အပိုင်း ၁၃၁
Viewers 28k

Chapter 131



မော့ဝုဟန်က ဒေါသတကြီးဖြင့် ဆိုဖာကို လက်သီးဖြင့် ထိုးချလိုက်သည်။

နောက်ပိုင်းတွင် မည်သည့်ကိစ္စမှ သူ စီစဉ်ထားသလို ဖြစ်မလာခဲ့သဖြင့် သူ့ဒေါသကို ထိန်းချုပ်ထားနေရသည်။ သူနှင့် လက်မှတ်ထိုးထားသည့် ကုမ္ပဏီက သူ့ကို ချောင်ထိုးထားပြီး နှစ်လကြာသည်အထိ သူ့အတွက် ဘာအလုပ်မှ မပေးခဲ့ပေ။

သူ့အပေါ် တရားမျှမျှတတ လုပ်ဆောင်ရန် အထက်လူကြီးကို သွားမေးသောအခါ သူက သူ့ဂုဏ်သိက္ခာကို ညစ်နွမ်းစေခြင်းအားဖြင့် စာချုပ်ကို အရင်ဆုံး ဖောက်ဖျက်ခဲ့သည်ဟု ဆိုကြလေသည်။ ထို့ကြောင့် လက်ရှိတွင် မည်သည့်ကုမ္ပဏီကမှ သူ့ကို မငှားရမ်းလိုကြပေ။

သူ့မျက်နှာ ရောင်ပြန်ဟပ်နေသည်ကို မြင်လိုက်ရသည့်အခါတိုင်း နာကျည်းချက်ကို ခံစားနေရသည်။ ရှောင်ကွေ့ကြောင့် သူ ဤကဲ့သို့ အဆုံးသတ်သွားသည်ကို သတိရမိသည့်အချိန်တိုင်း သူ့နှလုံးသားထဲတွင် မနှစ်မြို့မှုအချို့ ပေါက်ဖွားလာသည့် အချိန်အချို့ပင် ရှိခဲ့လေသည်။ ဤကိစ္စက သူ၏ ကြင်နာတတ်ပြီး ချောမောလှပသည့် ညီမဖြစ်သူကို အပြစ်တင်ခဲ့မိသည့်အတွက် အားနာစိတ် ခံစားရစေ၏။

သို့ရာတွင် ပျက်စီးသွားသည့် သူ့အနာဂတ်ကို တွေးလိုက်မိတိုင်း ခံစားချက်များ တဟုန်ထိုး ထိုးထွက်လာခဲ့သည်။ သူ၏ အားနာစိတ်မှာ စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် လှည့်ပတ်နေရင်း သူ့စိတ်ထဲ၌ လေးလံသော ဝန်ထုပ်ဝန်ပိုး အစိုင်အခဲ ဖြစ်လာ၏။ သူကား ပေါက်ကွဲရန် စောင့်ဆိုင်းနေသော ဗုံးတစ်လုံးကဲ့သို့ပင်။

“အဲ့ဒီတိရစ္ဆာန်ကောင်က တော်တော် ဒုက္ခပေးတာပဲ… သူ့ကို သတ်ပစ်သင့်တာ တော်တော်ကြာပြီ… သူ့ကို မီးရှို့ပြီး အမှိုက်ပုံထဲကို သူ့ပြာတွေ သွားပစ်ရမယ်… မုထျန်းဟန်လည်း အတူတူပဲ… သူတို့အားလုံးပဲ အမှိုက်တွေ… ပြီးတော့ အင်တာနက်တွေပေါ်က လူတွေရောပဲ… သူတို့အားလုံး ငရဲကျရမှာ…”

မော့ဝုဟန်က သူ့စိတ်ထဲတွင် တိုးပွားလာသည့် ဒေါသများကို မြှင့်တင်ရန်အတွက် ကျိန်ဆဲလိုက်သည်။

“အဲ့ဒီကောင်တွေက ရှောင်ကွေ့ရဲ့ စိတ်ကျရောဂါကို မေးခွန်းထုတ်ရဲတယ်ပေါ့… နှလုံးသားမရှိ၊ အဆင့်အတန်း မရှိတဲ့ ကောင်တွေ… ကျက်သရေမရှိတဲ့ကောင်တွေ…”

ထို့နောက် မော့ဝုဟန်က သူ့လက်ထဲမှ ဖန်ခွက်ကို ရိုက်ခွဲလိုက်ရာ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

“ရှောင်ဟန်…”

