Chapter 137
ချင်ကွမ်းကျယ်ကို ဆေးရုံတင်ထားရပြီး ချင်စီးပွားရေးလုပ်ငန်း မှာ လုံးဝ ပရမ်းပတာ ဖြစ်နေခဲ့သည်။
သတိပြန်လည်လာပြီးနောက် ဆေးရုံကုတင်ပေါ်မှထရန် ရုန်းကန်ရင်း မရပ်မနား ဖုန်းခေါ်ဆိုကာ ချင်ချန်းယီထောင်မှလွတ်မြောက်ရန်နှင့် သူ့ကုမ္ပဏီပုံစံကို ဆက်ထိန်းထားနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော်လည်း.....
သူထင်သည်ထက် ပိုခက်နေခဲ့သည်။ ချင်ကွမ်းကျယ်က သူ့သားကို ကာကွယ်ခြင်း၌ သော်လည်းကောင်း ချင်အုပ်စုကို ကာကွယ်ရာ၌ သော်လည်းကောင်း သူ့တွင် စွမ်းအားမရှိသည်ကို မကြာခင်မှာပင် သိလိုက်ရသည်။
မော့တိက ချင်မိသားစုနှင့်ပတ်သက်သည့် ကိစ္စရပ်များကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီး မုထျန်းဟန်ကို သူနှစ်သက်သည့်အတိုင်းပြုလုပ်ခွင့်ပေးလိုက်သည်။ ဂိမ်းပြိုင်ပွဲသို့ သူ၏အာရုံကို ပြန်ပြောင်းလိုက်သည်။
ကွာတားဖိုင်နယ်အပြီးတွင် အသင်းရှစ်သင်းသာ ကျန်ရှိခဲ့ပြီး ဆီမီးဖိုင်နယ်အပြီးတွင်မူ ငါးသင်းအထိ လျော့သွားမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်မှာ ယခင်အကျော့များထက် တစ်ဆင့်တက်သွားမည်ဖြစ်ပြီး အသင်းတစ်သင်းစီတွင် အနည်းဆုံး ပရိုမိုးရှင်းဗီဒီယို သုံးခုကို နိုင်ငံတစ်ဝှမ်းရှိ မီဒီယာအသီးသီးတွင် ကြော်ငြာခွင့်ရရှိမှာပင် ဖြစ်သည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံသူများက ဂိမ်းများထဲမှ တစ်ခုကို ရုပ်ရှင်အဖြစ်သို့ ပြောင်းလဲရန် စိတ်ဝင်စားခဲ့ကြသည်။ ကွာတားဖိုင်နယ်အဆင့်တွင် ထိပ်ဆုံးမှရပ်တည်နေပြီး လက်ရှိပြိုင်ပွဲတွင် လူပြောအများဆုံးဂိမ်းအဖြစ်၊ ဒါရိုက်တာများနှင့် ရုပ်ရှင်ရိုက်ကူးသူများစွာက မော့တိ ၏ဂိမ်းနှင့် လက်တွဲခွင့်ရရန် ဆန္ဒရှိနေကြသည်။
ကိစ္စများ အားလုံးအဆင်ပြေနေသည့်တိုင် မော့တိကတော့ တခြားအရာတစ်ခုခုအတွက် စိတ်ပူနေခဲ့၏။ မီးပုံးပွဲတော်က မကြာခင်မှာ စတင်တော့မည်ဖြစ်သော်လည်း ပြိုင်ပွဲကတော့ ဆက်လက်ကျင်းပနေခဲ့သည်။
