Chapter 121
မုထျန်းဟန်ဘက်က ပေါ့ပေါ့တန်တန်သဘောထားမည်စိုး၍ မော့တိက သတိပေးလိုက်သည်။
“ကိုကို၊ ချင်ကွမ်းကျယ် ကိုကို့ကိုတွေ့ချင်နေတယ်ဆိုတာ ကိစ္စတစ်ခုခုတော့ရှိရမယ်။ သူနဲ့တွေ့သင့်တယ်လို့ မထင်ဘူး။ အကယ်၍ မဖြစ်မနေတွေ့ရမယ်ဆိုလည်း တော်တော်လေး သတိထားမှဖြစ်မယ်နော်။ သူက ဥပဒေကိုချိုးဖောက်ဖို့ဝန်မလေးတဲ့ ယုတ်မာကောက်ကျစ်တဲ့မြေခွေးအိုကြီးလေ။”
“ကိုယ်အဆင်ပြေမှာပါ။ သူဘယ်လိုလူစားမျိုးလဲဆိုတာ ကိုယ် ရိပ်မိပါတယ်။”
မုထျန်းဟန်မှာ သူ့အတွက်တွေးပူပေးနေသည့် မော့တိလေးကို ချစ်စရာကောင်းသည်ဟုတွေးပြီး ပြုံးနေမိသည်။
“ကိုယ့်ကိုမယုံဘူးလား။ မင်းကိုကိုကလည်း မြေခွေးအိုကြီးပါပဲ။”
“ကိုကိုက မြေခွေးမဟုတ်ပါဘူးနော်။ ရဲရင့်တဲ့ကျားပါ။”
ထိုသို့ပြောရင်းက မော့တိ၏နားရွက်များမှာ နီရဲသွားကြသည်။ အဘယ်ကြောင့် သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ကလူကျီစယ်နေကြသည်ဟု ခံစားနေရသည်လဲ။
“အဟမ်း”
မော့တိက လည်ချောင်းရှင်းလိုက်သည်။
“ကိုကို၊ ချင်ကွမ်းကျယ်က ကိုကို့ကို ဘာဖြစ်လို့တွေ့ချင်တာနေတာလဲဆိုတာ သိလား။”
သေချာပေါက် အကြောင်းပြချက်နှစ်ခုကို သူစဉ်းစားမိသည်။ တစ်ခုမှာ သူက ချင်အုပ်စု၏စီးပွားရေးလုပ်ငန်း တော်တော်များများကို မကြာသေးမီက ကြားဝင်စွက်ဖက်ထားခဲ့ပြီး နောက်တစ်ခုမှာ လောင်းကစားရုံကိစ္စ သူ ကြားဝင်ကူညီထားသည်ကို ချင်ကွမ်းကျယ် သတင်းကြားပြီးလောက်သည်။ တစ်နည်းမဟုတ်တစ်နည်းဖြင့် ချင်ကွမ်းကျယ်ဘက်က အငြိုးထားမည်ပင် ဖြစ်သည်။
သို့သော် မုထျန်းဟန်က ထိုအကြောင်းအရာများကို မော့တိအား မပြောပြပါချေ။
“ကိုယ်လည်းသေချာမသိဘူး။ ကိုယ် ဒီဟွာရှားမှာ စီးပွားရေးလုပ်ငန်းအခြေချဖို့ ရွေးလိုက်မိလို့ သူ လန့်သွားတာများလား။ ချင်ကွမ်းကျယ်က ဟွာရှားမှာ အချမ်းသာဆုံးလူဆိုပေမယ့် သူရဲ့စီးပွားရေးလုပ်ငန်းတွေက အခုနောက်ပိုင်း သိပ်ပြီးချောချောမွေ့မွေ့ မရှိလှဘူး။ နေရာနည်းနည်းလှုပ်လာပြီ။”
