အပိုင်း ၁၂၉
Viewers 28k


Chapter 129



“အသက် ၄၀ ကျော်အရွယ်မှာတောင် ညှို့ဓာတ် ပြင်းနေတုန်းပဲ ဆိုတဲ့ နတ်ဘုရားမကို ပြောတာမလား… သူက အရမ်း ကျက်သရေရှိတယ်…”

“ဟုတ်တယ် သူပဲ… တစ်ခါက သူ အရက်မူးပြီး ကားမောင်းလို့ လူတစ်ယောက်ကို ကားနဲ့ တိုက်မိတာ သိလား… သူ့ကို ယာဉ်ထိန်းရဲတွေက ဖမ်းမိတဲ့အချိန်မှာ သူက ရဲတွေကို တိုက်ခိုက်ခဲ့ပေမယ့် နောက်ကျတော့ ရဲတွေက သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုပြီးတော့ စွပ်စွဲခဲ့တယ်လေ…”

“!!!”
“ငါ အဲ့ဒီကိစ္စကိုတော့ မသိဘူး…”

ချန်ကျောင်းက ပြောလိုက်သည်။

“တွေ့လား မင်း ဒီအကြောင်းကိုတောင် မသိဘူးလေ…”

ကျောက်ချွင်က သက်ပြင်းချလိုက်သည်။

“ဒါဆို အဲ့ဒီကိစ္စသာ ဆက်ပြီး ရှိနေဦးမယ်ဆို ဘယ်လိုဖြစ်သွားမလဲ… အင်တာနက်သုံးစွဲသူတွေရဲ့ မှတ်ဉာဏ်က အရမ်းကို မေ့ပျောက်ဖို့ လွယ်တယ်… တကယ်လို့ မော့လျှိုကွေ့က မော့တိကို ဆွဲချပြီး သူ့ကိုယ်သူ အပြစ်ကင်းကြောင်း ပြချင်တာဆိုရင် ငါတို့တွေ အချိန်မီ လက်တုံ့ပြန်ရမယ်… ဒီလိုမှမဟုတ်ရင် သူ နိုင်သွားလိမ့်မယ်…”

နောက်ဆုံးတွင် မော့တိက သူ၏ Weibo အကောင့်မှ ထွက်လိုက်သည်။

သူက သူ့အဖွဲ့မှ လူများကို ကြည့်ပြီး ပြောလိုက်၏။

“ဟုတ်တယ်… အင်တာနက်သုံးစွဲသူတွေက အရာရာကို မြန်မြန်ပဲ မေ့ပစ်တတ်ကြတယ်… ကြေးစားမှတ်ချက်ရေးသမားတွေရော အခုအချိန်မှာ ငါ့ကို ဝိုင်းပြီး ဆဲဆိုကြိမ်းမောင်းနေကြတဲ့ မသိနားမလည်တဲ့ သူစိမ်းတွေရော တစ်လလောက်နေရင် ငါ့ကို မေ့သွားကြလိမ့်မယ်…”

“ရှောင်တိ…”

ချန်ကျောက်က မျက်မှောင်ကြုံ့ထားသည်။

“ဒီလိုမလုပ်ပါနဲ့… မင်း မဖြေရှင်းချင်ဘူးလား… မင်းက အရမ်းကို သဘောထားကြီးလွန်းနေတာပဲ… မင်းကို ကြားထဲကနစ်နာသူအဖြစ်နဲ့ ကစားခံနေရတာမျိုး မဖြစ်သင့်ဘူး…”

“ငါလည်း ဒီတိုင်း ထိုင်နေမယ်လို့ ပြောတာ မဟုတ်ပါဘူး…”

မော့တိ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“အချိန်ကိုက်ဖြစ်ပြီဆိုမှ မျက်နှာကို တစ်ချက်လောက် ရိုက်သင့်တာ ဒီလိုမှမဟုတ်ရင် မှန်းထားသလောက် နာမှာ မဟုတ်ဘူး…”


“ရှောင်တိ… မင်းစိတ်ထဲမှာ တစ်ခုခု အစီအစဉ် ဆွဲထားတာ ရှိလို့လား…”

ကျောက်ချွင်မှာ စိတ်အားထက်သန်မှု အရှိဆုံးလူတစ်ယောက် ဖြစ်နေသည်။ သူမက ခြောက်နေပြီဖြစ်သော ကပ်ခွာကို ဆွဲခွာရင်း ပြော၏။

