Chapter 130
“အိုကေ…”
မော့တိက ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ပြီး ဖုန်းချလိုက်သည်။
သူတို့နှစ်ယောက်သား ဖုန်းမချခင် တစ်နာရီကျော်လောက် ကြာသည်အထိ ဖုန်းပြောနေခဲ့ကြသည်။
မော့တိက သူ့ဖုန်းကို ချ၍ သွားတိုက်ရန် ထွက်သွားလိုက်၏။
အစတည်းက ဤကိစ္စနှင့် ပတ်သက်ပြီး မော့တိက စိတ်မပူခဲ့ချေ။ မော့လျှိုကွေ့၏ အဓိက ဦးတည်ချက်မှာ သူမကိုယ်သူမ ဖြူစင်ကြောင်း ပြသရန်သာ ဖြစ်ပြီး မော့တိကို ကဲ့ရဲ့ရှုံ့ချရန်မှာ များစွာ အရေးမပါခဲ့ပေ။ မော့မိသားစုထဲမှ အခြားသူများနှင့် ချင်ချန်းယီတို့နှင့် နှိုင်းယှဉ်ပါက သူမကား ပို၍ နူးညံ့သိမ်မွေ့ပြီး အခြားသူများအပေါ် ခြိမ်းခြောက်မှုလည်း မရှိပါ။ ထို့ပြင် မုထျန်းဟန်နှင့် ပြီးပြည့်စုံသော အစီအစဉ်တစ်ခုကို ဆွေးနွေးပြီးနောက် မော့တိအနေဖြင့် ယခုအခါ စိတ်အေးချမ်းစွာ အနားယူနိုင်ပြီ ဖြစ်သည်။
မော့တိက အိပ်ရာဝင်ချိန်၌ ည ၁၂ နာရီ သန်းခေါင်ယံအချိန်ပင်။
သူက မီးပိတ်လိုက်ပြီး သူ့ဖုန်းကို ဖွင့်လိုက်သည်နှင့် အဖွဲ့လိုက်စကားပြောခန်းထဲတွင် မက်ဆေ့ချ်များ ပြည့်လျှံနေသည်ကို တွေ့လိုက်ရသည်။
ဒီကောင်တွေ… ဒီကိစ္စကြောင့် ညမအိပ်ဖို့များ စဉ်းစားထားကြတာလား…။
“စကားပြောမနေကြနဲ့တော့… အိပ်ကြတော့…”
သူ စာပို့လိုက်သည့်အချိန်တွင် ချန်ကျောင်းက စာကြောင်းများ အများအပြားရေးကာ ဆက်တိုက် အတင်းပြောနေ၏။ (အား ငါ ပြောရဦးမယ်… မော့လျှိုကွေ့ စိတ်ကျရောဂါ ဖြစ်နေတယ်လို့ ပြောတာက တကယ် စိတ်ကျရောဂါ ဖြစ်နေတဲ့ တခြားသူတွေဆီကနေ သွေးစုပ်နေသလိုပဲ… ရွံဖို့ ကောင်းလိုက်တာ… ဒါပေမဲ့ ကြည့်ရတာ သူ့အစီအစဉ်က မအောင်မြင်ဘူးထင်တယ်… တစ်ယောက်ယောက်က သူ့စကားကို မြန်မြန်ဆန်ဆန်ကြီး တိုက်ခိုက်လိမ့်မယ်လို့ ငါ မထင်ထားဘူး… ကောင်းလိုက်တာ…)
ကျန်းကျယ်မုံ့က ပြောသည်။ (အဲ့ဒီလူက သူ့ရဲ့ပြိုင်ဘက်တဲ့ ပြီးတော့ သူ့ကို ဆဲဆိုချင်နေတာဆိုပြီး သူ့ပရိသတ်တွေက အခိုင်အမာ ပြောနေကြတာ တွေ့တယ်… အများစုကတော့ ပိုစတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာပဲ…)
ရှန်းယွီချောင်က ပြော၏။
