Chapter 133
မော့တိ နေ့လည်စာ စားပြီးသည်နှင့် သူ့အခန်းသို့ပြန်လာပြီး မုထျန်းဟန်ထံ ဖုန်းဆက်လိုက်သည်။
ထိုcommentတွေကို ဖတ်ပြီး မော့တိ ကိုစိတ်အနှောင့်အယှက်ဖြစ်သွားခြင်းကြောင့် သူ့အခန်းထဲသို့ တစ်ယောက်တည်း ပြန်သွားသည်ဟု တခြားလူတွေက ထင်လိုက်သည်။
ကျောက်ချွင်က အင်တာနက်အသုံးပြုသူများနှင့် ငြင်းခုံနေစဉ် ရှန့်ယွီချောင်ကို တံတောင်နှင့်တွက်လိုက်ပြီး
"နင်တို့ ယောက်ျားလေးတွေ ရှောင်တိနဲ့ စကားသွားပြောပြီး အားမပေးဘူးလား?"
"ငါက အဲလိုစကားလုံးတွေကို ကောင်းကောင်းမပြောတတ်ဘူး ငါက မဟုတ်တာတွေပြောမိပြီး ပိုဆိုးအောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ?"
ရှန့်ယွီချောင်က သူ့ခေါင်းကို ကုတ်လိုက်ပြီး
"မိန်းကလေးတွေက ပိုပြီး တွေးခေါ်တတ်ပြီး ပရိယာယ်ကြွယ်တဲ့အတွက် နင်နဲ့ ညီမမုံ့တို့က သွားမပြောသင့်ဘူးလား?"
"ဒါပေမယ့် အခု ရှောင်တိက သူ့အခန်းထဲမှာရှိနေတာ ငါတို့ မိန်းကလေးတွေက အထဲကို ဝင်လို့မရဘူးလေ နင်တို့ကောင်တွေက သူ့ကို ဘာလို့ မခေါ်တာလဲ? ဒါဆို ငါတို့ သူ့ကို စကားပြောလို့ရတယ်"
ကျန်းကျယ်မုံ့လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ကောင်းပြီ ဝတုတ် ငါနဲ့လိုက်ခဲ့"
ရှန့်ယွီချောင်က လင်ကျွင်းဖုန်ကို ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ မလုပ်တာ ပိုကောင်းမယ်လို့ထင်တယ်”
ဟန်ချောင်မှ သူတို့ကို တားလိုက်ပြီး
“ရှောင်တိက ဒီကိစ္စကို ငါတို့နဲ့ မပြောချင်တာ သေချာတယ်။ ခဏလောက် တစ်ယောက်တည်း နေပါစေ။ နောက်ပြီး သူ ငယ်ငယ်လေးကတည်းက မော့မိသားစုမှာ နေခဲ့ရတာကြောင့် သူ စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုတာက ခက်ခဲလိမ့်မယ်။ သူ့ကို စိတ်ငြိမ်အောင်ထားလိုက်ရင် ဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု သူ စဉ်းစားနိုင်အောင် ကူညီပေးလိုက်တာပဲ။ ဒုက္ခမပေးဘဲ နေရအောင်"
“…..”