“တကယ်ပဲ တခြားဘာကိုမှမသိတော့ဘူးလား”
မုထျန်းဟန် တစ်ခုခုကိုသိထားမည်ဆိုသည်ကို မော့တိ သေချာပေါက်သိသည်။
“ခန့်မှန်းချက်တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ အတပ်ပြောဖို့တော့ခက်မယ်။ အတိအကျသိရရင် မင်းလေးကို အရင်ဆုံးအသိပေးမှာပါ။”
မုထျန်းဟန်က ထိုသို့ပြန်ဖြေပြီး စကားလမ်းကြောင်းလွှဲသည်။
“နှစ်သစ်ကူးပွဲတော်ကလည်း ရက်နည်းနည်းပဲလိုတော့တာ။ ဝန်ထမ်းတွေက ပိတ်ရက်အချိန်ဇယား မပေးသေးဘူးလား။”
မုထျန်းဟန် ထိုအကြောင်းအရာကိုပြောလိုက်သောအခါ မော့တိ ချက်ချင်းပင် ရင်ထဲထိသွားရသည်။
“ဟုတ်ကဲ့။ ကျွန်တော်တို့ သုံးရက်ပိတ်တယ်။ နောက်နှစ်ရက်နေရင် အိမ်ပြန်လာလို့ရပြီ။”
“သုံးရက်တည်းပိတ်တာလား”
မော့တိနှင့်မတူစွာ မုထျန်းဟန်က မကျေမနပ်ဖြစ်နေသည်။
“ရပ်ဝေးမှာနေတဲ့သူတွေကျတော့ရော။ ဒီလောက်လေးပဲပိတ်ရင် သူတို့မိသားစုတွေဆီ ပြန်လည်လို့မရဘူးဆိုတဲ့သဘော မဟုတ်ဘူးလား။”
“ဟုတ်တယ်လေ။ သူတို့အတွက်ကတော့ ဒီပိတ်ရက်က ရိုးရိုးပိတ်ရက်ပဲ။ အိမ်ပြန်လည်ရလောက်တဲ့အထိ အဓိပ္ပာယ်မျိုးနဲ့ ပိတ်ပေးတာမဟုတ်ဘူး။ ကျန်နေခဲ့တဲ့သူတွေကို လနှစ်သစ်ကူးပွဲတော်ဆင်နွှဲဖို့ ကိုယ်ပိုင်ပါတီပွဲ လုပ်ခွင့်ပေးထားတယ်။”
“ပိတ်ရက်က အရမ်းနည်းလွန်းတယ်”
မုထျန်းဟန်မှာ တော်တော်လေး စိတ်ထဲဘဝင်မကျဖြစ်နေသည်။ မော့တိ အိမ်မှာရှိသည့်နေ့ရက်များနှင့် နှိုင်းယှဉ်လျှင် မရှိသည့်နေ့ရက်များက အတော်လေးပိုများနေကြသည်။
“နည်းတော့နည်းတယ်...”
မော့တိမှာ မုထျန်းဟန်လောက် စိတ်မပျက်သော်လည်း သူသည်လည်း မုထျန်းဟန်နှင့် ယခုပိတ်ရက်ထက် အချိန်များများ အတူရှိချင်မိသည်။ သူ ရုံးချုပ်ကိုပြောင်းပြီးတည်းက နှစ်ယောက်တည်းအတူရှိသည့်အချိန်ရယ်ဟု များများစားစားမရှိတော့ပေ။ မုထျန်းဟန်၏ရင်ခွင်ထဲဝင်တိုးပြီး တစ်ကိုယ်လုံးပူစီပေါင်းလေးများထလာသလို အသဲယားစေသည့် အနမ်းပေးမခံရသည်မှာ လဝက်ကျော်မျှရှိခဲ့ပြီ။
