Chapter 127
ကုန်ဆုံးသွားသော ယခုနှစ်မှာ မော့တိ သူ့ဘဝ နှစ်ဘဝလုံးတွင် ခံစားဖူးသမျှ၌ အပျော်ဆုံးနှစ်ပင်။
အနိုင်ကျင့်ခြင်း၊ စော်ကားခြင်းနှင့် အပယ်ခံရခြင်း လုံးဝ မရှိခဲ့ပေ။ မိနစ်တိုင်း စက္ကန့်တိုင်းတွင် သူ့အနေဖြင့် ခြွင်းချက်မရှိ ပြုံးနိုင်ခဲ့သည်။
“ကိုကို… ကျွန်တော်လည်း ပါချင်တယ်…”
မော့တိနှင့် မုထျန်းဟန်တို့က ညနေပိုင်းအထိ ဘာမှမလုပ်ဘဲ နေခဲ့ကြပြီးနောက် သူတို့၏ အင်္ကျီလက်များကို ခေါက်တင်၍ နှစ်သစ်ကူးအကြို ညစာ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ကြသည်။ မုထျန်းဟန်က သူ့နောက်သို့ အမြှီးတစ်ချောင်းလို ကပ်လိုက်လာသည့် မော့တိကို ကြည့်ပြီး ပြုံးလိုက်သည်။ သူက အထိအတွေ့အားဖြင့် အလွန် စွဲမက်စေသည့် နူးညံ့သော ပါးပြင်လေးကို ညင်သာစွာ ဆွဲညှစ်လိုက်လေသည်။
“ကောင်းပြီလေ… ဒါပေမဲ့ အများကြီး လုပ်စရာမလိုပါဘူး… ကိုယ်တို့သုံးယောက်အတွက် ဟင်း ၆ မျိုးလောက် ပြင်လိုက်ရင် ရပြီ…”
“ဒီလောက်နဲ့ လောက်ပါ့မလား… နောက်ထပ် နှစ်မျိုး ထပ်ထည့်ရအောင်…”
မော့တိက နှစ်သစ်ကူးညစာစားပွဲကို လူတိုင်းအတွက် အရသာရှိသော အစားအသောက် အစုံအလင် ပြင်ဆင်ထားသော ထမင်းဝိုင်းဖြင့် အမြဲတမ်း စားချင်နေခဲ့သည်။ သူက မတူကွဲပြားသော ဟင်းပွဲများ အမျိုးမျိုး ခင်းကျင်းထားသည်ကို ကြည့်ခြင်းအားဖြင့် အနည်းငယ် ပျော်ရွှင်လာသလို ခံစားရနိုင်ပေသည်။
“အမြည်းနှစ်ပွဲ၊ အဓိကဟင်းလျာ ခြောက်ပွဲနဲ့ ဟင်းချိုတစ်မျိုးဆိုရင်ရော ဘယ်လိုလဲ…”
“ကောင်းပြီလေ…”
မုထျန်းဟန်က ချစ်မြတ်နိုးစွာဖြင့် မော့တိ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။
“ဒါပေမဲ့ အရမ်း အလုပ်ရှုပ်အောင် မလုပ်နဲ့နော်… ကိုယ်တို့နှစ်ယောက် တစ်နာရီအတွင်း အပြီးချက်နိုင်မယ့် မီနူးမျိုးပဲ လုပ်ရအောင်…”
“အင်း…” မော့တိက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်သည်။
ထိုအချိန်တွင် လိုင်သယ်စစ်၏ ခေါင်းက ပြူထွက်လာပြီး အရိပ်အကဲ သိသော အပြုံးမျိုးဖြင့် ပြောလိုက်၏။
“မင်းတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို ငါ မနှောင့်ယှက်တော့ပါဘူး… ငါ စွင်းစွင်းနဲ့ လမ်းလျှောက်ထွက်ပြီး မင်းတို့တွေ ဟင်းချက်ပြီးတဲ့အချိန်ထိ စောင့်နေလိုက်မယ်…”
“ဒီကိုလာပြီး အသီးအရွက်တွေ ဆေးစမ်းပါ…”
