အပိုင်း ၁၁၉
Viewers 28k

Chapter 119




ထိုညတွင် ယဲ့ကောရှန်မှာ ခေါ်ထုတ်ခံလိုက်ရပြီး ယဲ့အိမ်ဦးစီးမှာလည်း ရဲဌာနတွင် လက်ဖက်ရည်သောက်ရန် ဖိတ်ကြားခံခဲ့ရသည်။

ယဲ့မိသားစု ကျူးလွန်ခဲ့သည်တို့ကို အဖွဲ့အစည်းထဲရှိလူတိုင်းသိကြသည်။

ယဲ့ကတော်မှာ မူးမေ့လဲကျသည်အထိ ငိုယိုမိသောကြောင့် ဆေးရုံပင်တက်လိုက်ရသည်။

ယဲ့ကောရှန်၏ညီမကမူ ပိုင်ဆိုင်မှုပစ္စည်းများကို လွှဲပြောင်းရန်အတွက် နေရာအနှံ့လျှောက်သွားနေရပြီး သူတို့ကို အကူအညီပေးမည့် မည်သူ့ကိုမဆို လိုက်ဆက်သွယ်နေသည်။

ယဲ့ချန်းဖုန်မှာတော့...

မိသားစုထဲတွင် သူ့ကိုဂရုစိုက်စောင့်ရှောက်ပေးမည့်သူ တစ်ယောက်မှမရှိတော့ချေ။

သူ၏ဒေါ်လေးက သူ့ကိုကြည့်ရှုစောင့်ရှောက်ရန်အတွက် လူနာစောင့်တစ်ယောက် ငှားပေးထားသည်။ ကံဆိုးစွာဖြင့် သူမက ဟောက်တတ်သောသူဖြစ်နေသောကြောင့် ယဲ့ချန်းဖုန်မှာ အရုဏ်တက်ချိန်တွင်ပင် နိုးလာရသည်။

သူ၏အဆောင်မှထွက်လာသည်နှင့် လတ်တလော ရေပန်းစားနေသည့် အကြောင်းအရာတစ်ခုကို လူတိုင်းက စိတ်ဝင်တစားပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။

“ယဲ့ချန်းဖုန်က မသန်မစွမ်းဖြစ်နေတာတဲ့။ ပြီးတော့ အဖွဲ့အစည်းတစ်ခုလုံးလည်း အဲဒီသတင်းအမှန်ကိုသိပြီး အံ့ဩထိတ်လန့်ကုန်ကြတယ်။”

ယဲ့ချန်းဖုန်၏မျက်နှာသည် ဖြူဆုတ်သွားသည်။

မသန်မစွမ်းဖြစ်နေခြင်းကို ယဲ့ချန်းဖုန်ကိုယ်တိုင်က လက်မခံနိုင်မည်ကို စိုးရိမ်သည့်အတွက် ယဲ့မိသားစုက ထိုအဖြစ်မှန်ကို ထိန်ချန်ထားခြင်းဖြစ်ပြီး ပျောက်ကင်းနိုင်ခြေနည်းပါးသည်ဟု ပြောဆိုနေကြသည်။ ထိုအချိန်တွင် ယဲ့ချန်းဖုန်သည် ဆေးအရှိန်ကြောင့် မူးနောက်နောက်ဖြစ်နေခဲ့ပြီး သူ၏လျှပ်စစ်ကိရိယာများအားလုံးကို အဝေးတွင်ထားခဲ့ရသည်။

ထိုသို့ဖြင့် မည်သည့်သတင်းမျှမကြားခဲ့ဘဲ အားပြန်မွေးသည့်နေ့ရက်များကို ဖြတ်သန်းခဲ့သည်။

သူ့ကို ခါးသက်သက်အမှန်တရား ရိုက်ခတ်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ခေါင်းထဲတွင် စူးခနဲနာကျင်ကာ တဝီဝီအသံများလည်း မြည်လာသည်။ အမြင်အာရုံမှာလည်း တစ်ခဏတာ အမှောင်ကျသွားပြီး နံရံကိုမှီကာ မတ်တပ်ရပ်လိုက်ရသည်။