မော့တိ တွေးလေတွေးလေ ရှက်သွေးဖြာလေဖြစ်နေသည်။
“ဒါဆို ဘယ်တော့ပြန်ခွင့်ရမှာလဲ။ ကိုယ်လာကြိုရမှာလား။”
မုထျန်းဟန်၏အသံက မော့တိ၏ခေါင်းထဲသို့ဝင်လာပြီး တစ်ကိုယ်လုံးရှိန်းခနဲ ဖြစ်သွားသည်။
“ဪ... အင်း။ ည (၈)နာရီခွဲရင်ပြန်လို့ရပြီ။ ကိုကို၊ အရှေ့ဂိတ်ဝမှာ လာစောင့်နေလိုက်လေ။ လာမကြိုခင် ကျွန်တော့်ကိုဖုန်းကြိုဆက်ဦးနော်။”
“အင်းပါ။ ကိုယ် ဆက်လိုက်မယ်နော်။”
မုထျန်းဟန် အပျော်များဖြင့် ပြည့်လျှံသွားရသည်။
တကယ်တမ်းတွင် မုထျန်းဟန်၏ဘိုးဘွားများသည် တရုတ်လူမျိုးများဖြစ်သောကြောင့် သူက လနှစ်သစ်ကူးပွဲတော်ကို အကြိမ်ပေါင်းများစွာ ဆင်နွှဲဖူးပါသည်။ ခရစ္စမတ်ပွဲတော်နှင့် တရုတ်နှစ်ကူးပွဲတော် နှစ်မျိုးလုံးဆင်နွှဲရသည်မှာ အလေ့အထတစ်ခုလိုပင် ဖြစ်ခဲ့သည်။ ထိုပွဲတော်နှစ်မျိုးမှာ သူ ကလေးဘဝတည်းက မိသားစုတွင် မဖြစ်မနေ လုံးဝလက်လွတ်မခံ ကျင်းပဆင်နွှဲခဲ့ကျသည့် ပွဲတော်များဖြစ်သည်။
သို့သော် လွန်ခဲ့သော(၁၂)နှစ်က ကားမတော်တဆမှုတစ်ခုဖြင့် သူ၏အဘိုးနှင့်အဘွား ဆုံးပါးသွားပြီးနောက်တွင် နှစ်သစ်ကူးပွဲတော်က ကွယ်လွန်သူမိသားစုဝင်များကို အမှတ်ရစေရန် သတိပေးသကဲ့သို့ ဖြစ်နေသည့်အတွက် မည်သူကမျှ ကျင်းပဆင်နွှဲရန် စိတ်မပါကြတော့ချေ။ ထိုအချိန်မှစကာ နှစ်သစ်ကူးပွဲတော်ကို တခြားသာမန်နေ့ရက်များကဲ့သို့သာ ကုန်ဆုံးဖြတ်သန်းခဲ့သည်။
နှစ်ပေါင်းများစွာ ကုန်ဆုံးလွန်မြောက်ပြီးနောက်တွင် မုထျန်းဟန်က တရုတ်နှစ်ကူးပွဲတော်ကို ကျင်းပဆင်နွှဲရန် တစ်ဖန်မျှော်လင့်နေမိပြန်သည်။ မော့တိသာ သူ၏ဘေးတွင်ရှိနေမည်ဆိုလျှင် တရုတ်နှစ်ကူးပွဲတော်မှာ သူ ငယ်စဉ်ကကဲ့သို့ပင် နွေးထွေးကြည်နူးစရာကောင်းပြီး အမှတ်တရဖြစ်ဖွယ်ကောင်းလိမ့်မည်ဟု ယုံကြည်မိသည်။
.....
