အပိုင်း ၁၂၀
Viewers 28k

Chapter 120



မော့တိက အခန်းထဲကိုဝေ့ကြည့်ပြီး ပြောလိုက်သည်။

“ကျွန်တော်နဲ့အတူ အဖွဲ့ဝင်တစ်ယောက် ခေါ်သွားချင်တယ်။ အဆင်ပြေလောက်မယ်မလား။”

“အဲဒါက...”

ဝန်ထမ်းက ပြန်ဖြေဖို့ရာ တွန့်ဆုတ်နေသည်။

“ရင်းနှီးမြှုပ်နှံသူက ကျန်တဲ့သူကို ထည့်မပြောထားဘူး။ ဒါပေမဲ့... အဆင်ပြေလောက်မယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ဟုတ်ပြီလေ”

မော့တိက သူ့ကိုလှမ်းကြည့်နေဟန်ရှိသော လင်ကျွင်းဖုန်ကို ပြောလိုက်သည်။

"လိုက်ခဲ့မလား”

“ရတာပေါ့။ ကိစ္စမရှိပါဘူး။”

လင်ကျွင်းဖုန်က မတ်တပ်ရပ်ပြီး သူ၏ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သည်။

“ငါ့ကို အားကိုးလို့ရပါတယ်”

ဝန်ထမ်းက လင်ကျွင်းဖုန်၏ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ထည်ကြောင့် အနည်းငယ် ဖြုံသွားသည်။ သူသည် တံတွေးမျိုချပြီး တွေးလိုက်သည်။

‘ဒီလူက ကြမ်းမဲ့ပုံပဲ'

မော့တိနှင့် လင်ကျွင်းဖုန်တို့နှစ်ဦးသား ဗီလာမှထွက်ကာ ဝန်ထမ်းနောက်က လိုက်သွားပြီး ဌာနချုပ်၏ အခြားသောနေရာဆီသို့ ရောက်သွားကြသည်။

“ဒီနေရာက ကျွန်တော်တို့ ပထမဆုံးအခေါက်က လာတဲ့နေရာ မဟုတ်ဘူးနော်”

မော့တိက မေးသည်။

“ဟုတ်ပါတယ်။ ဒီနေရာက အစည်းအဝေးထိုင်ရတာ ပိုလွယ်လို့လေ”

ဝန်ထမ်းက လမ်းညွှန်ပေးရင်း ပြန်ရှင်းပြသည်။

“အလွှာတိုင်းမှာ အစည်းအဝေးခန်းတွေက တစ်ခန်းနဲ့တစ်ခန်း မတူကြဘူး။ ခေါင်းဆောင်မော့တို့အစည်းအဝေးက အပေါ်ဆုံးထပ်မှာလုပ်မှာပါ။”

“ကျွန်တော် သဘောပေါက်ပြီ”

မော့တိက အလိုက်သင့်တုံ့ပြန်သည်။

အရေးပါအရာရောက်တဲ့ရင်းနှီးမြှုပ်နှံသူသာမှန်ရင် အရေးတယူဆက်ဆံဧည့်ခံပေးရမယ်ဆိုတာ နားလည်ပေးနိုင်စရာ ဖြစ်သည်။

အပေါ်ဆုံးထပ်ရောက်သောအခါ ဝန်ထမ်းက သူတို့အား လူသွားစင်္ကြံလမ်းအဆုံးရှိ တံခါးမကြီးတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားသည်။ တံခါးမဖွင့်မီ တံခါးနှစ်ချက်ခေါက်သည်။

“မန်နေဂျာ၊ ခေါင်းဆောင်မော့ ရောက်ပါပြီ။”

“ရောက်လာပြီလား။ ဝင်ခဲ့ကြပါ။”

အစည်းအဝေးခန်းမထဲမှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်လာသည်။

“မစ္စတာချင်၊ ခေါင်းဆောင်မော့ ရောက်လာပြီဆိုတော့ ကျွန်မတို့ကို ခွင့်ပြုပါဦး။ နှစ်ဦးနှစ်ဖက် အချိန်ယူဆွေးနွေးညှိနှိုင်းနိုင်ပါတယ်။”

မစ္စတာချင်?!

