Chapter 134
အဖွဲ့သားများမှာ သူတို့၏ စခရင်ပေါ်ရှိ အသွင်အပြင်နှင့်ပတ်သက်ပြီး ထိန်းချုပ်မရအောင် ပွက်လောရိုက်နေခဲ့သော်ငြား commentများပေးသည့်အပိုင်းသို့ ရောက်သောအခါတွင် ငြိမ်သက်သွားကြသည်။
အခန်းက ရုတ်တရက် ငြိမ်ကျသွားသည်။
"...ရှောင်တိ commentတွေက အမှန်တရားကို မသိတဲ့သူတွေ ရေးထားတာ။ မင်း အလေးအနက်ထားဖို့ မလိုဘူး"
ကျောက်ချွင်က သူမ၏ ဒေါသကို မျိုသိပ်ဖို့ ကြိုးစားရင်း အရင်ဆုံးပြောလိုက်သည်။
"သူတို့က ဘာမှမသိသလို နင့်ကိုလည်း နားမလည်ကြဘူး။ သူတို့က မော့လျှိုကွေ့ရဲ့ စကားတွေကိုပဲ နားထောင်ပြီး နင့်ကို တိုက်ခိုက်ဖို့ ဒီကိုရောက်နေကြတာ။ ဦးနှောက်မရှိတဲ့ အရူးတစ်စုကြောင့် စိတ်ရှုပ်ခံမနေနဲ့"
"အတိအကျပဲ။ သူတို့အားလုံးက မော့လျှိုကွေ့ရဲ့ စကားတွေကိုပဲ နားယောင်နေကြတာ နောက်ပြီး သက်သေမရှိဘဲ မင်းကိုနှောင့်ယှက်ချင်လို့ သူတို့ ဒီကိုရောက်လာကြတာ!"
အမြဲတမ်း သည်းခံနိုင်သည့် ကျန်းကျယ်မုံ့ပင်လျှင် ဒေါသထွက်နေသည်။
"သူတို့ ရေတပ်ကို ငှားထားတာပဲဖြစ်ရမယ်”
ဟန်ချောင်လည်း စိတ်တိုသွားပြီး
“ဒါမှမဟုတ်ရင် ဘယ်လိုလုပ် သူတို့တွေအများကြီး ဒီကိုရောက်လာမှာလဲ?"
"ငါတို့နိုင်ငံမှာ ဒီရေတပ်တွေကို ဆန့်ကျင်ဖို့ စည်းမျဉ်းတွေ ချမှတ်ရမယ့်အချိန်ပဲ။ သူတို့မှာ အသိဥာဏ်မရှိဘူး”
လင်ကျွင်းဖုန်က ဒေါသတကြီး လေမှုတ်ထုတ်လိုက်သည်။
"မော့လျှိုကွေ့က သူတို့ကို ဆေးမှတ်တမ်းလေးတစ်ခု ပြလိုက်ရုံနဲ့ သူမ ပြောသမျှကို ခြွင်းချက်မရှိ ယုံကြည်သွားကြတယ်။ နည်းနည်းတော့ မထူးဆန်းဘူးလား?!"
“…..”