အင်တာနက်ပေါ်မှ အပျက်သဘောဆောင်သည့် ဝေဖန်မှုတွေကို တွန်းလှန်ရန်နှင့် သူ့ကို နှစ်သိမ့်ပေးရန် သူ့အသင်းဖော်များက သူ့အခန်းအပြင်၌ အလုပ်ရှုပ်နေသည်ကိုတော့ မော့တိ မသိခဲ့ပေ။
သူက လက်ရှိအချိန်တွင် မုထျန်းဟန်နှင့် ဖုန်းပြောနေသည်။
မော့တိ၏ဦးဆောင်မှုအတိုင်း မုထျန်းဟန်က သူ၏လူများအား ယန်ချီးချွမ်နှင့် စွန်းချန်ရှင်းတို့၏ နောက်ကြောင်းကို စုံစမ်းနေစဥ်တွင် သူတို့ကိုလည်း စောင့်ကြည့်ခိုင်းထားခဲ့သည်။ တကယ်တမ်း၌ အမျိုးသားနှစ်ယောက်လုံး၏လတ်တလော လှုပ်ရှားမှုများကို သူတို့၏အင်တာနက် မှတ်တမ်းမှတစ်ဆင့် အလွယ်တကူ ရှာတွေ့နိုင်သောကြောင့် အတော်လေးကို လွယ်ကူသည့်ကိစ္စဖြစ်သည်။
နောက်ပြီး မနေ့က နေ့လည်စာစားချိန်၌ ယန်ချီးချွမ်က လျှို့ဝှက်သောလူတစ်ယောက်နှင့်တွေ့ဆုံရန် ဆေးရုံနှင့်လမ်းသုံးလမ်း အကွာ၌ရှိသော ကော်ဖီဆိုင်ကို တိတ်တဆိတ်သွားခဲ့သည်။
ထိုလူမှာ ရုပ်ဖျက်ထားသည့် ချင်ချန်းယီမှလွဲ၍ အခြားသူမဟုတ်ပေ။
မုထျန်းဟန်က သူ့လက်အောက်ငယ်သား ပေးပို့လိုက်သော ဦးထုပ်နှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ချင်ချန်းယီ၏ဓာတ်ပုံကို မြင်လိုက်ရသောအခါ ဤကိစ္စကို ချင်ချန်းယီ ကိုယ်တိုင် လုပ်နေသောကြောင့် သူ အံ့သြသွားရသည်။ သို့သော် ဤကိစ္စ၏အရေးပါမှုကို ထည့်သွင်းစဉ်းစားရလျှင် ချင်ချန်းယီ ဘာကြောင့် သူ့ကိုယ်သူမှလွဲ၍ ဘယ်သူ့ကိုမှ မယုံကြည်လဲဆိုတာ သူနားလည်နိုင်ပါသည်။
ဤဆေးဘက်ဆိုင်ရာ အစီရင်ခံစာကို အတုဖန်တီးမှုမှာ မော့လျှိုကွေ့၏ အနာဂတ် ကြိုးပမ်းမှုများကို ဆုံးဖြတ်ရုံသာမက ယခင်ကဖြစ်ခဲ့သည့်အရာအားလုံးကို ဖုံးကွယ်နိုင်မလား မဖုံးကွယ်နိုင်ဘူးလား ဆိုသည်ကိုလည်း အဆုံးအဖြတ်ပေးခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် ချင်ချန်းယီက သူတို့အကြောင်းကို ဂရုမစိုက်သည်ကို မုထျန်းဟန် သိသော်လည်း ၎င်းမှာ မော့မိသားစုကိုလည်း ပြန်လည်ရှင်သန်လာစေနိုင်သည်။ အကယ်၍ သူသာ မလုပ်နိုင်ခဲ့ပါလျှင် ယခင် သူတို့၏ရာဇ၀တ်မှုများအတွက် အရာအားလုံးကို ဂရုဏာတရားကင်းမဲ့စွာ မော့စစ်လန်အပေါ် အပြစ်ပုံချမည်မဟုတ်ပေ။ သူတကယ် ဂရုစိုက်သည်က မော့မိသားစု၏ ပုံရိပ်က ဖျော်ဖြေရေးနယ်ပယ်၌ မော့လျှိုကွေ့၏ အသက်မွေးဝမ်းကြောင်းကို တိုက်ရိုက် ဘယ်လို သက်ရောက်လဲဆိုသည်ကိုသာဖြစ်ပြီး ထို့ကြောင့်ပင် သူတို့ကို ပြန်လည်ရပ်တည်လာနိုင်စေရန် သေချာပေါက် ကူညီပေးမှာဖြစ်၏။
