အပိုင်း ၁၂၆
Viewers 28k

Chapter 126



အိမ်သို့ ပြန်ရောက်သောအခါ မော့တိက ရေမိုးချိုးလိုက်ပြီးနောက် နှစ်သစ်ကူးအကြို မနက်ခင်း ရောက်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ထိုနေ့ မနက်စောစောတွင် မော့တိက ပွဲတော်ကျင်းပသည့် မီးရှူးမီးပန်း ပစ်ဖောက်သံများကို ကြားလိုက်ရသဖြင့် နှစ်ရှည်လများ မေ့ပျောက်နေခဲ့သည့် နှစ်သစ်ကူးအငွေ့အသက်ကို လွမ်းဆွတ်ခံစားမိသွားလေသည်။ သူက လိုက်ကာကို ဖွင့်၍ အပြင်ဘက်သို့ လှမ်းကြည့်တော့မည့်ဆဲဆဲ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ မီးရှူးမီးပန်းများကို တားမြစ်ထားခဲ့သည်မှာ အချိန် အတော်ကြာခဲ့ပြီ မဟုတ်ပါလား။

သူက အိပ်ရာမှ ထပြီး ဖိနပ်စီး၍ သူ့အခန်းထဲမှ ထွက်လာသည်။ သူ တံခါးမှ ထွက်လာသည်နှင့် မုထျန်းဟန်က လက်ထဲတွင် လတ်လတ်ဆတ်ဆတ် မီးကင်ထားသော ပေါင်မုန့်ထောပတ်သုတ် တစ်ပန်းကန်ကို ကိုင်၍ ဧည့်ခန်းထဲ၌ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

သင်းပျံ့လှသော မွှေးရနံ့နှင့် ရေနွေးငွေ့တို့ကြောင့် သူက ပေါင်မုန့်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားရသလို ခံစားလိုက်ရသည်။

မော့တိမှာ နက်နက်ရှိုင်းရှိုင်း သဘောကျနေ၏။ သူက ချိုသာစွာ ပြုံးပြလိုက်ရာ သူ့ပါးပြင်ပေါ်တွင် ပါးချိုင့် ရေးရေးလေး ထွက်ပေါ်လာသည်။

မုထျန်းဟန်က သူ့ကို မြင်သောအခါ ပြန်ပြုံးလိုက်သည်။ သူက ပေါင်မုန့်ပန်းကန်ကို စားပွဲပေါ်သို့ တင်ထားလိုက်ပြီး မော့တိဆီ လျှောက်လာ၏။

“အစောကြီးပဲ ရှိသေးတာကို… မင်း ဘာလို့ ထပ်ပြီး မအိပ်တော့တာလဲ…

“ခုနစ်နာရီခွဲတောင် ရှိနေပြီလေ…”

မော့တိက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး မေးလိုက်သည်။

“ကိုကို… မီးရှူးမီးပန်းတွေ ဖောက်သေးတာလား…”

“မဟုတ်ပါဘူး… သူငယ်ချင်းတစ်ယောက်က ကိုယ် ဒီမှာ နှစ်သစ်ကူးလုပ်နေတယ်ဆိုတာ ကြားပြီး အသံဖိုင် တစ်ခု ပို့ပေးလိုက်တာ… ဒီလောက်အသံကျယ်လိမ့်မယ်လို့ မထင်ထားဘူး…”

မုထျန်းဟန်က မော့တိ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။

“ကိုယ့်ကြောင့် နိုးသွားတာလား…”

“မဟုတ်ပါဘူး… ကျွန်တော် နိုးနေတာ ကြာပြီ…”
မော့တိက ပြန်ဖြေလိုက်သည်။ သူက သူ့ခေါင်းပေါ် တင်ထားသည့် မုထျန်းဟန်၏ လက်ကို ဆုပ်ကိုင်ပြီး နူးညံ့စွာပင် ပြောလိုက်သည်။

“ကိုကို… ဆံပင်တွေကို ဆက်မပွတ်နဲ့တော့… အရင်တည်းက ရှုပ်ပွနေပါတယ်ဆိုမှ…”

