Chapter 124
လိုင်သယ်စစ် လန့်ဖျပ်ကာ ထခုန်မိသောကြောင့် ကားအမိုးဖြင့် ဆောင့်မိမလိုပင် ဖြစ်သွားရသည်။
“မင်း-မင်း... မကောင်းဆိုးဝါးလေး။ ဘာတွေလာပြောနေတာလဲ။ မင်းက ဘာသိလို့လဲ။ အ-အ... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။”
အစောပိုင်းက လိုင်သယ်စစ်၏ပထမဆုံးအသွင်အပြင်မှာ ဂယက်ထချင်စရာ ဖြစ်သည်။ ထိုအရာများထက် ယနေ့ သူသည် ပုံဆိုးပန်းဆိုး ဝတ်စားထားခြင်းဖြစ်သည်။ ဒုတိယတစ်ကြိမ် အချစ်ဝန်ခံလျှင် အငြင်းခံရမည်စိုး၍ သူ၏လျှို့ဝှက်အတွေးများကို လုံးဝအဖော်မခံနိုင်ပါချေ။
သူ၏ခေါင်းထဲတွင် အစီအစဉ်တစ်ခု ဆွဲနေမိသည်။
‘ဘာဖြစ်လို့ နောက်နှစ်ပတ်လောက် မစောင့်လိုက်မိပါလိမ့်... မဟုတ်ဘူး။ တစ်ပတ်။ မဟုတ်-မဟုတ်သေးဘူး။ သုံးရက်ဆိုလည်း ဖြစ်တယ်။ နောက်သုံးရက်နေရင် ငါ့ရဲ့ပုံရိပ်ဆိုးကို သူ လုံးလုံးလျားလျား မေ့သွားလောက်ပြီ။ အဲဒီတော့မှ သန့်သန့်ပြန့်ပြန့် ဖြီးလိမ်းဝတ်စားလာပြီး စုန့်ယွီရှေ့မှာ တစ်ခေါက်ပြန်ပေါ်လာမယ်။ ဒါဆို ငါတို့... သူငယ်ချင်း ဖွဲ့လို့ရပြီပေါ့။’
ဟုတ်တာပေါ့။ သူ့နာမည်က စုန့်ယွီ။ ဘယ်လောက်လှလိုက်သည့် နာမည်လေးလဲ။
ယခုအချိန်မတိုင်မီအထိ လိုင်သယ်စစ်သည် ထိုသူအား ‘စုန့်’ ဟုသာ သိထားခဲ့သည်။
ထိုကဲ့သို့ စိတ်ကူးယဉ်နေသည့်အချိန်တွင် လိုင်သယ်စစ်၏မျက်နှာက ရူးကြောင်ကြောင်ရုပ် ပေါက်နေသည်။ သူက Maybachကားပြတင်းပေါက်ကိုမှီပြီး ယခုချိန်ထိ မရွေ့လျားသေးသော မာစီဒီးကားရှိရာသို့ မျှော်ငေးကြည့်နေသည်။
မော့တိက သူ့အတွက် ခေါင်းတခါခါ လည်တခါခါဖြင့် သက်ပြင်းချနေတော့သည်။ သူတို့နှစ်ဦးကိုအောင်သွယ်ပေးမည့် သူ၏မစ်ရှင်မှာ ထင်ထားသည်ထက် ပို၍ခက်ခဲတော့မည်ကို ခံစားနေရသည်။
မုထျန်းဟန်က ပါလေရာငါးပိချက်လေးအား တစ်ချက်လှမ်းကြည့်ပြီး ရယ်ချင်စိတ်ဖြစ်လာသည်။ မော့တိ၏ဆံသားများကို လှမ်းပွတ်သပ်ပြီး ပြောလိုက်သည်။
“သူ့ကို စိတ်ပူမနေနဲ့”
မော့တိက မုထျန်းဟန်ကို ကြည့်ပြီး တီးတိုးပြောလိုက်သည်။
“ကိုကို၊ အစ်ကိုလိုင်သယ်စစ်က ဦးလေးစုန့်ကို ကြိုက်နေတာ ကိုကို သိနေတာလား။”
“သိတာပေါ့ ကောင်လေးရဲ့။ မင်းကရော ဘယ်လိုသိတာလဲ။”