ထို့ကြောင့် ဆေးဝါးအစီရင်ခံစာအတုကို ရယူရန် တာဝန်က အလွန်အရေးကြီးသည်။ ထို့ကြောင့် အခြားကျန်ရှိသောလူယုံနှစ်ယောက်ကို ထိုတာဝန်အား ယုံကြည်စွာမအပ်နှံဘဲ သူကိုယ်တိုင် ဂရုတစိုက် ပြုလုပ်နေခြင်းပင် ဖြစ်သည်။ ထိုအရာအားလုံးမှာ သူနှင့်ဆက်ဆံနေသည့်သူကို သူကိုယ်တိုင် ဆုံးဖြတ်တာလည်း ဖြစ်နိုင်သည်။
မုထျန်းဟန်က ချင်ချန်းယီ သူတို့ကို ရှာတွေ့မည်စိုးသောကြောင့် သူ့လူတွေကို ကော်ဖီဆိုင်မှ ထွက်ခွာပြီး အဝေးမှ စောင့်ကြည့်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် သူသည် ယန်ချီးချွမ်နှင့် ချင်ချန်းယီကြား အွန်လိုင်း အပြန်အလှန် ဆက်သွယ်မှုများကို ခြေရာခံရန် လီချန်းကို ပြောလိုက်သည်။
သို့ပေမယ့် ဒီတစ်ကြိမ်၌ ဘာကိုမှ ရှာမတွေ့ခဲ့ပေ။
ချင်ချန်းယီက သင်ခန်းစာ ရသွားပုံပင်။ မော့၊ ယဲ့ နှင့် ချင်မိသားစုတို့၏ ယခင်ပဋိပက္ခအနည်းငယ်မှာ ဝဘ်ပေါ်တွင် ကျန်ရစ်ခဲ့သော ခြေရာများကြောင့် သူတို့အားလုံး ပစ်ချခံခဲ့ရသည်။ ဤတစ်ကြိမ်၌ သူသည် သတိကြီးစွာထားပြီး အွန်လိုင်းပေါ်တွင် မည်သည့် သက်သေအထောက်အထားမှ မကျန်ခဲ့စေရန် မျက်နှာချင်းဆိုင် စကားပြောတွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
ချင်ချန်းယီက ယန်ချီချွမ်ကို တစ်ခါသုံးဖုန်းဖြင့် ဆက်သွယ်ပြီးနောက် လျှို့ဝှက်ကုဒ်နှင့် တွေ့ဆုံရန် နေရာတစ်ခုကို သဘောတူခဲ့ကြသည်။ ချင်ချန်းယီက သူတို့အား တစ်စုံတစ်ယောက်က သတိပြုမိမည်ကို စိုးရိမ်သောကြောင့် တန်ဖိုးကြီးသည့်နေရာကို မရွေးချယ်ခဲ့ပေ။
ထို့ကြောင့် ချိန်းထားသည့်အချိန်၌ ယန်ချီးချွမ်၏ ဆေးရုံအနီးရှိ ကဖေးဆိုင်ငယ်တစ်ခုလို မထင်မရှားနေရာတစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။ ရယ်စရာကောင်းသည်က ချင်ချန်းယီက ထိုနေရာကို အရင်က 'ဆင်းရဲသားတွေ သွားလေ့ရှိသည့်နေရာ' ဟု သတ်မှတ်ခဲ့ဖူးပြီး ဘယ်သောအခါကမှ ခြေမချခဲ့ပေ။