မုထျန်းဟန်က မော့တိ၏ စောဒကတက်သည့် အသံလေးကို ရယ်ရုံသာ ရယ်လိုက်သည်။ ထို့နောက် သူက မော့တိကို ပွေ့ချီကာ သူ့ခါးနားဆီသို့ ဆွဲဖက်လိုက်လေ၏။

“မင်းကို ကိုယ့်ဆံပင်တွေကိုလည်း ပြန်ပြီး ဖွခွင့်ပေးမယ်ဆိုရင် ဘယ်လိုလဲ…”

မော့တိက သူ့ကို ခြေထောက်မှ ရုတ်တရက် ပွေ့ချီခံလိုက်ရသဖြင့် ထိတ်လန့်သွားသော်လည်း သူ့ကို ချီထားသူမှာ မုထျန်းဟန် ဖြစ်ကြောင်း သတိဝင်လာသည့်အချိန်၌ သူ့မျက်နှာမှာ ချက်ချင်းပင် နီရဲသွားသည်။

“ကိုကို…”

“အပေါ်စီးကနေ ကြည့်ရတဲ့မြင်ကွင်းက ဘယ်လိုနေလဲ…”

မုထျန်းဟန်က မော့တိကို ညင်သာစွာ ဆွဲမြှောက်လိုက်သောအခါ မော့တိက သူ့ခြေထောက်လေးများဖြင့် သန်မာတောင့်တင်းသည့် ထိုဝမ်းဗိုက်ကြွက်သားများကို ရစ်ပတ်ထားလိုက်လေသည်။ မော့တိ၏ ပေါင်ပေါ်တွင် လက်တစ်ဖက်ကို တင်ထားပြီး အခြားတစ်ဖက်က သူ့ခါးကို ထိန်းထားရင်း မုထျန်းဟန်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“ဒါ မင်းအတွက် လက်စားချေဖို့ အခွင့်အရေးကောင်း တစ်ခုပဲနော်… မင်း မလုပ်ချင်ဘူးဆိုတာ သေချာလို့လား…”

မော့တိက သူ့လက်များဖြင့် မုထျန်းဟန်၏ ပုခုံးနှစ်ဖက်ကို သိုင်းဖက်ထားပြီး ခေါင်းကို ငုံ့ကြည့်လိုက်၏။ သူက သူ့ကို စုပ်ယူသွားတော့မတတ် ထင်ရသော ထိုမျက်လုံးများကို နက်ရှိုင်းစွာ စိုက်ကြည့်နေရင်း သူ့နားရွက်များမှာ နီရဲလာသည်။

“ကျွန်တော်… ကျွန်တော် ဘယ်တုန်းကမှ ကိုကို့ရဲ့ဆံပင်တွေကို ဖွချင်တယ်လို့ မပြောခဲ့ဘူးလေ…”

မော့တိ၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေ၏။ မုထျန်းဟန်၏ မျက်ဝန်းများထဲတွင် နူးညံ့မှုနှင့် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေသည့် တောက်ပမှုကို သူ တွေ့လိုက်ရသည်။ သူက သူ့မျက်လုံးများကို တစ်ဖက်သို့ လှည့်ကာ မုထျန်းဟန်၏ အကြည့်ကို ရှောင်လိုက်လေသည်။

“မင်းက ကိုယ့်အပေါ် နူးညံ့ပေးနေတာလား…”


မုထျန်းဟန်၏ မျက်လုံးများမှာ ပို၍ နက်မှောင်လာသည်။ သူက ထမင်းစားပွဲဆီသို့ လမ်းလျှောက်သွားပြီး မော့တိကို စားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်လေ၏။ သူ့လက်များက မော့တိကို နှစ်ဖက်လုံးမှ ဆုပ်ကိုင်ထားပြီး သူ့မျက်ဝန်းများထဲသို့ စိုက်ကြည့်ကာ ပြောလိုက်သည်။

“ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက မင်း ကိုယ့်ကို လွမ်းနေလား…”

“ဟုတ်…”

မော့တိက တွေးနေစရာပင် မလိုဘဲ ပြန်ဖြေလိုက်သည်။

“ကျွန်တော် ကိုကို့ကို နေ့တိုင်း လွမ်းနေတာ…”

“ကိုယ်လည်း မော့တိလေးကို လွမ်းပါတယ်…”

