Chapter 122
ဒုတိယဒေါ်လေးမှာ နှလုံးထဖောက်ချင်လာသည်အထိ ဒေါသထွက်သွားရသည်။ သူမမှာ မော့လျှိုကွေ့ကိုဆွဲထုတ်ပြီး သူမသားနှင့် စကားအေးအေးဆေးဆေးပြောချင်နေသော်လည်း ယခုက အချိန်အခါကောင်းမဟုတ်ပေ။ သူတို့က လူမြင်ကွင်းအလယ်တွင်ရောက်နေပြီး မော့ဘိုးဘိုး၊ ဟိတ်ကြီးဟန်ကြီး ယောင်းမနှစ်ယောက်နှင့် အတူရှိနေသည်ဖြစ်ကာ သူမဘက်တွင်ရပ်တည်ပေးမည့်သူ တစ်ယောက်မှမရှိပါချေ။
ယခုအချိန်တွင် သူမ၏အကြီးဆုံးသားက မော့မိသားစုတွင် အရေးအပါဆုံးသူဖြစ်သည်ကို သူမ သိသည်။ သူမက ထိုသားကိုတော့ သူမနှင့်ဆန့်ကျင်ဘက် မဖြစ်စေချင်ပေ။ သူက သူမ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။
သူမမှာ ကံကြမ္မာအကြောင်းတွေးလိုက်မိတိုင်း မျက်ရည်များ ထိန်းမရသိမ်းမရကျလာရသည်။
မော့အာ့ချမ်နှင့် မော့လျှိုကွေ့တို့ စကားပြောပြီးသောအခါ မော့အာ့ချမ်က ကျန်လူများကို တစ်ယောက်ချင်းစီ လှည့်နှုတ်ဆက်သည်။ ထို ‘ကျန်လူ’ ထဲတွင်တော့ ဒုတိယအဒေါ်ကို ပထမဆုံးနှုတ်ဆက်သည်။
“အမေ၊ ဘာဖြစ်လို့ငိုနေတာလဲ”
သူ့အမေ၏မျက်ရည်အပြည့်ဖြင့်မျက်နှာကိုကြည့်ပြီး မော့အာ့ချမ်က မျက်မှောင်ကြုတ်သည်။
“ငါ... ငါ-ငါမင်းညီလေးကိုလွမ်းလို့။ နှစ်သစ်ကူးပွဲတော်တောင် ရောက်တော့မယ်။ သူ အကျဉ်းထောင်ထဲမှာ ဘယ်လိုနေနေရလဲဆိုတာ သတင်းမကြားရဘူး။”
သူမက ထိုအကြောင်းပြောလေပြောလေ ရင်နာလေဖြစ်သည်။ ယခုဆိုလျှင် သူမ၏မျက်လုံးများသည် ရဲဗတောင်းခတ်နေကြပြီ။
“အာ့ချမ်၊ မင်းညီလေး ထောင်ကလွတ်အောင်ကူပေးနိုင်မဲ့ အသိတစ်ယောက်ယောက် မရှိဘူးလားကွယ်။ သူ အဲဒီထဲမှာ အနှိပ်စက်ခံနေရရှာမှာ။”
မရေမရာမျက်နှာပေးနှင့်အတူ မော့အာ့ချမ် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
“အာ့ချမ်၊ မင်းအမေပြောတာမှန်တယ်။ အကျဉ်းသားဘဝက တကယ်ခက်ခဲတယ်။ အကျဉ်းကျနေတဲ့သူအားလုံးကို ထုတ်နိုင်မဲ့နည်းလမ်းရှာပြီး ငါတို့ရဲ့မိသားစုကို အရင်လိုဖြစ်နိုင်မဲ့နည်းလမ်းရှာလို့ ရနိုင်မလား။”