မော့တိ မျက်လုံးပြူးသွားပြီး ခံစားချက်လည်း မကောင်းတော့ပေ။

ဒေါက်ဖိနပ်အမြင့်နှင့် လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး အခန်းထဲမှ ထွက်လာသည်။ သူမက အစည်းအဝေးခန်းထဲမှဧည့်သည်နှင့် အတူလိုက်ပါလာသည့် မန်နေဂျာပင်ဖြစ်သည်။ သူမမှ ချက်ချင်းပင် မော့တိအား ပြုံးပြကာ စကားဆိုသည်။

“ခေါင်းဆောင်မော့၊ မြန်မြန်ဝင်သွားလိုက်ပါ။ မစ္စတာချင် စောင့်နေပါတယ်။”

သူမက မော့တိတို့အား ခေါ်ဆောင်လာသည့် ဝန်ထမ်းကို မျက်စိမှိတ်ပြသည်။

“လာ။ ဧည့်သည်တွေကို မနှောင့်ယှက်နဲ့။ ကော်ဖီလေးဘာလေး သွားဖျော်သောက်ချည်။”

မော့တိ တံခါးပေါက်ရှေ့တွင် ခဏတာဝေ့လည်ကြောင်ပတ်လုပ်နေပြီး နောက်ဆုံးတွင် အခန်းထဲဝင်သွားလိုက်သည်။

သေချာသည်ကတော့ အစည်းအဝေးခန်းထဲတွင်ထိုင်နေသော ရင်းနှီးမြှုပ်နှံသူကြီးသည် ဟွာရှား၏ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဖြစ်လည်း ချင်ချန်းယီ၏ဖခင်ဖြစ်သူ ချင်ကွမ်းကျယ်ကလွဲ၍ တခြားသူမဟုတ်ပါချေ။

ဂိမ်းကို ရင်းနှီးမြှုပ်နှံမှုလုပ်ချင်ရုံလောက်နှင့် ချင်ကွမ်းကျယ်က သူ့ကိုလူကိုယ်တိုင်လာတွေ့သည်ကိုတော့ မော့တိ သံသယဝင်မိသည်။ ဂိမ်းလောကတွင် ဤဂိမ်းက ပေါက်မည့်ဂိမ်းဖြစ်သည်ဟု ချင်ကွမ်းကျယ် ယုံကြည်နေလျှင်ပင် သူ့လက်အောက်ငယ်သားတစ်ယောက်အား စေလွှတ်ကာ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်စေမည်ပင် ဖြစ်သည်။ အတိတ်ဘဝတွင် မော့တိက ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်ခဲ့ဖူးပြီး ဉာဏ်နီဉာဏ်နက်များသော မြေခွေးအိုကြီးများနှင့်လည်း ကြုံတွေ့ရင်ဆိုင်ခဲ့ရဖူးသည်။ သူ၏ပရောဂျက်ကဲ့သို့ အသစ်စက်စက် မပြည့်မစုံတို့လို့တန်းလန်းမျိုးဆိုလျှင် သူတို့၏အာရုံစိုက်မှု ခံရလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ချင်ကွမ်းကျယ် သူ့ကိုလာတွေ့ခြင်းသည် ဂိမ်းရင်းနှီးမြှုပ်နှံမှုသက်သက်သာကြောင့်သာဖြစ်သည်ဆိုပါက အတော်လေး သံသယဝင်ချင်စရာပင်။

မော့တိ၏ခေါင်းထဲတွင် အတွေးပေါင်းများစွာ ဗြောင်းဆန်နေသော်လည်း မျက်နှာထားမှာတော့ မပြောင်းလဲပေ။ အံ့ဩသွားသည့်ပုံစံဖမ်းကာ ပြောလိုက်သည်။

“ဟယ်လို၊ ဦးလေးက... ချင်အဖွဲ့အစည်းရဲ့ ဥက္ကဌ ချင်ကွမ်းကျယ် မဟုတ်လား။ ကျွန်တော်ပြောတာ မှန်တယ်မလားဟင်။”