မုထျန်းဟန်၏ ဘယ်လက်က မော့တိ၏ လက်ပေါ်သို့ လျှောကျလာပြီး သူ့ညာလက်ကမူ မော့တိ၏ ခေါင်းအနောက်ဘက်ကို ညင်သာစွာ ပွတ်သပ်ပေးနေ၏။ ထို့နောက် သူက ကိုယ်ကို ညွတ်၍ မော့တိ၏ နှုတ်ခမ်းကို နမ်းလိုက်လေသည်။

“ကိုကိုက မင်းကို နေ့တိုင်း လွမ်းနေခဲ့တာ… ကိုယ်နဲ့ မင်းနဲ့အတူတူ ညစာစားတာကို လွမ်းတယ်… မင်းနဲ့ ထိတွေ့ချင်လာတဲ့အတိုင်း ထိတွေ့ခွင့် ရခဲ့တာကိုလည်း လွမ်းတယ်… မင်းကို ကိုယ့်ရင်ခွင်ထဲမှာ ပွေ့ဖက်ထားခဲ့တဲ့ အချိန်ကိုလည်း လွမ်းတယ်…”

ထိုစကားများကို ပြောနေရင်း မုထျန်းဟန်က မော့တိ၏ နဖူး၊ မျက်လုံး၊ ပါးပြင်နှစ်ဖက်၊ နှာခေါင်းထိပ်နှင့် နောက်ဆုံးတွင် နှုတ်ခမ်းလေးပေါ်သို့ နမ်းရှုံ့လိုက်သည်။

“မင်း ပိတ်ရက်ရလာတော့ တော်ပါသေးတယ်… ဒီဂိမ်းပြိုင်ပွဲက ကိုယ့်ဆီကနေ မင်းကို ခေါ်သွားလို့ မရတော့ဘူးလေ…”

“ကိုကို…”

မုထျန်းဟန်၏ စွဲမက်ဖွယ် သံလိုက်ကဲ့သို့ ညှို့ငင်အား ကောင်းလှသည့် အသံမှာ သူ့ခေါင်းထဲတွင် မြည်ဟည်းနေရာ မော့တိက အဖျားတက်လာသလိုပင် ခံစားနေရ၏။ ရုတ်ချည်းဆိုသလို မော့တိက သတ္တိကောင်းသွားပြီး သူ့လက်မောင်း နှစ်ဖက်က မုထျန်းဟန်၏ လည်ပင်းကို သိုင်းဖက်လိုက်လေသည်။ သူက “ကျွန်တော်လည်း ကိုကို့ကို လွမ်းနေတာ” ဟု ခပ်တိုးတိုးလေး ပြောလိုက်ပြီးနောက် ခေါင်းလေးကို စောင်းကာ မုထျန်းဟန်၏ လည်စေ့ကို နမ်းလိုက်သည်။

ထို့ပြင် အထင်ရှားဆုံးသော အစိတ်အပိုင်းပေါ်၌ သူ့လျှာဖျားလေးမှာ တဝဲလည်လည် ဖြစ်နေ၏။

“ကျွန်တော် ကိုကို့ကို အရမ်း လွမ်းနေတာ…”

“!”

မုထျန်းဟန်မှာ အလွန်ပင် အံ့အားသင့်သွားသော်လည်း သူ့မျက်လုံးများက ပို၍ နက်မှောင်သော အရိပ်အယောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ကောင်လေး… ဒီနေ့ပြီးရင် မင်းက ၁၉ နှစ် ပြည့်ပြီလို့ ပြောလို့ရပြီနော်…”(အချိန်ကအဲ့လောက်မြန်သွားတာလားတော့မသိဘူး )

“ဟာ…”

မုထျန်းဟန်က အဘယ်ကြောင့် ယခုလို ရုတ်တရက် ပြောရကြောင်းကို မသိသဖြင့် မော့တိက အံ့ဩသွားသည်။ သူက မော့ကြည့်လိုက်သော်လည်း ချက်ချင်းပင် မုထျန်းဟန်၏ တောင့်တင်းလှသော ကြွက်သားအပြည့်နှင့် ရင်ခွင်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရလေသည်။