မော့ဝုဟန်၏ ဆိုးသွမ်းသော အမူအရာကို မြင်သောအခါ ဒုတိယမြောက်အဒေါ်က ထိတ်ထိတ်ပြာပြာဖြင့် မေးလိုက်သည်။

“ရှောင်ဟန် အဆင်ပြေရဲ့လား… ဒီလိုကြီး ကြောက်အောင် မလုပ်စမ်းပါနဲ့…”

“ကျွန်တော်... ကျွန်တော် အဆင်ပြေပါတယ်…”

“ပဉ္စမအစ်ကို ဒေါသမထွက်ပါနဲ့… ညီမ အဆင်ပြေပါတယ်… ညီမ တကယ် အဆင်ပြေပါတယ်…”

မော့လျှိုကွေ့က ငိုရှိုက်နေရင်း သူမ၏ လက်ကို မြှောက်ကာ မျက်ရည်များ စိုရွှဲနေသည့် မျက်လုံးကို သုတ်လိုက်သည်။

ရုတ်တရက် ဖုန်းမြည်သံတစ်သံက သူတို့၏ တုံ့ပြန်မှုကို နှောင့်ယှက်လိုက်သည်။

၎င်းမှာ မော့လျှိုကွေ့၏ ဖုန်းမှ ဖြစ်သည်။

သူမက ဖုန်းကို ကြည့်လိုက်ပြီးနောက် မျက်ရည်များ ပို၍ များပြားစွာ စီးကျလာသော်လည်း ဖုန်းမကိုင်လိုက်ချေ။

ရွမ်ချင်းတန့်က ဖုန်းခေါ်ဆိုသူ မည်သူဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ပြောလိုက်သည်။

“ရှောင်ကွေ့… သမီးလေး ဘာလို့ ချန်းယီရဲ့ဖုန်းကို ပြန်မဖြေတာလဲ… သူက လူကောင်းတစ်ယောက်ပါ ပြီးတော့ သမီးလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လေ… သမီးတို့တွေ ရန်ဖြန်ထားကြတာလား…”

“မဟုတ်ပါဘူး…သမီးတို့ ရန်မဖြစ်ထားပါဘူး… ဒီတိုင်း ဒီတိုင်းပဲ လောလောဆယ် သူနဲ့ စကားမပြောချင်တာ… သမီး သူ့ကို ဘာပြောရမလဲဆိုတာ မသိတော့ဘူး…”

မော့လျှိုကွေ့မှာ ထပ်မံ၍ အသက်ရှူကြပ်လာပြန်သည်။

“လူတွေ အင်တာနက်ပေါ်မှာ ပြောနေကြတာတွေကို ချန်းယီလည်း မြင်ပြီးလောက်ပြီ… သမီးဆီမှာ တကယ် ဆေးလက်မှတ် မရှိဘူးဆိုတော့ သူ့ကို ဘယ်လို ရှင်းပြရမလဲဆိုတာ မသိတော့ဘူး… အဲ့ဒီအချိန်တုန်းက သိပ်ပြီး မတွေးတတ်ခဲ့ဘူး ပြီးတော့ မေမေတို့သာ ဒါကို တွေ့သွားရင် လူတိုင်းက စိတ်ပူသွားကြမှာကို စိုးရိမ်လို့ ကျောင်းက လော့ခ်ကာထဲမှာ ထည့်ထားခဲ့တာ… နောက်ပြီး သက်သာသွားတော့ လွှင့်ပစ်လိုက်မိတယ်… ချန်းယီလည်း သမီး တကယ်ဖြစ်တာ မဟုတ်ဘူးလို့ ထင်နေရင် ဘယ်လိုလုပ်မလဲ…”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… မိုက်မဲတဲ့ ကောင်မလေးရယ်… ချန်းယီ အဲ့ဒီကောင်လေးက သမီးကို အရမ်းချစ်ပြီး အမြဲတမ်း သမီးလေးကိုပဲ စွဲလမ်းနေတာ သူက မင်းကို ဘယ်လိုလုပ်ပြီး မယုံဘဲနေမလဲ…”

ရွမ်ချင်းတန့်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပြောသည်။

“သွား… သူနဲ့ စကားပြောလိုက်…”

“သမီး မပြောချင်ဘူး… ဘာပြောရမှန်းလည်း မသိဘူး ပြီးတော့ ဒီကိစ္စမှာ သမီး သူ့ကို ဝင်မပါစေချင်ဘူး…”

မော့လျှိုကွေ့က ရွမ်ချင်းတန့်ဆီမှ ဖုန်းကို ဆွဲယူလိုက်သော်လည်း နောက်ဆုံးတွင် ဖုန်းကို လက်ခံဖြေဆိုလိုက်ရသည်။