ပထမအဒေါ်ကလည်း မော့အာ့ချမ်ကို မျှော်လင့်ချက်ပြည့်နှက်နေသောမျက်လုံးများဖြင့် ငေးစိုက်ကြည့်ရင်းပြောသည်။ သူမ၏သားဖြစ်သူ မော့စစ်လန်သည်လည်း အကျဉ်းကျနေပြီး သူ၏အပြစ်ဒဏ်မှာ မော့စန်းကျစ်ထက်ပင် ပို၍ဆိုးဝါးသည်။
ပြစ်ဒဏ်အရ မော့စန်းကျစ်က နောက်ထပ်သုံးလသာ အကျဉ်းကျခံရမည်ဖြစ်ပြီး သူမ၏သားမှာတော့ နောက်ထပ်တစ်နှစ်ခွဲ ကြာဦးမည်ဖြစ်သည်။ ပြစ်ဒဏ်လျော့ပေါ့ခံရလျှင်တောင် အနည်းဆုံး နောက်ထပ်တစ်နှစ် ကြာလောက်သေးသည်။ မော့စစ်လန်မှာ နောက်နှစ်တရုတ်နှစ်ကူးပွဲတော်ကိုပါ ထောင်ထဲတွင် ကုန်ဆုံးဖြတ်သန်းရမည်ကိုတွေးမိလျှင် သူမ ရင်နာမိသည်။
မော့ဘိုးဘိုးကပါ ဝင်ပြောသည်။
“အကူအညီပေးနိုင်တဲ့အသိရှိရင် ခေါ်လိုက်စမ်းပါ။ ငါတို့မိသားစု အကြပ်အတည်းဖြစ်နေတာ။ ကူညီနိုင်ရင် ကူညီစမ်းပါကွယ်။ ငါတို့က တစ်မိသားစုတည်းပဲ။ ဟိုတိရိစ္ဆာန်ကောင်ကြောင့် မင်းညီနှစ်ယောက်နဲ့ မင်းရဲ့တတိယဦးလေး အကျဉ်းကျနေကြတာ။ မင်း နည်းနည်းရှာကြံကြည့်ပါဦး။”
အစပိုင်းတွင် မော့အာ့ချမ်က သူသည် သုတေသနပညာရှင်တစ်ယောက်သာဖြစ်ပြီး သုတေသနလုပ်ရန်အတွက် အမေရိကတွင်သာ ချောင်ပိတ်မိနေခဲ့သည်ဟု ပြန်ပြောလိုက်ချင်ခဲ့သည်။ ဟွာရှားအစိုးရဌာန၊ ရဲဌာနများနှင့်လည်း အဆက်အသွယ်မရှိပေ။ သူလုပ်ပေးနိုင်သည့်အရာ ဘာမှမရှိပေ။ သို့သော် မော့ဘိုးဘိုးက သူအချစ်ဆုံးညီမလေး၏ဖခင်ဖြစ်သူ တတိယဦးလေးကို စကားထဲထည့်ပြောလာသည့်အတွက် စိတ်ပျက်စေလောက်သည့်စကားမျိုး ပြန်မပြောဖြစ်တော့ပေ။
“...ကျွန်တော် ကြိုးစားကြည့်ပါ့မယ်”
မော့အာ့ချမ်က အင်တင်တင်ဖြင့် သဘောတူလိုက်သည်။
“ဒါပေမဲ့ အာမတော့မခံဘူးနော်”
“ရတယ်။ ရတယ်။ ကူညီမယ်ဆိုတာနဲ့ကို လုံလောက်နေပါပြီ။”
ပထမအဒေါ်က ပြောသည်။
ဒုတိယအဒေါ်က သူမကိုလှမ်းကြည့်ပြီး မဲ့ရွဲ့ပစ်လိုက်သည်။ သူမက မော့အာ့ချမ်ဘက်ကိုလှည့်ပြီး ပြောသည်။
“အာ့ချမ်၊ ဒီတစ်ခေါက်ရော ဘယ်လောက်ကြာကြာနေမှာလဲ။ အကြာကြီးနေလို့ရလား။ အမေ သားနဲ့မတွေ့ရတာ အရမ်းကြာပြီလေ။”
“တစ်ပတ်”