သူက တတ်နိုင်သလောက် အသေးစိတ်မှစ၍ အလွန်ဂရုစိုက်သော်လည်း ချင်ချန်းယီမှာ ယန်ချီးချွမ်၏အပြုအမူကို လုံး၀မထိန်းချုပ်နိုင်ခဲ့ပေ။
အမှန်တကယ်တွင် ယန်ချီးချွမ်က ချင်ချန်းယီ၏ညွှန်ကြားချက်များကို လိုက်နာခဲ့ပြီး ဤကိစ္စကို သူ့မိန်းမကိုပင် ပြောမပြထားခဲ့ပေ။ သူအများဆုံးလုပ်ခဲ့သည်က အွန်လိုင်းဖိုရမ်တစ်ခု၌ အနည်းငယ် လျှို့ဝှက်စွာ ကြွားဝါခဲ့ခြင်းပင်ဖြစ်သည်။ မော့တိက သူ့ယခင်ဘဝ၌ သူနှင့်ထိတွေ့ဆက်ဆံမှုမရှိခဲ့ပါလျှင် ထိုပို့စ်ငယ်လေးက မထင်မရှားမှတ်ဥာဏ်များကို ပြန်လည်မှတ်မိစေလိမ့်မည်မဟုတ်ပေ။
သို့ပေမယ့် မော့တိက သူ့အား ဖြစ်နိုင်ဖွယ်သံသယရှိသူအဖြစ် ရှာဖွေဖော်ထုတ်ပြီးနောက်တွင် ဤသေးငယ်သောလုပ်ရပ်များမှာ သက်သေအတွက် အတော်လေး အသုံးဝင်လာသည်။
ထို့ကြောင့် ယန်ချီးချွမ်ကို ခြေရာခံခြင်းဖြင့် သူ ချင်ချန်းယီနှင့် ဆက်သွယ်မှုရှိတိုင်း နောက်ဆုံး၌ ဖော်ထုတ်ခံရလိမ့်မည်။
ဆေးဖိုင်ကိုခိုးယူရန် ဆေးရုံ၏မှတ်တမ်းများကို လျှို့ဝှက်စွာခိုးယူခဲ့စဥ်ကလည်း အလားတူပင်။ နောက်ပြီး ဆေးမှတ်တမ်းရှိ အချက်အလက်များကို သူက တရားမ၀င်ပြောင်းလိုက်သောအခါ၌ - အားလုံးကို မုထျန်းဟန်၏လူများက မှတ်တမ်းတင်ထားခဲ့သည်။
ထို့ကြောင့် သူတို့၌ ခိုင်လုံသည့် သက်သေ အထောက်အထားများ ရှိပြီးသားပင်။
ကျန်နေသည်က အချိန်ကောင်းကို စောင့်ရန်ပင်...
ထိုအချိန်က မော့လျှိုကွေ့နှင့် ချင်ချန်းယီတို့ သူတို့၏ ကံကြမ္မာကို ကိုယ်တိုင်ကိုယ်ကျ အပ်နှံလာမည့်ချိန်ပင်။
သူတို့ ကြိုးကိုင်ဖန်တီထားသည့် ဝေဖန်မှုများကို ကြည့်ခြင်းအားဖြင့် သူတို့ကိုယ်သူတို့ အထင်ကြီးနေသောအချိန်က သူတို့ကို တွန်းလှန်ရန် သင့်တော်သည့်အချိန်မဟုတ်ပါလား။
မော့တိနှင့် မုထျန်းဟန်တို့က လွန်ခဲ့သည့် နှစ်ရက်အတွင်း သူတို့ စုဆောင်းရရှိထားသော အချက်အလက်များကို ဖလှယ်ခဲ့ကြပြီး နောက်ထပ်စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ အချိန်တန်လျှင် သူတို့မှ ကော်မရှင်နာဝမ်အား အရာအားလုံးကို တင်ပြလိမ့်မည်ဖြစ်ပြီး နောက်ဆုံး၌ သူက ချင်ချန်းယီကို ဆန့်ကျင်ပြီး တစ်ခုခုလုပ်လိမ့်မည်။