မော့တိက သူ့မကောင်းသတင်းများကြောင့် အသင်းအတွက် မည်သို့ ထိခိုက်သွားစေမည်ကို စိုးရိမ်ရမည့်အစား သူဘယ်လို အနိုင်ကျင့်ခံနေရလဲဆိုတာကိုသာ စိုးရိမ်နေကြသည့် သူ့သူငယ်ချင်းများကို ကြည့်ရင်း သူ စိတ်ထိခိုက်သွားရသည်။
သူ ပြုံးပြီး သူတို့ကို ပြန်နှစ်သိမ့်ပေးလိုက်သည်။
“ငါက တကယ် အဆင်ပြေတယ်။ အွန်လိုင်း commentတွေကို အရမ်း အာရုံမစိုက်ရမယ့် လူတွေက မင်းတို့တွေဖြစ်နေပြီ"
"ရှောင်တိ မင်းတကယ် စိတ်အနှောင့်အယှက်ဖြစ်နေရင် ဖုံးကွယ်ထားစရာ မလိုဘူး။ ဒီမှာရှိနေတဲ့ ငါတို့ထဲက တစ်ယောက်မှ မင်းကို ပြက်ရယ်ပြုမှာမဟုတ်ဘူး"
ရှန့်ယွီချောင်က အတင်းပြုံး၍ ပြောလိုက်သည်။
"ဟုတ်တယ် ရှောင်တိ။ မင်းက ဒီမှာ အငယ်ဆုံးဆိုတော့ လူကြီးဖြစ်ဖို့ ကြိုးစားမနေနဲ့။ မင်း ငါတို့ကို ဘာမဆိုပြောပြလို့ရတယ်။ ပြီးတော့ ငါတို့က ကူပြီး အဖြေရှာပေးမယ်"
ကျောက်ချွင်က မော့တိကိုကြည့်ပြီး
"မော့လျှိုကွေ့က ဆေးမှတ်တမ်းပြခဲ့တယ်။ ပြီးတော့ သူ့နောက်မှာ ရေတပ်လည်းရှိတယ်။ ဒါတွေအားလုံးက နင့်အတွက် မကောင်းဘူး။ ငါတို့ တစ်ခုခုလုပ်မှရမယ်။ မဟုတ်ဘူး… ငါတို့လည်း ရေတပ်ကို ငှားသင့်တယ်! မော့မိသားစုကိုလည်း ရှုံ့ချဖို့ သူတို့ကို လုပ်ခိုင်းသင့်တယ်!"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အဲဒီအကြံ ကောင်းတယ်!"
ရှန့်ယွီချောင် အကျယ်ကြီးအော်ကာ သဘောတူလိုက်သည်။
မော့တိ ခေါင်းခါလိုက်ပြီး
“မလိုပါဘူး။ အခု ရေတပ်ကို ငှားတာက ငါ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ရစေမှာ မဟုတ်ဘူး။ အရှုပ်အထွေးတွေပဲ ဖြစ်စေလိမ့်မယ်"
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ?"
လူတိုင်း စိုးရိမ်နေကြသည်။
"ငါ့မှာ အစီအစဉ်ရှိတယ်။ မနက်ဖြန်မှာ အကောင်အထည် ဖော်မှာ။ မင်းတို့ ယုံကြည်ထားလိုက်စမ်းပါ”
မော့တိက သူတို့ကို ပြုံးပြပြီး
“ပြီးတော့ ငါ့မှာ ငါ့ကို ကူညီပေးနေတဲ့ ကိုကို ရှိတယ်။ မင်းတို့ ငါ့ကို ယုံကြည်မပေးရင်တောင် ငါ့အစ်ကိုက ဘယ်လောက်ထိ ယုံကြည်လို့ရလဲဆိုတာ မင်းတို့သိသင့်တယ်"
"ဟုတ်တယ်။ ငါတို့ဘက်မှာ ဘော့စ်မု ရှိတယ်! ရှောင်တိကို သေချာပေါက် ဆဲဆို အနိုင်ကျင့်တာကို သူ ခွင့်ပြုမှာမဟုတ်ဘူး!”
လင်ကျွင်းဖုန်က သူ၏ညာဘက်လက်သီးကို လက်ဖဝါးထဲသို့ ထိုးလိုက်သည်။
"တကယ်လား?"
