Chapter 136
ရဲစခန်း၌ ထိန်းသိမ်းခံထားရသည့် ချင်ချန်းယီ၊ ထိတ်လန့်ကြောက်ရွံ့နေသော မော့လျှိုကွေ့တို့နှင့် မတူကွဲပြားစွာ မော့တိက တစ်ညလုံး အေးချမ်းစွာ အိပ်စက်ခဲ့ရသည်။
နောက်တစ်နေ့၌ ရာသီဥတုက ပူနွေးလာပြီး မော့တိအတွက် လက်ရှိအခြေအနေကို ပို၍ကောင်းမွန်လာစေသည်။ အရှုပ်အထွေးများအပြီးတွင် မော့တိ၏ ကျော်ကြားမှုမှာ မြင့်တက်လာခဲ့ပြီး ပရိသတ် အများအပြားလည်း ရရှိခဲ့သည်။ အချို့က တစ်ချိန်က မော့လျှိုကွေ့၏ ပရိသတ်များဖြစ်ခဲ့ကြသော်လည်း အများစုမှာ အစပိုင်းတွင် အတင်းအဖျင်းကိုသာ စိတ်ဝင်စားခဲ့ကြသည့် ဖြတ်သွားဖြတ်လာများသာဖြစ်သည်။ ဤကိစ္စကို အဆုံးထိ လိုက်ကြည့်ပြီးနောက် သူတို့က မော့မိသားစုကို အမှန်တကယ် ရွံရှာခဲ့ကြပြီး မော့တိမှာ အတော်လေးကံမကောင်းသူဟု ခံစားကြရသည်။ ထိုအချိန်မှစ၍ မော့မိသားစုနှင့်ပတ်သက်သော လူထု၏မှတ်ဥာဏ်များက အသစ်တစ်ဖန်ပြန်ဖြစ်လာပြီး ယခင်က သူတို့နှင့်ဆက်စပ်ပတ်သက်မှု သိပ်မရှိသည့်အရာများကိုပင် စူးစမ်းလေ့လာစစ်ဆေးသည်အထိ သူတို့၏ထင်ရှားသော လုပ်ရပ်များကို ထပ်ကာထပ်ကာ ထုတ်ဖော်ပြောဆိုစစ်ဆေးခဲ့ကြသည်။
မော့တိ၏ အမှတ်မထင် ကျော်ကြားမှုသည် ပရိတ်သတ် ဆယ့်ရှစ်သန်းကျော် ရရှိခဲ့သည်။ ဂိမ်းကိုကစားသူပေါင်းကပင် ဆယ်သန်းနီးပါး ရှိသည်။ တော်တော်များများက ဂိမ်းကို အရှုပ်အထွေးကိစ္စမှ သိလာကြသည့်တိုင် သူတို့၏ စပ်စုချင်စိတ်ကို အနိုင်ယူပြီး ဂိမ်းကို စွဲလန်းသွားကြ၏။
ဂိမ်းကို အချိန်အတော်ကြာအောင် ကစားသူများက သူတို့၏ ညီအစ်ကိုအသစ်များကို ကြိုဆိုခဲ့ကြပြီး fan-site အများအပြားကို အတူတကွ ဖန်တီးခဲ့ကြသည်။ ဂိမ်းကို အလွန်ကောင်းမွန်စွာ ဖန်တီးထားပြီး အခြားချီးကျူးဖွယ်အချက်မှာ ဂိမ်း၏ ဇာတ်လမ်းကျောရိုးပုံစံနှင့် ကစားရသည့်ပုံစံဖြစ်သည်ဟု လူအများစုက ပြောထားကြသည်။ အမှန်တကယ်လိုအပ်ပြီးအရေးပါသောအရာများတစ်ခုမှမပါရှိသည့် ဂရပ်ဖစ်လှရုံသက်သက်ဖြင့် အခြားနာမည်ကြီး ဂိမ်းများနှင့် မတူပေ။ ဂိမ်း၏ အရည်အသွေးက ဒုတိယအဆင့်ရရှိသွားသည့် အသင်းထက် အရှေ့ကိုကျော်လွန်နေပြီး ပြိုင်ပွဲရှိကျန်အသင်းများအတွက်မူ သူတို့ ကျော်ဖြတ်လို့မရနိုင်သည့် တံတိုင်းတစ်ခုဟုလည်း ဂိမ်းဝေဖန်သူများက ဖော်ပြခဲ့ကြသည်။