(ငါလည်း တွေ့လိုက်တယ်… စကားလုံးတွေက တော်တော့်ကို ကြမ်းတာပဲ… ဒါ မမချွင် ပြောသလို ဖြစ်ပျက်နေတာ… ပြီးတော့ ငါ နားမလည်တဲ့ စကားလုံးတွေလည်း ရှိတယ်… ပင်ရင်းလည်း မဟုတ်ဘူး… လျှို့ဝှက်ကုတ် တစ်မျိုးမျိုးများလား မသိဘူး…)
ကျောက်ချွင်က ပြောသည်။
(ဒီမမက မင်းကို ရှင်းပြရမှာပေါ့… NMSL ဆိုတာ (你妈死 နင့်မေသေပြီ ဆိုတဲ့ အဓိပ္ပာယ် ပြီးတော့ QJSQ (全家死光 ဆိုတာက မင်းတို့တစ်မိသားစုလုံး သေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ… တချို့စကားလုံးတွေကျ ဒီအဖွဲ့နဲ့ သိပ်ပြီးတော့ မရင်းနှီးဘူး… အဲ့ဒီစကားလုံးတွေက တော်တော်လေး နာမည်ကြီးတယ်ဆိုပေမယ့် သူတို့တွေအတွက် အခြေခံထားတဲ့ စကားလုံး တစ်လုံးတော့ ရှိတယ်…)
ဟန်ချောင်က ပြော၏။
(တခြားသူတစ်ယောက်ရဲ့ မိဘကို ကျိန်ဆဲတာက နောက်တစ်နည်း ရေပန်းစားနေတဲ့ ဆူပူကြိမ်းမောင်းနည်းလား…)
ကျောက်ချွင်က ပြောသည်။ (ဘယ်သူကသိမှာလဲ… ဘာပဲဖြစ်ဖြစ် အများစုမှာ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ပြဿနာတွေ ရှိနေကြတာ…)
---
မော့တိက နောက်ဆုံးမှ မက်ဆေ့ချ်များကို ဆွဲဖတ်ပြီးနောက် Weibo သို့ ပြောင်းလိုက်သည်။
သေချာသည်မှာ ခေါင်းစဉ်သစ်တစ်ခုက ထိပ်တန်း ၅ နေရာသို့ တက်လာခဲ့ပြီး မော့လျှိုကွေ့၏ ခေါင်းစဉ်အောက်တွင် နေရာနှစ်နေရာသာ ရှိတော့သည်။
“မော့လျှိုကွေ့၏ စိတ်ကျရောဂါမှာ အတုအယောင် ဖြစ်သည်။”
ထိုပို့စ်က မော့လျှိုကွေ့ကို တိုက်ရိုက် ဦးတည်ထားပြီး ဒုတိယလူတစ်ယောက်ကို ခန့်မှန်းစရာပင် မလိုတော့ချေ။
၎င်းမှာ အလွန် တဲ့တိုး ဖြစ်နေသဖြင့် မော့တိသည်ပင် အနည်းငယ် အံ့အားသင့်သွားသည်။
ဤပြိုင်ဘက်ကုမ္ပဏီက အတော်လေး မျက်နှာပြောင်လှ၏။
သို့သော် ဤသည်မှာ ကောင်းမွန်သည့် လှုပ်ရှားမှုတစ်ခုပင်။ သူမအတွက် တဲ့တိုး လှုပ်ရှားမှသာလျှင် သူမ ဖန်တီးခဲ့သည့် အရှိန်အဟုန်ကို ချိုးဖျက်ပြီး သူမ၏ အလိမ်အညာကို နောက်ထပ် ပိုများသော အလိမ်အညာ စကားများဖြင့် ဖုံးကွယ်လာအောင် ဖိအား ပေးနိုင်ပေလိမ့်မည်။
မော့တိက လူထုအမြင်ကို အကျဉ်းချုံး စစ်တမ်း ကောက်ယူမည့် လင့်ခ်ထဲသို့ ဝင်သွား၏။
လက်ရှိတွင် အင်တာနက်သုံးစွဲသူများမှာ သိသိသာသာပင် နှစ်ဖက် ကွဲသွားပြီး တစ်ချိန်လုံး ငြင်းခုံနေကြလေသည်။
"သူ့ရဲ့ စိတ်ကျရောဂါက ဟန်ဆောင်နေတာတဲ့လား… မော့လျှိုကွေ့က မကြာခင် ရိုက်ချခံရတော့မှာပေါ့… ဒါ စိတ်ဝင်စားစရာပဲ…”