“ရှောင်ကွေ့…”

ချင်ချန်းယီ၏ အသံကို ဖုန်းထဲမှ ကြားလိုက်ရလေ၏။

မော့လျှိုကွေ့မှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး စကားလုံးများ ပျောက်ဆုံးနေပုံ ရသည်။ သူမက မတ်တပ်ထရပ်ပြီး ငိုနေရင်း ဧည့်ခန်းထဲမှ ပြေးထွက်သွားသည်။

“ရှောင်ကွေ့… ရှောင်ကွေ့…”

ရွမ်ချင်းတန့်က သူမ၏ သမီးလေး အခန်းထဲမှ ပြေးထွက်သွားသောကြောင့် လိုက်ခေါ်သော်လည်း မမှီလိုက်ပေ။ သူမက သူမသမီးအစား ဖုန်းဖြေလိုက်သည်။

“အိုး ချန်းယီရယ်… ရှောင်ကွေ့က ထွက်သွားပြီ…”

“အန်တီလား…”

ချင်ချန်းယီက သူ့လေသံကို ပြင်လိုက်သည်။

“ရှောင်ကွေ့က ဘာဖြစ်တာလဲ… သူ ဘာဖြစ်လို့ ကျွန်တော်နဲ့ စကားပြောဖို့ကို ငြင်းရတာလဲ…”

“မဟုတ်ဘူး မဟုတ်ဘူး… ရှောင်ကွေ့က ဒီတိုင်း…”

ရွမ်ချင်းတန့်က သက်ပြင်းချလိုက်သည်။

“ရှောင်ကွေ့က သူ မင်းနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိဘူးဖြစ်နေတာ… ဒီကလေးက အရမ်းရိုးပြီး မာနကြီးလွန်းတယ် သူ ဘယ်သူ့ကိုမှ အကူအညီပေးဖို့ တောင်းဆိုမှာ မဟုတ်ဘူး… သူ့ကို အင်တာနက်ပေါ်မှာ မဟုတ်မမှန် ပြောဆိုနေကြတာတွေ မင်း မတွေ့ဘူးလား…”

“ကျွန်တော် တွေ့ပြီးပါပြီ…”

ချင်ချန်းယီက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ သူ့ဒေါသကို မျိုသိပ်ထားရကြောင်း သိသာလှပေ၏။

“အိုင်း… ရှောင်ကွေ့က အမြဲတမ်း တခြားသူတွေအတွက်ပဲ အရင်ဆုံး စဉ်းစားပေးတတ်တယ်… သူက သူ့မိသားစုဝင်တွေအတွက်ပဲ စိတ်ကို တစ်ချိန်လုံး နှစ်မြှုပ်ထားတာ… သူက အန်တီတို့တွေ စိတ်ပူမှာစိုးလို့ သူ နေမကောင်းဖြစ်နေတာတောင် ဖုံးကွယ်ထားတာလေ… ပြီးတော့ အန်တီတို့ တွေ့သွားမှာကြောက်လို့ ဆေးမှတ်တမ်းကို လွှင့်ပစ်လိုက်တယ်တဲ့… သူက သူ့မိသားစုနဲ့ မော့တိကို ဦးစားပေးခဲ့လို့ အခုတော့ ဝိုင်းပယ်ထားခံနေရပြီ…”

ရွမ်ချင်းတန့်က တစ်ချက်တစ်ချက် ငိုရှိုက်ရင်း ပြောသည်။

“ရှောင်ကွေ့… သူက မင်းနဲ့ ဘယ်လိုမျက်နှာချင်း ဆိုင်ရမလဲဆိုတာ မသိလို့ ထွက်ပြေးသွားတာ… ချန်းယီ သမီးလေးကို အပြစ်မတင်ပါနဲ့… သူက အရမ်းကို တုံးအလွန်းပြီး စကားလည်း ကောင်းကောင်း မပြောတတ်ဘူး… အင်တာနက်ပေါ်မှာ ဒီလို ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုခံနေရတာတွေကို ကြံ့ကြံ့ခံနေတာ ကြည့်ရင်း အမေတစ်ယောက်အနေနဲ့ ဘာမှ မကူညီနိုင်လို့ စိတ်မကောင်း ဖြစ်ရတယ်…”