“အခုပဲ သူ့ရဲ့အမူအရာတွေက အရမ်းသိသာနေတယ်လေ။ ပြီးတော့လည်း သူ ကြိုက်နေတဲ့သူရှိတယ်ဆိုတာ ကျွန်တော် သိထားတယ်။”
“ဪ”
ဤအကြောင်းအရာက မုထျန်းဟန်အတွက် အသစ်အဆန်းပင်။
“မင်းတို့က အဲဒီအကြောင်းတွေပါ ပြောဖြစ်ကြတာလား”
“အဟွတ်... အဟမ်း စကားစမြည်ပြောရင်း အဲဒီအကြောင်းရောက်သွားတာပါ”
မော့တိက လည်ချောင်းရှင်းပြီး စကားဆက်ပြောသည်။
“ကိုကို၊ လိုင်သယ်စစ်က သူ့ကိုကြိုက်နေတယ်ဆိုတာ ဦးလေးစုန့်ရော သိလောက်လားဟင်”
“သိရင်သိမယ်။ မသိရင်လည်း မသိဘူး။”
မုထျန်းဟန်က ရယ်သည်။
“သူ့ရဲ့ပေါကြောင်ကြောင်ရုပ်နဲ့ အူကြောင်ကြောင်အမူအရာကိုကြည့်ပြီး ကိုယ်တို့အတွက် သိသာနေပေမဲ့ စုန့်ယွီအတွက်ကတော့ လိုင်သယ်စစ် တစ်ခုခုမှားနေတာလို့ပဲ မြင်မိလိမ့်မယ်။ ရှက်လို့စကားမပြောနိုင်ဘူးဆိုတာထက် ဖုံးကွယ်ထားတဲ့ စိတ်ရောဂါအခြေအနေကြောင့် စကားမပြောနိုင်မဆိုနိုင်ဖြစ်နေတယ်လို့ ယူဆသွားနိုင်တယ်။”
“ငါ ကြားတယ်နော်”
လိုင်သယ်စစ်၏ အာပြဲလျှာပြဲအသံကြီးက သူတို့စကားဝိုင်းထဲသို့ ကြားဖြတ်ဝင်လာသည်။
“ငါငုတ်တုတ်ကြီးရှိရဲ့သားနဲ့ ငါ့မကောင်းကြောင်း ပြောရဲသလား! နောက်ကွယ်ရောက်မှပြော!”
“အေးပါကွာ”
မုထျန်းဟန်က သာမန်ကာလျှံကာ ပြန်ဖြေသည်။
လိုင်သယ်စစ်: “…..”
အစောပိုင်းက ရူးနှမ်းနှမ်းပုံပေါက်သွားသည်ကို သူ့ကိုယ်သူလည်း သိပါသည်။
မော့တိက တိုးတိုးသက်သာ ကြိတ်ရယ်မိသော်လည်း လိုင်သယ်စစ်တစ်ယောက် သူ့ကိုယ်သူ အပြစ်တင်နေသည်ကိုမြင်ရသောကြောင့် အားပေးနှစ်သိမ့်ရန် ဆုံးဖြတ်လိုက်သည်။
“အစ်ကိုလိုင်သယ်စစ်၊ အဲဒီလောက်ထိ ဆိုးဝါးတယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ အခုလိုမဆုံခင် ဟိုးအရင်တည်းက အစ်ကို့ဘက်က သူ့အပေါ်ကို ခံစားချက်တွေရှိခဲ့တယ်ဆိုတာကိုသာ အန်ကယ်စုန့် သိသွားရင် အရင်အချိန်တွေကိုပြန်တွေးမိပြီး အစ်ကို့ကို ချစ်စရာကောင်းတယ်လို့ ထင်ကောင်းထင်သွားနိုင်တာပဲ။ ပြောရရင်ဗျာ အခုလိုမျိုး ထိုင်မရထမရဖြစ်တယ်ဆိုတာ တကယ်ကြိုက်တဲ့သူနဲ့တွေ့မှ ဖြစ်ကြတာပဲလေ။”
လိုင်သယ်စစ်က စိတ်ဓာတ်ကျနေသောအခြေအနေတွင် ကျရောက်နေဆဲဖြစ်သည်။
“ငါ အရူးတစ်ယောက်လို ပြုမူမိတဲ့ပုံရိပ်ဆိုးကြီးကို သူ့မှတ်ဉာဏ်ထဲက မေ့ပျောက်သွားစေချင်တယ်...”