သူ၏အလုပ်နေရာရွှေ့ပြောင်းစာကို လက်ခံလိုက်သည်ဆိုလျှင်ပင် ရုံးကိစ္စများလုပ်ရန်အတွက် အမေရိကသို့ ပြန်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် အများဆုံး တစ်ပတ်သာနေနိုင်မည်။ သို့သော် ရွှေ့ပြောင်းပြီးနောက် အလုပ်သစ်မစမီ တစ်လတန်သည် နှစ်လတန်သည် အိမ်သို့ပြန်လာနိုင်မည်ဖြစ်သည်။
“တစ်ပတ်ဆိုလည်း နောက်ဆုံးတစ်ခေါက် ပြန်လာတုန်းကနဲ့စာရင် နှစ်ဆပိုကြာပါတယ်။ ကောင်းတာပေါ့။”
မော့လျှိုကွေ့က ဝမ်းသာအားရပြောသည်။ သို့သော် တစ်စုံတစ်ခုကို စဉ်းစားမိသွားသောကြောင့် အပျော်ပျက်သွားရသည်။
“တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကို ဒီနေရာမှာ အတူရှိမနေနိုင်တာ ဆိုးတာပဲ။ အဖေလည်း မရှိဘူး။ ရှောင်တိလည်း မရှိဘူး... မဟုတ်ရင် ကျွန်မတို့အတွက် ပျော်စရာနှစ်သစ်ကူးပွဲတော်ဖြစ်မှာ။”
“ရှောင်ကွေ့၊ ဘာဖြစ်လို့ အဲဒီတိရိစ္ဆာန်ကောင်ကို စကားထဲထည့်ပြောနေတာလဲ။”
မော့ဝုဟန်က ထိုစကားကိုကြားသောအခါ ထောင်းခနဲဒေါသထွက်သွားသည်။
“သူ့ကြောင့်မဟုတ်ရင် ဦးလေးနဲ့ ငါတို့အစ်ကိုတွေ အကောင်းအတိုင်းရှိနေကြမှာ။ မော့တိက သူတို့ကို ချောက်ချရုံတင် မကဘူး။ ကောလာဟလတွေဖြန့်ပြီး ငါတို့မိသားစုကို နာမည်ပျက်အောင်လုပ်သေးတာ။ မင်းရဲ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်အောင်လုပ်သေးတာ။ အဲဒီအမှိုက်ထုပ်ကို မင်း ထည့်စဉ်းစားမနေနဲ့တော့။ ရှောင်ကွေ့၊ ပေါကြောင်ကြောင်လုပ်မနေနဲ့။”
"ပဉ္စမအစ်ကို ရှောင်တိက ဒီလိုတွေလုပ်ဖို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။ တမင်ရည်ရွယ်ခဲ့တယ်ဆိုရင်တောင် တစ်ယောက်ယောက်က တစ်လွဲလမ်းပြပေးလိုက်လို့ပဲနေမယ်။”
မော့လျှိုကွေ့က မော့ဝုဟန်ကို စိတ်မကောင်းစွာကြည့်သည်။
“သူက ငါ့ရဲ့မောင်လေးဖြစ်နေဆဲပါပဲ။ နှစ်သစ်ကူးလည်းရောက်တော့မယ်ဆိုတော့ သူ့ကိုမလွမ်းဘဲ ဘယ်နေပါ့မလဲ...”
“ကျွန်မအဖေနဲ့ အစ်ကိုတွေကို ဒီလိုလုပ်ခဲ့လို့ သူ့ကိုခွင့်မလွှတ်နိုင်ပေမဲ့ တစ်ခါတစ်လေတော့ သူ့ကိုဂရုစိုက်မိနေတုန်းပဲ...”
