အပိုင်း ၁၂၈
Viewers 28k

Chapter 128



“ဘာမှမဟုတ်ဘူး… တကယ်ပြောတာ… ငါတို့တွေ ဘာမှမလုပ်ရသေးဘူး… တကယ်…”

ချန်ကျောင်းက တံတွေးကို မျိုချရင်း ရယ်မောလိုက်သည်။

“ဟားဟား… ငါတို့တွေ လူနည်းနည်းလေး ဘာလုပ်နိုင်မှာလဲ…”

“သူတို့တွေ အင်တာနက်က ဗွီဒီယိုတွေကို ကြည့်နေတာ ဖြစ်မယ်…”

ကျောက်ချွင်က တံခါးကို မှီ၍ သူမ၏ မျက်နှာကို နှိပ်နယ်နေသည်။ ထို့နောက် သူမက မျက်နှာကို ပေါင်းတင်ကပ်ခွာ ကပ်လိုက်ပြီး ဆက်ပြော၏။

“ရသစုံရှိုးတစ်ခုကနေပြီး မော့မိသားစုအကြောင်း ပြောသွားတာကို ကြားလိုက်တယ်…”

မော့တိ၏ မျက်လုံးများမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက တင်းမာသော အမူအရာဖြင့် မေးလိုက်၏။

"ဘာဖြစ်တာလဲ ငါ့ကို ပြောပြ…”

“ငါ… ငါနဲ့ ဘာမှမဆိုင်ဘူး…”

ရှန့်ယွီချောင်က လင်ကျွင်းဖုန်၏ နောက်တွင် သွားရပ်လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောသည်။

“ငါ ငါ ဘာမှ မသိဘူး… ငါက အပြစ်ကင်းတယ်…”

ဖန်ချန်းလောင်က လင်ကျွင်းဖုန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့နောက်တွင် နောက်တစ်ယောက်အတွက် နေစရာ မရှိတော့သဖြင့် နောက်ထပ် ပုန်းစရာနေရာ ရှာဖွေလိုက်သည်။

လင်ကျွင်းဖုန်မှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားလေသည်။ သူက ချန်ကျောင်းနှင့် ရှန့်ယွီချောင်တို့ နှစ်ယောက်လုံးကို ဖမ်းကိုင်လိုက်ပြီး သူတို့နှစ်ယောက်ကို ရှေ့သို့ တွန်းပို့လိုက်၏။

“ရှူး… ရှူး… ရှူး… မင်းတို့နှစ်ယောက်က ဘယ်မှာ အပြစ်ကင်းလို့လဲ…”

သူတို့အားလုံးထဲတွင် အရင့်ကျက်ဆုံးဖြစ်သူ ဟန်ချောင်က အခြေအနေကို ရှင်းပြရန်အတွက် အားလုံးကိုယ်စား ပြောရေးဆိုခွင့် ရှိသူအဖြစ် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

“ရှောင်တိ… ဒီကိစ္စကို ငါ ရှင်းပြမယ်…”

အခြားသူများမှာ ကျောက်ရုပ်ကြီးများကဲ့သို့ အသံတိတ်နေကြလေသည်။

မော့တိက မျက်မှောင်ကြုတ်ထား၏။

“ဆက်ပြော…”

ဟန်ချောင်မှာ ဂနာမငြိမ် ဖြစ်ကာ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

“ငါတို့တွေ ဒီမနက် လမ်းလျှောက်ထွက်တုန်း လင်မယားနှစ်ယောက် စကားပြောနေတာကို ကြားလိုက်ရတာကနေ စတာပဲ… အဲ့ဒီလူကြီးက မင်းသမီးအသစ် တစ်ယောက် ပါမယ့် အွန်လိုင်းက အထူးအင်တာဗျူး တစ်ခု အကြောင်းကို ပြောနေတာ… သူပြောတဲ့ပုံအရဆိုရင် မင်းသမီးက အရမ်း နာမည်ကြီးလွန်းလို့ သူက ပရိုဂရမ်ကိုတောင် လူသိများအောင် လုပ်ပေးနိုင်တယ်တဲ့…”

“အင်း… ပြီးတော့ရော…”