ဟန်ချောင်မှာ မယုံကြည်သေးပေ။
ဒါပေါ့ သူ မုထျန်းဟန်ကို ယုံကြည်ပေမယ့် အခုအချိန်မှာတော့ အရာအားလုံးက လွန်သွားခဲ့ပြီ။ သူ ဒါကို ပြန်လှည့်နိုင်ပါ့မလား။
"တကယ်ပေါ့”
မော့တိက သူ့ပခုံးကို ပုတ်လိုက်ပြီး
“ငါ လုံးဝ စိတ်ဓါတ်ကျနေတာကို မင်းတို့ သတိထားမိလို့လား အခုချက်ချင်း မင်းတို့ ငါ့ကို သိသင့်တယ် ငါတကယ် စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင် မင်းတို့ကောင်တွေနဲ့ စကားပြောမယ့်အစား ငါက ဖြေရှင်းဖို့ တစ်ခုခုလုပ်နေမှာပေါ့"
"ဒါကြောင့် အခု ငါ စိတ်အေးလက်အေး ဖြစ်နေတာက ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်ဆိုတဲ့ သက်သေပဲလေ"
"အစီအစဥ်က ဘာလဲ?"
ရှန့်ယွီချောင် မေးလိုက်သည်။
"ဒါက... ငါ့အစ်ကို ပြင်ဆင်တာမပြီးသေးလို့ လောလောဆယ်တော့ ငါ လျှို့ဝှက်ထားဖို့လိုတယ်။ ဒါပေမယ့် ငါရော ငါတို့အဖွဲ့ရော အဆင်ပြေမှာပါ။ မင်းတို့ စိတ်ချယုံကြည်ထားလိုက်စမ်းပါ"
"ဒါဆို…”
မော့တိက ပြုံးပြီး
“အဲဒီအစား မနက်ဖြန် စင်ပေါ်မှာ ဘာဝတ်ရမလဲဆိုတာကို မင်းတို့ စဉ်းစားထားသင့်တယ်”
…..
နောက်တစ်နေ့တွင် အဖွဲ့သည် ပုံမှန်အတိုင်း သူတို့အလုပ်ကို ဆက်လုပ်နေသည်။
မော့မိသားစုမှာ လူထုက မှားယွင်းစွပ်စွဲခံရသော မိသားစုအဖြစ် သူတို့ကိုယ်သူတို့ အပြစ်ကိုဖုံးကွယ်ရန် ဤအခွင့်အရေးကို အသုံးပြုဖို့ ကြိုးစားနေမှန်း သိသည့်တိုင် မော့တိက လျစ်လျူရှုကာ သူတို့၏နားချိန်အတွင်း အမုန်းပွားဖွယ် commentများကို ဆက်လက်ကြည့်ရှုခဲ့သည်။ မော့ဝုဟန်က နောက်ဆုံးတွင် သူ၏မျက်နှာကို အွန်လိုင်းတွင် ပြသလာခဲ့ပြီး အမုန်းပွားစေသော commentများစွာကို တင်ခဲ့သည်။
မော့လျှိုကွေ့အတွက်တော့...သူမက တိုက်ပွဲတွင် အနိုင်ရသည်ဟု ခံစားလာရပြီး ဟန်ဆောင်ရေးသားထားသော စာအရှည်ကြီးတွေကို Weiboတွင် တင်ခဲ့သည်။
'အားလုံး ရှောင်တိကို စော်ကားပြောဆိုတာတွေရပ်ကြဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းတို့ကို လူထောင်ပေါင်းများစွာက ဆဲဆိုကြိမ်းမောင်းခံရတာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ကျွန်မကိုယ်တိုင်လည်း အရင်က အထင်လွဲ၊ ဆဲဆို၊ စော်ကားခံရဖူးလို့ တကယ်ကိုနားလည်ပါတယ်။ မင်းတို့ သူ့ကို ဒီလိုနည်းလမ်းမျိုးနဲ့ မဆက်ဆံဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်။ နောက်ဆုံးအနေနှင့် ရှောင်တိက ကျွန်မမောင်လေးပါ။ ကျွန်မ သူ့ကို လုံးဝ အပြစ်မတင်ပါဘူး'