ရှစ်နှစ်။ ရှစ်နှစ်တိုင်ကြာညောင်းခဲ့သည်။ သူ၏စိတ်ကူးယဉ်ချစ်သူလေးနှင့် ပြန်လည်ဆုံစည်းခွင့်ရသည်မှာ ကံအတော်ကောင်းလွန်း၍ဖြစ်သော်လည်း သူကတော့ ထိုကဲ့သို့ပြုမူမိခဲ့သည်။
သူ့ကိုယ်သူသာ သတ်သေလိုက်ချင်တော့သည်။
“ဒါပေါ့။ ကျွန်တော် နားလည်ပါတယ်။”
မော့တိက ကိုယ်ချင်းစာစိတ်ဖြင့် ပြောသည်။
လိုင်သယ်စစ်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်သည်။
မုထျန်းဟန်က ကြားဖြတ်ဝင်ပြောသည်။
“ငါ့မော့တိလေးကို စိုက်ကြည့်မနေနဲ့။ ကားပေါ်က ကန်ချလိုက်မယ်။ ဒေါက်တာစုန့်မေးလာရင် မင်း ရေအိမ်သွားချင်နေလို့ ကားပေါ်က အလောတကြီး ထွက်လာပေမဲ့ ဖင်ထိုင်လျက်ချော်လဲလို့ ဆေးရုံတင်ထားရတယ်လို့ ပြောလိုက်မယ်။”
လိုင်သယ်စစ် နင်သွားသည်။
“မုထျန်းဟန်၊ မင်းက တော်တော့်ကို အပေါက်ဆိုးဆိုးပဲ။”
“ဟုတ်လား။ အခုလို ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
မုထျန်းဟန်က ခပ်ပြုံးပြုံးပင် ပြန်ချေပသည်။
လိုင်သယ်စစ်တစ်ယောက်မှာ ဒေါသထွက်လွန်း၍ အံပင်ကြိတ်ထားရတော့သည်။
တစ်ဖက်တွင် ချန်ကျောင်းနှင့် စုန့်ယွီမှာလည်း လိုင်သယ်စစ်အကြောင်း စကားဝိုင်းဖွဲ့နေကြသည်။
“ဦးလေး၊ ကျွန်တော့်အထင် အစ်ကိုလိုင်သယ်စစ်က ဦးငယ်အပေါ် ခံစားချက်ရှိနေသလိုပဲနော်...”
ချန်ကျောင်းက စိတ်ရှုပ်နေသည့်ရုပ်ပင်။
“သူ့ရဲ့အပြုအမူတွေက တော်တော်လေး ထူးဆန်းနေတယ်”
စုန့်ယွီက အထူးတလည် တုံ့ပြန်ချက်မပေးပေ။
“ပေါက်ကရတွေ”
ကနဦးတွေ့သည့်အချိန်တွင် လိုင်သယ်စစ်က သူ့ကိုမလိုလားဘူးဟု တွေးမိခဲ့သည်။ ထို့နောက် လိုင်သယ်စစ်တွင် လူမှုဆက်ဆံရေးအခက်အခဲ ရှိလောက်သည်ဟု တွေးမိပြန်သည်။ နောက်ဆုံးတွင်တော့ လိုင်သယ်စစ်က သူ့ကိုကြိုက်နေသလားဟု တွေးမိသွားသည်။
သို့သော် စုန့်ယွီက မြင်မြင်ချင်းအချစ်ကို အယုံအကြည် မရှိပါချေ။ ထိုသို့ချစ်မိ၍ဖြစ်သည်ဟုဆိုရန်လည်း လိုင်သယ်စစ်၏အပြုအမူက ထို့ထက်ပင် ထူးခြားလွန်းသည်။
စုန့်ယွီက ပေါ့ပေါ့တန်တန် ဆက်ဆံရေးမျိုးကို မလိုလားပေ။ ကြာရှည်လက်တွဲလိုသော ဆက်ဆံရေးမျိုးသာ အလိုရှိသည်။ အထူးသဖြင့် မော့စန်းကျစ်ကိစ္စအပြီးတွင် သူ့အပေါ်ထားရှိသော လူတစ်ယောက်၏ခံစားချက်မှာ အချိန်ကာလများစွာကြာမြင့်သည့်တိုင် မပြောင်းလဲဘဲ အချစ်မပေါ့သောအရာမျိုး ဖြစ်စေချင်မိသည်။