“ကံစမ်းမဲအစီအစဉ်လည်း ပါတယ် ပြီးတော့ အနိုင်ရတဲ့သူက မင်းသမီးကိုယ်တိုင် လက်မှတ် ထိုးထားတဲ့ ဓာတ်ပုံကိုလည်း ရနိုင်တဲ့အပြင် အဲ့ဒီဓာတ်ပုံက အရင်တုန်းက ထုတ်မပြဖူးတဲ့ ဓာတ်ပုံလို့လည်း ပြောသေးတယ်…”

ဟန်ချောင်မှာ ပို၍ပင် သိသိသာသာ ရှက်လာသည်။

ဘေးကျပ်နံကျပ် ဖြစ်နေသည့် ဟန်ချောင်ကို ကယ်တင်ပေးချင်သောကြောင့် ဖန်ချန်းလောင်က ဝင်ပြော၏။

“ဓာတ်ပုံကို လိုချင်နေတဲ့သူက ရှန့်ယွီချောင်ပဲ…သူက ပွဲအကြောင်းကို မေးဖို့ လျှောက်သွားလိုက်တာ…”

“ငါ ဓာတ်ပုံ လိုချင်တယ်လို့ မင်းတို့ကို ဘယ်သူပြောလဲ… စပ်စုရုံပဲကွ… ငါက ဒီတိုင်း စပ်စုကြည့်တာ…”

ရှန့်ယွီချောင်က တခြားသူများ သဘောမကျနိုင်လောက်သည့်ပုံစံဖြင့် ပြောလိုက်သည်။

ဖန်ချန်းလောင်က သူ့ကို အဖက်မလုပ်ပေ။

“အဲ့ဒီလူကြီးက ငါတို့ကို ပရိုဂရမ်ရဲ့ နာမည်ပြောသွားပေမယ့် ဧည့်သည်တော်တွေက ဘယ်သူလဲဆိုတာ ငါတို့တွေ တစ်ယောက်မှ မသိကြဘူးလေ… ဒါ နားဆင်သူတွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စရာ ဖြစ်အောင် လုပ်တာတဲ့… အဲ့ဒီမင်းသမီးရဲ့ နာမည်ကို ရုပ်သံမထုတ်လွှင့်ခင် နှစ်နာရီအလိုကမှ ကြေညာတယ်…”

“ဟုတ်တယ်… ငါးဆားနယ်ဆိုတဲ့ကောင်က ပွဲအကြောင်းမေးဖို့ သွားတာ… ပြန်လာပြီးတော့ ကွန်ပျူတာရှေ့ စောင့်နေပေမယ့် ၈ နာရီခွဲမှ သူတို့က အထူးဧည့်သည်တော်ရဲ့ နာမည်ကို ကြေညာလိုက်တယ်… ထွက်လာတော့ အဲ့ဒီလူက မော့လျှိုကွေ့ ဖြစ်နေရော…”

“ရှန့်ယွီချောင်က ငါတို့ကို ဒီအကြောင်း ပြောပြပြီးတော့ ငါတို့တွေ ဆွေးနွေးခဲ့ကြတယ်… ပြီးတော့ ငါတို့တွေ နည်းနည်းလောက်တော့ ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်…”

ချန်ကျောင်းက မဝံ့မရဲဖြင့် ဆက်ပြောသည်။

“ဒါတွေက ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးပဲ…”

“အင်း… အင်တာဗျူးက မိနစ် ၃၀ ကြာတယ်… ငါတို့တွေ အဆုံးထိ ဆက်ကြည့်ပြီးတော့ မင်း ပြန်ရောက်လာတာပဲ…”

ဟန်ချောင်က ထပ်ဖြည့်စွက်ပြီး ပြောလိုက်သည်။

“ဒါဆို ဒါ အကုန်ပဲလား…”