'ရှောင်တိနဲ့ကျွန်မရဲ့ ဆက်ဆံရေးက အင်တာနက်မှာ ပြောထားသလောက် မဆိုးပါဘူး။ ရှောင်တိက ကျွန်မအပေါ် နားလည်မှုလွဲနေပေမယ့် သူက ကျွန်မကို လေးစားဆဲပါ။ ကျွန်မတို့ရဲ့ နားလည်မှုလွဲနေတာတွေကို ဖြေရှင်းပြီးရင် ကျွန်မတို့ မိသားစုပြန်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ မိသားစု စုံစုံလင်လင်ရှိခဲ့တဲ့ချိန်ကို ကျွန်မလွမ်းမိတယ်။ အဲဒါက ကျွန်မဘဝမှာ အပျော်ရွှင်ရဆုံးအရာပါပဲ။ နောက်လာမယ့် နွေဦးပွဲတော်မှာ ကျွန်မမိသားစုဝင်တွေ ပျော်ရွှင်စရာနေ့ရက်တွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်'
'အားလုံး ရှောင်တိကို တိုက်ခိုက်တာတွေ ရပ်တန့်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူက ကျွန်မမောင်လေး အမြဲတမ်း ဖြစ်နေမှာပါ။ ကျွန်မ သူ့ကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ပါဘူး အမြဲတမ်း ခွင့်လွှတ်နေမှာပါ။ ကျွန်မက သူ့အစ်မဖြစ်လို့ သူ့ကို ပြုစုစောင့်ရှောက်ဖို့က ကျွန်မတာဝန်ပါ။ အဲဒါက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ဒါကြောင့် မင်းတို့ သူ့ကို ဆက်တိုက်ခိုက်နေရင် ကျွန်မ စိတ်ဆိုးရလိမ့်မယ်။ အားလုံးပဲ ဒီကိစ္စကို မေ့သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်'
‘….’
မော့လျှိုကွေ့၏ပို့စ်မှာ ဤကိစ္စကို အထွတ်အထိပ်သို့ တွန်းပို့ပေးခဲ့ပြီး မော့တိအတွက် လူအများ၏ ပြစ်တင်ရှုတ်ချမှုကို ထိပ်ဆုံးသို့ရောက်အောင် ထိရောက်စွာ ပြုလုပ်နိုင်ခဲ့သည်။
မှန်သည်။ မော့တိ၏ဘေး၌ ပြတ်ပြတ်သားသား ရပ်တည်နေကြသူများလည်း ရှိနေဆဲပင်။ မော့တိက မော့မိသားစုတစ်ခုလုံး၏ သားကောင်ဖြစ်ခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ တွေ့ဖူးသူများက မော့လျှိုကွေ့ ပြောသမျှကို မျက်စိမှိတ် ယုံလိမ့်မည်မဟုတ်ပေ။ ပြဿနာက သူတို့ ဖိုရမ်တွင် တစ်ခုခု ပြောမည်ဆိုလျှင်ပင် ပရိသတ်များနှင့်ရေတပ်၏ ပြင်းထန်သော ဝေဖန်မှုများကြောင့် သူတို့၏ ပို့စ်များမှာ သေချာပေါက် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
အစကတည်းက မော့တိက အင်တာနက်ပေါ်ရှိ ရုတ်ရုတ်သဲသဲဖြစ်မှုကို စောင့်ကြည့်နေခဲ့ပြီး တစ်ချိန်တည်း၌ စာရင်းဇယားများကို အသေးစိတ် စစ်ဆေးရာတွင် အထောက်အကူပြုရန် ပရိုဂရမ်လေးတစ်ခုကို ဖန်တီးခဲ့သည်။ ယခုလက်ရှိအခြေအနေအရ လူထု၏ဝေဖန်မှုများ ရပ်တန့်သွားပုံရသည်။ မော့လျှိုကွေ့၏ ပရိသတ်က ဆယ်သန်းအထိ တိုးလာပြီးနောက်တွင် ဆက်လက်တိုးမလာတော့ဘဲ ရပ်တန့်သွားခဲ့သည်။
အခု...