လင်ကျွင်းဖုန်သည်လည်း နာမည်ကြောင့် ထိုနည်းတူစွာ ထိတ်လန့်သွားရသည်။ သို့သော် သူက စူပါလူသား မုထျန်းဟန်နှင့် ဆက်ဆံရပါများလာသောကြောင့် အတွေ့အကြုံရကာ တည်တည်ငြိမ်ငြိမ် စိတ်ထိန်းထားနိုင်ပြီး မော့တိ၏ဦးဆောင်မှုနောက်သို့ လိုက်လာနိုင်သည်။

ချင်ကွမ်းကျယ်က မတ်တပ်ရပ်ပြီး သူတို့အား နှုတ်ဆက်ကာ ရယ်ရယ်မောမောဖြင့် မော့တိကို ပြောသည်။

“အလားအလာကောင်းတဲ့ လူငယ်လေးပါလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်အောင်မြင်နေပြီပဲ။ ဦးလေးတို့တောင် ရှက်မိပါတယ်။ ‘လူစွမ်းကောင်းဖြစ်ချင်ရင် ငယ်စဉ်တည်းက ကျင့်ကြံပျိုးထောင်ရတယ်တဲ့’။ အဲဒီဆိုရိုးက ဒီမှာရှိတဲ့မင်းကို ရည်ညွှန်းတာပဲဖြစ်မယ်။”

မော့တိ မဝံ့မရဲ ခေါင်းခါလိုက်ရသည်။

“ကျွန်တော်က ဂိမ်းကစားရတာ သဘောကျတဲ့ သာမန်ကျောင်းသားလေးတစ်ယောက်ပါ။ ဦးလေးက အရမ်းမြှောက်နေပြန်ပါပြီ။”

ချင်ကွမ်းကျယ်က အော်ကြီးဟစ်ကျယ် ရယ်မောမိသည်။

“ငါ မင်းရဲ့ဂိမ်းသစ်ကိုတွေ့တယ်။ အတော်လေးကောင်းတယ်။ တော်တယ်ကွာ။ ဂိမ်းလောကမှာ ခေတ်ရေစီးကြောင်းအသစ်တစ်ခု ဦးဆောင်ပေးနိုင်မယ့်ဂိမ်းလို့ဆိုရင် မမှားနိုင်ဘူး။ တကယ်ဆို ပရောဂျက်အသစ်လေးပဲ ရှိသေးတယ်ဆိုပေမယ့် ဒီဂိမ်းက အလားအလာကောင်းတွေရှိနေတယ်ဆိုတာ ဦးလေးတော့ သေချာတယ်။”

“ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘူးကွာ။ ငါ မင်းရဲ့ဂိမ်းမှာ ရင်းနှီးမြှုပ်နှံချင်တယ်။ ဘယ်လိုလဲ။ မင်းဘက်က တောင်းဆိုသမျှကို လိုက်လျောပေးမယ်။ ငါတို့တွေ အတူတူလက်တွဲလုပ်ကိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

လင်ကျွင်းဖုန်မှာ စိတ်လှုပ်ရှားသဖြင့် တုန်ရီချင်လာသည်။ ချင်ကွမ်းကျယ်က သူတို့ဆီကို လူကိုယ်တိုင်အရောက်လာပြီး သူတို့အဖွဲ့ထဲကို ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ချင်နေခြင်း ဖြစ်သည်။

သူ၏စိတ်ထဲတွင်တော့ အပျော်လွန်ကာ အော်ဟစ်နေသည်။

သူတို့ ချမ်းသာကြတော့မည်! ချမ်းသာကြတော့မည် ဖြစ်သည်!!!