မုထျန်းဟန်က မော့တိကို ဆွဲဖက်ထားပြီး ရုန်းမရအောင် လုပ်ထား၏။ မော့တိမှာ သူ၏ ဝမ်းဗိုက်ကြွက်သားလိုင်းများကိုပင် ခံစားကြည့်၍ ရနေသည်။

“ကိုကို… ကိုကို…အမ်…”

မော့တိမှာ မုထျန်းဟန်၏ လျှာက တိုးဝင်လာပြီး သူ့မေးရိုးတလျှောက် ထိုးဆွလိုက်သဖြင့် ပါးစပ်ပိတ်သွားလေသည်။ ချက်ချင်းပင် မော့တိ၏ ခန္ဓာကိုယ်တလျှောက်၌ စိတ်လှုပ်ရှားမှုကြောင့် ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရပြီး ကျောရိုးထဲထိ ထုံထိုင်းသွား၏။ မုထျန်းဟန်၏ ပုခုံးပေါ်မှ သူ့လက်များမှာ အလိုအလျောက်ပင် တင်းကြပ်လာသည်။

“ကိုကို… ကိုကို…”

မော့တိ၏ အသံမှာ မုထျန်းဟန်ကြောင့် တဖန် ခပ်တိုးတိုးလေး ပြန်ဖြစ်သွားသည်။

ဤတစ်ကြိမ်တွင် မုထျန်းဟန်၏ အနမ်းမှာ ယခင်ကနှင့် သိသိသာသာ ကွာခြားလွန်းလှ၏။ မော့တိမှာ သူ့ကို မုထျန်းဟန်က ဝါးမျိုလိုက်တော့မလိုပင် ခံစားနေရသည်။ သူ့အသက်ရှူသံမှာ မောဟိုက်နေသည့် အသံကဲ့သို့ ပြောင်းလဲသွားပြီး သူ့မျက်နှာမှာ သွေးရောင်အတိုင်း နီရဲနေ၏။ သူ့အတွေးများ ထိန်းချုပ်မရ ဖြစ်နေသည့်အချိန် သူ့အာရုံကြောများက မုထျန်းဟန် သူ့ကို နမ်းနေသည့် ခံစားချက်ကိုသာ မှတ်တမ်းတင်ထားလေသည်။

“လိမ္မာတဲ့ကောင်လေး…”

မုထျန်းဟန်က မော့တိဘေးတွင် ဝင်၍ လှဲလျောင်းလိုက်ပြီး သူ့ပေါ်မှီကာ သူ့ပါးစပ်ထဲမှ အချိုဓာတ်ကို စုပ်ယူလိုက်သည်။ သူ့အင်္ကျီကော်လံမှာ အနည်းငယ် ပွင့်နေပြီး သူက မော့တိကို လက်တစ်ဖက်တည်းဖြင့် သူ့ရင်ဘတ်ထဲသို့ ဆွဲသွင်းကာ အခြားလက်တစ်ဖက်နှင့် မော့တိကို ပွေ့ထားလိုက်လေသည်။

သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ပြင်းထန်မှု ပြည့်နှက်လာပြီး မုထျန်းဟန်မှာ ပေါက်ကွဲရန် အဆင်သင့် ဖြစ်နေသော အပူရှိန်ဖြင့် သိသိသာသာ နိုးကြားနေသော်လည်း သူ၏ သပ်ရပ်လှသော အသွင်အပြင်ကြောင့် မည်သူမှ မှန်းဆနိုင်မည် မဟုတ်ပေ။

၎င်းမှာ သိုးရေခြုံထားသော ဝံပုလွေဟုပင် ခေါ်ဆိုထိုက်၏။

သူတို့နှစ်ယောက်သား ရင်ဘတ်ချင်း ထိတွေ့ပူးကပ်နေကြသောကြောင့် မုထျန်းဟန်က သူ့ပါးစပ်ထဲတွင် ရစ်ဝဲနေသည့် အနွေးဓာတ်နှင့် ချိုမြိန်မှုကို ယူဆောင်လိုက်သည်။ ရင်းနှီးသော အနမ်းများနှင့် အထိအတွေ့များမှာ သူ့ဆန္ဒကို ထိန်းချုပ်ထားရန် မလုံလောက်သည့်အလား သူက ပို၍ လုယူချင်လာ၏။

