အပိုင်း ၁၂၃
Viewers 28k

Chapter 123





မော့တိက ဖုန်းဆက်မေးသောအခါ မုထျန်းဟန်ဘက်က အဆင်ပြေသည်ဟု ပြန်ဖြေခဲ့သည်။

မော့တိက ထိုသတင်းကို ပြန်ပြောပြသောအခါ ချန်ကျောင်းက ဝမ်းသာအားရပြောသည်။

“ဟုတ်ပြီကွ။ ငါ့ဦးလေးကိုဖုန်းဆက်ပြီး လူ (၄/၅)ယောက်စာ ထမင်းစားပွဲ ကြိုအမှာယူခိုင်းလိုက်မယ်။”

“အွန်း။ (၅)ယောက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။”

မော့တိက လိုင်သယ်စစ်ကိုတွေးမိပြီး ပြုံးလိုက်သည်။

“ကိုကို့ရဲ့သူငယ်ချင်းကောင်းတစ်ယောက်လည်း ပါချင်ပါလာနိုင်တယ်။ ဒါပေမဲ့ သေတော့မသေချာပါဘူး။”

“သူငယ်ချင်းကောင်းဆိုပါလား။ လိုင်သယ်စစ်ကို ပြောတာလား။”

ချန်ကျောင်းအပါအဝင် သူတို့တစ်ဖွဲ့လုံသည် လိုင်သယ်စစ်ကို သိကြသည်။ ဤလူပြက်တစ်ဖွဲ့လုံးသည် အသက်အရွယ်ကွာခြားမှု လုံးဝမရှိသည့်အလား အတော်လေးအတွဲညီကြသည်။

မော့တိက ခေါင်းညိတ်ပြသည်။

“ကိစ္စမရှိဘူး။ ငါ့ဦးငယ်က စိတ်မကွက်ပါဘူး။ အစ်ကိုလိုင်သယ်စစ်က ကိုယ်ရည်ကိုယ်သွေးထူးခြားတာဆိုတော့ မြူးမြူးကြွကြွ ဖြစ်သွားတာပေါ့။”

မော့တိသည် လိုင်သယ်စစ်၏ကိုယ်ရည်ကိုယ်သွေးအကြောင်း စဉ်းစားမိပြီး သူသည် ပျော်ပျော်နေတတ်သောသူဖြစ်သည်ကို သဘောတူထောက်ခံမိသည်။

အမှန်ဆိုရလျှင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်သော ဦးလေးစုန့်နှင့် ဗရုတ်သုတ်ခ လိုင်သယ်စစ်တို့ ပေါင်းရသင်းရ အဆင်ပြေပါ့မလားဆိုသည်မှာတော့ မသေချာပေ။

မော့တိအနေဖြင့် သူ၏မိသားစုဝင် မုထျန်းဟန်ကိုတော့ ဘယ်သောအခါမှ စိတ်ပူစရာမလိုပေ။ သူ၏ချစ်လှစွာသောကိုကိုက အားလုံးထဲတွင် EQ အမြင့်ဆုံးဖြစ်သည်။ မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံတိုင်း စိတ်သက်သာရာရစေသည်။ ဦးလေးစုန့်နှင့် မုထျန်းဟန်မှာ ပြဿနာမရှိလောက်ပေ။

ထိုည (၈)နာရီခွဲအချိန်တွင် မော့တိနှင့် ရုံးချုပ်မှ အိမ်သို့ပြန်ရန် ထွက်ခွာမည့် တခြားသောသူများကို ဂိတ်တံခါးကြီး ဖွင့်ပေးသည်။ မော့တိနှင့် ချန်ကျောင်းတို့က ရုံးချုပ်၌ ကျန်နေခဲ့မည့် ရှန့်ယွီချောင်၊ လင်ကျွင်းဖုန်နှင့် ဟန်ချောင်တို့ကို နှုတ်ဆက်စကားပြောသည်။

အရှေ့ဘက်ဂိတ်ဝတွင် ဆုံကြမည်ဟု ကြိုတင်ချိန်းဆိုထားသည့်အတွက် ဦးလေးစုန့်သည်လည်း ထိုနေရာ၌ပင် သူတို့အား လာရောက်စောင့်ဆိုင်းနေသည်။

ရုံးချုပ်အဆောက်အဦးထဲမှ ထွက်လျှင်ထွက်ချင်း မော့တိက လမ်းဘေးတွင် ပါကင်ထိုးထားသော မုထျန်းဟန်၏Maybachကားကို မြင်လိုက်သည်။ ထိုကားဆီသို့ ပြေးသွားမည်အပြုတွင် ချန်ကျောင်းက သူ၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။

“ဦးလေး! ငါ့ဦးလေးကားက ဟိုမှာ!”