မော့တိက ဤအချက်ကို တွေးတောပြီး နောက်ဆုံးတွင် ပြိုင်ပွဲကော်မတီထံ အဆိုပြု ချက်တင်သွင်းခဲ့သည်။ သူက ကြားရက်များ၌ ကျောင်းတက်ပြီး ပိတ်ရက်များတွင်တော့ စခန်းသို့ပြန်လာကာ ဗီဒီယို အတွက် ပြင်ဆင်မည်ဖြစ်သည်။
ကော်မတီဝန်ထမ်းများက ၎င်းအဆိုပြုချက်ကို ချက်ချင်းပယ်ချချင်သော်လည်း မော့တိ၏အဖွဲ့ ရေပန်းစားလာပုံနှင့် သူတို့ဂိမ်း၏ ထူးချွန်မှုကို ထည့်သွင်းစဉ်းစားကာ ဝန်ထမ်းများက သူ့တောင်းဆိုမှုကို အထက်အရာရှိများထံ ပေးပို့ကာ ဆုံးဖြတ်ချက်ချခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။
နှစ်ရက်အကြာတွင်၊ မော့တိ၏တောင်းဆိုမှုကို စည်းမျဉ်းအသစ် အကောင်အထည် ဖော်နေသည့်ပုံစံဖြင့် အတည်ပြုခဲ့သည်။ အဆိုပါ စည်းမျဉ်းတွင် ကျောင်းသားများက ကြားရက်များ၌ ကျောင်းသို့ ပြန်နိုင်ပြီး ပိတ်ရက်နေ့များတွင် ပြန်လာနိုင်ကြောင်း ပါဝင်သည်။ မေးခွန်းမထုတ်ခံရဘဲ လာလည်နိုင်စေရန် အထူးကတ်ထုတ်ပေးမည်ဖြစ်၏။ သို့သော်လည်း ဤစည်းမျဉ်းက အခြားအသင်းများမှာ ကျောင်းမတက်ရကား မော့တိ နှင့် သူ၏အခန်းဖော်များအတွက်သာ သက်ဆိုင်သောကြောင့် သိပ်လိုအပ်သည်တော့ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် မော့တိသည်လည်း နောက်ထပ်သတင်းကောင်းတစ်ခု ရရှိခဲ့သည်။
ချင်ချန်းယီ ၏ ပြစ်မှုကို မှတ်တမ်းတင်ခံထားပြီး တရားရုံးတွင် အဆုံးအဖြတ်ပေးပြီးဖြစ်ကာ သူ၏ ထောင်သားဘ၀ကို ဖြတ်သန်းရန်သာ ကျန်တော့သည်။
ချင်ကွမ်းကျယ်က သူ့သားအတွက် အမှန်တကယ် စိတ်ပူနေပုံရသည် ။ သူ့ကုမ္ပဏီနှင့် ချင်ချန်းယီ၏အမှုကိစ္စကြားတွင် ရုန်းကန်နေရစဉ်တွင်၊ သူသည် ဖျော်ဖြေရေးနှင့် အိမ်ခြံမြေကုမ္ပဏီများကို ဝယ်ယူမှုအစား သူ့သားအတွက် အရာအားလုံးကို အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့သည်။
ရယ်စရာကောင်းသည်က သူက ချင်ချန်းယီကို ဘယ်လောက်ကောင်းကောင်း ဆက်ဆံပြီး သူ့အတွက် ဘယ်လောက်ပင် စတေးခဲ့ပါစေ၊ ချင်ချန်းယီ၏ မျက်လုံးထဲတွင်တော့ သူက မော့လျှိုကွေ့နှင့် နှိုင်းစရာပင်မရှိပါချေ။ ချင်ကွမ်းကျယ်သာ သူမကို အန္တရာယ်ပြုဝံ့ပါမူ ချင်ချန်းယီက သူမအတွက် သူ့အဖေကို ဖြတ်ဖို့ပင် တွန့်ဆုတ်မနေသည်မှာ သေချာ၏။
မော့လျှိုကွေ့က သူ၏ နှလုံးသားလေး ကဲ့သို့ပင်....
