အပိုင်း ၁၃၈
Viewers 28k


Chapter 138




ကုရန်ကျွီနှင့်တွေ့ဆုံမှုကို မော့တိက လုံးဝလျစ်လျူရှုလိုက်သည်။ သူက လူတိုင်းနှင့် နေ့လည်စာစားပြီး ညနေပိုင်းတွင် မုထျန်းဟန်ကို သွားတွေ့လိုက်သည်။

သူက မီးပုံးပွဲတော်ကို အတူ ဖြတ်သန်းချင်သည့်တိုင် ဤတစ်ကြိမ်မှာတော့ မုထျန်းဟန် အလုပ်ပြန်မသွားမှီ ဆယ်မိနစ်မျှသာ အတူနေနိုင်ခဲ့သည်။

မုထျန်းဟန်က မော့တိကို လိုက်မပို့နိုင်ခဲ့သည့်အတွက် အပြစ်ရှိသလို ခံစားခဲ့ရသော်ငြား မော့တိကမူ သူနှင့် အတူနေနိုင်သည် အချိန်တိုင်းကို ကျေနပ်ခဲ့ပါသည်။

မုထျန်းဟန်က လွှဲယူခြင်းအား ကိုင်တွယ်ရန်အတွက် ပြန်မသွားမှီ မော့တိအား အချိန်အတော်ကြာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် မုထျန်းဟန် ၏စွန့်လွှတ်အနစ်နာခံမှုက အချည်းနှီးမဟုတ်‌ခဲ့ပေ။

မော့တိ၏တက္ကသိုလ်ပြန်လည်ဖွင့်လှစ်သည့်နေ့တွင် နိုင်ငံအတွင်း သတင်းတပုဒ်က ပေါက်ကြားလာသည်- တစ်ချိန်က ချင်အုပ်စု၏ လက်အောက်တွင် ရှိခဲ့သောဖျော်ဖြေရေးနှင့်အိမ်ခြံမြေကုမ္ပဏီများမှာ Impression၏ လက်အောက်သို့ ရောက်သွားခြင်းဖြစ်၏။

ထိုသတင်းမှာ တုန်လှုပ်ချောက်ချားပြီး ထိတ်လန့်စရာအတိ ဖြစ်သွားစေသည်။ Impression ကဲ့သို့သော ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုက ဖျော်ဖြေရေးနှင့် အိမ်ခြံမြေလုပ်ငန်းများကို အဘယ်ကြောင့် စိတ်ဝင်စားသည်ကို အတော်များများ နားမလည်ခဲ့ကြပေ။ ချင်အုပ်စုက ၎င်းတို့၏ အမြတ်အစွန်းအရဆုံး လုပ်ငန်းနှစ်ခုကို အမှန်တကယ် လွှဲပြောင်းပေးခဲ့သည်လားဟု တွေးနေကြသည်။

ချင်အုပ်စု၏ စတော့ရှယ်ယာများ မကြာသေးမီကပင် သိသိသာသာ ကျဆင်းသွားသော်လည်း ၎င်းတို့၀င်ငွေ၏ သုံးဆယ်ရာခိုင်နှုန်းရှိသည့် ကုမ္ပဏီနှစ်ခုကို ရရှိခြင်းမှာ အလွန်မြင့်မားသော ရရှိမှုတစ်ခု ဖြစ်နေဆဲပင်။

ဤမငြိမ်မသက်မှုများကိုဖြေရှင်းရန်အတွက် မုထျန်းဟန်က သူ၏ပြည်သူ့ဆက်ဆံရေးဌာနတွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ထားပြီးဖြစ်ကာ တစ်ချိန်တည်းတွင် အသစ်ပြောင်းထားသောကုမ္ပဏီနှစ်ခုဖြစ်သည့် ကျွမ်တိဖျော်ဖြေရေး ၊ ကျွမ်တိ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတို့နှင့်အတူ Impression ကို မြှင့်တင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်။