နားရက်အနည်းငယ်သာရပြီး အဖွဲ့ဝင်များမှာ မိသားစုဝင်များဆီသို့ပြန်ရန် ခရီးရက်ရှည်ထွက်ခွင့်မရှိသောကြောင့် မော့အာ့ချမ်သည်လည်း အားလပ်ရက်တိုခရီးအဖြစ်သာ အိမ်ပြန်ရန်ဆုံးဖြတ်လိုက်သည်။
သူပါဝင်လုပ်ဆောင်ခဲ့သော လျှို့ဝှက်ပရောဂျက် နောက်ဆုံးတွင် ပြီးစီးခဲ့သည်နှင့် ချက်ချင်းဆိုသလိုပင် အိမ်ပြန်ရန်အတွက် ခွင့်တင်ခဲ့ခြင်းဖြစ်သည်။
လေယာဉ်မတက်မီ နာရီဝက်အလိုမှသာ တာဝန်ကျနေရာရွှေ့ပြောင်းပေးပါရန် တောင်းဆိုထားသည့်အီးမေးလ်ကို သူ၏အထက်လူကြီးက လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
ထိုတောင်းဆိုချက်ကိုသာ လက်ခံလိုက်မည်ဆိုလျှင် မော့အာ့ချမ်က မော့မိသားစု၏သတင်းကြားရဖို့အရေး နှစ်(၈၀)လောက်ကြာမည့်နေရာတွင် လှောင်ပိတ်အလုပ်လုပ်ရမည်မဟုတ်ဘဲ သူ အရင်ကတက်ရောက်ခဲ့သောတက္ကသိုလ်တွင် ပါမောက္ခတစ်ယောက်အဖြစ် အလုပ်ခန့်အပ်ခံရမည်ဖြစ်သည်။
အထူးသဖြင့် သူ၏ညီမငယ် ထိခိုက်ဒဏ်ရာရချိန်တွင် မကာကွယ်မစောင့်ရှောက်ပေးနိုင်ခြင်းကို သည်းမခံနိုင်ပါချေ။
မော့အာချမ် အိမ်ပြန်လာခြင်းက အကျဉ်းကျနေသူများမှလွဲ၍ မော့မိသားစုဝင်တိုင်း မျှော်လင့်နေခဲ့သောအရာဖြစ်သည်။
မော့ဒုတိယအဒေါ်မှာ မျက်ရည်မျက်ခွက်ဖြင့် လေဆိပ်တွင်စောင့်နေလေသည်။ သူမ၏ဒုတိယသားက အချုပ်အနှောင်ကျနေပြီး သူမ၏အမျိုးသားမှာမူ ကိုယ့်သားအရင်းများထက် တူမကိုသာ တုန်နေအောင်ချစ်သည့် ရူးနှမ်းနှမ်းလူတစ်ယောက်ဖြစ်ပြီး သူမ၏အငယ်ဆုံးသားမှာလည်း မထူးခြားနားပင်။ အချိန်တိုင်း မော့လျှိုကွေ့ဘက်မှ လိုက်သည်။ မော့အာ့ချမ်သာလျှင် သူမ၏တစ်ခုတည်းသောမျှော်လင့်ချက်၊ သူမ အားကိုးနိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။
သူမ၏အာ့ချမ်သည် မော့မိသားစုမြေးတစ်အုပ်တွင် အလားအလာအရှိဆုံးသူဖြစ်သည်။ သူ၏ဉာဏ်ရည်ဉာဏ်သွေးကို မည်သူမျှမယှဉ်နိုင်ပေ။ သူပြန်ရောက်သည်နှင့် အရာအားလုံး ပိုကောင်းလာမည်ဖြစ်သည်။ သေချာပေါက် ပိုကောင်းလာရမည်။
သူ၏သံတမန်ရေးရာအဆက်အသွယ်များနှင့် စန်းကျစ်ကို အကျဉ်းထောင်မှ စောစောပြန်လွတ်စေနိုင်လောက်သည်။ ပြောရလျှင် သူက နာမည်ကြီး ကျွမ်းကျင်သူ၊ ပညာရှင်ဖြစ်သည်။ အိမ်ရှင်နိုင်ငံအနေဖြင့် အနည်းဆုံးတော့ သူ့အား မျက်နှာသာပေးသင့်သည် မဟုတ်ပါလား။ သူမ၏မိသားစုအတွက် ဤမျှလောက်ပင် မလုပ်ဆောင်ပေးနိုင်လျှင် သူမက အာ့ချမ်ကို တိုင်းတစ်ပါးတွင် တာဝန်ထမ်းဆောင်ခိုင်းပြီး နောင်တရသွားအောင် လုပ်ပစ်လိုက်မည်ပင်။