နောက်ဆုံးတွင် သူမအား ရဲများက စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။
မော့လျှိုကွေ့သည် မော့တိကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းခံရသော်လည်း သူမ၏စကားများက အလွန်လိမ္မာပါးနပ်သောကြောင့် ခက်ခဲနေ၏။ သူမက မော့တိကို တိုက်ရိုက်ရှုတ်ချခြင်း မရှိခဲ့ပေ။ သူမ၏စကားများမှာ အမြဲလိုလို အကျုံးဝင်နေပြီး အင်တာနက်သုံးစွဲသူများကသာ သူမပြောသမျှကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုကြသးများဖြစ်သည်ဟု ဆိုခဲ့သည်။ သူမက မော့တိကို အနိုင်ကျင့်ခြင်း ရပ်ဖို့ရာ တောင်းဆိုခဲ့ပေမယ့် အင်တာနက်သုံးစွဲသူများက အရာရာကို ပုံကြီးချဲ့ကာ သူတို့ကျေနပ်သလိုလုပ်ကြပြီး သူမက မော့တိအပေါ် သူတို့၏ မကောင်းသည့် အပြုအမူများကို မအားပေးခဲ့ကြောင်း ပြောလာသည်။
သူမကို မေးခွန်းထုတ်သည့် ရဲနှစ်ယောက်မှာလည်း ငိုရှိုက်သံတွေနှင့် ရောထွေးနေသော သူမ၏ ပြောဆိုချက်ကို နားထောင်ပြီးနောက် ဇာတ်လမ်းကို သဘောကျသွားခဲ့သည်။
သူမ၏ ကိစ္စအား ကူညီရန်အတွက် မော့လျှိုကွေ့၏ လိမ္မာပါးနပ်သော သရုပ်ဆောင်မှုအပြင် မော့မိသားစုသည်လည်း သူဘက်၌ ရှိနေသည်။ မော့လျှိုကွေ့က မိသားစု၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ဖြစ်သည်။ သူမအဖမ်းခံရခြင်းနှင့် ထောင်ထဲပို့ခံရခြင်းက အခြားမြေးများ ဖြစ်ခြင်းထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုကြောက်စရာကောင်းသည်။
မော့မိသားစု၌လည်း သူ့မြေးကို ကူညီဖို့ရာ အကူအညီများ မရှိတော့ကြောင်း မော့ဘိုးဘိုးက မပြောခဲ့ပေ။ သူက လမ်းလျှောက်ရန် ချိုင်းထောက်ပင် မလိုအပ်ဘဲ ကူညီနိုင်သူနှင့်တွေ့ရန်အတွက် တည့်တည့်သွားခဲ့သည်။ ရွမ်ချင်းတန့်က မျက်လုံးများဖူးယောင်သည်အထိငိုနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ချင်ချန်းယီကလည်း မော့လျှိုကွေ့က ဤအခက်အခဲကို ရင်ဆိုင်ရနိုင်သည်ဟု ခန့်မှန်းခဲ့ကာ သူကသာလျှင် အရာအားလုံးနောက်ကွယ်မှ တစ်ဦးတည်းသောလူဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ဤ၀န်ခံချက်ကြောင့် မော့လျှိုကွေ့ က ဆေးဘက်ဆိုင်ရာအစီရင်ခံစာကို ချိုးဖောက်ခြင်းအပါအဝင် သံသယကင်းရှင်းသွားခဲ့သည်။ သူမကို ခေတ္တမျှ ထိန်းသိမ်းခံခဲ့ရပြီး အဆိုပါကိစ္စတွင် သူမ မပါဝင်ကြောင်း ရဲများက အတည်ပြုပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
ပထမနှင့် ဒုတိယ အဒေါ်များမှလွဲ၍ မော့မိသားစုမှ လူတိုင်း အလွန်ပျော်ရွှင်ခဲ့ကြသည်။
သို့သော်…
မော့လျှိုကွေ့ က လွတ်ငြိမ်းချမ်းသာခွင့် ခံရခြင်းအတွက် သိပ်မပျော်ရွှင်နေခဲ့ပေ။
သူမ၏ပရိသတ်များဖြစ်လာစေရန် 'ဖြတ်သွားဖြတ်လာများ'ကို ဆွဲဆောင်မရနိုင်တော့ကြောင်း သူမကောင်းကောင်းသိထားပြီး သူမ၏အမည်သည်လည်း ယခုအခါ အမှိုက်ပုံကြီးထဲတွင် ရှိနေသည်။
များမကြာမီမှာပင် သူမ၏ အခန်းကဏ္ဍအားလုံးကို ဖျက်သိမ်းခြင်း သို့မဟုတ် အခြားသူတစ်ဦးအား ပေးအပ်ခြင်းတို့ ပြုလုပ်ခံခဲ့ရသည်။ ရေးဆွဲနေဆဲ စာချုပ်များအားလုံးကို ဖျက်သိမ်းခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်ရန် သူမ၏ နာမည်ပျက်မှုကြောင့် လက်ရှိစာချုပ်များ ချိုးဖောက်မှုအတွက် လျော်ကြေးပေးရမည်ဖြစ်သည်။
သူမဘဝ၏ ပထမဦးဆုံးအကြိမ်အဖြစ် ကောင်းကင်ယံထက်မှ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူမမွေးကတည်းက ဤသို့မှောင်မိုက်ပြီး ကြောက်စရာကောင်းသည့် အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
သူမက သူမအမေ၏ရင်ခွင်ထဲတွင် သနားစဖွယ် ငိုကြွေးနေမိသည်။
သူမ ဘာလုပ်သင့်လဲ! အနာဂတ်မှာ သူမ ဘယ်လိုဖြစ်လာမလဲ !