တကယ်တမ်း၌ ယန်ချီးချွမ်မှာ ယုံကြည်ရသောသူမဟုတ်ပေ။ ခြိမ်းခြောက်လိုက်လျှင် သူက သူ့ကိုယ်သူ ကယ်တင်ရန် ချင်ချန်းယီကို စွန့်ပစ်လိမ့်မည်ပင်ဖြစ်သည်။
အမှန်တော့ မုထျန်းဟန်က ဤကိစ္စကို အချိန်မဆွဲချင်တော့ပေ။ အချိန်ကြာလေလေ သူ၏မော့တိလေးမှာ အွန်လိုင်း၌ စော်ကားခံရလေလေဖြစ်သည်။ ထိုcommentများက မည်မျှရက်စက်ပြင်းထန်လဲဆိုသည်အား ပြော၍ပင်မရပေ။ သို့သော် ယခုတစ်ကြိမ်တွင် သူတို့၏ပြိုင်ဘက်မှာ ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး အန္တရာယ်များသော ချင်ချန်းယီဖြစ်သည်ကို ထည့်သွင်းစဥ်းစားပြီး လက်စားချေမှုကို တစ်ရက်ရွှေ့ဆိုင်းရန် မော့တိ၏ တောင်းဆိုချက်ကို မုထျန်းဟန် အံကြိတ်ကာ သဘောတူခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက ကော်မရှင်နာဝမ်နှင့်လည်း ဆက်သွယ်ခဲ့ပြီး ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ သူ့ကို ကိုင်တွယ်ခွင့်ပေးခဲ့ခြင်းကြောင့် ချင်ချန်းယီက ယခုတစ်ကြိမ်တွင် တရားမျှတမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
…..
အစီအစဥ်များ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ချင်ချန်းယီကို ရှင်းထုတ်နိုင်တော့မည့်အကြောင်းကို တွေးမိပြီး မော့တိ အလွန်ပျော်ရွှင်မိသည်။ သူက ရုပ်မြင်သံကြားမှ နှစ်သစ်ကူး သီချင်းကို ရွှင်မြူးစွာ ညည်းနေခဲ့သည်။
မုထျန်းဟန်နှင့် မော့တိ၏ အစီအစဉ်ကို မသိသော ရှန့်ယွီချောင်နှင့် အခြားသူများမှာ စိုးရိမ်စိတ်တို့ ပိုတိုးလာခဲ့သည်။
ဒါက မူမမှန်ဘူး! ရှောင်တိက စိတ်မဆိုးဘူးဆိုရင်တောင် သူဒီလို...ပျော်မနေသင့်ဘူး!
"ရှောင်တိ နင်…”
ကျောက်ချွင် တုံ့ဆိုင်းသွားသည်။
"ငါ အဆင်ပြေပါတယ်။ မင်းတို့ ငါ့ကိုတကယ်စိတ်ပူစရာမလိုဘူး"
သူတို့ သူ့ကို စိုးရိမ်စွာ စိုက်ကြည့်နေသည်ကို မြင်ပြီး မော့တိသည် စိတ်ရင်းမှန်ဖြင့် ပြုံးပြလိုက်ကာ
“အမှန်တရားက အမြဲတမ်း ပေါ်ထွက်လာမယ်လို့ ငါ ယုံကြည်တယ်။ မင်းတို့တွေ အကောင်းမြင်စိတ်ရှိသင့်တယ်"
"ငါတို့လည်း အကောင်းမြင်စိတ်ရှိပါတယ်။ ဒါပေမဲ့ အကောင်းဘက်ကတွေးတာက အသုံးမဝင်ဘူး။ အွန်လိုင်းမှာ လူထုရဲ့ထင်မြင်ချက်တွေက ရှုပ်ထွေးနေတယ်။ သူတို့အားလုံးက မင်းကို ရည်ရွယ်ပြီး..."