မော့တိမှာ ပြောစရာစကားလုံးများ ရှာမတွေ့နိုင်အောင် ဖြစ်နေသည်။ သူက ယခင်ဘဝတွင် မော့လျှိုကွေ့အပေါ် အရူးအမူး စွဲလမ်းခဲ့ကြသည့် သူ့ပတ်ဝန်းကျင်မှ လူများကို မုန်းတီးသော်လည်း ယခုဘဝတွင်မူ သူ့သူငယ်ချင်းများအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိပေသည်။ သူတို့အားလုံး မော့လျှိုကွေ့အပေါ် ကြွေသွားကြပြီး သူ့နောက်ကျောကို ဓားဖြင့် ထိုးလိမ့်မည် မဟုတ်ဟု ယုံကြည်ထား၏။ အင်တာဗျူးကို ကြည့်ခြင်းသက်သက်သာ ဖြစ်ပါက သူတို့အနေဖြင့် မော့တိ သိသွားမည်ကို ကြောက်နေစရာ လိုသည်လား။

“မင်းတို့အားလုံး ဒီကိစ္စကိုပဲ ဖုံးကွယ်ဖို့ ကြိုးစားနေကြတာလား… ငါက အာဏာရှင်လို ဖြစ်နေလို့လား... မင်းတို့တွေ ဗွီဒီယိုလေးတစ်ခုလောက် ကြည့်တာကို ဘာလို့ ပြစ်မှုကျူးလွန်သလို လုပ်နေကြတာလဲ…”

“ဒါပေမဲ့… ဒါပေမဲ့ ငါတို့က မင်းကို ဒီအင်တာဗျူးအကြောင်း မမြင်စေချင်၊ မသိစေချင်လို့ပါ…”

ဟန်ချောင်က သက်ပြင်းချပြီး ပွင့်ပွင့်လင်းလင်း ပြောရန် ဆုံးဖြတ်လိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ ဒီအင်တာဗျူးက နည်းနည်း စိတ်ရှုပ်စရာကောင်းတယ်… ငါတို့တွေ မင်းကို စိတ်မညစ်စေချင်လို့ ငါတို့တွေအားလုံး ဗရုတ်သုတ်ခနဲ့ မင်း မမြင်အောင် တားဖို့ ကြိုးစားနေကြတာ…”

“ဘာဖြစ်လို့လဲ… သူ အင်တာဗျူးမှာ ငါ့အကြောင်း ပြောခဲ့တာတော့ မဟုတ်ဘူးမလား.. ဟုတ်လို့လား…”

မော့တိက သံသယရှိနေသဖြင့် တည်ငြိမ်စွာ မေးလိုက်သည်။

“သူ အင်တာဗျူးမှာ ဘာပြောခဲ့တာလဲ…”

“အင်တာဗျူးတစ်ခုလုံး အစအဆုံး သူ့ရဲ့ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲအကြောင်းကို ကြော်ငြာဖို့ အဓိက အာရုံစိုက်ထားပေမယ့် နောက်ဆုံးအပိုင်းမှာ သူနဲ့ တင်ဆက်သူကြား အပြန်အလှန် အမေးအဖြေ လုပ်တာ ခဏလေး ရှိလိုက်သေးတယ်…”

ဟန်ချောင်က ခဏရပ်ကာ သူ့နှုတ်ခမ်းများကို သပ်လိုက်ပြီးမှ ဆက်ပြောသည်။

“ကလေးဘဝတုန်းက သူ့ကို အနက်ရှိုင်းဆုံး အထင်ကြီးစေခဲ့တဲ့အရာက ဘာလဲလို့ မေးတဲ့အချိန် သူက မင်းလို့ ပြန်ဖြေခဲ့တယ်… ပြီးတော့…”

“ပြီးတော့ သူက အရင်က စိတ်ဓာတ်ကျတဲ့ ဝေဒနာကိုလည်း ခံစားခဲ့ရဖူးတယ်တဲ့…”

ချန်ကျောင်းက မနေနိုင်တော့ဘဲ ပြောချလိုက်သည်။

“သူ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဖြစ်မယ်… သူက မင်းကို မကောင်းတဲ့ကောင် ဖြစ်အောင် လုပ်ပြီး ပြည်သူ့မေတ္တာခံယူဖို့ ကြိုးစားနေတာပဲ…”

“စိတ်ကျရောဂါ ဟုတ်လား…”

မော့တိက ဤသည်မှာ ရယ်စရာကောင်းသည့် စကားသာ ဖြစ်ကြောင်း တွေးလိုက်မိသည်။ သူမအနေဖြင့် ယခုလို လုပ်ရန် မည်သို့ တွေးမိသွားပါသနည်း။