ဤအချင်းအရာကို သူလုံးဝ လက်မခံနိုင်ပေ။ ရက်ပေါင်းများစွာ သူ ဤနေရာတွင် နေခဲ့သည်။ အနည်းငယ် စိတ်ကသိကအောက် ဖြစ်ခဲ့ရသော်လည်း ဆေး၏ဘေးထွက်ဆိုးကျိုးကြောင့်ဟုသာ မှတ်ယူခဲ့သည်။ ဤမျှလောက်အထိ ဆိုးရွားပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယဲ့ချန်းဖုန်မှာ သူ၏နူးညံ့သိမ်မွေ့ပြီး ရည်မွန်ပျူငှာသော အပြုအမှုကိုပင် မစောင့်ထိန်းနိုင်တော့ပေ။ သူက မျက်နှာပျက်သွားပြီး လှေကားထစ်တွင်ထိုင်ကာ အတင်းတုတ်နေသည့် သူနာပြုများကို ဖြတ်သာကန်ပစ်လိုက်ချင်တော့သည်။

အဘယ်ကြောင့် ထိုသို့ဖြစ်လာရပါသနည်း။

သူ မယုံကြည်နိုင်ပေ။ အကြောက်အကန်ငြင်းနေမိသည်။

ယဲ့ချန်းဖုန်က သူ့ကိုယ်သူ စိတ်အေးအေးထားလိုက်၏။ မျက်လုံးများကိုမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့အခန်းကိုပြန်လာပြီးနောက်မှ သူ၏ဒေါသကိုဖွင့်ထုတ်လေသည်။ သူ၏လက်သီးကို လူခေါ်ဘဲလ်ပေါ်သို့ အားပြင်းပြင်းနှင့်ထိုးလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူနာပြုငယ်ငယ်လေးတစ်ယောက် အပြေးဝင်လာသည်။ သူမ၏မျက်နှာပေါ်တွင် သာမန်မဟုတ်သောမျက်နှာအမူအရာ ပေါ်နေသည်။

“နေမကောင်းလို့လားရှင့်”

သူနာပြုလေးက မေးသည်။

ရုတ်တရက် ဆူဆူညံညံအသံများကြောင့် ယဲ့ချန်းဖုန်ကို ဂရုစိုက်စောင့်ရှောက်ရမည့် လူနာစောင့်သည်လည်း နိုးလာသည်။ သူမက အလျင်အမြန်ထလာကာ ယဲ့ချန်းဖုန်ကို ပြောသည်။

“သခင်လေး၊ နိုးနေပြီလား။ တစ်ခုခုလိုအပ်တာရှိရင် ပြောပါနော်။ မနက်စာ စားမလားဟင်။ စားစရာတစ်ခုခု သွားဝယ်ပေးမယ်လေ။”

ယဲ့ချန်းဖုန်က မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ချေ။ သူမကိုပင် လည်ပင်းညှစ်သတ်ချင်လာသည်။ သူမအား ခဏနေ ဖြစ်လာမည့်မြင်ကွင်းကို မမြင်စေချင်သောကြောင့် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

“သွားလေ။ အမျိုးစုံအောင်ဝယ်လာခဲ့။”

“ဟုတ်ကဲ့။ အခုပဲ သွားလိုက်ပါ့မယ်။”

လူနာစောင့်က အပြုံးလေးဖြင့် ပြန်ပြောသည်။

“တခြား ဘာစားချင်တာရှိသေးလဲ”

“ဘာပဲဖြစ်ဖြစ်ပါ။ အမျိုးစုံအောင်သာ ဝယ်ခဲ့။”

ယဲ့ချန်းဖုန် မျက်လုံးများကိုမှိတ်လိုက်သည်။ သူက လူနာစောင့်ကိုသာ ထွက်သွားစေချင်နေသည်။