“ရူးလိုက်တာ”
မော့အာ့ချမ်က မော့လျှိုကွေ့၏ဝမ်းနည်းပူဆွေးနေသောရုပ်ကိုမြင်သောအခါ သူ၏နှလုံးသားထဲတွင် နာကျင်ခံစားရသည်။
“ရှောင်ကွေ့၊ မင်းငယ်ငယ်တည်းက အဲဒီမျက်လုံးဖြူဝံပုလွေကို သိပ်သဘောကျခဲ့တာ။ ဒါပေမဲ့ သူက ဘာကောင်းခဲ့လို့လဲ။ မင်းကိုအာခံတယ်၊ စော်ကားမော်ကားပြောတယ်။ ရှောင်ကွေ့၊ အခု မင်းက လူကြီးဖြစ်နေပြီ။ ငါပြောတာအမှန်တွေဆိုတာ မင်းသိသင့်နေပြီ။ မော့တိအပေါ်ကို သိပ်ပြီးစိတ်သဘောထားကောင်းပြမနေနဲ့။ ငါ မင်းကိုစိတ်ပူမိတယ်။”
“ဒုတိယအစ်ကို၊ မတူတော့ဘူး။ တစ်ခုခုတော့လွဲနေပြီ။ အရင်ကဆို ရှောင်တိက လိမ္မာတဲ့ကလေးပါ။ အစ်ကိုတို့အားလုံး အထင်မှားနေခဲ့ကြတာ။ ဒါပေမဲ့ လွန်ခဲ့တဲ့(၆)လက ဆေးရုံတက်ပြီးတဲ့နောက်မှ သူတစ်ခုခုပြောင်းလဲသွားတာ။”
မော့လျှိုကွေ့က ဆက်ပြောသည်။
“ဒုတိယအစ်ကို၊ ကျွန်မ မေးချင်တာက လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ အကျင့်စရိုက်ကို သက်ရောက်မှုရှိစေလောက်တဲ့ အလာ့ဂျစ်လက္ခဏာအပြင်းစားဆိုတာမျိုး ရှိလား။ အဲဒီဖြစ်ရပ်ပြီးမှ ရှောင်တိမှာ ကျွန်မတို့မသိတဲ့ ရောဂါတစ်ခုခုများ ဖြစ်လာတာလားမသိဘူးနော်။ ဆေးရုံကဆင်းပြီးမှ သူ အများကြီးပြောင်းလဲသွားတာ။”
“တကယ်လား။ ပြောဖို့တော့ခက်တယ်။”
မော့အာ့ချမ်က မျက်မှောင်ကြုတ်သည်။
“အစ်ကို ရှာကြည့်လိုက်ဦးမယ်”
“တကယ်ပဲ အာရုံကြောပိုင်းထိခိုက်သွားတယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် မကုသသင့်ဘူးလား”
မော့လျှိုကွေ့က စိတ်ပူတကြီးမေးသည်။
“အင်းပါ။ အင်းပါ။ အဲဒီတိရိစ္ဆာန်အကြောင်း တော်ပါတော့။”
ဆက်နားထောင်လေလေ မော့ဝုဟန်တစ်ယောက် ဒေါသထွက်လေလေပင်။ စိတ်မရှည်စွာ ကြားဖြတ်ဝင်ပြောမိသည်။
“မင်း သူ့ကို ဘယ်လောက်ပဲဂရုစိုက်စိုက် သူ့စိတ်ထဲမှာတော့ မင်းက သူ့ကိုလိုက်ဖမ်းဖို့လာတယ်လို့ပဲ ထင်မှာ။ စကားထဲထည့်မပြောနဲ့တော့။ အခုအချိန်မှာ သူက ငါတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး။ အဲဒီလိုကောင်ကို ဆေးလည်းလိုက်မစစ်ပေးနိုင်ဘူး။”
မော့လျှိုကွေ့က သဘောမတူပေ။
“ပဉ္စမအစ်ကို၊ အဲဒီလိုမပြောပါနဲ့”
“တော်ပါတော့ ငါ့မြေးအလိမ္မာလေးရယ်။ သူ့အကြောင်းပြောတာရပ်ပြီး အိမ်ပြန်ကြစို့။”
မော့ဘိုးဘိုးက ကြားဖြတ်ပြောသည်။
“ငါတို့တွေ ကြီးပွားချမ်းသာတဲ့နှစ်သစ်ကို ရောက်တော့မှာ။ မော့တိအကြောင်း ထပ်မပြောကြနဲ့တော့။”
…..