မုထျန်းဟန်က စကားဖြတ်ပြောလိုက်ပြီးနောက် သူ့ကို အမိန့်ပေးလိုက်သည်။
“အလုပ်ကို ရှောင်ပြေးဖို့ မစဉ်းစားနဲ့… ဒီလိုမှမဟုတ်ရင် မင်းကို စွင်းစွင်းနဲ့ အတူတူ ညစာ စားခိုင်းပြီး ငါတို့တွေ စားနေတာကို ထိုင်ကြည့်ခိုင်းမယ်…”
“အိုင်း…”
လိုင်သယ်စစ်က ညည်းညူလိုက်သည်။
“ငါက မင်းတို့နှစ်ယောက်ကို ကိုယ်ပိုင်အချိန်လေး ပေးချင်တာပါကွာ…”
“ဆင်ခြေတွေ ပေးမနေဘဲ အလုပ်လာလုပ်စမ်းပါ… ငါတို့တွေ နောက်တစ်နာရီနေရင် ညစာ စားကြမယ်…”
မုထျန်းဟန်က သူ့ဆီသို့ အာလူးအိတ်တစ်အိတ် ပစ်ပေးလိုက်သည်။
“ငါ့ရဲ့မော့တိလေးဆိုရင် မင်းထက် ၁၁ နှစ်တောင် ငယ်တဲ့ ဂျူနီယာလေးပဲ… သူက မင်းအတွက် ချက်ပြုတ်ပေးနေတဲ့အချိန်မှာ မင်းက ဘာမှမလုပ်ဘဲ ထိုင်နေလို့ သင့်တော်ပါ့မလား…”
လိုင်သယ်စစ်က ထပ်ပြီး မငြင်းခုံနေတော့ပေ။
“…”
ကောင်းပြီလေ၊ ဒါလည်း ကျိုးကြောင်းဆီလျော်တာပဲ။
သူတို့၏ နှစ်သစ်ကူးညစာမှာ အရသာမျိုးစုံနှင့် အမျိုးအစား စုံလင်လှပေသည်။ မော့တိက အဆင့်မြင့် ဟင်းလျာအချို့ဖြင့် သူ၏ ကျွမ်းကျင်မှုကို ပြသခဲ့၏။ ငါးခေါင်းအစပ်နှပ်၊ ငါးအသားလွှာပြုတ်၊ နံရိုးကြက်သွန်ဖြူကင်၊ ချိစ်ပုစွန်မီးကင်၊ ဆလက်ရွက်ကြော် စသည်ဖြင့် အမျိုးစုံအောင် ချက်ပြုတ်ခဲ့သည်။
လိုင်သယ်စစ်မှာ ဆွဲဆောင်မှုရှိသော အရောင်အသွေး၊ မွှေးရနံ့များဖြင့် ပြင်ဆင်ထားသော ဟင်းပွဲမျိုးစုံကို ကြည့်ပြီး သွားရေကျလာမိသည်။
“ဒီအနံ့က မွှေးနေတာပဲ…”
လိုင်သယ်စစ်က တံတွေးမျိုချလိုက်သော်လည်း သူ့နေရာမှ မဖယ်ပေးပေ။ ယင်းအစား သူက ဟင်းပွဲများကို နေရာခြားလိုက်ပြီး တစ်ပွဲချင်းစီကို ဓာတ်ပုံ လိုက်ရိုက်နေ၏။
မော့တိက သူ့အတွက် စွပ်ပြုတ်တစ်ပန်းကန် လောင်းထည့်ရန် လက်လှမ်းလိုက်သည့် အချိန်မှာပင် လိုင်သယ်စစ်က သူ့ကို လှမ်းတားလိုက်သည်။
“ခဏလေး ရှောင်တိ… မင်းလက်ကြီး ဝင်မရှုပ်နဲ့ဦး…ငါ ဒါတွေ ဓာတ်ပုံအကုန်ရိုက်ပြီးသွားရင် မင်း စားလို့ရပြီ…”
မော့တိက ဘာမှပြန်မပြောချေ။
မုထျန်းဟန်က သူ့နောက်မှ ထွက်လာပြီး သူ့လက်ထဲမှ ဖုန်းကို လုယူလိုက်၏။ ထို့နောက် သူက ဖုန်းကို ဆိုဖာပေါ်သို့ တိုက်ရိုက် ပစ်တင်လိုက်လေသည်။
“အား…”
လိုင်သယ်စစ်က အော်ဟစ်ပြီး သူ့ဖုန်းကို ဖမ်းရန် ပြေးသွားလေသည်။
“မုထျန်းဟန် မင်း တိရစ္ဆာန်ကောင်… ငါ ရိုက်နေတာ မပြီးသေးဘူးလေ…”
မုထျန်းဟန်က သူ့ကို လျစ်လျူရှုထားပြီး မော့တိဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