ဂိမ်း၏ Weibo အကောင့်တွင် မော့တိအတွက် အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိသော်လည်း အပ်ဒိတ်အတွက် ပရိသတ်အများအပြားက အော်ဟစ်တောင်းဆိုခဲ့ကြသည်။ ဆုပေးပွဲအခမ်းအနားအား အဆင့်အတန်းမြင့်မားစွာ တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် မော့တိ၏ ထင်ရှားသောအသွင်အပြင်ကို တွေ့မြင်ရသူများက ချက်ချင်းပင် သူ့မျက်နှာကို သဘောကျလာကြသည်။ အပ်ဒိတ်အသစ်မရှိသေးလျှင် လျော်ကြေးအဖြစ် ဆယ်လ်ဖီအနည်းငယ်တင်ပေးသင့်သည်ဟု သူတို့က commentရေးလာကြသည်။
အသင်းကို နောက်ထပ်တိုးတက်စေရန် အခွင့်အရေးကို မြင်ပြီး ကျောက်ချွင် စိတ်လှုပ်ရှားသွားသည်။ သူမက သူတို့၏ Weibo အကောင့်ကို တာဝန်ယူလိုက်ပြီး အဖွဲ့လိုက်လုပ်ဆောင်နေသည့် ဓာတ်ပုံများကို အခါအားလျော်စွာ တင်လေ့ရှိသည်။ အခုနောက်ပိုင်းတွင် သူမက မော့တိပါသည့်ဓာတ်ပုံများကို ရည်ရွယ်ချက်ရှိရှိ တင်လိုက်သည်။ ပို့စ်မတင်မှီ မော့တိက သေချာပေါက် ထိုအရာကို ခွင့်ပြုပေးခဲ့သည်။
လေးရက်ကြာပြီးနောက် ပိတ်ရက်တွင် မော့တိက မုထျန်းဟန်ကိုတွေ့ရန် ရထားစီးသွားခဲ့သည်။
ပုံမှန်အားဖြင့် မုထျန်းဟန်က သူ့ကို လာကြိုမည်မှာ သေချာသော်လည်း နောက်ပိုင်းတွင် အရမ်းအလုပ်ရှုပ်နေခဲ့သည်။ သူနှင့် ဖုန်းပြောရန် အချိန်ပင် အများကြီး မရှိပေ။ မော့တိက သူဘာတွေ အလုပ်ရှုပ်နေလဲဟုမေးသည့်အခါ မုထျန်းဟန်က ပရောဂျက်ကြီးတစ်ခုဟုသာ ပြောပြီး နောင်အချိန်တစ်ခုအထိ အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားချင်သည်ဟု ပြောလာလေသည်။
မော့တိက မုထျန်းဟန်၏အလုပ်အကြောင်း ထပ်မမေးတော့ပေမယ့် မုထျန်းဟန် ထိုသို့အလုပ်ရှုပ်နေသောကြောင့် ယင်းက သေချာပေါက် ကြီးမားသည့်ပရောဂျက်ဖြစ်မည်ဆိုသည်ကို သူသိ၏။
မော့တိ မုထျန်းဟန်၏ ကုမ္ပဏီသို့ ရောက်သောအခါ သူက အစည်းအဝေးခန်းထဲ၌သာ ရှိနေသေးသည်။ သူ့ရုံးခန်း၌ သူ့ကိုစောင့်နေရင်း မော့တိက သူ ယခုလေးမှတွေးထားသည့် ဂိမ်းအတွက် ပုံစံအသစ်ကို ရေးမှတ်လိုက်သည်။
မုထျန်းဟန် အစည်းအဝေးမှ ထွက်လာလာချင်း သူ့ရုံးခန်းထဲတွင် ထိုင်ပြီး laptopဖြင့် စာရိုက်နေသော မော့တိကို တွေ့လိုက်ရသည်။ သူက ခပ်သွက်သွက် လျှောက်လာပြီး မော့တိ၏ဆံပင်တွေကို ပွတ်သပ်ကာ
“စောင့်နေတာကြာပြီလား?"
"မကြာသေးပါဘူး။ နာရီဝက်လောက်ပဲရှိသေးတယ်"
မော့တိက သူ့ခေါင်းကို မော့ပြီး မုထျန်းဟန်ကို ပြုံးပြလိုက်သည်။
"ကိုကို အစည်းအဝေးပြီးပြီလား?"