မော့မိသားစု၏အဆွေးနွေးခံခေါင်းစဉ်တစ်ခုဖြစ်နေသည်ကို မော့တိမှာတော့ မသိရှာပေ။ သိလျှင်တောင် စိတ်ရှုပ်ခံလိမ့်မည် မဟုတ်ပါချေ။
မော့အာ့ချမ် ပြန်ရောက်လာသည်ကိုသိသည့်အတွက် နှစ်ဆသတိထားလှုပ်ရှားခဲ့သော်လည်း စိတ်ထဲတွင်တော့ ထင့်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် မော့အာ့ချမ်က ကြာကြာနေမည် မဟုတ်သဖြင့် တရုတ်နှစ်ကူးပွဲတော်တွင် ပြဿနာရှာနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် မော့တိက သူ၏အချိန်နှင့်အတွေးများကို ဂိမ်းတီထွင်ခြင်းတွင်သာ အာရုံစိုက်ထားလိုက်သည်။ နောက်တစ်ခေါက် ကန့်သတ်ချိန်မှာ နှစ်ဆန်း(၆)ရက်နေ့ဖြစ်သောကြောင့် ဆွဲစရာအချိန်လည်း များများစားစား မရှိပေ။
မော့တိ ဂိမ်းသစ်ကစားပုံလုပ်ဆောင်ချက်ထည့်ခြင်းနှင့် အခန်း(၁၁)၏ဒုတိယပိုင်းတစ်ဝက်ကို ကုဒ်ရေးဆွဲခြင်း ပြီးစီးသောအခါ (၂၉)ရက်နေ့ပင် ရောက်နေလေပြီ။ အဖွဲ့သားများ တခြားသော အသေးစိတ်အချက်အလက်များကို ကန့်သတ်ချိန်မတိုင်မီ လက်စသတ်နိုင်တော့မည်ကို သေချာသိသည့်နောက်ဆုံးမှ သူ အသက်ဝအောင်ရှူနိုင်လေသည်။
အခန်းအလုံအလောက်မပါသဖြင့် မကောင်းသည့်ရီဗျူးများရေးမည်ဟု ခြိမ်းခြောက်နေသည့် ဝေဖန်သူများကို ယခုတစ်ခေါက်တွင်တော့ စိတ်ကျေနပ်စေလိမ့်မည်။
မော့တိ ကြည်နူးပီတိ ဂွမ်းဆီထိနေသည်။
ရှန့်ယွီချောင် ဘေးမှဖြတ်သွားသောအခါ ဖန်သားပြင်ကို ပြုံးပြုံးကြီးစိုက်ကြည့်နေသည့်မော့တိကို မြင်လိုက်ရသောအခါ သူက သက်ပြင်းချပြီး ပြောသည်။
“အဲဒီအပြုံးကိုကြည့်ရုံနဲ့ မင်း ဘယ်လောက်အိမ်ပြန်ချင်နေလဲဆိုတာ ငါ အတပ်ပြောနိုင်တယ်။ ဘယ်လိုလုပ်ပြီး ငါတို့ကို ပစ်ထားရက်တာလဲ။”
မော့တိက ရှန့်ယွီချောင်ကို မော့ကြည့်ပြီး ဟန်ဆောင်ကင်းသည့်အပြုံးတစ်ပွင့်ဖြင့် ပြောသည်။
“ပစ်သွားတာ မဟုတ်ပါဘူးနော်။ ငါနဲ့လိုက်ပြီး တစ်ရက်၊ နှစ်ရက်လောက် လိုက်ဆော့လို့ရတယ်လို့ ခေါ်သားပဲ။ မင်းတို့ဘာသာ ငြင်းကြတာလေ။”