သို့သော်လည်း ဤကဲ့သို့ ပြောင်းလဲမှုမြန်ဆန်သောခေတ်ကြီးတွင် ယုံကြည်ကိုးစားရလောက်သော လက်တွဲဖော်ကောင်း ရှာတွေ့ရန်မှာ မလွယ်ကူပါချေ။ မြင်မြင်ချင်းချစ်သည်ဟူသောစိတ်ဆန္ဒသည် သူ လက်မခံနိုင်သောအရာဖြစ်သည်။
တွေးကြည့်မှပင် လိုင်သယ်စစ်က စုန့်ယွီ တက္ကသိုလ်ဒုတိယနှစ်တက်ရောက်စဉ်က ဆုံခဲ့ဖူးသော အခြားကျောင်းမှ ကျောင်းသားတစ်ဦးကို အမှတ်ရသွားစေသည်။ ထိုကောင်လေးက လိုင်သယ်စစ်နှင့် တစ်ပုံစံတည်းပင်။ အရပ်ပိုရှည်ပြီး လူကောင်ပိုတောင့်မည် ထင်သည်။ သူ့ကိုမြင်တိုင်း ရှက်သွေးဖြာနေတတ်သည်။ ဒုတိယနှစ်တစ်နှစ်လုံး နေ့တိုင်းပင် စုန့်ယွီ မကြာခဏ ကစားတတ်သော ဘက်စကတ်ဘောကွင်းထဲ လာထိုင်ပြီး ကြောင်စီစီအပြုံးလေးဖြင့် သူ ကစားသည်ကို လာကြည့်နေတတ်သည်။
သို့သော် ထိုကောင်လေးက ဆံပင်အနီရောင်ဖြစ်ကာ အဝလွန်သည်။ လိုင်သယ်စစ်ကဲ့သို့ မချောပါချေ။
ထိုအချိန်များက စုန့်ယွီမှာ စာကိုသာ အာရုံစိုက်နေမိခဲ့သည်။ ထိုကောင်လေးက သူ့ကိုကြိုက်နေသည်ကို သိထားပြီး သူကိုယ်တိုင်မှာလည်း ယောက်ျားလေးများကို စိတ်ဝင်စားကြောင်း သိထားပြီးဖြစ်သော်လည်း ထိုကောင်လေးမှ သတ္တိမွေးပြီး ဖုန်းနံပါတ်လာတောင်းသောအခါ သူ့ဘက်က ငြင်းဆိုခဲ့သည်။
ဤသည်မှာ လွန်ခဲ့သောကာလများစွာက ကျန်ရစ်ခဲ့သော အဖြစ်အပျက်ပင်။ ထိုအချိန်တည်းက ကောင်လေးကို ထပ်လည်းမတွေ့ခဲ့သလို ကောင်လေးအကြောင်းကို ထပ်လည်းမတွေးခဲ့ပါချေ။ ပြန်စဉ်းစားကြည့်လျှင် ထိုရူးနှမ်းနှမ်းကောင်လေးမှာ အဆိုးကြီးတော့ မဟုတ်ရှာပေ။ အနည်းဆုံးတော့ သူ၏ခံစားချက်များသည် စိတ်ရင်းဖြစ်ရှာသည်။
ဆယ်နှစ်ကျော် လာရောက်အားပေးနေကျဖြစ်သော စားသောက်ဆိုင်ကို စုန့်ယွီ ရွေးချယ်ခဲ့သည်။ ငယ်စဉ်အခါက သူ့မိဘများက သူနှင့် သူ့ ညီမလေးအား ထိုဆိုင်သို့ခေါ်လာလေ့ရှိသည်ကို မှတ်မိသည်။ ဆိုင်ပိုင်ရှင်က ကျွမ်းကျင်သည့်စားဖိုမှူးတစ်ယောက်ဖြစ်သည့်အပြင် ဧည့်ခံရေးကောင်းသောကြိုဆိုသူလည်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အားပေးလာသော ဖောက်သည်ဖြစ်သည့်အတွက် စုန့်ယွီက ထိုဆိုင်မှ မိသားစုဝင်များနှင့် မိတ်ဆွေများပင် ဖြစ်လို့နေသည်။