“မင်း ဟင်းချို ထည့်ချင်တာလား… ကိုကို မင်းကို ထည့်ပေးမယ်… တစ်ခုခု အရင် စားထားလိုက်…”
မော့တိက လိုင်သယ်စစ်ကို လှမ်းကြည့်လိုက်ပြီး မုထျန်းဟန်ကို တီးတိုးပြောလိုက်သည်။
“ကိုကို… အစ်ကိုလိုင်သယ်စစ်ကို ကြည့်ရတာ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ… ပုံမှန်အတိုင်းဆို သူက တူကို အရင်ဆုံး ကိုင်တဲ့လူ မဟုတ်လား…”
“သူက ယဉ်ကျေးချင်ယောင် ဆောင်နေတာ… သူ့ကို စိတ်ထဲ ထားမနေနဲ့…”
မုထျန်းဟန်က မော့တိ၏ ဆံပင်လေးများကို ပွတ်သပ်လိုက်ပြီး သူ့ရှေ့တွင် စွပ်ပြုတ် တစ်ပန်းကန် ချပေးလိုက်သည်။
မုထျန်းဟန် စကားဆုံးသွားသည့်အချိန်တွင် သူတို့နှစ်ယောက်လုံး အနောက်ဘက်မှ လိုင်သယ်စစ်၏ ယဉ်ကျေးသိမ်မွေ့သော စကားသံကို ကြားလိုက်ရသည်။
“အင်း… ဟုတ်ပါတယ်… ဟင်းတွေ အများစုကို ရှောင်တိ ချက်တာပါ… မုက နှစ်ပန်းကန်တည်း ချက်တာ… ကျွန်တော်လည်း ကူညီပေးခဲ့ပါတယ်… သန့်ရှင်းရေးနဲ့ ဟင်းသီးဟင်းရွက်တွေ လှီးတာက ကျွန်တော် လုပ်တာပါ… ဟီးဟီးဟီး… တကယ်လို့ ခင်များ ကျွန်တော်တို့နဲ့ လာပြီး စားချင်တယ်ဆိုရင် ကျွန်တော်တို့ အချိန်မရွေး ကြိုဆိုနေပါတယ်ဗျ… အိုး ခင်များက ငါးခေါင်းအစပ်နှပ်ကို အကြိုက်ဆုံးလား… ကျွန်တော်လည်း အတူတူပဲ… ကျွန်တော်လည်း အဲ့ဒီဟင်းကို အကြိုက်ဆုံး… ကျွန်တော် မော့တိဆီကနေ အဲ့ဒီဟင်းချက်နည်းကို သင်ဖို့ စဉ်းစားနေပါတယ်… ဟီးဟီး…”
မော့တိ - “…”
ထို့ကြောင့် ဤကိစ္စအားလုံးအား ဦးလေးစုန့်ကို ပြရန် လုပ်ခဲ့ခြင်းလား။
ဦးလေးစုန့်က သူ့ကို သူ၏မိတ်ဆွေစာရင်းတွင် ထည့်ရန် သဘောတူလိုက်သည့် အချိန်တည်းက လိုင်သယ်စစ်မှာ ယခင်ကနှင့် မတူတော့ပေ။ ယခုအချိန်မှာ သိသိသာသာပင် ဆောင်းရာသီ ဖြစ်နေသော်လည်း လိုင်သယ်စစ်အတွက်မူ နွေဦးရောက်နေသလို ခံစားနေရသည်။
“မင်း လာမစားဘူးဆိုရင် ငါတို့တွေ မင်းကို မစောင့်ဘဲ စားတော့မှာနော်…”
မုထျန်းဟန်က လိုင်သယ်စစ်၏ အရောင်တလက်လက် ဖြာထွက်နေသော မျက်နှာကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
“စား… စား… ငါလည်း စားမယ်…”
လိုင်သယ်စစ်က သူ့ဖုန်းကို ချထားလိုက်ပြီး ရောက်လာ၏။
“ရှောင်ယွီက ထမင်းသွားစားပြီဆိုတော့ ငါလည်း စားတော့မယ်…”
မော့တိမှာ ပြောစရာစကား မရှိအောင် ဖြစ်သွားရ၏။ အကယ်၍ ဦးလေးစုန့်သာ ထမင်း သွားမစားသေးပါက လိုင်သယ်စစ်မှာ သူ့ကိုယ်သူ အငတ်ခံပြီး နေမည်လား။