သူမ အခန်းထဲမှ ထွက်သွားသောအခါတွင်မှ ယဲ့ချန်းဖုန်က သူနာပြုလေးကို ပြောသည်။

“ငါ့ဖုန်း ရှာလို့မတွေ့ဘူး။ ငါ့မိသားစုကလည်း ဒီမှာမရှိဘူး။ သူတို့ဆီကို ဖုန်းခေါ်ချင်လို့ မင်းရဲ့ဖုန်း ခဏငှားလို့ရမလား။”

သူ၏ဆေးမှတ်တမ်းကို တောင်းကြည့်မည်ဆိုလျှင်လည်း အချည်းနှီးဖြစ်မည်ဆိုသည်ကို သူသိသည်။ အဘယ်ကြောင့်ဆိုသော် သူ့အဖေက အမိန့်ပေးထားလျှင် ဆရာဝန်များက မလိုက်နာဘဲ မနေရဲကြပေ။

ဤသည်မှာ ယဲ့မိသားစုနှင့်ပတ်သက်ပြီး သူ မုန်းတီးသည့်အချက် ဖြစ်သည်။

သူ့ဖခင်၏အာဏာပြမှုကို မုန်းတီးသည်။ သူ့ဖခင်ကို မြှောက်ပင့်ပေးကြပုံကို မုန်းသည်။ သူ့ဖခင်ကို အဆုံးစွန်ထိ နာခံတတ်ကြသည်ကို မုန်းတီးသည်။

သူနာပြုလေးက ယဲ့ချန်းဖုန်ကိုကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။

“စည်းကမ်းနဲ့ မကိုက်ညီဘူး...”

သူမက ပြောသည်။

ယဲ့ချန်းဖုန်က မျက်မှောင်ကြုတ်လိုက်သည်။

“ခပ်မြန်မြန်ပဲ ပြောမှာပါ။ မင်းရှေ့မှာပဲ ပြောမှာ။”

“အဲဒါက...”

သူနာပြုလေးက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကာ မေးခွန်းလွှဲမေးလိုက်သည်။

“နေလို့ထိုင်လို့ မကောင်းလို့လားဟင်”

သူနာပြုလေး၏ငြင်းဆန်မှုကြောင့် ယဲ့ချန်းဖုန်၏မျက်နှာက တင်းမာခက်ထန်သွားသည်။ အသက်တစ်ချက်ရှူပြီး ပြောလိုက်သည်။

“မဟုတ်ဘူး။ ဖုန်းဆက်ချင်လို့။ မင် မငှားချင်လည်း တခြားတစ်ယောက်ဆီက ငှားလိုက်မယ်။”

ယဲ့ချန်းဖုန် လက်ရှိအချိန်တွင် ပုဂ္ဂလိကဆေးရုံတစ်ရုံ၏ဇိမ်ခံလူနာဆောင်တွင်နေထိုင်နေရခြင်းမှာ လွန်ခဲ့သည့်နှစ်ရက်က ယဲ့ကတော်က ငိုကြီးချက်မဖြင့် ပြည်သူ့ဆေးရုံမှ ယခုနေရာသို့ ပြောင်းရွှေ့ကုသရန် အတင်းအကြပ် တောင်းဆိုခဲ့သောကြောင့်ပင်။ အလွှာတစ်ထပ်တွင် အခန်း(၆)ခန်းသာရှိပြီး ဆေးရုံအခန်းတိုင်းသည် ဟိုတယ်အခန်းများအလား ထင်မှတ်မှားရသည်။ ဇိမ်ကျပြည့်စုံသော ပရိဘောဂပစ္စည်းများ၊ သီးသန့်ရေချိုးခန်းအိမ်သာနှင့် ခပ်ကျယ်ကျယ်လသာဆောင်တစ်ခုလည်း ပါသေးသည်။ သို့သော် တစ်ချိန်တည်းတွင် တခြားသောအတွင်းလူနာများက တစ်သီးတစ်သန့်နေထိုင်နိုင်ရေးကို တောင်းဆိုကြသည်။ အဆောင်တံခါးများကိုလည်း အချိန်တော်တော်များများ ပိတ်ထားကြသည်။ ယဲ့ချန်းဖုန်လိုချင်သည့်အရာကိုရဖို့ရန် အလားအလာမရှိပေ။