မော့တိမှာ အသက်ရှူကြပ်လုနီးပါး ဖြစ်လာသည်အထိ နမ်းရှုံ့ခံနေရပြီး သူ့ခန္ဓာကိုယ်မှာ ရှိသမျှ ခွန်အားများ အားလုံး ဆုံးရှုံးသလို ဖြစ်လာသဖြင့် သူက မုထျန်းဟန်ကို အနည်းငယ် တွန်းကာ ညည်းညူလိုက်သည်။

“ကိုကို… ရပ်ပါဦး… ခဏရပ်…”

သို့သော် မုထျန်းဟန်က သူ့ကိုယ်သူ ချုပ်တည်းမထားတော့ဘဲ ဆက်လက် ကျူးကျော်ကာ မော့တိကို ဆွဲမြှောက်လိုက်သည်။

“အား…”

မော့တိက ထိတ်လန့်တကြား အော်လိုက်သော်လည်း သူ့ပါးစပ်လေးမှာ ခဏအကြာတွင် နောက်တစ်ကြိမ် ပြန်ပိတ်ခံလိုက်ရပြန်သည်။

“ဟမ်…”

“အမ်… ကိုကို ကျွန်တော် အသက်ရှူကြပ်နေတယ်…”

ရုတ်တရက် ဧည့်ခန်းအပြင်ဘက်မှ သမ်းဝေလိုက်သည့် အသံတစ်သံ ထွက်ပေါ်လာ၏။

လိုင်သယ်စစ်က ဧည့်ခန်းထဲသို့ မှုန်ကုပ်ကုပ် လမ်းလျှောက်လာရင်း အကြောဆန့်လိုက်သည်။ သူက ထောင့်ဆီသို့ လှည့်ကြည့်လိုက်သောအခါ အခန်းတွင်းရှိ မော့တိနှင့် မုထျန်းဟန်တို့ကို တွေ့သွားပြီး မေးလိုက်လေ၏။

“မင်းတို့တွေ စောစော နိုးနေကြတာပဲ… မင်းတို့ ဘာလုပ်တမ်း ကစားနေကြတာလဲ… ပွေ့ချီတဲ့ ကစားနည်းလား…”

မော့တိ၏ မျက်နှာမှာ နီရဲနေပြီး သူ့အနေဖြင့် မိတ်ကပ်လူးစရာ မလိုဘဲ ခရမ်းချဉ်သီး တစ်လုံးကဲ့သို့ ဖြစ်နေသည်။

ကံကောင်းထောက်မစွာဖြင့်ပင် လိုင်သယ်စစ်က မည်သည့်အရာကိုမှ မမြင်တွေ့မိ သူတို့နှစ်ယောက် လူချင်း ခွာလိုက်နိုင်၏။

ထိုသို့မဟုတ်ပါက အဆင်မပြေ ဖြစ်သွားနိုင်ပေသည်။

မော့တိက ဆင်းရန်အတွက် ရုန်းကန်နေသော်လည်း မုထျန်းဟန်က သူ ဖက်ထားသည်ကို မလွှတ်ပေးပေ။ သူက လက်တစ်ဖက်ဖြင့် မော့တိကို ဖက်ထားပြီး လက်တစ်ဖက်က သူ့ဆံပင်များကို ပွတ်သပ်ကာ ပါးပြင်ကို ညင်သာစွာ ညှစ်လိုက်လေသည်။

သူ့မျက်လုံးများထဲရှိ လိုချင်တပ်မက်မှုနှင့် အာသာဆန္ဒမှာ မပြေပျောက်သေးသော်လည်း သူ့ကို လွှတ်ပေးရပေလိမ့်မည်။ စိတ်ပျက်လက်ပျက်ဖြင့် သူက လက်မကို အသုံးပြုကာ မော့တိ၏ နှုတ်ခမ်းလေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ့ကို ခပ်တိုးတိုးလေး ပြောလိုက်သည်။

“ဒီနေရာမှာ တံတွေးနည်းနည်း ပေနေတယ်… ငြိမ်ငြိမ်နေ…”

“!!!”

