Chapter 125
ဤသည်မှာ သူ့အတွက် စုန့်ယွီကိုလိုက်ရန် အခွင့်အရေးရှိသေးသည့် သင်္ကေတ မဟုတ်ပါလား။
အပြုသဘောဆောင်သောအတွေးများ ခေါင်းထဲရောက်သောကြောင့် လိုင်သယ်စစ်၏မျက်လုံးများမှာ အရိုးပုံကြီးတွေ့မိသည့်ခွေးတစ်ကောင်နှယ် အရောင်တလက်လက် တောက်ပလာကြသည်။
မုထျန်းဟန်က လိုင်သယ်စစ်၏ပေါတောတောရုပ်ကိုကြည့်ပြီး ခေါင်းခါမိသည်။ ဤအရူးကောင်မှာ လွန်ခဲ့သောဆယ်နှစ်ကပုံစံနှင့် တထေရာတည်းပင်။
လိုင်သယ်စစ်၏ပေါကြောင်ကြောင်ရုပ်ကို မော့တိလည်း တွေ့မိလိုက်သည်။ ထို့ကြောင့် အနည်းဆုံးတော့ လက်တွေ့ကာလသို့ သတိပြန်ဝင်လာစေရန် ကူညီပေးသင့်သည်ဟု ခံစားမိသည်။ သူက လိုင်သယ်စစ်၏အင်္ကျီစကိုဆွဲပြီး အသာလေး ချောင်းဟန့်လိုက်သည်။ လိုင်သယ်စစ်သည် အတွေးကမ္ဘာထဲမှ ပြန်ရုန်းထွက်လာပြီး သူ့အား မျက်စိမှိတ်ပြနေသော မော့တိကို တွေ့လိုက်ရသည်။ လိုင်သယ်စစ်က မျက်နှာပေးပြင်လိုက်သော်လည်း စိတ်ထဲတွင်တော့ ရီဝေဝေဖြစ်နေဆဲပင်။
မော့တိ: “…”
ဦးလေးစုန့် လိုင်သယ်စစ်ကို စိတ်ကျန်းမာရေးရောဂါသည်အဖြစ် မထင်ပါစေနှင့်ဟုသာ မျှော်လင့်နေရတော့သည်။
စုန့်ယွီ မှာကြားထားသော ဟင်းပွဲများသည် ထိုစားသောက်ဆိုင်၏အကောင်းဆုံးဟင်းပွဲများ ဖြစ်သောကြောင့် အရသာမှာ ခံတွင်းမတွေ့စရာ မရှိချေ။ သူတို့အားလုံး သဘောတွေ့ကြသည်။
မော့တိက အစားအသောက်များကို သဘောတွေ့သည်သာမက စုန့်ယွီနှင့် စကားစမြည်ပြောပြီး အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရသည်။ နောက်ဆုံးတွင် စုန့်ယွီမှာ သူ့အား အကြီးအကျယ် အကူအညီပေးခဲ့သော ကလေးနှင့် လက်ဆုံစားချင်နေခဲ့သည့် ထမင်းဝိုင်းတစ်ဝိုင်း အထမြောက်ခဲ့ရသည်။
သူတို့နှစ်ဦး၏ရင်းနှီးခင်မင်မှုကို မုထျန်းဟန် စိတ်မခုပါချေ။ သူက သူတို့၏စကားဝိုင်းကို စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး မော့တိ၏ပန်းကန်လုံးကို စားစရာကုန်သည်မရှိအောင် ဆက်တိုက်ဖြည့်ပေးနေသည်။
မကြာခဏဆိုသလို ချန်ကျောင်းကလည်း ပလုတ်ပလောင်းဖြင့် စကားဝင်ပြောသည်။
လိုင်သယ်စစ်မှာတော့.....