Maybachကား၏ မျက်နှာချင်းဆိုင်ဘက်တွင် ပါကင်ထိုးထားသော မာစီးဒီးကားထံသို့ မော့တိအား ချန်ကျောင်းက ဆွဲခေါ်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ တခြားနေရာသို့ အတင်းဆွဲခေါ်ခံနေရသော်လည်း သူ၏ခေါင်းမှာတော့ Maybachကားဆီသို့သာ လှည့်ကြည့်မိနေဆဲဖြစ်သည်။

မုထျန်းဟန်မှာ ထိုမြင်ကွင်းကို လမ်းမီးရောင်အောက်တွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောကြောင့် သူ၏နှလုံးသားလေး အရည်ပျော်သွားရသည်။ သူက ကားထဲမှ ချက်ချင်းထွက်လိုက်သည်။

မုထျန်းဟန်၏လက်တံရှည်များဖြင့် မော့တိကိုဖမ်းဆွဲလိုက်သောအချိန်တွင် သူက မာစီဒီးကားနှင့် ခြေလှမ်းအနည်းငယ်အကွာသာ လိုတော့သည်။

“ငါ့ညီလေးကို မင်း ဘယ်ခေါ်သွားမလို့လဲ”

“!”

ချန်ကျောင်းတစ်ယောက် ကားတံခါးဖွင့်ခါနီးမှ ပြန်လှည့်ကြည့်လိုက်သောအခါ မုထျန်းဟန်ကို တွေ့လိုက်ရသည်။ သူ၏ရွှင်မြူးနေသာမျက်နှာထားက လန့်ဖျပ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

“လူ လူကြီးမင်း...”

ချန်ကျောင်းက သူ့ ဦးလေးကိုလှမ်းတွေ့လိုက်၍ အပျော်လွန်ကာ မုထျန်းဟန်ကို မေ့သွားခြင်းဖြစ်သည်။

မော့တိက သူ့ကိုဖက်တွယ်ထားသော မုထျန်းဟန်ကို မော့ကြည့်ရင်း မျက်လုံးများမှာ အရောင်တလက်လက်ဖြစ်လာကြသည်။ သူမှီတွယ်နားခိုနေရသည့် နွေးထွေးသောရင်ခွင်တစ်စုံသည် အနှိုင်းမဲ့အေးချမ်းမှုကို ပေးစွမ်းနေသည်။

“ကိုကို၊ ဒါက ဦးလေးစုန့်ရဲ့ကားလေ။ ကျွန်တော်တို့ သူ့ကိုလာနှုတ်ဆက်တာ။”

မော့တိက မုထျန်းဟန်ကို ပြုံးရင်းပြောသည်။

ထို့နောက် ကားမှန်ကျလာပြီး စုန့်ယွီ၏မျက်နှာထွက်လာသည်။ သူတို့လမ်းလျှောက်လာသည်ကိုမြင်မှ ပြောလက်စဖုန်းကို ချလိုက်ခြင်းဖြစ်သည်။

“အားနာလိုက်တာ။ စောစောက ဖုန်းပြောနေမိတာ။”

စုန့်ယွီက ကားတံခါးဖွင့်ကာ ထွက်လာသည်။ သူက မျက်မှန်ကိုပင့်တင်လိုက်ပြီး ချန်ကျောင်းထံမှ သတင်းများစွာကြားဖူးနေသော မုထျန်းဟန်ကို ခေါင်းညိတ်ပြသည်။ မုထျန်းဟန်မှာ မော့တိကို ကူညီပေးနေသူဖြစ်ပြီး တစ်ချိန်တည်းတွင် ယခုရာစုနှစ်၏အရည်အချင်းအရှိဆုံးနှင့် စွမ်းဆောင်ရည်အရှိဆုံးသော စွန့်ဦးတီထွင်သူတစ်ဦးလည်းဖြစ်သည်။

“တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က စုန့်ယွီပါ။”