“မော့လျှိုကွေ့ဆိုတာ ဘယ်သူလဲ… သူ့မှာ ထူးထူးခြားခြား လုပ်ပြထားနိုင်တာ ရှိလို့လား…"
“စိတ်ကျရောဂါ ဖြစ်နေတဲ့သူတွေ အများကြီး ရှိနေတာဆိုတော့ စိတ်မကောင်းစရာပဲ… နာမည်ကြီးဖို့အတွက် သူတို့ကို အသုံးချတယ်ဆိုတာ ရွံစရာကောင်းတယ်… မင်း အခု ပျော်နေပြီလား…”
“ငါတို့ နှင်းဆီပန်းလေးရဲ့ ပြိုင်ဘက်ဆီကနေ လွှတ်လိုက်တဲ့ ကြေးစားကောင်တွေ မင်းတို့ သေချာ နားထောင်ကြစမ်း… ငါတို့ရဲ့လျှိုကွေ့လေးကို တိုက်ခိုက်ဖို့အတွက် မင်းတို့တွေက ပိုက်ဆံယူပြီး လုပ်ရဲတယ်ပေါ့လေ… မင်းတို့မိဘတွေအတွက်ရော အခေါင်း ဝယ်ထားပြီးပြီလား…”
“ကြည့်ရတာ ငါတို့ရဲ့ နှင်းဆီပန်းလေးက အကောင်ကြီးကြီး တစ်ကောင်ရဲ့ အမြှီးကို သွားနင်းမိတဲ့ပုံစံပဲ အဲ့ဒါကြောင့် သူတို့က ဒီလောက်မြန်မြန်ကြီး သူ့ကို ထိခိုက်အောင် ပြန်လုပ်ကြတာ… မင်းတို့တွေ လက်စားချေမှာကို မကြောက်ဘူးလား… နှင်းဆီပန်းလေးကို မကောင်းပြောတဲ့သူတွေ မင်းတို့တစ်မိသားစုလုံး သေအောင် ငါ ကျိန်ဆဲပစ်မယ်…”
“ဦးနှောက်သေနေတဲ့ ပရိသတ်တွေကို ရန်သွားစလို့ မရဘူး ဒီလိုမှမဟုတ်ရင် သူတို့တွေက မင်းတို့ တစ်မိသားစုလုံးကို ပြန်ပြီး ကျိန်ဆဲကြလိမ့်မယ်… ငါ့အထင် လက်စားချေမှာကို စိတ်ပူရမယ့်သူတွေက မင်းတို့ကောင်တွေပဲ ထင်တယ်…”
“တကယ်လို့ သူ့ရဲ့စိတ်ကျရောဂါကသာ အတုအယောင်ဆိုရင် သူပြောသမျှအားလုံးကို ပြောင်းပြန် လှန်ပစ်ဖို့ လိုတယ်… သူ့ရဲ့ရောဂါကြောင့် သူက မော့တိကို လျစ်လျူရှုထားမိပြီးတော့ အဲ့ဒါကြောင့် သူ့မောင်လေးက မိသားစုထဲကနေ ထွက်သွားတယ်ဆိုပြီး သူ တမင်တကာ ထည့်ပြောသွားတယ်လေ… သူက အရမ်းကို ဝမ်းနည်းပြီး အပြစ်ရှိတယ်လို့ ခံစားရပါတယ် ဒီလိုမျိုးပေါ့… ပြီးတော့ ဒါတွေအားလုံးကသာ အလိမ်အညာတွေဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်တွေက ယုတ်ညံ့ပြီး တစ်ကိုယ်ကောင်းဆန်တာပဲ… သူ့ကိုယ်သူ ကြင်နာတတ်ပြီး အံ့ဩဖွယ်ကောင်းတဲ့ လူတစ်ယောက်ဆိုတာ ပြသဖို့အတွက်နဲ့ မော့တိအပေါ် ညစ်ပတ်တဲ့ ရေဆိုးတွေ လောင်းချခဲ့တာ… တကယ်တမ်းကျတော့ အားလုံးက အတုအယောင်တွေပဲ… ကြာပန်းဖြူမ… သူ့ကို ဝိုင်းပြီး ရှုတ်ချရမယ်…”
“သေစမ်း… ကိစ္စတွေက မင်း ခွဲခြမ်းစိတ်ဖြာထားတဲ့အတိုင်းဆိုရင် သူက တော်တော် ကောက်ကျစ်တာပဲ…”