"သူတို့ပြောချင်တာကို ပြောပါစေ။ အနှေးနဲ့အမြန်ဆိုသလို သူတို့ အမှန်တရားကို သိပါလိမ့်မယ်။ မနက်ဖြန် ကွာတားဖိုင်နယ်အတွက် ထိပ်ဆုံးရှစ်ဖွဲ့ကို သူတို့ ကြေငြာလိမ့်မယ်။ အဲဒီအစား ဘာလို့ မင်းတို့ရဲ့ အတွေးတွေကို မပြောင်းလဲရတာလဲ?"
မော့တိက ကျောက်ချွင်ကို စကားဖြတ်ပြောလိုက်ပြီး
"ဆုပေးပွဲ အခမ်းအနား ကျင်းပပြီး အသင်းရှစ်သင်းကို လူသိရှင်ကြား ကြေငြာလိမ့်မယ် မင်းတို့တွေ မစိုးရိမ်ဘူးလား?"
"စိုးရိမ်တယ် ဒါပေမယ့် ဒါက မင်းရဲ့ပြဿနာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး"
ချန်ကျောင်းက သူ့ဗိုက်ကို ဖျစ်ညှစ်ထားပြီး
"ငါ အရမ်းစိတ်ပူတယ် ပြီးတော့ စိုးရိမ်တယ် ဒါကြောင့် ငါဗိုက်နာနေတယ်။ အခု မင်းပြောခဲ့သလိုပဲ ဝန်ထမ်းတွေက ဒီည Weibo မှာ အဖွဲ့ဆယ်ဖွဲ့ရဲ့ တည်းဖြတ်ထားတဲ့ ဗီဒီယိုကို တင်မယ်လို့ ပြောထားတယ်မလား? အခု တင်ပြီလား?"
"မသိဘူး။ ငါစစ်ကြည့်အုံးမယ်"
ရှန့်ယွီချောင်က သူ့ဖုန်းကိုယူပြီး Weibo ကိုဖွင့်လိုက်သည်။ သူက ပြိုင်ပွဲဝဘ်ဆိုဒ်ကို ဝင်လိုက်ပြီး
“ဟမ်?! နာရီဝက်လောက်အကြာက တင်ထားတယ်။ ဗီဒီယိုတွေကို တစ်ခုပြီးတစ်ခု တင်နေတာ ပြီးတော့ ငါတို့အဖွဲ့ရဲ့ဗီဒီယိုကို ဒုတိယမြောက်တင်ထားတယ်။ အခု ငါးဖွဲ့မြောက်ကို ရောက်နေပြီ"
ရှန့်ယွီချောင်က စူးစူးဝါးဝါးအော်လိုက်ပြီး
"ဗီဒီယိုထဲမှာ ဘာလို့ ငါက အရမ်းမည်းပြီး ပိန်နေရတာလဲ?! မျောက်တစ်ကောင်လိုပဲ! ရုပ်ဆိုးလိုက်တာ!"
တခြားသူများသည်လည်း သူတို့၏ ဖုန်းတွေကို စပြီး စစ်ဆေးကြည့်ကြသည်။
ကျောက်ချွင် : "ငါ ဒီလောက် မဝပါဘူး! ဘာလို့ ကင်မရာထဲမှာ ငါက ဒီလောက်တောင် ဝနေရတာလဲ?!"
ချန်ကျောင်း : "ငါက အရမ်းပုနေတယ်! ငါ့အရပ်က 1.83 မီတာပါ! လင်ကျွင်းဖုန်အနားမှာ ရပ်နေတဲ့ ငါ့ကို ဘာလို့အဲလိုရိုက်ထားတာလဲ? အခု ကြည့်ရတာ ငါက 1.7 မီတာလောက်ပဲရှိတယ်! သေစမ်း!"