မုထျန်းဟန်က ရှန်ပိန်တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး မော့တိအတွက် ဖန်ခွက်တစ်ဝက် လောင်းထည့်ပေးလိုက်သည်။ ကြည်လင်ပြတ်သားသည့် ရွှေရောင်အရည်မှာ ဝိုင်ဖန်ခွက်ထဲ၌ လှိုင်းထနေလေ၏။
“ဒီထဲမှာ အယ်လ်ကိုဟောပမာဏ အရမ်းနည်းတယ်…”
မုထျန်းဟန်က မော့တိကို ဖန်ခွက် လှမ်းပေးလိုက်သည်။
“မင်း တစ်ခွက်လောက် သောက်သင့်တယ် ဒါပေမဲ့ ဟင်းသီးဟင်းရွက် နည်းနည်းတော့ အရင်စားလိုက်…”
မော့တိက တစ်ငုံခန့် မော့သောက်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် မျက်တောင် ခတ်လိုက်လေသည်။
“ချိုတယ်…”
မုထျန်းဟန်က သဘောကျစွာဖြင့် သူ့ပါးလေးကို ဆွဲညှစ်လိုက်သည်။ မနက်ခင်းက သူတို့နှစ်ယောက်၏ အနည်းငယ် ရင်းနှီးသည့် အပိုင်းဆက် အပြီးတွင် သိုးရေခြုံထားသော သားရဲကောင် ဖြစ်သည့် မုထျန်းဟန်က သူ့ကောင်လေး၏ ပါးပြင်ကို နောက်တစ်ကြိမ် ဖိညှစ်ရန် စိတ်ဝင်စားနေပုံ ရသည်။
လိုင်သယ်စစ်က ခါးခါးသီးသီးပင် ပြောလိုက်၏။
“မကောင်းဆိုးဝါးကောင်…”
မုထျန်းဟန်က သူ့ကို ပြုံးပြပြီး ပြောလိုက်၏။
“ဒါ မင်းလို တစ်ကိုယ်တည်းသမားတွေ အိပ်မက်ထဲမှာပဲ စိတ်ကူးယဉ်နိုင်တဲ့ ကိစ္စမျိုးပေါ့ကွာ… ဒီလိုမျိုးကိစ္စတွေကို မင်းအနေနဲ့ မကြာခင်အချိန်အတွင်းမှာတောင် လုပ်နိုင်လိမ့်မယ်လို့ ငါတော့ မထင်ဘူး…”
“!” လိုင်သယ်စစ်မှာ အရှိုက်တည့်တည့် ထိသွားလေသည်။
“ဟားဟား… ကိုကို အသီးအရွက်တွေ စားပါဦး…”
မော့တိက မုထျန်းဟန်အတွက် အသီးအရွက်အချို့ ထည့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက လိုင်သယ်စစ်ကို နှစ်သိမ့်ပေးသည့်အနေဖြင့် သူ့နောက်ကျောကို ပွတ်သပ်ပေးလိုက်လေသည်။
ထို့နောက် မော့တိက ဧည့်ခန်းသို့ သွားပြီး တီဗွီမှလာသော နွေဦးပွဲတော်ကပွဲကို ဖွင့်ကြည့်လိုက်၏။
ခဏအကြာတွင် သူတို့အားလုံး တီဗွီမှလာသော ဖျော်ဖြေရေးဂီတနှင့် တင်ဆက်မှုများကို ကြည့်ရှုနေကြလေသည်။ နှစ်သစ်ကူးအချိန်အခါသမယမှာ တဖြည်းဖြည်းချင်း ၎င်း၏ ရိုးရာအသွင်အပြင် ပျောက်ကွယ်လာသည့်အချိန်၌ နွေဦးပွဲတော်မှာ အခမ်းနားဆုံး ပွဲတော်အဖြစ် ကျန်ရစ်နေဆဲပင်။
ဘက်မလိုက်သော ရှုထောင့်မှ ကြည့်မည်ဆိုပါက ပရိသတ်များ၏ ယေဘုယျဝေဖန်ချက်များနှင့် မတူဘဲ အတော်လေး ထူးချွန်သည်ဟု မော့တိက တွေးတောနေမိသည်။