စုန့်ယွီအပေါ် အကြည့်ရောက်မိသောအချိန်တွင် မုထျန်းဟန်၏မျက်နှာအမူအရာ မသိမသာပြောင်းလဲသွားသည်။ သူက လက်ကမ်းပေးရင်း အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်သည်။

“ဟယ်လို၊ ကျွန်တော် မုထျန်းဟန်ပါ။”

စုန့်ယွီက မုထျန်းဟန်ကို လက်ဆွဲနှုတ်ဆက်ပြီး ပြောသည်။

“ဥက္ကဌမုနဲ့ သိကျွမ်းခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဝမ်းသာဂုဏ်ယူရပါတယ်။”

“ဒေါက်တာစုန့်က နှိမ့်ချလွန်းနေပါပြီ။ ကျွန်တော့်ကို နာမည်တပ်ခေါ်လို့ရပါတယ်။ အခုက မိတ်ဆွေတွေဖြစ်သွားကြပြီပဲ။ လေးလေးစားစားတွေ ခေါ်ဖို့မလိုပါဘူး။”

မုထျန်းဟန်က ဆက်ပြောသည်။

“အမှန်ဆို ဒေါက်တာစုန့်က ကျွန်တော့်မိတ်ဆွေရဲ့ အမျိုးတစ်ယောက်ကို ခွဲစိတ်ပေးခဲ့တာ။ လူနာလည်း တော်တော်လေး ပြန်ပြီးနာလန်ထူလာနိုင်တယ်။ ဒေါက်တာရဲ့ဆေးပညာအရည်အချင်းက အံ့မခန်းပါပဲ။”

“တိုက်ဆိုင်လိုက်တာဗျာ! ကြားရတာဝမ်းသာပါတယ်။ လူနာကိုကုသပေးဖို့ဆိုတာ ကျွန်တော့်ရဲ့တာဝန်ပဲလေ။ လူနာသက်သာတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ။”

“အိုင်းယား ဘယ်တော့မှစကားပြောတာ ပြီးမှာလဲ။ ညစာသွားစားရမဲ့အချိန်ကျနေပြီလေ။”

လိုင်သယ်စစ်၏အသံက သူတို့အနောက်မှ ရုတ်တရက်ထွက်လာသည်။

လှည့်ကြည့်လိုက်သောအခါ အနီရောင်ဂျက်ကတ်ပွပွကြီးဝတ်ဆင်ကာ အိတ်ကပ်ထဲလက်ထည့်ပြီး သူတို့ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသော လိုင်သယ်စစ်ကို တွေ့လိုက်ရသည်။ လမ်းမီးရောင်အောက်တွင် သူ၏အညိုရောင်ဆံပင်ကောက်ကွေးကွေးများက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လှုပ်ခါနေကြသည်။

“ဗိုက်မဆာကြသေးဘူးလား။ ငါတော့ ဆာနေပြီ ...!”

စကားပြောရင်း လည်ချောင်းထဲ တစ်ခုခုနင်သွားသကဲ့သို့ လိုင်သယ်စစ်၏စကားလုံးများမှာ ရုတ်တရက် တစ်ဆို့ပျောက်ကွယ်သွားကြသည်။ တောင့်တောင့်ကြီးရပ်နေရင်းက မျက်လုံးများ ပြူးထွက်လာပြီး မျက်နှာမှာလည်း နီရဲလာသည်။

စုန့်ယွီက လိုင်သယ်စစ်ကို မြင်သောအခါ ပြုံးပြပြီး နှုတ်ဆက်သည်။

“ဟယ်လို၊ အကုန်လုံးကို စောင့်ခိုင်းမိသလိုဖြစ်သွားတာ အားနာပါတယ်။ အခု သွားကြတော့မလား။”

စုန့်ယွီ၏အသံကို ကြားလိုက်ရသော လိုင်သယ်စစ်မှာ ပို၍ပင်ဒရာမာဆန်လာတော့သည်။ ရင်ခုန်သံတွေ မြန်လာပြီး နားထဲတွင်လည်း တဝီဝီအသံများပင် ကြားလာရသည်။

စုန့်ယွီက လိုင်သယ်စစ်၏ပုံမှန်မဟုတ်သောအမှုအရာကိုကြည့်ကာ အထူးအဆန်းဖြစ်နေသည်။ ထို့ကြောင့် သူက လိုင်သယ်စစ်ကို တစ်ချက်ကြည့်ပြီး မော့တိဘက်သို့ ပြန်လှည့်ကာ အပြောင်အပြက် ပြောလိုက်သည်။