“ဒါက အမှန်မဟုတ်ဘူးဆိုတာ ပြောဖို့ ခက်ခဲလိမ့်မယ်… အနုပညာရှင်တွေက သူတို့ရဲ့ ကောလဟာလတွေ ပေါက်ကြားလာတိုင်း သူတို့မှာ စိတ်ကျရောဂါ ခံစားနေရပါတယ်လို့ ဘာကြောင့် ပြောတာ ဖြစ်မယ်လို့ ထင်လဲ…”

“အမှန်ပဲ… စိတ်ကျရောဂါဆိုတာ ငြင်းဆိုဖို့အတွက် ခက်ခဲတဲ့ ရောဂါတစ်ခုပဲ…”

ကျန်းကျဲမုန့်က သူ့ကို ဂရုတစိုက်ဖြင့် အကြံပေးလိုက်သည်။

“ပြီးတော့ သူ့စကားကို လက်မခံကြောင်း ပြောတဲ့အချိန် မင်းမှာ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေ မရှိရင် မင်းပဲ ပြန်ပြီးတော့ ထိခိုက်ရလိမ့်မယ်… မင်းကို ယုံကြည်တဲ့ သူတွေ ရှိနေရင်တောင်မှ အများစုကတော့ သူ့ဘက်မှာ ရပ်တည်ကြမှာပဲ… စိတ်ကျရောဂါက အတော်လေး အငြင်းပွားနိုင်ချေ ရှိတဲ့ ရောဂါ ဖြစ်နေတဲ့အပြင် စိတ်ကျရောဂါရှိနေတယ်လို့ ပြောတာက အနိုင်ရဖို့နဲ့ ညီမျှလုနီးပါးကို ဖြစ်နေတာ…”

အခြားသူများကလည်း မော့တိကို စိုးရိမ်နေသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူတို့အားလုံးမှာ အလွန်ဉာဏ်ကောင်းကြသူများ မဟုတ်သည့်အတွက် စိုးရိမ်နေကြောင်း ပြသရန်သာ တတ်နိုင်ကြပေသည်။

“အဆင်ပြေသွားမှာပါ… စိတ်မပူပါနဲ့… ငါ့စိတ်ထဲမှာ ကြိုပြီး ပြင်ဆင်ထားတဲ့ အစီအစဉ်မျိုး မရှိပေမယ့် အမှန်တရားကပဲ ထာဝရစိုးမိုးနိုင်လိမ့်မယ်လို့ ငါယုံကြည်ထားတယ်…”

မော့တိက ပြုံးလိုက်သည်။

“ဟုတ်ပြီ… တခြားကိစ္စ မရှိတော့ဘူးဆိုရင် မင်းတို့အားလုံး ခြေလက်ဆေးပြီး အနားယူကြတော့လေ… နောက်ကျနေပြီ မနက်ဖြန်ကျရင် ငါတို့တွေ တရားဝင် အလုပ်တွေ ပြန်စကြရတော့မယ်…”

သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဘာမှ ဆက်မပြောကြတော့ပေ။

မော့တိက သူတို့အားလုံးကို လက်ပြနှုတ်ဆက်ပြီးနောက် သူ့အခန်းထဲသို့ ဝင်ကာ အခန်းတံခါးကို သော့ခတ်ထားလိုက်သည်။

နောက်ပြန်လှည့်လာသောအခါ သူ့မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲသွား၏။

မော့လျှိုကွေ့၏ ယခုတစ်ကြိမ် လှုပ်ရှားမှုမှာ အမှန်တကယ်ပင် ဒုက္ခရောက်စေပြီး ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက အတော်လေး မနှစ်မြို့စရာ ကောင်းလှပေသည်။