ဟန်ချောင်: “ငါက ဂျုံမှုန့်အလွှာနဲ့ ဖုံးထားသလို ကင်မရာထဲမှာတောင် ဖြူဖပ်ဖြူရော်ဖြစ်နေတယ်"
ကျန်းကျယ်မုံ့: "ငါ... ငါ ရှောင်တိ အနားမှာ ရိုက်ခဲ့တာ ပြီးတော့ သူ့မျက်နှာနဲ့ ယှဉ်ရင် ငါ့မျက်နှာက အရမ်းကြီးနေတယ်။ နောက်တစ်ခါ သူနဲ့အတူ မရိုက်ချင်ဘူး..."
မော့တိလည်း ဗီဒီယိုကို နှိပ်ပြီး ကြည့်လိုက်သည်။ သူက စတိုင်လ်ကျပြီး အတော်လေးကြည့်ကောင်းသည်ဟု ထင်သည်။
သို့သော် အောက်ရှိ commentနေရာ၌ စော်ကားပုတ်ခတ်မှုများ ကျိန်ဆဲမှုများနှင့် ပြည့်နေသည်။
"ဘာလဲ?!!! ဒီအသင်းရဲ့ခေါင်းဆောင်က မော့တိလား? သူ့အစ်မကို စိတ်ကျရောဂါဖြစ်အောင် အနိုင်ကျင့်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်ပြီး ကျေးဇူးမသိတတ်တဲ့ကောင်မလား?!'
'ငါ-ိုး! ဘာကြောင့် ငါ့အကြိုက်ဆုံးဂိမ်း Infinite Lifeကို ဒီလိုစက်ဆုပ်ဖို့ကောင်းတဲ့သူက ဖန်တီးထားရတာလဲ?! သေစမ်း! ငါသေချင်လိုက်တာ! ကိုယ့်ကိုကိုယ်တောင် သနားမိတယ်...'
'မော့တိ ဖန်တီးထားတဲ့ ဂိမ်းတွေကို ဆန့်ကျင်ကြပါ! Infinity Life နှင့် ဒီအဖွဲ့ကို ပိတ်ပင်ပေးပါ!!!'
'နှင်းဆီပန်းလေးကို ငါ တကယ် သနားမိတယ်လို့ ပြောချင်တယ်။ မော့တိ မင်း စိတ်ကျရောဂါခံစားနေရတဲ့ အစ်မကို မှတ်မိသေးလား? ပြီးတော့ သူ့ကို မတူမတန်သလို ဆက်ဆံတုန်းကတောင် မင်းကို သူ ဂရုစိုက်နေတုန်းပဲ။ မင်းက နှလုံးသားမရှိဘဲ မင်းမိသားစုနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်လိုက်သေးတယ်!'
'မော့လျှိုကွေ့ရဲ့ ဦးနှောက်မရှိတဲ့ ပရိသတ်တွေက ဒီနေရာကို နောက်ထပ် ရောက်လာပြန်ပြီ။ အရှက်မဲ့ပြီး မိုက်မဲလိုက်တာ။ မော့တိ ငယ်ငယ်က မော့မိသားစု သူ့ကို ဘယ်လိုညှည်းဆဲနှိပ်စက်ခဲ့လဲဆိုတာ မေ့သွားပြီလား?! ဒါတောင် တချို့လူတွေက သူတို့ဘက်ပါနေသေးတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး!'
'မော့တိ ဖန်တီးထားတဲ့ဂိမ်းတွေကိုသပိတ်မှောက်ပါ! သူ့ကို ပြိုင်ပွဲကနေ ထုတ်လိုက်ပါ! သူနဲ့သူ့အဖွဲ့ကို ပိတ်ပင်ပေးပါ!'
'မော့လျှိုကွေ့အတွက် စိတ်ထိခိုက်စရာပဲ။ မော့လျှိုကွေ့အတွက် စိတ်ထိခိုက်စရာပဲ။ မော့လျှိုကွေ့အတွက် စိတ်ထိခိုက်စရာပဲ'
'မော့တိ မော့လျှိုကွေ့ကို တောင်းပန်ပါ!'
‘…..’
Xxxxxx