မော့တိကတော့ ပျော်ရွှင်ကျေနပ်မှုအရိပ်အယောင် တစ်စုံတစ်ရာမပြပါချေ။ အနည်းငယ် အပြစ်ရှိသည့်မျက်နှာပေးဖြင့် ပြောလိုက်သည်။

“မစ္စတာချင်၊ ကျွန်တော်တို့ရဲ့ဂိမ်းကို အထင်ကြီးပေးတဲ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့... ဒါပေမဲ့ ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။ တခြားတစ်ယောက်နဲ့ အပေးအယူလုပ်ထားပြီးသား ဖြစ်နေလို့ပါ။”

လင်ကျွင်းဖုန် ကြောင်အသွားရသည်။

‘ဘာ?!! ရှောင်တိက တကယ်ကြီး ကမ်းလှမ်းချက်ကို ငြင်းလိုက်တာလား?!!!’

ထိုမျှပင်မကသေး။ တခြားတစ်ယောက်နှင့် အပေးအယူလုပ်ထားပြီးသားဟုပင် ပြောလိုက်သေးသည်။ မည်သူဖြစ်မည်နည်း။ သူတို့တွေသည် အဘယ်ကြောင့် ဘာကိုမျှ မသိခဲ့ရပါသနည်း။

“တခြားတစ်ယောက်ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးသားတဲ့လား”

ချင်ကွမ်းကျယ်မှာ စိတ်မပါလက်မပါဖြင့် အနည်းငယ် မပျော်ရွှင်သော မျက်နှာထားဖြစ်သွားသည်။

“ငါ့ကိုများ ကျောသွားရတယ်လို့”

“ကျွန်တော် စိတ်မကောင်းပါဘူး”

မော့တိက တောင်းပန်သည်။

“ကျွန်တော်တို့ဆီကို ဆက်သွယ်တဲ့အတွက် ဝမ်းသာဂုဏ်ယူရပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ အတူလက်တွဲမလုပ်ကိုင်နိုင်တဲ့အတွက် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။”

ချင်ကွမ်းကျယ်မှာ အတော်လေး မကျေမနပ်ဖြစ်နေသည်။ ဝမ်းပန်းတနည်း သက်ပြင်းချကာ ပြောလိုက်သည်။

“အိုင်းယား... တကယ်ပဲ တွဲမလုပ်နိုင်ဘူးလား။ သူတို့နဲ့ရင်းနှီးမြှုပ်နှံမှုလောက်ပဲ သဘောတူထားတာဆိုရင် ငါနဲ့ အတူတွဲမလုပ်နိုင်ဘူးရယ်လို့ မဟုတ်သေးဘူး။”

“တကယ်ဝမ်းနည်းပါတယ်”

မော့တိက ပြောသည်။

“တကယ်ပဲ စိတ်မပြောင်းတော့ဘူးလား”

မော့တိဘက်က တွင်တွင်ငြင်းနေသည်ကိုသာ ကြားရသောအခါ ချင်ကွမ်းကျယ်အနေဖြင့် စိတ်အခန့်မသင့်ဖြစ်လာရသည်။ သို့သော်လည်း သူ၏ဒေါသကို ထုတ်မပြပေ။

“ဒါဆို မင်းက တစ်ဖက်ကအဖွဲ့အစည်းတစ်ခုနဲ့ သဘောတူညီမှုယူထားပြီး စီးပွားဖက် ဖွဲ့ထားပြီးပြီပေါ့လေ”

“ဟုတ်ကဲ့”

မော့တိက ခေါင်းညိတ်ပြသည်။

“ကျွန်တော် တကယ်ပဲ စိတ်မကောင်းပါဘူး”

“မင်းနဲ့တွဲလုပ်မဲ့သူက ဘယ်သူလဲဆိုတာ ပြောပြပေးလို့ရနိုင်မလား”

ချင်ကွမ်းကျယ်က မော့တိကို ကြည့်လိုက်သည်။

“ဖြစ်နိုင်မယ်ဆိုရင် ငါ အဲဒီလူနဲ့တွေ့ပြီး ဆွေးနွေးကြည့်ချင်တယ်။ အမှန်ဆို ငါတို့သုံးယောက်တွဲပြီး အလုပ်အတူလုပ်လည်း ဖြစ်တာပဲလေ။”