“အန်တီ ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ့ကို အပြစ်တင်ရမလဲ… ရှောင်ကွေ့ရဲ့ အကျင့်စရိုက်ကို ကျွန်တော် အပြည့်အဝ နားလည်ပါတယ်… ပြီးတော့ အင်တာနက်ပေါ်က ဒီလို တိုက်ခိုက်တာတွေကိုလည်း အန်တီ စိတ်ပူနေစရာ မလိုပါဘူး… ကျွန်တော် ဖြေရှင်းဖို့ နည်းလမ်း ရှာလိုက်ပါ့မယ်… မော့တိကနေစပြီး အင်တာနက်ပေါ်က အဆင့်မရှိတဲ့သူတွေ ရှောင်ကွေ့ကို ထိခိုက်အောင် လုပ်တဲ့သူတွေအားလုံးကို ကျွန်တော် ဒီတိုင်း လွှတ်ထားမှာ မဟုတ်ဘူး…”

“အိုင်း … ကောင်းတယ်… မင်းရဲ့အကူအညီနဲ့ဆိုရင် အန်တီ စိတ်ချထားလို့ ရပြီ… ရှောင်ကွေ့က အရမ်းကို ခွင့်လွှတ်ပေးတတ်ပြီး ကြင်နာတတ်လွန်းတယ်… သူ ဘာမှပြန်မလုပ်ပဲ ဒီတိုင်း သူ့ကို တိုက်ခိုက်တာတွေကို ငြိမ်ခံနေမှာပဲ စိုးရိမ်တာ…”

ရွမ်ချင်းတန့်က စိတ်သက်သာရာ ရသွားသဖြင့် သက်ပြင်းချလိုက်သည်။

“ပြီးတော့ သမီးလေးက ဒီကိစ္စထဲ မင်းကို ဆွဲမသွင်းချင်ဘူးလို့လည်း ပြောတယ်…”

“အန်တီ… နောက်ဆို မော့လျှိုကွေ့မှာ ကိစ္စတစ်ခုခု ဖြစ်ရင် ကျွန်တော့်ဆီ ဖုန်းဆက်လို့ ရပါတယ်…”

ချင်ချန်းယီက လေးလေးနက်နက် ပြောလိုက်သည်။

“ရှောင်ကွေ့က အရမ်းကို ကြင်နာတတ်တယ်… သူက အဲ့ဒီအမှိုက်တွေနဲ့ ရင်ဆိုင်ဖို့ ငြင်းဆန်ပေမယ့် ကျွန်တော်ကတော့ သူ့အစား အဲ့ဒီကောင်တွေကို ပညာပေးမှ ရမယ်…”

“…”

အင်တာနက်ပေါ်တွင် ဤကိစ္စကို အရှိန်ကောင်းကောင်းဖြင့် ဆက်လက် ဆွေးနွေးနေကြဆဲပင်။ မော့တိက အိပ်ရာမဝင်ခင် တစ်ခဏမျှ စောင့်ကြည့်နေ၏။

နောက်တစ်နေ့တွင်မူ မော့တိက အလုပ်ချိန်ဇယားအတိုင်း ဆက်လက်ပြီး ကုဒ်ရေးနေခဲ့သည်။ နေ့လည်ခင်း အနားယူချိန်၌ သူက အချိန်ခဏယူပြီး အမှောင်ဝက်ဘ်ဆိုဒ်ထဲသို့ ဝင်ကြည့်လိုက်သည်။

သူက ဤကိစ္စကို မုထျန်းဟန်နှင့် ဆွေးနွေးပြီးနောက် စွမ်းဆောင်ရန် မြင့်မားစေရန်အတွက် သူတို့အနေဖြင့် ချင်ချန်းယီနှင့် မော့လျှိုကွေ့တို့အား စောင့်ကြည့်သည့် လုပ်ငန်းကို သပ်သပ်စီ ခွဲလိုက်ကြသည်။ မော့တိက ပထမဦးဆုံးအနေဖြင့် ချင်ချန်းယီ၏ လူယုံတော်များ၊ အထူးသဖြင့် ယခင်ဘဝက သူတို့အတွက် အလုပ်လုပ်ခဲ့ပေးသော မိသားစုဆရာဝန်များကို စစ်ဆေးကြည့်လိုက်သည်။

နှစ်ပေါင်းများစွာအတွင်း နောက်ဆုံးတွင် ချင်မိသားစု၏ ယုံကြည်မှုကို ရရှိလာသည့် ဆရာဝန် ၃ ယောက် ရှိသည်။