မော့လျှိုကွေ့သည်လည်း လေဆိပ်သို့ အပြေးအလွှားရောက်လာသည်။ သူမက ရိုက်ကွင်းမှ အလောတကြီးထွက်လာခဲ့ခြင်းဖြစ်ပြီး မိတ်ကပ်ပင် မဖျက်ခဲ့ရသေးပေ။
ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကား ‘တိတ်ဆိတ်ခြင်း’ ထွက်ရှိလာမှုနှင့်အတူ သူမက အတော်အတန် လူသိများလာပြီး တီဗွီဒရာမာများနှင့် ရသစုံရှိုးပွဲ တော်တော်များများတွင် ဖိတ်ခေါ်ရိုက်ကူးခြင်းခံခဲ့ရသည်။
အနုပညာလောကရှုထောင့်မှဆိုလျှင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မည်သို့သောရေပန်းစားမှုမဆို လူအများကို ချပြထိုက်သည်။ ဖျော်ဖြေရေးလောကတွင် သတင်းဆိုးထွက်မည်ကို ကြောက်လန့်သင့်သည်မဟုတ်ဘဲ မည်သည့်သတင်းမှ မထွက်မည်ကိုသာ ကြောက်လန့်သင့်သည်။ ဤသည်မှာ အနုပညာရှင် တော်တော်များများ သူတို့၏ကျော်မကောင်းကြားမကောင်းသတင်းများကို သူတို့ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ လိုက်ဖြန့်နေကြသည့် အကြောင်းအရင်းပင်ဖြစ်သည်။ နာမည်ကြီးသွားပြီးနောက်မှ ဂုဏ်သိက္ခာကို ဖြည်းဖြည်းချင်း ဖြူစင်အောင် ပြန်လည်ဆေးကြောနိုင်ကြသည်ပင်။
မော့လျှိုကွေ့က ရှေးခေတ်ဇာတ်လမ်းတွဲတွင် ဒုတိယဇာတ်ဆောင်နေရာ ရရှိခဲ့သည်သာမက တိုက်ရိုက်ရသစုံရှိုးပွဲတစ်ခု၌လည်း ကမ်းလှမ်းခံခဲ့ရသည်။ နှစ်မျိုးစလုံးကို နှစ်သစ်ကူးပွဲတော်အပြီးတွင် စီစဉ်မည်ဖြစ်သည်။
မော့အာချမ် ထွက်လာချိန်တွင် မော့မိသားစုဝင်အားလုံး သူ့ကိုတန်းမြင်လိုက်ရသည်။ ဝတ်စုံပြည့်ဝတ်ဆင်ထားသော ယောက်ျားဆန်ဆန် နိုင်ငံခြားသား ဘော်ဒီဂတ်များဝန်းရံထွက်လာသောသူ့ကို အဘယ်ကြောင့် မမြင်ဘဲနေမည်နည်း။
မော့လျှိုကွေ့က ခုန်ပေါက်ပြီး ပဝါဖြူဖြူလေးဖြင့် ဝေ့ရမ်းပြသည်။ သူမ၏မျက်လုံးများမှာ အနည်းငယ်နီရဲနေပြီး ပါးစမ်မှလည်း လှမ်းခေါ်နေသည်။
“ဒုတိယအစ်ကို ဒုတိယအစ်ကို”
မော့အာ့ချမ်က သူမကို ချက်ချင်းပင် လှမ်းတွေ့လိုက်သည်။ သူက နူးညံ့ညင်သာစွာပြုံးလိုက်ပြီး သူ့ဆီသို့ ခုန်မအုပ်ရုံတမယ်ရောက်လာသော မျက်ရည်အပြည့်ဖြင့်မိခင်ကို ကျော်လွန်ကာ မော့လျှိုကွေ့ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် တန်းလျှောက်သွားသည်။ လက်တစ်ကမ်းအလိုသို့ရောက်သောအခါ မော့လျှိုကွေ့က သူ့အား ပြေးဖက်နှုတ်ဆက်သည်။