ယခုအချိန်တွင်မူ စားကောင်းသောက်ဖွယ်များ၊ စကားဝိုင်း၊ ဖျော်ဖြေရေးတို့နှင့်အတူ သူတို့အားလုံး အချိန်ကောင်းလေးကို ကုန်ဆုံးဖြတ်သန်းနေကြသည်။
လိုင်သယ်စစ်မှာ သူက အများကြီး ထပ်ပြီး မစားနိုင်တော့သည့်အတွက် မကျေမနပ် ဖြစ်နေ၏။
မုထျန်းဟန်မှာလည်း အတော်လေး ဗိုက်ပြည့်နေသလို ခံစားနေရသည်။ မော့တိ၏ လက်ရာမှာ အလွန် နှစ်သက်ဖွယ် ကောင်းလှသောကြောင့် သူက ပမာဏ များများ စားသောက်ခဲ့သည့်အပြင် ထပ်ပြီး အများအပြား စားချင်နေမိသည်။
ထို့ပြင် မော့တိကမူ ပန်းကန် ၈ ချပ်လုံးကို ပြောင်သလင်းခါအောင် ဝါးစားပစ်လိုက်သည့် ပြီးမြောက်မှုမျိုးကို ခံစားလိုက်ရလေသည်။ သူက မုထျန်းဟန်ဆီသို့ လမ်းလျှောက်သွားပြီး သူ့လက်မောင်းကို ဖက်ကာ ပြောလိုက်သည်။
“ကိုကို… ကျွန်တော်တို့တွေ ဖက်ထုပ် လုပ်ကြမလား…”
“ဖက်ထုပ်လား…”
လိုင်သယ်စစ်၏ နားရွက်များမှာ ဆန့်ထွက်လာပြီး သူက ချက်ချင်းပင် မော့တိဆီသို့ ခုန်ပြေးသွားလိုက်သည်။
“ကောင်းတယ် ကောင်းတယ်… ငါလည်း နည်းနည်း စားမယ်…”
မုထျန်းဟန်က စားထားသော ပန်းကန်များကို ပန်းကန်ဆေးစက်ထဲသို့ အားလုံး ထည့်ပြီးနောက် သူ့လက်ကို ဆေးနေရင်း အချိန်ကို လှမ်းကြည့်လိုက်သည်။
“အခု ၁၁ နာရီတောင် ရှိနေပြီ… ကိုယ်တို့ ပြီးတဲ့အချိန်ကျ အရမ်း နောက်ကျသွားမလား… မနက်ဖြန်မှ လုပ်ရအောင်…”
တကယ်တမ်းတွင် မုထျန်းဟန်က မော့တိကို မပင်ပန်းစေချင်သောကြောင့် ဖြစ်သည်။
“အဲ့ဒီလောက် နောက်မကျသေးပါဘူး…”
မော့တိက မနေ့ညက အိမ်အကူအဒေါ်ကြီး ပြင်ဆင်ပေးခဲ့သည့် အသားကို ရေခဲသေတ္တာထဲမှ ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
“ဒီအသားကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်လိုက်ရုံပဲလေ… ကျွန်တော်တို့ဆီမှာ ခေါက်ဆွဲလုပ်တဲ့စက် ရှိတယ်ဆိုတော့ ဖက်ရွက်ကို လွယ်လွယ်ပဲ လုပ်လို့ ရတယ်…”
“ကြိတ်စက်က အသားကိုပါ ကြိတ်နိုင်လို့လား…”
မုထျန်းဟန်က ဤအချက်ကို မသိခဲ့ပေ။
“ဓားသွားကို ပြောင်းလိုက်ရင် ရတယ်…”
မော့တိက မီးဖိုချောင်ထဲမှ အံဆွဲကို ဖွင့်ရင်း ပြောသည်။
“အရင်တုန်းက အိမ်အကူအဒေါ်ကြီး လုပ်တာ တစ်ခါ မြင်ဖူးတယ်… အထဲမှာ ထည့်တဲ့အသားနဲ့ မုန့်ညက်ကို လုပ်ပြီးသွားရင် ကျွန်တော်တို့က ဖက်ထုပ်ကို ဖက်ရွက်နဲ့ ထုပ်လိုက်ရုံပဲ…အချိန်အဲ့လောက် မကြာပါဘူး... ဒါက နှစ်သစ်ကူးအကြိုနေ့မှာ လုပ်သင့်တတ်တဲ့ ရိုးရာတစ်ခုဆိုတော့ နှစ်သစ်ကူးကို ကြိုဆိုရင်းနဲ့ ဖက်ထုတ် လုပ်စားလို့ ရပါတယ်… ပြီးတော့ ဒါက ကောင်းတဲ့နှစ်ရဲ့ လက္ခဏာပဲ…”