“မော့လျှိုကွေက သူ အရင်တုန်းက စိတ်ကျရောဂါ ခံစားခဲ့ရတယ်လို့ ပြောတာလား…”

“သူပြောတာတော့ မနှစ်က သူ အထက်တန်း တတိယနှစ်မှာ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်တဲ့…သူ့မိသားစုကို စိတ်မပူစေချင်တဲ့အပြင် သူက တစ်ယောက်တည်း ကျော်ဖြတ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် တိတ်တိတ်ဆိတ်ဆိတ်ပဲ နေခဲ့တာတဲ့… ဘာကြောင့်ဖြစ်တာလဲဆိုရင် သူက မင်းကို ပိုပြီး ကောင်းကောင်းမွန်မွန် မစောင့်ရှောက်ပေးနိုင်လို့ ဖြစ်ရတာတဲ့လေ…အဲ့ဒါကြောင့် မင်းနဲ့ မင်းတို့မိသားစုထဲက လူတိုင်းရဲ့ကြားမှာ ရှိခဲ့တဲ့ နားလည်မှုလွဲမှားခြင်းတွေက ညှိနှိုင်းလို့ မရလောက်တဲ့ အဆင့်ထိ ရောက်သွားခဲ့ရတယ်တဲ့… သူက မင်းကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘဲ မိသားစုရဲ့ အဝေးကို ထွက်သွားစေခဲ့လို့ သူ့ကိုယ်သူ အပြစ်တင်နေတာ…”

တံခါးဝတွင် ရပ်နေသည့် ကျောက်ချွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အမလေး… သူက မော့တိကို ကြားထဲက ခံရတဲ့သူဖြစ်အောင် အသုံးချချင်နေတာ အသိသာကြီး… တင်ဆက်သူက သူ့ကို ကလေးဘဝအကြောင်း မေးတာကို သူက မနှစ်ကအကြောင်း ဖြေတာတဲ့လား… သူ မနှစ်ကဆိုရင် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်လောက် ရှိနေပြီ မဟုတ်ဘူးလား… အဲ့ဒါကို ဘယ်လိုလုပ်ပြီး ကလေးဘဝလို့ ပြောလို့ရမှာလဲ…”

ကျောက်ချွင်မှာ စိတ်တိုလွန်းသဖြင့် သူ့လက်ဖြင့် သူ့ကိုယ်သူ ယပ်ပြန်ခတ်နေသည်။

“သူက ဒရာမာကွင်း လုပ်နေတာမလား… စိတ်ဓာတ်ကျနေတယ်လို့ ပြောဖို့ဆိုရင် သူ့ဆီမှာ ဆေးစာတောင် ရှိလို့လား…”

ဟန်ချောင်က ပြောသည်။

“အခုတော့ မရှိလောက်ဘူး…”

“အင်း… ဆေးလက်မှတ် မပြပဲနဲ့ သူက စိတ်ကျရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ပြောခဲ့တယ်... သူက သူ့မိသားစုကိုတောင် မပြောပြဘဲနဲ့ နာကျင်မှုကို တစ်ယောက်တည်း ဖြတ်ကျော်ဖို့ ကြိုးစားရင်း သူ့ကိုယ်သူ ဘယ်လောက် စာနာထောက်ထားမှု ရှိကြောင်းကို ပြသဖို့ ကြိုးစားခဲ့တယ်… ကောင်းပြီ စာနာထောက်ထားတတ်တဲ့ မိန်းကလေးတစ်ယောက် ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ သူက မော့တိအကြောင်း ထည့်ပြောခဲ့တယ်ပေါ့…သူ့ဘဝရဲ့ ခက်ခဲတဲ့အချိန်တွေမှာ မော့တိကို မစောင့်ရှောက်ပေးနိုင်လို့ နားလည်မှုလွဲတာတွေ ပိုကြီးမားလာပြီး မော့တိက သူနေမကောင်း ဖြစ်နေတာကို လျစ်လျူရှုခဲ့တယ်လို့ ပြောခဲ့တယ်… သူက မော့တိကို ဂရုမစိုက်ပေးနိုင်တာနဲ့ပဲ မော့တိက ဆတ်ဆတ်အထိမခံ ဖြစ်လာပြီးတော့ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေအားလုံး ဖြစ်လာလောက်တဲ့အထိ ဆက်ဆံရခက်တဲ့သူ တစ်ယောက် ဖြစ်လာတယ်ပေါ့လေ… ဒီလိုရူးမိုက်တဲ့ စကားလေး နှစ်ခွန်း သုံးခွန်းလောက်နဲ့ သူတို့က မော့တိအပေါ် လုပ်ခဲ့တာတွေကို ပြောင်းပြန်လှန်ဖို့ သူ ကြိုးစားနေတာ မဟုတ်ဘူးလား… ဟမ့်… ငါ တော်တော် စိတ်တိုလာပြီ…”