"အင်း... ဗိုက်ဆာနေပြီလား?"
မုထျန်းဟန် သူ့နာရီကိုကြည့်ပြီး 12:50 ထိုးနေပြီဆိုတာ တွေ့လိုက်ရသည်။
"နေ့လည်စာ ဘာစားချင်လဲ?"
"ကျွန်တော် ဗိုက်မဆာဘူး။ ဒီကိုမလာခင်မှာ ကိတ်မုန့်လေးတစ်ခု စားခဲ့သေးတယ်"
မော့တိက သူ့ဖိုင်ကို သိမ်းလိုက်ပြီး laptopကို ပိတ်လိုက်သည်။
"ကိုကို၊ ဟော့ပေါ့သွားစားရအောင်။ ကျွန်တော်တို့ အကြာကြီးစောင့်စရာမလိုပါဘူး ပြီးတော့ အခုလိုအေးတဲ့ရာသီဥတုအတွက် အသင့်တော်ဆုံးပဲ"
“ဟုတ်ပြီ။ ဒီအနီးတစ်ဝိုက်မှာ အသစ်ဖွင့်ထားတဲ့ ဟော့ပေါ့ဆိုင်တစ်ခု ရှိတယ်။ မင်း စားကြည့်ချင်လား?"
"အင်း!” မော့တိ ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
မုထျန်းဟန်က မော့တိကို ဟော့ပေါ့ဆိုင်သို့ ခေါ်ဆောင်သွားသည်။ သူတို့ဝင်လိုက်သောအခါ စားသုံးသူအနည်းငယ်က စားသောက်ပြီး ထွက်ခွာဖို့ပြင်နေသောကြောင့် သူတို့အတွက် စားပွဲလွတ်တစ်ခုကိုရရှိခဲ့သည်။
နေရာယူပြီးနောက် မော့တိက မုထျန်းဟန်ကို အခမဲ့ပေးထားသော အသီးအနှံများနှင့် သရေစာများယူရန် အဆာပြေ စားပွဲသို့ ဆွဲခေါ်သွားသည်။ သူ၏ ပြောင်းဖူးပေါက်ပေါက်ကို စောင့်နေစဉ် ချင်ချန်းယီနှင့် မော့လျှိုကွေ့တို့အကြောင်း အဖွဲ့လိုက်ဆွေးနွေးနေသည်အား ကြားလိုက်ရသည်။ မော့တိက သူ့မျက်နှာဖုံးကို အမြန်တပ်လိုက်ပြီး အတင်းအဖျင်းပြောနေသော လူအုပ်ထံမှ အဝေးကို ထွက်သွားလိုက်သည်။
မုထျန်းဟန်က သူ့ကိုရယ်လိုက်၏။
"ကိုယ် မင်းအတွက် စားစရာတွေ ကူပြီးသွားယူပေးမယ်"
မော့တိ စဉ်းစားပြီးနောက် မုထျန်းဟန် သူ့ကို ချစ်မြတ်နိုးခွင့် ဂရုစိုက်ခွင့်ပေးရန်ဆုံးဖြတ်လိုက်ပြီး တောက်ပသော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကိုကို"
"လိမ္မာလိုက်တဲ့ ကောင်လေး”
မုထျန်းဟန်က သူ့ဆံပင်တို့ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများကို အမြန်ယူလာပြီး စားပွဲတစ်ခုလုံး အပြည့်ဖြစ်သွားသည်။ အသား၊ ဟင်းသီးဟင်းရွက်၊ တို့ဟူး၊ မှိုစသည်ဖြင့် အမျိုးအစားအားလုံးပါဝင်သည်။
မော့တိက ပွက်ပွက်ဆူနေသော ဟင်းချိုအိုးထဲသို့ ပါဝင်ပစ္စည်းများထည့်ပြီး အစားအသောက်များ ကျက်မည့်အချိန်ကို နို့လက်ဖက်ရည် သောက်ရင်း စောင့်ဆိုင်းနေသည်။
မုထျန်းဟန်က သူ့ကို ကျေနပ်စွာကြည့်ပြီး
"ဒီအပိုင်း မကျက်သေးဘူးလား?"