မော့တိ၏ မျက်လုံးများမှာ အပြူးသား ဖြစ်သွားပြီး သူ့ခေါင်းထဲတွင် ကျယ်လောင်စွာ အော်မြည်နေ၏။

“ကောင်းပြီ ကောင်းပြီ… ကိုယ် မင်းကို ထပ်ပြီး မစတော့ပါဘူး…”

မော့တိက သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ မုထျန်းဟန်က စိတ်မထိန်းနိုင်ဘဲ တိုးတိုးလေး ရယ်လိုက်သည်။ သူ့မျက်လုံးများမှာ ပုံမှန်အတိုင်း နူးညံ့သိမ်မွေ့သည့်ပုံစံသို့ ပြန်လည် ရောက်ရှိသွားပြီး သူ့အပြုံးမှာ ယခင်အတိုင်း ငြိမ်သက်သွားလေသည်။ လွန်ခဲ့သော အခိုက်အတန့်က ဆာလောင်နေသော သားရဲတစ်ကောင်၏ ပုံစံမှာ ထင်ယောင်ထင်မှား ဖြစ်ရုံမျှကဲ့သို့ပင်။

မုထျန်းဟန်က မော့တိကို လွှတ်ပေးလိုက်ပြီး သူ့နဖူးပေါ် ဖွဖွလေး နမ်းလိုက်၏။

“ဒါ ကိုယ်အမှားပါ… ကိုယ် အခု နည်းနည်းလေး လောမိသွားတယ်… ကိုယ့်ကို စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား…”

မော့တိက သူ့ကို စိတ်မဆိုးသော်လည်း သူ့ကို ယခုထိတိုင် စကားပြန်မပြောနိုင်သေးပေ။ သူ့ခေါင်းထဲ၌ အဆို့ရှင် တစ်ခုသာ ရှိနေပါက ယခုအချိန်၌ အငွေ့များ ထွက်လာမည် ဖြစ်သည်။

လိုင်သယ်စစ်က မုထျန်းဟန်အား အဘယ်ကြောင့် သားရဲတစ်ကောင်ဟု အမြဲတစေ ခေါ်ဆိုနေရကြောင်းကို ယခုအခါ သူ နားလည်သွားပြီ ဖြစ်သည်။

“ကျွန်တော် ပြန်ပြီး အဝတ်အစား သွားလဲရဦးမယ်…”

မော့တိက လှည့်ထွက်ာ သူ့အခန်းထဲသို့ အမြန် ပြန်သွားလေသည်။

သူ့နောက်မှ အခန်းတံခါးကို ပိတ်လိုက်ပြီးသည်နှင့် မော့တိက အိပ်ယာပေါ်သို့ ခုန်တက်ပြီး ခေါင်းအုံးထဲသို့ သူ့ခေါင်းကို နှစ်မြှုပ်ထားလိုက်သည်။ သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေပြီး ဗိုက်ထဲတွင် လိပ်ပြာများ ပျံဝဲနေ၏။

ယခုအခါ သူက သူမည်သို့ ဖော်ပြရမည်ကို နားမလည်နိုင်သော မုထျန်းဟန်၏ ပုံစံတစ်ခုလုံးကို မြင်တွေ့လိုက်ရခြင်းပင်။ မုထျန်းဟန်က မည်သို့…

သူက ထိုကဲ့သို့ လုပ်ပြီးနောက်တွင် သူ၏ ကျက်သရေရှိလှသော သွင်ပြင်ကို မည်သို့ ပြန်လည်ထိန်းသိမ်းနိုင်ပါမည်နည်း။

---

မိနစ်နှစ်ဆယ် ကြာပြီးနောက် မော့တိက သူ့အခန်းထဲမှ ထွက်လာသောအခါ အစောပိုင်းက အိပ်ရာမှ ထလာသော လိုင်သယ်စစ်က ဆိုဖာပေါ်တွင် လှဲရင်း အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

မုထျန်းဟန်က သူ၏ စိတ်ရှုပ်သွားသော အကြည့်ကို မြင်သဖြင့် ပြောလိုက်၏။

“မင်းအခန်းထဲကို ပြန်သွားပြီးမှ သူက ဧည့်ခန်းထဲ လှည့်ပတ်ကြည့်ရင်း ဆိုဖာပေါ်မှာ အိပ်ပျော်သွားတာပဲ…”