သူ့အတွက်တော့ စားစရာ မလိုပေ။ ထိုင်ခုံတွင်ထိုင်ပြီး စုန့်ယွီကို တစ်ညလုံးငေးကြည့်ရုံဖြင့် သူ့အတွက် ရင်လည်းပြည့်သည်။ ဗိုက်လည်းပြည့်သည်။
ထို့ကြောင့် ခြုံငုံပြောရလျှင် ညစာစားပွဲသည် အားလုံးအတွက် စိတ်ကျေနပ်ဖွယ် ဖြစ်သည်။
စားပြီးသောက်ပြီးသောအခါ ည(၁၁)နာရီပင် ထိုးနေလေပြီ။ အေးစက်စက်လေက တိုက်ခတ်နေပြီး မြေကြီးပေါ်တွင်လည်း ရေခဲပါးတစ်လွှာပင် ခဲနေပေသည်။ စားသောက်ဆိုင်မှ ထွက်လိုက်သည်နှင့် မော့တိ ဝတ်ဆင်ထားသည့် ဂျက်ကတ်ထူထူကြီးနှင့် လည်ပင်းတွင် အပတ်ပေါင်းများစွာ ရစ်ပတ်ထားသော လည်စည်းပဝါတို့သည် အနွေးဓာတ် လုံလုံလောက်လောက် မပေးနိုင်ကြတော့ပေ။
မော့တိ အအေးကြောက်သည်ကို မုထျန်းဟန်က သိသည်။ မော့တိကို ဖက်ထားပေးပြီး သူ၏ခန္ဓာကိုယ်ဖြင့် လေကာပေးထားသည်။
သူတို့နှစ်ဦး၏လက်ပွန်းတတီးရှိပုံကြောင့် စုန့်ယွီ အတော်လေး အံ့ဩသွားရသော်လည်း ကြည့်ရုံသာကြည့်နေပြီး ဘာမှတော့မပြောပါချေ။
မုထျန်းဟန်က... သူ့လို သူစိမ်းတစ်ယောက်ရှေ့တွင်ပင် သိုသိုသိပ်သိပ်နေရန် ရည်ရွယ်ချက်မရှိပါချေ။
မုထျန်းဟန်၏အသေးအဖွဲဂရုစိုက်ပေးမှုများကို အကြီးတစ်ယောက်က အငယ်တစ်ယောက်ကို စောင့်ရှောက်ပေးခြင်းအဖြစ် အဓိပ္ပာယ်ကောက်ယူနိုင်သော်ငြားလည်း ယောက်ျားလေးနှစ်ယောက်ကြားက ခံစားချက်ကို နားလည်သူအဖို့တွင်တော့ သူနှင့် မော့တိမှာ စုံတွဲတွေဖြစ်သည့်အကြောင်းကို မုထျန်းဟန်က ပေါ်တင်ကြီး ဖော်ပြနေခြင်းပင်။
စုန့်ယွီက သူ စိတ်ရင်းဖြင့်ဂရုစိုက်ရသော မော့တိကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မော့တိ၏မျက်လုံးများသည် မုထျန်းဟန်နှင့် စကားပြောနေချိန်တွင် တလက်လက် တောက်ပနေကြသည်။ ခန္ဓာဗေဒအရ မုထျန်းဟန်အပေါ်ထားရှိသော မော့တိ၏သံယောဇဉ်နှင့် ယုံကြည်မှုတို့ကို အထင်းသားမြင်နိုင်သည်။
စုန့်ယွီက မတတ်သာစွာ သက်ပြင်းချမိသည်။ မုထျန်းက မော့တိကို အတည်တွဲကာ အမှန်တကယ် ဂရုစိုက်ပေးပြီး မော့တိဘက်မှလည်း ထိုနည်းတူစွာ ခံစားရသည်ဆိုလျှင် သူ ကန့်ကွက်စရာ ဘာအကြောင်းမှ မရှိပါချေ။
သို့သော် သူမြင်သာစေရန် တမင်ရည်ရွယ်ကာ အရိပ်အယောင်ပြနေသော မုထျန်းဟန်ကို သင်္ကာမကင်းဖြစ်မိသည်။ ပြောရလျှင် သူတို့၏ဆက်ဆံရေးကို ဖုံးကွယ်ထားခြင်းက ပို၍လွယ်ကူလိမ့်မည်ပင်။