အဖြူကို အမည်းပြောင်းထားသော ဤပြဇာတ်တွင် အဓိကသရုပ်ဆောင်ကို ပြောင်းလဲရန် အချိန်တန်ပေပြီ။
မော့တိ လှောင်ပြုံးပြုံးလိုက်ပြီး မုထျန်းဟန်ကို ဖုန်းခေါ်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။
ပြိုင်ပွဲ၏ကွာတားဖိုင်နယ်ပွဲစဉ်များကို ည ၈ နာရီ၌ စတင်မှာဖြစ်သော်လည်း အစမ်းလေ့ကျင့်မှု အစီအစဉ်တွေကို အရင်ပြုလုပ်သွားမှာဖြစ်သည်။ ထို့ကြောင့် ငါးနာရီခွဲတွင် ညစာစားပြီးနောက် အဖွဲ့သားများက ရိုက်ကူးရေးခန်းတွင် စုရုံးခဲ့ကြသည်။
နောက်ဆုံးတွင် အဖွဲ့သားများမှာ အလွန်စိတ်လှုပ်ရှားလာသောကြောင့် မော့တိနှင့် အွန်လိုင်းအရှုပ်အထွေးများအကြောင်းကို ဆက်လက်မပြောဆိုကြတော့ပေ။
လင်ကျွင်းဖုန်က ရှန့်ယွီချောင်၏ပခုံးကို ရိုက်လိုက်ပြီး
"ကြည့်... မင်းရဲ့ လူတောမတိုးတဲ့ပုံကို ကြည့်စမ်း။ ဘာ ဘာလို့ တုန်နေရတာလဲ?"
"ရှူး သွားစမ်း ငါတုန်နေတာ မဟုတ်ဘူး! မင်း ကိုယ့်ကိုကိုယ် ပိုပြီးစိတ်ပူသင့်တယ်။ မင်းက ဘာလို့ စကားထစ်နေတာလဲ?"
"ကြည့်အုံး သူတို့နှစ်ယောက် ဘယ်လောက်စိတ်ရှုပ်ဖို့ကောင်းလဲ"
ဖန်ချန်းလောင်က ဟန်ချောင်နှင့်စကားပြောရင်း ကြို့ထိုးလိုက်သည်။
ဟန်ချောင်: “…” မင်းစိတ်လှုပ်ရှားတိုင်း ကြို့ထိုးတတ်တယ်ဆိုတာ ငါမသိဘူး မထင်နဲ့!
မော့တိမှလွဲ၍ သူတို့၏အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်သူများမှာ မမျှော်လင့်ထားသည့် ကျောက်ချွင်နှင့် အရှက်အကြောက်ကြီးသော ကျန်းကျယ်မုံ့တို့ပင် ဖြစ်သည်။
"ငါဝယ်ထားတဲ့ အလှကုန်ပစ္စည်း အသစ်တွေနဲ့ နာရီဝက်လောက်ကြာအောင် ငါ အလှပြင်ထားတယ်။ အဲဒါဘယ်လိုနေလဲ? ငါ့မျက်နှာက ပိုသေးသွားတယ်လို့ ထင်ရလား?"
ကျောက်ချွင်က မော့တိမြင်အောင် သူမ၏မျက်နှာကို ဘယ်ညာလှည့်ပြီး
"ရှောင်တိ နင်ဘယ်လိုထင်လဲ?"
“…..”