(ENG T/N- ကျွမ်တိ眷第 ဆိုတဲ့နာမည်နှင့်ပတ်သက်ပြီး ပြောရရင် အဲဒါက မော့တိအပေါ် ချစ်ခင်ကြင်နာမှုပြတာပါပဲ။ ကျွမ် ဆိုတာက နူးညံ့သိမ်မွေ့တဲ့ခံစားချက်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး တိ ကတော့ မော့တိရဲ့နာမည်အတိုကောက်ဆိုတာ ထင်ရှားပါတယ်။)

မုထျန်းဟန်က ကုမ္ပဏီနှစ်ခုကို နာမည်ပြောင်းခဲ့ကြောင်း မော့တိက သတင်းတဆင့်မှ သိလိုက်ရသည်။ သူ ရှက်သွားသော်လည်း နာမည်နောက်ကွယ်မှ အဓိပ္ပါယ်ကို မုထျန်းဟန် နှင့် အတည်ပြုရန်ပိုရှက်လွန်းလှသည်။

တိုက်ဆိုင်စွာပင် မုထျန်းဟန်က WeChat မှ မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။

သူ့ကျောင်းဘဝအကြောင်းကို ဦးစွာမေးပြီး သူ့အတန်းချိန်ဇယားကို မိတ္တူပို့ပေးဖို့ ပြောခဲ့သည်။ ထို့နောက် သူက စာပို့သည်- ကျွမ်တိက ကျွမ် ဆိုတဲ့ စကားလုံးက ချစ်ခြင်းမေတ္တာဆိုတဲ့ အဓိပ္ပာယ်လေ ပြီးတော့ တိဆိုတာ ကလေးလေး ဆိုတဲ့ စကားလုံးဆိုတာကိုတော့ မင်းနားလည်တယ်မလား။

မော့တိ၏ မျက်နှာမှာ ပိုပူလာရသည်။

သို့ပေမယ့် 'ကျွန်တော်သိတယ်'ဟု ပြန်မပို့နိုင်မှီမှာပင် မုထျန်းဟန်ထံမှ နောက်ထပ်မက်ဆေ့ချ်တစ်ခု ရလိုက်၏။

[ဆိုလိုတာက ကိုယ်မင်းကို ချစ်တယ်။]

မော့တိမှာ ခေါင်းများပင်တုန်ယင်သွားပြီး သူ့မျက်နှာက နီမြန်းလာသည်။

လင်ကျွင်းဖုန်က ဖြတ်သွားရင်း မော့တိ အနီရောင်ပြောင်းသွားတာကို တွေ့လိုက်ရ၏။ သူက လမ်းလျှောက်လာကာ ပြောလာသည်။

" ရှောင်တိ ငါတို့ကျောင်းက အပူရှိန် တော်တော်ပြင်းတယ် မင်းအတွက်အရမ်းပူ နေရင် မင်းရဲ့ အပေါ်၀တ်ကို ချွတ်သင့်တယ် "

“!”

မော့တိ အလွန်ရှုပ်သွားသော်ငြား သူက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

“အခု ချွတ်လိုက်မယ် မင်းလည်းမြန်မြန်သွားသင့်တယ်”

လင်ကျွင်းဖုန်က မော့တိသူ့အပေါ်၀တ်ဇစ်ကို ဆွဲဖြုတ်နေတာကို မြင်ပြီး ဘာမှမပြောဘဲ ထွက်သွားသည်။

ကျင်းသာ့၏ အတန်းချိန်ဇယားမှာ ပိုမိုပြင်းထန်လာသော်လည်း ၎င်းက သူ၏ကျောင်းသားများကို ပြဿနာမဖြစ်စေခဲ့‌ပေ။ ဤနေရာတွင် ဝင်ခွင့်လက်ခံရခြင်းက ထိုသင်ရိုးညွှန်းတမ်းကို ကိုင်တွယ်သင်ကြားနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် မော့တိကဲ့သို့ သင်ရိုးညွှန်းတမ်း လှုပ်ရှားမှုများကို ပျော်ပျော်ပါးပါးလုပ်ရင်းဖြင့် စာတွင်လည်း ထူးချွန်အောင် ဆောင်ရွက်နိုင်ခြင်းမှာ ကျောင်းသားတိုင်း လုပ်နိုင်သည့် အရာမဟုတ်ပေ။

