ပွဲခံရမယ့် ကိစ္စပဲ…” မော့တိက လှောင်ရယ်လိုက်သည်။



အကယ်၍ ယဲ့မိသားစုသာ ကျရှုံးသွားပါက ယဲ့ချန်းဖုန်မှာလည်း အဆုံးသတ်သွားမည် ဖြစ်သည်။



ထိုအချိန်တွင် မော့လျှိုကွေ့က သူနှင့် အချစ်ရေးရာ ဂိမ်းများ ကစားရန်အတွက် စိတ်ဝင်စားပါဦးမည်လော။



“ဒါပေမဲ့ လူထုရဲ့အမြင်က အဆင်သင့်ဖြစ်နေပြီလို့ ထင်တာပဲ… ကိုကို အမှန်တရားကို မကြာခင် ဖော်ထုတ်သင့်တယ်…” မော့တိက ထပ်ပြီး ပြောလိုက်သည်။



“ခဏနေရင် ရဲတပ်ဖွဲ့က ကြေညာချက်တစ်ခု ထုတ်ပြန်လိမ့်မယ်… ကောင်လေး စိတ်ရှည်ရှည်ထားပါဦး…”



မုထျန်းဟန်က နူးညံ့စွာ ဆက်ပြောသည်။ “ပိတ်ရက်ရောက်ဖို့ သိပ်မလိုတော့ဘူး… မင်း ပြန်လာမှာလား…”



“ကျွန်တော်…” မော့တိ၏ မျက်လုံးများမှာ နူးညံ့သွားပြီး သူက ပြုံးလိုက်သည်။ ထို့နောက် စွဲမက်ဖွယ်အသံလေးဖြင့် သူက ပြောလိုက်၏။ “ကိုကို… ကျွန်တော့်ကို လွမ်းနေတာလား… ကိုကို ကျွန်တော့်ကို လွမ်းနေတာဆိုရင် ကျွန်တော် ပြန်လာခဲ့မယ်…”



“ကိုယ်က မင်းကို နေ့တိုင်း လွမ်းနေရတာပါကွာ… ပိတ်ရက်တွေ မြန်မြန် ရောက်ပါစေလို့ အမြဲ ဆုတောင်းနေရတာ…” မုထျန်းဟန်၏ လေသံမှာ နူးညံ့ပြီး ညင်သာလှသည်။

“ဒါဆို ကိုယ် မင်းကို တနင်္ဂနွေနေ့ကျ လာကြိုပေးရမလား…”



“အိုကေလေ…” မော့တိက ဖုန်းကို ဖိကိုင်ထားရင်း သူ့ပါးပြင်နှစ်ဖက်လုံး ပူနွေးလာသလို ခံစားလိုက်ရသည်။



နှစ်နာရီကြာပြီးနောက် အင်တာနက်တစ်ခွင်လုံး ယဲ့မိသားစုအပေါ်နှင့် အထူးသဖြင့် ယဲ့ချန်းဖုန်အပေါ် စာနာသနားနေကြသည့်အချိန်၌ ပြည်သူ့လုံခြုံရေးဌာန၏ တရားဝင် လူမှုကွန်ရက် Weibo မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။



စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ကောလာဟလများမှာ မှားယွင်းနေကြောင်း သက်သေပြနိုင်ခဲ့သည်။ ပိုင်ဝမ်ဝမ်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံခဲ့ရသူ ဖြစ်ပြီး သူမက ယဲ့ချန်းဖုန်ကို တိုက်ခိုက်ရခြင်းမှာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာ ဖြစ်ကြောင်း ကျွန်ုပ်တို့ထံတွင် တိကျသော အထောက်အထားများ ရှိသည်။ ထို့ပြင် သံသယရှိနေသော မူးယစ်ဆေးဝါးမှာ ယဲ့ချန်းဖုန်၏ ပိုင်ဆိုင်မှုအောက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပိုင်ဝမ်ဝမ်း ပိုင်ဆိုင်ထားသော ပစ္စည်း မဟုတ်ပေ။ အင်တာနက်အသုံးပြုသူများ အနေဖြင့် သတင်းအမှားများ ဖြန့်ဝေခြင်းကို ရပ်တန့်ပြီး အပြစ်ရှိသူအား တရားမျှတမှု ရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အာမခံချက် ပေးပါသည်။



ထုတ်ပြန်ကြေညာချက်မှာ အင်တာနက်တစ်ခုလုံးအတွက် ကြီးမားလွန်းသော ရိုက်ခတ်မှုကြီး တစ်ခု ဖြစ်ခဲ့၏။ ၎င်းက လူထု၏ သဘောထားကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်လိုက်လေသည်။



ယဲ့မိသားစုမှာ ယခုအခါတွင် ကြိုးစ၏ အစွန်း၌ ရှိနေခြင်းပင်။ ယဲ့မိသားစုအိမ်တော်သို့ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရန်အတွက်သာမက အခြားကိစ္စများအတွက်ပါ ရောက်လာကြသည့်အချိန်တွင် သူတို့အားလုံး အားကိုးရာမဲ့ ဖြစ်သွားကြလေသည်။



ရဲများက ယဲ့ကောရှန်ကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။



ယဲ့မိသားစုမှာ ကျဆုံးခန်းသို့ ရောက်ကြတော့မည် ဖြစ်သည်။


Xxxxxxx