စုန့်ယွီက မျက်မှောင်ကြုတ်ထားခြင်းကို ဖြည်လိုက်သည်။ မုထျန်းဟန်က စိတ်ဓာတ်ပြတ်သားသည့်ပုံပင်။ ကြည့်ရသည်မှာ မော့တိတစ်ယောက် လူကောင်းသူကောင်းလက်ထဲ ရောက်သွားသည့်ပုံပင်။
“ဦးလေးစုန့်”
စုန့်ယွီက သူတို့အား အကဲခတ်နေသည်ကို မော့တိ သတိထားမိသည်။ စိတ်အခန့်မသင့်ဖြစ်စရာလည်း မရှိသလို သူတို့၏ဆက်ဆံရေးကို ဖုံးကွယ်ချင်သည့်အတွေးလည်း သူ့တွင်မရှိပေ။
“ဦးလေးစုန့်၊ ညစာက အရသာရှိတယ်။ ကျေးဇူးတင်ပါတယ်။”
မော့တိက ပြောလိုက်သည်။
“မင်း ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ နှစ်သစ်ကူးပွဲတော်ပြီးရင်လည်း နောက်ထပ် (၈/၁၀)ခါလောက် ထပ်ဝယ်ကျွေးဦးမယ်။ ငါလုပ်ပေးနိုင်တာဆိုလို့ အဲဒါလေးပဲရှိတာ။”
စုန့်ယွီက ပြုံးသည်။ သူ မော့တိကို အလွန်သဘောကျသည့်အပြင် သူတို့နှစ်ဦးကြားတွင် ထူးခြားသည့်ရင်းနှီးမှုတစ်ခုရှိသည်ဟု ခံစားရသည်။ ထိုမျှမကသေး သူ မော့တိအပေါ် အကြွေးတင်ထားသည့်အရာမှာ ထမင်းဝယ်ကျွေးရသည်ထက် များစွာထိုက်တန်ပါသည်။
“ကျွန်တော်လည်း ဦးလေးနဲ့အတူ ညစာစားချင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ဆိုရင် ကျွန်တော် ဝယ်ကျွေးပါ့မယ်။ဦးလေးမှာ ဆိုင်ကောင်းရှိသလို ကျွန်တော့်လည်း ဆိုင်ကောင်းတွေ့ထားတယ်။ နောက်တစ်ခါ ကျွန်တော် အဲဒီကိုခေါ်သွားမယ်။”
မော့တိက လည်စည်းပဝါကိုဆွဲချပြီး သူ့ကို ပြုံးပြသည်။
“ဟုတ်ပါပြီ။ ငါ စောင့်နေပါ့မယ်။ မေ့လည်းမေ့မနေနဲ့ဦး။”
စုန့်ယွီ အင်မတန်စိတ်ကောင်းဝင်နေသောအချိန်ဖြစ်သဖြင့် မော့တိ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ချင်သည်။ သို့သော် သူ လက်လှမ်းလိုက်သောအခါ မုထျန်းဟန် အနားကပ်လာသည်ကို တွေ့လိုက်ရသည်။ စုန့်ယွီမှာ လက်အသာပြန်ရုတ်ပြီး သက်ပြင်းသာချလိုက်ရတော့သည်။
မုထျန်းဟန် လိုက်ပါလာသဖြင့် အဖော်ကောင်းတစ်ယောက်ရသော်လည်း သူတို့နောက်တစ်ကြိမ်ဆုံဖြစ်သောအခါတွင် မော့တိတစ်ဦးတည်းနှင့်သာ ညစာစားဖြစ်ရန် မျှော်လင့်မိသည်။ အစောပိုင်း ညစာစားရင်း စကားစမြည်ပြောစဉ်က သူတို့နှစ်ဦးတွင် တူညီချက်များစွာရှိသည်ကို သူခံစားမိသည်။ ယခုအချိန်ကဲ့သို့ အရမ်းနောက်မကျနေခဲ့ပါလျှင် ယခုထက်နည်းနည်းကြာကြာ ပို၍အချိန်ဖြုန်းနိုင်ဦးမည်ဟု တွေးမိသေးသည်။