မော့တိက ဂိမ်းတွင် ထိရောက်စွာအလုပ်လုပ်နိုင်သည်။ အိမ်စာလုပ်ရင်း အဖွဲ့၏ပရောဂျက်များကိုလည်း လွယ်ကူစွာ ဂရုစိုက်နိုင်သေးသည်။ ထိုအသစ် ရေးဆွဲခြင်းနှင့် ရှုပ်ထွေးသော အချိန်ဇယားကို လိုက်လျောညီထွေဖြစ်အောင်လုပ်ရာ၌ အခက်တွေ့နေခဲ့သော သူ့အခန်းဖော်များနှင့် မတူပေ။ ကံကောင်းစွာဖြင့် မော့တိက သူတို့အတွက် စိတ်ပူစရာတစ်ခု လျော့ပါးစေရန် သူတို့၏အဖွဲ့တာဝန်များကို တာဝန်ယူပေးခဲ့သည်။

နောက်ထပ်နှစ်ပတ်ကြာပြီးနောက် ဖေဖော်ဝါရီနှောင်းပိုင်း၌ ပြိုင်ပွဲအတွက် ဂိမ်း၏နောက်ထပ်အပိုင်းများကို uploadတင်ရန် နောက်ဆုံးရက်မှာ နီးကပ်လာခဲ့သည်။

မော့တိ၏ ကြီးကြပ်မှုအောက်တွင် အဆုံးမဲ့ဘ၀က အခန်း 21 သို့ရောက်ရှိခဲ့ပြီး လက်ရှိတွင် ကစားသမားသန်းပေါင်းများစွာရှိနေသည်။

ကြီးမားကျယ်ပြန့်သည့်အခြေခံ ကစားသမားများကို ပိုင်ဆိုင်ထားသောကြောင့် ထိုဂိမ်းက ကြီးမားသောအလားအလာရှိကြောင်း မည်သူမဆိုမြင်နိုင်သည်။ ရင်းနှီးမြှုပ်နှံသူများက မော့တိနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန် စုပြုံရောက်ရှိလာကြပြီး အချို့မှာ ဂိမ်းအတွက် မူပိုင်ခွင့်ကို ဝယ်ယူလိုကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံး ငြင်းပယ်ခံခဲ့ကြရသည်။ တစ်ချို့က သူ့တို့ခေါင်းဆောင်ကို ကျော်တက်ပြီး သူ့အား လှုပ်ရှားခွင့်ရရန် ကူညီပေးဖို့ရာ ပြိုင်ပွဲ တာဝန်ရှိသူတွေနှင့် စကားပြောခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပေ။

နောက်ဆုံးတွင် မော့တိက သူ၏ ပြင်းထန်သော အစွမ်းကို ပြသခဲ့ပြီး ဂိမ်းရောင်းချခြင်းအကြောင်းကိုပင် ပြောဆိုရန် ဆန္ဒမရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့သည်။