မော့လျှိုကွေ့က သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည့်ပုံစံပင်။ ယခင်က ဂိမ်းပြိုင်ပွဲ၏ စည်းမျဉ်းများကို ပြောင်းလဲပစ်နိုင်ရန်အတွက် ယဲ့ချန်းဖုန်ဆီသို့ ချဉ်းကပ်ခဲ့စဉ်က သူမသည်လည်း ပြန်လည်မွေးဖွားလာခြင်း ဖြစ်နိုင်ကြောင်း မော့တိ ခန့်မှန်းခဲ့လေသည်။ ထို့ပြင် နောက်ပိုင်းတွင် သူမထံမှ သဲလွန်စအချို့ မတော်တဆ ထွက်လာသဖြင့် သူ၏ သံသယမှာ ကြီးထွားလာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပြန်လည်မွေးဖွားခြင်းဆိုင်ရာ ဗဟုသုတရှိသူအတွက် ကိစ္စများကို ကိုင်တွယ်ရာတွင် အရည်အချင်း မလုံလောက်သဖြင့် မော့တိက မော့လျှိုကွေ့မှာ ပြန်လည်မွေးဖွားလာခြင်း မဟုတ်ကြောင်း မှန်းဆခဲ့သော်လည်း အကြောင်းပြချက်အချို့ကြောင့် သူမမှာ ယခင်ဘဝက မှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည် အမှတ်ရလာခြင်း ဖြစ်နိုင်ပေသည်။

သို့သော် သူမ ပြန်လည်မွေးဖွားသည်ဖြစ်စေ၊ သူမ၏ အမှတ်တရများကို ပြန်လည်အမှတ်ရလာသည်ဖြစ်စေ မော့တိက ယခုဘဝတွင် မတူညီသော လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း သူမ သိထားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

မော့တိက ပြန်လည်မွေးဖွားလာခြင်းဖြစ်စေ၊ သူတို့ယခင်ဘဝမှ ကိစ္စများကို ပြန်လည် အမှတ်ရလာခြင်းဖြစ်စေ ၎င်းမှာ သူမနှင့် အတူတူပင် ဖြစ်နိုင်သည်ဟု ယူဆနိုင်ပေသည်။

ဤကိစ္စအပေါ် သူမ၏ တုံ့ပြန်မှုမှာ မည်သို့ ဖြစ်ပါမည်နည်း။

အားနာစိတ် မရှိ၊ ပြန်လျော်ပေးရန် သို့မဟုတ် ငြိမ်းချမ်းရေး ရယူရန် ဆန္ဒ မရှိသည့်အပြင် နောက်တစ်ကြိမ် သူ့ကို ထပ်မံ၍ အပြစ်တင်ပြီး နာကျင်ခံစားရအောင် လုပ်နေသည် မဟုတ်ပါလော။

သူမ မည်သို့ တွေးနေကြောင်းကို မော့တိက အမှန်တကယ်ပင် သိချင်နေမိသည်။

မော့တိက သူ၏ မူလကံကြမ္မာကို ဆန့်ကျင်ရဲသည့်အတွက် သူမ မကျေမနပ် ဖြစ်နေခြင်းပေလား။ သို့မဟုတ် ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သူက ကမ္ဘာကြီး၏ လမ်းကြောင်းကို ပြောင်းလဲကာ သူမ၏ ကြေးစားလူမိုက်များကို ထောင်ချ၍ သူမ၏ ပြီးပြည့်စုံနေသော ဘဝကြီးကို ပြင်းပြင်းထန်ထန် ပြောင်းလဲစေသည်လား။ ဤအချက်ကြောင့် သူမက သူ့ကို မကျေမနပ်ဖြစ်ကာ သူ့ကို လုံးဝ ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းပေလား။

သို့ရာတွင် သူမက မည်သည့်အရာကို မျှော်လင့်နေပါသနည်း။ မော့တိကို သူမ၏ မောင်လေးအဖြစ် ဆက်လက် ရှိနေစေခြင်းဖြင့် သူမ၏ နောက်လိုက်များက သူ့ကို ဖျက်ဆီးလိုက်ချိန်တွင် သူမက သူမ၏ အကြင်နာတရားကို ပြသနိုင်မည် ဖြစ်သည်။ သူက နာခံမှုရှိစွာ စောင့်ဆိုင်းပြီး ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြန်လည် ခံစားစေရမည်လား။ သူမက သူ့ကို သူမ၏ ဘဝ ပြီးပြည့်စုံစေရန် ကျောက်တုံးအဖြစ် နင်းတက်သွားနိုင်ရန်အတွက် သူ့အနေဖြင့် လျစ်လျူရှုခံ၊ အနိုင်ကျင့်ခံ၊ ညှင်းပန်းနှိပ်စက်ခံပြီး နောက်ဆုံးတွင် မည်သူကမှ ဂရုမစိုက်သော နေရာ၌ သေဆုံးသွားပေးရမည်လား။