မော့တိအနေဖြင့် ခြားနားချက်ကို တကယ် မပြောနိုင်သော်လည်း သူက သူမကို ချီးကျူးလိုက်ဆဲပင်။
“အဲဒါက နည်းနည်းပိုသေးသွားပြီး ပိုလှလာတယ်"
"ဟားဟား ငါအရမ်းပျော်သွားပြီ"
ကျောက်ချွင်က ကျေနပ်အားရစွာ ရယ်လိုက်သည်။
'မိန်းကလေးတွေကို စိတ်ကျေနပ်အောင် လုပ်ဖို့က တော်တော်လွယ်တာပဲ' မော့တိ သူ့ကိုယ်သူ တိတ်တိတ်လေး တွေးနေမိသည်။
မိတ်ကပ်ဆရာက လူတိုင်းကို မိတ်ကပ်ပြင်ပေးပြီးနောက် အစမ်းရိုက်ကူးရေးကို စတင်ခဲ့သည်။ သို့သော်လည်း အဆုံး၌ အချို့သောအပိုင်းများကို ကြိုတင် အစမ်းရိုက်ကူး၍ မရနိုင်သောကြောင့် ရိုက်ကူးရသည့်အချိန်မှာ သိပ်မကြာမြင့်ပေ။
အစမ်းရိုက်ကူးမှုအပြီးတွင် ခုနစ်နာရီခွဲနေပြီဖြစ်ပြီး ပရိသတ်များသည်လည်း တဖြည်းဖြည်းနှင့် ထိုင်ခုံများအပြည့်ဖြစ်လာခဲ့သည်။
သူတို့ဖုန်းများကို မသိမ်းဆည်းခင် မော့တိက မုထျန်းဟန်ကို ဖုန်းခေါ်ခဲ့သည်။
မုထျန်းဟန်က သူ၏အစမ်းလေ့ကျင့်မှုအကြောင်း အရင်မေးလာသည်။ ထို့နောက် သူက
“အားလုံးစီစဉ်ပြီးသွားပြီ။ ကော်မရှင်နာဝမ်က ချင်ချန်းယီရဲ့နေရာသို့ တစ်ယောက်ယောက်ကို လွှတ်ထားပြီးပြီ။ သူ့ကို ဖမ်းပြီးသွားရင် အမှန်တရားက ပေါ်ပေါက်လာမှာပါ။ ဘာမှ စိတ်ပူစရာမလိုဘူး။ အခမ်းအနားကိုပဲ အာရုံစိုက်"
"အင်း"
မော့တိက ယခုတစ်ကြိမ်တွင် ချင်ချန်းယီကို လက်ပူးလက်ကြပ် ဖမ်းမိမည်ဖြစ်သောကြောင့် သူ လုံးဝ မစိုးရိမ်ပေ။
မော့တိ ရွှင်မြူးစွာပြောလိုက်သည်။
"ကိုကို စောင့်ကြည့်ဖို့မမေ့နဲ့နော်။ ဒါ ကျွန်တော် တီဗီမှာ ပထမဆုံးပါဖူးတာပဲ။ ကင်မရာရှေ့မှာ ကျွန်တော်ကြည့်ရဆိုးနေရင် ကိုကို ကျွန်တော့်ကို ပြန်ပြောပေးရမယ်နော်"
မုထျန်းဟန်၏ အသံမှာ အရင်အတိုင်း နူးညံ့သိမ်မွေ့နေပြီး
"မင်းက သေချာပေါက် ကြည့်ကောင်းနေမှာပါ။ ကိုယ့်မိသားစုရဲ့မော့တိလေးက အမြဲတမ်းကြည့်ကောင်းနေပြီးသား"
မော့တိက ပါးချိုင့်များ ပေါ်လာသည် အထိ ပြုံးလိုက်သည်။
မကြာခင်တွင် ည ရှစ်နာရီထိုးပေပြီ။
ကွာတားဖိုင်နယ်အဆင့်ပြိုင်ပွဲကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ရုံသာမက အမျိုးမျိုးသောဝဘ်ဆိုဒ်များတွင်လည်း ပြန်လည်တိုက်ရိုက် ထုတ်လွှင့်ကြသည်။ ထို့ကြောင့် စတင်ထုတ်လွှင့်လိုက်သည်နှင့် မရေမတွက်နိုင်သော အင်တာနက်သုံးစွဲသူများက commentရေးသည့်နေရာ၌ မနားတမ်း ရေးလာကြသည်။
တစ်ချို့က သူတို့၏ ထောက်ခံမှုကို ပြသရန်၊ တစ်ချို့က ရလဒ်များကို ခန့်မှန်းရန် ရှိနေခဲ့ကြသော်လည်း… တခြားသူများကတော့ ပြဿနာရှာရန် ရှိနေခဲ့ကြခြင်းပင်။
'မော့တိ မနုတ်ထွက်သရွေ့ ငါကတော့ ဂိမ်းပြိုင်ပွဲကို ဆက်သပိတ်မှောက်နေအုံးမှာပဲ'
'ဂိမ်းကော်မတီလူတွေက သေနေပြီ။ ဒီလိုစရိုက်ဆိုးမျိုးရှိတဲ့လူကို ဘယ်လိုလုပ် ဝင်ပြိုင်ခွင့်ပေးရတာလဲ? ဒီလိုမျိုးရှိုးကို မကြည့်တော့ဘူး!!!'