မော့တိမှာ ဆွံ့အသွားလေသည်။ သူ နိုးလာသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်ပါဦးမည်နည်း။ လိုင်သယ်စစ်က သူတို့နှစ်ယောက်၏ ချစ်ကြည်နူးဖွယ်အချိန်လေးကို ဖျက်ဆီးရန် ကြိုးစားနေခြင်းပေလော။

“လာ မနက်စာ လာစား… ကိုကို မင်းအတွက် ဒီပေါင်မုန့်ကို ပြန်ပြီး အပူပေးပေးမယ်… အရင်ဆုံး နို့သောက်လိုက်…”

မုထျန်းဟန်က စားပွဲပေါ်တွင် ကြက်ဥကြော်နှင့် အရွက်သုပ် ၂ ပန်းကန် ချထားလိုက်ပြီး မော့တိကို ပြောလိုက်သည်။

“ကိုယ် မင်းနဲ့ မနက်စာ အတူတူ စားရတဲ့အချိန်က ရှားတယ်လေ… မြည်းကြည့်ပြီး ကိုယ် ဘာတွေ တိုးတက်အောင် လုပ်ရမလဲဆိုတာ ပြောပြပေး…”

“ဒါ ပြီးပြည့်စုံတယ်လို့ ကျွန်တော် ထင်တာပဲ… ကိုကို ဘာမှပြောင်းလဲစရာ မလိုတော့ပါဘူး…”

မော့တိက လိုင်သယ်စစ်ကို လျစ်လျူရှုပြီး မုထျန်းဟန်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသော်လည်း အစောပိုင်းက မြင်ကွင်းကို သတိရသွားသောအခါ သူက အရှိန်လျှော့သွားပြီး မျက်နှာမှာ နီရဲသွားလေသည်။

မော့တိက သူ၏ ရှက်ရွံ့စိတ်ကို ဖုံးကွယ်ကာ ပေါင်မုန့်မီးကင်ကို တည်ငြိမ်စွာ ယူစားလိုက်၏။ ချိစ်အရသာ များများနှင့် ထောပတ်နံ့ မွှေးမွှေးက သူ၏ အရသာခံအဖုများကို အလွန်ပင် စိတ်ကျေနပ်သွားစေသည်။ ထိုပေါင်မုန့်မှာ နူးညံ့သော်လည်း မျက်နှာပြင်မှာမူ ကြွပ်ရွနေကာ မီးကင်ထားသဖြင့် ပြီးပြည့်စုံနေသည်။

သို့သော် ၎င်းပေါင်မုန့်မှာ အနည်းငယ် အေးနေ၏။

“အရသာရှိတယ်…”

မော့တိက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

သူက မုထျန်းဟန်၏ တုံ့ပြန်မှုကို မကြားရသဖြင့် မော့ကြည့်လိုက်ရာ မုထျန်းဟန်က ပြုံးရွှင်စွာဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

“?”

မော့တိက ခေါင်းလေးကို စောင်းငဲ့လိုက်၏။

“ကိုကို… ဘာဖြစ်လို့လဲ…”

“ဘာမှမဖြစ်ပါဘူး… နို့ အရင်သောက်လိုက်…”

မုထျန်းဟန်က ပေါင်မုန့်ခြင်းကို ဖယ်လိုက်ပြီး မော့တိ၏ လက်ထဲသို့ နွားနို့ခွက်ကို ထည့်ပေးလိုက်သည်။

ထို့နောက် မုထျန်းဟန်က လှည့်ထွက်သွား၏။ သူက မော့တိ၏ စိတ်ထဲတွင် ပရမ်းပတာ ဖြစ်နေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်ဟန် ဆောင်နေသည့်ပုံစံလေးကို ရယ်နေမိသည်။ သူ မေ့နေသဖြင့် ပေါင်မုန့်မီးကင်ကို အပူပြန်မပေးရသေးသော်လည်း မော့တိက ထိုပေါင်မုန့်ကို သူ့ပါးစပ်ထဲသို့ အတင်း ထိုးသွပ်ထည့်နေ၏။

ဤသည်မှာ အင်မတန် ချစ်စရာ ကောင်းလွန်းလှပေသည်။



Xxxxxxx