နောက်ဆုံးတွင် သဲလွန်စတစ်ခုရခဲ့ပြီဖြစ်သောကြောင့် မော့တိ ရင်တဒိတ်ဒိတ်ခုန်လာသည်။ မော့တိက ချင်ကွမ်းကျယ်ရှေ့တွင်ဖြစ်သောကြောင့် ပုံမပျက်နေပြီး သူ့ကိုကြည့်ကာ ပြုံးပြလိုက်သည်။

“အဲဒီလူက ဘယ်သူလဲဆိုတာ မစ္စတာချင် ခန့်မှန်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”

မော့တိနှင့် မုထျန်းဟန်တို့ ဆက်ဆံရေးကောင်းမွန်သည့် ကောလာဟလသတင်းများသည် အထက်တန်းလွှာအသိုင်းအဝိုင်းများကြားသို့ နှံ့နှံ့စပ်စပ် မပျံ့နှံ့သေးသော်လည်း မော့မိသားစုနှင့် ချင်မိသားစုကြားထဲတွင်တော့ ထိုသတင်းကို သိထားကြသည်မှာ ကြာပြီဖြစ်သည်။

ရင်းနှီးမြှုပ်နှံ့သူက မုထျန်းဟန်ဖြစ်သည်ကို ချင်ကွမ်းကျယ် ခန့်မှန်းနိုင်မည်မှာ သေချာသည်။

ချင်ကွမ်းကျယ်သည်လည်း ရောက်မလာခင်တည်းက ဤပရောဂျက်၏ရင်းနှီးမြှုပ်နှံသူသည် မုထျန်းဟန်ဖြစ်သည်ကို အတိုင်းအတာတစ်ခုလောက်အထိ ခန့်မှန်းထားပြီးသားဖြစ်လောက်သည်ကို မော့တိသိသည်။

မုထျန်းဟန်အတွက် မဟုတ်ဘူးဆိုလျှင် ချင်ကွမ်းကျယ်မှာ ဤနေရာကို မည်သည့်အတွက်ကြောင့် ရောက်လာရပါသနည်း။

မော့တိ ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိပြီး လက်သီးများကိုဆုပ်လိုက်သည်။

မော့တိ၏တုံ့ပြန်စကားသံကို ကြားပြီးနောက် ချင်ကွမ်းကျယ်က ထူးထူးခြားခြား မျက်နှာအမူအရာ မပြောင်းလဲသွားပါချေ။

“အခု မင်းပြောမှပဲ မုထျန်းဟန်အကြောင်း ပြောနေတယ်ဆိုတာ တကယ်ယုံသွားပြီ။ မင်းတို့နှစ်ယောက်က အတော်လေးရင်းနှီးတယ်လို့တော့ ကြားဖူးပါတယ်။”

“ဟုတ်ပါတယ်။ ဒါရိုက်တာမုနဲ့ ကျွန်တော်က ဆက်ဆံရေးပြေလည်ကြပါတယ်။ သူက ကျွန်တော့်ဂိမ်းကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ရင်းနှီးမြှုပ်နှံသွားတာပါ။ ပြီးတော့ စာချုပ်ကလည်း မူကြမ်းရေးနေရင်း တန်းလန်းကြီး။ ကျွန်တော်က ပြောထားတဲ့စကားတည်ရမယ်လေ။ ပြောရရင် ယုံကြည်မှုဆိုတာ ဘယ်စီးပွားရေးမှာမဆို အခြေခံအုတ်မြစ်ပဲလေ။ မဟုတ်ဘူးလား မစ္စတာချင်။”

“ဒါပေါ့။ ယုံကြည်မှုဆိုတာ အရမ်းအရေးကြီးတယ်။ ဒါပေမဲ့ ငါကတော့ ငါတို့ အလုပ်တွဲလုပ်နိုင်မယ်ဆိုတဲ့ အခွင့်အရေးရှိနေသေးတယ်လို့ ထင်နေတုန်းပဲ။ ငါ မင်းရဲ့ဒုတိယရင်းနှီးမြှုပ်နှံသူ ဖြစ်ပေးနိုင်တယ်။ ကုမ္ပဏီမှာဆို နောက်ထပ်ရှယ်ယာရှင်တစ်ယောက် ရှိနေသလိုပေါ့ကွာ။ မင်းရဲ့ဂိမ်းကို ရင်းနှီးငွေအလုံအလောက်နဲ့ထုတ်လုပ်ပြီး ကောင်းမွေဆိုးမွေ အတူမျှခံကြမယ်။ နှစ်ဦးနှစ်ဖက် အရှုံးမရှိတဲ့အခြေအနေပေါ့။”