“ကိစ္စတွေက သူပြောတဲ့အတိုင်း ဖြစ်ပျက်ခဲ့တာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်… ငါ ဒီမှာ ခွဲခြမ်းစိတ်ဖြာ ကြည့်နေတာ…”

ကျောက်ချွင်က သူမကို မော့တိက အလေးအနက် စိုက်ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်းပင် သူမ၏ သစ္စာစောင့်သိမှုကို ပြသလိုက်သည်။

“ငါက ၁၀၀ ရာခိုင်နှုန်း နင့်ဘက်ကပဲ… ဒီမမချွင်က သူ့ရဲ့ ဉာဏ်နီဉာဏ်နက်လောက်ကိုတော့ သိသိသာသာကို မြင်နိုင်သားပဲ… သူက ဘာမှမဟုတ်… အား ငါ့ကပ်ခွာလေး…”

ကျောက်ချွင်၏ ပေါင်းတင်ကပ်ခွာမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် သူမက ရုတ်တရက် ထအော်လိုက်သည်။

ကျန်းကျဲမုန်က သူမနောက်သို့ ရောက်လာပြီး ပြောသည်။

“မင်း ဒီကပ်ခွာကို ကပ်ထားတာ မိနစ် ၂၀ ပြည့်နေပြီလေ… ခွာသင့်တဲ့အချိန် ရောက်နေပြီ…”

“ဒါပေမဲ့ ဒီတစ်ခုက အရမ်းဈေးကြီးတာ… သုံးလိုက်ရတဲ့ ပိုက်ဆံနဲ့ တန်အောင် မိနစ် ၃၀ လောက်တော့ သုံးရမှာပေါ့…”

ကျောက်ချွင်က ကိုယ်ကို ငုံ့ကို ကပ်ခွာကို လှမ်းကောက်လိုက်သည်။

“ခုနစ်စက္ကန့် မရှိသေးဘူး… ရပါတယ် ကိစ္စမရှိပါဘူး… ဒီပေါ်ကို ဘက်တီရီယားတွေ တက်လာနိုင်ဦးမှာ မဟုတ်ဘူး…”

ကျန်းကျဲမုန်မှာ ဘာမှမပြောနိုင်တော့ချေ။

“မမချွင်ပြောတာ မှန်တယ်…”

ရှန့်ယွီချောင်က သူ့လက်ဖဝါးဖြင့် စားပွဲပေါ်သို့ ရိုက်လိုက်သည်။ အစောပိုင်းက သူသည်လည်း မော့လျှိုကွေ့၏ စကားနှင့် ပတ်သက်၍ ထူးထူးခြားခြား တစ်ခုခုကို ခံစားခဲ့ရသော်လည်း ၎င်းမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်နိုင်ဘဲ ၎င်းက သူ့အတွက် စိတ်မသက်မသာ ဖြစ်စေကြောင်းသာ သိခဲ့ရသည်။ ယခုအခါ ကျောက်ချွင်က သူ့အတွက် အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပေးခဲ့ပြီ ဖြစ်၍ သူ့စိတ်မှာ နောက်ဆုံးတွင် အလင်းပွင့်သွားခဲ့သည်။

ဟန်ချောင်ကမူ စိုးရိမ်တကြီး ကြည့်လိုက်၏။

“ရှောင်တိ… ငါတို့တွေ ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ…”