"ကျွန်တော် ကြည့် ကြည့်အုံးမယ်"
ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ပင် မော့တိက အမဲသားတစ်ပိုင်းကို အနီးကပ်ကြည့်ပြီး မုထျန်းဟန်၏ ပန်းကန်ထဲသို့ ထည့်မပေးခင် ဟင်းချိုထဲသို့ နှစ်ကြိမ် နှစ်လိုက်သည်။
“ကျက်သွားပြီ။ ကိုကို အရသာကို မြည်းကြည့်လိုက်အုံး!"
မုထျန်းဟန်က ပြုံးပြီး မော့တိထည့်ပေးသော နူးညံ့သည့်အသားကို ကောက်ယူလိုက်ကာ
"ကိုယ် စားတော့မယ်"
အိုးပူပူထဲသို့ အစားအစာများ ထပ်ထည့်လိုက်သောအခါ မော့တိ၏ အပြုံးမှာ ပို၍နက်ရှိုင်းလာလေသည်။
…..
နှစ်ယောက်သား အရသာရှိစွာ စားသောက်ခဲ့ကြပြီး အဆုံးတွင် မော့တိမှာ တစ်ကိုယ်လုံး ချွေးထွက်နေခဲ့သည်။ သူ၏ ပါး၊ နားရွက်များနှင့် လည်ပင်းတို့သည် အနီရောင်သန်းနေသည်။
သူတို့နှစ်ယောက် စားသောက်ဆိုင်မှ ထွက်လာသောအခါ မော့တိက သူ၏မျက်နှာဖုံးကို ဆွဲတင်လိုက်ပြီး မုထျန်းဟန်က သူ့အတွက် မာဖလာကို ဂရုတစိုက် ဝတ်ပေးခဲ့သည်။ သူ အအေးမိသွားမှာကို ကြောက်သည့် မုထျန်းဟန်က မာဖလာကို သူ့လည်ပင်း၌ တင်းတင်းကြပ်ကြပ် ပတ်ထားပေးသည်။
မော့တိက မာဖလာကို ဆွဲချလိုက်ပြီး
“ကိုကို ဒါက အရမ်းကြပ်လွန်းတယ်"
"မင်း ကားပေါ်ရောက်တဲ့အခါ ဖြုတ်လို့ရပါတယ်။ အပြင်မှာအေးတယ် ပြီးတော့ မင်းက ချွေးတွေထွက်နေတုန်းပဲ။ ကိုယ် မင်းကို အအေးမမိစေချင်ဘူး"
မုထျန်းဟန်က သူ့အတွက် မာဖလာကို ပြန်ပတ်ပေးလိုက်သည်။
"… ဟုတ်" မော့တိ နာခံလိုက်သည်။
နေ့လည်စာစားပြီးနောက် သူတို့က မုထျန်းဟန်၏ရုံးခန်းသို့ ပြန်လာခဲ့ကြသည်။ မုထျန်းဟန်၏ရုံးခန်းတွင် ကုတင်တစ်လုံး၊ ဆိုဖာ၊ ဗီရိုနှင့် ရေချိုးခန်းတို့ဖြင့် ပရိဘောဂအပြည့်အစုံပါရှိသော ဧည့်ခန်းတစ်ခုရှိသည်။ မော့တိက ဟော့ပေါ့အနံ့ကို ဖယ်ရှားဖို့ အဝတ်အစားလဲရန် ဆုံးဖြတ်ခဲ့ပြီး ဗီရိုထဲရှိ ဝတ်စုံအချို့ကို ယူလိုက်သည်။
ထို့အတူ မုထျန်းဟန်သည်လည်း အမြန်ရေချိုးပြီးနောက် အဝတ်အစားလဲလိုက်သည်။ နောက်ပိုင်းတွင် အစည်းအဝေးတစ်ခု သွားစရာရှိပြီး သူ ဟော့ပေါ့နံ့ကြီးနှင့် အဲဒါကို မတက်နိုင်ပေ။
ပြီးသွားသောအခါ မုထျန်းဟန်က မော့တိကို ပွေ့ဖက်ရန် လျှောက်လာသည်။ ထို့နောက် သူ၏ ပါးပြင်၊ မျက်ခုံး၊ နှာခေါင်းနှင့် နောက်ဆုံး သူ့နှုတ်ခမ်းတို့ကို နမ်းလိုက်သည်။
မော့တိ၏နှလုံးသားလေးမှ။ ဒရမ်တစ်ခုလို ခုန်နေပေမယ့် မုထျန်းဟန်၏ခါးကို ပွေ့ဖက်ရန် ကြိုးစားနေရဆဲပင်။
"ကိုကို..."