ထိုအချက်ကိုစဉ်းစားမိပြီး သူနာပြုက ပြန်ဖြေသည်။

“ဒါဆို... တခြားတစ်ယောက်ရဲ့ဖုန်းကိုပဲ ငှားသုံးလိုက်ပါနော်။ ဒီဆေးရုံက ။စည်းကမ်းတွေကို မချိုးဖောက်ရဲလို့ပါ။ တောင်းပန်ပါတယ်ရှင့်။ နေလို့ထိုင်လို့ကောင်းတယ်ဆိုရင် ကျွန်မကို ခွင့်ပြုပါဦး။”

ယဲ့ချန်းဖုန်၏အပြုအမူများမှာ မျက်စိစပါးမွှေးစူးစရာဖြစ်နေပြီး သူနာပြုက သူ့အား ဆန်ကုန်မြေလေးတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ အွန်လိုင်းပေါ်မှသက်သေအထောက်အထားများက သူ ပြစ်မှုကျူးလွန်ထားကြောင်း သိသာစွာထောက်ပြနေကြပြီး မည်မျှလောက်အသေးအမွှားကိစ္စလေးပဲဖြစ်စေကာမူ သူမဘက်မှ စွန့်စားလိမ့်မည်မဟုတ်ချေ။

ယဲ့ချန်းဖုန်းက လက်သီးဆုပ်လိုက်သည်။

သူနာပြု ထွက်သွားပြီး ယဲ့ချန်းဖုန်သာ ဒေါသတနုံ့နုံ့ဖြင့် အခန်းထဲတွင် ကျန်ခဲ့သည်။ ထို့နောက် သူက အိပ်ရာမှထကာ ဖုန်းငှားပြောရန်အတွက် ထွက်သွားသည်။ ကံဆိုးစွာဖြင့် မည်သည့်သူနာပြုနှင့် ဆရာဝန်ကမှ သူ့အား ဖုန်းမငှားချင်ကြပေ။ ထိုသို့ဖြင့် တခြားလူနာဆောင်များသို့သွားကာ တောင်းဆိုကြည့်သော်လည်း ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခံလိုက်ရခြင်းနှင့်အတူ အနေခက်ဖွယ်ရာ လူကြည့်ခံရသည့်ဒဏ်ကိုသာ ခံရသည်။

အမှန်တော့ ဤဆေးရုံတွင် တက်နိုင်သောလူနာများက အထက်တန်းလွှာများသာ ဖြစ်ကြသည်။ ယဲ့မိသားစု အခက်အခဲဖြစ်နေကြောင်းကို မီဒီယာသမားများက မထုတ်ဖော်ခဲ့ကြသော်လည်း သူတို့အသိုင်းအဝိုင်းမှလူတိုင်းက ယဲ့မိသားစု အစစ်အဆေးခံနေရသည်ကို သတိထားမိကြသည်။ ယခုအချိန်မှာ ယဲ့မိသားစုနှင့်ပတ်သက်ဆက်နွှယ်ရန် အချိန်အခါကောင်းမဟုတ်ပေ။

ယဲ့ချန်းဖုန်က သူ၏ဆေးကုသမှုအကြောင်းကို ဂဃနဏမသိရသည့်အတွက် ဒေါသထွက်မိသည်။ ကလေးဘဝမှစ၍ ထိုကဲ့သို့ မခန့်လေးစားဆက်ဆံခံရခြင်းမျိုး မကြုံခဲ့ရဖူးပေ။