“မင်းလို ရက်စက်တဲ့ အမုန်းသမားတွေကြောင့် လူတွေ စိတ်ကျရောဂါ ဖြစ်ကုန်ရတာ… မင်းက ကိုယ်ကျင့်သီလ ကောင်းပြီး ကျက်သရေရှိရှိ မွေးဖွားလာတဲ့အပြင် အရည်အချင်းလည်း ရှိပြီး ချမ်းသာတဲ့ ငါတို့ရဲ့ နှင်းဆီပန်းလေးကို မနာလိုဖြစ်နေတာပဲ… မင်းက သူ စိတ်ကျရောဂါ ပြန်ဖြစ်အောင် လုပ်နေတာ…”
“နှင်းဆီပန်းလေးရဲ့ စိတ်ကျရောဂါက အတုလို့ မင်းက ပြောနေရအောင် မင်းမှာ သက်သေရှိလို့လား… ပရိသတ် မဟုတ်တဲ့ကောင်တွေ သေလိုက် သေလိုက် သေလိုက် …”
“ဒါဆိုရင် သူ့မှာ စိတ်ကျရောဂါ ဖြစ်နေပါတယ်ဆိုပြီး သက်သေပြစရာရော ရှိလို့လား… သူ့မှာ ရောဂါ ရှိနေတယ်လို့ ပြောတာနဲ့ပဲ တကယ် ရှိသွားရောလား… အဲ့ဒီကြာပန်းဖြူမက နာမည်ကြီးဖို့ ကြိုးစားရင်းနဲ့ တစ်ချိန်တည်းမှာပဲ မော့တိကို ပုတ်ခတ်ဖို့ ကြိုးစားနေတာ…”
“…”
စကားရည်လုပွဲမှာ အသက်ဝင်လာ၏။ ၁၂ နာရီ ထိုးနေသည့်တိုင်အောင် အင်တာနက်ကမ္ဘာကြီးမှာ လွန်ခဲ့သော ရက်အနည်းငယ်နှင့် နှိုင်းယှဉ်ပါက အရှိန်အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေသည်။
စိတ်ကျရောဂါ မြင့်တက်လာသည်နှင့်အမျှ လူသားတို့အနေဖြင့် စကားအသုံးအနှုန်းနှင့် ပတ်သက်ပြီး ဆတ်ဆတ်အထိမခံ ဖြစ်လေ့ရှိကြပြီး အများစုမှာ ထိုကဲ့သို့သော ပြောဆိုမှုများကို နက်နက်နဲနဲ ထဲထဲဝင်ဝင် မလေ့လာကြပေ။ သို့သော် မှန်ကန်သည့် အကြောင်းပြချက်နှင့် ကျိုးကြောင်းဆီလျော်သော သံသယများဖြင့် ဤတွင်းကို တူးလာကြမည် ဖြစ်ပြီး ၎င်းမှာ ပို၍ ကြီးထွားလာမည် ဖြစ်သည်။
---
အင်တာနက်ပေါ်၌ပင် ဤအကြောင်းကို တက်တက်ကြွကြွ ဆွေးနွေးနေကြရာ မော့မိသားစုဝင်များမှာ မည်သို့မှ သတိမထားမိဘဲ နေကြမည် မဟုတ်ပေ။
မနက်စောစောတွင် ထိုနေ့အစောပိုင်းက ထွက်ခွာသွားသည့် မော့အာ့ချမ်မှ လွဲ၍ မော့မိသားစု တစ်ခုလုံးက မော့ဘိုးဘိုး ရှိနေသည့် ဧည့်ခန်းထဲသို့ စုဝေးလာကြသည်။
ရွမ်ချင်းတန့်က သူမကို ဂရုတစိုက် ပွေ့ဖက်ထားလေသည်။
“ငတုံးမလေး… ငါတို့ကို အရင်တည်းက ဘာလို့ ဒီကိစ္စကို မပြောပြတာလဲ… မင်းက ငါ့ကို အသည်းကွဲစေချင်နေတာလား… ဒါ အသေးစားရောဂါ မဟုတ်ဘူး… မင်းတစ်ယောက်တည်း ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ… တစ်ခုခု မှားသွားရင် ဘယ်လိုလုပ်မလဲ…”