'မော့တိ မော့လျှိုကွေ့ကို တောင်းပန်စမ်း!'
'မော့တိ ငရဲကိုသာ သွားလိုက်တော့!'
'မော့တိက တကယ်ကို လူကောင်းမဟုတ်ဘူး။ သူ့အစ်မက သူ့ကို ကြင်ကြင်နာနာ ဆက်ဆံနေတာတောင် သူက သူ့အစ်မကို မုန်းတီးရက်စက်စွာ အနိုင်ကျင့်ခဲ့တယ်။ သူက အရမ်းကို ရွံစရာကောင်းလွန်းလို့ ငါ့ကို အော့အန်စေတယ်!'
'ဟုတ်တယ်။ နှင်းဆီပန်းလေးက အရမ်းကြင်နာတတ်တယ်။ သူမက ခံရတဲ့သူဖြစ်နေခဲ့တာတောင် မော့တိကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ လူတိုင်းကို တိုက်တွန်းခဲ့သေးတယ်။ နောက်ပြီး သူ့ကို အမြဲတမ်း ခွင့်လွှတ်တယ်လို့လည်း ပြောသွားသေးတယ်။ ငါ တကယ် သူမကို သနားတာပဲ'
'ဒါကြောင့်ပဲ မော့တိက အရမ်းရွံမုန်းစရာကောင်းနေတာလေ။ မော့လျှိုကွေ့သာ စိတ်ပျော့ညံ့ရင် သူမ သတ်သေသွားမှာ။ မော့တိက သေသင့်တယ် သေသင့်တယ် သေသင့်တယ်!'
'နတ်သမီးလေး မော့လျှိုကွေ့နဲ့ ယှဥ်ရင် မော့တိရဲ့စရိုက်က အရမ်းဆိုးရွားလွန်းတယ်'
‘…..’
မမျှော်လင့်ထားစွာပင် ထင်ရှားပြီး အနီရောင်တောက်တောက်စာလုံးဖြင့် ဖော်ပြထားသော ပို့စ်က မော့တိအား ရှုတ်ချရန် ဝင်လာသော commentများကို ဖယ်ရှားပစ်လိုက်သည်။
'ဟားဟားဟားဟားဟား! အရင်က ပို့စ်တင်တဲ့သူတွေရော ပို့စ်တင်တော့မယ့်သူတွေရော ကိုယ်ကိုယ်တိုင် အရှက်သိက္ခာကိုကာကွယ်ဖို့ ဒီကိုမလာခင် hot searchကို အရင်ဆုံး စစ်ဆေးသင့်တယ်!'
'မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့ မြင်ကွင်းက ဘယ်လိုတောင် ထူးခြားရတာလဲ! ငါ တကယ် ပျော်နေတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး! မော့လျှိုကွေ့နောက်က မျက်စိစုံမှိတ်ပြီး လိုက်နေတဲ့ မင်းတို့အရူးတွေရဲ့ နာမည်အားလုံးကို မှတ်ထားဖို့ screenshotကို ရိုက်ထားအုံးမယ်!'