ရယ်စရာကောင်းလိုက်တာ…။ မော့တိက လှောင်ရယ်လိုက်သည်။

သူက ရေပိုက်ကို ဖွင့်ပြီး မျက်နှာသစ်လိုက်သည်။

အမှန်အတိုင်းပြောရမည်ဆိုပါက ဤသည်မှာ မပြောပလောက်ပေ။ သူ၏ ယခင်ဘဝတွင် သူမက သူ့ကို တိုက်ရိုက် ပုတ်ခတ်စော်ကားခြင်း မပြုခဲ့သည့်တိုင်အောင် မော့တိမှာ အနိုင်ကျင့်ခံခဲ့ရသည်။ ထို့ကြောင့် ယခုအခါ သူမက သူမ၏ ဇာတိရုပ်အမှန်ကို ပြသလိုက်ခြင်းသာ ဖြစ်၍ ပိုပြီး အလွယ်တကူ လက်ခံနိုင်ခဲ့ပေသည်။

မျက်နှာသစ်လိုက်ပြီးနောက် သူ့ခေါင်းထဲတွင် ပို၍ ကြည်လင်လာခဲ့သည်။ ထို့နောက် သူက ဖုန်းကို ထုတ်ကာ မုထျန်းဟန်ဆီသို့ ဖုန်းခေါ်လိုက်လေသည်။


တီ…တီ…

ဖုန်းလိုင်းမှာ မအားပေ။

မော့တိက ဖုန်းချကာ တစ်မိနစ်လောက် စောင့်ပြီးမှ ဖုန်း ပြန်ခေါ်လိုက်သည်။

တီ… တီ…

ဖုန်းလိုင်းမှာ ယခုထိတိုင် မအားသေးပေ။

မော့တိက စိတ်ကောက်သွား၏။ သူက ဖုန်းကို ဘေးတွင် ချထားလိုက်ပြီး အရင်ဆုံး ခြေလက်ဆေးရန် ဆုံးဖြတ်လိုက်သော်လည်း သူ သွားပွတ်တံကို ကောက်ကိုင်လိုက်သည့်အချိန် ဖုန်းမြည်လာသည်။

၎င်းမှာ မုထျန်းဟန်ဆီမှ ဖြစ်၏။

“ဟယ်လို…” မော့တိက ချက်ချင်းပင် ဖုန်းပြန်ဖြေလိုက်သည်။ “ကိုကို…”

မုထျန်းဟန်၏ အသံကို ဖုန်းထဲမှ ကြားလိုက်ရသည်။

“ကိုယ် မင်းကို ဖုန်းခေါ်နေတာ ဒါပေမဲ့ ဖုန်းမအားဘူးတဲ့ … ဒီလောက်နောက်ကျနေတဲ့အချိန်ကြီး မင်း ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ…”

“ကျွန်တော် ဘယ်သူနဲ့မှ စကားမပြောပါဘူး… ကိုကို့ကို စောစောတုန်းက ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမအားဘူးဆိုတော့ ပြန်ချလိုက်တာ…”

မုထျန်းဟန်၏ စကားသံမှာ နွေးထွေးသွားသော်လည်း သူ့လေသံမှာ အနည်းငယ် တင်းမာနေသည်။

“မင်း ကိုယ့်ကို ကိစ္စတစ်ခု ရှိလို့ ခေါ်လိုက်တာ မဟုတ်လား…”

“အင်း… ကိုကို ပြောတာ မှန်တယ်…”

မော့တိက ဘာပြောရမှန်း မသိသဖြင့် အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။ သူ ဘာမှ မပြောခင် မုထျန်းဟန်က စပြောလိုက်၏။

“မော့လျှိုကွေ့ရဲ့ အင်တာဗျူးနဲ့ ပတ်သက်နေတာမဟုတ်လား…”

“ကိုကို အဲ့ဒီကိစ္စကို သိတယ်လား…”

မော့တိက အမှန်တကယ်ပင် အံ့ဩသွားသည်။

“သိတယ်… ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်မှာ ဖြေရှင်းချက် တစ်ခု ရှိတယ်… အဲ့ဒါကြောင့် မင်း စိတ်ပူနေစရာ မလိုဘူး…”

မုထျန်းဟန်၏ အသံမှာ မော့တိကို နှစ်သိမ့်ပေးနေသည့်အသံမျိုး ဖြစ်သော်လည်း သူ စိတ်မချမ်းမသာ ဖြစ်နေကြောင်း မော့တိ ကြားနိုင်ပေသည်။ သူက စကားလုံးအချို့ စဉ်းစားပြီး ပြောလိုက်၏။