အကယ်၍ မော့တိသာ ဤနေရာတွင် ရှိနေခဲ့ပါက၊ ဤအရာက အဆိုးရွားဆုံးမဟုတ်ကြောင်း သူမအား ပြောပြခြင်းဖြင့် သူမအား နှစ်သိမ့်နိုင်ပေလိမ့်မည်။ ယင်းက အခုမှ အစသာရှိသေးသည်။
မော့တိက မီးပုံးပွဲတော်မတိုင်မီ ရက်အနည်းငယ်ကြာအောင် အခြေစိုက်စခန်းတွင် နေထိုင်ခဲ့သည်။ ပွဲတော်ရက်သတ္တပတ်နှင့် တိုက်ဆိုင်နေသဖြင့် ပြိုင်ပွဲကော်မတီက 'ရက်ရောစွာ'ပင် အားလပ်ရက်ကို စောစောစီးစီး ပေးခဲ့သည်။
သို့သော် မော့တိက အိမ်ပြန်ရန် သို့မဟုတ် မုထျန်းဟန်ဆီသို့ သွားရောက်လည်ပတ်ရန် ဤအချိန်ကို အသုံးမချဘဲ တရားရုံးအစည်းအဝေးကို တက်ရောက်ခဲ့သည်။
ချင်ချန်းယီကို ထိုနေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ပြီး မော့တိသည်လည်း တရားရုံး၌ရုံးထုတ်ခံရမည် ဖြစ်သည်။ သူပျော်ရွှင်စွာ လိုက်နာဖြစ်သည့် တရားရေးရာပင်ဖြစ်သည်။
မော့တိ တရားရုံးအစည်းအဝေးကို တက်ရောက်ကြောင်း သိလိုက်ရသဖြင့် ရှန့်ယွီချောင်နှင့် အခြားသူများက သူတို့နှင့်အတူ အကြောင်းအရာများ လုပ်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။
မုထျန်းဟန်က ဤအရေးကြီးသော အခါသမယအတွက် မော့တိနှင့် အတူ လိုက်ပါလိုသော်လည်း ချင်အုပ်စု ၏ ကုမ္ပဏီများကို ဝယ်ယူမှုမှာ နောက်ဆုံးနှင့် အဆိုးရွားဆုံး အဆင့်သို့ ကူးပြောင်းသွားခဲ့ကာ မုထျန်းဟန်အနေဖြင့် တရားရုံးကို အာရုံမစိုက်ဘဲ ထားလိုက်ရလေသည်။
အမှန်တော့ မော့တိအတွက် မုထျန်းဟန်က ဘာမဆို စွန့်လွှတ်နိုင်သည့်တိုင် မော့တိက သူ့အစား ဝယ်ယူမှုအပေါ် အာရုံစိုက်ရန် တောင်းဆိုခဲ့သည်။ ဤစမ်းသပ်မှုနှင့် နှိုင်းယှဉ်ပါက ချင်စီးပွားရေးလုပ်ငန်းကို ဖြုတ်ချခြင်းက ချင်ချန်းယီကို နှိမ့်ချရန် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ ချင်ချန်းယီတစ်ယောက် ဤသေးငယ်သောရာဇ၀တ်မှုဖြင့် ထောင်ချခံရခြင်းထက် သူ၏ရပ်တည်မှုနှင့် အစွမ်းဆုံးရှုံးရခြင်းက ပို၍ပျော်ရွှင်စေကြောင်း မော့တိက ပြောကြားခဲ့သည်။
မုထျန်းဟန်က ဘာလုပ်နိုင်မှာလဲ။ ပြီးတော့ သူ့အနေနဲ့ သူ့မော့တိကို ဘယ်လိုလုပ် မချစ်ပဲ နေနိုင်ပါ့မလဲ။
သူ့ကလေးလေးက ဆင်ခြင်တုံတရားနှင့် ချင့်ချိန်မှုမှာ လွန်ကဲလွန်းသဖြင့် ငြင်းခုံနေရခြင်းမျိုး မရှိပေ။
မုထျန်းဟန်မှာ နောင်တရနေရင်း ဝယ်ယူမှုကို အပြီးသတ်ပြီး အရှိန်အဟုန်နှင့် အောင်ပွဲခံရန် သူလုပ်အားကို နှစ်ဆတိုးခဲ့သည်။
....