"လိမ္မာလိုက်တဲ့ ကောင်လေး"
သူတို့ ပြင်းပြင်းထန်ထန် နမ်းခဲ့ကြပြီး အဆုံးတွင် မုထျန်းဟန်မှ သူ့ကို ကုတင်ပေါ် သယ်သွားပေးလိုက်သည်။ မော့တိက သူ၏ရူးကြောင်ကြောင်လုပ်ရပ်အတွက် စိတ်လှုပ်ရှားသွားသောကြောင့် မိုးခြိမ်းသံကဲ့သို့ သူ့နှလုံးခုန်သံကို ကြားနိုင်သည်။
"ကိုယ်နဲ့ နေ့ခင်း တစ်ရေးတစ်မော အိပ်ရအောင် အဆင်ပြေလား?"
မုထျန်းဟန်က သူ့နဖူးကို နမ်းလိုက်ပြီး သူ့လက်မောင်းထဲ၌ သူ့ကို ဖက်ထားလိုက်သည်။
သူတို့ တစ်ရေးတစ်မော အိပ်ရန် အစီအစဥ်ပြောင်းသွားသည်...
မော့တိက 'အဝါရောင်' အတွေးများကြောင့် သူ့ကိုယ်သူ ရှက်သွားသည်။ သူက ခေါင်းညိတ်ပြပြီး ရှက်၍နီရဲနေသော မျက်နှာကို ဝှက်ထားလိုက်သည်။
မုထျန်းဟန်ကမှာ သူ၏ရှက်ကိုးရှက်ကန်း အမူအရာ တွေ့လိုက်ပြီး နှလုံးသား အရည်ပျော်ကျသွားသည်။ မုထျန်းဟန်က သူ့ရင်ဘတ်ပေါ်ဖိပြီး သူ့ဆံပင်တွေကို နမ်းလိုက်သည်။
"ကိုယ် အလုပ်ရှုပ်နေတဲ့ ပရောဂျက်က ပြီးခါနီးပြီ"
မော့တိက သူ့ခေါင်းအထက်နားရှိ မုထျန်းဟန်၏ နူးညံ့သိမ်မွေ့သော အသံကို ကြားရသည်။ သူနှင့် ခေါင်းအုံးတစ်ခုတည်းပေါ်တွင် လဲလျောင်းနေသည့် မုထျန်းဟန်ကို ကြည့်ရန် လည်ပင်းကို မော့လိုက်သည်။
မုထျန်းဟန်က မော့တိ၏ဆံပင်တွေကို ဖွလိုက်ပြီး
"ဒီပရောဂျက်က ဘာလဲဆိုတာ မင်းသိချင်လား?"
မော့တိက ရိုးရိုးသားသား ခေါင်းညိတ်မပြမီ ခဏမျှစဉ်းစားပြီး
"ကျွန်တော် သိချင်တယ်။ ဒါပေမဲ့ အဲဒါကို လျှို့ဝှက်ထားဖို့လိုတယ်လို့ ကိုကို ပြောခဲ့တယ်မဟုတ်ဘူးလား?"
မုထျန်းဟန်က မတ်မတ်ထိုင်ပြီး ကုတင်ခေါင်းရင်းကိုမှီလိုက်သည်။ သူသည် မော့တိ၏ပါးကို ဖျစ်ညှစ်လိုက်ပြီး ပြုံးကာ
"ချင်အုပ်စု လက်အောက်က အိမ်ခြံမြေနှင့် ဖျော်ဖြေရေးကုမ္ပဏီတွေကို ဝယ်ယူဖို့ လုပ်နေတာ"
“!!!” မော့တိ အံ့အားသင့်သွားသည်။
ချင်အုပ်စု လက်အောက်ရှိ ကုမ္ပဏီတွေကို ဝယ်ဖို့လား?! သူကြားလိုက်တာက အမှန်လား?!