ယူအက်စ်တွင် တာဝန်ကျနေသည့်အတွက် ယခုနှစ်ပိုင်းအတွင်း တရုတ်ပြည် ပြန်ရောက်ခဲသောကြောင့် ထိုဆိုင်လေးသို့ မရောက်ဖြစ်သည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့သည်။ တရုတ်ပြည်ပြန်ရောက်သည်နှင့် သူ ပထမဆုံးလုပ်ခဲ့သည့်အရာက ထိုဆိုင်လေးသို့ သွားလည်ခြင်းဖြစ်သည်။ ဆိုင်ပိုင်ရှင်မှာ သက်ရှိထင်ရှားရှိသေးသော်လည်း များသောအားဖြင့် သူ၏သားများ၊ ချွေးမများဖြင့်သာ ဆိုင်ကိုလွှတ်ထားသည်။ သို့သော်လည်း ထိုဆိုင်လေးမှာ သူ မှတ်မိခဲ့သည့် ဟင်းပွဲအရသာအတိုင်း အရည်အသွေး တစ်ထပ်တည်းကျနေတုန်းပင် ဖြစ်သည်။
စုန့်ယွီ မိတ်ဆွေများခေါ်လာသည်ကို တွေ့သောအခါ ဆံပင်ဖြူဖြူ အသက်ကြီးကြီး လူကြီးတစ်ဦးက ကောင်တာနောက်မှ ထွက်လာကာ ပြုံးပြနှုတ်ဆက်သည်။ သူသည် စီးကရက်တစ်လိပ်ကို နားနောက်တွင် ညှပ်ထားပြီး ပြောသည်။
“စုန့်မိသားစုက အရုပ်လေး ရောက်လာပြီပဲ။ မင်းအတွက် သီးသန့်အခန်း ဖယ်ထားပေးတယ်။”
“ဦးလေးရဲ့ လက်ရာကို မြည်းခိုင်းဖို့ ကျွန်တော့်မိတ်ဆွေတွေကို ခေါ်လာခဲ့တယ်။ အစားကောင်းအသောက်ကောင်းဆိုတာ မျှဝေစားသောက်ရတယ်လေ။"
စုန့်ယွီက ရှေ့တိုးပြီး အဘိုးကြီး၏လက်ကိုကိုင်ကာ ပြောသည်။
“ဦးလေး၊ ဆေးလိပ်တွေ သောက်မနေနဲ့တော့လေ။ ကျန်းမာရေးထိခိုက်တယ်။”
“မင်းဦးလေးက ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲ”
အဘိုးကြီးက ခေါင်းမာတတ်သည်မှာ သိသာလှသည်။ သို့သော် သူက စုန့်ယွီနှင့် အများကြီး ပြိုင်မငြင်းပါချေ။
“ဧည့်သည်တစ်ယောက် ပေးသွားလို့ပါ။ အနံ့ခံကြည့်ရုံလေးပဲ။ ပြီးတော့ စားသောက်ဆိုင်ထဲမှာပဲဟာ ဘယ်ဆေးလိပ်သောက်လို့ရမှာလဲ။”
စုန့်ယွီက ပြုံးပြသည်။
“အပြင်မှာလည်း မသောက်သင့်ဘူး”
“အိုင်းယား၊ အသက်ကဖြင့် ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဘာဖြစ်လို့ အရမ်းဗျစ်တောက်ဗျစ်တောက် ပြောနေရတာလဲ။ မင်းနဲ့ မင်းမိတ်ဆွေတွေအတွက် ဟင်းပွဲသွားပြင်လိုက်ဦးမယ်။”
အဘိုးကြီးက သူ၏စီးကရက်ကို အိတ်ကပ်ထဲတွင်ဝှက်ကာ မီးဖိုချောင်သို့ ကမန်းကတန်း ထွက်သွားသည်။
စီးကရက်တစ်လိပ်ကို ကာကွယ်ရန်အတွက် စုန့်ယွီ၏လက်မှ ကြိုးစားရုန်းထွက်နေသော အဘိုးကြီးကိုကြည့်ကာ မော့တိ ရယ်ချင်မိသည်။
လိုင်သယ်စစ်မှာတော့ မော့တိနှင့် မုထျန်းဟန်နောက်တွင် ထိုင်ပြီး စုန့်ယွီတစ်ယောက်ကိုသာ ငေးစိုက်ကြည့်နေသည်။ ပိန်ပိန်ပါးပါး ရှည်သွယ်သွယ် ကိုယ်နေဟန်ထား၊ နူးညံ့သိမ်မွေ့သည့်အပြုံး၊ ကြင်နာမှုအပြည့်ရှိသည့် ထိုမျက်ဝန်းများ စသည်တို့ကိုပေါင်းစပ်လိုက်လျှင် သူ၏ခေါင်းမှာ ရေနွေးကရားခေါင်းအဖြစ်ပြောင်းသွားကာ အငွေ့တလူလူထွက်လာသည်။