အရာရှိအနည်းငယ်က မော့တိ၏မောက်မာမှုကို မကျေမနပ်ဖြစ်ပြီး သူ၏အဖွဲ့ကို အပြစ်ရှာရန် ကြိုးစားခဲ့သော်လည်း မကြာမီတွင် အထက်အရာရှိများထံမှ ပြစ်တင်ရှုတ်ချခြင်းခံခဲ့ကြသည်။ မော့တိ၏ဂိမ်းတွင် တစ်နိုင်ငံလုံးရှိ သန်းနှင့်ချီသော ပရိသတ်များရှိသည်။ အကယ်၍ အသင်းက အနိုင်ကျင့်ခံရသည်ဟု စကားလုံးများပေါက်ကြားပါက ပြိုင်ပွဲကြီးကိုယ်တိုင်လည်း နက်ရှိုင်းစွာ ဒုက္ခရောက်ပေလိမ့်မည်။ ထို့အပြင်၊ ပြိုင်ပွဲက မော့တိ၏ဂိမ်းကြောင့် အားပေးမှုများစွာရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေ၌ မော့တိ၏ အသင်းကို အဓိကအနေနှင့် ထိန်းသိမ်းထားပြီး ပြိုင်ပွဲတွင် ဆက်ရှိနေစေရန် လိုအပ်၏။ သူတို့၏ ဆုကို ဖယ်ရှားဖို့ရာ မည်သူကမှ မိုက်မိုက်မဲမဲမလုပ်ရဲပေ။

ထို့ကြောင့် မော့တိကို အချို့က မကြိုက်သော်လည်း သူက ထိချင်တိုင်း ထိလို့ရသည့်သူတော့မဟုတ်ခဲ့ပေ။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆုံးမဲ့ဘ၀က နောက်တစ်ကြိမ် ဒုတိယနေရာမှ ရမှတ်များအားလုံးကျော်လွန်ကာ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြန်သည်။

အလုပ်ဆက်လုပ်မည်ဆိုပါက ချန်ပီယံဆုအား ဆုပ်ကိုင်ထားနိုင်သည်ကို သိသောကြောင့် အဖွဲ့အတွင်းရှိလူတိုင်းက ရွှင်မြူးနေကြသည်။ အခမ်းအနားပွဲကျင်းပရန် စီစဉ်ခဲ့ပြီး မော့တိက သူတို့သုံးစွဲရန်အတွက် ယွမ်ငါးထောင်ကို ရက်ရက်ရောရော ဖယ်ထား‌ ပေးခဲ့သည်။ အခြားတစ်ဖက်တွင် သူက မုထျန်းဟန်နှင့် အတူနေရန် အိမ်ပြန်ခဲ့သည်။

သူတို့နှစ်‌ယောက်တည်း အချိန်မရသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီပင်။ ပထမ၌ ဝယ်ယူမှုမှာ အလုပ်ရှုပ်နေခဲ့သော မုထျန်းဟန်က ထိုအလုပ်ပြီးမြောက်သွားသောအခါမှာတော့ အသစ်ဝယ်ယူထားသည့် ကုမ္ပဏီတို့ကို ပြန်လည်ပြင်ဆင်ရေးကို ကြီးကြပ်ခဲ့သည်။ နောက်ဆုံး မုထျန်းဟန်၏လုပ်ငန်းစဥ် နှေးလာသောအခါ ကျောင်းနှင့် ပြိုင်ပွဲနောက်ဆုံးနေ့တွင် အလုပ်ရှုပ်နေသည့် မော့တိ၏အလှည့်ရောက်လာသည်။ သို့ဖြင့် ရက်နှစ်ဆယ်ကျော်ကြာအောင် ဤအချစ်ငှက်များကြား၌ ရင်းနှီးမှုတစ်စုံတစ်ရာပင် မရှိပါချေ။

မုထျန်းဟန်မှ လွန်ခဲ့သောရက်အနည်းငယ်က မော့တိအား နောက်ဆုံးတွင် သူတို့အားလပ်သွားပြီဖြစ်ရာ အကြိုဗိုလ်လုပွဲအဆင့်တွင် ပထမရသူအတွက် ဂုဏ်ပြုပွဲတစ်ခုကျင်းပလိုကြောင်း ပြောကြားခဲ့သည်။ ပျော်စရာနေ့ရက်လေးအတွက် အပြင်ထွက်လည်ရန် သူ့အားလာခေါ်မည်ဖြစ်၏။