မော့တိ၏ အမူအရာမှာ များများစားစား ပြောင်းလဲသွားခြင်း မရှိပေ။ သူက သူ့ဖုန်းကို ထုတ်လိုက်ပြီး ရှာဖွေမှုအများဆုံးစာရင်းကို ကြည့်လိုက်သည်။ သေချာပေါက်ပင် “မော့လျှိုကွေ့၏ ပြင်းထန်သော စိတ်ကျဝေဒနာ” ဟူသော ခေါင်းစဉ်က အဆင့် ၄၀ နေရာတွင် ရှိနေခဲ့ပြီး နောက်တစ်ကြိမ် ဆွဲချလိုက်သောအခါ ၎င်းမှာ အဆင့် ၂၀ ထိ ခုန်တက်လာခဲ့သည်။

ဤအရှိန်အတိုင်းဆိုပါက ထိပ်ဆုံး ၅ နေရာသို့ ရောက်ရန် အချိန် သိပ်ယူရမည် မဟုတ်ပေ။

မော့တိက လက်ရှိတွင် မှတ်ချက်ပေါင်း ၁၀ ခုကျော်သာ ရှိသေးသော ခေါင်းစဉ်တစ်ခုကို ဝင်ဖတ်လိုက်သည်။

အချို့သော မှတ်ချက်များကို မော့လျှိုကွေ့ကို ချီးကျူးပြီး သူ့ကိုရှုံ့ချထားကြသည်။ လေသံမှာ ကြားနေသည့် သဘော ဖြစ်သော်လည်း စာအရေးအသားမှာ အလွန် ဆွဲဆောင်မှု ရှိပြီး တသမတ်တည်း ဖြစ်နေ၏။ ဤသည်မှာ အလွန် အတွေ့အကြုံများသည့် ကြေးစားမှတ်ချက်ရေးသူ အုပ်စုကြီးမှ လုပ်နေခြင်းဖြစ်ကြောင်း သိသာလှပေသည်။

“ငါ့ရဲ့နှလုံးသားလေးက သူ့ကို ကိုယ်ချင်းစာပါတယ်…ဒီလောက် ကြင်နာပြီး လှပတဲ့ မိန်းကလေးကို လူတိုင်းက ဝိုင်းပြီး အပြစ်တင်နေကြတာ တော်တော် ကြာပြီ… ဒီကမ္ဘာကြီးပေါ်မှာ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေ အများကြီး ရှိနေပြီးတော့ လူကောင်းတွေက အမြဲတမ်း ပစ်မှတ်ထားခံရတယ်…”

“ရင်နာစရာပဲ… ငါ့ရဲ့မော့လျှိုကွေ့လေးက အရမ်းကို ကြင်နာတတ်ပြီးတော့ ဉာဏ်သိပ်ကောင်းတာ… သူက စိတ်ကျရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရတာတောင် တခြားသူတွေအတွက် ဂရုစိုက်ပေးနေတုန်းပဲ… ငါ သူ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရတယ်… နှင်းဆီပန်းလေး… မင်း တခြားသူတွေအတွက် စိတ်ပူတာကို ရပ်ပြီး ကိုယ့်အတွက်ပဲ ကိုယ် ဂရုစိုက်ပေးတာ မကောင်းဘူးလား… အမြဲတမ်း တခြားသူတွေကိုပဲ ဦးစားမပေးပါနဲ့… တချို့တွေက ဒီလိုလုပ်ဖို့ မထိုက်တန်ဘူး… ရင်နာစရာပဲ ရင်နာလိုက်တာ…”

“နှင်းဆီပန်းလေးက သိပ်ကို ပြီးပြည့်စုံလွန်းတယ်… နားလည်ပေးတတ်တယ်… ကြင်နာတတ်တယ်… သူက ငါ သိသမျှလူတွေထဲမှာ ပြီးပြည့်စုံမှုအရှိဆုံး မိန်းကလေးပဲ… သူ့မောင်ကတော့ နည်းနည်း ရွံစရာကောင်းပြီး တစ်ကိုယ်ကောင်းဆန်တယ်…”

“ငါ ရင်နာလိုက်တာကွာ…”

“သူမအတွက် အရမ်းကို ဝမ်းနည်းနေမိတယ်… ညီမလေး မကြောက်ပါနဲ့… ငါ မင်းကို ကာကွယ်ပေးမှာပါ…”