“မမေ့ပါဘူးဗျ။ ဒါပေမဲ့ အဲဒီအချိန်လောက်ဆို ဦးလေးစုန့်ဘက်က ကျွန်တော်နဲ့လျှောက်လည်ဖို့ အချိန်မပေးနိုင်မှာကိုပဲ စိုးရိမ်ရမှာ။”
“ဘယ်လောက်ပဲအလုပ်များများ မင်းနဲ့အတူ ညစာစားဖို့ကိုတော့ အမြဲအချိန်ပေးနိုင်တယ်”
စုန့်ယွီက ကြင်နာစွာပြောသည်။
“ဟုတ်ပါပြီ။ နောက်လည်းကျနေပြီ။ မင်းတို့လည်း ပြန်ဖို့သင့်ပြီ။ ကလေးဆိုတာ ညဉ့်နက်တဲ့အထိ မနေရဘူး။”
ချန်ကျောင်းက ထိုစကားကိုကြားလျှင်ကြားချင်း ချက်ချင်း စကားဖြတ်ပြောသည်။
“ဦးငယ် သိလား။ ညဉ့်နက်တဲ့အထိ နေတဲ့အရာမှာတော့ မောတိ့က ဆရာတစ်ဆူပဲ။ တစ်ခါဆို မနက်သုံးနာရီမှ အိပ်တဲ့ရက်တောင်ရှိတယ်။ လူကြီးမင်းမုက တားပြီး ကျွန်တော်တို့လည်း စောင့်ကြည့်လို့သာပေါ့။ မဟုတ်ရင် အဲဒီလိုမျိုး ဆက်လုပ်နေဦးမှာ။ ပြောလက်စနဲ့ တစ်ခါတည်း ဆူပေးစမ်းပါ။”
မော့တိ: “…!”
“အဲဒီအကျင့်က သူ ပြင်ပြီးပါပြီ။ အမှားကိုသိပြီး အမှန်ကိုပြင်တဲ့သူက လိမ္မာတဲ့ကလေးပဲ။”
မုထျန်းဟန်က မော့တိ၏ဆံသားများကို ပွတ်သပ်ရင်း ပြုံးပြုံးကြီးပြောလိုက်သည်။
“တော်တယ်။ ထပ်ပြီး ညဉ့်နက်တဲ့အထိ မနေနဲ့။”
စုန့်ယွီက အကြံပေးသည်။
မော့တိက နာခံစွာ ခေါင်းညိတ်ပြပြီးနောက် ချန်ကျောင်းကို လှည့်ပြုံးပြသည်။
“နောက်သုံးရက်နေမှ တွေ့ကြမယ်နော်”
ချန်ကျောင်းက မောတိ့၏ရင်းနှီးယောင်ဆောင်ထားသော ခြိမ်းခြောက်အပြုံးကို မြင်လိုက်ရသောအခါ ကျောချမ်းသွားသည်။
မုထျန်းဟန်က စုန့်ယွီနှင့် ချန်ကျောင်းကို မေးသည်။
“ကားသန့်ရှင်းရေးသမား ခေါ်ဦးမလား။ ကျွန်တော်တို့ ညစာစားနေတုန်း အပြင်မှာ နှင်းတွေကျနေတာ။ လမ်းချော်နေနိုင်တယ်။”
“ရပါတယ်။ အဆင်ပြေမှာပါ။”
စုန့်ယွီက မော့တိကို တစ်ခုခုပြောချင်နေသော်လည်း စိတ်ပြောင်းသွားသည်။ နောက်တစ်ကြိမ် နှစ်ယောက်သီးသန့်တွေ့ဆုံမှသာ ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးနှုတ်ဆက်စကားပြောဆိုပြီးနောက် သူတို့နှင့်သက်ဆိုင်ရာကားထဲသို့ အသီးသီးဝင်သွားကြသည်။ စုန့်ယွီ ကားမောင်းထွက်သွားသည်ကိုကြည့်ပြီး လိုင်သယ်စစ်က နဖူးနှင့် ကားပြတင်းပေါက်ကို ဆောင့်နေလေသည်။
စုန့်ယွီကို ဆက်သွယ်ရမည့်ဖုန်းနံပါတ် မေးလိုက်ချင်သော်လည်း သူ အရမ်းကြောက်နေခဲ့သည်။
ဖုန်းနံပါတ်မေးရန် တစ်ညလုံး ပြင်ဆင်ထားခဲ့သော်လည်း သတ္တိမမွေးနိုင်ခဲ့ပါချေ။
အား!!!