သူ၏ဒေါသကို ထပ်ကာထပ်ကာ ချိုးနှိမ်ထားရင်းမှ ယဲ့ချန်းဖုန် သည်းခံနိုင်သည့်အတိုင်းအတာ ကုန်ဆုံးသွားတော့သည်။ သူ၏မျက်လုံးများ နီရဲလာပြီး နံရံကို လက်သီးဖြင့်ထိုးလိုက်သည်။

“ရှောင်ဖုန်”

အမျိုးသမီးတစ်ဦး၏အသံနှင့် သူ့ဆီသို့ပြေးလာသော ခြေသံများကိုလည်း ကြားလိုက်ရသည်။

“ရှောင်ဖုန်၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။”

ယဲ့ချန်းဖုန် လှည့်ကြည့်လိုက်သောအခါ တူညီဆေးရုံဝတ်စုံဖြင့် သုတ်သီးသုတ်ပျာရောက်လာသော သူ၏မိခင်ကို တွေ့လိုက်ရသည်။ သူမက သူ၏လက်ကို စိုးရိမ်တကြီးလှမ်းကိုင်ပြီး ငိုကြွေးလေသည်။

“မင်း ဘာလုပ်နေတာလဲ။ အရူးလေး၊ နံရံကို ဘာဖြစ်လို့ ဒီလိုထိုးရတာလဲ။ ကိုယ်နာတာပဲရှိတာပေါ့။”

ယဲ့ချန်းဖုန်က စကားပြန်မပြောချေ။

ယဲ့ကတော်မှာ ယဲ့ချန်းဖုန် စကားပြောရန်ဝန်လေးနေပုံရှိသည်ကို မြင်လိုက်ရသည်။ ထိုကိစ္စဖြစ်ပြီးတည်းက သူက ဤပုံစံမျိုး ဖြစ်လာခဲ့ခြင်းပင်။ သူမက ယဲ့ချန်းဖုန် စိတ်ဓာတ်ကျနေသည်ဟု တွေးမိပြီး စိတ်ရွှင်လန်းသွားစေရန်အတွက် မော့လျှိုကွေ့အကြောင်းကို စကားထဲထည့်ပြောလိုက်သည်။

“ရှောင်ဖုန်၊ ဟိုမော့လျှိုကွေ့ဆိုတဲ့ကလေးမကို မင်းသဘောကျနေတာမလား။ ဒီနေ့ မင်းဆီကိုလာလည်မယ်လို့ သူ မနေ့ကပြောသွားတယ်။ အခုတော့ မင်းလက်တွေကို မင်းဘယ်လိုလုပ်လိုက်လဲ ကြည့်ပါဦး။ သွေးတွေထွက်ကုန်ပြီ။ ကောင်မလေးကို လန့်ပြေးအောင်လုပ်နေတာလား။”

မော့လျှိုကွေ့ သူ့ဆီကို လာလည်မည်ဆိုသည်ကို ကြားလိုက်ရသည့်အတွက် ယဲ့ချန်းဖုန်၏နှလုံးသားတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ ရင်ထဲတွင် နင့်နင့်နဲနဲ ခံစားလိုက်ရသည်။ သို့သော် တစ်ချိန်တည်းတွင် သူ၏မသန်မစွမ်းဖြစ်မှုကို တွေးမိပြီး ရှက်သည့်စိတ် သိမ်ငယ်သည့်စိတ်များ ဝင်လာသည်။

သူ၏မျက်လုံးများကို မှိတ်ချပြီး ခေါင်းကိုငုံ့ထားမိသည်။ နောက်ကျောမှီကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

သူ ဖြစ်ခဲ့သည့်အကြောင်းကို ရှောင်ကွေ့လည်း သိထားမည်ပင်။ ယခုအချိန်တွင် သူတို့အတူရှိရန် မဖြစ်နိုင်တော့ပေ...