“မော့လျှိုကွေ့ဆိုတာ အရင်တုန်းက အရမ်းကို ဟန်ဆောင်ကောင်းလွန်းတဲ့ ကြာပန်းဖြူမ မဟုတ်ဘူးလား… အခုရော ဘာလဲ… အဖြူရောင်ကို အရောင်ဆိုးဖို့ ကြိုးစားနေတာလား… ဘယ်သူ့မှ မမှတ်မိလောက်ဘူးလို့ သူ ထင်နေတာလား…”

“အပေါ်ကကောင်က စိတ်ပျက်စရာပဲ… မင်းအမေ သေသွားလို့လား…”

“သူက ကြာပန်းဖြူ မဟုတ်ပါဘူး…ထွက်သွားစမ်းပါ…”

“မော့လျှိုကွေ့က ဒီလိုမျိုး စိတ်ထားကောင်းတဲ့ မိန်းမလှလေးဆိုတာ ငါ မသိခဲ့ဘူး… ငါတောင် နေရင်းထိုင်ရင်းနဲ့ သူ့ပရိသတ် ဖြစ်လာပြီ…”

“ဒါဆို ဆေးမှတ်တမ်းကရော ဘယ်မှာလဲ… လူတွေက ကိုယ် စိတ်ဓာတ်ကျနေပါတယ်ဆိုပြီး အများရှေ့မှာ ခပ်ပေါ့ပေါ့ ထုတ်ပြောလို့ ရလို့လား… ဒါ နာမည်ကြီးအောင်လို့ တကယ့် စိတ်ကျရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေကို ချနင်းနေတာပဲ…”

“ဖန်မဟုတ်တဲ့ကောင်တွေ ရောက်လာပြီ… မင်းတို့တွေ ဘယ်လိုလုပ်ပြီး စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ရက်ရက်စက်စက် ပြောနိုင်ရတာလဲ… အကြင်နာတရား မရှိတဲ့သူတွေ… ဝဋ်လည်မယ် သတိထား…”

“နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် မော့တိက တော်တော်လေး တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းတာပဲ…”

“စိတ်ကျရောဂါ ဆိုပါလား… သနားစရာပဲ…အရာအားလုံး ပိုပြီး ကောင်းလာမှာပါ… ငါတို့တွေ မင်းကို အားပေးနေမယ်…”

“…”

“ရှောင်တိ…”

မော့တိက သူ့ဖုန်းထဲကိုသာ သဲကြီးမဲကြီး စိတ်ဝင်စားနေသဖြင့် ဟန်ချောင်က သူ့ကို ခေါ်လိုက်သည်။

“မင်း အဆင်ပြေရဲ့လား… ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း များများစားစား စဉ်းစားနေစရာ မလိုပါဘူးကွာ… သူက အဖြူရောင်ကို အရောင်ဆိုးဖို့ ကြိုးစားနေတာပဲ မျက်လုံးရှိတဲ့သူတိုင်း မြင်ပါတယ်… အင်တာနက်မှာလည်း အရင်က ဖြစ်ရပ်တွေ ရှိနေတာပဲလေ…”

“မဟုတ်ဘူး မဟုတ်ဘူး… အစ်ကိုဟန်… ဒီလိုမျိုး လူသိများဖို့ ကြံဖန်လုပ်တဲ့ အကွက်တွေနဲ့ ကြေးစားမှတ်ချက် ရေးတဲ့သူတွေရဲ့ အင်အားကိုတော့ သွားပြီး လျှော့တွက်လို့ မရဘူး… သူတို့မှာ လုံလောက်တဲ့ ရန်ပုံငွေနဲ့ စာမူကို ရပြီးတာနဲ့ အင်တာနက်က သူတို့ရဲ့ အိမ်ကွင်းပဲ… အင်တာနက်ပေါ်က ကိစ္စတွေက ထာဝရ ရှိနေနိုင်တယ် ဆိုပေမယ့် လူတွေရဲ့ မှတ်ဉာဏ်ကတော့ မတူဘူးလေ… ရွှီချန်းရုံအကြောင်း ကြားဖူးလား…”

ကျောက်ချွင်က လှမ်းပြောလိုက်သည်။

“ငါ သိတယ်…”

ချန်ကျောင်းက ခေါင်းငြိမ့်ပြလိုက်သည်။


Xxxxxxxx