“ဒီအချိန်ကြီးတော့ မလိုက်ချင်ပါဘူး။ လူကြီးမင်းမုက တော်တော်လေး ဖော်ဖော်ရွေရွေရှိတယ်ဆိုပေမဲ့ သူရှိနေတာကိုက အနေကျဉ်းကြပ်တယ်။ နှစ်သစ်ကူးမှာ အဲဒီလိုကြီး မနေချင်ပါဘူး။ တစ်နှစ်လုံး ကံဆိုးနေဦးမယ်။ ဦးဝတုတ်နဲ့ပဲ အေးအေးဆေးဆေး ဟော့ပေါ့သွားသောက်တော့မယ်။ ငါတို့တွေ မူးမူးရူးရူးနဲ့ သီချင်းအော်ဆိုဖို့ ကာရာအိုကေစက်တောင် ဝယ်ဖို့စီစဉ်ထားသေးတာ။”
“ဟုတ်တာပေါ့။ ဒါပေမယ့် ကဲမယ့်လူက ငါတို့နှစ်ယောက်ရယ်၊ ဟန်ချောင်ရယ်ပဲ ရှိတာ။ ကျန်တဲ့သူတွေက အကုန်အိမ်ပြန်ကြမှာတဲ့။”
လင်ကျွင်းဖုန်က ဝင်ပြောသည်။
“အောက်ထပ်က ညီမလေးတွေ ငါတို့နဲ့အတူ လာကဲရင်တော့လားကွာ!”
ယခုတစ်ခေါက်တွင်တော့ ရှန့်ယွီချောင်က လက်နှစ်ဖဝါးနှစ်ဖက်ကိုပွတ်ရင်း စကားပြောခြင်းဖြစ်သည်။
မော့တိ: “…”
ချန်ကျောင်းက ဘေးမှဖြတ်သွားရင်း မော့တိ အလုပ်နားနေသည်ကို တွေ့သောအခါ အပြေးလေးသွားပြီး ပုခုံးလှမ်းပုတ်လိုက်သည်။
“ရှောင်တိ၊ ဒီနေ့ ဦးငယ်က ငါ့ကိုလာကြိုမလို့တဲ့။ ငါတို့အတူတူ ညစာသွားစားကြရအောင်လား။ အခွင့်အရေးမသာလို့သာ သူက မင်းနဲ့ညစာအတူစားချင်နေတာ။”
“ဒီညတော့ မဖြစ်ဘူး။ အစ်ကိုကလည်း လာကြိုမှာတဲ့။”
မော့တိက တစ်ခဏစဉ်းစားပြီး ပြောလိုက်သည်။
“နှစ်ဆန်း(၂)ရက်နေ့မှ ဆုံကြရအောင်လား”
“အိုင်းယား အဲဒီနေ့ရောက်ရင်လည်း ကိစ္စရှိတယ်ဆိုပြီး လုပ်ဦးမှာပဲ။ ဒီညပဲ သွားစားကြရအောင်ကွာ။ လူကြီးမင်းမု လိုက်လာချင်တယ်ဆိုလည်း ရတယ်။ မင်းပြောပြထားလို့ သူက မင်းအစ်ကိုဆိုတာ ငါ့ဦးငယ်လည်း သိပြီးသားပဲ။ ဒါပေမဲ့ မင်း သူ့ကို အရင်မေးလိုက်ဦးနော်။ သူ့ဘက်က အတူမစားချင်ဘူးဆိုလည်း ရတယ်။ ဒါပေမဲ့ သူ အဆင်ပြေတယ်ဆိုရင် ညစာအတူစားကြမယ်လေ။”
ချန်ကျောင်းက မော့တိကို မျက်တောင်မခတ်တမ်း စိုက်ကြည့်သည်။
“ငါ့ဦးငယ်က မင်းကိုအရမ်းသတိရနေတာ ရှောင်တိရဲ့”
“ကိုကို့ကို ဖုန်းဆက်မေးလိုက်မယ်လေ”
မော့တိ ပြုံးလိုက်မိသည်။
“ငါလည်း ဦးလေးစုန့်ကို သတိရပါတယ်”
Xxxxxxxx