ချင်အုပ်စု၏ ဖျော်ဖြေရေးနှင့်အိမ်ခြံမြေ လုပ်ငန်းများက သူတို့၏ အဓိကဝင်ငွေ မဟုတ်ပေ။ သို့သော်လည်း ချင်အုပ်စု စုစုပေါင်း ဝင်ငွေ၏ သုံးဆယ်ရာခိုင်နှုန်းနီးပါးရှိသည့်အပြင် သေချာပေါက် သူတို့၏အမြတ်အစွန်း အများဆုံး လုပ်ငန်းတစ်ခုလည်းဖြစ်သည်။
ဝယ်ယူမှုကို ချင်အုပ်စုက မည်သို့ သဘောတူနိုင်မည်နည်း။ သူတို့ သဘောတူလုပ်ခဲ့လျှင်ပင် ကုန်ကျစရိတ်မှာ စိတ်ကူးယဉ်၍ပင် မရနိုင်ပေ။ ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော မုထျန်းဟန်လိုလူအတွက်ပင် ဤပမာဏမှာ သူ့လက်ထဲ၌ အဆင်သင့်ရှိနေမည့်အရာမဟုတ်ပေ။
မုထျန်းဟန်က မော့တိ အတွေးများကို သိပြီး သူ့ကို စိတ်ရှည်ရှည်နှင့် ရှင်းပြလာသည်။
"ဒါက ကိုယ် ချက်ချင်း ဆုံးဖြတ်လိုက်တဲ့ အရာမဟုတ်ဘူး။ ကိုယ် ဒါကို နှစ်လကြာအောင် လုပ်ခဲ့ရတာ အခု ဝယ်ယူဖို့ အားလုံးက အဆင်သင့်နီးပါး ဖြစ်နေပြီ"
မော့တိမှာ ပြောစရာစကားမဲ့သွားရသည်။
သူ့စိတ်ထဲ၌ ရှုပ်ထွေးသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။
မုထျန်းဟန်လုပ်သမျှ အရာအားလုံးရဲ့ နောက်ကွယ်က အကြောင်းအရင်းကို သူ ဘယ်လိုလုပ် မခန့်မှန်းနိုင်ဘဲ နေမလဲ?
သူက ဤအပြောင်းအရွေ့ကို နှစ်လကြိုတင်ပြီး ပြင်ဆင်ထားခဲ့သည်။ ချင်ချန်းယီ၏နာမည်ဆိုးကို ဖော်ထုတ်ပြီး ချင်အုပ်စု၏အခြေခံအုတ်မြစ်ကို ပိုမိုအားနည်းအောင် လုပ်ပြီးမှသာလျှင် ပြီးပြည့်စုံသော အခွင့်အရေးဖြစ်လာမည်။ သို့သော် ထိုသို့ဖြစ်လာရန်အတွက် မုထျန်းဟန်က အစကတည်းက ချင်မိသားစုကို ပစ်မှတ်ထားရပေလိမ့်မည်။
မုထျန်းဟန် သူတို့ကို ပစ်မှတ်ထားရသည့် အကြောင်းရင်းမှာ ဝယ်ယူမှုအတွက်ဆိုသည်ကို မော့တိ မယုံကြည်ပေ။အဘယ်ကြောင့်ဆိုသော် အတင်းအဖျင်းကိစ္စသာ မဖြစ်ခဲ့လျှင် မုထျန်းဟန် လုပ်ဆောင်ခဲ့သည့် ကြိုးစားအားထုတ်မှု အားလုံးက အလကားဖြစ်သွားပေလိမ့်မည်။ သူက ထူးချွန်သော စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပြီး အကျိုးအမြတ် မရရှိနိုင်ပါက တစ်စုံတစ်ရာအတွက် အချိန်နှင့် အရင်းအမြစ်များကို သုံးစွဲမည့်လူမဟုတ်ပေ။ ထို့ကြောင့် စိတ်ကြီးဝင်သလိုဖြစ်နေသည့်တိုင် မုထျန်းဟန်က ထိုအရာကို ဘယ်သူ့အတွက် လုပ်ခဲ့သည်ဆိုတာကို မော့တိ ပြောနိုင်သည်။
သူ မုထျန်းဟန်ကိုကြည့်ပြီး ပြောလိုက်သည်။
"ကိုကို ကျွန်တော့်အတွက် လက်စားချေပေးဖို့ ချင်မိသားစုကို ဆန့်ကျင်တာလား?"