မော့တိအနေဖြင့် ထိုအချိန်ကတည်းက စောင့်မျှော်နေခဲ့ခြင်းပင်။

သူ တတ်နိုင်သမျှ မြန်မြန် စခန်း၏ အရှေ့ဘက်ဝင်ပေါက်ကိုပြေးလာခဲ့သည်။

မုထျန်ဟန်က သူ့ထံသို့ အသက်ရှူရပ်မတက်ပြေးလာသူကို တွေ့လိုက်ရသောအခါ ရှေ့သို့ လှမ်းပြီး သူ့အား ဖမ်းလိုက်သည်။

"မင်းဘာလို့ပြေးလာရတာလဲ ဒီရာသီဥတုမှာ ချွေးထွက်ရင် အအေးမိလွယ်တယ်”

သို့ပေမယ့် မုထျန်းဟန်အတွက် မော့တိ၏ ပထမဆုံး တုံ့ပြန်မှုမှာ ခြေဖျာထောက်လျက် သူ့အား ပွေ့ဖက်လာခြင်းဖြစ်၏။ ထို့နောက် သူက ခေါင်းကို မော့ကာ တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး-

"ကျွန်တော် ခင်များကို တတ်နိုင်သမျှ အမြန်ဆုံး တွေ့ချင်နေတာပဲသိတယ်။"

မုထျန်းဟန်မှာ သူ့နှလုံးသားလေး အလွန်အမင်းခုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူက မော့တိ၏လည်တိုင်အား လက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏နှာတံနှင့်နှုတ်ခမ်းထက်သို့ အနမ်းခြွေလိုက်သည်။

"ကိုယ် မင်းကို အရမ်းလွမ်းနေခဲ့ရတာ။"

မော့တိက ချိုသာစွာပြုံးပြီး မုထျန်းဟန်စ လည်ပင်းကို ပွတ်ကာ သူ့ခါးကို တင်းတင်းဖက်ထားလိုက်သည်။

"ကိုကို ကျွန်တော်တို့ဒီနေ့ ဘယ်သွားမလို့လဲ"

"နေ့လည်စာစားပြီးရင် အပန်းဖြေဥယျာဉ်ကို သွားကြမယ်လေ"

မုထျန်းဟန်၏ မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေသည်။ သူက မော့တိအား သူ့ရင်ခွင်ထဲတွင်ထားပြီး ကြည့်နေကာ သူ့အား ကမ္ဘာပေါ်ရှိ အရာအားလုံးကို ပေးချင်ရုံသာဖြစ်သည်။

မော့တိပျော်ရွှင်နေသရွေ့ အရာအားလုံးက ထိုက်တန်ပါသည်။

မုထျန်းဟန်က သူ့ဆံပင်တို့ကို ပွတ်သပ်ပြီး ပြောလာသည်။

"ကားပေါ်အရင်တက်ရအောင်။ အထဲမှာနွေးတယ်။"

"အင်း"

မော့တိ ခေါင်းညိတ်လိုက်သည်။

မုထျန်းဟန်က မော့တိတစ်ယောက် သူအနှစ်သက်ဆုံး စားသောက်ဆိုင်သို့ မရောက်သည်မှာ ကြာပြီဖြစ်သည်ကို သိသောကြောင့် နေ့လည်စာစားရန် ထိုနေရာသို့ ခေါ်သွားခဲ့သည်။ ကြိုတင်ပင် မှာယူထားပေးသေး၏။

သူတို့ အစားအသောက်တွေ ရောက်လာသည်ကို စောင့်နေရင်း မုထျန်းဟန်က သူတိူ့စကားပြောရင်း သောက်စေရန် မော့တိအကြိုက်ဆုံး ပူတင်းနို့လက်ဖက်ရည်ကို မှာပေးခဲ့သည်။

ချစ်သူစုံတွဲနှစ်ဦးအတွက် ချိုမြန်သော ကောင်းချီးတို့ အပြည့်ဖြစ်နေခဲ့၏။

"ကိုကို"

"ဟမ်?"