အာခေါင်ခြစ် အော်ပစ်လိုက်ချင်သည်။
လိုင်သယ်စစ်ကို တစ်ချက်ကြည့်လိုက်သည်နှင့် သူ့စိတ်ထဲတွင် မည်သို့သောစစ်ပွဲဖြစ်နေသည်ကို မော့တိ သိသည်။ သူက ချောင်းဟန့်ပြီး ပြောလိုက်သည်။
“အစ်ကိုလိုင်သယ်စစ်၊ ဦးလေးစုန့်ရဲ့ဖုန်းနံပါတ်လိုချင်တာဆိုရင် ကျွန်တော့်ဆီမှာရှိတယ်လေ”
“!!!”
လိုင်သယ်စစ်က သမင်လည်ပြန်လှည့်လာပြီး မော့တိအား အရောင်တောက်နေသောမျက်လုံးများဖြင့် ကြည့်သည်။
ဟုတ်ပေသည်။ သူ၏မိသားစုဝင်လေးမော့တိတွင် စုန့်ယွီ၏ဖုန်းနံပါတ် တစ်ချိန်လုံး ရှိနေခဲ့သည်ပင်။ ထိုအချက်ကို အဘယ်ကြောင့် သူ မေ့လျော့နေခဲ့ပါသနည်း။
“ဒါပေမယ့်...”
မော့တိက လိုင်သယ်စစ်နားမှ ခပ်ခွာခွာလုပ်ပြီး ပြောလိုက်သည်။
“ပေးလို့တော့ မရသေးဘူး။ ဦးလေးစုန့်ဆီက ခွင့်ပြုချက် အရင်တောင်းရဦးမယ်။ မဟုတ်ရင် ယုံကြည်မှုကို အလွဲသုံးစားလုပ်သလို ဖြစ်နေလိမ့်မယ်။”
“ရှောင်တိ၊ မော့တိလေး၊ ငါ့အချစ်ဆုံး ရှောင်တိလေး၊ မင်းက ဘယ်သူ့ယုံကြည်မှုကိုမှ အလွဲသုံးစားမလုပ်ပါဘူး။ မင်းက ငါနဲ့ စုန့်ယွီကို ဆက်သွယ်ပေးမဲ့ ပေါင်းကူးတံတားလေးပါ!”
လိုင်သယ်စစ်က မော့တိ၏အင်္ကျီလက်ကိုဆွဲသည်။
“လူတွေကိုပေါင်းစည်းပေးတာက ဘုံကျောင်းခုနှစ်ဆင့်ဆောက်တာထက် ပိုပြီးကုသိုလ်ရတယ်တဲ့။ ကျေးဇူးပြုပြီး ငါ့ကိုသနားပါဦး။ ဖုန်းနံပါတ်လေးသာ ပေးပါနော်! ငါ့အသက်က မင်းလက်ထဲမှာပါ! ရှောင်တိ။ ရှောင်တိ...”