“ကိုကို… ဒီကိစ္စက လက်ရှိမှာ ကျွန်တော့်အပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူး… သူတို့တွေ အပြင်မှာလည်း ကျွန်တော့်ကို ဘာမှ လာပြီး လုပ်နိုင်တာမဟုတ်ဘူးဆိုတော့ ကိုကို ကျွန်တော့်ကို စိုးရိမ်စရာ မလိုပါဘူး…”

“ပြီးတော့ နောက်ဆုံးမှာ အမှန်တရားက ပေါ်ထွက်လာမှာပဲလို့ ကျွန်တော် ယုံကြည်ထားတယ်… မော့လျှိုကွေ့က သူ့မှာ စိတ်ကျရောဂါ ဖြစ်နေကြောင်း ထုတ်ပြောရဲတယ်ဆိုမှတော့ သူ့ကို မေးခွန်းထုတ်ရဲတဲ့သူတွေ ထွက်လာမှာပဲဆိုတာ ကျွန်တော် ယုံကြည်ထားတယ်…”

မော့တိက တည်ငြိမ်စွာပင် ကောက်ချက်ချလိုက်သည်။

“သူတို့ရဲ့ စွပ်စွဲချက်တွေကို တုံ့ပြန်ဖို့အတွက် သူ့အနေနဲ့ နည်းလမ်း ရှာရတော့မှာပဲ… ပြီးတော့ သူ ပိုပြီး လိမ်ပြောလေလေ နောက်ဆုံးမှာ သူ့ရဲ့ အလိမ်အညာ စကားတွေက ဖရိုဖရဲဖြစ်နိုင်ချေ များလေလေ ဖြစ်မှာပဲ…”

မော့တိက ရေချိုးခန်းထဲမှ ထွက်လာပြီး ပြတင်းပေါက် လိုက်ကာကို ဆွဲချရင်း စကားပြောနေသည်။

မော့တိက မုထျန်းဟန်အား သူ့ကို စိတ်မပူရန် ပြောနိုင်သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ သူ အဆင်ပြေသည်ဟု မပြောနိုင်သလို မော့လျှိုကွေ့အား ခွင့်လွှတ်မည့်အကြောင်းဆိုပါက ပို၍ပင် မဖြစ်နိုင်ပေ။

သူက သူတော်စင်တစ်ပါး မဟုတ်ပါ။ အမှန်တကယ်တွင် သူက အာဃာတတရားတစ်ခုနှင့် ရင်ဆိုင်နေရသည့် တစ်စုံတစ်ယောက်သာ ဖြစ်သည်။ သူက “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” ဟူသည့် ဥပဒေသကို ယုံကြည်ထား၏။ မော့လျှိုကွေ့နှင့် သူမ၏ နောက်လိုက်များက သူ့ကို အန္တရာယ်ပြုရန် ကြိုးစားနေသမျှ ကာလပတ်လုံး သူ့ဘက်ကလည်း အညှာအတာ ကင်းမဲ့စွာ လက်တုံ့ပြန်မည် ဖြစ်ပြီး အချိန်အများစုတွင် သူက သူတို့ထက်ပိုပြီး ရက်စက်နိုင်ပေသည်။

သူ ပြန်လည်မွေးဖွားလာသည့်အချိန်တည်းက “အပြစ်ကင်းခြင်းနှင့် ခွင့်လွှတ်ခြင်း” ဟူသော စကားလုံးများမှာ သူ့အဘိဓာန်၌ ပျောက်ဆုံးသွားပြီ ဖြစ်၏။ သူ၏ အဆုံးမဲ့သော ရည်မှန်းချက်မှာ ထိုသူများအား သူတို့ ရသင့်ရထိုက်သည်ကို ပေးအပ်ရန်ပင်။

သူ စိုးရိမ်သည့် တစ်ခုတည်းသော အရာမှာ သူ့အပေါ် မုထျန်းဟန်၏ ထင်မြင်ချက်သာ ဖြစ်သည်။ တစ်ချိန်က သူ့ကို မုထျန်းဟန်က အသည်းနှလုံးမရှိသူအဖြစ် မြင်နေမည်ကို သူ ကြောက်ရွံ့ခဲ့သော်လည်း ယခုအခါတွင်မူ မုထျန်းဟန်က ထိုကဲ့သို့သော လူမျိုး မဟုတ်ကြောင်း သူ သေချာ ပြောနိုင်ပေသည်။ ထို့ကြောင့် သူက ဤအတွေးကို ဘေးဖယ်ထားပြီး သူ၏ ပင်ကိုယ်ပုံစံကိုသာ အာရုံစိုက်ထားလိုက်သည်။