“ရှောင်ကွေ့ မင်း လုံးဝ ပြန်ကောင်းသွားပြီဆိုတာ သေချာရဲ့လား… ဘိုးဘိုးက မင်းကို ပိုပြီး အရည်အချင်း ရှိတဲ့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြပေးရမလား…”
မော့ဘိုးဘိုးက အသည်းကွဲနေသည်။ သူက သူ့တုတ်ကောက်ဖြင့် ထောက်ထားရင်း ပြော၏။
“ဒီကိစ္စကို ဖုံးကွယ်ထားဖို့ မစဉ်းစားနဲ့တော့… မင်းသာ တစ်ခုခု ဖြစ်သွားရင် အဘိုးတစ်ယောက်တည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး…”
ဒုတိယမြောက် အဒေါ်က နားထောင်နေရင်း မျက်လွှာချထားသည်။
(မင်းရဲ့ သားနဲ့ မြေးတွေကို ထောင်ထဲပို့ထားပြီး မင်းကတော့ အဆင်ပြေနေတယ်… မော့လျှိုကွေ့က သူ့မှာ စိတ်ကျရောဂါ ရှိခဲ့ဖူးတယ်ဆိုပြီး ဖွင့်ပြောလာတော့ မင်းဘာသာ မနေနိုင်ဘူးတဲ့လား… ဒါ ဘယ်လို ဘက်လိုက်မှုမျိုးလဲ…)
ထို့ပြင် ဤစိတ်ကျရောဂါမှာ အမှန် ဟုတ်၊ မဟုတ်၊ ထုတ်ဖော်ပြောဆိုခြင်း မပြုရသေးပေ။
“ဘိုးဘိုးကို တကယ် မပြောပြချင်ဘူးဆိုပေမယ့် တင်ဆက်သူက ရုတ်တရက် အတိတ်အကြောင်းကို ထုတ်ပြောလာပြီးတော့ သမီးလည်း ဘာတွေ ဖြစ်သွားမှန်း မသိတော့ဘူး… သူ့ကို အရာအားလုံး ပြောပြလိုက်မိတယ်…”
မော့လျှိုကွေ့၏ မျက်လုံးများမှာ မျက်ရည်များ စီးကျနေပြီး မျက်တောင် တဖျတ်ဖျတ် ခတ်နေသည်။ သူမက သူမ၏ အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထားရင်း ငိုရှိုက်နေ၏။
“ရှောင်တိကို လျစ်လျူရှုခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘူး ဖြစ်နေတာ ထင်တယ်… ဒီကိစ္စကြောင့် သူနဲ့ အားလုံးရဲ့ကြားမှာ နားလည်မှုလွဲမှားတာတွေ အများကြီး ဖြစ်လာခဲ့တဲ့အပြင် သမီးတို့ မိသားစုကိုလည်း ဒီအခြေအနေထိ ပြောင်းလဲပစ်လိုက်တာပဲ…”
“တောင်းပန်ပါတယ်… ဒါတွေအားလုံး ကျွန်မရဲ့ အမှားတွေပါ…”
မော့လျှိုကွေ့က ရှင်းပြရန် ကြိုးစားရင်း ဆက်ပြီး ငိုရှိုက်နေသည်။
“သမီး တောင်းပန်ပါတယ်… သမီးသာ ရှောင်တိကို လျစ်လျူမရှုဘူးဆိုရင် သူ အဲ့ဒီလိုမျိုး ပြောင်းလဲသွားမှာ မဟုတ်ဘူး… ဖေဖေ၊ တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကိုတို့လည်း အဆင်ပြေနေဦးမှာပဲ… တောင်းပန်ပါတယ်…”
အကြီးဆုံးအဒေါ်ဖြစ်သူက နှုတ်ခမ်းများ လှုပ်လိုက်သော်လည်း ဘာမှမပြောချေ။