စမ်းသပ်မှုက ပြီးမြောက်ခါနီးပြီး ဖြစ်၏။
တရားရုံးတော်အတွင်း ချင်ချန်းယီက မော့တိအား နက်ရှိုင်းလှစွာသော မုန်းတီးမှုဖြင့် ကြည့်ရှုခဲ့သည်။ သူ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူ၏မျက်လုံးများတွင် အစွန်းရောက်အကြမ်းဖက်မှုများ ရှိနေသည်။
အခွင့်အရေးသာရမည်ဆိုလျှင် မော့တိကို အသေသတ်ပစ်မည်မှာ သေချာ၏။
သူ့အတွက်တော့ ကံမကောင်းစွာပင် မော့တိကို ထိဖို့ရာ စွမ်းအားမရှိပေ။
တစ်ဖက်တွင်၊ ချင်ကွမ်းကျယ်က သူ့သားကို တကယ်ချစ်ခဲ့သည်။ သူက သူ၏ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ပြီး ချင်ချန်းယီကြောင့် မရေမတွက်နိုင်သော ကျေးဇူးကြွေးများ တင်ခဲ့သည်။ သူက သူ့သားအားကူညီရန်အတွက် သူ၏ အကူအညီများကိုအာရုံစိုက်ရန် သူ၏ဖျော်ဖြေရေးလုပ်ငန်းများနှင့် အိမ်ခြံမြေကုမ္ပဏီများ၏အခက်အခဲများကိုပင် ဘေးဖယ်ထားခဲ့ရသည်။
ထို့နောက် သူ့ရဲ့ကြိုးစားမှုများ ပြေပျောက်သွားခဲ့သည်။
ချင်ချန်းယီက စွဲချက်များအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သော်လည်း ၎င်း၏ ပြစ်ဒဏ်ကို အနည်းဆုံး ထောင်ဒဏ် ၃ လသို့ လျှော့ချခဲ့သည်။
ရှန်းယွီချောင်နှင့် အခြားသူများက စားပွဲအောက်၌ တည်ရှိခဲ့သော လဲလှယ်မှုတစ်ခုခုရှိနေကြောင်းကို ကန့်ကွက်ရန် မတတ်နိုင်ပေ။
မော့တိက သိပ်စဉ်းစားမနေဘဲ ပြုံးရုံသာ ပြုံးခဲ့သည်။
သူက ချင်ချန်းယီ အကျဉ်းထောင်ထဲတွင် ဘယ်လိုလုပ်ဆောင်မလဲဆိုသည်ကို စောင့်ကြည့်နေချင်ခဲ့ပြီး ပိုအရေးကြီးသည်က ချင်အုပ်စု ဘယ်လိုဖြစ်မည်ကို သူပိုမျှော်လင့်နေခဲ့သည်။
ထိုအရာက ဟွာရှား ၏ ထိပ်တန်း လုပ်ငန်းငါးခုမှ နုတ်ထွက်ရနိုင်ခြေပိုများနေ၏။
စီရင်ချက်ချပြီးနောက်၊ အဖွဲ့က မော့တိအား သူ၏ ထိတ်လန့်မှုကို သက်သာစေရန် နေ့လယ်စာစားဖို့ရာ ဖိတ်ကြားခဲ့သည်။
မော့တိက သူတို့ကို ရယ်ပြလိုက်ကာ ပြောလာသည်။
“ငါ တုန်လှုပ်မနေဘူး။ လုံးဝအဆင်ပြေပါတယ်။"
"ဒါက ကြောက်စရာကောင်းတာထက်တောင်ပိုသေးတယ်"
ရှန့်ယွီချောင်ကပြောလာသည်။
"ဘာပဲဖြစ်ဖြစ်ပါ မင်းပြောတာ ဘော့စ်က အလုပ်ရှုပ်နေလို့ ဒီနေ့ မင်းသူ့ဆီ သွားမလည်ဘူးမလား။"
“ဒီညတော့ သူနဲ့သွားတွေ့မှာ”
မော့တိက တုံ့ပြန်ပြောလိုက်သည်။
" ဟုတ်ပြီ! မင်းဒီညပဲသွားရမှာဆိုတော့ အခုလောလောဆယ် ငါတို့အတူတူပျော်နေရမယ်။ ကံကောင်းဖို့အတွက် ဟော့ပေါ့နဲ့ ခေါက်ဆွဲခြောက်တွေ သွားစားကြရအောင်”
ချန်ကျောင်း က ပြောလာသည်။
" ရှောင်တိ၊ ငါတို့အားလုံး ဒီနေ့လယ်က အားနေပြီဆိုတော့ အဖွဲ့တည်ဆောက်ရေး လှုပ်ရှားမှုတွေ လုပ်ကြရအောင်"
ကျောက်ချွင်က ဆက်ပြောသည်။
မော့တိက မျှော်လင့် စောင့်စားနေသော မျက်နှာများကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ"
"ကောင်းပြီ! ဒါဆို လာခေါ်လို့ရအောင် ကားခေါ်ရမယ်!"