“ဒါဆို မင်း ကိုယ့်ကို သင်ပေးမှ ရမယ်… ကိူယ်လည်း အမေရိကကို ပြန်ရင် ငါ့မိသားစုအတွက် လုပ်ပေးချင်လို့…”
မုထျန်းဟန်က မော့တိကို တစ်ယောက်တည်း မလုပ်စေချင်သည့်အတွက်ကြောင့် သူ့ကို ကူညီပေးရန် အကြောင်းပြချက် ပေးလိုက်လေသည်။
“ကောင်းပြီလေ… ကျွန်တော် ကိုကို့ကို သင်ပေးမယ်…”
မော့တိက များများစားစား မတွေးနေပေ။ သူက မုထျန်းဟန်နှင့် အချိန်အတူတူ ဖြုန်းချင်သည်ကိုသာ သိသည်။ ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ကာ ဖက်ထုပ်လုပ်နေသည့်အချိန်သည်ပင် သူတို့အတွက် ကြည်နူးစရာ ကောင်းသည့် အခိုက်အတန့် ဖြစ်နေဆဲပင်။
လိုင်သယ်စစ်ကမူ အပျော်ဆုံး ဖြစ်နေ၏။
ဟီးဟီး… အစားကောင်း အသောက်ကောင်းတွေ ထပ်လာတော့မယ်…
ထို့ပြင် သူ့အနေဖြင့် နောက်တစ်ကြိမ်တွင် ရှောင်ယွီအတွက် ချက်ပြုတ်ပေးရန်ပင် သင်ယူနိုင်ပေသည်။
ဖက်ထုပ်များကို ချက်ပြုတ်ပြီးနောက် သူတို့သုံးယောက်သား နွေဦးပွဲတော်ကို အဆုံးထိ ကြည့်ရင်း အရသာရှိစွာ စားသောက်လိုက်ကြသည်။
“ဒါ နောက်ဆုံးပဲ…”
မော့တိက စားပွဲပေါ်မှ နာရီကို ကြည့်ကာ ပြောလိုက်၏။
“ကိုကို… တစ်နာရီ ထိုးခါနီးပြီ… အိပ်ရာဝင်ရအောင်…”
“လိုင်သယ်စစ်ကို ပန်းကန်တွေ ဆေးခိုင်းလိုက်… သူ့ကို လွယ်လွယ်နဲ့ လွှတ်မထားနဲ့…”
မုထျန်းဟန်က မော့တိကို ပွေ့ပြီး ချီမြှောက်လိုက်သည်။
“အာ…”
မော့တိက အံ့အားသွား၏။ သူ အသားကျသွားသောအခါ သူက မုထျန်းဟန်၏ ဝမ်းဗိုက်ကြွက်သားများပေါ်တွင် စီးမိလျက်သား ဖြစ်နေသည်။ ထို့ကြောင့် သူက ကိုယ်ကို ငုံ့ကာ မုထျန်းဟန်၏ ပါးကို နမ်းလိုက်သည်။
ထိုအခိုက်တွင် မုထျန်းဟန်၏ ရင်ဘတ်မှာ ကြည်နူးမှုနှင့်အတူ တုန်လှုပ်သွားလေသည်။ သူက မော့တိကို တစ်ဖက်သို့ ပို့ကာ ကြင်နာယုယစွာဖြင့် စိုက်ကြည့်လိုက်၏။
“အိပ်ချိန်ရောက်ပြီ…ကိုကို မင်းကို အခန်းထဲ လိုက်ပို့ပေးမယ်…”
မော့တိ၏ နားရွက်များမှာ နီရဲနေသော်လည်း သူက ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း…”
လိုင်သယ်စစ်ကမူ သူတို့နှစ်ယောက်သားကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။ သူက စားပြီးသားပန်းကန်များကို ယူဆောင်ကာ ၎င်းတို့ကို မီးဖိုချောင်ထဲရှိ ပန်းကန်ဆေးစက်ထဲသို့ ထည့်လိုက်ပြီးနောက် သူ့ဖုန်းကို အမြန် ထုတ်ကာ စုန့်ယွီထံသို့ စာပို့လိုက်လေသည်။