'မော့လျှိုကွေ့က မယုံနိုင်စရာပဲ! ပထမဆုံး သူမက ဘယ်လိုကြင်နာပြီး ဂရုစိုက်ကြောင်း ပြသဖို့သာမက မော့တိကို သိက္ခါကျစေဖို့အတွက်လည်း စိတ်ကျရောဂါရှိကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်ပြောဆိုလာတယ်။ ပြီးတော့ မော့တိ အဆဲခံရစေဖို့ အွန်းလိုင်း လှုပ်ရှားမှုတစ်ရပ်ကိုလည်း ဖန်တီးခဲ့သေးတယ်'
'သူမရောဂါရဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားကို မေးမြန်းခဲ့တုန်းက သူမက ဆေးစစ်ချက် အစီရင်ခံစာကို အမှန်တကယ် ထုတ်ပေးခဲ့တယ်။ နောက်ပြီး သူမက ဘယ်လိုမျိုး နားလည်မှုလွဲမှားခံရကြောင်း တစ်ကမ္ဘာလုံးကို ပြသခဲ့ပြီး အင်တာနက်သုံးစွဲသူတွေကို ထိန်းချုပ်လှည့်ဖျားခဲ့တယ်။ ပြီးတော့ အရေးကြီးဆုံးက သူမက အားလုံးကို ခွင့်လွှတ်ဟန်ဆောင်ပြီး မော့တိကို လူဆိုးတစ်ယောက်ပုံစံဖြစ်အောင် လုပ်ခဲ့တယ်'
'နောက်ဆုံးတော့ အခု သူမရဲ့စိတ်ကျရောဂါက အတုဖြစ်ကြောင်းကို ရဲတွေက ဖော်ထုတ်ခဲ့ပြီးပြီ။ နောက်ပြီး အစီရင်ခံစာကို အတုလုပ်ပေးတဲ့ ဆရာဝန်ကိုတောင် ဖမ်းဆီးပြီးပြီ။ မော့လျှိုကွေ့က တကယ့်ကို အဆိပ်ပြင်းတဲ့ ကြာပန်းဖြူပဲ'
'-ိုး! hotsearchကို ဖတ်ပြီး အခုလေးတင် ပြန်ရောက်လာတာ! အရင်တုန်းက သူမကြင်နာပြခဲ့တဲ့ အပြုအမူတိုင်းကို စဥ်းစားရင်း ငါနဲ့ငါ့မိသားစုတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားရတယ်! သူမက အရမ်းမုန်းစရာကောင်းလိုက်တာ!'
'ဘုရားရေ! မော့လျှိုကွေ့က အရှက်ကင်းမဲ့ပြီး ကိုယ်ကျင့်သိက္ခါယုတ်ညံ့လိုက်တာ! သူမက စိတ်ကျရောဂါ ဝေဒနာရှင်တွေကို လုံးဝအလေးမထားဘူး။ တစ်ချိန်တည်းမှာပဲ သူမမောင်လေးကို နင်းချေခဲ့တယ်။ မယုံနိုင်စရာပဲ!'
'အိုင်း မော့လျှိုကွေ့က အရမ်းလှပေမယ့် အတွင်းစိတ်ကတော့ အဆိပ်ပြင်းလွန်းတယ်။ စာအုပ်တစ်အုပ်ကို သူ့ရဲ့မျက်နှာဖုံးနဲ့ ငါတို့ အကဲဖြတ်လို့ မရဘူးဆိုတာ အမှန်ပဲ'
'နင်တို့ ဘယ်ရောက်နေကြလဲ? အရင်က မော့တိကို အားရပါးရ ကြိမ်းမောင်းခဲ့တဲ့သူတွေ? နင်တို့မျက်နှာတွေ ရောင်ကိုင်းနေလို့ ပုန်းနေတာလား ဒါမှမဟုတ် နင်တို့လျှာတွေ အဖြတ်ခံထားရလို့ စကားမပြောနိုင်တော့တာလား?'
'အပေါ်ကလူရေ အဲဒါက ပါးရိုက်တာ အရမ်းအားပြင်းလွန်းတာကြောင့် သူတို့သွားတွေ ကျွတ်ထွက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်'
'ဟားဟား ဒါက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်!'
‘…’
Xxxxxxx