“ဒါပေမဲ့ ကျွန်တော်က ဒါရိုက်တာမုနဲ့ ပြောထားဆိုထားပြီးပြီ။ စကားပြန်ရုတ်သိမ်းဖို့ကျတော့ မသင့်တော်ဘူးလေ။ ဒါက တကယ်ကောင်းတဲ့ကမ်းလှမ်းချက်ပါ။ ဒါပေမဲ့ အချိန်မကိုက်ဘူး ဖြစ်သွားပါတယ်။”

“သဘောပေါက်ပါပြီ။ မောင်ရင်၊ မင်းက ယုံကြည်မှုမဖျက်ချင်ဘူး။ အဲဒါက တကယ်ကောင်းတဲ့အကျင့်စရိုက်တစ်ခုပါ။ ဒါပေမယ့် လိုက်လျောညီထွေလည်း နေတတ်ရမယ်။ ဒီလိုဆိုရင်ရော။ ဒီကိစ္စကို ငါ ဒါရိုက်တာမုနဲ့ စကားပြောကြည့်မယ်။ သူ့ဘက်က စိတ်ဝင်စားတယ်ဆိုရင် နောက်ထပ်အစီအစဉ်တွေ ဆွေးနွေးညှိနှိုင်းကြမယ်လို့ ပြောလိုက်မယ်။”

လင်ကျွင်းဖုန်က မော့တိ၏အင်္ကျီစကို ခပ်ဖွဖွ လှမ်းဆွဲသည်။ သူ အလွန်တရာ စိတ်လှုပ်ရှားနေသည်။ မော့တိက အဘယ်ကြောင့် ဤမျှလောက် တည်ငြိမ်နေနိုင်ပါသနည်း။

ချင်ကွမ်းကျယ်ကဲ့သို့ အာဏာရှိပုဂ္ဂုလ်တစ်ဦးအား စိတ်အနှောင့်အယှက် မဖြစ်စေချင်လျှင် ရေလိုက်ငါးလိုက်နေသင့်ဟု သူထင်မိသည်။ တကယ်တမ်းဆိုရလျှင် မော့တိက ချင်ကွမ်းကျယ်အား အတော်လေး ခပ်တန်းတန်းဆက်ဆံနေခြင်းဖြစ်သည်။ ကောင်းသည့်အချက်မှာ ထိုသို့ဆက်ဆံခံရခြင်းကို ချင်ကွမ်းကျယ်ဘက်က စိတ်အနှောင့်အယှက်ဖြစ်သည့်ပုံ မရပါချေ။

“ဒါကတော့... ကျွန်တော် ဒါရိုက်တာမုနဲ့ အခွင့်ကြုံရင် ပြောကြည့်လိုက်ပါ့မယ်။ ဘာမှမဟုတ်ဘဲ ဒီနေရာအထိရောက်အောင် လာစေမိတဲ့အတွက် တောင်းပန်ပါတယ်။ တစ်ချိန်ချိန်ကျရင် ကျွန်တော် ညစာနဲ့ဧည့်ခံပါ့မယ်။”

မော့တိက တောင်းတောင်းပန်ပန်ပြောသည်။

“အိုင်းယား။ မလိုပါဘူးကွယ်။ စီးပွားရေးလုပ်တယ်ဆိုတာ ဒီလိုပါပဲ။”

ချင်ကွမ်းကျယ်က အားရပါးရပြုံးပြလိုက်သောအခါ သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများ စုတွန့်သွားကြသည်။

“ဒါရိုက်တာမုကို ဒီကိစ္စ ပြန်ပြောပြဖို့ မမေ့နဲ့နော်။ ငါတို့တွေ အတူတွဲလုပ်ရမဲ့ အလားအလာရှိတယ်ဆိုတာကို သူသဘောပေါက်မှာ သေချာပါတယ်။”

….