မုထျန်းဟန်က မော့တိကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။

"ကိုကို"

"ဘာတုန်း"

မုထျန်းဟန်က သူ့ကို ညင်သာစွာ ရယ်မောလိုက်သည်။

"ကိုကို"

မော့တိက သူ့အား အသံနိမ့်နိမ့်လေးဖြင့် ညင်သာစွာ ခေါ်‌ နေခဲ့သည်။ မချိုမချဉ် လေးပြုံးလိုက်‌ချိန်၌ သူ့ပါးပြင်ထက်တွင် ပါးချိုင့်လေးတစ်ခု ပေါ်လာသည်။ သူက မုထျန်းဟန်ကို မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ရိုးရိုးရှင်းရှင်းပင် ခေါ်လိုခြင်းဖြစ်၏။

မုထျန်းဟန်သည်လည်း မော့တိက သူ့အား အကြောင်းပြချက်မရှိ ခေါ်နေခြင်းဖြစ်သည်ကို နားလည်ပြီး သူကျေနပ်ပျော်ရွှင်စေရန်အတွက် ခေါ်လိုက်တိုင်း ပြန်ထူးနေခဲ့၏။

လေထုသည် ချိုမြိန်မှုတို့ဖြင့်ရွှဲနစ်နေသည်။ နှစ်ယောက်သား ညီညွတ်စွာ စားသောက်ကြသည်။ ကံကောင်းစွာပင်၊ သူတို့ချစ်ခင်နေပုံကို မည်သူမှ မမြက်ခဲ့ပေ။ မဟုတ်ပါက ခွေးစာများဖြင့် နင်သွားနိုင်သည်။

နေ့လည်စာစားပြီးနောက် မုထျန်းဟန်က မော့တိကို အပန်းဖြေဥယျာဉ်သို့ ခေါ်သွားခဲ့သည်။

မော့တိဤနေရာသို့ နောက်ဆုံးအကြိမ် ရောက်လာသည်က လွန်ခဲ့သော ခြောက်လကျော်ကဖြစ်၏။ သူ့ကို ဤနေရာသို့ ကစားရန် ခေါ်လာပေးသူလည်း မုထျန်းဟန်ပင်။ မော့တိက ထိုနေ့ကို ရှင်းလင်းစွာမှတ်မိနေသေးသည်။

မော့တိ ပထမဆုံးစီးချင်သည်က ပင်လယ်ဓားပြသင်္ဘောဖြစ်ပြီး မုထျန်းဟန် ကလည်း သူ့ကလေးလေးနှင့်အတူ သဘာဝကျကျပင် လိုက်စီးခဲ့သည်။

နှစ်ယောက်သား လက်မှတ်ဝယ်ပြီး ဝန်ထမ်းက ပေးထားသည့် သေတ္တာငယ်လေးထဲသို့ ဆဲလ်ဖုန်းနှင့် အခြားပစ္စည်းများကို ထည့်ထားလိုက်သည်။

စီးနင်းမှုမှာ တုန်လှုပ်ရကာစိတ်လှုပ်ရှားစရာ ဖြစ်ခဲ့သည်။ မော့တိက စီးနေရင်း အခြားလူများနှင့်အတူ အတက်အဆင်းတို့၌ အော်ဟစ်နေခဲ့သည်။

မုထျန်းဟန်က တည်ငြိမ်သောအသွင်အပြင်ကို ထိန်းသိမ်းထားပြီး မော့တိအား ကြင်ကြင်နာနာဖြင့် ရံဖန်ရံခါ လှည့်ကြည့်လာသည်။

သူတို့၏ အမူအရာများကို ဓာတ်ပုံရိုက်ခဲ့ပြီး စုစုပေါင်းပုံနှစ်ဆယ်မျှရှိသည်။ မော့တိက ၎င်းတို့အားလုံးကို ဝယ်ပြီး သူ့လက်ထဲတွင် ရတနာများပမာ ပွေ့ဖက်ထားသည်။

“သူတို့အားလုံးက ကျွန်တော့်ဟာတွေပဲ”