(TN: စကားပုံအမှန်သည် ‘အသက်တစ်ချောင်းကယ်ခြင်းသည် ဘုံကျောင်းခုနှစ်ဆင့်ဆောက်ခြင်းထက် ပို၍ကုသိုလ်ရသည်’ ဟူ၍ဖြစ်သည်။)
“သွားကြစို့”
မုထျန်းဟန်က ရုတ်တရက် သူ့လက်ကိုစောင့်ဆွဲပြီး မညှာမတာ ဆွဲလိမ်လိုက်သည်။
“ဘယ်သူ့ကိုလက်ပါနေတယ်လို့ မင်းကိုယ်မင်း ထင်နေလဲ”
လိုင်သယ်စစ်က နာကျင်စွာအော်ဟစ်နေသည်။
“မုထျန်းဟန်၊ ငါ ရှောင်တိကို နည်းနည်းပဲထိတာပါကွာ။ ငါက ရှောင်ယွီကိုပဲလိုချင်တာ မင်းလည်းအသိပဲ။ မင်း ဘယ်လိုသူငယ်ချင်းမျိုးလဲ။ ငါ မင်းနဲ့ဆက်မပေါင်းချင်တော့ဘူး!”
မုထျန်းဟန်က သူ့စကားများကို မသိကျိုးကျွံပြုကာ မော့တိကိုပြောသည်။
“အရင်ဆုံး စုန့်ယွီဆီက ခွင့်ပြုချက်တောင်းဦး။ သူ့ဘက်က သဘောမတူရင် လိုင်သယ်စစ်ကို ဘယ်တော့မှမပေးနဲ့။”
“အွန်း”
မော့တိက ခေါင်းညိတ်ပြသည်။
“ဒါပေါ့”
မဟုတ်လျှင် မော့တိအနေဖြင့် လူ့ကျင့်ဝတ်ကို ဖောက်ဖျက်ရာကျလိမ့်မည်။ ပိုင်ရှင်က မပေးစေချင်ဘဲ ကြားလူက ပေးမိလိုက်ပါက ဦးလေးစုန့်ကို စိတ်ပျက်စေလိမ့်မည်။ ထိုသို့ဖြစ်လာပါက ဦးလေးစုန့်နှင့်ပေါင်းစည်းမည့် လိုင်သယ်စစ်၏အခွင့်အရေးကိုလည်း ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် လိုင်သယ်စစ်၏တရစပ်တောင်းဆိုမှုတို့ကို မကြားချင်ယောင်ဆောင်ကာ မော့တိက တစ်ဖက်လှည့်ပြီး စုန့်ယွီဆီသို့ မက်ဆေ့လှမ်းပို့လိုက်သည်။ စာရိုက်မပြီးခင်တွင်ပင် သတင်းတစ်ပုဒ် နိုတီတက်လာသည်။
သတင်းဖတ်ရင်းက မော့တိ မျက်မှောင်ကြုတ်လာသည်။
“ဘာဖြစ်လို့လဲ”
ပြောင်းလဲမှုကို မုထျန်းဟန် သဘောပေါက်လိုက်သောကြောင့် နူးညံ့စွာမေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး”
မော့တိက ခေါင်းမော့ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြောသည်။
“ယဲ့ကောရှန် အလုပ်ပြုတ်သွားပြီ။ လာဘ်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေအတွက် လောလောဆယ် တခြားသူတွေနဲ့ရောပြီး ထိန်းသိမ်းခံထားရတယ်။ တရုတ်နှစ်ကူးပွဲတော်ပြီးမှ အမှုစစ်ကြလိမ့်မယ်။ ယဲ့ချန်းဖုန်ရဲ့အမှုကလည်း ပိတ်သွားပြီ။ သူ့အဖေထက် လဝက်စောပြီး (၇)ရက်နေ့မှာ ရုံးတင်စစ်ဆေးလိမ့်မယ်တဲ့။”
Xxxxxx