မော့တိ ချင်ကွမ်းကျယ်နှင့် နောက်ထပ်မိနစ်အနည်းငယ်ကြာ စကားစမြည် အပြန်အလှန်ပြောဆိုပြီးနောက် လင်ကျွင်းဖုန်နှင့်အတူ အစည်းအဝေးခန်းထဲမှ ထွက်လာလိုက်သည်။

ဝန်ထမ်းနှစ်ယောက်က သူထွက်လာသည်ကိုမြင်ပြီး စပ်စုချင်နေကြသည်။

“ကျွန်တော်တို့ အလျင်လိုနေလို့ အခုချက်ချင်း ဗီလာကိုပြန်ရမယ်”

ဝန်ထမ်းလေး ဘာမျှမပြောရသေးခင် မော့တိက အရင်ပိတ်ပြောထားလိုက်သည်။

အများသုံးနေရာသို့ရောက်သောအခါ မော့တိက သန့်စင်ခန်းသို့တန်းသွားပြီး မုထျန်းဟန်ကို ဖုန်းခေါ်လိုက်သည်။

သူနှင့် ချင်ကွမ်းကျယ်တို့ ဖြစ်ခဲ့သမျှအကြောင်းစုံကို ပြောပြသည်။

မှန်သည်။ ချင်ကွမ်းကျယ်၏ ရည်ရွယ်ချက်မှာ အမြဲတမ်းပင် မုထျန်းဟန် ဖြစ်ခဲ့သည်။ အကြောင်းပြချက်ကို မသိသော်လည်း မုထျန်းဟန်ဆိုသည်ကိုတော့ မော့တိ အသေအချာသိသည်။

ထိုအချင်းအရာကို သတင်းကြားပြီးသောအခါ မုထျန်းဟန်၏မျက်လုံးများ မှောင်မိုက်သွားကြသည်။ သူက မော့တိကို ညင်ညင်သာသာပြောသည်။

“ရပါတယ်။ ကိုယ် သူနဲ့ ဒီတစ်ခါတော့ တွေ့လိုက်မယ်။ ကိုယ်တို့ စကားကောင်းကောင်းပြောဖို့ လိုတယ်လေ။ ပြောရရင် ဟွာရှားရဲ့အချမ်းသာဆုံးလူကို ကိုယ် မသိချင်ယောင်ဆောင်နေလို့မှ မရတာဘဲ။”

နောက်ကွယ်က အကြောင်းအရာကို မသိလောက်သေးပါသော်လည်း ချင်ကွမ်းကျယ်က မုထျန်းဟန်ထံရောက်နိုင်ရန် မော့တိကိုအသုံးချခြင်းဖြစ်သည်ကို သူ့ကောင်လေးက ခန့်မှန်းမိလောက်ပြီးဖြစ်သည်။ သို့သော် မုထျန်းဟန်ကတော့ ကောင်းကောင်းကြီး သိထားပါသည်။

ချင်ကွမ်းကျယ်က သူ့အားတိုက်ရိုက်ဆက်သွယ်၍ မရသဖြင့် သူ့မိတ်ဆွေလေးဆီသို့ ရောက်သွားခြင်းဖြစ်သည်။

‘ဒါဆိုလည်း ကောင်းပြီလေ ချင်ကွမ်းကျယ်။ ကျွန်တော့်ကို ဒီလောက်ထိ တွေ့ချင်နေတယ်ဆိုရင်လည်း တွေ့ကြတာပေါ့။ ဒါပေမဲ့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။’

ချင်အဖွဲ့အစည်းအတွက် သူစီစဉ်ထားသောအစီအစဉ်များမှာ လှုပ်ရှားနေပြီဖြစ်ပြီး ရပ်တန့်၍မရတော့ပါချေ။


Xxxxxxxx