အကယ်၍ ချင်ချန်းယီက မော့လျှိုကွေ့အတွက် ဆေးလက်မှတ်အတုတစ်စောင် ထုတ်ပေးလိုပါက သူ ရွေးချယ်မည့် ဆရာဝန်မှာ ထိုနယ်ပယ်တွင် ကျွမ်းကျင်ရမည် ဖြစ်ပြီး အရေးအကြီးဆုံးမှာ သူထိန်းချုပ်နိုင်သည့် တစ်စုံတစ်ယောက် ဖြစ်ရန် လိုအပ်ပေသည်။ ထို့အပြင် ထိုပုဂ္ဂိုလ်မှာ ချင်မိသားစု၏ အလုပ်ခန့်အပ်ခြင်းအောက်၌ ရှိနေရမည် မဟုတ်ဘဲ ထိုသို့မဟုတ်ပါက ဤကိစ္စကို တူးဆွလာသည့်အခါ မသမာမှုဖြင့် တရားစွဲခံရမည် ဖြစ်သည်။

ထို့ကြောင့် ပြီးပြည့်စုံသော သင့်တော်သူတစ်ယောက် အနေဖြင့် လက်ရှိတွင် ချင်မိသားစုအတွက် အလုပ်လုပ်နေခြင်း မရှိသူ ဖြစ်ရမည် ဖြစ်သော်ငြား သူတို့နှင့် ဆက်စပ်မှုအချို့ ရှိသူ ဖြစ်ပြီး ချင်ချန်းယီအတွက် အသုံးချနိုင်မည့် အားနည်းချက် တစ်ခုခု ရှိသူ ဖြစ်နိုင်ပေသည်။

သူ၏ ယခင်ဘတွင် သူ့ကို စိတ်ရောဂါအဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့သူ ၃ ဦးမှာ မော့အာ့ချမ်နှင့် ယန်ချီးချွမ်နှင့် စွင်းချန်ရှင်းဟူသော ဆရာဝန်နှစ်ယောက် ဖြစ်၏။

ထို့ပြင် သူ၏ ယနေ့စုံစမ်းစစ်ဆေးမှုအရ အဆိုပါဆရာဝန် နှစ်ဦးလုံးမှာ လက်ရှိတွင် ချင်မိသားစုလက်အောက်၌ အလုပ်လုပ်နေခြင်း မရှိချေ။ တစ်ယောက်က “ပထမဆေးရုံ”တွင် အလုပ်လုပ်နေပြီး အခြားတစ်ယောက်က “စည်းချက်ဆေးရုံ”တွင် အလုပ်လုပ်သည်။ ထို့ကြောင့် ချင်ချန်းယီက သူ၏ ကမ်းလှမ်းချက်အတွက် နှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်နိုင်ချေ ရှိသည်။

မော့တိက သူ ရှာတွေ့ထားသည်ကို မုထျန်းဟန်ဆီသို့ ပို့ပေးလိုက်သော်လည်း ထိုလူများမှာ ချင်မိသားစုနှင့် ဆက်စပ်မှုများကြောင့် သံသယဖြစ်စရာ ရှိသည်ဟု သူ ထင်နေကြောင်းကိုသာ ပြောပြခဲ့သည်။

ထို့နောက် မုထျန်းဟန်က သူတို့နောက်သို့ ခြေရာခံရန်အတွက် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူကလည်း လီချန်းနှင့် အခြားသူနှစ်ဦး၏ နောက်ကြောင်းကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်နေ၏။

တစ်ရက်အကြာတွင် မုထျန်းဟန်မှာ ယန်ချီးချွမ်ကို စောင့်ကြည့်နေသည့် သူ၏ လက်အောက်ငယ်သား တစ်ယောက်ထံမှ အရေးကြီးသော အချက်တစ်ချက်ကို ရရှိလာခဲ့သည်။ ၎င်းမှာ ချင်မိသားစုက ယန်ချီးချွမ်နှင့် တွေ့ဆုံရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ပြီးနောက် ထိုကိစ္စအပြီးတွင် ယန်ချီးချွမ်းက သူ လွန်ခဲ့သော နှစ်နှစ်ခန့်က ချေးငွေဖြင့် ဝယ်ခဲ့ရသော အိပ်ခန်းလေးခန်းနှင့် ဧည့်ခန်း နှစ်ခန်းပါသည့် အိမ်ကို ငွေအကြေ ချေပေးပြီးပြီ ဖြစ်ကြောင်း အွန်လိုင်းဖိုရမ်တစ်ခုတွက် အမည်ဝှက်ဖြင့် ပို့စ်တစ်ခု တင်လိုက်ခြင်းပင် ဖြစ်ပေသည်။



Xxxxxx