သူ့ရင်ထဲတွင် နှစ်ပေါင်းများစွာ နေရာယူခဲ့သော မေ့မရနိုင်သောသူသည် ယခင်အချိန်ကကဲ့သို့ ချောမောကြည့်ကောင်းဆဲ ဖြစ်သည်။ တစ်ဖန်ပြန်ဆုံရခြင်းက သူ၏ခံစားချက်များကို ပို၍သာ ပြင်းထန်လာစေသည်။ လေပြင်းတစ်ချက်ဝှေ့အတိုက်တွင် အရာအားလုံးလွင့်ပါသွားကြပြီး သူ၏စိတ်ထဲတွင် ဤလူတစ်ယောက်တည်းသာ အပြည့်အဝနေရာယူရန် ချန်ထားခဲ့သည့်အလားပင်။
သူ၏မျက်ဝန်းထဲတွင် စွဲလမ်းမှုနှင့် စိတ်ပျက်အားငယ်မှု အရိပ်အယောင်တို့ အနည်းငယ် ရှိနေကြသည်။
စုန့်ယွီက သူ့အား လုံးဝမမှတ်မိပါချေ။ ကြည့်ရသည်မှာ လွန်ခဲ့သောဆယ်နှစ်က သူသည် စုန့်ယွီ၏ရင်ထဲသို့ များများစားစား ဝင်ရောက်နိုင်ခဲ့ခြင်း ရှိခဲ့ပုံမရပေ။
အမှန်အတိုင်းဆိုရလျှင် ထိုအချိန်က သူ့ပုံစံသည် ချောချောမောမော မဟုတ်ပေ။ ဝတုတ်ပြီး ပြင်ပြင်ဆင်ဆင် မရှိချေ။ အဆိုးဆုံးမှာ သူ သဘောကျခဲ့သော အဆိုတော်ကြောင့် ဆံပင်အနီဆိုးထားခြင်းပင် ဖြစ်သည်။ ထိုအချိန်က သူ့ကိုယ်သူ ချောသည်၊ မိုက်သည်ဟုထင်ပြီး စုန့်ယွီ၏ဖုန်းနံပါတ်ကို သွားတောင်းရန်ပင် သတ္တိများရှိခဲ့သည်။
ကျောင်းပိတ်ရက် အိမ်ပြန်၍ မိဘများဆီသွားလည်ပြီး ပြန်ရောက်လာသောအခါ စုန့်ယွီ မရှိတော့ပေ။ သူ ပျိုးထောင်ခဲ့ရသည့် တိတ်တခိုးခံစားချက်များမှာ မပွင့်လန်းခင်မှာပင် ထိုကဲ့သို့ ညိုးနွမ်းခဲ့ရသည်။ လိုင်သယ်စစ်တစ်ယောက် အသဲကွဲကာ ဝိတ်ချခဲ့သည်။ စုန့်ယွီ မရှိတော့သည့်နောက်မှ ဝိတ်ကျသွားခဲ့ပြီး မူရင်းဆံပင်အရောင် ပြန်ထားခဲ့ခြင်း ဖြစ်သည်။
ပြောင်းလဲလိုက်သောပုံစံအသစ်က လိုင်သယ်စစ်အား ချောမောခန့်ညားသွားစေသော်လည်း သားရဲကောင်ကြီး မုထျန်းဟန်ဘေးတွင် ယှဉ်ရပ်မိသူတိုင်း အရောင်မှိန်သွားလေ့ရှိသောကြောင့် သူ့အား မည်သူကမှ သတိမထားမိကြပေ။
သို့သော် သူ၏စုန့်ယွီက ရုပ်အလှကိုအဓိကထားသောလူမျိုး မဟုတ်လောက်ဟု ခံစားမိသည်။ ယနေ့ သူနှင့် မုထျန်းဟန် ယှဉ်ရပ်နေချိန်တွင် စုန့်ယွီက သူတို့နှစ်ဦးစလုံးအား ညီတူညီမျှစွာ ကြည့်သည်။ မုထျန်းဟန်ကို ကြည့်သည်ထက် သူ့ကိုကြည့်သည့်အချိန်မှာ အနည်းငယ်ပိုကြာခဲ့လောက်သည်။
Xxxxxx