သူ့ထံတွင်လည်း အဆင်ပြေသူ တစ်ယောက် ရှိနေ၏။
သို့ရာတွင်… သို့ရာတွင်မူ ထိုပုဂ္ဂိုလ်က သူ့ကို ယခုအချိန်ထိ လက်မခံသေးပေ။
နောက်တစ်နေ့တွင် မော့တိက မနက် ၈ နာရီထိအောင် အိပ်ပျော်နေခဲ့သည်။ ထို့နောက် မုထျန်းဟန်က သူ့ကို အပြင်ထွက်ပြီး ကစားရန် ခေါ်သွား၏။ သူတို့နှစ်ယောက်သား မဟာတံတိုင်းကြီးကို တက်ကြပြီး Forbidden City နှင့် Fragrant Hills တို့ဆီသို့ သွားရောက်လည်ပတ်ကြပြီး စားကောင်းသောက်ဖွယ်များ စားသောက်ကာ ရုပ်ရှင် သွားကြည့်ကြလေသည်။ တစ်နေ့လုံး သူတို့နှစ်ယောက်သား ချိုမြိန်စွာ အတူတူ တပူးပူးတတွဲတွဲ ရှိနေခဲ့ကြသည်။
နှစ်သစ်ကူး ဒုတိယမြောက်နေ့တွင် မုထျန်းဟန်က မော့တိနှင့်အတူ ပျော်ပါးရန် မနက်ပိုင်းက အပြင်သို့ ခေါ်ထုတ်သွားခဲ့သော်လည်း နေ့လည်ပိုင်းတွင် သူတို့နှစ်ယောက် ပြန်ရောက်လာကြသည်။ ထို့နောက် နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် စကားပြောရင်း စကျင်ကျောက်ပြားကြီးပေါ်၌ ထိုင်ကာ စာဖတ်နေကြသည်။
အခန်းတွင်းရှိ အပူချိန်မှာ ပြီးပြည့်စုံစွာပင် သက်တောင့်သက်သာ ရှိလှပြီး ထူထဲသည့် ကက်ရှ်မီးယား ကောဇောကြီးပေါ်၌ မော့တိက မုထျန်းဟန်၏ ရင်ခွင်ထဲတွင် လှဲလျောင်းရင်း နှစ်ယောက်သား စကားစမြည် ပြောကာ နမ်းရှုံ့နေကြလေသည်။
နေရောင်ခြည်မှာ တောက်ပနေ၏။
ထိုနည်းတူပင် ပျော်ရွှင်မှုက သူ့နှလုံးသားလေးကိုပင် အရည်ပျော်သွားစေနိုင်သည်။
သို့သော် ကောင်းမွန်သော အချိန်လေးများမှာ အမြဲပင် တိုတောင်းလှသည်။
သုံးရက်တာ ပိတ်ရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး ထိုနေ့ညတွင် မော့တိက စခန်းဆီသို့ ပြန်သွားလိုက်ရလေသည်။
သုန်မှုန်နေသော အသွင်အပြင်ဖြင့် သက်ပြင်းချနေသော မော့တိကို မုထျန်းဟန်က သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ပေးသည်။
မုထျန်းဟန်ကလည်း မော့တိနှင့် ခွဲရန် တွန့်ဆုတ်နေ၏။ သူက မော့တိ၏ ပါးလေးကို ညှစ်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