မော့တိက ပြောသည်။

မုထျန်းဟန်က လက်ဆန့်ကာ သူ့ဆံပင်တို့အား ပွတ်သပ်လိုက်၏။

"ဟုတ်တယ်၊ ဒါတွေအကုန် မင်းအပိုင်ပဲ"

“ဒါပေမယ့် ကျွန်တော့်ဟာကလည်း ကိုကို့ဟာပဲ”

မော့တိက‌ ပြောလာသည်။

“ဘောင်နည်းနည်းဝယ်ပြီး ဒါတွေကို အိမ်မှာ ချိတ်ထားလိုက်ရအောင်"

"အိုကေ‌"

မုထျန်းဟန်က ဇနီးလေး၏ အစေခံ နှင့်တူနေခဲ့၏။

“မင်းပြောတဲ့အတိုင်း လုပ်မယ်"

မော့တိမှာ အထူးပျော်ရွှင်နေခဲ့သည်။ သူက မုထျန်းဟန်အား ပစ္စည်းများကို ပြန်ယူရန် ဝန်ထမ်းစခန်းဆီသို့ ဆွဲခေါ်သွားသည်။

သေတ္တာထဲတွင်ရှိသောဆဲလ်ဖုန်းများထဲမှ မော့တိ မုထျန်းဟန်၏ ဖုန်းကို ချက်ချင်းမြင်လိုက်သည်။ သူက ၎င်းကို ကောက်ယူကာ ပေးလိုက်ပြီးနောက် သူ့ကိုယ်ပိုင်ဖုန်းကို ဆက်ရှာလိုက်သည်။

သို့ပေမယ့်…

သူ ထိုအပုံကြီးကို တူးဖော်နေသည့်တိုင် သူ့ဖုန်းကို ရှာမတွေ့ခဲ့ပေ။

မော့တိ၏ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ဖြစ်နိုင်ချေတွေကို တွေးပြီး သူ့ရင်ထဲ၌ ထိတ်လန့်တကြား ခံစားလိုက်ရသည်။

ဖောက်သည်များ ပိုများလာကာ သူတို့ပစ္စည်းများကို ပြန်ယူကြရင်း မကြာမှီပင်ဆဲလ်ဖုန်းအနည်းငယ်သာ ကျန်ရှိတော့သော်လည်း ၎င်းတို့ထဲတွင် မော့တိ၏ ဖုန်းကရှိမနေခဲ့ပေ။

မုထျန်းဟန်သည်လည်း မော့တိ၏ဖုန်းသေတ္တာထဲမှ ပျောက်ဆုံးသွားသည်ကို မြင်လိုက်ရပြီး ၎င်းက အခိုးခံလိုက်ရခြင်း သို့မဟုတ် မှားယွင်းစွာ ယူဆောင်သွားခံလိုက်ရသည်ကို သိလိုက်ရသည်။ သူက မော့တိကိုနှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့၊ ကိုယ်တို့ရှာတွေ့မှာပါ”

ထို့နောက် ဝန်ထမ်းဘက်သို့ လှည့်၍ တင်းမာသော အသံဖြင့် ပြောလာသည်။

“လုံခြုံရေးအတွက် ဖုန်းတွေကိုထားခဲ့ရပေမယ့် ပျောက်သွားတယ်ပေါ့ ၊ ​​ဒါက မင်းတို့တာ၀န်ယူတဲ့ပုံစံလား"

ဝန်ထမ်းတွေလည်း ထိတ်လန့်သွားသည်။ သူက သေတ္တာထဲက အခြေအနေတွေကို ကြည့်ပြီး မြန်မြန်ပြန်ပြောလာသည်။