“ရှောင်တိ၊ ငါ မင်းသူငယ်ချင်းကို လှန့်လိုက်မိပြီထင်တယ်။”

“မဟုတ်တာ ဦးလေးစုန့်ရယ်။ နားလည်မှုလွဲနေတာပါ။ ကျွန်တော်အထင်တော့ သူ စိတ်လှုပ်ရှားနေတာဖြစ်မယ်။”

မော့တိက ပြန်ပြောသည်။ လိုင်သယ်စစ် အဘယ်ကြောင့် ဤသို့ဖြစ်နေသည်ကို သူလည်း သိချင်စိတ်ဖြစ်မိသည်။ သို့သော် ထိုအမူအရာက ကြောက်လန့်နေသည့်အမူအရာမဟုတ်သည်ကို သူသိသည်။

“ကိုကို၊ အစ်ကိုလိုင်သယ်စစ်က ဘာဖြစ်နေတာလဲ”

မော့တိမှာ ယခုဖြစ်ပျက်နေသည့်အကြောင်းအရာကို အတိအကျသိနေနိုင်သည့် အီးကျူမြင့်မားသည့် မုထျန်းဟန်ကိုမေးရန်သာ ဆုံးဖြတ်လိုက်သည်။

မုထျန်းဟန်သည်လည်း လိုင်သယ်စစ်ကို စိတ်ဝင်တစား အကဲခတ်နေမိသည်။ သို့သော် သူတစ်ပါးအကြောင်း စပ်စပ်စုစုလုပ်မိခြင်းကို မည်သည့်အခါမှ ဝန်ခံမည်မဟုတ်ချေ။

ဤစုန့်ယွီသည်...

ဇာတ်လမ်းမစခင်ကပင် အဖျားရှူးသွားခဲ့ရသည့် လိုင်သယ်စစ် နှစ်ပေါင်းများစွာ တိတ်တခိုးကြိတ်ကြွေနေခဲ့ရသူမှန်း မည်သူထင်မိပါမည်နည်း။

သူ၏မိတ်ဆွေတစ်ဦးပြောပြခဲ့ဖူးသောကြောင့် စုန့်ယွီက ဆရာဝန်မှန်း မုထျန်းဟန် သိထားသည်။ သို့သော် တစ်ခါမှ မတွေ့ဆုံဖူးပါချေ။ ထို့ကြောင့်လည်း ဤသူသည် လိုင်သယ်စစ် နှစ်ပေါင်းများစွာ ရူးသွပ်ခဲ့ရသော ဒေါက်တာစုန့်မှန်း သူ မသိပါချေ။ သိများသိခဲ့လျှင် ယခုကဲ့သို့တွေ့ဆုံမှုသည် လွန်ခဲ့သောကာလများစွာတည်းက ဖြစ်ပျက်ခဲ့ပြီးလောက်သည်။

ယခုကဲ့သို့ စုန့်ယွီနှင့်တွေ့ဆုံရခြင်းက လိုင်သယ်စစ်ကိုမဆိုထားနှင့် သူကိုယ်တိုင်ပင် အံ့အားသင့်မိသည်။

တကယ်တမ်းဆိုရလျှင် ဤစုန့်ယွီမှာ ထိုစာသင်နှစ်က ‘စုန့်’ ဆိုသည်ကို သူ အသေအချာမပြောနိုင်ပါချေ။ ဆိုရလျှင် လိုင်သယ်စစ်၏အတောမသတ်နိုင်သော ရွှတ်နောက်နောက်စကားများနှင့် သူ၏အိပ်ခန်းနံရံပေါ်တွင် ချိတ်ဆွဲထားသော ဘောင်ခတ်ဓာတ်ပုံကြီးကို အတင်းပြကာ ဓာတ်ပုံထဲကလူ ချောလားဟု မကြာခဏမေးခြင်းမှသာ ထို ‘စုန့်’ ဆိုသူအား သိထားဖူးခြင်းဖြစ်သည်။ ဤမျှလောက် ဦးနှောက်ထဲရိုက်ထည့်ခံထားရသည့်နောက် ဤလူသား၏ဖြစ်တည်မှုကို သူ မမှတ်မိနိုင်စရာအကြောင်း မရှိတော့ပေ။