ဖန်ချန်းလောင်က အဖွဲ့သွားလာရေးအတွက် သူ့ဖုန်းကို ထုတ်လိုက်ပြီး
"ငါတို့ ရှစ်ယောက်အတွက် ကားသုံးစီးလောက် လိုလိမ့်မယ်။ ဟန်ချောင်နဲ့ ငါ အတူတူသွားကြမယ် ကျန်တဲ့သူတွေ ဆန္ဒအတိုင်း လူခွဲပြီးသွားလို့ရတယ်။"
သူ့စကားကြားသည့်အခါ မော့တိက မျက်စောင်းထိုးလိုက်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ဖန်ချန်းလောင်ထံမှ သူရလာသော ထူးဆန်းသော အငွေ့အသက်ကို သတိရလိုက်သည်။ ထိုအချိန်က သိပ်ပြီး မစဉ်းစားခဲ့မိပေမယ့် အခုအချိန်မှာတော့ ဖန်ချန်းလောင် ဟန်ချောင်အပေါ် ကွဲပြားစွာ ပြုမူနေသည့် သဘောထားကို ခံစားလာရ၏။
သို့သော်လည်း သူတို့ကိစ္စတွေကို သူဝင်စွက်ဖက်မည် မဟုတ်ပေ။ ဟန်ချောင်က သူ့ထက် အသက်အရွယ်အရ အသက်ကြီးသော်လည်း လိင်တူဆက်ဆံမှုအကြောင်း များများစားစား သိပုံမရပေ။ သူ၏ မသိနားမလည်မှုမှာ ဖန်ချန်းလောင် ပို၍ အလုပ်ကြိုးစားရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
အမှန်တော့ ဖန်ချင်းလောင်သည်လည်း သူ့ခံစားချက်များကို အပြည့်အ၀ သဘောပေါက်ပုံမရပေ။ သူ့စိတ်ထဲတွင်တော့ ဟန်ချောင်နှင့်ပိုကောင်းကောင်းအဆင်ပြေအောင် နေချင်နေသည်ဟုသာ ထင်နေလိမ့်မည်။
သူတို့သွားခဲ့သည့် ဟော့ပေါ့ စားသောက်ဆိုင်မှာ လူအရမ်းများ နေခဲ့သည်။ သူတို့အတွက် စားပွဲမရလိုက်ခင်မှာနာရီဝက်ခန့် စောင့်လိုက်ရသည်။
သူတို့ပစ္စည်းများကို ထိုင်ခုံတွင်ထားခဲ့ပြီးသည့်နောက် မော့တိက ကောင်လေးများနှင့် လက်ဆေးဖို့ရာသွားခဲ့သည်။ ရေချိုးခန်းတံခါးရှေ့၌ မော့တိက မတွေ့ရတာကြာပြီဖြစ်သည့် လူကိုတွေ့လိုက်ရသည်။
ယင်းက ကုရန်ကျွီ ဖြစ်သည်။
မော့တိက သူတို့၏ ယခင်တွေ့ဆုံမှုများမှ ကုရန်ကျွီ ၏ ရက်စက်ကြမ်းကြုတ်သောအပြုအမူများကို ချက်ချင်းသတိရပြီး နောက် ပြန်ဆုတ်လိုက်သည်။ ထူးဆန်းသည်မှာ ကုရန်ကျွီက သူ့ကိုမြင်လိုက်သည်နှင့် သူ့မျက်နှာမှာ နီမြန်းလာပြီး ဒေါသအဖြစ်သို့ ပြောင်းမသွားမီ ခဏမျှပင် အံ့သြသွားသည်။ သူက မော့တိကို အဆုံးမရှိသော အမူအရာဖြင့် စိုက်ကြည့်နေသည်။ နောက်ဆုံးတွင်တော့ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ထွက်ပြေးသွားတော့သည်။
မော့တိ: "???"
ထိတ်လန့်သွားသော်လည်း မော့တိက ၎င်းကို နောက်ထပ်မတွေးတော့ပဲရေချိုးခန်းထဲဝင်သွားပြီး လက်ကိုသာဆေးလိုက်သည်။
Xxxxxxx