---

သေချာသည်မှာ မော့တိက သူ့ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့သူများကို လက်စားချေချင်နေသည့်အတွက် အကြင်နာတရား ကင်းမဲ့သည့်လူတစ်ယောက်ဟု မုထျန်းဟန် ဘယ်သောအခါမှ မခံစားခဲ့ရပေ။ “နာကြည်းချက်ကို ကောင်းမှုဖြင့် ပြန်လည်ပေးဆပ်ခြင်း” မှာ အမြဲပင် သူနှင့် အလှမ်းဝေးကွာသော အယူအဆ တစ်ခု ဖြစ်သည်။ သူ ဂရုစိုက်ရသည့် သူများအပေါ် ဒုက္ခရောက်အောင် ပြုလုပ်ဝံ့သူများကိုလည်း သူ့အနေဖြင့် ဘယ်သောအခါမှ သနားငဲ့ညှာခြင်း မရှိခဲ့ချေ။

တကယ်တမ်းတွင် မော့တိကို ဖုန်းမခေါ်ခင်တည်းက သူ့အနေဖြင့် လက်ထောက်ကောင်းကို ခေါ်ပြီး သေချာစေ့စပ်သော အစီအစဉ်များ ပြုလုပ်ရန် အမိန့်ပေးပြီး ဖြစ်သည်။

“မင်းပြောတာ လုံးဝ မှန်တယ်… အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းအနေနဲ့က သူ့စကားရဲ့ စစ်မှန်မှုကို မေးခွန်းထုတ်မယ့် တစ်ယောက်ယောက် ရှိလာဖို့ပဲ…”

မုထျန်းဟန်က မော့တိနှင့် စတင် ဆွေးနွေးလိုက်သည်။

“ဒါပေမဲ့ ဒီမေးခွန်းကို ငြင်းလို့ မရနိုင်တဲ့ ပုံစံနဲ့ အချိန်ကိုက် မေးခွန်းထုတ်နိုင်ဖို့တော့ လိုတယ်… ပြီးတော့ မော့လျှိုကွေ့ရဲ့ အရှိန်ကို ဖျက်ဆီးပစ်နိုင်လောက်တဲ့အထိ အသံကျယ်ဖို့လည်း လိုတယ်…”

“အင်း အဲ့ဒါဆိုရင်…”

မော့တိက ဖုန်းပြောနေရင်း မသိမသာ ခေါင်းငြိမ့်လိုက်မိသည်။

“ဆိုလိုတာက လူထုရဲ့အမြင်ကို သူ့ဘာသာ ပြောင်းလဲသွားတဲ့အချိန်ထိ စောင့်နေရတာက စိတ်မချရဘူးလို့ ပြောချင်တာလား… ကျွန်တော်က မော့လျှိုကွေ့ရဲ့ ပြိုင်ဘက်ဆီကို အမည်ဝှက်နဲ့ဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်သွယ်ပြီး လူထုအမြင်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ စဉ်းစားနေတာ…”

“မင်း ဒီကိစ္စကို စိတ်ပူနေစရာ မလိုပါဘူး…”

မုထျန်းဟန်က ပြောသည်။

“ဖန်းရှစ်ဖျော်ဖြေရေးလုပ်ငန်းကို ဆက်သွယ်ဖို့အတွက် လက်ထောက်ကောင်းကို ကိုယ် ပြောထားတယ်… သူတို့တွေက မော့လျှိုကွေ့ရဲ့ လက်ရှိ စီမံခန့်ခွဲရေးကုမ္ပဏီနဲ့ဆို ပြိုင်ဘက်တွေပဲ… သူတို့တွေဆီက လူသစ်တချို့ဆိုရင် မော့လျှိုကွေ့နဲ့ တစ်ချိန်တည်းမှာပဲ ပွဲဦးထွက်ထားကြတာ… သူတို့တွေ မော့လျှိုကွေ့ရဲ့ စိတ်ကျရောဂါအကြောင်း သိရရင် ဒီတိုင်း ငြိမ်နေမှာမဟုတ်ဘူး…”