သို့သော် ထိုပုံမှာ မှုန်ဝါးပြီး ရှေးခေတ်ကဓာတ်ပုံဖြစ်သည်။ ဤစုန့်ယွီက “တစ်ယောက်သောသူ” ဟုတ်သည် မဟုတ်သည်ကို သူ အတပ်မပြောနိုင်ပါချေ။ သို့သော် လိုင်သယ်စစ်၏အမူအရာကို မြင်လိုက်ရသောအခါ ဤစုန့်ယွီမှာ လိုင်သယ်စစ် နှစ်ပေါင်းများစွာ ကြိတ်ချစ်ခဲ့ရသူမှန်း ရာနှုန်းပြည့်သေချာသွားခဲ့သည်။

“အဲဒါကလေ...”

မုထျန်းဟန်က စကားစသည်။

“ဖြစ်နိုင်တာကတော့...”

“မုအာ!!!”

လိုင်သယ်စစ်တစ်ယောက် တွေဝေမိန်းမောနေရာမှ သတိပြန်ဝင်လာပြီး မုထျန်းဟန်အား အော်ဟစ်လေသည်။ အပြေးအလွှားရောက်လာပြီး စကားလိုက်ပိတ်သည်။

“မင်း မင်း မင်း တိတ်စမ်း”

လိုင်သယ်စစ်၏အော်သံကြောင့် မုထျန်းဟန်မှလွဲ၍ ကျန်လူအားလုံး လန့်ဖျပ်သွားကြသည်။

စုန့်ယွီက လိုင်သယ်စစ်ကို အနီးကပ်ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေဟန်ရှိသည်။

“စိတ်မရှိပါနဲ့နော်။ ဒါနဲ့... ကျွန်တော်တို့ အရင်က ဆုံဖူးလားမသိဘူး။”

အမှန်ဆိုရလျှင် လိုင်သယ်စစ် ဤကဲ့သို့ပြုမူစေရန် စုန့်ယွီဘက်က တစ်ခုခုအနှောင့်အယှက်ပေးခဲ့ဖူးသလားဟု မေးချင်နေခြင်းဖြစ်သည်။

စုန့်ယွီက သူ့အား စကားလှည့်ပြောနေသည်ကို လိုင်သယ်စစ် ကြားလိုက်ရသောအခါ ကြက်သေသေသွားပြန်သည်။ မျက်လုံးများ ပြူးထွက်လာပြန်ပြီး သတိမမူမိစွာ စကားများပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်သည်။

“င-င-ငါ... ငါ!”

စုန့်ယွီက စိတ်ရှည်လက်ရှည်ရှိသည်။ ပြုံးမြဲပြုံးနေပြီး မေးခွန်းထပ်ထုတ်သည်၊

“ကျွန်တော်တို့ အရင်က ဆုံဖူးကြတယ်မလား"

“!!!”

လိုင်သယ်စစ်မှာ ရင်ခုန်ရလွန်းသဖြင့် နှလုံးရောဂါပင် ထဖောက်ချင်လာတော့သည်။

သူ ဘာပြန်ပြောသင့်လဲ။ ဘာပြန်ပြောသင့်လဲလို့။

သူ၏ဦးနှောက်မှာ ကြံရာမရဖြစ်နေသည်။

မုထျန်းဟန်က ကြောင်တောင်တောင်ဖြစ်နေသော လိုင်သယ်စစ်ကိုကြည့်ရင်း မတတ်သာစွာ ခေါင်းခါမိသည်။ သူက တင်းမာနေသောအခြေအနေကို ဖြိုခွင်းရန်အတွက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အရင်ဆုံး သွားကြရအောင်လေ။ စားသောက်ဆိုင်ရောက်မှ စကားဆက်ပြောကြတာပေါ့။ အတော်လည်း နောက်ကျနေပြီ။”

မော့တိက တစ်ခုခုကို သဘောပေါက်သွားသည့်ပုံဖြင့် လိုင်သယ်စစ်အား အဓိပ္ပာယ်ပါပါအကြည့်တစ်ချက်ဖြင့် လှမ်းကြည့်သည်။