“ပျော်ပျော်နေပါ… မင်းတို့တွေက ဆီမီးဖိုင်နယ် ရောက်တော့မှာဆိုတော့ အဲ့ဒါပြီးရင် အားလုံး အဆုံးသတ်ဖို့ နှစ်လလောက်တောင် မလိုတော့ဘူး… ချန်ပီယံဆုနဲ့ မင်းရလာမယ့် အကျိုးအမြတ်တွေကို စဉ်းစားကြည့်လိုက်… မင်းရဲ့ ကုမ္ပဏီက ဒီပြိုင်ပွဲမှာ အနိုင်ရတာကနေ သေချာပေါက် အင်အားတွေ တက်လာမှာပဲ… ဒီကိစ္စကိုပဲ အာရုံစိုက်ထားရင် မင်း ပျော်ရွှင်လာလိမ့်မယ်…”
“အင်း… အဲ့ဒီအတွေးကတော့ ကျွန်တော့်ကို တကယ် ပျော်ရွှင်စေပါတယ်…”
မော့တိက ခေါင်းငြိမ့်လိုက်သည်။ မုထျန်းဟန်က သူ့ခေါင်းကို ဖွဖွလေး ပုတ်ကာ မော့တိ၏ လည်ပင်းပေါ်တွင် သူ့လက်ကို တင်ထားရင်း ပြောသည်။
“လိမ္မာတဲ့ကောင်လေး…”
မော့တိ ပြန်ရောက်လာသည့်အချိန်တွင် တစ်ဖွဲ့လုံး ကွန်ပျူတာရှေ့တွင် စုရုံးနေကြပြီး တစ်ခုခုကို ကြည့်ကာ ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
ခြေသံများ ကြားလိုက်ရသည်နှင့် ချန်ကျောင်းက နောက်လှည့်လာပြီး မော့တိကို မြင်လိုက်ရသည်နှင့် သူ့မျက်နှာ အမူအရာမှာ ပြောင်းလဲကာ ထိုင်ခုံမှ ထခုန်မိလုနီးပါးပင် ဖြစ်သွားလေသည်။
“အား ရှောင်တိ… ရှောင်တိ မင်း ပြန်လာပြီပဲ…”
“မင်းတို့တွေ ဘာလုပ်နေကြတာလဲ…”
မော့တိက မျက်မှောင်ကြုံ့လိုက်သည်။ ချန်ကျောင်း၏ အမူအရာမှာ ကိစ္စ တစ်ခုခု ဖြစ်နေကြောင်းကို သိသိသာသာ ဖော်ပြနေ၏။
အခြားသူများကလည်း ချန်ကျောင်း၏ စကားကို ကြားသောအခါ သူတို့အားလုံး အလျင်စလို မတ်တပ်ထရပ် လိုက်ကြလေသည်။ သူတို့၏ စကားများမှာ ဗလုံးဗထွေး ဖြစ်နေ၏။
“ရှောင်တိ… ရှောင်တိ မင်းက ပြန်ရောက်နေပြီပဲ…”
မော့တိ၏ သံသယစိတ်မှာ မြင့်တက်လာသည်။ သူက သူတို့ဆီသို့ လျှောက်သွားပြီး မေးလိုက်၏။
“သေချာပြောစမ်းပါ… မင်းတို့တွေ ဘာလုပ်နေကြတာလဲ…”
“ဟားဟား… အဲ့ဒါလား… ငါတို့တွေ ရသစုံရှိုးတစ်ခု ကြည့်နေကြတာပါ…”
ရှန့်ယွီချောင်က အတင်းပြုံးပြကာ သူ့ကွန်ပျူတာကို ပိတ်ချလိုက်လေသည်။
“ဘာရသစုံရှိုးလဲ…”
ဖန်ချန်းလောင်က ပြော၏။
“ဒီတိုင်း… ဒီတိုင်း မှတ်တမ်းရုပ်ရှင် အတိုလေးပါကွာ…”
“ဟုတ်တယ်… ဟုတ်တယ်… မှတ်တမ်းရုပ်ရှင်…” ။
လင်ကျွင်းဖုန်က ထပ်ပြောလိုက်လေသည်။
ဟန်ချောင်က တုန်လှုပ်ချောက်ခြားနေသော အရူးနှစ်ယောက်ကို မကြည့်ရက်နိုင်သဖြင့် သူ့မျက်နှာကို အုပ်ထားသည်။
“ဒီအချိန်ကြီးမှာ မင်းတို့က ဘာလို့ မှတ်တမ်းရုပ်ရှင် ကြည့်နေကြတာလဲ…”
မော့တိက လေးနက်လာပြီး သူတို့အားလုံးကို တင်းမာစွာ စိုက်ကြည့်လိုက်သည်။
“ငါ့ကို အမှန်အတိုင်း မြန်မြန် ပြောပြစမ်းပါ… မင်းတို့တွေ အခု ဘာလုပ်နေကြတာလဲ…”
Xxxxxx