မော့ဘိုးဘိုးနှင့် မိသားစုထဲမှ အခြားသူများမှာ ဤကိစ္စကို ကြားလိုက်ရသောအခါ စိတ်မကောင်းဖြစ်သွားကြသည်။ ရွမ်ချင်းတန့်က မော့လျှိုကွေ့ကို ဖက်ကာ သူမနှင့်အတူ လိုက်ငိုနေ၏။
“သမီးရဲ့ အမှား မဟုတ်ပါဘူး… မေ့မေ့ချစ်သမီးလေးရယ် ဒါ တကယ့်ကို မင်းရဲ့ အမှား မဟုတ်ပါဘူး… မင်းက နေမကောင်းဖြစ်နေတယ်ဆိုရင် တခြားဘာကိစ္စကိုမှ လိုက်ပြီး ဂရုမစိုက်နေသင့်ဘူး… သူက တစ်ကိုယ်ကောင်းဆန်ပြီး အရှက်မရှိ၊ သိက္ခာမရှိ မွေးဖွားလာခဲ့တာ… ဒါကြောင့်ပဲ သူ မေမေတို့နဲ့ ခွဲခွာသွားရတာ… သူ့ရဲ့ဆိုးသွမ်းတဲ့ အကျင့်စရိုက်ကြောင့် မော့မိသားစုက တကွဲတပြား ဖြစ်သွားခဲ့ရတာ… သမီးလေး သူ့အပေါ် ဂရုစိုက်ပေးတာနဲ့ မဆိုင်ပါဘူး… ပြီးတော့ သမီးလေး သူ့ကို ဂရုမစိုက်ပေးမိဘူးလို့ ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ… သမီးလေးက သူ့အပေါ်ကို အမြဲတမ်း ကြင်နာပြီး မှန်မှန်ကန်ကန် ဆက်ဆံခဲ့တာပဲလေ…”
“တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် မေမေ့ကို အပြစ်တင်ရမှာပဲ… သူ့ကို မမွေးပေးခဲ့သင့်ဘူး… သူ့မွေးလာတဲ့အချိန်တည်းက သူ့ကို ရှင်းပစ်လိုက်ရမှာ…”
ရွမ်ချင်းတန့်က ကြေကွဲနေပြီး မော့လျှိုကွေ့၏ နူးညံ့သောမျက်နှာလေးကို ကြည့်၍ ငိုနေသည်။
''မေမေ့အမှားတွေပါ...မေမေ့ကို အပြစ်တင်ရမှာ...''
''အစတည်းက သမီးလေး မွေးမလာခင်မှာ သူက သမီးလေးအတွက် အာဟာရဓာတ်တွေ အားလုံးကို ခိုးယူသွားတဲ့အတွက်ကြောင့် သမီးလေးဖေဖေက သူ့ကို စွန့်ပစ်ချင်နေတာ... သူက မျိုးစေ့ကောင်း မဟုတ်ဘူးဆိုတဲ့ နိမိတ်တွေလည်း ရှိခဲ့တယ်... အဲ့ဒီအချိန်တုန်းက မေမေ လက်မခံခဲ့တဲ့အတွက်ကြောင့် အခုတော့ အဆိပ်ပင် ရေလောင်းမိသလို ဖြစ်နေမိပြီ... ဘိုးဘိုးလည်း အပြစ်တင်ခံရမှာပဲ...''
မော့ဘိုးဘိုးက သက်ပြင်းချလိုက်သည်။
''ရှောင်ကွေ့ သမီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့... မင်းရဲ့အမှား လုံးဝ မဟုတ်ပါဘူး... ဒီကိစ္စကြောင့် သမီးလေး စိတ်ကျရောဂါ ဖြစ်ခဲ့ရတာဆိုရင် ဒါတွေအားလုံး ဘိုးဘိုးရဲ့အမှားပါပဲ... အပြစ်ရှိပါတယ်...''
''ဟုတ်တယ် ရှောင်ကွေ့... မင်းက နေမကောင်းဖြစ်နေတာကို ဘာလို့ မော့တိအတွက် ဂရုစိုက်ပေးနေရမှာလဲ...''
Xxxxxx