မဖြစ်နိုင်တော့ပေ။

မသန်မစွမ်းယောက်ျားတစ်ယောက်ကို မည်သူကမှ လက်ထပ်ချင်လိမ့်မည် မဟုတ်ပေ။ ရှောင်ကွေ့ဘက်က သဘောတူခဲ့သည်ဆိုလျှင်တောင် သူမ၏အစ်ကိုများ၊ အဖေ၊ အဘိုး... သူတို့ကတော့ မည်သို့သောအခါတွင်မှ သဘောတူလိမ့်မည် မဟုတ်ပါချေ။

ထို့အပြင် ရှောင်ကွေ့တွင် ပိုးပန်းသူ တစ်ခါမှပြတ်သည်ဟူ၍ မရှိပါချေ။

ယဲ့ချန်းဖုန်က အမုန်းတရားများဖြင့် လောင်ကျွမ်းနေသည်။ မော့လျှိုကွေ့အတွက် လက်စားချေရန် ဆုံးဖြတ်ခဲ့စဉ်ကထက် ယခုခံစားချက်မှာ ပို၍ပြင်းထန်သည်။

ဤအချင်းအရာအားလုံးသည် မော့တိ၏အမှားများသာ ဖြစ်သည်။

မော့တိက ဝိုင်ကိုလဲထားရလောက်သည်အထိ ဉာဏ်နီဉာဏ်နက်များပြီး သူ့ကို ယခုကဲ့သို့ အဆုံးသတ်စေခဲ့သည်။ သူ ရှောင်ကွေ့အတွက် ကလဲ့စားမချေနိုင်ခဲ့သည့်အပြင် ယခုအခါ သူမနှင့် အတူယှဉ်တွဲရှိနေနိုင်မည့် အခွင့်အရေးကိုပါ ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

“မင်းလက်ကိုထည့်ဖို့ ဆေးနဲ့ပတ်တီး သွားယူလိုက်ဦးမယ်။ မင်းအခန်း မင်းပြန်လိုက်ဦးနော်။”

သူ့ကို ဤကဲ့သို့ မြင်ရသော ယဲ့ချန်းဖုန်၏မိခင်မှာ ရင်ကွဲနာကျနေရသည်။ သူမက သူ့ကို အဆောင်သို့ရောက်အောင် ဖြည်းဖြည်းချင်း ပြန်ပို့ပေးသည်။

“အမေ သူနာပြုသွားခေါ်လိုက်ဦးမယ်။ မင်းက လှဲပြီးအနားယူလိုက်ဦးနော်။”

ယဲ့ချန်းဖုန်က ငြိမ်သက်စွာသာရှိနေသည်။ အသံတစ်သံကြောင့် သတိပြန်မဝင်လာခင်အချိန်ထိ သူက တံခါးဝတွင် မတ်တပ်ရပ်နေပြီး အခန်းထဲကို လေးတွဲ့စွာ ငေးကြည့်နေသည်။

“သခင်လေး... အဆင်ပြေရဲ့လားဟင်”

ယဲ့ချန်းဖုန် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး လက်စားချေမည့် အစီအစဉ်သစ်များကို ခဏခေါက်ထားလိုက်သည်။ မနက်စာရောင်းသောစတိုးဆိုင်ပေါင်းစုံမှ ပါဆယ်ထုတ်ပေါင်းစုံသယ်လာသော လူနာစောင့်ကို သူ လှည့်ကြည့်လိုက်သည်။ သူမ၏နောက်တွင် ရဲဝတ်စုံနှင့် လူနှစ်ယောက်ပါလာသည်။

လူနာစောင့်က ဇက်ကလေးပုပြီး မဝံ့မရဲပြောသည်။

“သခင်လေး၊ ကျွန်မ ပြန်လာမှ သူတို့နဲ့တွေ့တာနော်။ ကျွန်မ ခေါ်လာတာ မဟုတ်ရပါဘူး...”