“ကျွန်မတို့က ဧည့်သည်တွေကို ပေးလိုက်တဲ့ လက်ပတ်နဲ့ ချိတ်ဆက်ပြီး ပစ္စည်းတွေကို မှတ်ထားတာပါ။ တစ်ယောက်ယောက်က ဖုန်းမှားယူသွားတာ ဖြစ်မယ်။ တောင်းပန်ပါတယ်။ ကျွန်မတို့ ချက်ချင်းထုတ်လွှင့်ပြီး ဖုန်းကို ရှာတွေ့အောင် ကူညီပေးပါမယ်။ ကျေးဇူးပြုပြီး မင်းရဲ့ဖုန်း မော်ဒယ်ကို ပြောပြပေးနိုင်မလား"

"မော်ဒယ်က ဟွာခါ X30 အပြာရောင် ဖုန်းကာဗာလေးနဲ့"

မုထျန်းဟန်က ပြန်ဖြေကာ မော့တိဘက်သို့ ပြန်လှည့်လိုက်သောအခါ မော့တိ အနည်းငယ် ဖျော့တော့၍နေသည်ကို တွေ့လိုက်ရသည်။ သူတကယ်ကို စိုးရိမ်နေပုံရ၏။ မုထျန်းဟန်က အလျင်အမြန် နှစ်သိမ့်ပေးလာသည်။

“ကိုယ်တို့ ရှာတွေ့မှာပါ၊ စိတ်မပူပါနဲ့။ အထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေ ရှိလား"

မော့တိက မော့ကြည့်ကာ ပါးစပ်ကို ဖွင့်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ခေါင်းခါပြလိုက်သည်။

အရေးကြီးသော သိမ်းဆည်းထားမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ သူမေ့သွားခဲ့သော အရာတစ်ခုသာဖြစ်ပြီး ဖျက်ပစ်ရန် အခွင့်မသာသေးပေ။

ထိုအရာသည် အခြေခံအားဖြင့် ဗုံးဖြစ်သည်။

မုထျန်းဟန်အား ဘယ်တော့မှ မတွေ့စေချင်ခဲ့သည့် ဗုံးတစ်လုံးပင်ဖြစ်ချေ၏။

“ဘာမှ အရေးမကြီးဘူးဆိုရင် သိပ်စိတ်မပူပါနဲ့။ မင်းကျန်းမာရေးအတွက်လည်း မကောင်းဘူး။ ကိုယ်တို့ပြန်မရနိုင်ရင် အသစ်တစ်လုံးဝယ်လိုက်ကြမယ်”

မုထျန်းဟန်က ညင်သာစွာ ချော့ပြောလိုက်သည်။

"ကျွန်တော်ပြန်ရမှဖြစ်မှာ"

မော့တိ မသိစိတ်ဖြင့် အသံမြှင့်ပြောလိုက်မိသည်။

"ကိုကို၊ အဲဒီဖုန်းက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်!"

“ဒါဆို ကိုယ်တို့ ဆက်ရှာကြည့်မယ်။ စိတ်မပူပါနဲ့၊ ကိုယ်တို့ရှာတွေ့မှာပါ။"

မုထျန်းဟန်က မော့တိ၏လည်ပင်းနားရှိ ပဝါကို ချိန်ညှိလိုက်ကာ-

"လာပါ၊ ပျောက်ဆုံးပစ္စည်းထားတဲ့ဆီ သွားပြီး ခဏစောင့်လိုက်ရ‌အောင်။ တစ်ယောက်ယောက်က ပြန်လာပေးလောက်ပါတယ်။"

“အင်း။”

မော့တိက အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် စိတ်ထိန်းလိုက်၏။

ဘာမှဖြစ်မှာမဟုတ်ပါဘူး။ တစ်ယောက်ယောက် မှားယူသွားတာပဲဖြစ်မယ်။

ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့လျှင်ပင် ပြစ်မှုကျူးလွန်သူက သူ့ဖုန်းတွင် ကိုယ်တိုင် ပရိုဂရမ်ရေးထားသော လုံခြုံရေးကုဒ်နံပါတ်စနစ်အား မဖွင့်နိုင်လောက်ပေ။

အရာအားလုံးအဆင်ပြေသွားမှာပါ။

ဘာမှဖြစ်မလာလောက်ပါဘူး။


Xxxxxxx