“ကိုကို အဲ့ဒီကိစ္စကို လုပ်ပြီးသွားပြီလား…”

မော့တိက မုထျန်းဟန် ဤကဲ့သို့ မြန်မြန်ဆန်ဆန် လှုပ်ရှားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အင်း… ကိုယ်တို့တွေ မကြာခင် ရလဒ်တွေကို မြင်ရတော့မှာပါ…”

မုထျန်းဟန်၏ လေသံမှာ လေးနက်နေပြီး သူက မော့တိကို မေးလိုက်သည်။

“ကောင်ငယ်လေး သူတို့တွေ နောက်တစ်ကြိမ်ကျရင် ဘာလုပ်မယ်လို့ ထင်လဲ…”

“သူတို့တွေ ဟုတ်လား… ကိုကိုပြောတာ မော့လျှိုကွေ့နဲ့ ချင်ချန်းယီလား…”

မော့တိက စဉ်းစားကြည့်ပြီးနောက် ပြောသည်။

“မော့လျှိုကွေ့ရဲ့ အကျင့်စရိုက်အတိုင်းဆိုရင်တော့ သူ အရင်ဆုံး ငိုမှာပဲ… ပြီးရင် သနားစရာ ကောင်းတဲ့ပုံစံ လုပ်လိမ့်မယ်… အဲ့ဒီလုပ်ရိုးလုပ်စဉ်နှစ်ခုက အလုပ်မဖြစ်ဘူးဆိုရင် သူက သူ့မိသားစုနဲ့ ချင်ချန်းယီဆီကို အကူအညီ တောင်းလိမ့်မယ်… အဲ့ဒါကြောင့် ကျွန်တော်တို့ နောက်ထပ် ရင်ဆိုင်ရမယ့်သူက ချင်ချန်းယီ ဖြစ်နိုင်တယ်… မော့လျှိုကွေ့ကတော့ သူတို့တွေကို ကြိုးကိုင်ခြယ်လှယ်ပြီး အပြစ်ကင်းတဲ့ ပုံစံလေးအတိုင်း သရုပ်ဆောင်ရင်းနဲ့ နောက်ကွယ်ကနေ သူ့အတွက် သူတို့တွေ ပြဿနာဖြေရှင်းပေးတာကို စောင့်ကြည့်နေလိမ့်မယ်…”

“ပြီးတော့ ချင်ချန်းယီရဲ့ ပုပ်သိုးနေတဲ့ အကျင့်စရိုက်နဲ့ဆိုရင်…”

မော့တိက ခံစားချက်မဲ့စွာဖြင့် နှာတစ်ချက် မှုတ်ထုတ်လိုက်သည်။

“မော့လျှိုကွေ့အတွက် သူ ဆေးလက်မှတ်တစ်စောင် ထုတ်ပေးဖို့ ၈၀% လောက် သေချာတယ်… ပြီးတော့ သူ့ရဲ့အလိမ်အညာကို ပိုပြီး ခိုင်မာလာအောင် သူက မော့လျှိုကွေ့အတွက် သက်သေအဖြစ် လုပ်ပေးဖို့ သူ့ရဲ့ အထက်တန်းတုန်းက အတန်းဖော်တချို့ကို လာဘ်ထိုးလိမ့်မယ်… အဲ့ဒီအချိန်မှာပဲ လူထုရဲ့အမြင်ကို အရိပ်ထဲကနေ ထိန်းချုပ်ထားနိုင်ဖို့အတွက် ကြေးစားမှတ်ချက်ရေးသူတွေကို ထပ်ပြီး အသုံးပြုလိမ့်မယ်…”

“တကယ်လို့ ဒီအတိုင်း ကစားဖို့သာ စီစဉ်ထားတယ်ဆိုရင် မော့လျှိုကွေ့ရဲ့ စိတ်ကျရောဂါကို သက်သေပြဖို့အတွက် ချင်ချန်းယီက သူထိန်းချုပ်လို့ရတဲ့ ဆရာဝန်တစ်ယောက်ကို ရှာလိမ့်မယ်…”

မုထျန်းဟန်က ကျေနပ်စွာဖြင့် မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ပြောသည်။

“ချင်မိသားစုကို ကိုယ် ကိုင်တွယ်လိုက်မယ်… ကိုယ့်ဆီမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မယ့်သူ ရှိတယ်…”



Xxcxxxxx