“ဒုတိယအစ်ကို ကျွန်မ အစ်ကို့ကိုသတိရနေတာ။ သိပ်သတိရတာပဲ။”
မော့လျှိုကွေ့က ဆို့နင့်နေသည့်အသံဖြင့်ပြောသည်။ သူမက မော့အာ့ချမ်၏ခါးကို ဖက်တွယ်ထားရင်း သူမ၏မျက်နှာကို သူ၏ကတ်ရှ်မီးယားကုတ်အင်္ကျီထဲသို့ တိုးဝှေ့မြှုပ်နှံထားသည်။
“ညီမတော့ အစ်ကို့ကိုသိပ်လွမ်းတာပဲ။ အစ်ကိုကရော ညီမလေးကိုလွမ်းလား။ အစ်ကို ရှောင်ကွေ့ဆီကို လာမလည်တာ သိပ်ကြာရောပေါ့။”
“သေချာပေါက် လွမ်းတာပေါ့ ရှောင်ကွေ့ရယ်။ အစ်ကိုက မင်းကိုအလွမ်းဆုံးပဲ။”
မော့အာ့ချမ်က သူမ၏ခေါင်းကို ခပ်ဖွဖွပုတ်ပေးသည်။ သူ၏မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသော ပူဆွေးမှုစိတ်ဒုက္ခတို့သည် ဖုံးကွယ်၍မရပါချေ။
ဒုတိယအဒေါ်မှာ မော့အာ့ချမ်ပြောလိုက်သည့်စကားကို ကြားလျှင်ကြားချင်း သူမ၏နှလုံးသားကို ဓားနှင့်ဆောင့်ထိုးသကဲ့သို့ ခံစားလိုက်ရသောကြောင့် မျက်နှာပျက်သွားသည်။
‘ရှောင်ကွေ့ကို အလွမ်းဆုံးတဲ့လား။ ငါဆိုတဲ့ သူ့အမေကျတော့ရော။’
‘သူတို့တွေတစ်ယောက်စီတိုင်းက ဒီကောင်မလေးကို ဘာဖြစ်လို့ ဒီလောက်တောင် ဂရုစိုက်နေကြတာလဲ။ ငါ့ယောက်ျားရော၊ ငါ့ဒုတိယသားရော၊ ငါ့သားအငယ်ဆုံးရော၊ ပြီးတော့ အခုဆို နိုင်ငံခြားသွားတာ ကြာလှပြီဆိုတဲ့ ငါ့သားအကြီးဆုံးပါ ပါသေးတယ်။’
သူတို့၏ရင်ထဲတွင် သူမက ဘယ်နေရာယူထားပါသနည်း။
တကယ်ဆိုလျှင် ဒုတိယအဒေါ်၏ အဆင့်အတန်းမှာ မော့မိသားစုတွင် ထင်သာမြင်သာမရှိချေ။ သို့သော် အရင်က မော့မိသားစုက သဟဇာတရှိကြပြီး သူမ၏မည်သည့်သားကမှ ဒုက္ခမရောက်ကြပေ။ စိတ်အခန့်မသင့်ဖြစ်ပြီဆိုလျှင် မော့တိဆီသို့သာ သွားရောက်ပေါက်ကွဲကြသည်။ သူမ၏စိတ်ခံစားချက်နှင့် သူမ၏စားဝတ်နေရေးကို တုတ်နှင့်ထိုးမည့်သူ မည်သူမျှမရှိကြပေ။ သူမ၏ခင်ပွန်းနှင့်သားများက မော့လျှိုကွေ့ကိုတစ်ယောက်ကိုသာ ဂရုစိုက်ကြလျှင်ပင် သူမ ရင်ဆိုင်စရာ ဆိုးကျိုးတစ်စုံတစ်ရာမရှိသောကြောင့် လက်ခံနိုင်သေးသည်။
သို့သော် ယခုလက်ရှိ မော့တိမရှိတော့သည့်အချိန်တွင် သူမနှင့် သူမ၏သားများက ဖြစ်လာသမျှကိစ္စဆိုးများ၏အကျိုးဆက်ကို ခံစားရကြမည်ဖြစ်သည်။ ဤသည်ကို သူမ လက်မခံချင်ပေ။ အဘယ်ကြောင့်... အဘယ်ကြောင့် သူမ၏သားများက ဤသို့ဆက်ဆံခံရမည်နည်း။ ဤကဲ့သို့ကိစ္စပေါင်းများစွာဖြစ်ပျက်ခဲ့သည်ကို မိသားစုဝင်အားလုံးက အဘယ်ကြောင့် မော့လျှိုကွေ့ကိုသာ ချစ်ခင်နေကြပါသနည်း။
ဤသည်မှာ အဘယ်ကြောင့်နည်း။
Xxxxxxx