ချင်ချန်းယီ၏ ဘဏ္ဍာရေးဆိုင်ရာစွမ်းရည်မှာ အလွန်လျော့နည်းနည်းသွားရာ သူ့အနေဖြင့် ဥပဒေကို လျစ်လျူရှုပြီး မော့တိကို ဒုက္ခဆက်ပေး၍ မရတော့ပေ။
မုထျန်းဟန်က သူ့မေးခွန်းကို တိုက်ရိုက်မဖြေခဲ့ပေ။ သူက တိုးညှင်းစွာ ရယ်မောလိုက်ပြီး
“ချင်မိသားစုက အကျင့်ပျက်ခြစားမှုနဲ့ ရာဇ၀တ်မှုတွေမှာ နစ်မွန်းနေတာ။ သူတို့ရဲ့ငွေတွေက မရေမတွက်နိုင်တဲ့ လူပေါင်းများစွာရဲ့ သွေးတွေ စွန်းထင်းနေတယ်။ ပူးပေါင်းကြံစည်နေတဲ့အရာရှိတွေနဲ့ သူတို့ရဲ့ အင်အားကြီးမားတဲ့ အရင်းအမြစ်တွေကြောင့်သာ မဟုတ်ရင် သူတို့ကို ဖော်ထုတ်နိုင်မှာ။ ဒါက အစပဲရှိသေးတယ်။ ကိုယ်လုပ်သည်ဖြစ်စေ အစိုးရကလုပ်သည်ဖြစ်စေ အားလုံးက အများပြည်သူအကျိုးအတွက်ပဲ။ အဲဒါကို ကံတရားလို့ပဲ မင်း ရိုးရိုးလေး တွေးလိုက်လို့ရတယ်"
မော့တိက သူ့စကားကို နားမထောင်ခဲ့ပေ။ သူက မုထျန်းဟန်၏မျက်လုံးများကို ကြည့်ပြီး
“ဒါဆို… ကိုကို အစကတည်းက ဒီအရာအားလုံးကို စီစဉ်ထားခဲ့တာ ကျွန်တော့်အတွက်ကြောင့်ပဲပေါ့…"
မုထျန်းဟန်၏ မျက်လုံးများက နူးညံ့ပျော့ပြောင်းလာပြီး မော့တိ၏ စကားကို ကြားသောအခါ တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ကိုကို"
သူက သူ့ဂိမ်းကုမ္ပဏီကို ထူထောင်ပြီးမှသာ သားရဲကြီး ချင်အုပ်စုကို ဖမ်းဖို့ကြိုးစားရန် မူလက စီစဥ်ခဲ့သည်။ ယင်းကို အစီအစဉ်ဆွဲပြီး သူကျေနပ်စေရန်အတွက် လုပ်ဆောင်ပေးမည့်သူ ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
မော့တိသည် မုထျန်းဟန်ကို ယဉ်ကျေးပြမနေတော့သလို မလိုအပ်သည်များ ပြောမနေတော့ပေ။ သူက 'ဟုတ်ပါပြီ' ဟုသာ ပြောပြီး သူ့ကို ကျေးဇူးတင်စကားသာ ပြောနိုင်သည်။
သူခံစားလိုက်ရသည်က ကျေးဇူးတရားသက်သက်မျှသာ မဟုတ်ပေ။ မော့တိသည်လည်း အပြုအမူကြောင့် စိတ်လှုပ်ရှားသွားခဲ့ရသည်။ ကြင်နာတတ်ပြီး ချစ်သူကောင်းတစ်ယောက်ဖြစ်သည့် မုထျန်းဟန်နှင့် တွေ့ဆုံနိုင်ခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားရသည်။ သူနှင့်အတူကုန်ဆုံးခဲ့သည့်အချိန်များမှာ မလုံလောက်ဟူ၍ ခံစားရသည်။
မော့တိ၏စကားကို ကြားပြီး မုထျန်းဟန်က ထို့ထက်ပို၍ စကားမပြောနိုင်တော့ပေ။ သူက မော့တိကို ကြည့်ကာ ဖက်ထားလိုက်သည်။
သူတို့ကြားမှာ ပြောစရာစကားများ မလိုအပ်ပေ။ သူက သူ့ကလေးလေးအကြောင်းကို သိသည်။ နောက်ပြီး သူပြောမပြနိုင်သော စကားများကိုလည်း နားလည်သည်။