သူမက မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ထားခြင်းမရှိရရာ ရဲများကိုလည်း မကြောက်ပေ။ သို့သော် အထက်တန်းလွှာယဲ့မိသားစုကိုတော့ ကြောက်လန့်မိသည်။

“ဒါဘာသဘောလဲ”

ယဲ့ချန်းဖုန်၏မျက်နှာ ရုတ်ချည်း မဲကျသွားသည်။

“ခင်ဗျားတို့ရဲအရာရှိတွေ ကျွန်တော့်ဆီကို လာတာလား”

လူနာစောင့်က အခန်းထဲသို့ တန်းဝင်သွားပြီး အထုတ်များကို စားပွဲပေါ်တွင် တင်လိုက်ကာ အခန်းထဲတွင် တိတ်တိတ်လေးသာ ငြိမ်နေသည်။

ရဲမေမုံ့က တံခါးကို ခပ်ကျယ်ကျယ်ဖြစ်အောင် တွန်းဖွင့်လိုက်သည်။ သူမက အခန်းကိုကြည့်ကာ ပြောသည်။

“နေရာကောင်းပဲ”

ထို့နောက် သူမက ယဲ့ချန်းဖုန်ဘက်သို့ လှည့်လိုက်သည်။


“မင်းကိုကြည့်ရတာ ထူထူထောင်ထောင် ပြန်ဖြစ်လာတဲ့ပုံပဲ။ မင်းမိဘတွေပြောတာနဲ့တော့ တခြားစီပဲ။ သူတို့ပြောတော့ မင်းက အရမ်းအားနည်းနေလို့ စစ်ဆေးရေးလုပ်ဖို့ အချိန်ရွှေ့ဆိုင်းစေချင်နေတယ်တဲ့။”

ခံစားချက်မကောင်းသဖြင့် ယဲ့ချန်းဖုန်၏မျက်ခွံများ ဆတ်ခနဲတွန့်သွားကြသည်။

“ဒါကရော ဘာအဓိပ္ပာယ်လဲ”

“မင်း အဖမ်းခံရပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့”

ရဲမေမုံ့က သူ့အား ဖမ်းဝရမ်းကို တစ်ချက်ဝှေ့ပြပြီး လက်ထိပ်ခတ်ရန်အတွက် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သည်။

“ယဲ့ချန်းဖုန်၊ စစ်ဆေးရေးလုပ်ဖို့အတွက် မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်”

“ခင်ဗျားတို့ ဘာလုပ်တာလဲ”

ယဲ့ချန်းဖုန် ရင်တုန်နေလေပြီ။ ဒေါသများလည်းထွက်ပြီး ရုန်းကန်လာသည်။

“ကျွန်တော်က ဘာပြစ်မှုကျူးလွန်ထားလို့လဲ။ ခင်ဗျားတို့က ဥပဒေကို အလွဲသုံးစားလုပ်နေတာနော်။”

“ကောင်းကောင်းမွန်မွန်နေပါ”

ရဲသားကြီးက သူ့အား ဂုတ်မှဆွဲကိုင်ကာ အောက်သို့ဖိထားလိုက်သည်။ ထို့နောက် သူ၏နောက်ကျောမှနေ၍ လက်ထိပ်ခတ်လိုက်သည်။

“မင်းကို ကာကွယ်ပေးနေတဲ့ မင်းအဖေရဲ့ ကလိမ်ကကျစ်နည်းလမ်းတွေကြောင့်သာ မဟုတ်ရင် အစောကြီးတည်းက အဖမ်းခံနေရလောက်ပြီ”





နာရီဝက်ကြာပြီးနောက် ယဲ့ချန်းဖုန် အဖမ်းခံရသည်ဆိုသောသတင်းကို နာမည်ကြီးမီဒီယာဝက်ဘ်ဆိုက်ဒ်များတွင် ထုတ်လွှင့်ပြသလေသည်။

မော့တိ ထိုသတင်းကို မနက်စာစားရင်း တွေ့ လိုက်ရပြီး သူ၏မျက်နှာပေါ်တွင် ထိန်းမရသိမ်းမရ အပြုံးတစ်ပွင့် ပွင့်လန်း၍လာခဲ့သည်။