“ကိုကိုပြောတာမှန်တယ်။ အရင်ဆုံး စားသောက်ဆိုင် သွားကြမယ်။ ဦးလေးစုန့်၊ ဘယ်စားသောက်ဆိုင်မှာ ကြိုမှာထားတာလဲဟင်။ ကျွန်တော်တို့က ကားနှစ်စီးနဲ့ သွားမှာဆိုတော့လေ။”

“အရှေ့ဘက်ဆင်ခြေဖုံးရပ်ကွက်နားက လမ်းသွယ်လေးအဆုံးမှာဖွင့်ထားတဲ့ မိသားစုစားသောက်ဆိုင်လေး။ ရှာရမလွယ်တော့ ငါပဲ လမ်းပြပေးမယ်။ ငါ့ကားနောက်က လိုက်ခဲ့လေ။”

စုန့်ယွီက ပြုံးပြီး ဆက်ပြောသည်။

“ငါ မင်းကို ညစာလိုက်ကျွေးချင်နေတာကြာပြီ။ ထပ်ပြီး အချိန်မဆွဲချင်တော့ဘူး။”

“ကောင်းတယ်ဟေ့။ သွားမယ်။ သွားမယ်။”

ချန်ကျောင်းက အားတက်သရောဟစ်အော်ကာ စုန့်ယွီကို ကားထဲအတင်းတွန်းသွင်းလိုက်ပြီး သူကိုယ်တိုင်လည်း ခရီးသည်တင်ထိုင်ခုံသို့ အပြေးလေးဝင်သွားသည်။

မော့တိက မုထျန်းဟန်နောက်မှ Maybachကားဆီသို့ ပြန်လိုက်လာသည်။ ဘေးမှဖြတ်လျှောက်ရင်း မော့တိက လှမ်းပုတ်လိုက်သောကြောင့် လိုင်သယ်စစ်တစ်ယောက် ထခုန်မိတော့သည်။

“အစ်ကိုလိုင်သယ်စစ်၊ ကျွန်တော်တို့ကားနဲ့ လိုက်ခဲ့လေ။”

လိုင်သယ်စစ်၏အမူအရာကိုကြည့်ကာ မော့တိမှာ ပြောစရာစကားပင်မရှိချေ။ စကားပင်ဖြောင့်အောင်မပြောနိုင်လျှင် မည်ကဲ့သို့ အချစ်ကိုဝန်ခံပါမည်နည်း။

လိုင်သယ်စစ်က မော့တိကို မုထျန်းဟန်နှင့်ပတ်သက်သည့် အချစ်ရေးအကြံဉာဏ်လာပေးစဉ်က သူပြောပြခဲ့ဖူးသူက စုန့်ယွီဖြစ်မည်ဟု မော့တိ တွက်ချက်မိသည်။

မမျှော်လင့်ထားခဲ့သော အလှည့်အပြောင်းကြီးပါပေလား။ လောကကြီးက ကျယ်ပြောမယောင်ဖြင့် ကျဉ်းမြောင်းလွန်းသည်။

လိုင်သယ်စစ် စုန့်ယွီကို မေတ္တာရှိနေခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သတ္တိမွေးပြီး ရအောင်လိုက်သင့်သည်ဟု မော့တိ မျှော်လင့်မိသည်။ စုန့်ယွီအတွက်လည်း သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမည့် တစ်စုံတစ်ယောက်ပိုင်ဆိုင်နိုင်ပါစေဟု မျှော်လင့်မိသည်။

ဆိုရလျှင် အတိတ်ဘဝတွင် သူတို့ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံနိုင်မည့်အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ထိုမျှမကသေး သေကွဲပင်ကွဲခဲ့ရသည်။

ယခုဘဝတွင် သူတို့နှစ်ဦး တွေ့ဆုံနိုင်ပြီဆိုသဖြင့် မည်သူမျှ နောင်တများဖြင့် ရှင်သန်စရာအကြောင်းမရှိတော့ချေ။

လိပ်ပြာလွင့်သွားသည့်အလား သူ၏ဘေးတွင်ထိုင်နေသော လိုင်သယ်စစ်ကိုကြည့်ရင်း မော့တိက အကူအညီပေးရန် ဆုံးဖြတ်လိုက်သည်။

မော့တိက လည်ချောင်းရှင်းပြီး ပြောလိုက်သည်။

“အစ်ကိုလိုင်သယ်စစ်၊ အစ်ကိုက ဦးလေးစုန့်ကို... ကြိုက်နေတာလားဟင်။”


“?!!”

Xxxxxx