ထိုညတွင် ချင်ချန်းယီအား အပြစ်ရှိကြောင်း ကြေငြာပြီး ပြစ်ဒဏ်စီရင်ခြင်းကို စောင့်ဆိုင်းနေစဉ် အချုပ်ခန်းတစ်ခုသို့ ပို့ဆောင်ခဲ့သည်။
ချင်အုပ်စု၏ စတော့ရှယ်ယာများသည် တစ်ညအတွင်း ပြင်းထန်စွာ ကျဆင်းသွားသောကြောင့် ချင်ကွမ်းကျယ်၏ သွေးပေါင်ချိန်မှာ မိုးထိအောင်မြင့်တက်သွားပြီး ဆေးရုံတင်ထားရလုနီးပါး ဖြစ်ခဲ့သည်။
သူ့မိန်းမက သူ့ဘေး၌ ငိုနေသည်။ မော့တိကိုရှာပြီး တရားစွဲဆိုထားသည်ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုရန် သူမက သူ့ကို အကြံပေးခဲ့သည်။ မော့တိမှ ဤကိစ္စကို ရည်ရွယ်ချက်ရှိရှိ မပြုလုပ်သရွေ့ ချင်ချန်းယီအပေါ် အသရေဖျက်မှု စွဲချက်များမှာ ပျက်ပြယ်သွားနိုင်၏။
ရလဒ်အနေဖြင့် ချင်ကွမ်းကျယ်က သူမ၏ရူးမိုက်မှုအတွက် သူမကို အော်ဟစ်လိုက်သည်။
မော့တိ ဘယ်တော့မှ သဘောတူမည် မဟုတ်ဘူးကြောင်းကို မည်သူမဆို မစဥ်စားဘဲနှင့်ပင် ပြောနိုင်သည်။
ချင်ကွမ်းကျယ်၏ တစ်ခုတည်းသောဖြေရှင်းချက်မှာ မုထျန်းဟန်ကို သွားရှာပြီး သူက မော့တိကို ရပ်တန့်ရန် ကူညီလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် သူ့အား အဆုံးအရှုံးများသော စီးပွားရေး အခွင့်အလမ်းအသစ်အချို့နှင့် ကမ်းလှမ်းရန်သာဖြစ်သည်။ နောက်ဆုံး၌ သူတို့ဆက်ဆံရေးအပေါ် သူထင်မြင်ချက်အရ မော့တိက မုထျန်းဟန် စကားကို နားထောင်ရလိမ့်မည်။
သို့သော် မုထျန်းဟန်ကို သွားမတွေ့ရသေးမီ သူ၏အလုပ်ဖုန်းသို့ မေးလ်များ တရစပ်ဝင်လာခဲ့သည်။
တော်တော်များများကို ဖတ်ပြီးနောက် ချင်ကွမ်းကျယ်၏ ဦးနှောက်မှာ မကောင်းသည့်အတွေးများနှင့် ပြည့်နှက်ပြီး ပြိုလဲလုနီးပါးဖြစ်ခဲ့ရလေသည်။
ချင်ဟွာဖျော်ဖြေရေးနှင့် ချင်၏အိမ်ခြံမြေများမှာ ကြီးမားသည့် ပြဿနာများ တစ်ခုပြီးတစ်ခု ကြုံတွေ့နေရသည်။
ချင်ကွမ်းကျယ်၏ ကိုယ်ယ်ပိုင်လက်ထောက်က နောက်ထပ်ရလာသည့် သတင်းများကို တင်ပြရန် ဝင်လာသောအခါ ချင်ကွမ်းကျယ်က စားပွဲကိုမှီ၍ သူ့ကိုယ်သူ ထောက်ထားသည်ကို တွေ့လိုက်ရသည်။ သူက သူ့ကိုကူညီရန် အမြန်ပြေးသွားပြီး စိတ်ပူစွာ မေးလိုက်သည်။
"သခင်ချင် ဘာဖြစ်လို့လဲ?!"
ချင်ကွမ်းကျယ်က စကားမပြောနိုင်ဘဲ သတိလစ် လဲကျသွားသည်ကိုမြင်ပြီး သူသည် ထိတ်လန့်သွားကာ ချင်ကွမ်းကျယ်၏မိန်းမကို အော်ပြောလိုက်သည်။
"လူနာတင်ကားခေါ်လိုက်! မြန်မြန်!"
Xxxxx