ယခုကဲ့သို့ မနက်စောစောစီးစီး အချိန်အခါတွင် အလုပ်လုပ်ကြသည်ကိုကြည့်ရသည်မှာ ရဲများက တကယ်ကိုပင် လုံ့လဝီရီယရှိကြသည်။

အင်တာနက်တွင် သတင်းရှာဖတ်ပြီးနောက် မော့တိ သူ၏ဖုန်းကို ဘေးချထားလိုက်သည်။ မော့တိမှာ ဤသတင်းကြောင့် ပျော်နေသည်မဟုတ်ဘဲ သူ ပို၍စိတ်ဝင်စားနေသည်မှာ ယဲ့ချန်းဖုန်၏ပြစ်ဒဏ်နှင့် ယဲ့မိသားစု၏ကံကြမ္မာပင် ဖြစ်သည်။

ယခုတော့ သူ၏ဂိမ်းနှင့် စာလေ့လာခြင်းကို ရာနှုန်းပြည့် အာရုံပြန်စိုက်ရမည့်အချိန် ဖြစ်သည်။ ဤသို့ဖြင့် မနက်စာစားပြီးနောက် မော့တိ သူ၏အလုပ်ခွင်သို့သွားကာ ကုဒ်ရေးဆွဲနေလိုက်သည်။

ရင်းနှီးမြှုပ်နှံသူတစ်ယောက် ရောက်လာပြီး သူ့အား အစည်းအဝေးခန်းထဲတွင် တွေ့ချင်သည်ဟု ဝန်ထမ်းတစ်ယောက် လာသတင်းပေးသည့်အချိန်တွင် အလုပ်ပင် များများစားစား မပြီးသေးပေ။

မော့တိ အလုပ်ကို လက်စသတ်လိုက်ပြီး ဝန်ထမ်းကို ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူရဲ့နာမည်ကို ပြောပြလို့ရမလား။”

“အဲဒါကလေ... ရင်းနှီးမြှုပ်နှံသူက လောလောဆယ် လျှို့ဝှက်ထားချင်တယ် ဆိုလို့ပါ”

ဝန်ထမ်းက ပြုံးပြီး ဆက်ပြောသည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့နော်။ သူက နယ်နယ်ရရ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်က တော်တော်လေး ယုံကြည်စိတ်ချရပါတယ်။ အလိမ်အညာ ရိုက်စားတွေ မဟုတ်ဘူးဆိုတာ စိတ်ချလို့ရပါတယ်။”

“အဲဒါကိုတော့ သေချာပေါက် စိတ်မပူပါဘူး”

မော့တိက စိတ်အေးလက်အေးလေသံရှိသော်လည်း လေးနက်တည်ကြည်သည့်လေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ကိုယ်ကျွန်တော် ကောင်းကောင်းမွန်မွန် ကြိုတင်ပြင်ဆင်သွားနိုင်အောင်လို့ ဘယ်သူလဲဆိုတာ သိချင်ရုံသက်သက်ပါ”

“အစည်းအဝေးခန်းထဲရောက်တာနဲ့ ချက်ချင်း တန်းသိရပါလိမ့်မယ်။ အဲဒီလူက နာမည်ကြီးလေ။ ပြီးတော့ စိတ်ထားလည်းကောင်းတယ်။ ဘာမှစိုးရိမ်စရာမရှိဘူး။”

ဝန်ထမ်းက ဂရုတစိုက် ရှင်းပြသည်။

“ဒါပေမဲ့ သူက သိုသိုသိပ်သိပ်နေရတာပဲ သဘောကျတော့ လူမြင်ကွင်းထဲ ထွက်ခဲတယ်။ ခေါင်းဆောင်မော့၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ရင်းနှီးမြှုပ်နှံသူကို တွေ့တာနဲ့ ဘယ်သူမှန်း တန်းသိပါလိမ့်မယ်။ သွားကြရအောင်နော်"


Xxxxxpxxx